အန်တီဆွိလဲ ပြောချင်တာတွေ ဟိုစပ်စပ် ဒီစပ်စပ် များနေလို့ အကုန်ပေါင်းပြီးရေးလိုက်တော့မယ်။
ဂျူဂျူလေး ပညာရေး
ပထမဆုံး ဂျုဂျုလေးအကြောင်းပြောရဦးမယ်။ သူ့ကျောင်း ပညာရေးနဲ့ ပတ်သတ်လို့ပေါ့။ ကို WD တို့လို ခလေးအဖေတွေ အမေတွေ စိတ်ဝင်စားကြမယ်ထင်ပါတယ်။
သမီးကို ဒီဖက်ပြောင်းတော့ ပရက်ရှာ မပေးချင်တာရော၊ ရောက်ခါစ သူပျော်ပါစေဆို မနှစ်က တစ်နှစ်လုံး ဒီတိုင်းပဲ ထားခဲ့တာ။ ဒါတောင် ကူမွန်က ဒီမှာ ဆက်တက်တော့ အဲဒီအိမ်စာ တော်တော်များတယ်။ ကျောင်းက အိမ်စာက ၁၀မိနစ် ၁၅မိနစ်လောက်ပဲ လုပ်ရတာ။ သင်္ချာမှာတော့ ကူမွန်ကျေးဇူးနဲ့ ၂တန်းကျောနေတာ။ သမီးအတွက် သင်္ချာကတော့ စိတ်ပူစရာ မရှိဘူးပေါ့ ။ ဒါပေမဲ့ ကူမွန်အိမ်စာက ထပ်ခါထပ်ခါ repeat တွေများတော့ သမီးက ပျင်းလာတယ်။ သူ ကူမွန်မတက်ချင်တော့ဘူး ပြောနေတာကြာပြီ။ ဒါပေမဲ့ သူ့ကို သင်္ချာ အခြေခံလေးကောင်းသွားအောင်ဆို သည်းညည်းခံပြီး ဆက်ထားတာ။
ဒီနှစ် year 3 မှာ Naplan စာမေးပွဲကရှိတော့ နဲနဲတော့ ပြန်ကိုင်မှဆို သူ့ကို အင်္ဂလိပ်စာ မေးခွန်းဟောင်းတွေ ပြန်ဖြေခိုင်း၊ essay writing တို့ ပြန်လုပ်ခိုင်းတော့ အဲမှာ စတွေ့တော့တာပဲ။ သမီးဟာ အိမ်မှာလဲ မြန်မာလိုပဲပြော၊ ဒီက ကျောင်းတွေကလဲ grammar ကို သေချာ မသင်လို့လားမသိ၊ သမီးဟာ စာကို ကောင်းကောင်းမရေးတတ်ဘူးဖြစ်နေတယ်။ အရင် စင်္ကာပူမှာ အနည်းအကျဉ်းသင်ဖူးတဲ့ Tense တို့ ဘာတို့ တွေပါ မေ့ကုန်ပြီး အင်္ဂလိပ်စာမှာ တော်တော်အားနည်းနေတာ တွေ့ရတယ်။ ဒါနဲ့ ဘုန်းကြီးကျောင်းမှာတွေ့နေကျ မြန်မာ သူငယ်ချင်းအချို့နဲ့ တိုင်ပင်ပြီး သမီးကို ကျူရှင်အပ်ဖို့ လုပ်ရတော့တယ်။ ကူမွန်ကိုရပ်လိုက်ပြီး ဒီက နာမည်ရှိတဲ့ couching class တစ်ခုမှာ သွားအပ်လိုက်ရတယ်။ အိမ်မှာလဲ စင်္ကာပူက မေးခွန်းဟောင်းတွေ အထုပ်လိုက်ကြီးကို တစ်နေ့ တစ်စုံလုပ်ခိုင်း၊ grammar ကိုလဲ ပြန်သင်ပေးရတယ်။
အမှန်က သမီးကို pressure မပေးချင်ဘူး။ ဒီမှာ ပြောင်းနေတဲ့ရည်ရွယ်ချက်ကိုက ခလေးလဲ stress နည်းစေဖို့ ၊ အားလုံး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘ၀လေးရဖို့ ရည်ရွယ်ထားတာမဟုတ်လား။ ဒါပေမဲ့ ကိုယ်နေတဲ့ အရပ်က ကျောင်းကောင်းလို့ဆို ရွေးလိုက်တာမှာ အများစုတက်တဲ့သူတွေက