Tuesday, November 29, 2011

နီညိုရောင် တရားခံ ...

အန်တီဆွိငယ်ငယ်က အသားညိုတော့ အင်္ကျီ၊ထမီလေးတွေဆို အရောင်ရင့်တာလေးတွေ ရွေးဝတ်တယ်။ နီညိုရောင်၊ နက်ပြာရောင်၊ အနက်ရောင် အစရှိသဖြင့်ပေါ့။ အဲဒီအရောင်လေးတွေက အသားဆောင်တယ်ပေါ့။ အဲဒီခေတ်ကပေါ်တဲ့ ကြောင်ခြစ်တို့၊ ဘီဘဲလ်ထမီတို့ဆို နီညိုရောင်၊ နက်ပြာရောင်ကတော့ မပါမဖြစ်ပဲ။ ထမီတိုတိုဝတ်၊ အဲဒီထမီအနားလေးတွေအောက်က ပေါ်နေတဲ့ ခြေသလုံးသားလေးတွေက ၀င်းနေတာလို့ ကိုယ့်ကိုကိုယ် ထင်နေတတ်သေး။ ပါတိတ်တွေ ဘာတွေဆိုလဲ အဲဒီအရောင်လေးတွေပါတာပဲ ၀ယ်ဖြစ်တယ်။

ကိုယ့်အိမ်ကလူကတော့ ငယ်ငယ်က အိမ်မှာလဲ အငယ်ဆုံးလဲ ဖြစ်ပြန်၊ အကိုတွေကလဲ ၂ယောက်တောင်ရှိတော့ သူ့မှာ အကိုတွေအကျပဲ ၀တ်ရသတဲ့။ အကျဆိုတော့ ဘာအရောင်၊ ဘာအဆင် ရွေးပိုင်ခွင့်မရှိ၊ ကျတာယူပဲပေါ့။ အဲ ရွေးပိုင်ခွင့်ရှိပြီဆိုတော့လဲ သူတို့ အိမ်က အထည်ဆိုင်ဖွင့်ထားတော့ ဆိုင်ကျအထည်လေးတွေပဲ ရွေးရတယ်။ ဆိုင်ကျဆိုတော့လဲ အရောင်မလှ၊ အဆင်မလှတာတွေပဲ ကျန်မှာပေါ့။ အဲဒါသူငယ်ငယ်က "ဟဲ့ အငယ်ကောင်လေး ကြိုက်တာတစ်ထည်ယူ"ဆို ဘာအရောင်ရွေးလေ့ရှိလဲဆိုတော့ "ဖက်ဖူးစိမ်းရောင်" တဲ့ဗျား။ ခလေးမျက်စေ့ထဲ ဖက်ဖူးရောင်လေးက တခြားအရောင်တွေနဲ့စာရင် လှနေပါလိမ့်မယ်။ ခုခေတ်မတော့ အဲဒီအရောင်က ထင်သာမြင်သာ တောက်ပလွန်းလို့ လမ်းလုပ်သားတွေ၊ ညဖက် ရောင်ပြန်ပြားတွေမှာပဲ ကပ်တဲ့ အရောင်ပေါ့။ အဲဒီအကြောင်း အိမ်က ကြီးတော်က ပြောပြတော့ ရယ်လိုက်ရတာ။ ဖက်ဖူးရောင်ကြိုက်တဲ့ လူကြီးဆိုပြီး။ သူကတော့ ထုံးစံအတိုင်း "အိုးးးး ..... "ဆိုပြီး  ရှက်ပြုံးကြီးနဲ့ပေါ့။

