Friday, April 30, 2010
ဟမ္ဘာဂါ ... ဟမ္ဘာဂါ ...
အဖွင့်ကတော့ ဒယ်အိုးနဲ့ စပါတယ်။ အမှန်က သူတရားခံပါ။ အဲဒီဒယ်အိုး ၀ယ်ပြီးကထဲက ဘာလုပ်စားရရင်ကောင်းမလဲ စဉ်းစားနေတာ ... နောက်ဆုံးတော့ ဒေါ်ဆွိတီတို့ အကြံရသွားပါပြီ။ ဂျူဂျူအကြိုက်၊ ဂျူဂျူ့ အဖေအကြိုက် ဟမ်ဘာဂါ လုပ်စားကြဘို့။ အဓိကကတော့ ဟမ်ဘာဂါထဲညှပ်တဲ့ အသားကို ဘာဂါဆိုင်တွေကအတိုင်းတူအောင် ဘယ်လိုလုပ်ရလဲဆိုတာလေး မျှဝေပေးချင်ပါတယ်။ စားတဲ့၂ယောက်က တူတယ်လို့ ပြောလို့ပါ။ (ဤကား ကြော်ငြာ ... )
ပထမဆုံး လိုတဲ့ပစ္စည်းတွေကို အရင်ပြင်ထားဖို့ပါ။
အသားပြားအတွက်
ဝက်သား (သို့) ကြက်သားအကြေ ၄၀၀ ဂရမ်
ကြက်ဥတစ်လုံး
Bread Crumbs (ပေါင်မုန့်အကြေ) (စလုံးမှာဆိုရင် Giant လို စူပါမားကတ်တွေမှာ ရပါတယ်)
ကြက်သွန်အနီ တစ်လုံး သေးသေးလေးတွေ chop လုပ်ထားပါ။
ကြက်သွန်ဖြူ ၅မွှာ-၆မွှာခန့် ညက်နေအောင်ထောင်းထားပါ။
ကြက်သွန်မြိတ် ၃ချောင်းခန့် သေးသေးရိတ်ရိတ်လေးတွေ လှီးထားပါ။
ငရုပ်ကောင်းမှုန့် မညက်တညက်(Black Papper ) လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
ဆားသင့်ရုံ
သကြား စားပွဲဇွန်း ၂ဇွန်းခန့်
ပဲငံပြာရည် အချိုရည် (အကြည်ရေ) လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်
မွှေးအောင် ပါစတာ spice လေးလဲ နဲနဲထည့်ပါတယ်။
အသားကင်ရန် သံလွင်ဆီ (Olive oil)
Bread Crumbs
ပါစတာ Spices
အထက်ပါပစ္စည်းတွေ အားလုံးရောပြီး နှံ့နေအောင်နယ်ပါတယ်။ ပြီးတော့ မကင်ခင် ၁နာရီခန့် နှပ်ထားပါတယ်။
ဒယ်အိုးကို မီးအနေတော် (Medium) နဲ့ တည်ပါတယ်။
သံလွင်ဆီ စားပွဲဇွန်း တစ်ဇွန်းခန့်ထည့်ပါတယ်။
လက်ကို သံလွင်ဆီ ရွှဲရွှဲသုတ်ပြီး အသားနယ်ထားတာကို လက်တစ်ကုတ်စာလောက်စီ အလုံးကြီးတွေ လုံးပါတယ်။ ပြီးတော့ပြားပါတယ်။ ။ဒယ်အိုးထဲ ထည့်ကင်ပါတယ်။ သံလွင်ဆီသုတ်တာကတော့ အသားတွေ ပြားအပြီးမှာ လက်က ခွါမရပဲ ကပ်နေမှာစိုးလို့ပါ။
ဟမ်ဘာဂါအတွက်
ဟမ်ဘာဂါစားဘူးရင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ လူတိုင်းသိကြပါတယ်။ ပြည့်စုံသွားအောင် ဖြည့်ပေးလိုက်ပါတယ်။
ဟမ်ဘာဂါပေါင်မုန့် အလုံး တစ်ထုတ် (၄လုံးပါ ပါတယ်)
မယိုးနိစ် (Mayonnaise) တစ်ပုလင်း
ခရမ်းချဉ်သီး လပ်လပ်၂လုံး၊ အကွင်းလိုက် ပါးပါးလှီးထားပါ။
