Friday, July 29, 2011

ဖယောင်းပုဆိုး တရားစီရင်ခန်း




ဟိုတစ်လောက Sydney Olympic Park ကို ပစ်ကနစ်သွားကြမယ်ဆိုတော့ မဆွိတီမယ် တစ်ယောက်တည်း ချက်ဟယ်ပြုတ်ဟယ်နဲ့ အလုပ်ရှုပ်နေတယ်။ ဦးခြိမ့် အလုပ်ကပြန်လာတော့ ပစ်ကနစ်မှာခင်းရအောင် ကားဂိုထောင်ထဲက ဖယောင်းပုဆိုး ထုတ်ခိုင်းတာ၊ မထုတ်ပေးဘူးဗျာ။ သမီးကစားတဲ့ အခန်းထဲက တစ်ယောက်အိပ် ဖျာကြမ်းလေးပဲ ယူမတဲ့။ မဆွိတီကလည်း ပစ်ကနစ်က လူတွေအများကြီး၊ တော့ဖျာကြမ်းနဲ့ လူရယ်ချင်စရာဖြစ်မယ်။ ဖယောင်းပုဆိုးက သပ်သပ်ရပ်ရပ်၊ ပြီးတော့ အကြီးကြီး၊ ပစ်ကနစ်ထွက်ရင် ခင်းရအောင်ဆို စလုံးကနေတောင် အပင်ပမ်းခံယူလာတာ။ ထုတ်ပေးပါဆိုတာကို မရဘူးဗျာ။ ဖျာကြမ်းပဲ ယူမယ်ဆို ဇွတ်လုပ်နေတယ်။

ဒါနဲ့မိသားစု ထမင်းစားသောက်ပြီးတော့ သမီးကိုခေါ်၊ သော့ဖွင့်ခိုင်းပြီး ကားဂိုထောင်ထဲက ဖယောင်းပုဆိုးအလိပ်ကြီး ကိုယ့်ဟာကိုယ်ပဲ ထုတ်လိုက်တယ်။ ကားပေါ်တင်မယ်လုပ်တော့ ကားနဲ့ မဆန့်တာနဲ့ ခေါက်ထည့်ရအာင်ဆို အိမ်ထဲပြန်သယ်လာခဲ့တယ်။ အိမ်ရှေ့ဧည့်ခန်းမှာ အလိပ်ကြီးပြန်ဖြည်၊ အလယ်ကနေ ပထမ တစ်ခေါက်ခေါက်လိုက်တယ်။ ဒုတိယတစ်ခေါက်ပြန်အချိုးမယ် ဖယောင်းပုဆိုးက အလယ်ခေါက်ကြောင်း၂ခုဆုံရာကအစ၊ ခေါက်ရာတွေအတိုင်း ဟက်တက်ကွဲကုန်ပါရောလား။

ဆစ်ဒနီက အအေးဒါဏ်ကိုမခံနိုင်တော့ ဖယောင်းပုဆိုးလဲ ကြွပ်ဆတ်ပြီး ခေါက်ရာတွေအတိုင်းကွဲထွက်တာ အခင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်ပါလေရော။ မဆွိတီမယ် ဖယောင်းပုဆိုးအသစ်ကြီးရဲ့ အနိစ္စသဘော ဖြစ်ပျက်တွေကို တရားမရနိုင်ပဲ နှမြောသတ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေပါတော့တယ်။

ဒါကိုဘေးကနေ ကွန်ပြူတာနှိပ်ရင်း အသာထိုင်ကြည့်နေတဲ့ ဦးမောင်ခြိမ့်တစ်ယောက် ပြောကွက်တွေ့ပဟ ဆို ပြီတီတီမျက်နှာထား၊ ကြာကူလီဝင်းမြင့်လေသံနဲ့

"ကဲ ... အစက ကိုယ်မပြောလား။ ညည်း ဖယောင်းပုဆိုးကြီး မကောင်းပါဘူးဆိုတာကို။ အဲဒါကြောင့် ဖျာကြမ်းလေးပဲ ယူပါမယ်ဆို ကိုယ်ပြောတာ... " တဲ့။

အစထဲက ဖယောင်းပုဆိုး ထုတ်မပေးလို့ စိတ်တိုနေတဲ့ ဒေါ်ဆွိတီ၊ ဖယောင်းပုဆိုးကြီး ကွဲသွားလို့ နှမြောတသ စိတ်မကောင်းရတဲ့ကြားထဲ ခုလို ပြောတာခံလိုက်ရတော့ ကျွဲမြီးရော၊ နွားမြီးရော ရှိသမျှအမြီး အကုန်တိုသွားတယ်။

" ဒီမယ် ... တော့ ...ကမောင်ခြိမ့်ရဲ့ ... ဖယောင်းပုဆိုးက ခုလေးတင်မှ ကွဲတာလေ။ ဒီက အအေးဒါဏ်မခံနိုင်လို့ ခေါက်လိုက်မှ ကွဲတာ။ တော်က အဲဒါကို ဘယ်လိုကြိုသိနေလို့ မကောင်းဘူးပြောရတာလဲ။ စလုံးမှာတုန်းကလဲ ပစ်ကနစ်သွားတာ ဒါပဲခင်းတာ၊ အကောင်းပဲဟာကို။ ဒီရောက်မှ မအေးဒါဏ်မခံနိုင်လို့ ကွဲတာလေ။ တော့်ဟာတော် မထုတ်ချင်လို့ ထုတ်မပေးတာကို ခုမှ မကောင်းဘူးလေး ဘာလေး လာပြောမနေပါနဲ့ ..."

" အို မင့်ဟာ။ အဲဒီဖယောင်းပုဆိုး စ၀ယ်ကတည်းက ကိုယ်မကြိုက်တာ။ ကိုယ်တို့အမေအိမ်မှာနေတုံးကလဲ အဲဒါမျိုး ၀ယ်မခင်းဖူးဘူး။ ဘယ်တုံးကမှလဲ မကြိဲုက်ခဲ့ဘူး။ ညည်းဝယ်တုံးကလဲ ဘာမှ မပြောချင်လို့ အသာနေတာ ... ကြိုက်ကို မကြိုက်တာဟေ့ ... "

" အလိုတော် ဖယောင်းပုဆိုးကွဲမှပဲ တော့မယ် မကြိုက်ဘူး ဖြစ် ဖြစ်ရချေသေး။ အရင်ကလဲ &%$#%&*)__(*&^%$#$#@$^&&*(()))__)**)__)*^%$ .... ....