ဟိုနေ့က အပြင်သွားတော့ သူက တီရှပ် နီညိုရောင် လေးနဲ့ဗျ။ တစ်နေ့ကလဲ အိမ်နေရင်း တီဗီကြည့်နေတဲ့ သူ့ကိုကြည့်လိုက်တာ နီညိုရောင် တီရှပ်လေးပဲ ၀တ်ထားတာ။ အမယ် ငါ့ယောက်ျားက နီညိုရောင်လေးနဲ့ အတော်ကြည့်ကောင်းသပေါ့တွေး။ မနေ့ကလဲ ဈေးဝယ်ကြမယ်ဆို အင်္ကျီလေးလဲပြီး ထွက်လာတာ ကြည့်လိုက်တော့ နီညိုရောင် တီရှပ်နဲ့ပဲ။ ဘယ့်နှာကြောင့် အင်္ကျီတစ်ထည်တည်းကို ခဏခဏ ၀တ်နေပါလိမ့်ပေါ့။ ဒါနဲ့ ...

" အဖေရေ ... အဖေ့ကို  ခုတစ်လော ကြည့်လိုက်ရင် အဲဒီနီညိုရောင် အင်္ကျီချည်းပဲ ၀တ်နေတာ ... နီညိုရောင် သိပ်ကြိုက်နေတာပေါ့လေ....ဟုတ်လား ..."

" အမယ်လေးဗျာ ... အဲဒီနီညိုရောင်က တစ်ထည်တည်း မဟုတ်ရပေါင်ဗျာ ... ပြီးတော့ အဲဒါတွေအကုန်လုံး အမေပဲ ၀ယ်ပေးထားတာပဲလေ ... ဘယ်တုံးကများ ကိုယ့်ဟာကိုယ် ၀ယ်ဖူးလို့လဲ ... အမေဆင်တာတွေပဲ ၀တ်နေတာပဲကို ... "

" ဟင် ... ဟုတ်လား သေချာတောင် မမှတ်မိတော့ဘူး ... အဲဒါတွေအားလုံး  ဆွိလေးဝယ်ပေးထားတာ ဟုတ်လား ... ဟားဟား ..."

ခုမှ ပြန်တွေးကြည့်တော့ သူက အင်္ကျီအ၀တ်အစား အင်မတန် ၀ယ်ခဲတယ်။ ၀ယ်ပေးရင်လဲ အတိုက်အခံလုပ်ပြီး ၀ယ်ပေးမှရတာ။ အင်္ကျီတွေ လှတယ်၊ မလှဘူး။ လိုက်တယ်၊ ကောင်းတယ်။ ဘာရယ်မှလဲ အာသီသရှိတာမဟုတ်ပါဘူး။ အပြင်သွားရင်လဲ ဖြစ်သလိုပဲ။ ဘီရိုထဲ အပေါ်ဆုံးက တွေ့တာ ကောက်စွပ်တာချည်းပဲ။ အဲဒါသူ့ကို တီရှပ်လေးတွေနဲ့ လိုက်တယ်ဆို တီရှပ်လေးတွေတော့ တွေ့တိုင်းဝယ်ပေးထားတာ။ ဟိုးအရင်ကထဲက နီညိုရောင်ကြိုက်တဲ့ ဓာတ်ခံကရှိတော့ အသားညိုတဲ့ယောက်ျားကို အသားဆောင်အောင် နီညိုရောင်လေးတွေချည်းပဲ ၀ယ်ပေးဖြစ်နေတာ။ တစ်ခါနဲ့တစ်ခါ ၀ယ်တဲ့ အချိန်တွေက မတူတော့ အဲလို နီညိုရောင်တွေ အဲလောက်များနေမှန်းလဲ မသိပါဘူး။ နောက် အင်္ကျီအကွက်ဆို နက်ပြာရောင် အကွက်တွေများတယ်။ နောက် နီညိုရောင်ကြိုက်ဆို အိမ်မှာလဲ ပထမဆုံးဝယ်တဲ့ ကားက နီညိုရောင်၊ ခုလက်ရှိကားလဲ နီညိုရောင်ပဲ ...

နောက်ဆုံးတော့ နီညိုရောင်တွေချည်း ၀တ်လှချေရဲ့ဆို တရားခံက ကိုယ်ကိုယ်တိုင်ဖြစ်နေပါရောလား ...း)

Thursday, November 24, 2011

ထမင်းသုပ် စားမယ် ဝေ့ ...