သခွါးသီး တစ်လုံး ပါးပါးလှီးထားပါ။
ချိစ်ပြား
ဆလပ်ရွက်
ဆော့စ်
French Fry (အာလူးချောင်းကြော်)
Coke အအေးဘူး
ပေါင်မုန့်ကိုအလည်က ခြမ်းပြီး ၂ဖက်စလုံး မရိုးနိစ် များများလေး သုတ်ပါတယ်။
အဲ့လက်ကလေး သေးသေးလေးကတော့ ဒီကားမှာ ... အဲလေ ... ဒီပို့စ်က ဖြတ်လျောက်မင်းသမီး မဂျူဂျူရဲ့ လက်ပါ။
ခရမ်းချဉ်သီး၊ သခွါးသီးတို့ကို တစ်ထပ်ချင်းထည့်၊ ချိစ်ပြားထည့်၊ အသားထည့်၊ ဆလပ်ရွက်အုပ်ပြီး အပေါ်က ပေါင်မုန့်အုပ် စားနိုင်ပါပြီ။ လက်နဲ့မြဲမြဲ ကိုင်ပြီး အားရပါးရ ကိုက်စားဖို့ရာပါ။ ဒီမှာ ဂျူဂျူတို့ ပြသနာစပါပြီ။ သူ့ရှေ့သွားအပေါ်၂ချောင်းလုံးက ကျိုးနေလေတော့ သမီးစားစား ကိုက်စားဆို သူဘယ်လို ကိုက်ပေမဲ့ ဟမ်ဘာဂါကတော့ မပဲ့ပါပြီ။ နောက်မှ "မေမေ ဂျူဂျူ က ကိုက်လို့ရဘူးလေ" ဆိုမှ ဒေါ်ဆွိတီတို့ သဘောပေါက်ပါတယ်။ ဒီတော့ သူ့ကို တစ်ခါစားစာစီ ဓားလေးနဲ့ လှီးပြီး ကျွေူးရပါတယ်။ ဓားနဲ့ လှီးအပြီးမှာ ကိုယ့်ရဲ့ ဟမ်ဘာဂါလဲ ပုံပျက်ပန်းပျက်ဖြစ်ရပါပြီ။ ဟမ်ဘာဂါ အပျိုရည်ပျက်ပြီး တစ်စစီဖြစ်နေတဲ့ ပုံတော့ လာဖတ်တဲ့ ပရိတ်သတ်ကြီး ဘာဂါကို စိတ်ကုန်သွားမှာစိုးလို့ တင်မပေးတော့ပါဘူး။
ဟမ်ဘာဂါတစ်မျိုးနဲ့ မတင်းတိမ်သူအတွက် အပိုလုပ်ပေးရပါသေးတယ်။ ဒီအကြောင်းနောက်မှ ရေးပါမယ်။ (ဟဲဟဲ ... ဒါလဲ ဒီဒယ်အိုးနဲ့ပဲ ...) သွားရေကျပိုကျ လိုသူများ ... အဲလေ ... ပုံကြီးကြီးကြည့်လိုသူများ ပုံကို ကလစ်ပါ။ ရဲရဲကြီး ကလစ်ပါ။ Life size chicken wing ဘာဘီကျူးပုံ တွေ့ရပါမယ်။
Monday, April 19, 2010
မုန့်လုံးရေပေါ် အလှူ
မနေ့က နှစ်သစ်ကူး စတုဒီသာ ကုသိုလ် အနေနဲ့ အိမ်နီးနား ပတ်ဝန်းကျင် မြန်မာအိမ် ၁၅ အိမ်ခန့်ကို မုန့်လုံးရေပေါ် လိုက်ဝေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ လှူချင်ပေမဲ့ ပစ္စည်းပစ္စယက မ၀ယ်ရသေးလို့ နောက်တစ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှ လုပ်ဖြစ်ခဲ့ပါတယ်။
NTUC က ကောက်ညှင်းမှုန့် ၆၀၀ ဂရမ်-၆ထုတ်၊ ဆန်မှုန့် ၆၀၀ ဂရမ်၂ထုတ်ဝယ်ပါတယ်။ ထန်းလျက် ၅ကျပ်ဖိုး ဗမာဆိုင်က သွားဝယ်ထားပါတယ်။ နောက်မုန့်လုံးရေပေါ်ထည့်ဝေရအောင် တစ်ခါသုံး ပုလပ်စတစ်ဘူးလေးတွေနဲ့ အောက်မှာ မကပ်အောင်ခင်းဖို့ ငှက်ပျောဖတ်လဲ ၀ယ်ရပါသေးတယ်။ အုန်းသီးခြစ်ပြီးသားကတော့ သိုးလွယ် ချဉ်လွယ်လို့ အဲဒီနေ့ကျမှ မုန့်လုံးနေတုန်း အိမ်နားက wet market မှာ အပြေးကလေး သွားဝယ်ခိုင်းပါတယ်။
