Wednesday, July 29, 2015

ဝက်သား ကောက်ညှင်းပေါင်း



ပြီးခဲ့တဲ့ Sunday က အန်တီဆွိတို့ အိမ်မှာ မနက်စာ ဝက်သား ကောက်ညှင်းပေါင်း လုပ်စားပါတယ်။ စင်္ကာပူမှာတုံးကတော့ ဆိုင်မှာ အဲဒါလေးပေးပါဆို လက်ညှိုးလေးထိုး ဝယ်စားရုံပါပဲ။ ဒီရောက်တော့ စားချင်းလွန်းတော့ ကိုယ့်အားကိုယ်ကိုးမှပဲ စားရတော့တယ်။

ကောက်ညှင်းထုတ် ၅ ထုတ်စာလောက်အတွက် လိုတဲ့ ပစ္စည်းများ

ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ဗူး
ဝက်သား အဆီအသား 300 gram
Dried shiitake mushroom - မှို ခြောက် ၃ -၄ ပွင့် (ရေစိမ်ပြီး ပျော့လာရင် ပါးပါးလေးတွေ လှီးထားပါ)
Lap Xoung- တရုတ် ဝက်အူချောင်း ၃ ချောင်း (ပါးပါးလေးတွေ အစောင်းလိုက် လှီးထားပါ)
Five spices powder - တရုတ်မဆလာ
တရုတ် ဟင်းချက်ဝိုင်
ပဲငံပြာရည် အကြည်ရည် ( Lee Kum Kee - Premium Soy Sauce)
ပဲငံပြာရည် အနောက်ရည် (ABC - Sweet Soy Sauce)
ငရုပ်ကောင်းမှုန့် white papper

ကြက်သွန်ဖြူ  ၈ မွှာခန့်  (နုတ်နုတ်စင်းထားပြီး တစ်ဝက်ကို နှမ်းဆီ စားပွဲဇွန်း ၂ဇွန်း၊ ပဲဆီ စားပွဲဇွန်း ၃ဇွန်းနဲ့ မိုက်ခရိုဝေ့ထဲ 80 sec လောက် ထည့်ပြီး ဆီချက်ထားပါ)
ပြောင်းမှုန့် (corn stretch) လဖက်ရည်ဇွန်း ၂ ဇွန်းခန့် ( ရေနဲ့ ဖျော်ထားပါ)
ပဲငံပြာရည် အကြည်ရည်၊ သူလဲ သုံးဖူးသမျှထဲမှာ အကောင်းဆုံးပါ။
ပဲငံပြာရည် အနောက်ရည် အချိုပါပါတယ်။ ရိုးရိုး ပဲငံပြည်ရည်ပဲ သုံးမယ်ဆို သကြားထည့်ချက်မှ ချိုတဲ့ အရသာ ရပါမယ်။

တရုတ်မဆလာ - သုံးဖူးသမျှထဲမှာ အကောင်းဆုံး brand ပါ)

တရုတ်ဝက်အူချောင်း


Dried shiitake mushroom - မှို ခြောက်




ပထမဆုံး ကောက်ညှင်းနဲ့ မှိုတွေကို ညကတည်းက ရေစိမ်ထားပါ။

မနက် လင်းတော့ ကောက်ညှင်းကို ရေစစ်၊ ရေတစ်ထပ်ဆေးပြီး  ဇလုံထဲမှာ ထည့်၊ အပေါ်က ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည် အကြည်ရည် ၂ဇွန်း၊ အနောက်ရည် နှစ်ဇွန်း၊ ဆား  ဇွန်းတစ်ဝက်၊ တရုတ် မဆလာ ဇွန်းဝက်၊ ငရုပ်ကောင်းမှုန့် ဇွန်းဖျားခန့် ထည့်ပြီးနယ်ပါ။ ပြီးရင် ပေါင်းအိုးထဲကို နာရီဝက်ထည့်ပေါင်းပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း) (အိမ်မှာတော့ ထမင်းပေါင်းအိုးနဲ့ ပေါင်းပါတယ်။ သူနဲ့ အတူပါလာတဲ့ ဇကာလေးနဲ့ ထည့်ပေါင်းပါတယ်။ လေလုံတော့ အတော်ကို ပေါင်းလို့ အဆင်ပြေပါတယ်)