ဒီလိုနဲ့ဖယောင်းပုဆိုး ကောင်းတယ် မကောင်ဘူးနဲ့ စကားများနေကြတာ။ ဘေးမှာ သမီးဂျူဂျူလေး ရှိတာတောင် မေ့နေကြတယ်။ ခဏနေတော့ သမီးလဲ အဖေနဲ့ အမေကြား နားငြီးလာတယ်ထင်ပါရဲ့။

"ဖေဖေနဲ့မေမေ ... ခဏလေး ဂျူဂျူ ပြောမယ် ..." ဆို သူလုပ်နေကျအတိုင်း ညာလက်ကလေး မြှောက်ပြီးပြောတယ်။

အငြင်းပွားနေရာက သမီးဆီကို ၂ယောက်လုံး အာရုံရောက်ပြီး ပြိုင်တူလှည့်ကြည့်လိုက်ကြတယ်။

"ဂျူဂျူ တစ်ခုခု decide လုပ်ပေးမယ်။ ဖေဖေရော မေမေရော နားထောင် ..."

ဟုတ်နေပါပြီ။ ဂျူဂျူတစ်ယောက် ခုတစ်လော အဖေနဲ့အမေနဲ့ ကတောက်ကစဖြစ်ရင် သူက ကြားကနေ ၀င်ဝင်ဖြေရှင်းနေတာ ၂ခါ မကတော့ဘူး။

ဟိုတစ်လောကလဲ အိမ်တက်လုပ်မယ်ဆိုတော့ မဆွိတီမယ် တစ်ယောက်တည်း ကိုယ်ခွဲကလဲ မရှိဆိုတော့ ချက်ဖို့ပြုတ်ဖို့ နိုင်မှာ မဟုတ်ဘူး။ ဆိုင်ကမှာပြီး ကျွေးရအောင်ဆို သူကလဲ မိန်းမလက်ရာ စားစေချင်လို့ ချက်စေချင်နဲ့ လင်မယားစကားများကြတာ ဂျူဂျူပဲ ၀င်ပြီး ဖြေရှင်းပေးသွားတာ။ သူဖြေရှင်းပုံက " မေမေ့ကို ဂျူဂျူ ကူလုပ်ပေးမှာပေါ့ "တဲ့။ ကိစ္စပြတ်ကရော။ အဲဒီတုံးကလဲ ရယ်လိုက်ရတာ။ ဂျူဂျူလိုလူက ကူပေးမယ်ဆိုတော့လေ။

ခုလဲ ဂျူဂျူတစ်ယောက် ဘယ်လိုဖြေရှင်းမှာလဲပေါ့။ ရန်ဖြစ်နေတာထက် သမီး ဘယ်လိုဆုံးဖြတ်မှာလဲဆိုတာ စိတ်ဝင်စားနေကြတယ်။ ရယ်လဲရယ်ချင်နေတယ်။ ဒီကြားထဲ ဂျူဂျူ ဆက်ပြောလိုက်တာကြောင့် လင်မယား၂ယောက်လုံး တဟားဟားနဲ့ရယ်တာ ပတ်တုတ်လို့မရတော့ဘူး။
သူပြောတာက

"ဖေဖေနဲ့ မေမေနဲ့ Scissor, Paper, Stone လုပ်ရမယ်" တဲ့။

( ဗမာလိုဆို ကျားဗိုလ်ဆွဲရမယ်ပေါ့ဗျာ။)

ရယ်ချင်ရက်နဲ့ သူက အတည်ပြောနေတာဆိုတော့ ဆက်မေးလိုက်တယ်။
အဲဒီတော့ ဘာဖြစ်လဲဆိုတော့

" နိုင်တဲ့သူက နိုင်တယ် ။ ရှုံးတဲ့ သူက ရှုံးတယ် " တဲ့။

သူပြောမှ ပိုရယ်ချင်သွားတယ်။ စိတ်တိုတာတွေလဲ ပျောက်ကုန်ပြီ။ သူပြောတာ အကြောင်းရှိတယ်ဗျ။ ဆက်ဖတ်ပါဦး။

"Scissor, Paper, Stone ၅ခါလုပ်ရမယ်။ ဒါပေမဲ့ ဂျူဂျူပြောတဲ့ အတိုင်းလုပ်ရမှာ" တဲ့။

သူက အမေ့သမီးဆိုတော့ တစ်ခုခုဆို အမေဖက်ကပဲ။ အမေစိတ်တိုနေတာလဲ သိတော့အမေကို နိုင်စေချင်တယ်။ ပြီးတော့ အမေကို တိုးတိုးလေးလာပြောတယ်။ Scissor တဲ့။ သူ့အဖေကျတော့ Paper တဲ့ဆို၊ လုပ်ကြတော့ ပထမဆုံး သူ့အဖေရှုံးသွားတယ်။

ဟမ်မလေး ဂျူဂျူနဲ့မှပဲ မဆွိတီတို့လင်မယား မကြီးမငယ်နဲ့ Scissor, Paper, Stone လုပ်နေရတာ ရယ်နေရတယ်။

နောက်အလှည့်တွေကျ သူ့အဖေက လူလည်ဆိုတော့ နပ်တယ်လေ။ သမီးပြောတာနဲ့ ဆန့်ကျင်ဖက်တွေ ပဲ လုပ်တော့ နောက်ဆုံး၎ခါ သူ့အဖေနိုင်သွားပါရော။

ဒါကို လူလည်မ ဂျူဂျူကလဲ မလျှော့ဘူးဗျာ။ နောက်ဆုံး သူအဆုံးအဖြတ်ပေးသွားတာက
"ဖေဖေက ဂျူဂျူ ပြောတဲ့အတိုင်း လိုက်မလုပ်တော့ rule ပြောင်းလိုက်ပြီ" တဲ့။

"Winner is loser and Loser is winner"တဲ့ဗျား။

ဖယောင်းပုဆိုးကွဲလို့ စိတ်ညစ်နေတဲ့ မဆွိတီလဲ အနိုင်ရသွားလို့ ပျော်သွားရော။ ရှူံးသွားတဲ့လူကြီးကလဲ မိန်းမနဲ့ သမီးပျော်နေတာကိုကြည့်ပြီး ပျော်တပြုံးပြုံးနဲ့။

ဤတွင် ဖယောင်းပုဆိုး တရား စီရင်ခန်းပြီး၏။


(ပုံကို အင်တာနက်မှ ယူပါသည်။ Credit to original uploader.)

Friday, July 1, 2011

တီတီဆွိ ရဲ့ NUS နောက်ကြောင်းပြန် ...