မုန့်လုံးရေပေါ်လုပ်နည်းကတော့ မနှစ်က တင်ပေးဘူးပါတယ်။
ဒီလင့်ကို နှိပ်ပါ။
မုန့်ကိုတော့ ညကတည်းက နယ်နှပ်ထားပြီး အ၀တ်လေးရေစွပ် အုပ်ထားပါတယ်။ မနက်ကျ အဆင်သင့်ဖြစ်အောင် ထန်းလျက်တွေလဲ ညကတည်းက ကတ်ကျေးနဲ့ ညှပ်ထားပါတယ်။
မနက် ၆နာရီကတည်းက စလုပ်မယ်စိတ်ကူးပေမဲ့ ရုံးပိတ်ရက်မှို့ လုပ်အားပေး မုန့်ကူလုံးမဲ့ အိမ်က လူပျိုကြီး၂ယောက်ရယ်၊ ဦးခြိမ့်ရယ်က အိပ်ရာမနိုးသေးလို့ ၇နာရီလောက်မှ စလုံးဖြစ်ပါတယ်။ မုန့်တွေလုံးပြီး ရေပွက်ပွက်ဆူထဲထည့်၊ ငှက်ပျောရွက်လေးတွေ ခင်းထားတဲ့ တစ်ခါသုံး ပလပ်စတစ်ဘူးလေးတွေထဲ တစ်ထပ်ချင်းထည့်၊ မုန့်လုံးတွေ တစ်ခုနဲ့ တစ်ခု မကပ်အောင် အုန်းသီးခြစ်ထားတာလေးတွေဖြူး တစ်ထပ်ပြီး တစ်ထပ်ထည့်ပြီး ပူပူနွေးနွေး လိုက်ဝေပါတယ်။ လုံးတဲ့သူက အိမ်က ယောက်ျားသား ၃ယောက်၊ မုန့်ပြုတ်တဲ့သူက မဆွိတီတစ်ယောက်တည်းဆိုတော့ မနဲနိုင်အောင် လုပ်နေရပါတယ်။ တစ်အိမ်တက်ဆင်း လိုက်ပို့တဲ့သူကတော့ မဂျူဂျူနဲ့ သူ့ကြီးတော်ရယ်ပါ။
အင်တိုက်အားတိုက် လုံးနေကြတာပါခင်ည။
လိုက်ဝေဖို့ရာ အဆင်သင့်
ဒီမှာ ရယ်စရာတစ်ခုက လိုက်ပို့တဲ့ ကြီးတော်က ပြောပါတယ်။ တို့တွေ စောစောထ လိုက်ဝေလဲ အလကားပဲ။ တစ်အိမ်မှ အိပ်ရာနိုးတဲ့ အိမ်မရှိလို့ နှိုးပြီး ပေးခဲ့ရတာ ချည်းပါပဲတဲ့။ အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေ ပွတ်၊ တံခါးထဖွင့်ပြီး ယူတဲ့သူတွေချည်းပဲတဲ့။ လှူတဲ့လူက စေတနာထက်သန်လွန်းတော့ စောစောစီးစီး ပူပူနွေးနွးစားစေချင်တဲ့ စေတနာ၊ ရုံးပိတ်ရက်ကို မေ့နေကြတာ။ စလုံးမှာ တော်တော်များများ ရုံးပိတ်ရက်တွေဆို အိပ်ရာထဲမှာပဲ နားနားနေနေ နှပ်ချင်ကြတာကို မေ့နေကြတာကိုး ။ အင်း ... အိမ်ရှင်တွေ အားနာဖို့ကောင်းနေပြီ။ နောက်နှစ်တွေဆိုရင်တော့ ၀ီရိယ နဲနဲ လျော့ဦးမှလို့ တွေးမိပါရဲ့။
ဒါကတော့ ဘလော့လာလည်သူများအတွက် ဒေါင်းလန်းကြီးထဲမှာ ဖက်ခင်းပြီး ထည့်ပေးထားပါတယ်။ စားကြပါဦးနော်။ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။

Monday, April 5, 2010
တင်ဘူးခဲ့တဲ့ ပို့စ် အပိုင်းအစများ (၁)...