ကောက်ညှင်းပေါင်းနေတုံး ဝက်သားလေးတွေကို ပါးပါးလှီးပြီး တရုတ်ဟင်းချက်ဝိုင်  တစ်ဇွန်း၊ ပဲငံပြာရည် အကြည်အနောက် ၂ ဇွန်းစီခန့်၊ ဟင်းခပ်မှုန့်၊ တရုတ်မဆလာ ဇွန်း တစ်ဝက်ခန့် ထည့်ပြီး နယ်ထားပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း)

ပြီးရင် ဒန်အိုး တစ်လုံးထဲကို ဝက်အူချောင်းတွေ ၂ မိနစ်ခန့် ထည့် လှော်ပြီး ပန်ကန်နဲ့ ကော်ထားပါ။ သူက ဆီပါပြီးသားဆိုတော့ ဆီ မထည့်ရပါ။


 နောက် ဝက်သားနဲ့ မှိုကို အချိုချက်ပါမယ်။
ဒယ်အိုးထဲကို ဆီ ၂ ဇွန်းခန့်ထည့် ကြက်သွန်ဖြူဆီသတ်ပါ။ ကြက်သွန်ဖြူ  ရွှေဝါရောင်လေးသန်းလာရင် စောနက နယ်ထားတဲ့ ဝက်သားတွေနဲ့ ပါးပါးလှီးထားတဲ့ မှိုတွေကို  ထည့် ဆီသတ်ပါ။ မွှေးလာရင် ပဲငံပြာရည် အနောက်ရည် တစ်ဇွန်းခွဲခန့် ထည့်မွှေပါ။
မှိုတွေရော ဝက်သားတွေရော ၅မိနစ်ခန့် ကျက်အောင် တည်ပြီးရင် ပြောင်းမှုန့်ကို ရေဖျော်ပြီး အနှစ်လေးနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ၅ မိနစ်လောက် ထပ်တည်ထားပါ။ မကပ်အောင် ရေကို လိုလျှင် ထပ်ထည့်ပါ။



 ကောက်ညှင်းပေါင်းထားတာ ကျက်ပြီး၊ ingredientတွေ အားလုံးပြင်ဆင်ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ပန်းကန်လုံးလေးတွေ အောက်ခြေမှာ ဝက်အူချောင်းရယ် ဝက်သားနဲ့မှို အနှစ် ချက်ထားတာရယ်ကို စီပြီး ခင်းလိုက်ပါ။

 အပေါ်ကနေ ကောက်ညှင်း ပေါင်းထားတာကို ပန်းကန်းလုံး ပြည့်အောင် ထည့်လိုက်ပါ။  အဲဒါမျိုးလေးတွေ ၅လုံးခန့်လောက် ရပါမယ်။ကောက်ညှင်းထုတ်ဖို့ ဝါးရွက်မရှိတော့ အဲလို ပန်းကန်လုံးလေးတွေနဲ့ လုပ်တဲ့ သဘောပါပဲ။
 ကောက်ညှင်းကို ပြန်ပေါင်းဖို့  sauce အတွက် ပဲငံပြာရည် အကြည်အနောက် ၂ဇွန်းစီ၊ ရေ ၂ ဇွန်း ခန့်ရောပြီး အပေါ်ကနေ ဇွန်းလေးနဲ့ တစ်ဇွန်းခန့်စီခန့် နှံ့ အောင် လောင်းချပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း)


  ပြီးရင် ပန်းကန်လုံးလေးတွေကို ပေါင်းအိုးထဲမှာ စီပြီး ၁၀ မိနစ်ခန့်ပြန်ပေါင်းရင် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဝက်သား ကောက်ညှင်းပေါင်း ရပါပြီ။

ပွဲ ပြင်ဖို့ အတွက်ကတော့ ပေါင်းထားတဲ့ ပန်းကန်လုံးလေးတွေကို ဒါးလေးနဲ့ ပတ်ပတ်လည် ကော်ပြီး စားမည့် ပန်းကန်ပြားထဲ မှောက်ချလိုက်ရင် အပေါ်က Ingredient လေးတွေနဲ့ စားချင်စဖွယ် မွှေးကြိုင်နေတဲ့ ဝက်သားကောက်ညှင်းပေါင်းကို စားနိုင်ပါပြီရှင်။





