Monday, February 21, 2011

ပျဉ်းမနားသွား တောလား ...

ရန်ကုန်ပြန် မှတ်တမ်း ရဲ့ အဆက်ပို့စ်ဖြစ်ပါတယ်ခင်ညား။

၂၈ ဒီဇင်ဘာ ၂၀၁၀
မနက် ၉နာရီခွဲလောက် ရန်ကုန်က ထွက်ကြပါတယ်။ ဦးခြိမ့်သူငယ်ချင်း ဦးဇော်ဆိုသူက နေပြည်တော် အမြန်လမ်းကနေ ကားမောင်းပြီး လိုက်ပို့ပေးပါတယ်။ ဦးဇော်ဆိုတာ ဦးခြိမ့်နဲ့ ပျဉ်းမနားမှာပဲ အတူကြီးပျင်းလာတဲ့ ဆိုးဖော်ဆိုးဖက် ငယ်သူငယ်ချင်းတွေပါ။ အမှန်က ဦးခြိမ့်က ကိုယ်တိုင်မောင်းသွားမလို့ဟာ သူ့သူငယ်ချင်းက မောင်းနေကျမဟုတ်လို့ စိတ်ပူတယ်ဆိုပြီး လိုက်ပို့တာပါ။ အင်မတန် ကျေးဇူးတင်စရာ အားနာစရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုပြောစရာရှိတာက ဦးဇော်က ကားမောင်း အလွန်ကြမ်းတယ်ခင်ည။ လုပ်သားပြည်သူများအားလုံး သိထားကြတဲ့အတိုင်း နေပြည်တော်အမြန်လမ်းဆိုတာကလည်း ယာဉ်တိုက်မှုတွေ လူသေမှုတွေနဲ့ အရမ်းနာမည်ကြီးနေတော့ ဦးဇော်မောင်းမှာကို မဆွိတီကတော့ အလွန်လန့်နေပါတယ်။ ဟိုတစ်ခေါက် လိုက်ပို့တုံးကလဲ ဦးဇော် မောင်းတာကြမ်းလွန်းလို့ တစ်လမ်းလုံး ဘုရားတရင်း စီးရတယ်။ အပြန်ကျ အသက်တောင် ပါပါ့မလား ... အဲလိုကို စိုးရိန်ခဲ့ရတာပါ။

ကားပေါ်စတက်တက်ချင်းပဲ " အဲဒီလမ်းကလေ ခုတလော ကားတွေခဏခဏတိုက်၊ လူတွေလဲ သေကြတယ်နော် " ဆို ဦးဇော်ကို ဖြေးဖြေးမောင်းပေးဖို့ ပတ်ပျိုးတုံးရှိသေး ဦးဇော်က " ဟ ... ဒီကောင်တွေက အရမ်းမောင်းကြတာကိုး ..."တဲ့ဆိုတော့ ဘာဆက်ပြောရမှန်းတောင် မသိဘူးဖြစ်သွားတယ်။ " အဖေရေ အဖေ့သူငယ်ချင်း ပြောနေတဲ့ပုံက သူကတော့ ကားမောင်းမကြမ်းတဲ့ပုံဗျာ ... " ဆို ရယ်ရယ်မောမောနဲ့ နောက်လိုက်မှ သူ့ရဲ့ကားမောင်းပုံနည်းစနစ်ကို ပြောပြပါတော့တယ်။

" ဒီလိုရှိတယ် မဆွိရဲ့ ... ကားတွေတိုက်တယ်ဆိုတာ ကားတွေ အရမ်းမောင်းကြလို့ဆိုတာဟုတ်တယ်ဗျ ... လမ်းကဖြောင့်ပြီး ကားကလဲ ရှင်းနေတော့ မောင်းရင်းနဲ့ကို အလိုလိုနေရင်း ကီလို ၁၄၀ -၁၅၀ ဖြစ်သွားတာ။ မောင်းသူက တစ်ခါတစ်လေ သတိတောင် မထားမိဘူး ... "