အသစ်မတင်နိုင်သေးလို့ မြန်မာကျူးပစ်ဖိုရမ်မှာ တင်ဘူးတဲ့ ပို့စ် အပိုင်းအစလေးတွေ တင်ပေးလိုက်ပါတယ်။ လာရောက်အားပေးဖတ်ရှုသူများအားလုံး ကျေးဇူးတင်ပါတယ်။
မျှော့တွေ၊ ကျွတ်တွေ ကြောက်တတ်သလား ...
မဆွိတီ ကြောက်တာပြောရရင် ဘောက်ဖတ်ကောင် စိမ်းစိမ်းကြီးတွေ အရမ်းကြောက်တယ်။ မကြောက်ပဲနေရိုးလား။ ငယ်ငယ်က တက်ခူးစားနေကျ သရက်ပင်တို့၊မာကလာပင်တို့မှာ သစ်ရွက်အရောင်နဲ့ တစ်ထပ်တည်းဖြစ်နေတော့ မမြင်ရဘူး။ မတော်လို့များ ထိမိလိုက်ရင် မီးစနဲ့တို့ခံရသလိုကို နာတာကိုး။ တစ်ခါသား စိတ်ကူးလေးယဉ်၊ သီချင်းလေးဆိုပြီး မချစ်စု သရက်ပင်အောက် လျှောက်သွားရင်းနဲ့ ရုတ်တရက် ဘောက်ဖတ်ထိမိတာ ... ဘာဖြစ်မှန်းကို မသိလိုက်ဘူး။ ပူလွန်းနာလွန်းလို့ အေးရာအေးကြောင်း ဘေးက ရေအိုင်လေးထဲ လက်ကလေး စိမ်ကြည့်ရင်း နောက်တော့ လက်က ဘောက်ဖတ် အဆိတ်တက်တော့ ယောင်ကိုင်းလာတာ။ ဘောက်ဖတ်တွေ သစ်ပင်ပေါ်တွေ့ရင်ကို အူတွေ အလိပ်လိုက် အလိတ်လိုက် ယားယားလာတာ။
နောက် မျှော့၊ ကျွတ်လဲ အူယားတာပဲ။ကြောက်တာပဲ။ ငယ်ငယ်က နှင်းဆီခြံထဲ ကျွတ်တွေ သိပ်ပေါတာ။ ငယ်ငယ်က ကျွတ်ဆိုတာတောင်မသိသေးဘူး။ ကျွတ်တွယ်တော့ လက်နဲ့ ဆွဲခွါ။ လက်မှာ တွယ်နေပြန်ရော။ ဒီတော့ နောက်လက်တစ်ဖက်နဲ့ပြန်ဆွဲခွါ။ အဲဒီလက်မှာပြန်တွယ်။ ဒီဘက်လက်ကပ်လိုက်၊ ဟိုလက်ကပ်လိုက်နဲ့ သံတရာလည်နေလို့ အကိုကို အော်ပြီး အကူအညီတောင်းမှ ဟဲ့ အဲဒါ ကျွတ်တွယ်တယ် ခေါ်တယ်ဟဲ့ဆို အကိုဆွဲခွါပေးမှ ကွာတော့တာပဲ။ အဲဒီတုံးက သိမှ မသိသေးတာကို။ နောက်သိလဲ သိရော။ လားလား ... လားလား နဲ့ မြက်တောထဲ သွားနေတဲ့ အကောင်လေးတွေမြင်ရင်ကို အူတွေယားလာပြီး ဘာလုပ်ရမှန်းမသိတော့ဘူး။
မျှော့၊ ကျွတ်ကြောက်တတ်ပါတယ်ဆိုမှ ပြောပြရဦးမယ်။မဆွိတီတို့ အိမ်နဲ့ နှင်းဆီခြံက ခြေလျှင်လျောက်ရင် နာရီဝက်လောက်လျှောက်ရတယ်။ လမ်းမှာ လယ်ကွင်းတွေ၊ ရပ်ကွက်တွေ၊ ရေမြောင်းတွေ၊ ချောင်းတွေလဲ ဖြတ်ရသေးတယ်။ ကျောင်းပိတ်ရက် မနက်ဆို မောင်နှမတွေ ခြံမှာကူလုပ်ဖို့ သွားကြရတယ်။ အဲဒါ မိုးတွင်းတစ်ရက် မိုးရွာထားလို့ လယ်ကွင်းကရေတွေက လမ်းကို ဖြတ်စီးတဲ့ ချောင်းလိုဖြစ်နေတယ်။ အဲဒီချောင်းလေးကို ဖိနပ်ကလေးချွတ်ထည့်ပြီး ကူးလာတာ ရေထဲကနေ လမ်းပေါ် ခြေအချ လားလား ခြေသလုံးမှာ နဲနဲနောနော ကျွဲမျှော့ကြီးတွေ မဟုတ်ဘူး။ မဲမဲကြီးတွေ၊ ၃ကောင်တောင် တွယ်ပြီးပါလာတာ။ ဟမလေး ... အကိုရေ လုပ်ပါဦး ဆို မျက်လုံးစုံမှိတ် ခြေထောက်တွေ ခုန်ပေါက်၊ အာခေါင်ခြစ်အော်တော့တာပဲ။ အကို သူ့လက်ထဲပါတဲ့ ဖိနပ်နဲ့ ခွါချမှ ကျွတ်တော့တာပဲ။ ကြောက်လွန်းလို့ ချူချူတွေတောင် ထွက်ကျမတတ်ပဲ။ အကိုနဲ့ မောင်လေးနဲ့ ၃ယောက်သွားတာ ကြံကြံဖန်ဖန် ကြောက်တတ်တဲ့ကိုယ့်ကိုမှ ရွေးတွယ်ရတယ်လို့ပဲ။
နောက်မှတ်မိတာ။ YIT ထဲမှာ ဆရာမလုပ်တော့ ဆရာမများဆောင်မှာနေရတယ်။ ဂျီဟောအနောက်နားက အဆောင်ပေါ့။ အဲဒီမှာ အဆောင်ရောက်ဖို့ မြက်ခင်းလေးကို ဖြတ်ပြီး ကုန်းပေါ်လေးကိုတော်တော်လျှောက်မှ ရောက်တယ်။ အဲဒီမြက်ခင်းမှာလေ ကျွတ်တွေအများကြီးနေတယ်။ အပြင်ကပြန်လို့ အခန်းပြန်ရောက်ရင် ဒီတိုင်းမနေရဘူး။ တကိုယ်လုံးအောက်ပိုင်းတွေ လှည့်ပတ်ပြီး ကျွတ်တွေ တွယ်ပြီးပါမပါ သေချာစစ်ဆေးရလေ့ရှိတယ်။ သိတယ်မလား။ ကျွတ်၊မျှော့နဲ့ပတ်သတ်တဲ့ ပုံပြင်တွေက လူတိုင်းကြားဘူးနေကျကိုး။
အဲဒါ ဆရာမတွေညနေကျ အဆောင်ပြန်ချိန်ဆို အခန်းထဲ အသံသေး၊ အသံကြောင်နဲ့ စူးစူးဝါးဝါးအော်သံကြားလို့ရတော့ အဲဒီကျွတ်တွေလက်ချက်လို့သာ မှတ်ပေရော့ပဲ။
------------------------------------------------------------------------------
GPS ဟာသ
ကြုံလို့တစ်ခုပြောပြဦးမယ်။ လွန်ခဲ့တဲ့ ၆လလောက်က ဦးခြိမ့်တို့ သူငယ်ချင်း တစ်စု မလက္ကာဖက်သွားကြတာ သတိရတယ်။ သူတို့သူငယ်ချင်း ၆ယောက် မိသားစုတွေနဲ့ ကားမောင်းပြီးသွားကြတာ ပျော်စရာကြီးပါ။ လမ်းကြောင်းကလဲ သေချာမသိတော့ GPS အားကိုးနဲ့ သွားကြတာ။ ရှေ့ဆုံးက GPS ရှိတဲ့ ဦးခြိမ့်က ဦးဆောင်ပြီး မောင်းတာ နောက်ဆုံးက GPS ရှိတဲ့ တခြားသူငယ်ချင်းက နောက်က ပိတ်ပြီး သွားကြတာပေါ့။