အန်တီဆွိ သုံးတဲ့ ပစ္စည်းလေးတွေကို တမင် ဓာတ်ပုံရိုက်ပြီး ပြထားပါတယ်။ တခြား ပစ္စည်းတွေ သုံးရင်တော့ ဒီလောက် အရသာ ကောင်းပါ့မလားလို့ ထင်မိလို့ ဖော်ပြပေးလိုက်တာပါ။




Wednesday, July 22, 2015

Hokkien Prawn Mee



Hokkien Prawn Mee ကို အိမ်မှာကြော်စားတာ ခဏခဏ ရှိနေလို့ ချက်နည်းက အလွတ်ရနေပါပြီ။ ဒါပေမဲ့ ချက်နည်းကိုတော့ တစ် ခါမှ မရေးဖူး၊ မရှယ်ဖူးသေးပါဘူး။ ဘာလို့လဲဆိုတော့ အန်တီဆွိ ရေးတာတွေဟာ မြန်မာလူမျိုး အများစု အတွက်ပဲ ရည်ရွယ်တာဆိုတော့ local က မြန်မာတွေက ဒီတရုတ်စာကို ကြားတောင် မကြားဖူးပါဘူး၊  စင်္ကာပူမှာ နေဖူးတဲ့ ဗမာတွေသာ ကောင်းကောင်းသိကြ စားဖူးကြမှာမှို့ လူကြိုက်နည်းတဲ့ အစာဆိုပြီး မရေးဖြစ်တာပါ။ ဒါပေမဲ့ အဲဒါလေး ဒီနေ့ချက်ပြီး ပုံလေး Face book မှာ တင်လိုက်တော့ တောင်းဆိုသူတွေ ရှိနေလို့ ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။

Hokkien Prawn Mee ကို ပထမဆုံး စ စားဖူးတော့ အနံ့သင်းသင်းလေးနဲ့ အနှစ်ကလေးကလဲ အဖြူရောင် ပျစ်ပျစ်လေးဆိုတော့ အုန်းနို့နဲ့ ချက်ထားတာလို့ ထင်လိုက်တာ။ တကယ်တော့ ပုဇွန်က အချိုရည် (prawn broth) နဲ့ နန်းလတ် ခေါက်ဆွဲဖတ်က ထွက်တဲ့ အဖြူုရောင်အရည်နဲ့ ရောသွားတော့ အုန့်နိူ့လို ခပ်ပျစ်ပျစ်လေးဖြစ်သွားတာပါ။ အဓိက အချိုရည်က ပုဇွန် ခွံတွေ၊ ခေါင်းတွေက ပြုတ်ပြီးရတဲ့ အရည်ကနေ ယူတာဆိုတာ နောက်မှ သိရပါတယ်။

လူ ၃-၄  ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ

ပုဇွန် အကောင်ကြီးကြီး ၁၀ ကောင်ခန့် (သို့) 400 gram (Tiger prawn ဆို ပိုကောင်းပါတယ် )
ဝက်သား သုံးထပ်သား 300 gm, ပါးပါး သေးသေး လေးတွေ လှီးပြီး ကြက်သားမှုန့် ဆားထည့်ပြီး ကျက်အောင် ပြုတ်ထားပါ။
ဝက်ဆီဖတ် 200  gm, ပါးပါးလှီးပြီး ကျွပ်နေအောင် ကြော်ထားပါ။ ဆီကိုလည်း ကြော်ရအောင် သိမ်းထားပါ
Squid 250 gm, သန့်စင်ပြီး အကွင်းလိုက်လေးတွေ လှီးထားပါ။
 Fish cake အပြား ၃ခုခန့်  - ပါးပါးလေးတွေ လှီးထားပါ။
ပဲပင်ပေါက် အထုတ် တစ်ဝက်ခန့်
Chives တစ်စည်း ၂လက်မခန့် ရှည်ရှည်လေးတွေ ဖြတ်ထားပါ။
သံပယိုသီး (သို့) သံပုရာသီး တစ်ခြမ်း ၄စိတ်စိတ်ထားပါ။
Hokkien mee ( ဂျုံခေါက်ဆွဲ အဝါ) 500 gm
နန်းလတ် ( ဆန်ခေါက်ဆွဲ) 300 gm
ကြက်ဥ ၃ လုံး
ကြက်သွန်ဖြူ  ၅ မွှာခန့် နှုတ်နှုတ် စင်းထားပါ။
ငါးငံပြာရည် သင့်သလို
ကြက်သားမှုန့်
Singlong တံဆိပ် Sambal Chilli Prawn  မလေးရှား ငပိ အစပ်ကြော်