ဒီပို့စ်ကို ဘလော့ဂ်လာလာဖတ်တဲ့ ညီမလေးတစ်ယောက်က တောင်းဆိုထားတာ ကြာပါပြီ။ မဆွိတီလဲ ကိုယ်ရေးတာနဲ့ သူသိလိုတဲ့ အချက်အလက်တွေ ကိုက်မှ ကိုက်ပါ့မလားဆို စိုးရိမ်ပြီး ရေးပေးပါ့မယ်လို့ ကတိပေးပြီး မရေးဖြစ်ခဲ့ဘူး။ ခုတော့ သိသမျှ၊ မှတ်မိသမျှ အတွေ့အကြုံလေးတွေ ရှယ်ပေးလိုက်ပါတယ်။ ညီမလေး မုတ် ကျေနပ်နိုင်ပါစေ။




NUS တက်ဖို့ အစ AIT မှ
မဆွိတီတို့ RIT နောက်ဆုံးနှစ်ရောက်တော့ နွေးအေးမှာ ထိုင်ကြရင်း စာတော်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်ကြတယ်။ သူက ကျောင်းပြီးရင် AIT (Asian Institute of Technology) စကော်လာ လျှောက်မယ်ဆိုပြီး သူ့ရဲ့dream ကို ပြောပြနေလေရဲ့။ အဲဒီအချိန်ကစပြီး AIT ဆိုတာကို စကြားဖူးခဲ့တာ။ မဆွိတီတို့ အဖို့မှာတော့ စာကလဲ ပြောရလောက်အောင် မတော်၊ မိဘကလဲ မချမ်းသာတော့ AIT ဆိုတာ ကိုယ်နဲ့ အဝေးမှ ဝေးကြီး။ စိတ်ကူးထဲ၊ အိမ်မက်ထဲတောင် ထည့်မမက်ဖူးခဲ့တာ။ သူငယ်ချင်းကောင်လေး ပြောနေတဲ့ သူ့ရဲအနာဂတ် အိမ်မက်ကိုသာ အားကျစိတ်တွေနဲ့ ငေးပြီး နားထောင်နေမိတော့တယ်။ အဲဒီခေတ်က စာတော်တဲ့ ကျောင်းသားတိုင်းရဲ့ စိတ်ထဲမှာ ကျောင်းပြီးရင် နိုင်ငံခြား စကော်လာရတဲ့ AIT သွားတက်မယ်ဆိုတဲ့ အိမ်မက်ကိုယ်စီနဲ့ပေါ့။

ဒီလိုနဲ့ မဆွိတီလဲ ကျောင်းပြီး၊ ကျောင်းမှာပဲ ဆရာမအလုပ်ဝင်လုပ်ပြီး ၂နှစ်လောက် အကြာ AIT မှာတက်နေတဲ့ ဦးခြိမ့်နဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့ တိုက်တွန်းအားပေးမှုတွေနဲ့ ဘ၀မှာတစ်ခါမှ အိမ်မက်တောင် မမက်ဖူးတဲ့ AIT ကို စကော်လာ လှမ်းလျှောက်လိုက်ပါတယ်။ တစ်ချိန်တည်းဆိုသလိုပဲ မဆွိတီနဲ့ ဆရာမဆောင်မှာ အခန်းချင်းကပ်ရပ်နေတဲ့ EC (Electronic Engineering)က သူငယ်ချင်းကလဲ AIT လျှောက်တယ်။ ၀င်ခွင့်တွေ ထွက်လာတော့ ၂ယောက်လုံး partial scholar ပဲ ရကြတယ်။ သူငယ်ချင်းက မိဘတွေက ချမ်းသာတော့ ပါရှယ်ပဲဖြစ်ဖြစ် သွားတက်မယ်တဲ့။ တကယ်တန်းတော့ AIT ကျောင်းစံရိတ်က အင်မတန်မှ ဈေးကြီးပါတယ်။ ဒါကြောင့်တော်ရုံတန်ရုံလူ စကော်လာအပြည့်ရမှသာ တက်နိုင်တာပါ။ ပါရှယ်ကို ထပ်စိုက် တက်မယ်ဆိုရင်တောင် အနည်းဆုံး သိန်း ၆၀-၇၀လောက် ရှိမှ တက်နိုင်မှာ။ အဲဒီအချိန်ကိုယ့်မှာ သိန်း၆၀မပြောနဲ့၊ ငွေ၆ထောင်တောင် ပြည့်အောင်မရှိပါ။ သူငယ်ချင်းမိဘတွေက တော်တော်ချမ်းသာလို့ သာ တက်နိုင်တာပါ။ ဒီလိုနဲ့ တစ်ရက် သူငယ်ချင်းနဲ့ ၂ယောက်သား (သူငယ်ချင်းက အဖော်ခေါ်လို့) ကျောင်းတက်ဖို့ စာရွက်စာတန်းကိစ္စအတွက် အီးစီက ဆရာကြီး ဒေါက်တာစန်းတင့်အိမ်ကို ရောက်ခဲ့ကြပါတယ်။

အဲဒီမှာ ဆရာကြီးဒေါက်တာ စန်းတင့်က သူ့လေသံအတိုင်း ခပ်အေးအေးနဲ့ ရှင်းပြပါတော့တယ်။ သူငယ်ချင်းကို AIT မှာ Partial ကို ပိုက်ဆံထပ်စိုက်ပြီး တက်မဲ့အစား NUS ကို သွားတက်ပါ။ အဲဒီက ဘွဲ့က စင်္ကာပူမှာ အလုပ်လုပ်ဖို့အတွက် ပိုပြီး အထောက်အကူပြုပါတယ်။ စင်္ကာပူမှာ အလုပ်လုပ်မယ်ဆို ရည်မှန်းထားရင် စင်္ကာပူက တက္ကသိုလ်က ပိုပြီး အာမခံချက်ရှိပါတယ် ဆိုပြီး AIT ကုန်ကျစံရိတ်နဲ့ NUS ကုန်ကျစံရိတ်ကို တွက်ပြပြီး နှိုင်းယှဉ်ပြပါတယ်။ ဆရာကြီးကျေးဇူးကြီးမားပါပေတယ်။ ဆရာကြီင်္းအိမ်ကပြန်လာတဲ့ သူငယ်ချင်း ၂ယောက်ဟာ NUS အိမ်မက်ကို စတင်မက်ခဲ့ကြပါပြီ။

အဲဒီအချိန်မှာပဲ (၁၉၉၆-၁၉၉၇ လောက်မှာ) NUS က ပေးတဲ့ ASEAN Scholar ဆိုပြီး စ နာမည်ကြီးလာပါတယ်။ အဲဒီအချိန်က ခုဘလော်ဂါဖြစ်နေကြတဲ့ မတန်ခူးတို့၊ စုချစ်သူတို့ဟာ NUS ASEAN Scholar ရဲ့ပထမဆုံး batch တွေပါ။ စာလဲ အလွန်တော်ကြတဲ့သူတွေပါ။


NUS လျှောက်ကြပြီ။

အဲဒီနောက်ပိုင်း သူငယ်ချင်းက NUS ကို လျှောက်တာ full scholar ရပါတယ်။ ASEAN scholar ဖြစ်ပါတယ်။ မဆွိတီလဲ အရင် ပြောခဲ့ဖူးတဲ့ အတိုင်း သူငယ်ချင်းတစ်ယောက် ကျောင်းလျှောက်တာကို ကူညီပြီး အတူလျှောက်ရင်းနဲ့ NUS ၀င်ခွင့်ရခဲ့ပါတယ်။ Mechanical and Manufacturing Engineering မေဂျာ ဖြစ်ပါတယ်။ သူငယ်ချင်းကတော့ ကံကောင်းတယ်။ စင်္ကာပူရောက်တော့ NTU ကလည်း စကော်လာရကြောင်း အကြောင်းကြားစာရတာနဲ့ NTU မှာ တက်ဖြစ်ပါသွားတယ်။ မဆွိတီကတော့ ဦးခြိမ့်နဲ့ အိမ်ထောင်ကျပြီး သူ့ရဲ့ ထောက်ပံ့စံရိတ်နဲ့ NUS မှာ full time တက်ပါတယ်။