ဟို မလက္ကာလဲရောက်ပြီး နောက်အပြန်တစ်ရက်လဲကျရော လမ်းကကားတွေ အရမ်းကျပ်တော့ မလက္ကာအထွက်တင် ကားတွေလမ်းလွဲကုန်ကြရော။ သွားမဲ့နေရာကလဲ GPS ကပြောတဲ့ အတိုင်းသွားရင်းနဲ့ လမ်းတစ်လမ်းကို မှားဝင်လိုက်တာမှာ ဇာတ်လမ်းကစတော့တာပဲ။ GPS တို့ရဲ့ထုံးစံအတိုင်း လမ်းမှားသွားရင်လဲ ဘယ်လိုပဲဖြစ်ဖြစ် လိုတဲ့နေရာတော့ ရောက်အောင်တော့ ညွှန်ပေးပါတယ်။
ကံကောင်းစွာနဲ့ သူငယ်ချင်း ၂ယောက်ကားနဲ့ လမ်းမှာပြန်တွေ့ပြီး ကားသုံးစီးတွဲရက် အတုပြန်ဖြစ်သွားတယ်ပေါ့။ လမ်းကတော့ တ၀ဲလည်လည်ပျောက်နေဆဲပဲ။ တစ်နေရာလဲရောက်ရော ရပ်ကွက်တစ်ခုက လမ်းချိုးကွေ့လေး ။ ကားအသွားအလာ မရှိသလောက် ရှင်းနေတာပဲ။ လမ်းလေးက ကျဉ်းကျဉ်းလေး။ အဲဒီမှာ လမ်းမကိုဖြတ်ပြီး မန်းတဋ်လို ခန်းခန်းနားနား ဆောက်ထားတာ။ အပေါ်မှာလဲ ပိတ်ဖြူမိုးနဲ့ ကာလို့။ ဘုရားထီးဖြူတော်လိုလိုဘာလိုလို အဆင့်အဆင့်တွေနဲ့ဟာကြီးကလဲ အပေါ်မှာ ထူထားတာ ထင်းနေတာပဲ။ စိတ်ထဲနဲနဲ သရိုးသရီတော့ ဖြစ်မိသား။ ဒါပေမဲ့ ကားကလဲ မောင်းရက်သားဖြစ်နေပြီ။ GPS ကလဲ အဲ့လမ်းကိုပဲ ညွှန်နေတော့ ဦးခြိမ့်က ဘာလဲတော့ မသိဘူးဟ ဆိုပြီး အဲဒီ မန်းတဋ်ကို ဖြတ်မောင်းတာ။ မန်းတဋ်ထဲရောက်တော့ စပ်စုပြီး အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ ... လားလား ... အသုဘခေါင်းတလားကြီး ပြင်ထားတာကြီး တွေ့တာပါပဲ။
နောက်က ၂ကားကလဲ ဘုမသိ ဘမသိနဲ့ တန်းစီပြီးလိုက်လာတာ။ အဲဒီအိမ်ကျော်ပြီး လမ်းကျတော့ သူတို့တွေ အသုဘအိမ်ကြီးထဲကနေ ကားဖြတ်မောင်းလာတဲ့ အကြောင်းပြောပြီး ရယ်လိုက်ကြတာ။ ဟိုကျန်ခဲ့တဲ့ကားတွေတောင် လမ်းပျောက်နေလို့ အသုဘအိမ်ထဲ
မ၀င်ခဲ့ရတာဆိုပြီး။
ကြံကြံဖန်ဖန် ကြုံလဲကြုံရပါ့။ ကားတွေသွားနေတဲ့ လမ်းကိုဖြတ်ပြီး ကနဖျင်းထိုးထားတာ။ GPS ကလည်း လမ်းညွှန်တတ်ပါ့။
----------------------------------------------------------------------------------
နာမည်ပြောင်များအကြောင်း ....