အင်မတန် kia su တဲ့ ပြည်ကြီးတရုတ်၊ ကိုရီးယား၊ ဗီယက်နန်၊ စင်္ကာပူတရုတ် စတဲ့ အေရှန်းတွေပဲ ဖြစ်နေတော့ သူတို့တွေက ပညာရေးကို စလုံးတုံးကအတိုင်း အသည်းအသန် ခလေးတွေကိုဖိအားပေးလုပ်နေကြတော့ ကိုယ့်မှာ အခက်ကြုံရတယ်။ အန်ဆီဆွိစိတ်နဲ့သာဆိုရင်တော့ သမီးဥာဏ်ရည်နဲ့ အလည်အလတ်လောက် ကြိုးစားအားထုတ်မှုနဲ့ အချိန်တန် တက္ကသိုလ် တစ်ခုလောက် ၀င်နိုင်ရင်တော်ပြီလို့ မှန်းထားတာ။
ဒီမှာလဲ Opportunity class တို့၊ selective school တို့လို အမှတ်ကောင်းမှ တက်နိုင်တဲ့ အတန်းတွေ၊ ကျောင်းတွေကို ခွဲထားတော့ အေရှန်းမိဘတွေက ခလေးတွေကို ပရက်ရှာတွေ ပေးနေကြတာ။ ကော့ကေးရှန်းတွေ အော်ဇီနေးတစ်ဖ်တွေကတော့ ခလေးတွေ အများကြီးမွေးကြတယ်။ ပြီးတော့ ကျောင်းမှာ တော်ရုံပဲ။ ခလေးတွေကို သိပ်လဲ ဂရုစိုက်မနေဘူး။ သူတို့အတွက်က အချိန်တန် ခလေးက သူ့လမ်းသူသွားမှာပဲ။ သူ့ဟာသူ လူတလုံးသူတလုံးတော့ ဖြစ်မှာပဲ ဆို ပရက်ရှာလဲ မပေးဘူး။ ကိုယ်တွေသာ အေရှန်းတောထဲမှာနေနေရတော့ ဒုက္ခရောက်တယ်။
ဒီမှာ ခလေးအမေတွေတွေ့ရင် အဲဒီ ခလေးကျောင်းအကြောင်း။ ဆရာမတွေအကြောင်း၊ ဘာသာရပ်တွေ၊ ကျူရှင်တွေ၊ တခြား အပြင်ပန်း class တွေကို အပြိုင်အဆိုင် ထားကြ၊ အဲဒီအကြောင်းတွေ ပြောကြနဲ့။ ကိုယ်က အဲဒီလိုဆို ပြုံးပြုံးလေးပဲလုပ်နေတယ်။ ဘာမှကို ၀င်မပြောဘူး။ ဒီလိုပရက်ရှာတွေ မလိုချင်လို့ ဒီဖက်ပြောင်းလာခါမှ ဒုက္ခလို့သာတွေးမိတယ်။ သူတို့ကတော့ ကိုယ့်ကို ပညာမတတ်၊ဘာမတတ် အူကြောင်ကြောင် ထင်ကြမလားတော့ မသိဘူး။
ပြီးခဲ့တဲ့ အပတ်ကတော့ ဂျူဂျူလေးလဲ တော်တော်ထရိန်းလိုက်တော့ အင်္ဂလိပ်က အခြေအနေ ပြန်ကောင်းလာပါပြီ။ အတန်းထဲမှာ သူတို့ရဲ့ performance ကိုကြည့်ပြီး ဘာသာရပ်အလိုက် gold card တို့ ဘာတို့လို ကတ်ပြားလေးတွေ တစ်လတစ်ခါ ပေးရာမှာ ဂျူဂျူလေးက writing အတွက် gold card လေးရလာလို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျူရှင်ကလဲ အက်ဆေး အတွက် အဲလိုမျိုး ခပ်ဆန်ဆန် စာရွက်လေးရလာတယ်။ အမှန်က ကိုယ်ကသာ သမီးကို စိတ်ပူနေတာ။ သူကအရင်ထဲက ပြောဖူးပါတယ်။ သူအတန်းထဲမှာ essay ရေးရင် ဆရာမက good လို့ပြောတယ် ဘာညာပေါ့။ အတန်းထဲမှာတော့ သမီးက ကိုယ်ထင်ထားသလောက်တော့ ညံ့ပုံမပေါ်ပါဘူး။ ကိုယ်ကသာ အားမရတာ နေမှာ။
