Saturday, February 21, 2015

မုန့်ဦးနှောက်

အန်တီဆွိ ခုတစ်လော ဘလော့ဂ်ထဲ ရောက်ရောက်လာပြီး ဟင်းချက်နည်းတွေ ဟိုတင်ဒီတင်နဲ့ ပြန်တက်ကျွလာတာလားဆိုရင်တော့ မဟုတ်ပါဘူး။ အန်တီဆွိက သတိမေ့တတ်လို့ ဟင်းချက်နည်းတွေ မုန့်လုပ်နည်းတွေ လုပ်ကြည့်ပြီး မေ့မေ့သွားလို့ မမေ့ခင် ဘလော့ဂ်မှာ အမြန်လာချရေးတာပါ။ ဖေ့စ်ဘွတ်မှာ တင်ရင် ဘလော့ဂ်မှာလောက် စုစုစည်းစည်း မရှိတာရယ်၊ ရှာရ ခက်တာရယ်ကြောင့်ပါ။ စာပြန်ရေးဖို့ရာတော့ အလုပ်တစ်ဖက်၊ သမီး စာမေးပွဲတစ်ဖက်၊ အိမ်အလုပ်တစ်ဖက်နဲ့ လောလောဆည်တော့ မအားလို့ ပြန်မရေးနိူင်သေးပါကြောင်း ပိတ်သတ်ကြီးအား သိစေအပ်ပါသည်။

ပြီးခဲ့တဲ့အပတ်က အန်တီဆွိ မွေးနေ့ရော မွေးရက်ရော ထူးထူးခြားခြား တိုက်ဆိုင်ပါတယ်။ မွေးနေ့အတွက်ဆိုပြီး ဘုန်းကြီးကျောင်းမှာ လုပ်အားပေးတဲ့သူတွေရယ်၊ အသိမိတ်ဆွေ နည်းနည်းကျဉ်းကျဉ်းရယ် ဖိတ်ပြီး မြီးရှည်ရယ်၊ မုန့်အချို အချို့ရယ် လုပ်ပြီး ဒါနပြုခဲ့ပါတယ်။ အဲဒီမှာ မုန့်ဦးနှောက်လုပ်တာ နဲနဲပျော့သွားလို့ ဒီနေ့နေ့လည်က မကြေပွဲ ထပ်လုပ်ပြီး အမှတ်ရအောင် ဒီပို့စ်လေးကို တင်ပါတယ်။ အန်တီဆွိရဲ့ ပ်ိတ်သတ်တွေလဲ လုပ်နည်းလေးသ်ိရတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ မုန့်ဦးနှောက် လုပ်ရတာ အရမ်းကို လွယ်ပါတယ်။

မုန့်ဦးနှောက် လုပ်ဖို့ လိုတဲ့ ပစ္စည်းတွေကတော့  ...

ဆန်မုန့် - 2 cup
ကောက်ညှင်းမှုန့် - 2 table spoon
အုန်းနို့ ၄၀၀ ဂရမ် တစ်ဗူး
နို့စိမ်း  -  1  cup
ရေ - 2 cup
အုန်းနို့ - ၄၀၀ ဂရမ် ၃ဗူး  (အုန်းဆီချက်ရန်)
သကြား - 1 1/2 cup ( တစ်ခွက်ခွဲ)
ဆား - လဖက်ရည်ဇွန်း တစ်ဝက်
သာကူစေ့ - 3/4 cup
ထုံးရေကြည် - 1 cup

အရောင် ဝါချင်ရင် - အဝါရောင် အစားအသောက်ဆိုးဆေး အနည်းငယ်
pan-dam leaves အနံ့ အနည်းငယ် (ဆွမ်းမွှေးရွက် အဆီ)

ပထမဆုံး သာကူစေ့တွေကို ရေပွက်ပွက်ဆူထဲ ထည့်ပြုတ်ပါ။ အစေ့ပျောက်သွားရင်  ရေစစ်ပြီး ရေအေးအေးနဲ့ လောင်းချ အအေးခံထားပါ။

အုန်းနို့ကို အိုးတစ်လုံးထဲ ဆီအနည်းငယ်ထည့်ပြီး အုန်းဆီချက်ထားပါ။

ပြီးရင် ဆန်မှုန့် ၊ နွားနို့၊ အုန်းနို့၊ သကြား၊ ဆား၊ ထုံးရေကြည်၊ အဝါရောင်ဆိုးဆေး၊ ဆွမ်းမွှေးရွက် အဆီအစရှိတာတွေ  အားလုံးကို ရောသမသွားအောင်မွှေပြီး မီး အနေတော် (medium) နှင့် တိုဟူးကြိုသလို  ကြိုပေးပါ။ မုန့်နှစ်တွေ ပျစ်လာရင် ခဲပျစ်ပျစ်ကြီး ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ယောင်းမနဲ့ စက်ဝိုင်းပုံ နာနာမွှေပြီး သမသွားအောင်ကြိုပါ။