ထမင်းသုပ်ကတော့ ငယ်ငယ်က ရထားစီးရင် ကြက်ကြော်နဲ့ ထမင်းသုပ်ဆို လိုက်ရောင်းတာ သတိရတယ်။ အဲဒါ ဘယ်လိုစားချင်မှန်းမသိဘူးဗျာ။ သူတို့ထမင်းသုပ်က ထမင်းကို ကြက်ကြော်ဆီ (ဆနွင်းမှုန့်နိူင်နိူင်နဲ့) ဝါထိမ်နေတာကို ဆမ်း၊ မြေပဲဆံကြော် ကျွပ်ကျွပ်လေး။ ငရုပ်သီးတောင့်ကြော် မွှေးမွှေးလေးနဲ့ တကယ့်ကို စားချင်စဖွယ်ပဲ။ ငယ်ငယ်ကတော့ ဆင်းရဲတော့ ရထားစီးရင်း သွားရေသာကျရတယ်။  နောက်ပိုင်းကြီးလာတော့လဲ ဘာလို့လဲမသိ ဝယ်မစားဖြစ်ဘူးခင်ည။   အင်း ... ဒီတစ်ခါပြန်ရင်တော့ ရထားစီးပြီး အဲဒီ ထမင်းသုတ် ဝယ်စားဦးမှလို့ တွေးနေတယ်။ း)

ခုကြီးလာတော့ ဟို အစ်မခင်ဦးမေပြောသလို သူငှေး ဖြစ်ပြီဆိုတော့ အိမ်မှာပဲ ကြက်သားကြော် ပြီး ခဏခဏ ထမင်းသုပ်စားပလိုက်တယ်။ အဲဒီ ထမင်းသုပ်ကိုပဲ ဘယ်လိုသုပ်ရလဲဆိုတာ ညီမတစ်ယောက်က ဂျီတော့ကနေ ခဏခဏဂျီကျနေတာနဲ့ ဓာတ်ပုံရိုက်ထားတာလေးတွေ ရှိလို့ တင်ပေးလိုက်တယ်။ ရထားပေါ်ကဟာကတော့ အလွယ်ပေါ့နော်။ အဲဒါကအပေါ်ကပြောသလိုပဲ လွယ်တယ်။  ခုဟာက ဆိုင်တွေမှာသုပ်သလိုမျိုး သုတ်စားတာ။

ထမင်းသုပ်မယ်ဆိုရင်တော့ ထမင်းကို မပျော့လွန်း မမာလွန်း အနေတော်လေးဖြစ်ဖို့တော့လိုမယ်နော်။ တချို့လဲ အာလူးလေးတွေ လှီးပြီး ထည့့်သုတ်တယ်။ စေးစေးလေးဖြစ်အောင်။


လိုတဲ့ပစ္စည်းတွေက
၁။ ထမင်း
၂။ ကြက်သွန်ဖြူ ဆီချက် (နနွင်းမှုန့်များများနဲ့ ဝါဝါထိမ်ထိမ်လေးချက်ထားပါ)