လေယာဉ်ပေါ်မှာ ဆုံကြသည် ...
မဆွိတီတို့ ကျောင်းတက်ဖို့လာတော့ လေယာဉ်အတူစီးလာတာ စုစုပေါင်း မိန်းခလေး ၄ယောက်ပါ။ မဆွိတီတို့ သူငယ်ချင်း ၂ယောက်ရယ်၊EC က အကြီးတန်း ဆရာမတစ်ယောက်ရယ်၊ တစ်တန်းကြီးတဲ့ EC က အစ်မတစ်ယောက်ရယ်ပါ။ လေယာဉ်ပေါ်မှာကို NUS မှာ ကျောင်းတက်မဲ့ ကျောင်းက ကောင်လေးတွေနဲ့ ဆုံပါတယ်။ သူတို့က ၃ယောက် Aeronautical ကဖြစ်ပြီး မဆွိတီတို့နဲ့ same batch တွေပါ။ အယ်ရိုတွေက ဘာသာတော်တော်များများ မက်ကယ်နီကယ်တွေနဲ့ ရောတက်ရတော့ မျက်နှာတွေက မျက်မှန်းတန်းမိနေပါပြီ။ သူတို့ကလဲ NUS မှာ Mechanical and Manufacturing Engineering ပဲ တက်ကြမှာဆိုတော့ နောက်ပိုင်းမှာ ကိုယ်နဲ့ မေဂျာတူ အတန်းတူတွေ ဖြစ်လာပါတယ်။

Culture Shock လော၊ စိတ်ပူပန်မှုလော ...
စင်္ကာပူရောက်တော့ အရင်ရေးခဲ့ဖူးသလို မဆွိတီဟာ အင်မတန် စိတ်ပူပါတယ်။ စာတွေလိုက်နိုင်ပါ့မလား၊ ဆရာတွေ အင်္ဂလိပ်လို စာရှင်းတာ နားလည်ပါ့မလား၊ စာမေးပွဲအောင်ပါ့မလား၊ စလုံးလူမျိုး class mate တွေနဲ့ ဘာသာစကားအခက်အခဲ စတာတွေအတွက် စိုးရိမ်နေတယ်။ ဒါ့အပြင် အခုတလောပြောနေကြတဲ့ Culture shock ဆိုလား။ နယ်ပယ်အသစ်တစ်ခုကို ရောက်လာတဲ့ အချိန်မှာ ဒီက နေထိုင်စားသောက်မှု၊ လူနေမှုဘ၀ တွေနဲ့ နေသားမကျသေးတော့ အတော်ကို နေရတာ မပျော်ပါဘူး။ ညနေ၊ ညနေ ကျောင်းသွားပြီဆို MRT ပေါ်က စလုံးလူမျိုးများရဲ့ ခပ်တည်တည်၊ မျက်နှာကျော သေသေတွေကို ကြည့်ပြီး ၀မ်းပဲနည်းသလိုလို၊ အားပဲ ငယ်သလိုလို ခံစားမှုမျိုး ဖြစ်ပါတယ်။ သူတို့ပုံစံတွေက ၀မ်းနည်းအားငယ်နေတဲ့ မဆွိတီအတွက် "နင့်ဟာနင် ၀မ်းနည်းတာ၊ အားငယ်တာ တို့နဲ့ မဆိုင်ဘူးဟေ့ ... အနေသာကြီး ..." လို့ ပြောနေသလိုပါပဲ ။ ဒီကြားထဲ MRT က " တီ တီ တီ တီ ... door is closing ... " ဆိုတဲ့ အသံကိုကြားတိုင်း ငိုချင်နေတယ်၊ အိမ်ကို အမြန်ပြန်ပြေးချင်စိတ်သာ ပေါက်နေမိတော့တာပါပဲ။

ကျောင်းထဲ ပထမအခေါက် ...

ပထမဆုံး ကျောင်းထဲကိုသွားတဲ့ အခေါက်က မှတ်မိသေးတယ်။ ဦးခြိမ့်လဲပါတယ်။ NUS ME ဌာနက စာရေးမလေး တစ်ယောက်ကို ကျောင်းကိစ္စတွေမေးတာ သူကလဲ ပြန်ရှင်းပြပါတယ်။ ဒါပေမဲ့ သူပြောတာတွေက ပလစ်ပလစ် ... ပလပ်ပလပ် ... ရွှတ်ရွှတ် ... ရှက်ရှက်တွေသာကြားရတယ် တစ်လုံးမှ နားမလည်ခဲ့ပါဘူးခင်ညာ။ စိတ်ထဲမှာလဲ ဒီစလုံးမဟာ ဒီအင်္ဂလိပ်စကားကိုပဲ လူတွေနားမလည်အောင် ဘယ်လိုလုပ်ပြီးများ ပြောနေပါလိမ့်ပေါ့။ သူမှို့ အင်္ဂလိပ်စကားကို ဒီလိုကြီးဖြစ်အောင် ပြောတတ်ပါပေတယ်ပေါ့။ ဦးခြိမ့်ပါလို့သာပဲဗျာ။ ဦးခြိမ့်က ကိုယ့်အား ကိုယ်ကိုး ကိုယ့်ဟာကိုယ်နားလည်အောင် လုပ်ရမယ်ဆိုလို့ နောက်ပိုင်း သေချာနားထောင်ပေမဲ့လဲ စလုံး accent ကို လုံးဝကို နားမလည်ခဲ့တာပါ။ စိတ်ဓာတ်လဲ တော်တော်ကျမိပါတယ်။
(အခုများတော့ အန်တီဆွိတို့ စလုံးအက်ဆန့်ကို ကျေညက်နေတာမှ ကားတစ်စီးလုံး ရောင်းခဲ့တာသာကြည့်ပါတော့။ ကားပွဲစားလားလို့ မေးတဲ့သူတောင်ရှိသေးး))

ကျောင်းလခအတွက် အပြန်အလှန်ထောက်ခံ ငွေချေးကြ ...
မဆွိတီတို့ ကျောင်းတက်တုံးက ကျောင်းလခက Semester တစ်ခု( ၆လစာ) ကို စလုံး ၂၅၀၀ ပဲ ပေးရပါတယ်။ ခုတော့ ၂ဆလောက်ဖြစ်နေပါပြီ။ နောက်ပြီး ကျောင်းလခကို အပြည့်ပေးစရာမလိုပဲ ဘဏ်ကနေ ၈၀% ချေးခွင့်ရပါတယ်။ အဲဒီတော့ ပထမဆုံး ကျောင်းအပ်ကြတော့ သူငယ်ချင်းတွေ ပတ်လည်ရိုက်ပြီး တစ်ယောက်ကို တစ်ယောက်ထောက်ခံကြ၊ လက်မှတ်တွေထိုးကြနဲ့ ငွေချေးကြတာ ပျော်စရာကြီးခင်ည။ နောက်ဆုံး ငွေချေးအပြီး ကျောင်းလခ ၅၀၀ ပဲ ပေးရပါတော့တယ်။ အင်မတန်မှ သက်သာပါတယ်။ ကျန်တဲ့ အကြွေးကလဲ ကျောင်းပြီး အလုပ်တွေ ဘာတွေရမှ တစ်လ ၅၀မျိုး ၁၀၀မျိုး အေးဆေးဆပ်ကြရတော့ တော်တော်ကို အဆင်ပြေပါတယ်။

