
ဒီမှာ Chicken pie ဆိုတာ မသိရင်တော့ အင်မတန်ပေါ ဘယ်နေရာမဆို ဝယ်ရတယ်ထင်နေကြမှာ ။ တကယ်တမ်းကျတော့ ကောင်းကောင်းစားချင်ပြီဆို ဘယ်မှာ ဝယ်စားရမှန်း မသိပါဘူး။ သိတဲ့ဆိုင်ကျတော့လဲ အိမ်ကနေ နာရီဝက်လောက်မောင်းမှ ရောက်တော့ pie လေးအတွက်နဲ့တော့ အဲလောက် အဝေးကြီးကားမမောင်းချင်တာနဲ့ အိမ်မှာပဲ လုပ်စားဖြစ်တော့တယ်။ Recipe ကတော့ ဂျူဂျူလေး ကျောင်းမှာ food technology သင်ရတော့ သူ့ဆီကရတာပါ။
Chicken pie ၈ခု စာ အတွက် ပြင်ထားရမှာတွေက (လူ ၄ယောက်စာလောက်ရှိပါတယ်)
အထဲက ဌာပနာအတွက်
ကြက်သားရင်ပုံသား - ၃၅၀ gm - 1cm ပတ်လည် အတုံးလေးတွေ တုံးပြီး ဆားငရုပ်ကောင်းနဲ့နယ်ထားပါ။
ကြက်သွန်နီ ၂လုံး- 1cm ပတ်လည်လောက် chop လုပ်ထားပါ။
ကြက်သွန်ဖြူ ၅မွှာလောက် - နုတ်နုတ်စင်းထားပါ။
ပြောင်းဖူးချွေပြီးသား - 3/4 cup
ပဲစိမ်းလုံး (green pea) - 3/4 cup
Butter - ၄၀ ဂရမ်
chicken stock - 1cup
ငရုပ်ကောင်း အကြမ်းမှုန့် - လ္ဖက်ရည်ဇွန်း တစ်ဝက်
ဟင်းခပ်ဆီ စားပွဲဇွန်း တစ်ဇွန်း
ဂျုံမှုန့် - 1/2 cup
ကြက်ဥ တစ်လုံး
မုန့်ပြင်ဖို့အတွက်
Pastry - 25 cm square ၄ ချပ်
တစ်ခါသုံး aluminium pie cup - ၈ ခွက်
(ကိုယ့်အိမ်မှာရှိတဲ့ အပူခံ ဒန်ခွက်၊ ကြွေခွက်၊စတီးခွက် ကြိုက်ရာနဲ့ လုပ်နိူင်ပါတယ်။ pastry ကို ခွက်နဲ့ ကိုက်အောင် ဖြတ်ဖို့ပဲ လိုတာပါ။ ဒီတစ်ခါသုံးလေးတွေက ၄ခု ကွက်တိ ဖြတ်လို့ရလို့ သဘောကျနေတာ)

ပထမဆုံး oven ကို preheat 180 deg C ထားပါ။
စောနက နယ်ထားတဲ့ ကြက်သားကို အိုးထဲကို ဆီထည့် မီးအနေတော်နဲ့ (၃-၄ မိနစ်လောက်) အပူပေး၊ ကြက်သား အနည်းငယ် ကျက်သွားရင် သပ်သပ် ကော်ထားပါ။
စောနက ကြက်သားအိုးနဲ့ပဲ ထောပတ်ထည့် ၊ ကြက်သွန်ဖြူ၊ နီတွေထည့်ကြော်ပါ။ ကြက်သွန်တွေ နဲနဲညှိုးလာတာနဲ့ ပြောင်းဖူး၊ ပဲစိမ်းလုံးလေးတွေထည့်၊ ကြက်သားကိုလဲ ထည့်ပြီး မွှေပေးပါ။ ပြီးရင် chicken stock ကို 1 cup လောက်ထည့် ပွက်လာရင်၊ ဂျုံမှုန့် ထည့်ပြီး မွှေပေးပါ။ အနှစ်လေး ဌာပနာလို့ ကောင်းရုံအနေအထား ပျစ်လာပြီဆို ချပြီးအအေးခံထားပါ။ အပေါ့အငံ ဆားငရုပ်ကောင်း ကိုယ်ကြိုက်သလို သင့်တော်အောင် ပြင်ပါ။
Pastry အတွက် အောက်က ပုံအတိုင်း အောက်ခံ ၈ ခု၊ အပေါ်က အဖုံး ၈ ခု ကို ဖြတ်ထားပါ။ တစ်ချပ်ကို အဝိုင်းပုံ ၄ခု ရပါမယ်။ စုစုပေါင်း pastry အဝိုင်း ၁၆ ခု ရရပါမယ်။ အပေါ်က အမိုးလုပ်မဲ့ အဝိုင်းလေးတွေကိုတော့ အလည်ကနေ ဓားလေးနဲ့ cross ပုံလေး ဖောက်ထားပေးပါ။
ပြီးရင် တစ်ခါသုံး pie ခွက်လေးတွေထဲကို pastry အဝိုင်းကိုခင်းပြီး၊ အောက်က သူ့ခွက်ပုံလေးအတိုင်း ဖြစ်အောင် အပေါ်နှုတ်ခမ်းနားအထိ ဖြန့်လိုက်ပါ။ ခွက်ထဲမှာ အခင်းခင်းတာပေါ့။ ၈ခွက်လုံး တစ်ပြိုက်တည်း ပြင်ထားပါ။
အဲဒီခွက်ကလေးတွေထဲကို စောနက ဌာပနာလေးတွေကို အပြည့် လောင်းထည့်ပါ။
အပေါ်ကနေ အဖုံးလေးတွေ ဖုံးပြီး ဘေးလေးတွေကို အပေါ်နဲ့ အောက် (အမိုးနဲ့ အကာ) ကပ်သွားအောင် ခက်ရင်းလေးနဲ့ ဖိပြီးလိုက်ပိတ်ပေးပါ။
အပေါ်က အရောင်လေး လှအောင် ကြက်ဥ ခေါက်ထားတာလေး သုပ်ပေးပါ။
စောနက preheat လုပ်ထားတဲ့ oven ထဲကို 180 deg နဲ့ ၁၂ မိနစ်လောက် ထားလိုက်ရင် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ Chicken pie လေးတွေ ရပါပြီ။ ပူပူနွေးနွေး fresh ကိုစားရင် အရသာ ပိုကောင်းပါတယ်။



