Thursday, March 15, 2012

ကျွန်မနဲ့ နားကပ်များ

 (အသစ်မတင်နိုင်သေးလို့ ဖိုရမ်မှာ တင်ဖူးတဲ့ အဟောင်းလေးပဲ တင်ပေးလိုက်ပါသည် ...)



ငယ်ငယ်က အကိုတွေရှင်ပြုတော့ အဘွားကမေးသည်။ နားသမှာ ပါရအောင် နားဖောက်ပါလားတဲ့။ ဒီတော့ ကိုယ်က အသားနာမှာကြောက်လို့ ငြင်းသည်။ အဖွားက ပြောပြန်သည်။ နားဖောက်ပြီးရင် စိန်နားကပ်ဝယ်ပေးမည်တဲ့။ စိန်ဆိုတာတောင် မမြင်ဘူးသည့် ၉နှစ်သမီးက စိန်နားကပ်ဆိုသည်နှင့် အသားအနာခံကာ နားဖောက်လေသည်။

အဘွားအိမ်ရှေ့က ဆရာဝန်မဆီမှာ ထုံဆေးလေးတို့ကာဖောက်သည်။ အပ်က ရွှေပန်းပွင့်ကလေးထိပ်မှာပါသည့် ရွှေအပ်ကလေးနှင့်။ ဖောက်ပြီးတော့ နောက်က အပိတ်တွေဘာတွေမပါ။ အပ်ကလေးကို နောက်က ကောက်ထားလိုက်သည်။ အဘွားပြောသည့် စိန်နားကပ်ဘယ်ဆီနေလည်းမသိ။ ရွှေနားကပ်လေးကိုပင် ကျေနပ်နေသည်။

ငယ်ငယ်က ဇာခြင်ထောင်တွေနှင့်အိပ်ရတော့ နားပေါက်နောက်က ကွေးထားတဲ့ အပ်ကလေးက ဇာခြင်ထောင်နှင့် ခဏခဏငြိသည်။ မကြာခဏ သွေးထွက်သံယိုဖြစ်ပေမဲ့ လှချင်လွန်းတော့ မဖြုတ်ပစ်မိ။ နောက်ဆုံး ငြိပါများ၍ ကွေးထားသည့် အပ်ကလေး ကျိုးမှသာ နားကပ်ဖြုတ်ရသည့်ဘ၀ ရောက်လေသည်။

နားကပ်မရှိတော့ နားပေါက်ဟောင်းလောင်းဘ၀နှင့် ဒီတိုင်းသာနေသည်။ အမေတို့ကလည်း နေနိုင်သည်။ သမီးလေးတစ်ယောက်တည်းရှိသည်ကို ၀ယ်မပေး။ နားပေါက်ကား နားကပ်မရှိ၍ ပိတ်ချေပြီ။ အပျိုအရွယ်လေးရောက်လာတော့ လှချင်လာသည်။ နားကပ်ပန်ချင်လွန်း၍ ကပ်နားကပ်ဟုခေါ်သော နားရွက်ကို ဖိညှစ်၍တပ်ရသော နားဆွဲများ၊ နားကပ်များ အသားအနာခံကာ တပ်ပြန်လေသည်။ ဗိုလ်ချုပ်ဈေး၊ စကော့ဈေး ရောက်တိုင်း ကြည့်လိုက်ရသည့် နားကပ်တွေ၊ နားဆွဲတွေ။ ချိတ်ထားသည့် စင်လေး ပတ်ချာလည်ကာ ခေါင်းမူးသည်အထိ ကြည့်သည်၊ ရွေးသည်။