ပထမဆုံး ရတဲ့ PR offer ...
နောက် တော်တော်ဝမ်းသာစရာ တစ်ခုက မဆွိတီတို့ ကျောင်းတက်နေတုံး ကျောင်းပြီးရင် PR လျှောက်ခွင့်ရကြောင်း Offer letter တွေ လာတယ်။ မှတ်မှတ်ရရ အဲဒါ မဆွိတီတို့ batch က ပထမဆုံး စရတာပါ။ အဲဒီခေတ်က EP တွေ၊ work permit တွေနဲ့ပဲ လုပ်နေကြတာများပြီး ဗမာလူမျိုး PR ဆိုတာ အင်မတန်မှ ရှားပါးပါတယ်။ စင်္ကာပူမှာ ၇နှစ် ၈နှစ် EP နဲ့ အလုပ်လုပ်နေတဲ့သူတွေတောင် လျှောက်လို့မရတဲ့ ခေတ်ပါ။ ဦးခြိမ့်သူငယ်ချင်း EP နဲ့ လုပ်နေသူတွေ အများကြီးရှိလို့ သိရတာပါ။ သူတို့တွေကြည့်ပြီး PR ဆိုတာ ကိုယ်နဲ့ အဝေကြီး၊ ဘာမှမဆိုင်ဘူးလို့ ထင်ထားနေရာကနေ အဲဒီစာလေးရလာတော့ ၀မ်းသာလိုက်တာမှ ဖော်မပြနိုင်အောင်ပါပဲဗျာ။

ဘယ် ဘာသာတွေ ရွေးကြမလဲ ...

မဆွိတီတို့သူငယ်ချင်းတွေ ဘာသာတွေ (module) ရွေးချယ်တော့လဲ စာလုပ်ရလွယ်အောင် အတူတူတွေပဲ ရွေးကြတာများတယ်။ အများအားဖြင့် ရှေ့ batch ကလူတွေကိုမေး၊ ဆရာ သဘောကောင်းတယ်၊ အသင်အပြကောင်းတဲ့ ဘာသာ၊ အရင်က သင်ဖူးတဲ့ အစပ်အဆက်ရှိတဲ့ ဘာသာ၊ လွယ်မယ်ထင်တဲ့ ဘာသာတွေအပြင် အလုပ်အတွက် အထောက်အကူပြုမဲ့ဘာသာတွေ ရွေးကြတာများပါတယ်။ MSc ဘွဲ့အတွက် ၁၀ဘာသာ ယူရမှာဖြစ်ပြီး ပရောဂျက်လုပ်မယ်ဆို ၆ဘာသာပဲ ယူဖို့ လိုပါတယ်။ အဲဒီမှာ အားလုံးပဲ ပရောဂျက်က အလုပ်ဝင်ရင် အထောက်အကူပြုတယ်၊ လူတွေနဲ့ ဆက်ဆံလုပ်ကိုင်ရပြီး Thesis လဲရေးရတာဆိုတော့ အင်္ဂလိပ်စာအတွက်လဲ အထောက်အကူပြုတယ်ဆိုပြီး တော်တော်များများ ၆ဘာသာနဲ့ ပရောဂျက်ကို ရွေးကြပါတယ်။ မဆွိတီကတော့ Semester တစ်ခုကို ၃ဘာသာပြီးအောင်လုပ်ပြီး တစ်ချိန်ထဲမှာပဲ ပရောဂျက်ကိုလဲ နဲနဲချင်းတွဲလုပ်ဖို့ စိတ်ကူးခဲ့ပါတယ်။


ကျောင်းတက်ရတာ ပျော်စရာ ...
မဆွိတီတို့ ပထမဆုံး ကျောင်းစတက်ရတော့ ထင်ထားသလိုမဟုတ်ပဲ အလွန်ပျော်ခဲ့ပါတယ်။ မပျော်ပဲနေရိုးလား၊ အတန်းထဲမှာ မြန်မာချည်း အယောက် အစိတ်-၃၀လောက်ရှိနေလို့ပါပဲ။ လူ ၈၀လောက်ရှိရင် မြန်မာ၊ တရုတ်နဲ့ ကုလားက ညီတူညီမျှလောက်စီရှိနေတော့ ကိုယ့်ဗမာတွေ တရုန်းရုန်းနဲ့၊ အပေါ် batch က အကိုကြီးတွေက ရယ်စရာတွေပြော၊ တ၀ါးဝါး တဟားဟားနဲ့ ပျော်စရာ အလွန်ကောင်းပါတယ်။ ဗမာ အဖွဲ့ထဲမှာကို ဒီမှာ ၄-၅နှစ်လောက် အလုပ်လုပ်ပြီး part time လာတက်တဲ့ အကိုကြီးတွေ အများကြီးပဲ၊ နောက် ကျောင်းက ဆရာမတွေ၊ မဆွိတီတို့လို ခုမှ စတက်တဲ့ full time သမားတွေ၊ အယ်ရိုကအဖွဲ့တွေ၊ RIT က ကိုယ့်အငယ် batch တွေ အစုံပါပဲ။

အဲဒီထဲမှာ ဘရူးနိုင်းမှာ အလုပ်လုပ်ပြီး လာတက်တဲ့ အသက် ၄၀ကျော် လူပျိုကြီးတစ်ယောက်လဲပါတယ်။ ယူတဲ့ဘာသာတွေလဲ တူတော့ ပရောဂျက်တွေ အတူလုပ်ကြ၊ စာမေးပွဲနီးရင် လိုက်ဘရီမှာ ချိန်းပြီး စာအတုကြည့်ကြနဲ့ပေါ့။ အဲဒီအပေါ်က လူပျိုကြီးဆို စာအတူကြည့်ရင် ခြင်းတစ်လုံးနဲ့ လာတာဗျ။ အညာမှာ ပွဲကြည့်သလို သူ့ခြင်းထဲမှာ လက်ဖက်ပွဲနဲ့ ရေနွေးကြမ်း ဓာတ်ဗူးနဲ့ စားစရာ၊ သောက်စရာတွေနဲ့ စာကြည့်ကြတာခင်ဗျ။

အပေါင်းအသင်း စုံတဲ့ NUS ...

