အာလူးပူရီကို မြန်မာပြည်မှာ နေတုံးက ကောင်းကောင်း မစားဖူးပါဘူး။ ဆစ်ဒနီရောက်မှ ဘုန်းကြီးကျောင်း ဈေးရောင်းပွဲမှာ ရောင်းတဲ့ ပူရီကို ကြိုက်ပြီး အိမ်မှာ လုပ်စားကြည့်တာပါ။
အာလူးပူရီ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ (လူ ၃ - ၄ယောက် စာလောက်)
အာလူး ဟင်းအတွက်
အာလူး ၅၀၀ ဂရမ်
မုန်ညင်းစေ့ စားပွဲဇွန်း တစ်ဇွန်း
ဇီယာ စားပွဲဇွန်း တစ်ဇွန်း
သစ်ဂျပိုးခေါက် ၂ ခုခန့်
ကလားဝေးရွက် ၃ရွက်ခန့်
ပျဉ်းတော်သိမ်ရွက် တစ်ခက် ကို ချွေထားပါ။
ဆီ စားပွဲဇွန်း ၅ ဇွန်းခန့်
ခရမ်းချဉ်သီး ၃လုံးခန့် - နုတ်နုတ်စင်းထားပါ။
ကြက်သွန်နီ ၃လုံးခန့် - အခွံနွှာပြီး နုတ်နုတ်စင်းထားပါ။
ဂျင်း လက် တစ်ဆစ်ခန့် - ညက်အောင် ထောင်းထားပါ။
ကြက်သွန်ဖြူ - ၅မွှာခန့် - ညက်နေအောင် ထောင်းထားပါ။
ဆား
ဆနွင်းမှုန့် လဖက်ရည်ဇွန်း တစ်ဝက်ခန့်
ဟင်းခတ်မှုန့်
ပူရီအတွက်
ဂျုံ ၅၀၀ ဂရမ်ခန့်
ဆား အနည်းငယ်
သကြား စားပွဲဇွန်း ၂ဇွန်း
ဆီ စားပွဲဇွန်း တစ်ဇွန်း (နယ်ရန်)
ပူရီ ကြော်ရန် ဆီ များများ လိုပါတယ်။
အာလူးတွေကို နွှာပြီး တစ်လက်မ ပတ်လည်လောက် အတုံးလေးတွေ တုံး ဆား နယ်ထားပါ။
ဆီသတ်ဖို့ အတွက် အိုးဇောက်နက်နက် ထဲကို ဆီထည့် ဆနွင်းမှုန့်ထည့်၊ သစ်ဂျပိုးခေါက်တွေ ကုလားဝေးရွက်တွေအရင်ထည့် ဆီသတ်ပါ. ။ ပြီးရင် ကြက်သွန်နီ ထည့် ကြက်သွန်နွမ်းရင် မုံညင်းစေ့၊ ဇီယာနှင့် ပျဉ်းတော်သိမ်ရွက်တို့ကိုပါ ဆီသတ်ပါ။ ကြက်သွန် အရောင်နဲနဲ ညိုလာရင် ဂျင်းကြက်သွန်ဖြူတွေပါဆီသတ်ပြီး မွှေးလာရင် ခရမ်းချဉ်သီး၊ အာလူးတို့ကို ပါ ရောပြီး ဆီသတ်ပါ။ ကပ်လာရင် ရေထည့်ပြီး အာလူးနူးအိသည်အထိ မီးအေးအေးနှင့်တည်ထားပါ။ ရေတော်တော်များများထည့်ရပါတယ်။ ကျက်ခါနီးရင် ဆား ဟင်းခတ်မှုန့်ထည့်ပြီး စိတ်ကြိုက်ပြင်ပါ။ ပူရီနဲ့ စားဖို့ မဆလာနံ့သင်းတဲ့ အာလူးဟင်းရပါပြီ။
ပူရီကြော်ရန်
ပူရီအတွက် ဂျုံနယ်ရန် ဂျုံကို ဆားသကြား ဆီတို့နဲ့ရောပြီး ရေနွေးနွေးကို ဖြေးဖြေးချင်း လောင်းထည့်ပြီး ၅မိနစ်ခန့်နယ်ပေးပါ။ ပြီးရင် ဂျုံလုံးကို အဝတ်ရေစွတ်ပြီး အုပ်ထားလိုက်ပါ။ ၁၀ မိနစ် ၁၅ မိနစ်ခန့် ကြာရင် နောက်တစ်ခါ ၅ မိနစ်ခန့် ထပ်နယ်ပါ။ ပြီးရင် နောက်ထပ်ရေစိုဝတ်နဲ့ ၁၅ မိနစ်ခန့် ထပ်အုပ်ပြီးရင် ပူရီကြော်လို့ရပါပြီ။
ဂျုံနယ်ထားတာကို အလုံးလေးတွေ လုပ်ထားပြီး၊ ဂျုံလှိမ့်တဲ့ ဒလိမ့်တုံးနဲ့ ပါးနေအောင် လှိမ့်ပါ။ ဆီများများထည့်ထားတဲ့ အိုးထဲ ထည့်ကြော်ပါ။ မုန့် က ပွလာရင် နောက်တစ်ဖက်လှန်ပါ။ ၂ဖက်လုံး ဖောင်းလာရင် ဆီထဲကနေ ကော်ပါ

အချဉ် အတွက်
ကြက်သွန်နီ ပါးပါးလှီး ခရမ်းချဉ်သီးနဲ့ ပူစီနာ ကိုလည်း ပါးပါးလှီး ပြီး ဆား လေး၊ သံပုရာရည်လေး ညှစ်ပြီး နယ်ထားပါ။
![]() |
| အသားမပါရင် မစားတတ်တဲ့ ဦးခြိမ့်အတွက် ကြက်သား မဆလာ ဟိဒြူစတိုင် |