တစ်ခါတွင် နားပေါက်ကို ကလိရင်းဖြင့် ပိတ်နေသော နားအပေါက် ပြန်ပွင့်လေသည်။ နားအပေါက်ပွင့်ပြန်တော့လဲ အမေတို့က နားကပ်ဝယ်မပေး။ အဖွားပြောသည့် စိန်နားကပ်လဲ ဘယ်ဆီနေသည်မသိချေ။ တက္ကသိုလ်ကျောင်းသူဘ၀တစ်လျောက်လုံး ဖန်စီ နားကပ်အတုများနှင့်သာ နှစ်ပါးသွားခဲ့ရလေသည်။ (ထိုအချိန်တုံးက အကိုနှစ်ယောက်လုံး နိုင်ငံခြားမှာ အလုပ်လုပ်နေသည်။ အမေ၀ယ်ပေးမည်ဆိုက ၀ယ်ပေးနိုင်ပါသည်။ အကိုတွေပို့သည့်ငွေတွေကို ရွှေလက်ကောက်အလုံးကြီးတွေသာ လုပ်ထားသည်။ လှချင်လွန်းသည့် သမီးဖြစ်သူ နားပေါက်ဟောင်းလောင်းကို နားကပ်မဆင်တာ အမေတို့ မေ့နေတာလား ... ခုထိမသိချေ ... )

ကျောင်းပြီး အလုပ်ဝင်ခါနီးတော့ တစ်ရက် အမေက နားကပ်လေးတစ်ရံလာပြသည်။ အပြာရောင်ကျောက်လေးနှင့်ရွှေကို ပန်းပွင့်ပုံလေးဖော်ထားသည်။ နီလာနားကပ်ဟုဆိုသည်။ အပေါင်ဆုံးလာသည့်ပစ္စည်း ၀တ်မလားတဲ့။ ဆရာမလေးဖြစ်တော့မှာဆိုတော့ ရွှေနားကပ်ကလေးနဲ့ အိနြေ္ဒလေးရချင်တော့ မငြင်း။ နားကပ်လေးကလဲ လှသည်လေ။ ပြီးတော့ ရွှေနားကပ်အစစ်လေးမှို့ ကြိုက်ပါသည်။

ဘ၀တွေ အလှည့်အပြောင်းနှင့် စင်ကာပူမြို့ကြီး ရောက်လာသည်။ ယောက်ျားရသည်။ ကျောင်းတက်သည်။ ရသည့်ယောက်ျားကတော့ သိတတ်ပါပေသည်။ အိမ်ထောင်ကျပြီး တစ်နှစ်ပင်မပြည့်သေး၊ ရှိစုမဲ့စုလေးဖြင့် မိန်းမကို စိန်နားကပ်ဆင်လေသည်။ အဘွားပြောသည့် နားကပ် ၀တ်ဘူးလေပြီတကား။

ကျောက်ပွဲစား သူငယ်ချင်းတစ်ယောက်ရှိသည်။ လက်ဝတ်ရတနာတွေ ရောင်းသည်။ ကျောင်းတုံးက အရမ်းခင်ပြီး ကိုယ့်အပေါ် ငွေရေးကြေးရေးကအစ ကူညီခဲ့သည့် သူငယ်ချင်း။ ကျေးဇူးရှိသည်မှို့ ရန်ကုန်ပြန်တိုင်း သူ့ပစ္စည်းလေးတွေ အားပေးရင်းဖြင့် ကိုယ့်မှာလည်း နားကပ်ကလေးတွေ အရောင်ပိုစုံလာသည်။ ယောက်ျားကလဲ နှစ်ပတ်လည် ဘာညာဆို အဖွားပြောသည့် နားကပ်လေးတွေ ၀ယ်ပေးသေးသည်။

