Friday, February 1, 2013

မြန်မာစာသင်ကြား ဟာသများ

 
ညအိပ်ချိန်ရောက်ပြီ။ အိပ်ရာထဲဝင် မီးပိတ်ပြီးပေမဲ့ ဂျူဂျူတစ်ယောက် အိပ်မပျော်သေး။ အိပ်မပျော်တော့ အမေလုပ်သူကို  တောင်ရောက်မြောက်ရောက် ထွေရာလေးပါး လျှောက်ပြောနေသည်။ သင်ထားတဲ့ မြန်မာစာတွေ ပြန်ပေါင်းချင် ပေါင်းနေတတ်သည်။

ခုလဲ ဟိုတစ်လောက  သင်ထားသည့်  "အန့် ... အန် ... အန်း ... " ကို ပြန်ပေါင်းကြည့်ရင်း "နန့် " ဆိုသည့်နေရာကျတော့ အမေကို မေးသည်။

"မေမေ 'နန့်   ' ဆိုတာ ရှိလားဟင် ..."

တချို့ မြန်မာ စာလုံးပေါင်းများ ရှိပေမဲ့ အဓိပါယ် ဆိုလိုရင်း မရှိဘူးဆိုတာ ရှင်းပြဖူးတော့ "နန့် " ဆိုသော စကားလုံး၏ အဓိပါယ်ကို မေးနေခြင်းဖြစ်သည်။

" ရှိတာပေါ့ သမီးရဲ့ ... နန့်ဆိုတာ  .. နန့်တာ ...  အင်း ....  နန့်ကြောထတာ ... ကို ပြောတာ .."


" ဘာလဲဟင် ... နန့်ကြောထတယ် ဆိုတာ ..."

 " အင်း ....        နန့်ကြောထတယ်ဆိုတာ ... ကမြင်းကြောထတာ ... ဆတ်စလူးခါတာ အတူတူပဲ ..."

" ဟင် မေမေပြောတာတွေ ဂျူဂျူဘာမှ နားမလည်ဘူး ...  မေမေရော နန့်ကြောထလား ဟင် ..."

သူပြောမှ ရယ်လိုက်ရတာ ...ဒီအရွယ်ကြီး နန့်ကြောထလားဆိုတော့ ဘာပြောရမှန်းမသိ ..

"ခုတော့ မထပါဘူး သမီးရယ် ... ငယ်ငယ်ကတော့ ထခဲ့ မလား မသိ ... "

ဟီးဟီး ... ကိုယ့်ဟာကိုယ် ပြောပြီး ရယ်လိုက်ရတာ။ 


" အဲဒါဆို ဘယ်သူ နန့်ကြောထသေးတုံး ... ဂျူဂျူထသလား ...."

" ငါးသမီးလေးက မထပါဘူး ..."

" အဲဒါဆို ဘုတ်စု ထသလား ... "

ရန်ကုန်က အင်မတန် အဆော့မက်သော မျောက်ရှုံးအောင်ဆော့သော သူ့ညီမ ဝမ်းကွဲ ကို မေးခြင်းဖြစ်သည်။ သူ့အမေကတော့ သူ့သမီးကို ဆီဖူးခါသည်ဟု အမြဲပြောသည်။

" အင်း ... ဘုတ်စုက နဲနဲတော့ ထတယ် ထင်တာပဲ ..."

" အင်း ... ငါ့သမီးလဲ နဲနဲတော့ထတာပဲ ... ညည်းတ်ို့တွေ တူတူပဲပါပဲအေ ..."