ကြိုလို့ ညောင်စေးကျခါနီးလာရင် သာကူစေ့တွေထည့်ပြီး သမအောင် ထပ် မွှေပေးပါ။ ပြီးရင်  အောက်က ဗန်းပေါ်မှာ ဆီသုတ်ပြီး မုန့်တွေကို လောင်းချပြီး အအေးခံထားပါ်။ အပေါ်ရံ အသားညီအောင် ဇွန်းကို ဆီသုပ်ပြီး သပ်ချပေးပါ။

မျက်နှာပြင် ချောပြီး ညီသွားရင် အပေါ်ကနေ အုန်းဆီချက်ကို ဖြူးပြီးသပ်ချထားပါ။


မုန့်များ အေးပြီး ခဲသွားလျင် ဓားဖြင့် လေးထောင့်တုံးများ ပုံဖော်င်္လှီးပြီး ချိုဆိမ့်မွှေးသော မုန့်ဦးနှောက် စားနိုင်ပါပြီ။ ဒီနေ့ ဘုန်းကြီးကျောင်းမှာ အားပေးခဲ့တဲ့ အန်တီတစ်ယောက်ကတော့ အန်တီဆွိလက်ရာက သိပ်ကောင်းပြီး ရောင်းတန်းဝင်ပါသတဲ့။ ဘုန်းကြီးကျောင်း ရံပုံငွေ ဈေးရောင်းပွဲမှာ ရောင်းပါလားတဲ့ အားပေးသွားပါတယ်။ အန်တီဆွိ ပိတ်သတ်ကြီးလဲ လုပ်ကြည့်ကြပါဦး။



အန်တီဆွိ စစ်ကိုင်းဖက်သွားတုံးက မုန့်ဦးနှောက်ဆိုတာကတော့ ဖက်ကလေးတွေနဲ့ ထုတ်ထားပြီး သကြားမပါပဲ ဆား နှမ်းထောင်းနဲ့ ဆီလေးနဲ့ အဆိမ့်စားရတာပါ။ အဲဒါကတော့ ဒီမှာ ဖက်ကရှားတော့ ဆွမ်းမွှေးရွက် အဆီလေးနဲ့ လုပ်ကြည့်ပါဦးမယ်။ နောက်အပတ်ပေါ့နော်။








Sunday, February 15, 2015

မြီးရှည် လုပ်စားကြရအောင် ....


 

မြီးရှည်ကို ဘယ်တုံးကစ ကြားဖူးတာလဲဆို အန်တီဆွိတီတို့ ဟိုးငယ်ငယ်လေးထဲက စစ်ကိုင်းက  အဘွား ရန်ကုန်လာလည်ရင် အဘွားက အမြဲ လုပ်ကျွေးတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အရမ်းငယ်သေးတော့မြီးရှည်လိုဟာမျိူး စားရကောင်းမှန်း၊ ကြိုက်ရကောင်းမှန်းလဲ မသိသေးပါဘူး။ အဲဒီအချိန်ိကတည်းက မြီးရှည်ဆိုတာ ကြားဖူးနေခဲ့ပေမဲ့ အိမ်မှာတော့ တစ်ခါမှ လုပ်မစားဖြစ်ပါဘူး။ စင်္ကာပူမှာနေတော့လဲ မြီးရှည်ဆိုတာ ဘယ်လိုဟာမျိုးမှန်း အစပင် ဖော်မရပါ။ စိတ်ထဲမှာ မြီးရှည်ဆိုတာ ရှမ်းခေါက်ဆွဲလိုလား၊ ရှမ်းခေါက်ဆွဲ ချက်ရတာနဲ့ တူတူပဲလား မသဲကွဲခဲ့ပါဘူး။

ဒီဖက်ပြောင်းလာတော့ ဘုန်းကြီးကျောင်းဈေးရောင်းပွဲမှာ အသိ အန်တီတစ်ယောက်ရောင်းတာ စားဖူးမှ မြီးရှည်ဆိုတာကို သဲသဲကွဲကွဲ သိရပါတော့တယ်။ အဲဒီတုံးက မြီးရှည်ကောင်းလွန်းလို့ အမြဲအမှတ်ရနေပြီး အိမ်မှာ လုပ်စားဦးမယ်ဆို တေးထားခဲ့တာပါ။