" နောက်ပြီး လမ်းမှာ လူတွေ၊ ကျွဲနွား၊ စက်ဘီး လမ်းကူးကြပြီဆိုရင် ကားကို သူတို့မြင်နေရတယ်။ ဒါပေမဲ့ အဲလောက်ကားအရှိန်ပြင်းမှန်း မသိကြဘူး။ ကားတော့ မရောက်လောက်သေးပါဘူး၊ မတိုက်လောက်ပါဘူးဆို ကူးလိုက်ပြီ၊ လမ်းလည်ခေါင်လောက်ရောက်တဲ့ အချိန်မှာ ကားကသူတို့ဆီ ရောက်နေပြီ။ ကားမောင်းတဲ့သူကလဲ ရုတ်တရက်ကားကို အရှိန်မထိမ်းနိုင်တော့ တိုက်ရင်တိုက်၊ မတိုက်ရင် လမ်းဘေးမောင်းချ။ အဲလိုတွေ ဖြစ်တာဗျ။ ပြီးတော့ အကွေ့တွေမှာလဲ မတရားမောင်းကြတော့ အရှိန်မထိမ်းနိုင်ပဲ စလစ်ဖြစ်ပြီး လမ်းဘေးချော်ကြ၊ မှောက်ကြပြန်ရော ... "

" အဲဒီတော့ ကျွန်တော်က လမ်းလယ်ခေါင် အဖြူလိုင်းကို ခွမောင်းတယ်။ စလစ်ဖြစ်တာ ပိုသက်သာတယ်ဗျ။ နောက် ရှေ့မှာလူဖြစ်ဖြစ်၊ ကား၊စက်ဘီး၊ လှည်း၊ ကျွဲနွား အရိပ်အယောင်တွေ့တာနဲ့ ကားကို အရှိန်လျှော့ချလိုက်တယ်။ ပြီးတော့ သူတို့ကို မကျော်မချင်း ဟွန်းကို အဆက်မပျက်နှိပ်ပြီး သတိပေးတော့တာပဲ ...

ဟုတ်လဲ ဟုတ်ပါတယ်။ ဒီတစ်ခေါက် ဦးဇော်ကားမောင်းတာ မြန်ပေမဲ့ အပေါ်က သူပြောတဲ့ အတိုင်းမောင်းသွားတော့ တော်တော်စိတ်အေးသွားပါတယ်။ သူက ဟွန်းကို တီးတာများဗျာ။ အရိပ်ကလေး မြင်တာနဲ့ တော်တော်ဝေးဝေးကနေကို စ တီးတာဆိုတော့ ဒါကျတော့လဲ ပိုလွန်းပြန်ပြီလို့တောင် ထင်မိသေး။ ဒါပေမဲ့ သတိပို၊ လိုသည်မရှိပါဗျာ။ သတိရှိတာကောင်းပါတယ်။ (အမှန်က ကိုယ်တွေ စိုးရိန်မှန်းသိလို့ သေချာသတိထားမောင်းတာလဲ ဖြစ်နိုင်ပါတယ်။ အင်မတန် ကျေးဇူးတင်စရာ ကောင်းပါတယ် ..)

ဒါနဲ့ ပျဉ်းမနား - ရန်ကုန်က မိုင်၂၀၀ကျော်ကျော်လောက် ရှိရာမှာ လမ်းတစ်ဝက်လောက်ကျတော့ ခရီးသွားတွေ စားသောက်အနားယူဖို့ နေရာကို ရောက်လာပါတယ်။ အရင်ကလို ဦးဇော်လည်း "ကြက်မကြီး "အော်စရာမလိုတော့ပါဘူး။ (ကြက်မကြီးဆိုတာကတော့ "ကျန်းမာရေး" လို့အော်တာကို ဂျူဂျူငယ်ငယ်က နားကြားလွဲတာပါ။ ဒီပို့စ်မှာကြည့်ပါ။)

နိုင်ငံခြားရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတဲ့ အလွန်သပ်ရပ်၊ အဆင့်မြင့်တဲ့ စားသောက်ဆိုင်တွေ စီတန်းနေတဲ့နေရာကို ကားကကွေ့ဝင်သွားပါတယ်ခင်ညာ။ စိတ်ထဲမှာတော့ မဆွိတီတို့ အနောက်နိုင်ငံတစ်ခုခုပဲ အလည်ရောက်နေတယ်လို့ ထင်စရာ ဖြစ်သွားရလောက်အောင် မြင်ကွင်းက လှပအဆင့်မြင့်ပါတယ်။ တိုးတက်မှု တစ်ခုပေါ့ဗျာ။