ဤသို့ဖြင့် နန့်ကျောထခြင်း ဆိုသော အဓိပါယ်ကို ဂျူဂျူတို့ သဘောပေါက်သွားလေသတည်း။





-------------------------------------------------------------------------------------------------------


အန်တီဆွိသည် ဂျူဂျူလေးကို မြန်မာစာသင်ပေးနေသည်။

ယနေ့ရောက်နေသော သင်္ခန်းစာသည် ရရစ်နှင့် ယပင့်ကို သင်ပေးသည့် သင်္ခန်းစာ ဖြစ်သည်။ "ကျ ကျာ ကျား .... "  "ကျိ ကျီ ကျီး .." အစရှိသဖြင့် သင်ပေးပြီး အောက်က ပုံလေးတွေကို လိုက်ဖတ်ခိုင်းနေသည်။ ဂျူဂျူသည် အထစ်အငေါ့မရှိ ဖတ်နိူင်သည်။
အမေကြီးမှာ ဝမ်းသာလို့။ အဟုတ်ပဲ ဂျူဂျူတို့ ဖတ်တာ မြန်ချက်ပေါ့။ ဟယ် ငါ့သမီးလေးက တစ်ခါပဲ သင်ရသေးတယ် ဖတ်တတ်လိုက်တာဆိုတော့ ဘာပြောတယ် ထင်တုံး။

ဂျူဂျူက  အရုပ်လေးတွေ ကြည့်ပြီး ပြောတာ တဲ့ဗျား။ 


အမေကြီး ခံလိုက်ရတာ။

ဒါနဲ့ အောက်က အရုပ်မပါတဲ့ စာတွေ ပေါင်းဖတ်ခိုင်းလိုက်တာပေါ့။
"သဝေထိုးကကြီး ... ယပင်... ကျေ ။ ဝတ်ဆံနှစ်လုံးပေါင်း ကျေး  ... ဇကွဲရေးနှစ်ချောင်းငင် ဇူး .... ကျေးဇူး  " တဲ့

 ပျံသန်း တဲ့ ...

ပျံသန်း နေရာလဲရောက်ရော ဂျူဂျူကအဓိပါယ် နားမလည်တော့ ရှင်းပြရတယ်။ 

သမီးရဲ့ မြန်မာစာမှာ စကားပြောတာနဲ့ စာရေးတာ ဆိုတာ ရှိတယ်။ ပြောရင်တော့ အလွယ်ပဲ "ပျံတယ်" ။ အင်္ဂလိပ်လိုဆို fly ပေါ့။ အဲဒါကို မြန်မာလို စာနဲ့ရေးတော့ လှအောင် "ပျံသန်း" လို့ ပြောတယ်။ "ပျံ "ဆိုတာနဲ့ အတူတူပဲ။ ငှက်တွေ ပျံတယ် ... ယင်ကောင် ပျံတယ် ... တူတူပဲ။

ဟော နောက်တစ်လုံးကျ  "ပြီးစီး" တဲ့။
အဲဒါလဲ တူတူပဲ ... စာရေးရင် "ပြီးစီးသည် " လို့ ရေးတယ်။ .... ပြောရင် "ပြီးတယ် " ပေါ့။ 

နောက်တော့ " ဖြေကြား " ။ အဲဒါကလဲ " ဖြေ" နဲ့ တူတူပဲ။

ဟော ... ဟော နောက်တစ်လုံးကျ

" ချီးကျူး " တဲ့ 

စာရှင်းပြနေတဲ့ အမေကြီး  ဒုက္ခရောက်ပါလေရော။ ချီးကျူးကျတော့ အဲဒါလဲ  ရှေ့က  "ချီး " နဲ့ အတူတူပဲလို့ ပြောမလို့ဟာကနေ .... အဲဒါကျ ချိ ... ချိ ... ချီးနဲ့မတူဘူး သမီးရေ ... ဆို ပြောင်သလို နောက်သလို ပြောတော့ ဂျူဂျူလေးမှာ ရယ်လိုက်တာ။ 
ခုချိန်ထိ စာသင်တိုင်း အဲဒီ "ချီးနဲ့ မတူဘူး " ဆိုတာ ပြောပြီး ရယ်တုံး။ အော် မြန်မာ စကားများ ...