အမှန်က သမီးက ဥာဏ်လဲကောင်းပါတယ်။ စာတော့ လုပ်ရမှာ ပျင်းတယ်။ သမီးဟာ နဲနဲလေးလုပ်ပေးတာနဲ့ အချိန်တိုအတွင်းမှာ တိုးတက်လာတော့ အန်တီဆွိမှာ ၀မ်းသာရပါတယ်။ ကူမွန်ဖြုတ်လိုက်တာ သူလဲ အရမ်းဝမ်းသာတယ်။ ကျူရှင်အသစ်က အိမ်စာတွေကတော့ စဉ်းစားရတယ်၊ ပိုပြီး စိတ်ဝင်စားစရာလဲကောင်းတော့ သူလုပ်ရတာ အရမ်းပျော်ပါတယ်။ ဒီမှာလဲ IQ စစ်သလိုမျိုး General ability ဆိုတဲ့ ဘာသာရပ်တစ်ခုပါတယ်။ အထွေထွေ ဗဟုသုတနဲ့၊ IQ ကို ထရိန်းပေးတာပါ့။ အဲဒီဘာသာရပ်ကို သမီးက သိပ်စိတ်ဝင်စားတယ်။ သူ့အဖေကတော့ သူ့သမီးဖြေတာတွေ မှန်တယ်။ တော်တယ်ချည်းပြောနေတာပဲ။ အဲ့သားအဖ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေကြတာ။
ကျူရှင်က တနင်္ဂနွေနေ့ ၃ဘာသာပေါင်း ( English, Numeracy, General ability and Writing) ကို ၃နာရီသင်ပါတယ်။ သမီးကတော့ မပင်ပန်းဘူးပြောတာပဲ။ ကျူရှင်ခက စုစုပေါင်း ၃နာရီကို အော်ဇီ ၅၈ ကျပ် ပေးရတယ်။ တစ်ပတ်စာပေါ့။ အိမ်စာအပြင် အတန်းထဲမှာလဲ စာတော်တော်များများ လုပ်ရပါတယ်။ တက်တဲ့သူလဲ တော်တော်နည်းပါတယ်။ သမီးတို့ အတန်းမှာ ၄ယောက်ပဲ ရှိတယ်။ ဒီမှာတော့ သူများထက် ပိုချွန်ချင်မှ ကျူရှင်တက်ကြတယ် ထင်တာပဲ။ ဒီမှာဘယ်လောက်ပဲ စာလုပ်ရတယ်ပြောပြော စင်္ကာပူမှာနဲ့စာရင်တော့ သက်သာပါသေးတယ်။ နောက်သူတို့ စာမေးပွဲတွေကလဲ တစ်နှစ်ခြားမှ တစ်ခါသာ ဖြေရတာဆိုတော့ ကိုယ့်ခလေးကို Opportunity class တို့၊ selective school တို့ မှန်းမထားဘူးဆိုရင်တော့ သက်သာပါတယ်။ အန်တီဆွိအနေနဲ့ကတော့ သမီးကို ပုံမှန်သာလုပ်စေချင်ပေမဲ့ ကိုယ်က အာရှတောမှာနေနေရတော့ သူများနောက်ကောက်ကျမှာလဲ ကြောက်ရသေးတော့ နဲနဲတော့ လုပ်ရပါတယ်။ သမီးကို ပျင်းသွားမှာလဲ ကြောက်လို့ပါ။
တရုတ်စာနဲ့ ပတ်သတ်လို့လဲ ပြောချင်သေးတယ်။ ဟိုမှာနေတုံးက ကိုယ်လဲသေချာမသိတော့ ဒီရောက်ရင် တရုတ်စာဖြစ်ဖြစ် နိုင်ငံခြားဘာသာရပ်တစ်ခုကို မယူမနေ ယူရမယ်ထင်ထားတာ။ သမီးမနှစ်က တရုတ်စာယူတော့ ဆရာမက စလုံးမှာတုံးကလို serious မရှိဘူး သင်တာက။ အဲမှာ တရုတ်ခလေးအမေတွေ ကွန်ပလိမ့်မျိုးစုံတက်ကြတယ်။ ကျောင်းကသင်တာမကောင်းလို့ နောင်နှစ်ကျရင်တော့ စုပြီး တရုတ်ကျူရှင်တက်ကြဖို့တောင် ပြောနေကြတာ။ ဒီနှစ်နှစ်စလဲ ဖွင့်ရော သမီးက သူ့သူငယ်ချင်း တရုတ်မလေးတွေ တရုတ်စာခန်းထဲမှာ မတွေ့တော့ဘူးတဲ့။ ဖုန်းဆက်ပြီး အမေတွေမေးတော့ သူတို့လဲ အကျိုးမရှိတော့ ဆက်မထားတော့ဘူး ဖြုတ်လိုက်ပြီတဲ့။ ကဲ။ ဒါနဲ့ပဲ အန်တီဆွိလဲ နှမြောမြောနဲ့ တရုတ်တွေတောင် မယူတာဆို ဖြုတ်လိုက်တော့တယ်။ သမီးက တရုတ်စာကောင်းခဲ့တော့ တော်တော်တော့ နှမြောတယ်။ သင်ထားခဲ့ ကျက်ထားခဲ့ရတာတွေ။ ဒီတော့ အင်္ဂလိပ်မှာတော့ ပိုပြီး ဖိလုပ်နိုင်တာပေါ့။ အင်္ဂလိပ်ကတော့ ဒီမှာ အရမ်းအရေးကြီးတယ်လေ။
ဒါကတော့ ဒီက လက်ရှိ ဂျုဂျုလေး ပညာရေး အခြေအနေပါ။ မေလမှာ Naplan လို့ခေါ်တဲ့ အစိုးရစစ် စာမေးပွဲဖြေရမယ်။ အဲဒီက ခလေး အခြေအနေ၊ ကျောင်းတွေရဲ့ အခြေအနေပဲကြည့်တာ။ အစိုးရစစ်ပေမဲ့ serious တော့ သိပ်မရှိလှဘူး။
အော်ဇီက အိမ်ဈေးတွေ
အော်ဇီမှာ လွန်ခဲ့တဲ့ ၃-၄နှစ်လောက်က အိမ်ဈေးတွေက ၃သိန်းခွဲ ၄သိန်း ပတ်ဝန်းကျင်လောက်ပဲ။ ပုံမှန် မိသားစု အခြေခံလူတန်းစားနေတဲ့ အိပ်ခန်း၃ခန်း အိမ်လောက်ပေါ့။ ခုတော့ ကိုယ်တွေ နေတဲ့အရပ်မှာဆို အိမ်ဈေးတွေက ၂ဆလောက်ဖြစ်သွားင်္ပြီ။ အိမ်ဘေးကပ်ရပ်က အိမ်ကိုရောင်းလိုက်တာ ၅သိန်း ၈သောင်းတဲ့ဗျာ။ ဒါတောင် အိမ်က အရမ်းဟောင်းနေပြီ။ ကိုယ်သာဆို ဒီလောက်ဟောင်းတဲ့အိမ် အဲဒီဈေးနဲ့ မ၀ယ်ဘူးလို့ ပြောနေတာ။ ဒီနားပတ်ဝန်းကျင်က မြို့နဲ့ အရမ်းမဝေးတဲ့ အပြင် ကျောင်းတွေကကောင်းလို့ဆို အေရှန်တွေက ဈေးကြီးပေးပြီး အိမ်တွေကို ၀ယ်ကြ၊ ငှါးကြဆိုတော့ ဈေးက မြောက်တက်သွားတာပေါ့။ တခြားမကြည့်နဲ့ ။ ကိုယ်တွေလဲ ဒီအိမ်ငှါးတုံးက အိမ်ကိုတောင်းတဲ့ ဈေးထက် တစ်ပတ်ကို ၃၀ပိုပေးပြီး ငှါးခဲ့ကြတာ။ မရလိုက်မှာ ကြောက်လို့လေ။ အိမ်တစ်အိမ်ဖွင့်ပြီဆို လာကြည့်တဲ့လူတွေက ၁၀ဦး ၁၅ဦးလောက်ရှိတယ်။
တကယ်တန်း ၀ယ်ဖြစ်မယ်ဆိုရင်တောင် ဒီဖက်မှာတော့ ၀ယ်နိုင်မယ်မထင်ဘူး။ ဈေးပိုသက်သာတဲ့ မြို့လည်ခေါင်နဲ့ဝေးတဲ့အရပ်မှာပဲ ၀ယ်ဖို့မှန်းထားတယ်။ အဲဒီမှာ အိမ်လေးတွေက လှလဲလှ၊ ခြံနဲ့အိမ်နဲ့မှ ဈေးလဲ ဒီလောက် မကြီးဘူး။ အရင် ဒီလာမယ်ဆို ဗီဇာလျှောက်တဲ့ အချိန် (၂၀၀၇လောက်က)လောက်က တွက်ရေးက စက်သူထေးပေါ့။ အိမ်ကလဲ စလုံးဈေးနဲ့ အတူတူ။ ငွေလဲလှယ်နှုံးကလဲ တူတူဆိုတော့။ ဟိုကအိမ်ရောင်းပြီး ဒီမှာ ၀ယ်ရုံပေါ့ အဟက် အဟက် ဆို။ ခုတော့ အန်တီဆွိတို့လဲ တွက်ကြည့်မှ စက်မရှိဖြစ်နေရတာ။ ငွေလဲလှယ်နှုံးကလဲ 1.3 ဆိုတော့လေ .. အဟင့်။ ဒီမှာ mortgage အတိုးနှုံးကလဲ အရမ်းများတယ်။ ဟိုတလောက ကြည့်လိုက်တာ ၆.