နောက်တစ်ခု ကြုံလို့ပြောချင်တာက ဒီတစ်ခေါက်ပြန်တော့ ရန်ကုန်လမ်းတွေမှာရော၊ ခု ဒီလမ်းမှာပါ လင်ခရူဇာလို၊ ပါကျဲရိုးလို ကားကောင်း ကားသစ်တွေ အများကြီးတွေ့ရတာပါပဲ။ without တွေ ကျေးဇူးဖြစ်မယ်နော်။ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်မှာ တစ်ခါတစ်လေ အဲလို ပြောင်ပြောင်ရောင်ရောင်လေးတွေတွေ့ရင် ကျေနပ်မိတာပါပဲ။ နောက်သတိထားမိတာက မြန်မာပြည်ကလူတွေက ကားတွေကို အဖြူရောင်ကြိုက်ကြတယ်နော်။ ဘာကားဖြစ်ဖြစ် အဖြူချည့်ပဲ။ စလုံးမှာတော့ metalic ရောင်လို့ခေါ်တဲ့ ငွေရောင်တွေများတော့ မျက်စိထဲ အမြင်ဆန်းနေတယ်။

ကားပတ်ကင်တွေကလဲ အဆန်းဗျ။ ကိုယ်စားမဲ့ စားသောက်ဆိုင်နာမည်ရေးထားတဲ့ နေရာမှာပဲ ကားပတ်ရတာ။ မဆွိတီတို့သွားတော့ feel မှာ ကားတွေပြည့်နေလို့ မတတ်နိုင်ဘူးဆိုပြီး တခြားနေရာ ၀င်ပတ်ခဲ့ကြတယ်။ feel မှာပဲ နေ့လည်စာဝင်စား၊ ကျန်းမာရေးသွားကြတယ်။ အဲဒီမှာ ရယ်စရာ တစ်ခုက အိမ်သာတွေက မီးဖိုချောင်နဲ့ ကပ်နေတော့ ချက်ပြုတ်ကြော်လှော်တဲ့ အနံ့တွေက အိမ်သာထဲမှာ မွှေးကြိုင်နေတော့ အိမ်သာတက်ရင်းနဲ့ နှာခေါင်းပိတ်ထားစရာ မလိုတော့ဘူးဗျာ။ အသစ်မှို့လားတော့မသိ။ အိမ်သာတွေလဲ တော်တော်သန့်ရှင်းပါတယ်။

လမ်းခရီးနားတာ နာရီဝက်လောက် ပေါင်းလိုက်တော့ နေပြည်တော်ကို ၄နာရီလောက် မောင်းရတယ်ထင်တာပဲ။ သေချာတော့ မှတ်မထားမိဘူး။


နေပြည်တော်မှာ မြို့နာမည်တွေက အဆန်းဗျ။ မဆွိတီတို့ငယ်ငယ်က သင်ခဲ့ရတဲ့ မဟောသဓာ ဇာတ်တော်ထဲကလို မြို့နာမည်တွေဆိုတော့ တစ်ချို့ဆို သေချာ မဖတ်တတ်လို့ ပြုံးမိသေးတယ်။


ညညဆိုရင် ဒီလမ်းတွေက မီးရောင်တညီးညီး လင်းထိန်လွန်းလို့ ရွာထဲကလူတွေ အလုပ်မရှိ အလုပ်ရှာ ထွက်သန်းရှာကြပါသတဲ့း)))ဦးဇော်က ရယ်စရာပြောတာပါ။ မီးတိုင်တွေကတော့ မြင်တဲ့အတိုင်း စိတ်နေတာ ပြောမယုံ၊ ကြုံဖူးမှသိ ဆိုသလိုပါပဲ။

ရွှေတိဂုံစေတီတော်နဲ့ တစ်ပုံစံတည်း တူအောင်တည်ထားတဲ့ ဘုရားပါတဲ့။




ပျဉ်းမနားမြို့ထဲ ၀င်ပါပြီ။
ဦးခြိမ့် အပြောကတော့ နေပြည်တော်ကြီး ဘေးမှာသာနေရတာ ... သူတို့ပျဉ်းမနားမြို့ ကတော့ သူတို့ငယ်ငယ်တုံးကအတိုင်း မပြောင်းလဲပါဘူးတဲ့ဗျာ။ လမ်းတွေက တ၀ုန်းဝုန်းနဲ့ ကျောက်ခဲစားသွား အစာကျေတုံး။ တိုက်တွေ၊ အိမ်တွေ၊ ဈေးတွေ ကလည်း ဟောင်းနွမ်းနေဆဲလို့ မကျေမနပ်ပြောပါတယ်။