၃။ ပဲမှုန့် အကျက်မှုန့်

၄။ ငရုပ်သီးမှုန့်
၅။ မကျည်းရည် (ပျစ်ပျစ်လေးဖျော်ထားပါ)
၆။ ပုဇွန်ခြောက်မှုန့်
၇။ ငါးငံပြာရည်
၈။ အာလူး (ကြိုက်ရင် ၂လုံးလောက်ပြုတ်ပြီး ပါးပါးလှီးထားပါ။ အိမ်ကလူက အာလူးမကြိုက်လို့ ထည့်မသုပ်ပါ)
၉။ ဆီနီချက် (ဆီကို အရောင်တင်မှုန့် လေးထည့်ပြီး ချက်ထားပါ -အရောင်လှအောင်ပါ)
၁၀။ ကြက်သွန်နီ ပါးပါးလှီး (အခိုးထွက်အောင် ရေဆေးပြီး စစ်ထားပါ။)
၁၁။ နံနံ ကြိုက်တတ်ရင် ထည့်ရအောင် ပါးပါးလှီးထားပါ။
၁၂။ မြေပဲဆံ ကြော်ထားပါ။
၁၃။ ပဲပုပ်နဲ့ ငရုပ်သီးတောင့် ကြော်ထားပါ။
၁၄။ ကြက်သားကြော်ထားပါ။
၁၅။ ကြက်ရိုးကို ပြုတ်ပြီး ဗလာဟင်းချိုလေး လုပ်ထားပါ။ (ကြက်ရိုးကို ဂျင်း၊ ကြက်သွန်ဖြူ၊ငံပြာရည်တို့နှင့်ပြုတ် ငရုပ်ကောင်းများများထည့်ပြီး ဟင်းခါးချက်ပါ)


ပြီးရင် သုပ်မဲ့ ဇလုံခပ်ကြီးကြီးထဲကို အပေါ်က အဆာပလာတွေ ၁ကနေ ၁၁ထိ ထည့်သုတ်ရတာပါပဲ။ အချိုးအဆတွေကတော့ အသေးစိတ် မှတ်မထားတော့ပါဘူး။ မြည်းကြည့် လိုတိုး ပိုလျှော့ပေါ့။

နောက်မှ အပေါ်ကနေ မြေပဲကြော်၊ ပဲပုပ်၊ ငရုပ်သီးတောင့်တို့ကို ထည့့်ဖြူးပြီး စားရတာပါ။

 ကြက်သားကြော်လေး ကိုက်လိုက်၊ ထမင်းသုပ်လေးစားလိုက်၊ ငရုပ်သီးတောင့်လေးကိုက်လိုက်နဲ့ အာဂပါးစပ် လူဖြစ်ရကျိုးနပ်လောက်ရဲ့။








Wednesday, November 23, 2011

ဘ၀အနားဖြာ ...

မမော်က လှသလို အလှအပလဲ သိပ်ကြိုက်တယ်။ ကြည့်လိုက်ရင် သူ့ဖေးဘရိတ် နှုတ်ခမ်းနီ အနီရောင်လေးနဲ့ ရဲလို့။ မျက်ခုံးမွှေးကိုလဲ လှလှပပ ပုံဖော်ပြီး နှုတ်ထားသေးတယ်။ မျက်လုံးကိုလဲ ခါချယ်လေးအမြဲဆိုး။ မျက်တောင်ကော့အောင် မက်စ်ကာရာလေး တင်ထားတယ်။ မေးရိုးလေးတွေပေါ်အောင် ပါးပေါ်မှာ ပါးအို့နီပြေပြေလေးလဲ ဆိုးတတ်သေးတယ်။ မမော်ကို ကြည့်လိုက်ရင်ဖြင့် ခေတ်မီသပ်ရပ်ပြီး သိပ်လှတာပဲလို့ ခံစားရတယ်။

မမော် ငယ်ငယ်က ကျောင်းတွေပိတ်တော့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖူးတယ်။ အဲဒီအချိန်က စက်ရုံမှာ Levi's ဘောင်းဘီအတိုတွေ ချုပ်တယ်။ Levi's အစစ်တွေနော်။ အနောက်တိုင်းနိုင်ငံတွေကို ပို့တာတဲ့။ အဲဒီမှာ လုပ်ရတဲ့ အလုပ်က အင်စပတ်တာ တဲ့။ နာမည်ကသာအပျံစား။ ဘာလုပ်ရလဲဆိုတော့ အထည်တွေကို စစ်ရတာ။ ပလပ်စတစ်အိပ်နဲ့ ပက်ကင်ပိတ်ခါနီး အထည်တွေကို တစ်ထည်ချင်း ချုပ်ရိုးတွေ ပြုတ်နေလား၊ ချုပ်ရိုးတွေ မလှဘူးလား၊ ချည်တွေ ထွက်နေလား၊ အထည်သားမှာ ရေစီးကြောင်းတွေပါလား၊ အစွန်းတွေပါလား အစရှိသဖြင့် စစ်ပြီး အပြစ်တွေ့ပြီဆို အနီရောင် စတစ်ကာလေးကပ်ပြီး ပြင်တဲ့နေရာပို့ရတယ်။ အများအားဖြင့်တော့ ချည်တွေညှပ်တာ ကျန်တာပါပဲ။ သူတို့ရှေ့မှာ ချည်ညှပ်တဲ့အဖွဲ့ ရှိတယ်လေ။ အဲလိုဆိုရင်တော့ မမော်တို့လို အထည်စစ်တဲ့သူတွေက ကျန်တဲ့ချည်တွေကို ကပ်ကြေးလေးကိုင်ပြီး တဂျပ်ဂျပ်နဲ့ ညှပ်ပေးလိုက်တာပဲ။

