မဆွိတီငယ်ငယ်က
နယ်မှာနေတဲ့ ဦးလေးအိမ် အလည်သွားလေ့ရှိတယ်။ ဦးလေးမှာ သားတစ်ယောက်
သမီးလေးတစ်ယောက် မွေးထားတာမှာ လင်မယား၂ယောက်လုံး ခလေးတွေကို
သိပ်အလိုလိုက်တယ်။ စီးပွားရေးကလည်း အဆင်ပြေတော့ ခလေးတွေ ဘာလိုချင်လဲ၊
ဘာစားချင်လဲ လိုလေသေးမရှိ အမြဲဖြည့်ဆည်းပေးနေတော့တာပဲ။ တစ်ခါသား
မှတ်မှတ်ရရ ညကြီး မင်းကြီး အကြီးကောင်လေးက မြို့ထဲက
ခေါက်ဆွဲကြော်စားချင်တယ်ဆိုတာနဲ့ အမေလုပ်သူက ဆိုင်ကယ်လေးပေါ်တက် တဖုတ်ဖုတ်နဲ့ ထွက်သွားပြီး ၀ယ်တော့တာပဲ။ ည မှောင်မှောင်မဲမဲကြီးထဲကိုလေ။
ကိုယ့််မှာ ဒေါ်လေးတို့ကြည့်ပြီး တရားကျတယ်။ ခလေးတွေ အဲလောက်အလိုလိုက်ရလားဆို
ကရုဏာဒေါသောဖြစ်ရတယ်။
ကိုယ်လဲ
ခလေးအမေဖြစ်ရော၊ ဒေါ်လေးတို့ထက်ကို သာပါပေ့တယ်ပြောရမယ်။ သမီးဘာစားချင်လဲ၊
ဘာလိုချင်လဲ အမြဲဖြည့်ဆည်းပေးချင်နေတော့တာပဲ။ သမီးလေး စိတ်ချမ်းသာအောင်၊ ပျော်အောင်သာ
ထားချင်နေတာ။ ကျောင်းမှာလဲ သမီးမျက်နှာမငယ်ရအောင် လိုလေသေးမရှိ
လိုက်လုပ်ပေးသေးတယ်။ ကျောင်းမှာ ဒီနေ့တော့ ဘာပွဲရှိတယ်။ ဘာယူသွားရမယ်ဆို
လိုတာကို မျက်နှာမငယ်ရစေဘူး။ အစားအသောက်ဆိုလဲ နေ့လည်စာအတွက်တစ်ဖုံ၊ recess
အတွက်ဆို တစ်မျိုး မပါမနေရလေအောင် မျိုးစုံစီမံချက်ပြုတ်ပြီး
ထည့်ပေးလိုက်တာပဲ။
တစ်ခါလဲ ကျောင်းမှာ မသန်မစွမ်းခလေးများအတွက် အလှူငွေ
ထည့်ရမယ်ဆိုတာကို လမ်းရောက်မှ သမီးက သတိရတယ်။ ဒါနဲ့ သမီးကို
ကျောင်းပို့ပြီး ချက်ချင်း အိမ်တစ်ခေါက်ပြန်ယူ သမီးအခန်းကို လိုက်ပေးရတယ်။
သမီးတို့ ကျောင်းက မီတာ ၆၀၀-၇၀၀ လောက်သာဝေးတယ် ဆိုပေမဲ့ ကျောင်းက
ကုန်းတက်လေးပေါ်တက်ရတော့ အသွားအပြန်၎ခေါက်သွားရတာ မောတာအပြင် လူက
တော်တော်လဲငြီးငွေ့သကိုး။ ကိုယ်တိုင်က အစကတည်းက တစ်ခုခုမေ့လို့
ဒီလမ်းနဲ့ဒီလမ်း ၂ခေါက်ပြန်လျှောက်ရတယ်ဆိုတာမျိုး အင်မတန်ငြီးငွေ့တတ်တဲ့ လူစားမျိုး။ သမီးကိစ္စမှို့သာ လုပ်ပေးရတယ်ပေါ့။
ဒီနေ့လဲ
ကျောင်းမှာ movie day တဲ့။ ခလေးတွေကို ရုပ်ရှင်လိုက်ပြမယ်ပေါ့။ ဒါ့အပြင်
ရုပ်ရှင်ရုံမှာစားဖို့ တက်ဒီဘဲရုပ် ဘီစကစ်ယူရမယ်ဆိုတော့ ကိုယ်က
သတိမေ့တတ်လွန်းလို့ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက လွယ်အိပ်ထဲ
ကြိုထည့်ပြီးသား။ ဖြစ်ချင်တော့ ဒီနေ့မနက် လွယ်နေကျအိပ်လေး လျှော်ထားတာ
ခြောက်လို့ ပြောင်းအထည့်မှာ အဲဒီ တက်ဒီဘဲ ဘီစကွတ်ထုတ်လေးတွေ ပါမလာတော့ဘူး။
ဒီလိုနဲ့ သားအမိ၂ယောက် ကျောင်းသွားကြ၊ လမ်းကျမှ မဂျူဂျူက သတိရတယ်။ ဒါနဲ့