ဟိုနေ့က အောက်အီးအီးအွတ် ဆိုတော့ တစ်ခုသတိရသွားတယ်။ ရန်ကုန်မှာနေတုန်းက အိမ်နားက မောင်လေးသူငယ်ချင်း နာမည်က ကြက်ဖ တဲ့။ နာမည်အရင်းရှိပေမဲ့ သူ့နာမည်အရင်း ဘယ်သူမှ မခေါ်ကြဘူး။ ရုပ်ကလေး သနားရူပနဲ့ ဘာလို့ကြက်ဖခေါ်တုံး ဆိုတော့ သူ့အဖေကြောင့် ဒီနာမည်ရသတဲ့။ သူ့အဖေဘာလုပ်တုံး မေးတော့ သူ့အဖေလူပျိုဘ၀က အလွန်ကြက်တိုက်သတဲ့။ ရွာကဆိုတော့ ကြက်တိုက်တာကို ဖဲစွဲသလိုစွဲသတဲ့။ ဒါနဲ့ သားလေးမွေးလာတော့ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ အဖေအစွဲပြု ကြက်ဖ၊ကြက်ဖနဲ့ခေါ်ရာကနေ ခုကြီးတဲ့အထိ ဒီနာမည်စွဲနေရော။ အဖေ့ဒါဏ်တွေ သားခံရတယ်ပြောရမယ်။ ဒါမှမဟုတ် သားနာမည်ကြားတိုင်း အဖေနောင်တရအောင် ပေးခဲ့လေသလား။
ငယ်ငယ်ကကျောင်းတက်တော့ အတန်းထဲမှာ နွားကြီးဆိုတာရှိတယ်။ တစ်ခါသား ဆရာမင်းသုဝဏ်ရဲ့ ရှင်ပြုပွဲလား နှစ်ဆန်းချိန်ကဗျာလား မမှတ်မိတော့ ။ တစ်တန်းလုံး ကဗျာသံပြိုင်ဆိုရတယ်။ ဆိုရင်းနဲ့
" ... နွားကြီးလဲ ပါသဟေ့ ... " ဆိုတဲ့ အပိုဒ်လည်းရောက်ရော တစ်တန်းလုံး ဆက်မဆိုနိုင်ပဲ တခွီးခွီး နဲ့ရယ်ကြတာ။အုန်းအုန်းထလို့။ ကာယကံရှင် နွားကြီးတော့မသိဘူး။ အဲ့နေ့က ဆရာ စိတ်ဆိုးလို့ တစ်တန်းလုံး ခုံပေါ်တက် မတ်တပ်ရပ်ဆိုပြီး ဒါဏ်ပေးခံရတယ်။ ဒါတောင် မတ်တပ်ရပ်နေရင်းကနေ အဲဒီ "နွားကြီးလဲ ပါသဟေ့" ဆိုတဲ့ အပိုဒ်ကို စဉ်းစားမိတိုင်း စိတ်ထဲ ကြိတ်တခွိခွိဖြစ်တုံးရှိသေး။
နောက်တစ်ယောက်ကျတော့ သွားနဲနဲခေါခေါနဲ့ မျက်လုံးပြူးပြူးနဲ့။ ခေါင်းက ခပ်လုံးလုံးနဲ့။ သူ့ကျတော့ မျောက်ခေါင်းတဲ့ ။ စတတ်နောက်တတ် ခင်တတ်တဲ့ အရွယ်တွေဆိုတော့ သူငယ်ချင်းချင်း ချစ်စနိုး၊ နောက်ပြောင်ခေါ်တဲ့နာမည်တွေက ကိုယ်တွေအတွက်ဆိုရင်တော့ အားနာစရာ။ နောက်တစ်တန်းလုံးက ဒီနာမည်ကြီးခေါ်နေတော့ ကိုယ်ကနာမည်အရင်းခေါ်ရင်ပဲ တစ်ခုခုမှားနေသလိုကိုး။