 ပထမဆုံး ပုဇွန်တွေကို အမြီးပိုင်းထိပ် အခွံလေးပဲ ကျန်အောင် အခွံခွာသန့်စင်ပြီး ခေါင်းတွေရော အခွံတွေရော ရောပြီး အိုးတစ်လုံးထဲ ရေထည့် ရေမြုတ်အောင်ပြုတ်ပါ။ ပုဇွန်ပြုတ် အချိုရည် 300 ml ခန့်ရအောင် မိနစ် ၂၀ ခန့် ပြုတ်ပါ။ ပြီးရင် အရည်ကို စစ်ပြီး ခွက်တစ်ခုနဲ့ ဖယ်ထားပါ။

  အပေါ်ကပြောတဲ့ အတိုင်း Ingredient တွေအားလုံး အဆင်သင့်ဖြစ်ရင် စ ကြော်ပါတော့မယ်။

တရုတ်ဆိုင်က ဆီ၀နေတဲ့ ဒယ်အိုး သို့ non sticker ဒယ်အိုး ခပ်ကြီးကြီး ထဲကို စောနက ဝက်ဆီဖတ်ကြော်ထားတဲ့ ဆီ Table spoon ၅ ဇွန်းခန့် ကိုထည့် ပထမဆုံး
 ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာ ကြော်လိုက်ပါ။ မီးကို အပြင်းဆုံးမှာ ထားပါ။
 မွှေးလာရင် ပုဇွန်နဲ့ squid ထည့်ကြော်ပါ။
ပုဇွန်ကျက်ခါနီးရင် ဝက်သားပြုတ်ထားတာနဲ့ fish cake လှီးထားတာတွေကို ထည့်ကြော်ပါ။
အားလုံး မွှေးလာရင် ကြော်ထားတာတွေ ဘေးပတ်ပတ်လည်ကို  အသာပို့ပြီး အလယ်ခေါင် ဆီစုနေတဲ့နေရာမှာ  ကြက်ဥ ၃လုံးဖောက်ိထည့်ပြီး ကြော်ပါ။ ကြက်ဥတွေ ကြေသွားအောင် မွှေပေးပါ။
ကြက်ဥကြော်တာ ကျက်ရင် ဘေးက အသားတွေနဲ့ ေ့ရာမွှေလို့ရပါပြီ။
ခဏ မွှေပြီးရင် ပဲပင်ပေါက်၊ ခေါက်ဆွဲ အဝါ၊ အဖြူ အားလုံးထည့်ကြော်ပါ။
ငါး ငံပြာရည်၊ ကြက်သားမှုန့် သင့်သလို ထည့်ပါ.။
အောက်က နဲနဲ ကပ်လာပြီဆို ပုဇွန်ပြုတ်ရည် ၃- ၄ဇွန်းလောက် ထည့်ပြီး အသာလေး မွှေပေးပါ။
အဲလိုပဲ ပုဇွန်ပြုတ်ရည်နဲနဲချင်းထည့်ကာ ခေါက်ဆွဲတွေ ပျော့လာ အိလာရင် ဝက်ဆီဖတ်ကြော်ထည့်၊ Chives လေးတွေထည့်ကြော် အရည် ရွှဲရွှဲလေးနဲ့ အပေါ့ အငံမြည်းကာ ချလို့ရပါပြီ။

ပွဲပြင်ဖို့ကတော့ ပန်းကန်ပြားထဲ ကို ပူပူနွေးနွေး ခေါက်ဆွဲကြော်ကို ထည့် ဘေးက သံပုရာသီး တစ်စိတ်နဲ့ ငပိအကြေ အစပ်ကြော် လေး ဘေးက ပုံလိုက်ရင် စားလို့ရပါပြီ။ အလွန် အနံ့ အရသာနှင့် ပြည့်စုံသော Hokkien Prawn Mee ဖြစ်ပါတယ်။ အာဂ ပါးစပ် လူဖြစ်ကျိုး နပ်လောက်ရဲ့ ဆိုတာ တကယ်ပါပဲ။