နေ့လည် ၁နာရီခွဲမှာ ဦးခြိမ့်တို့အိမ်ရောက်ပါတယ်။ အဒေါ်အပျိုကြီးတွေနဲ့ အကိုဝမ်းကွဲတွေ ဂျူဂျူတို့သားအဖနဲ့ အလွမ်းသည်ကြသည်ပေါ့ဗျာ။ ဒေါ်ဆွိတီလည်း ချက်ချင်းလက်ငင်း ဇာတ်ရံဖြစ်သွားပါတော့တယ်း)))

၂၉ ဒီဇင်ဘာ ၂၀၁၀
ဦးခြိမ့်ရဲ့အကို ဆရာဝန်လဲ မန်းလေးကနေ ရောက်နေလို့ သူတို့မောင်နှမတွေ စုံနေတာနဲ့ မနက်ကို ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘ၂ပါးနဲ့ အကိုကြီးကို ရည်မှန်းပြီး ဘုန်းကြီးငါးပါးပင့် ဆွမ်းကပ်ပါတယ်။ သူတို့အရပ်က ဘုန်းကြီးပင့်တာ အဆန်းဗျ။ ကျောင်း၅ကျောင်းကနေ ဘုန်းကြီး ၅ပါး စုံအောင် ပင့်ရတာပါ။



ဦးခြိမ့်တို့ အိမ်က ဘုရားခန်းအပြင် အဆင်က အင်မတန် ရှေးဆန်ပါတယ်။
ဆွမ်းကျွေးမှာ အုန်းပွဲ ငှက်ပျောပွဲလဲပါတယ်။ ကွမ်းအစ်လဲပါတယ်။


ဂျူဂျူးနဲ့ ကြီးတော်များ။ ခရမ်းရောင်နဲ့က စလုံးက ကြီးတော်ပါ။ အတူပြန်လာကြပြီး ရန်ကုန်လေဆိပ်မှာကတည်းက ကြီးတော်က ပျဉ်းမနားကို အရင်သွားနှင့်တာပါ။


ပျဉ်းမနားမှာ တစ်ညအိပ်ပဲနေဖြစ်မှာမှို့ မဆွိတီကတော့ အပြင်ထွက် မလည်တော့ပါဘူး။ ယောင်းမ အပျိုကြီးတွေနဲ့ စကားစမြည်ပြောရအောင် အိမ်မှာပဲ နေပါတယ်။ အပျိုကြီးတွေက ဟိုမှာမစားရဘူးဆိုပြီး ဈေးထဲက မြန်မာမုန့်တွေ မျိုးစုံဝယ်ပြီး ဧည့်ခံတော့တာပဲ။ မုန့်လက်နှိပ်၊ မုန့်လက်ကောက်၊ ကန်ဇွန်းရွက် ကော်ပြန့်သုတ်၊ ပဲမြစ်ကို ထုပြီး ဆီနဲ့အိနေအောင်နယ်ထားတာ .... အစုံပဲ။ ဦးခြိမ့်ကတော့ ဆိုင်ကယ်တစ်စီးနဲ့ အပြင်ထွက်သွားလိုက်၊ ပြန်လာလိုက်နဲ့ပါပဲ။

နေ့ခင်း ၁နာရီခွဲလောက် ပျဉ်းမနားက အမျိုးတွေနဲ့ ဓာတ်ပုံရိုက်ကြ၊ ကန်တော့ကြနဲ့ နှုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။ ပြန်ခါနီး တစ်ဦးတည်းသော တူမလေး ဂျူဂျူကို ကြည့်ရင်း မျက်ရည်လည်ရွှဲနဲ့ နှုတ်ဆက်နေတဲ့ အစ်မ အပျိုကြီး ကိုလဲ အားပေးခဲ့ရပါသေးတယ်။

အပြန်လမ်းမှာတွေ့ခဲ့တဲ့ toll gate ...