ထုံးစံအတိုင်း တက်ဒီဘဲ ဘီစကစ်မပါလို့ မျက်နှာငယ်မှာစိုးတဲ့ အမေကြီးက
သမီးကျောင်းကို အမေလာပို့မယ်ဆိုပြီး ပြန်ခဲ့တယ်။ အမှန်က မပါလဲ ဘာမှ
မဖြစ်လောက်ဘူး။ ကိုယ်က ခလေး ဆရာမမှာတဲ့မုန့် မပါလို့ စိတ်အားငယ်မှာ မျက်နှာငယ်မှာစိုးတာ။ သူYအတွက် နေ့လည်စာရော ရီဆက်အတွက်ပါ အစုံထည့်ပေးလိုက်ပြီးသား။
ပြောရရင်တော့
ဒီလမ်းကြီးကို တစ်ခေါက်ပြန်လျှောက် သွားပေးရမှာ ငြီးငွေ့နေပြီ။ လမ်းက
ကုန်းတက်ကုန်းဆင်းတွေက များကများနဲ့ဆိုတော့လေ။ အိမ်ရောက်တော့
ဒီနေ့ ဦးခြိမ့်ရုံးကို ကားမယူသွားတော့ ကားလေးနဲ့ ပြန်သွားမလား
စိတ်ကူးသေးတယ်။ ကားမောင်းမယ်ကြံတော့ အိမ်ရှေ့မှာ တစ်ခြားပါ့ကင်လုပ်ထားတဲ့
ကားတစ်စီးက လမ်းကို ပိတ်လုနီးပါးဆိုတော့ လမ်းပဲလျှောက်သွားတော့မယ်ဆို
ကမန်းကတန်းလေး အပြေးကလေး သွားတာပေါ့။
ကျောင်းနားရောက်တော့ ကျောင်းရှေ့အ၀ိုင်းမှာ ရုပ်ရှင်သွားဖို့ထင်တာပဲ၊
ဘတ်စကားကြီးတွေ ၄-၅စီး လှမ်းမြင်နေရတယ်။ ခလေးတွေလဲ ကားတွေပေါ်မှာ အပြည့်ပဲ။
ဟော ကြည့်နေရင်းနဲ့ ဘတ်စ်ကားကြီးတွေက တစ်စီးပြီး တစ်စီး ထွက်သွားကြတာ
နောက်ဆုံး၂စီးပဲ ကျန်တော့တယ်။ ဟယ် ငါတော့ မမှီလောက်တော့ဘူးနဲ့တူတယ်ဆို
တက်ဒီဘဲ မုန့်ထုပ်လေး၂ထုပ်ကိုင် ကျောင်းကုန်းတက်လေးပေါ် အပြေးတက်၊
မောချက်တော့။ ဂျူဂျူတို့ အတန်းတွေ ပါချင်မှ ပါဦးမှာပါဆို စိတ်ကတော့
မလျှော့သေးဘူး။ ကျောင်းနားလဲ ကိုယ်ကလွဲလို့ ဘယ်ခလေးအမေမှလဲ မရှိ။
တက်ဒီဘဲမုန့်ထုပ်လေးကိုင်ထားပြီး ဖတ်သီဖတ်သီနဲ့ လျှောက်နေတဲ့ တီတီဆွိဆိုတဲ့
ဂျူဂျူတို့အမေကြီး တစ်ယောက်တည်းရယ်။
ဘတ်စ်ကားတွေနားရောက်တော့
တစ်စီးက ခလေးတွေ တက်နေတုံး။ နောက် ထွက်လုဆဲဆဲ တစ်စီးကိုကြည့်လိုက်တော့
ဂျူဂျူ့သူငယ်ချင်းလေးတွေ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။ ဟ
တိုက်တိုက်ဆိုင်ဆိုင် ဒါ ဂျူဂျူတို့ကားပဲဆို တက်ဒီဘဲ ဘီစကစ်ထုပ်လေး
ခုန်ခုန် မြှောက်မြှောက်ပြပြီး ခလေးတွေကို ပြတယ်။ ခလေးတွေကလဲ
နေကာမျက်မှန်တပ်ထားတဲ့ ကိုယ့်ကို မမှတ်မိတာလား။ အူကြောင်ကြောင်နဲ့သာ
ကြည့်နေကြတယ်။ မျက်မှန်ကိုချွတ်ပြီး ဂျူဂျူ့အတွက် မုန့်ဆို
ခြေဟန်လက်ဟန်နဲ့ပြမှ မယ်မင်းကြီးမလေးများက သတိပြုမိပြီး ဂျူဂျူရှိတဲ့
နေရာကို လက်ညှိုးထိုးပြီး ပြောတယ်။ ဟော ပေးမလို့ ကြည့်နေတုံးရှိသေး ဘတ်စ်ကားကြီးက
ဝူးဆို ထွက်သွားပါလေရောဗျာ။ ဟူးးးးးးးးးးးးးးးးးးး .........................