အဲဒီမှာ မထင်မှတ်ပဲ သူငယ်ချင်း၊ မိတ်ဟောင်း၊ ဆရာမဟောင်းတွေလဲ ဆုံရ စာသင်ဖော်အတူဖြစ်ခဲ့ရတယ်။ ကျောင်းက အိုဖိုး (04 ) ကျူတိုရီအမြဲသင်တဲ့၊ စာအမြဲမေးခဲ့တဲ့ ဆရာမတစ်ယောက်နဲ့လဲ အတူတက်ခဲ့ရတယ်။ ပိုလို့ ခင်မင် ရင်းနှီးခဲ့ရတယ်။ နောက် RIT ဖိုင်နယ်တုံးက အတူတက်ခဲ့ရတဲ့၊ လှလွန်းလို့ အမြဲငေးခဲ့ရတဲ့ ခပ်ချောချော အစ်မတစ်ယောက်နဲ့လဲ NUS မှာ အတူတက်ခဲ့ရတယ်။ မှတ်မှတ်ရရ ၊ တစ်ရက်သား အတန်းနောက်ကျမှ လေဒီရှူး တစ်ဒေါက်ဒေါက်၊ စတိုင်ဘောင်းဘီနဲ့ စမတ်ကျကျဝတ်လို့ အတန်းထဲကို ၀င်လာတဲ့ အစ်မ လှလှကို တောသူမ မဆွိတီ ငေးကြည့်နေမိတယ်။ သူက စလုံးကို ကျောင်းပြီးကထဲက ရောက်ခဲ့တာဆိုတော့ သူ့စတိုင်က လိုကယ်တစ်ယောက်နဲ့ မခြားဘူး။ နေပုံ၊ သွားပုံ လာပုံကလဲ မဆွိတီတို့လို ကုတ်ချိချိမဟုတ်ဘူး။ ရုပ်ကလေးလှသလောက် အလုပ်တစ်ဖက်၊ ခလေးတစ်ဖက်နဲ့ part time တက်၊ ကျောင်းစာတွေကိုလဲ မခိုမကပ်လုပ်ခဲ့တဲ့ အစ်မကို လေးစားအားကျခဲ့တယ်။ ပြောရရင် မဆွိတီ NUS မှာ တစ်နှစ်ခွဲ ကျောင်းတက်ခဲ့စဉ်အတွင်း ကိုယ်နဲ့ same batch သူငယ်ချင်းတွေအပြင်၊ ကိုယ့်ထက် အကြီး batch၊ အငယ် batch တွေ နဲ့ ခင်မင်ခဲ့ရပြီး စင်္ကာပူမှာ ပေါင်းသင်းဆက်ဆံရေး နယ်ပယ် ကျယ်ပြန့်ခဲ့တယ်။

မှတ်မှတ်ရရ solar ဆရာ ...
မဆွိတီတို့ ပထမ semester တက်တော့ solar energy ဆိုတဲ့ ဘာသာရပ်ကို လူတိုင်းနီးပါး ယူကြတယ်ဗျ။ ဒီတော့ ဆိုလာအချိန်ဆို မြန်မာတွေ အများဆုံး စုမိတဲ့ အချိန်။ပျော်စရာ အကောင်းဆုံးပေါ့ဗျာ။ အဲဒီအချိန်က ဆိုလာသင်တဲ့ဆရာက ချန်ဂီလေဆိပ်ရဲ့ ဆိုလာပရောဂျက်ကို ဦးဆောင်လုပ်နေတဲ့သူဆိုတော့ project အသေးလေးတွေကအစ တကယ့် ပရောဂျက်အစစ်တွေဆိုတော့ စိတ်ဝင်စားစရာလဲကောင်းတယ်။ ဆရာက စလုံးတရုတ်။ စကားပြောတာလဲ အာဘောင်အာရင်းသန်သန်နဲ့။ သဘောကောင်းတဲ့ အပြင် မြန်မာတွေကိုလဲ တော်တော်ခင်တယ်။ အတန်းထဲက မြန်မာအချို့ကိုတောင် အလုပ်မရှိ ငွေရေးကြေးရေး အဆင်မပြေရင် သူ့ပရောဂျက်မှာ အလုပ်ပေးထားသေးတယ်။

NUS မှာ notes ထုတ်ခြင်း ...

ဆရာတွေ စာသင်တာ နားလည်လားဆိုတော့ တက္ကသိုလ်ဆိုရာမှာ အစကတည်းက ဆရာတွေ သင်ရုံနဲ့ နားလည်သဘောပေါက် စာပြန်ကြည့်စရာမလို ဆိုတာ အင်မတန်မှ ရှားပါတယ်။ ဆရာတွေ lecture ပေးသလောက်တော့ သဘောပေါက်ပါတယ်။ အစကတည်းက RIT မှာလဲ စာတွေက အင်္ဂလိပ်လိုပဲ သင်ရတော့ ထင်ထားသလောက် သိပ်တော့ ထူးထုးခြားခြား မရှိလှပါဘူး။ အိမ်ပြန်ရောက်ရင် စာပြန်ဖတ်၊ notes ထုတ်။ မေးခွန်းတွေ တွက်ကြည့် အဲဒါတွေ ထုံးစံအတိုင်းလုပ်ရင် နားလည်ပါတယ်။ ဆရာအများစုကတော့ အရေးကြီးတာ၊ စာမေးပွဲမှာ မေးနိုင်တာတွေကို စာသင်နေရင်းနဲ့ သေချာပြောသွားတော့ ကိုယ်က အတန်းမှန်တယ်ဆို သူပြောတာလေးတွေ စာမေးပွဲနီးရင် အလေးပေးကြည့်ရင် အောင်ပါတယ်။

မဆွိတီမှာ အလုပ်ကလဲမလုပ်၊ full time တက်တာဆိုတော့ သူများတွေထက် စာကြည့်ချိန်ပိုရတော့ စာမေးပွဲနီးရင် စာဖတ်ရတာ ပိုနားလည်အောင် Notes ကို စာကြည့်ရင်း တစ်ခါထဲ သေချာထုတ်ထားပါတယ်။ မေးခွန်းတွေကိုလဲ တတ်နိုင်သလောက်၊ ရသလောက် တွက်ထားတယ်။ ကျန်တဲ့ part time သမားတွေကိုလဲ Notes တွေကို ရှယ်ပေးတော့ သူတို့ကတော့ တော်တော် ကျေးဇူးတင်ကြတယ်။ အထူးသဖြင့် ဦးခြိမ့်သူငယ်ချင်း ၂ယောက်ကလဲ တက်နေကြတော့ ကိုယ့် notes တွေ၊ solution တွေက သူတို့တွေ အတွက် အင်မတန် အကျိုးရှိပါတယ်တဲ့။ မဆွိတီ notes အထုတ်ကောင်းတာ အဲဒီနုတ်စ်တွေဟာ ကျောင်းပြီးတဲ့တိုင် နောက်တက်တဲ့သူတွေက လာငှါးလို့ သူတို့ကို အထုတ်လိုက်ပေးလိုက်တာမှာ NUS အဆက်ဆက် လက်ဆင့်ကမ်းရတဲ့ notes တွေ ဖြစ်သွားပါသတဲ့ ။ NUS မှာကျောင်းတက်တဲ့ အငယ်တစ်ယောက်က ပြန်ပြောပြလို့ သိရပါတယ်။ ဘာသာတိုင်းတော့ မဟုတ်ပါဘူး။ grade ကောင်းခဲ့တဲ့ ၂ဘာသာပါ။