မဆွိတီတို့ လမ်းရောက်တော့ ညနေ ၃နာရီ ၄နာ၇ီလောက်အချိန် လမ်းမှာ ရန်ကုန်က ထွက်လာတဲ့ ခရီးသည်တင်ကားတွေ အများကြီးတွေ့ခဲ့ပါတယ်။ ကားတွေကလဲ မလေးတိုးကားတွေလို သပ်သပ်ရပ်ရပ်နဲ့ အသစ်တွေခင်ဗျ။ အဲဒီကားကြီးတွေ တွေ့တာနဲ့ ဘတ်စ်ကားကြီးတွေစီးပြီး တငြိမ့်ငြိမ့် ခရီးသွားရတာကိုကြိုက်တဲ့ မဆွိတီ ပျဉ်းမနားကို နောက်တစ်ခေါက်တော့ တိုးကားနဲ့ သွားဦးမယ်လို့ စိတ်ကူးယဉ်နေမိပါတော့တယ်။

ရန်ကုန်ဝင်ခါနီးတော့ အိမ်ကနေ ခရီးဘေးရန်ကင်းဖို့ ဆုတောင်းပေးနေကြတဲ့ ဦးဇော် အမျိုးသမီးနဲ့ မဆွိတီတို့ အမေကို ရန်ကုန်ဝင်ပါပြီဆိုတဲ့ အကြောင်း စိတ်မပူရန် ဖုန်းဆက်ပြောရင်း ...

ရန်ကုန်မြို့ကို တစ်ခေါက် ပြန်ရောက်ပါပြီ ...

ရန်ကုန် ပြန်မှတ်တမ်း အပိုင်း ၂ မှာ ဆက်ရေးပါမည်။

18 comments:

  1. ရှေးခေတ်က အဲလိုပြူတင်းပေါက်နှစ်ထပ်နဲ့အိမ်မျိုး သဘောကျတယ်။

    ReplyDelete
  2. ကျောင်း၅ကျောင်းကနေ ဘုန်းကြီး ၅ပါး စုံအောင် ပင့်ရတဲ့ ဓလေ့
    ကြီးတော်တွေရဲ့ မဟာနဖူး
    ပြူတင်းပေါက် နှစ်ထပ်
    သဘောကျ...

    ReplyDelete
  3. တိုးဂိတ်တွေမှာဗိုလ်လိုရေးထားတဲ့ Please "Q" ဆိုတာမြင်ရတာစိတ်ပိန်တယ်..

    ReplyDelete
  4. ဒက္ခိဏနဂရကျောက်February 21, 2011 at 2:27 PM

    ကိုကြီးကျောက်တို့အိမ်လဲ..အဲဒီလို ပြူတင်းပေါက်နှစ်ထပ်..ရှေးပုံပေါ့..
    နွေဆိုရင် အောက်ကတံခါးဖွင့်အိပ်ကြတာလေ... air con မှမရှိတော့ အဲလိုလေး..တံခါးဖွင့်အိပ်မှ..

    ReplyDelete
  5. The house itself is about 65years old. The color of the windows are oil strain color (Yay Nan Gyi). Buddha Prayer are made by my uncle (who is passed away) with teak wood last 30years ago. Sculpture are designed with paper and he sculptured piece by piece.
    Mgchaint

    ReplyDelete
  6. ဆွိရေ ပျော်ရာကြီးနော်၊ နောက်တခေါက်တော့ ရောက်အောင် သွားဦးမယ် အဲဒီ နေပြည်တော်ကို...
    ဆံရေသောက်ကလေးတွေနဲ့ ကြီးတော်ကြီးတွေရဲ့ ဆံပင်နောက်ပြောင်သိမ်းစတိုင်ကို သီတာ့လိုပဲ သဘောကျ...

    ချစ်ကြည်အေး

    ReplyDelete
  7. The areas around the Pyinmana city were dense forest cover when I've been last 20 years ago. So, U Chaint's home was built and decorated as elegant Myanmar design by teak. A memorable was plenty of Myanmar foods by means of enriched in sticky rice, banana and coconuts.