ဟောတက္ကသိုလ်ရောက်တော့ နွားကြီး တစ်ကောင် ... အဲ နွားကြီးလို့ခေါ်တဲ့ တစ်ယောက်နဲ့ ဆုံရပြန်ရော။ ကိုယ့်သူငယ်ချင်းကတော့ အားနာလို့ဆို နာမည်အရင်းလဲ မသိတော့ နွား ... နွား လို့ ခေါ်တဲ့ အကြောင်းတောင်ရေးမိသေး။ နွားကြီးက အရမ်းသဘောကောင်းတာ။ အဲဒါနဲ့ ဘာလို့ နွားကြီးခေါ်ရသတုံးဆိုတော့ ခိုင်းကောင်းလို့ ဆိုလား။ ပြောကြတာပဲ။ အော် ... သဘောကောင်း ခိုင်းတိုင်းလုပ်ပေးတော့လဲ ချစ်စနိုးနာမည် နွားကြီး ဖြစ်ကရော။
နောက်တစ်ယောက် ကြောင်ကြီးဆိုတာလဲရှိသေးတယ်။ သူငယ်ချင်းတစ်ယောက်က သူတို့ Lab Group ထဲက တစ်ယောက် ကြောင်ကြီး ကဘာဖြစ်တယ်။ ကြောင်ကြီး ... ကြောင်ကြီးနဲ့ ပြောနေတာ ကြာလှပြီ။ ကိုယ်ကလဲ ဒီနာမည်ကြားတော့ စိတ်ဝင်စားတယ်ပေါ့။ ဘာရယ်မဟုတ် ။ ရယ်ချင်တာ။ ပြောင်ချင်တာ အဓိက။ ဒါနဲ့ တစ်ရက် canteen သွားတော့ ကြောင်ကြီးတို့ အဖွဲ့နဲ့ မိတ်ဆက်ပေးတယ်။ အဲသည်တော့မှ ကြောင်ကြီးဆိုတာ အတန်းထဲမှာ ကိုယ်မြင်ဘူးသားကြီးပဲကို။ ဒါပေမဲ့ ကြောင်နဲ့ မစပ်ဆက်မိပါဘူး။ အဲနေ့ကတွေ့ပြီး သူ့နာမည်ကြောင်ကြီးဆိုမှ ... လား ...လား... သူမျက်နှာက ကြောင်နဲ့တော်တော်ကို တူနေပါလား ...ဆိုတာသတိထားမိပြီး ရယ်လိုက်ရတာ။ ခုချိန်ထိ သူ့ကိုမြင်ရင် ရယ်ချင်ပက်ကျိဖြစ်တုံး။
တစ်ချို့နာမည်တွေလဲ ခွေးပုတဲ့ ၊ ၀က်ကြီးတဲ့၊ ဘရာစီယာဆိုတဲ့ နာမည်တောင်ကြားဘူးတယ် ။ မြန်မာလူမျိုးတွေရဲ့ နောက်ပြောင်တတ်၊ ချစ်ခင်တတ် ပျော်တတ်ပြီး နာမည်ပြောင်ပေးတတ်တဲ့ ဓလေ့လေးပါ။ နာမည်တွေ ဘယ်လိုဆိုးပေမဲ့ သူတို့ ဒီနာမည်ခေါ်ခံတယ် ဆိုကတည်းကိုက အတော်သည်းခံပြီး လူချစ်လူခင်ပေါလို့သာဖြစ်ရမယ်။ စိတ်ဆိုး၊စိတ်ဆတ် တတ်တဲ့သူတွေဆို ဒီလိုနာမည်တွေ ဘယ်ခေါ်ခံပါ့မလဲနော့။ အောင့်သက်သက်ဖြစ်စရာ ... နာမည်ပြောင်တွေအကြောင်း တောင်ရောက်မြောက်ရောက်ပါ။

Subscribe to:
Posts (Atom)