ခုတလော စိတ်ရှုပ်လှသည်။ ရုံးမှာလဲ အလုပ်ရှုပ်၊ လူကလဲ မအားတော့ ပေါ့ပေါ့ပါးပါးနေချင်သည်။ ညအလုပ်ကပြန်ရောက် အိပ်ရာပေါ်လှဲပြီ၊ နားပြီဆို အဘွားပြောသည့် နားကပ်က နားနှင့်ခေါင်းအုံးကြားညပ်ကာ နာကျင်သည်ဟုထင်နေသည်။ ဒါကို သီးညည်းမခံနိုင် ဖြစ်ရသည်။ နားကပ်အပိတ်က ၀က်အူရစ်မှို့ ဖြုတ်ချင်ရင်လဲမလွယ်။ ပေါ့ပေါ့ပါးပါး ချွတ်အိပ်ပြန်တော့ မနက်ရုံးသွား ပြန်တပ် ကရိကထ များလှသည်။ နားပေါက်ဟောင်းလောင်းကြီးနဲ့တော့လဲ ရုံးကမသွားချင်သေး။

ဒီတော့ ဟိုနေ့က ဈေးပတ်ရင်းနဲ့ ပေါပေါပဲပဲ ၄-၅ ကျပ်တန် ချွတ်ရ တပ်ရလွယ်သည့် ဖန်စီ နားကပ်ကလေး ၃-၄ ရံ ၀ယ်ထားလိုက်သည်။ ၀က်အူရစ်လဲ မပါတော့ ချွတ်ရ တပ်ရလဲလွယ်သည်။ ခုတော့ ရုံးသွားလဲ အဲဒီ နားကပ်လေးတွေနှင့်၊ ဘယ်သွားသွား ဒါလေးတွေနှင့် ဟန်ကျနေပါသည်။

ခုချိန်မှာတော့ ရွှေတွေ၊ စိန်တွေ မကပ်ချင်ပါ။ ပေါ့ပေါ့ပါးပါးသာ နေချင်ပါသည်။       ။





15 comments:

  1. ဖတ်လို့ ကောင်းပါသည်
    Z

    ReplyDelete
  2. ‌ဟေးးးးးနာပထမကွ...။

    ReplyDelete
  3. ဟင်..သူများဦးသွားပြီ..း( ။

    ReplyDelete
  4. ကူးတော့နားပေါက်မရှိဘူး။ ငယ်ငယ်က သူများတွေကပ်နားကပ်တွဲလောင်းလေးတွေဝတ်ထားရင် သိပ်သဘောကျ တာ။ အိပ်မက်ထဲမှာ ကပ်နားကပ်တွဲလောင်းလေးနဲ့ လျှောက်သွားလိုက်ရတာအမော။
    နားတော့မဖောက်ရဲဘူး။ ဘာသာရေးအရတားမြစ်ထားတာကြောင့်ရယ်.. နားပေါက်နဲ့ နားမပေါက်တဲ့သူတွေကြား ထဲမှာ ထူးနေမှာကြောက်တာရယ်ကြောင့်..
    နားကပ်လေးတွေအရမ်းသဘောကျတယ်..ကိုယ်မ၀တ်ရလဲအခုထိစုတုံးဘဲ...
    အထူးသဖြင့်ဖန်စီလေးတွေဆိုသိပ်သဘောကျတယ်..

    ReplyDelete
  5. မြတ်ကြည်လည်း အဲလိုပဲ။ အဖွားက ညည်း ဒီအရွယ်ရောက်နေပြီ နားဖောက်၊ စိန်နားကပ် ဝယ်ပေးမယ်ဆိုလို့ ဖောက်လိုက်တယ်။ :D

    ReplyDelete
  6. အထုကော ဘာနကပ်ဝတ်တုန်း

    ReplyDelete
  7. အထု ဘာမှ ၀တ်မထားဘူး။ အိမ်မှာနေတော့ အတုန်ဖြုတ်ထားတယ်ဂျ။ လွတ်လွတ်လပ်လပ်ပဲ နေချင်တော့တယ်။ အဘွားပြောတဲ့ နားကပ်တွေ မ၀တ်ချင်တော့ဘူး။ အပြင်သွားလဲ ဖန်စီတွေပဲ ၀တ်ဖြစ်တာများတယ်။