    ReplyDelete
  8. မရောက်ဖူးပေမဲ့ တကယ်ရောက်သလိုပါပဲ။
    ကားလမ်းကြီး အကြောင်း ဒီက တီဗီမှာ ပြသွားလို့ ကြည့်ဖြစ် လိုက်ပါသေးတယ်။

    ReplyDelete
  9. ကန်ဇွန်းရွက်ကော်ပြန့်သုပ် ကိုအလွန်သတိရသွားပါသည်။ပျဉ်းမနားကို ပြန်ရကျိုးနပ်လိုက်တာ။

    ReplyDelete
  10. ချော(အစိမ်းရောင်လွင်ပြင်)February 23, 2011 at 7:35 PM

    ညီမလဲ နေပြည်တော် ရောက်ခဲ့တယ် ပျဉ်းမနားမြို့ထဲလဲ ၀င်ဖြစ်တယ်
    နေပြည်တော်နဲ့ ပျဉ်းမနားက ကွာခြားချက်တော့ တော်တော်များသွားပြီနော်
    ဦးခြိမ့်တို့အိမ်ရဲ့ ထမင်းဝိုင်းနဲ့ ဘုရားစင်ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ

    ReplyDelete
  11. မဆွိရေ

    ဟင်းပွဲလေးတွေ သေချာကြည့်သွားတယ် ဘုန်းကြီး ကြီး ဘုန်းပေးပြီးရင်တော့ တွယ်ချင်စရာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  12. ရင်ဖုံးအင်ကျီနဲ့ ချိတ်ထမီတ်ထားတဲ့ ကြီးတော်ကိုမြင်ရတာ
    ရင်အေးလိုက်တာ..။

    ReplyDelete
  13. မဆွိ..
    လမ်းတွေဖြောင့်ပြီး အိမ်သာတွေသန့်တယ်ဆိုလို့ စိတ်နည်းနည်းသက်သာသွားပါတယ်..ခင်ညားး))) (မဆွိကို လိုက်တုတာလေ)

    ပျဉ်းမနားက နာမည်တွေမှတ်ဖို့ ပါလိစာ( လကြီးဧက္ခရာ ရှာမတွေ့လို့) ပြန်ရှာဖတ်ရဦးမယ်.ထင်ပါတယ် မ ရယ်. (^^)/

    (၀ဲပြဿနာနဲ့ လင့်ခ်တွေ ပျောက်နေတော့ အဆက်အသွယ်ပြတ်ပြတ်သွားတယ်း(..။ အခုမှ စုဖတ်ရတယ်)

    ReplyDelete
  14. အပေါ်ကကွန်မန့်မှ အမှားပြင်ဆင်ချက် (အမှားများနဲ့ ကျွန်တော်း))

    ပျဉ်းမနားက နာမည်တွေမှတ်ဖို့ = နေပြည်တော်က နာမည်တွေ မှတ်ဖို့
    ပါလိစာ( လကြီးဧက္ခရာ ရှာမတွေ့လို့) = ပါလိစာ (လကြီးအက္ခရာ ရှာမတွေ့လို့ )

    နောက်ထပ်များ ကျန်သေးလားး..)
    ကျန်ရင်တော့ ဖြည့်ဖတ်ပေးနော်း)))

    ReplyDelete
  15. မဆွီတီ၊ အခုမှ ဦးခြိမ့်ပုံကို မြင်ဖူးလို့၊ သေသေချာချာကြီးကို မြင်ဖူးသလိုပဲ။
    ဦးခြိမ့်က နာမည်ရင်းလား အစ်ကို့သူငယ်ချင်းလားလို့။ ညီမလည်း ပျဉ်းမနားဇာတိမလို့။ နာမည်တော့ရောနေပြီ။ အစ်ကို့သူငယ်ချင်းနဲ့ တော်တော်တူတယ်။ ဟုတ်များ ဟုတ်လားပဲ။
    အစ်မဘလောဂ့်ကိုတော့ ခဏခဏဖတ်ဖြစ်တယ်။

    ReplyDelete
  16. Ju ju is very cute. In the picture, The lady wearing make up colour dress, she is very graceful. I think she might be elder sister of U Chaint according to the post :) .. thank u for sharing the picture. When the time I traveled on that highway, it was nothing in surrounding except field....

    ReplyDelete
  17. Ju ju is very cute. In the picture, The lady wearing make up colour dress, she is very graceful. I think she might be elder sister of U Chaint according to the post :) .. thank u for sharing the picture. When the time I traveled on that highway, it was nothing in surrounding except field....
    Tsu

    ReplyDelete
  18. ဦးခြိမ့် အစ်မအကြီးဆုံးဖြစ်ပါတယ်။ ငယ်ငယ်ကတော့ တော်တော်ချောခဲ့တာပေါ့။ အင်မတန် စိတ်ထား နူးညံ့ပျော့ပြောင်းတဲ့ အစ်မကြီးပါ။

    ReplyDelete