စာမေးပွဲ result ...
ပထမ semester ပြီးတော့ အောင်စာရင်းတွေ ထွက်ပြီဆိုတော့ အရင်RIT တုံးကလို ကျောက်သင်ပုန်းမှာ ကပ်ထား တိုးကြည့်ရတာမျိုး ဟုတ်ဘူးခင်ည။ အွန်လိုင်းထဲမှာ ကိုယ့်ဟာကိုယ် key in လုပ်ပြီး ၀င် ကြည့်ရတာ။ မဆွိတီကတော့ ထုံးစံအတိုင်း ကြောက်တတ်တော့ ကိုယ့်အောင်စာရင်းကိုယ် ကြည့်တာထုံးစံမရှိပါဘူး။ ဦးခြိမ့် သူ့ရုံးကနေ အင်တာနက်ထဲဝင် ကြည့်ပေးမှ သိရတာချည်းပါပဲ။ grade ကတော့ သိပ်အကောင်းကြီးလဲ မဟုတ် အဆိုးကြီးလဲ မဟုတ် အသင့်အတင့်ပါပဲဗျာ။ ဆိုလာကတော့ ကိုယ်လဲ သိပ်စိတ်ဝင်စားလို့ ကံကောင်းထောက်မစွာနဲ့ A+ ရဖူးပါတယ်။ ကျန်တာတွေကတော့ C တွေပဲများပါတယ်။ D ရတဲ့ ဘာသာတောင်ရှိတယ်။ အဲဒီဘာသာကတော့ ကျမယ်တောင် ထင်တာ။ open book ကို un-seen တွေချည်းမေးလို့ လူတိုင်းပြာခဲ့တဲ့ ဘာသာပေါ့။ အတန်းထဲ ဘာမှမဖြေပဲ ငုတ်တုတ်ထိုင်နေတဲ့သူတောင်ရှိတယ်။ လူတိုင်းနီးပါး D ပဲရကြတယ်။ တော်တော်တော်ရင် C ပေါ့။


Straight A မြန်မာ student ...
ဒီမှာ ကြုံလို့ တစ်ခုသတိရတာလေး ပြောပါဦင်္းမယ်။ မဆွိတီတို့ ကျောင်းမတက်ခင် NUS မှာ ဘာသာရပ်အားလုံး A တွေချည်းပဲရတဲ့ မြန်မာကျောင်းသားတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဦးခြိမ့်တို့ batch ကပါ။ NUS မှာ အဲလို ဘာသာစုံ A ရဖို့ဆိုတာ တော်တော်လေးကိုခက်မယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ အဲလို ကျောင်းသားတစ်ယောက်ရှိတာဟာ မဆွိတီတို့ မြန်မာလူမျိုးကျောင်းသားတွေအတွက် impression ကောင်းခဲ့ပါတယ်။ NUS က ဆရာ အသိုင်းအ၀ိုင်းက မြန်မာကျောင်းသားတွေ အင်မတန်တော်ပါလားလို့ အသိအမှတ်ပြုစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း NUS ကနေ မြန်မာကျောင်းသားတွေ တော်တော်များများကို ကျောင်းတက်ခွင့်ပေးခဲ့လို့ အတန်းထဲမှာ မြန်မာတွေတရုန်းရုန်းနဲ့ ဖြစ်နေတာကပဲ သက်သေပဲ မဟုတ်လား ခင်ဗျာ။

နောက်ပိုင်းမှာတော့ NUS မှာ ကျောင်းတက်ရင် PR ရတယ်ဆိုတော့ စင်္ကာပူမှာ ကျောင်းတက်တာဟာ ပိုလို့ ပိုလို့ ခေတ်စားလာခဲ့ပါတယ်။ အဲဒီတော့ grade မမီတဲ့ ကျောင်းသားအချို့ဟာ RIT က စာရေးကြီးတွေကို လာဘ်ထိုး၊ အမှတ်တွေကို လိမ်လည်ပြီး စကော်လာတွေ လျှောက်ကြ၊ စကော်လာတွေ ဖြစ်ရက်နဲ့ စာမေးပွဲတွေကျကြနဲ့ မြန်မာကျောင်းသားများ အတော် နာမည်ပျက်ပါတယ်လို့ သတင်းများလဲ ကြားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းလဲ NUS မှာ မြန်မာကျောင်းသားတွေအတွက် ကျောင်းဝင်ခွင့်ကို ကျပ်လိုက်တယ်လို့လဲ သတင်းများ ကြားဖူးပါတယ်။

မဆွိတီနဲ့ project (Dissertation) ...
မဆွိတီ ပရောဂျက်လုပ်တော့ ရွေးတဲ့ဆရာက စောနက straight A ရတဲ့ ကျောင်းသားရဲ့ ပရောဂျက် ဆရာပါပဲ။ ဒီတော့ ဆရာ့မှာ မြန်မာကျောင်းသားတွေနဲ့ ပတ်သတ်လို့ impression က တော်တော်ကို ကောင်းနေပါပြီ။ မဆွိတီတင်မက ကိုယ်နဲ့ အတူတက်တဲ့ အယ်ရိုက သူငယ်ချင်း ၂ယောက်လဲ အဲဒီဆရာနဲ့ပဲ ပရောဂျက် လုပ်ပါတယ်။ ပရောဂျက် ခေါင်းစဉ်ကို ဆရာက ၃ခုပေးပြီး ရွေးခိုင်းပါတယ်။ မဆွိတီ ရွေးတဲ့ ခေါင်းစဉ်က " Development of a temperature sensor approach to tool conditioning monitoring " ပါတဲ့။ လူပိန်းနားလည်အောင်ပြောရရင် တွင်ခုံတွေမှာ စက်စားတဲ့ tool လေးတွေဟာ စက်စားတာကြာတော့ ပျက်စီးပြီး လဲရတော့မယ့်အခြေအနေကို ရောက်လာပါတယ်။ စက်စားတာကြာလေ tool က ပိုပူလာပါတယ်။ tool ရဲ့အပူချိန်ကို sensor လုပ်ပြီး tool လဲရမဲ့အချိန်မှာ စက်ကအလိုအလျှောက်ရပ်ပြီး tool ကို လဲနိုင်အောင်လုပ်ရတဲ့ ပရောဂျက်ပါ။