ဂျူဂျူ့အမေကြီးမှာ မောရကျိုး
မနပ်ချက်။ အဲ့နားတင် လူက သာခွေယိုင်ဖြစ်ချင်နေပြီ။ ခလေးတွေ ပြောလို့များ ဘတ်စ်ကားဒရိုင်ဘာကြီးက ကားရပ်ပေးမှာလားလို့ ဘတ်စ်ကားနောက်ပိုင်းကို ငေးကြည့်နေမိသေးတယ်။ ဘတ်စ်ကားက တဖြေးဖြေး ဝေးသာသွားတယ် ရပ်ပေးမဲ့ အရိပ်အရောင်မမြင်မှ တပ်ဆုပ်ပြန်ဖို့ သတိရတယ်။ အပင်ပမ်းခံပြီး လာပေးတာကို ကပ်လွဲသွားသေးတယ်ဆို ယူကြုံးမရဖြစ်။
ကိုယ့်ကိုကိုယ်လဲ အပြစ်တင်။ ငါကိုက အ တာပါ။ ဘတ်စကား ဒရိုင်ဘာကြီးကို
လက်ပြပြီးတားရမှာ။ မဂျူဂျူတို့ကလဲ မအေ လာပေးမယ်ဆိုတာကို
လမ်းဖက်ကြည့်မနေဘူးပေါ့။ သူကတော့ အေးဆေးပဲ။ မအေကို မြင်ကို မမြင်တာဗျား။ လာပေးမယ် ဆိုတာကိုတောင် မေ့ချင်မေ့နေမှာ။
အပြန်လမ်းတစ်လျှောက်လုံးလဲ တက်ဒီဘဲ ဘီစကစ်မုန့်ထုပ်လေး၂ထုပ်ကိုင်ပြီး တရွေ့ရွေ့ ဖတ်သီဖတ်သီနဲ့ လျှောက်နေတဲ့ အဒေါ်ကြီးက အဖြစ်အပျက်တွေကိုတွေး ကိုယ့်ဟာကိုယ် ပြေးမြင်လိုက်တာက ငယ်ငယ်က ကြည့်ဖူးတဲ့ ရုပ်ရှင် "မင်းကတော်"ဆိုတဲ့ ကားထဲက မင်းကတော် အမေကြီး အဖြစ်ကိုပဲ။
အပြန်လမ်းတစ်လျှောက်လုံးလဲ တက်ဒီဘဲ ဘီစကစ်မုန့်ထုပ်လေး၂ထုပ်ကိုင်ပြီး တရွေ့ရွေ့ ဖတ်သီဖတ်သီနဲ့ လျှောက်နေတဲ့ အဒေါ်ကြီးက အဖြစ်အပျက်တွေကိုတွေး ကိုယ့်ဟာကိုယ် ပြေးမြင်လိုက်တာက ငယ်ငယ်က ကြည့်ဖူးတဲ့ ရုပ်ရှင် "မင်းကတော်"ဆိုတဲ့ ကားထဲက မင်းကတော် အမေကြီး အဖြစ်ကိုပဲ။
အဲဒီကားထဲမှာတော့ အမေကြီးက
အကြော်ရောင်းတာ။ သမီးလေးကျောင်းတက်တော့ ဗေဒင်အရ မင်းကတော်ဖြစ်မဲ့
သမီးဆိုပြီး ဒုက္ခခံ ကျောင်းထား၊ ဖတ်သီဖတ်သီနဲ့ အကြော်ရောင်း
ငွေရအောင်ရှာ။ သမီးအတွက် အစစအရာရာ အနင့်နာခံ ဖြည့်စည်းပေး။ သမီးလုပ်သူကတော့ ပေါ်ကျော့။ အမေကိုလဲ မကူ။
အမေက အကြော်သည်မှန်းသိမှာ ရှက်လို့ အမေလို့ မပြော နဲ့ ဇာတ်နာအောင်
လုပ်ထားတာ။ ၀ထ္ထုကလဲ ပညာဝန် ဦးဖိုးကျားရေးတဲ့ မင်းကတော် ဆိုတဲ့ ၀ထ္ထုပဲ။
သိပ်နာမည်ကြီးတယ်။ ကိုယ်ကလဲ အလုပ်ကမရှိ၊ နေ့စဉ် သမီးကျောပိုးအိပ်လွယ်
ဖတ်သီဖတ်သီနဲ့ ကျောင်းလိုက်ပို့၊ ဘာမှ အလိုက်မသိ၊ နားမလည်တတ်သေးတဲ့ သမီးလေးနဲ့
ကိုယ့်အဖြစ်ကို ဇာတ်နာအောင်တွေးပြီး အဲဒီ မင်းကတော် အမေပဲ
ပြေးပြေးမြင်မိတော့တာပဲ။