၈ % ဆိုတော့ ငွေချေးဝယ်မယ်ဆို အိမ်က မူရင်းတန်ဘိုးတက် ၂ဆခွဲလောက်တောင်ဖြစ်သွားတော့မယ်။ ဒီလာချင်တဲ့သူတွေ အဲဒီကိစ္စလေးတွေ ထည့်စဉ်းစားစေချင်တယ်။
အန်တီဆွိတို့နားက အိမ်ဈေး
အဲလိုနေရာလေးတွေမှာက ပိုသက်သာတယ်။
အားလုံးတွက်ကြည့်ပြီးတဲ့နောက်မှာ ခုအိမ်လေးမှာငှါးနေတာက အိမ်ဝယ်နေတာထက်အစစ၊ အရာရာ သက်သာနေလို့ ဒီမှာပဲ နေဦးမယ်လို့ မှန်းထားတယ်။ အိမ်ကလဲ သိပ်မစုတ်ဘူး၊ ကျောင်းကလဲ ကောင်းတယ်၊ သမီးကလဲ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ နေသားကျနေပြီဆိုတော့လေ။ အိမ်ဈေးတွေ ကျသွားပြီ။ ဟိုကအိမ်ကလဲ PR ထပ်တိုးမရလို့ မရောင်းမဖြစ် ရောင်းရပြီဆိုရင်တော့ တစ်မျိုးပေါ့လေ။
စင်္ကာပူ PR ကိစ္စ
PR ထပ်တိုးမရဆိုလို့ စပ်ဆက်သွားလို့ ပြောရဦးမယ်။ အန်တီဆွိတို့ ဒီဖက်ပြောင်းမယ်ဆိုတော့ အဲဒီအချိန် စလုံးအစိုးရက PR တွေကို နိုင်ငံသားလျှောက်ဖို့ ဖိအားပေးတဲ့အချိန်။ ဦးခြိမ့်တောင် ပို့စ်တစ်ပုဒ်တင်ခဲ့သေးတယ်။ သူတို့ရည်မှန်းတာက အဓိက မလေးရှန်း လူမျိုးတွေ သူတို့နိုင်ငံမှာနေပြီး နိုင်ငံသားမခံပဲ PR အနေနဲ့နေနေကြတာကို ပြောလိုတာ။ သူတို့၂ နိုင်ငံချင်း နိုင်ငံရေးတွေလဲ ပါမှာပေါ့။ အဲဒီအချိန်ကတည်းက အန်တီဆွိတို့က စိတ်ပူတာ။ မတော်လို့ PR များ သက်တန်း ထပ်တိုးလို့ မရခဲ့ရင် ဘယ့်နှယ် လုပ်ကြပါ့မလဲပေါ့။ ကိုယ်တွေကလဲ ဒီပညာတွေပဲတတ်တာ။ ဒါနဲ့ပဲ လုပ်စားတတ်တာကိုး။ အဲလိုစိတ်ပူနေတဲ့ အချိန် အော်ဇီပီအာလေးရလာတော့ ၀မ်းသာတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဒီမှာလဲ ဦးခြိမ့်က အလုပ်က ရှာမရနဲ့ ကျီးလန့်စာစား ဖြစ်နေရတဲ့ဘ၀။ နောက်မှ အလုပ်လေးမမျှော်လင့်ပဲ ရလာတော့ ၀မ်းသာသွားတာ။ ဒီဖက်က back up လေးရှိနေတော့ ဟိုက PR ထပ်တိုးလို့မရတော့ရင် ဆိုတဲ့ စိုးရိန်စိတ်တော့ လျော့သွားတာပေါ့။