မြီးရှည်လုပ်ရတာ ingredient တွေက အရမ်းများပါတယ်။ 
ဟိုးအရင် ပထမတစ်ခါ လုပ်ကထဲက နောက်လုပ်ရင်မှတ်မိအောင် လုပ်နည်းလေးရေးချင်တာ။ မရေးဖြစ်ခဲ့ဘူး။ ခုတစ်ခါတော့ မနေ့ကပဲ ဘုန်းကြီးကျောင်းမှာ လုပ်အားပေးတွေအတွက် လူ ၃၀ စာလောက် ချက်ပြီးလှူခဲ့လို့ ပူပူနွေး မှတ်မိတာလေးတွေ ချရေးပေးပါ့မယ်။ သတိမေ့တတ်တဲ့ အန်တီဆွိအတွက်တော့ နောက်တစ်ခါ လုပ်ရင်တော့ အလွယ်တကူ လာကြည့်ရုံပဲ။


မြီးရှည်အတွက် လိုတဲ့ ပစ္စည်းတွေကတော့  ...

.................................

နန်းလတ်အဖတ် အစို (သို့့) အခြောက်ကို ပြုတ်ပြီး ရေစစ်ထားပါ။

ဝက်သား သို့ ကြက်သား ကို ပဲငံပြာရည်၊ ဆား၊ တရုတ်မဆလာ၊တို့နဲ့နယ်၊ ဂျင်းထည့် ပြုတ်ပြီး ပါးပါးလှီးထားပါ။

ကြက်သွန်ဖြူုကို ကြိတ်ပြီး ဆီချက်ချက်ထားပါ။  ( ရှမ်းစာမှို့ ဆနွင်းမှုန့် လုံးဝမထည့်ပါနှင့်)

မြေပဲဆံကို ကြော်ပြီး ခွဲကြမ်း ကြိတ်ထားပါ။

နှမ်းလှော်ကိုလည်း ပြင်ထားပါ။

ငရုပ်သီးခွဲခြမ်းကို ဆီများများနှင့်ထည့်ကြော်ထားပါ။

ပဲငပိ အချိုဗူးကို ပြင်ထားပါ။ (တစ်ချို့ကလဲ ဆီတို့ဟူးကို ရေဖျော်ထည့်ပါတယ်။)

ရှမ်းချဉ် (သို့) မုန်ညင်းချဉ်ကို ပါးပါးလှီးထားပါ။

ပလောပီနံမှုန့် (Tapioca starch)  ကို ခပ်ကျဲကျဲဖျော်ပြီး ကော်ကျိူထားပါ။ ကျိူနေစဉ် ပဲငံပြာရည်၊ဆား၊  ကြက်သားမှုန့်ထည့်ပြီး မွှေပေးပါ။

ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပြီး ရှာလကာရည်၊ ရေနွေးတို့နဲ့ ပျစ်ပျစ်လေး ဖျော်ထားပါ။

ပဲပင်ပေါက်နဲ့ မုံညင်းရွက်တွေကို ရေနွေးဖျောထားပါ။

ကြက်သွန်မြိတ်နဲ့ နံနံပင်ကို ပါးပါးလှီးထားပါ။

ဝက်ရိုး (သို့) ကြက်ရိုးဟင်းချိုကို ပြင်ထားပါ။

ကြိုက်တတ်ရင် ဝက်ခေါက်ကြော်ကို လဲ အဆင်သင့်ပြင်ထားပါ။




ပွဲ ပြင်ရန်အတွက် မုန့်ဖတ်တွေကို ဝက်ရိုးပြုတ်ရည်ထဲ စကာနဲ့စစ်ပြီး ပွဲပြင်မည့် ပန်းကန်ထဲ ထည့်ပါ။

ပြီးရင် အပေါ်က ingredient တွေကို ထည့်ပြီး စားရင် အရသာရှိလှတဲ့ မြီးရှည်ရပါပြီ။ ဝက်ရိုး ဟင်းချို ပူပူလေးနဲ့ အင်မတန်မှ လိုက်ဖက်လှပါတယ်။




ဓာတ်ပုံရိုက်ဖို့ မေ့နေလို့ ဦးခြိမ့် နောက်တစ်ပွဲစားတာကို အတင်းလုပြီး ဓာတ်ပုံရိုက်ထားရတာပါ။

ဝက်သားပြုတ်ရာမှာ ထည့်တဲ့ five spice power တရုတ်မဆလာပါ။ သုံးဖူးသမျှထဲမှာတော့ fresh အဖြစ်ဆုံးနဲ့ အကောင်းဆုံးပါပဲ။
အန်တီဆွိ သုံးတဲ့ တရုတ်ပဲငပ်ိပါ။ salted soya bean တွေထက် အငံပေါ့ပြီး အချိုလေးပါတယ်။
ဦးခြိမ့် အလုပ်အတွက်ပါ ထုပ်ပေးရပါတယ်။