အဲဒီမှာ ပထမဆုံး ပရောဂျက်လက်တွေ့ လုပ်ဖို့ Lab ခန်းထဲ ၀င်လိုက်တာနဲ့ Lab ထဲက တွင်ခုံမောင်းတဲ့ စလုံးဦးလေးကြီးတွေက စောနက ကျောင်းသားအကြောင်း၊ စာတော်တဲ့ အကြောင်း straight A ရတဲ့ အကြောင်းတွေ ပြောပြီး ချီးမွန်းခန်းထုတ်တော့တာပဲဗျို့။ စာတော်တဲ့ ကျောင်းသားကတော့ ဆရာတွေတင်မက Lab ထဲက ဦးလေးကြီးတွေ အထိပါ သတင်းမွှေးနေတာပါပဲဗျာ။

ပရောဂျက်ဆရာပြောင်းခြင်း ...
မဆွိတီ ပရောဂျက်လုပ်နေရင်းတန်းလန်းနဲ့ ပရောဂျက်ဆရာပြောင်းရမယ်ပြောတယ်။ အရင်ဆရာက ပရောဂျက်က ပရိုဂရမ်းမင်းပိုင်း ပါလာတော့ သူ့ပရောဂျက်ကို တခြား ပရိုဂရမ်းမင်းပိုင်တဲ့ ဆရာကို လွှဲပေးလိုက်တာ။ ဖြစ်ချင်တော့ အဲဒီဆရာအသစ်က အရမ်းတော်တာ နာမည်ကြီး၊ ကျောင်းမှာ ရာထူးလဲတော်တော်ကြီးတယ်။ ဟော်စတယ်တစ်ခုကိုလဲ အုပ်ချုပ်နေတယ်။ စာတမ်းတွေလဲ အများကြီးရေးနေတယ်။ ဆရာ့နာမည်က Dr. Andrew A.0 Tay တဲ့။ သူ့မှာ အချိန်ဆိုတာ အင်မတန်မှ ရှားပါးတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ကိုယ်ရဲ့ လက်တွေ့ကရတဲ့ Result နဲ့ flow chart ကိုသုံးပြီး ပရိုဂရမ်းမင်း ရေးမဲ့ ကျောင်းသားတစ်ယောက်လဲရှိသဗျ။ ပထမဆုံး ဆရာနဲ့ တွေ့တဲ့ အခေါက်က ပရိုဂရမ်းမင်းရေးမဲ့ ဟိုသကောင့်သားကို စာမလုပ်လို့ဆိုပြီး ဆူလိုက်တာ ရစရာမရှိဘူးဗျာ။ ခပ်ဆိုးဆိုး ခပ်တေတေ Undergrad ကျောင်းသားဖြစ်ပုံရပါတယ်။ ပုံစံက ဂျစ်ကပ်ကပ်ခင်ဗျ။ ကိုယ်ကတော့ နဲနဲ ကြိုးစားလုပ်ထားပေမဲ့ ဆရာက ဆူနေတော့ ကြောက်နေတာ။ နောက်တော့ ကိုယ့်ရဲ့result နဲ့ ကြိုးစားမှုကိုတော့ ဆရာက ချီးကျူးပြီး အသိအမှတ်ပြုပါတယ်။ ဆရာက အလုပ်များတော့ တစ်ခါသား thesis အကြမ်းရေးပြီးလို့ ချိန်းလိုက်တာ သူ့ ဟော်စတယ်က ရုံးခန်းမှာ ကျောင်းဆင်းချိန် ညနေပိုင်းကြီး။ ကိုယ်ရေးတဲ့ထဲက အဓိကမှားနေတဲ့ အင်္ဂလိပ်စာတွေ ဘာတွေ သေချာစစ်ပေးပါတယ်။ တကယ်ကို စေတနာနဲ့သေချာစစ်ပေးတာပါ။

ဆရာ့ထံသို့ စာတစ်စောင် ...
ဒီလိုနဲ့ နောက်ထပ်အချောတစ်ခါ ထပ်ပြင်ပြီး ဆရာ့ကို ထပ်စစ်ပေးဖို့ချိန်းတာ တစ်လသာကြာသွားတယ်။ ဘာမှကို အကြောင်းပြန်စာ မလာဘူး။ ဆရာ အင်မတန် အလုပ်ရှုပ်လို့ ကိုယ့်အတွက် အချိန်မပေးနိုင်ဘူးနဲ့ တူပါတယ်။ အဲဒီအချိန်မှာ မဆွိတီ ကလဲ ကိုယ့်အပူနဲ့ကိုယ်။ student pass နဲ့ part time အမည်ခံ အလုပ်လုပ်နေပြီ။ student pass ကလဲ အရင် သက်တန်းထပ်တိုးထားတာ နောက်လဆို သက်တမ်းကုန်တော့မှာ။ အဲဒီထက် ပိုတိုးလို့လဲ မရတော့ဘူး။ သက်တမ်းကုန် စတေးမရှိတော့ ဒုက္ခရောက်တော့မှာပဲဆို အလွန်အမင်းစိုးရိန်ပူပန်မိပါတယ်။ ဒါနဲ့ တစ်ညမှာ တစ်ညလုံး မအိပ်ပဲ ရှိမဲ့စုမဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ဆရာမှ စစ်မပေးရင် ဒုက္ခအကြီးအကျယ်ရောက်တော့မှာ ဆိုတဲ့ အကြောင်း၊စာရှည်ကြီးရေး၊ အီးမေး တစ်စောင် ပို့မှပဲ စာပြန်ပြီး နောက်ဆုံးအဆင့် Hard cover တင်ဖို့ အဆင့်ထိရောက်အောင် စစ်ပေးပါတော့တယ်။ ဒါနဲ့ မဆွိတီလည်း နောက်ဆုံး Hard cover တင်ပြီး ကျောင်းပြီးပါတော့တယ်။ စုစုပေါင်း အလုပ်မရှိပဲ full time တစ်နှစ်ခွဲ ၊ အလုပ်လုပ်ရင်း (Thesis ရေးတဲ့အချိန်+ ဆရာတွေ စောင့်တဲ့အချိန် ) နှစ်ဝက် စုစုပေါင်း NUS ၂နှစ်နီးပါး ကြာခဲ့ပါတယ်ခင်ဗျား။

ME ဆက်တက်မလား ...

Dissertation ပြီးတော့ ဆရာ၂ယောက်က ခေါ်မေးပါတယ်။ ဒီပရောဂျက်ကို ဆက်လုပ်မလား၊ MSc ပြီး MEဲ့ဆက်လုပ် ... ပြီးရင် doctorate ဆက်တက် ... scholar အတွက် recommend လုပ်ပေးမယ်ဆိုတော့ ကျောင်းတက်၊ စာကြည့်ရတဲ့အလုပ်ကို အင်မတန် ငြီးငွေ့၊ ပျင်းရိနေပြီဖြစ်တဲ့ မဆွိတီဟာ လက်ရှိအလုပ်ကလဲ ၀င်ငွေလေးရှိနေပြီဆိုတော့ ခေါင်းကို တွင်တွင်ခါရမ်းပြီးသာ ငြင်းလိုက်ပါတော့တယ်ခင်ဗျား။ ။