ဒါနဲ့ ဟိုနေ့က စလုံးက ကိုယ့်ကိစ္စအ၀၀ ကူညီလိုက်လုပ်ပေးတဲ့ မောင်ဝမ်းကွဲလေး ဖုန်းဆက်လာတယ်။ သူတို့ PR သက်တန်းတိုးတာ ကြာနေပြီ။ ကျမလာဘူးဆိုပဲ။ ကိုယ်လဲ အရမ်းစိတ်ပူနေတာ။ အမှန်က သူတို့က ဒီဇင်ဘာထဲက သက်တန်းကုန်တာ မေ့နေလို့ ဇန်န၀ါရီလမှ သက်တန်းတိုးတာတဲ့။ အဲဒါ မကျ .. မကျနဲ့ အင်မီဂရေးရှင်းကို ၄ခါလောက်သွားတွေ့ မေးမြန်းပြီး နောက်ဆုံး ၃လနေမှ ကျလာတော့ သက်တန်း တစ်နှစ်ပဲ ရပါသတဲ့။ ကြားဖူးကြပါသလား PR ကို တစ်နှစ်ပဲ တိုးပေးတာ။ HDB မှာလဲ အိမ်ပိုင်နဲ့၊ လုပ်နေတဲ့ ကုမဏီကလည်း နာမည်ကြီး ကုမဏီအကြီးကြီးမှာ။ခလေးမရှိတာပဲ အားနည်းချက်ရှိတာ။ တစ်ခါတစ်ရံမှာ စလုံးအစိုးရရဲ့ လုပ်ပုံတွေက သိပ်ရယ်ရတယ်။ ပေးချင်တုံးကလဲ သူတို့ပဲ PR တွေ Citizen တွေချပေး။ လမ်းမှာ ခွေးဖြတ်သွား။ ခွေးတောင် အမြီးဖြတ်ပြီး PR ပေးတယ်ဆို ပြောကြသေးတာ။ ခုလဲ အဲဒီ PR သက်တန်းတိုးတဲ့ အခြေအနေက တစ်လနဲ့ တစ်လတောင် မတူဘူးလို့ပြောနေကြတယ်။ သူတို့ သတိမေ့နေတဲ့ ဒီဇင်ဘာလကသာ တင်လိုက်ရင် ပုံမှန် ၅နှစ်ရနိုင်ပေမဲ့ ဇန်န၀ါရီကျ ဘာပေါ်လစီ၊ ညာပေါ်လစီ၊ ဟိုလူကြီးက ဘာပြောတာ၊ ဒီဝန်ကြီးက ညာပြောတာ တွေပါ အကျိုးသက်ရောက်ပြီး ကံဆိုးမိုးမှောင်ကျ ပေါ်လစီချိန်းတာနဲ့ သွားကြုံတော့ အဲလိုတွေဖြစ်ကုန်တာတဲ့။ တစ်ခါတစ်လေကျ စလုံးအင်မီဂရေးရှင်းက လုပ်ပုံတွေက တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်။ ဘာမူ၊ ဘာသတ်မှတ်ချက်မှ တိတိကျကျမရှိပဲ စိတ်ထဲရှိသလို ထင်ရာစိုင်းနေသလိုပဲ။
နောက် EP တွေလဲ တော်တော်ရစ်နေကြတယ်ကြားတယ်။ သက်တန်းကုန်လို့ သက်တန်းတိုးရာမှာ reject ထိတဲ့သူတွေ တော်တော်ကြားနေရပါတယ်။ သွားမေးရင်တော့ အကြောင်းပြချက်ပေးပါသတဲ့။ အလုပ်မှာ လခက စလုပ်ကတည်းကမတိုးလို့၊ တိုးတက်မှုမရှိလို့၊ ရာထူးမတက်လို့၊ ဘာသင်တန်းမှ တက်ထားတာ မရှိလို့ အစရှိသဖြင့် မျိုးစုံရစ်နေပါသတဲ့။ အဲဒါကြောင့်ကိုယ့် အရည်အချင်းလေးတွေ ကိုယ်သွေးထားကြပါ။ အလုပ်မှာ အထောက်အကူပြုမဲ့ သင်တန်းလေးတွေတက်ထားကြပါ ပြောလိုပါတယ်။
ဒါတွေပြောနေတာက အန်တီဆွိက ဒီဖက်ရောက်တော့ ငါတော့လွတ်ပြီ ကျွတ်ပြီဆို လက်ခမောင်းထခတ် ပြီပြောနေတာ မဟုတ်ပါဘူး။ ဒီဖက်မှာလဲ ကိုယ်တွေက PR ပဲလေ။ အလုပ်တွေဘာတွေကလဲ အရမ်းအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ ဟိုဖက်ကထက် အလုပ်အကိုင်တွေ လူနေမှုဘ၀တွေ ပိုပျော်စရာကောင်း သက်သက်သာသာနေရတာက လွဲလို့ အစစအရာရာ ဈေးကြီးတဲ့ သူများနိုင်ငံမှာ နေရတဲ့ ဘ၀က ကျီးလန့်စာစားဘ၀ပါပဲ။