    ReplyDelete
  8. ကျွန်တော်လဲ နားပေါက်ရှိတယ်ဗျ။ (တစ်ဖက်ထဲ) :P
    (လီယို)

    ReplyDelete
  9. သူများကော်မန့်လည်း မတွေ့ဘူးးးးး

    ReplyDelete
  10. အန်တီအကြည်ရဲ့ ကွန်မန့်လေး ပျောက်နေလို့ ဂျီမေးလ်ကနေ ကူးတင်ပေးလိုက်ပါသည်။

    to me
    ချစ်ကြည်အေး has left a new comment on your post "ကျွန်မနဲ့ နားကပ်များ":

    ရသည့်ယောက်ျားကတော့ သိတတ်ပါပေသည်။ အိမ်ထောင်ကျပြီး တစ်နှစ်ပင်မပြည့်သေး၊ ရှိစုမဲ့စုလေးဖြင့် မိန်းမကို စိန်နားကပ်ဆင်လေသည်။

    ခွိ ဦးမောင်ခြိမ့် တော်ပါတယ်ဆို....း)

    တို့နားကပ်လေးတွေလည်း အဲလိုလေး ရိုက်ပြီးတင်ဦးမှပါ....

    ReplyDelete
  11. နားကပ်ပုံတွေက ဂူဂဲလ်ကနေ စခရင်ရှော့ထားတာပါ အန်တီအကြည်ရေ။ အကြည်တို့ အိမ်ကလူကြီးလဲ တော်တယ်နဲ့တူတယ် " တို့နားကပ်လေးတွေလည်း " ဆိုတော့လေ။း)

    ReplyDelete
  12. ဟိုတလောတုန်းကတော့ သူများတွေ နားဆွဲတွဲလောင်းဝတ်တာ မြင်လို့  အားကျလို့  ဝယ်တယ်..ပြီးတော့လည်း ပင်ပန်းလို့  မအားတာနဲ့ ပဲ :P

    ReplyDelete
  13. တီဆွိနားကပ်ပုံတွေကြည့်ပြီးသားရေကျသွားတယ် သိလား
    ဒီမှာတော့ လက်တဖက်တောင်မပြည့်ဖူး :D
    ဦးခြိမ့်ကလည်း သဘောကောင်းလိုက်တာ
    အဒေါ်တယောက်လည်း နားကပ်အလေးကြီးတွေအပန်ကောင်းလို့ နားပေါက်ကျယ်သွားတာ
    ချုပ်တောင်ချုပ်ရတယ်
    ဖန်စီကလေးတွေပဲကောင်းတယ်သိလား လှလည်းလှမို့

    ReplyDelete
  14. တီတင့်က အိမ်ထောင်ကျခါနီးမှ နားဖောက်ခဲ့ရတာ ဆွိတီရေ။
    အိမ်ဦးသခင်ရဲ့ မေမေက ရှေးလူကြီးဆိုတော့ နားပေါက်မရှိရင် မိန်းကလေးအရာ မသွင်းဘူးဆိုလို့ နားမြန်မြန်ဖောက်ပြီး မင်္ဂလာဆောင်ခဲ့တား))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. အဲဒါ တီဆွိနားကပ်တွေ မဟုတ်ရပါဘူး။ ဂူဂဲလ်အင်းမေ့ရှ်ကို စခရင် ရှော့ထားတာပါဆိုမှ အဟင့် ..။

    ဟုတ်ကဲ့ တီတင့်ရေ ... တီတင့်ကတော့ ကြီးမှ နားဖောက်တော့ ငယ်ငယ်က နားကပ်ရှိရှိမရှိရှိ စိတ်မပူရဖူးပေါ့ ...း) နောက်တာနော်။

    ရှေးလူကြီးတွေကတော့ မိန်းခလေး နားကပ်လေးနဲ့မှ တင့်တယ်တယ်ပေါ့နော် ...။

    ReplyDelete