ကားလေးနဲ့ အန်တီဆွိ
ကားလေးဝယ်ပြီးတဲ့ နောက်မှာ ဘ၀ကြီးကတော့ နေရတာ ပိုကောင်းလာတာပေါ့လေ။ သက်သာလာတာပေါ့နော်။ ဘယ့်နှယ့်ပြောပါလိမ့်။ စိတ်သွားတိုင်းကိုယ်ပါ သွားလိုရာ သွားနိုင်တဲ့ ဘ၀ရောက်ပြီဆိုတော့ ဘ၀က တော်တော် အဓိပါယ်ရှိလာပါတယ် ... ရလဲ့ ...။ သမီးကလဲ အရင်က ကျောင်းသွား ကျောင်းပြန် နေပူပူ၊ မိုးရွာရွာ၊ ဘယ်လောက်အေးအေး သားအမိ၂ယောက် ဒုက္ခခံ လမ်းလျှောက်ခဲ့ကြပေမဲ့ ခုတော့ ဒီနေ့တော့သမီးရေ ရာသီဥတုလေးကောင်းတယ် အမေ အပြန် လမ်းလျှောက်လာကြိုမယ်ဆိုရင်ကို မရတော့ဘူး။ မေမေ ကားနဲ့ပဲ လာကြိုပါ ဆို သက်တောင့်သက်သာသွားရတဲ့ ဘ၀ကို သဘောကျနေပြီ။ ငပျင်းမလေးဖြစ်နေပြီ။ အန်တီဆွိကလဲ သမီးအကြောင်းပြချက်နဲ့ လမ်းကို မလျှောက်တော့ဘူးဂျာ။ ဦးခြိမ့်ကတော့ သားအမိတွေ ပျော်နေတယ် အဆင်ပြေတယ်ဆိုရင်ကိုပဲ သဘောတွေကျနေတာပါပဲ။
ကားလေးက သေးတော့ အရင်ကလို ကားပါ့ကင် မခက်ဘူး။ မောင်းရတာလဲ ပေါ့ပေါ့ပါးပါးရှိတယ်။ ဒီကလမ်းတွေ ကျဉ်းတာနဲ့လဲ အကိုက်ပါပဲ။ မောင်းစရှိတော့ ကားမောင်းရမှာလဲ မကြောက်တော့ဘူး။ အန်တီဆွိကတော့ အဲဒီကားလေး ၀ယ်မိတာ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ ဘ၀ဆိုတာ တစ်ခါတစ်လေ နေရကျိုးနပ်အောင် စိတ်အလိုလေးလဲ လိုက်နိုင်မှ နေရတာ နေပျော်မှာ မှို့လား။ ငွေတွေရှာ မွန်းကျပ်နေပြီး ပျော်စရာ ထွက်ပေါက်မရှိရင်လဲ အလကားပဲလေ။ ဟုတ်တယ် မဟုတ်လား ပိတ်သတ်ကြီး ...။း)
Job .. Job.. Job
ကားလေးကရှိလာတော့ အန်တီဆွိလဲ အနီးအနား အလုပ်လေးဘာလေး ထွက်လုပ်မလား စိတ်ကူးမိတယ်။ cashier လို၊ စားပွဲထိုးလို၊ child care လို casual job လေးတွေပေါ့။ ကြာတော့လဲ အိမ်ထဲမှာ တကုတ်ကုတ်နဲ့ ဘ၀ကို ပျင်းချင်သလို ဖြစ်လာတဲ့ အပြင်၊ ကိုယ်ပိုင် ၀င်ငွေလေးလဲ ရှာချင်သေးတာကိုး။ ဦးခြိမ့်နဲ့ တိုင်ပင်ကြည့်တော့ သူက မလုပ်စေချင်ဘူး။ ဒီမှာက မိသားစု life ကို ဦးစားပေးတော့ အလုပ်မလုပ်ရင်သာ အစိုးရက ထောက်ပံ့ကြေးပေးထားတာ။ ကိုယ်က မစို့ မပို့ part time လောက်လေး လုပ်မယ်ဆိုရင်တော့ဖြင့် ငွေရေး၊ ကြေးရေးအရ ထောက်ပံ့ကြေးကလဲ မရတော့မဲ့ အပြင် ခလေး child care တွေက အရမ်းဈေးကြီးတာရော၊ tax ပေးရမှာရော အဲဒါတွေ အကုန်ပြန်တွက်ရင် သိပ်မကိုက်ပါဘူးတဲ့။ လုပ်တာနဲ့ မလုပ်တာ ငွေရေးကြေးရေးက မထူးပါဘူးတဲ့။ အိမ်က အလုပ်တွေ လစ်ဟင်းမယ်။ ၂ယောက်လုံး အလုပ်လုပ်တော့ pressure မိမယ်။ အိမ်မှာ မချက်နိုင်လို့ အပြင်မှာစားရင်လဲ ဒီမှာက အရမ်းဈေးကြီးတာကိုး။
ဒီမှာ ကိုယ်က အရင် အလုပ်အတွေ့အကြုံအတိုင်း လခကောင်းကောင်းနဲ့ professional full time လုပ်မယ်ဆိုရင်လည်း ဟိုမှာ အိမ်အကူရှိတာတောင် အန်တီဆွိ ညည်းလွန်းလို့ သည်းညည်းမခံနိုင်တာ ဒီမှာဆို ပိုဆိုးတော့မှာပေါ့ဆို ဦးခြိမ့်က မလုပ်စေချင်ပြန်ဘူး။ ကိုယ်ကတော့ အတွေ့ အကြုံတွေ တတ်ထားတာတွေကိုတော့ နှမြောမိတာ အမှန်ပဲ။ ကိုယ့်အလုပ်ကံလေး ပြန်စမ်းချင်လို့ အလုပ်ရရ မရရ၊ CV လေး ပြင်ပြီး အင်တာဗျူး အတွေ့ အကြုံလေးပဲရရ အလုပ်လျှောက်ကြည့်ချင်နေမိတယ်။ ကိုယ့်စိတ်ကြိုက်ပြောရရင်တော့ အရင် အလုပ်အတွှေ အကြုံအတိုင်း အိမ်မှာ CAD ဆော့ဝဲလ်လေးသုံး ME ဒီဇိုင်းလေးလုပ်နိုင်တဲ့ အလုပ်မျိုးလေး လုပ်ချင်လိုက်တာ ။ အဟက် ပြောတတ်တယ်နော် ... အန်တီဆွိကး)
ဒီမှာ ခလေးတွေနဲ့ လင်မယား၂ယောက်လုံး အလုပ်လုပ်တဲ့ family တွေလဲ ရှိတာပဲ။ သူတို့ကိုတော့ အန်တီဆွိက အင်မတန်ကို ချီးကျူးပါတယ်။ ဥပမာ ဘလောဂါ ကိုအန်ဒီတို့ မိသားစုလိုပေါ့။ အိမ်မှာလဲ စလုံးမှာလို အကူခေါ်လို့မရဘူးလေ။ အဲသလိုဆိုလဲ ဖြစ်တော့ ဖြစ်သွားတာပါပဲ။ ဒါပေမဲ့ အပေါ်ကပြောသလိုပေါ့။ တစ်မိသားစုလုံး pressure မိမယ် ။ အိမ်မှုကိစ္စတွေ လစ်ဟင်းမယ်ပေါ့။ ဒါနဲ့ပဲ အန်တီဆွိတော့ ဈေးလေးပတ်လိုက်၊ သမီးကြိုလိုက်၊ ဘလော့လေးရေးလိုက် အွန်လိုင်းတက်လိုက်နဲ့ နေနေရတယ်။
Inspection နေ့
full time အိမ်ရှငိမဆိုတော့ အိမ်ကိုတော့ သန့်ရှင်းအောင်ထားပါတယ်ခင်ည။ အဲ အင်စပက်ရှင် လာရင်တော့ ဒီထက်ပိုကဲပြီး တစ်အိမ်လုံး ပစ္စည်းတွေ ရှုပ်မနေအောင်ပဲ ဘီရိုတွေထဲ ထည့်ပြီးရှင်းရပါတယ်။ အဲနေ့က အမှတ်တရ ရိုက်ထားတာပါ။
ဒီကအိမ်တွေက စလုံးက အိမ်တွေလောက်တော့ အထဲမှာမသစ်ဘူး။ ဒါတောင် ဒီအိမ်က renovation လုပ်ထားတာ မကြာသေးဘူး။ ဒီလို လုံးချင်းအိမ်မဟုတ် villa မှာတောင် ဒီဖက်မှာ ဒီလောက်အခြေအနေကို အော်ဇီ ဖွတ်ကလိဒင်္ဂါး ၆သိန်းလောက်နီးပါးဆိုတော့လဲ ဟင်းးးး.... ဆို သက်ပျင်းသာ ချမိပါတယ်။