အဲဒီအထည်ချုပ်စက်ရုံမှာ လုပ်ဖူးကတဲက မမော်ဟာ အင်္ကျီဖြစ်ဖြစ် အ၀တ်အစား အသစ်ဝယ်လာရင် အင်္ကျီကို ပြောင်းပြန်လှန် ကပ်ကြေးလေးတစ်ချောင်းကိုင်ပြီး အပိုထွက်နေတဲ့ အပ်ချည်ကြိုး အစ၊ အနတွေ ညှပ်တော့တာပဲ။ သူ့စိတ်ထဲမှာ အ၀တ်အစား ဘရမ်းကောင်းကောင်းတွေဟာ ဘယ်တော့မှ ချည်တမျှင် အထွက်မခံဘူး။ အ၀တ်အစား ဘရန်းအကောင်းစားတွေ မ၀တ်နိုင်ပေမဲ့ သူဝတ်တဲ့အင်္ကျီလေးတွေ ချည်တစ်စက်မှ မထွက်ပဲ သပ်သပ်ရပ်ရပ် ၀တ်ချင်တဲ့ သဘောပေါ့။

ခုတော့ မမော်လဲ စင်္ကာပူမှာ အိမ်ထောင်ရက်သားကျလို့ သမီးလေးတစ်ယောက်နဲ့ အလုပ်လုပ်ရင်း ဘ၀ကို နေသားကျနေပြီ။ နေ့စဉ်ရုံးသွား၊ ရုံးပြန်၊ ခလေးကျောင်းပို့၊ အားရက်တွေမှာ ချက်ပြုတ် ၊ အပြင်လေးဘာလေးထွက် လုံးလည်လိုက်နေပေမဲ့ ချစ်ရတဲ့ သမီးလေးနဲ့ ယောက်ျားတို့နဲ့ အတူဆိုတော့ ဘ၀ကို ပျော်ပျော်ပဲနေတယ်။ ရတဲ့ အချိန်လေးနဲ့ ဈေးဝယ် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယဉ် လှလှပပနေမြဲပဲ။

တစ်ရက်တော့ ယောက်ျားလုပ်သူက သူ့ခါးအောင့်အောင့်နေသတဲ့။ ပြောနေတာကြာပြီဆိုတော့ ဆရာဝန်သွားပြကြည့်ပါလားဆို စစ်ဆေးရာကအစ သူ့မှာ ကင်ဆာကျိတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ မမော်တော့ သတင်းကြားကြားချင်း ပြာဝေသွားတယ်။ မူးလဲ မတတ်ဖြစ်တယ်။ သိပ်ထိခိုက်လွယ်တဲ့ ယောက်ျားကိုသနားတာရော သူ့ဘ၀ ကမ္ဘာပျက်မတတ်ပဲ။  ယောက်ျားရှေ့ ငိုချလိုက်ရမလား၊ အော် ငါငိုနေရင် သူက ပိုဆိုးမပေါ့ဆို ကွယ်ရာမှာသာ မျက်ရည်ကျတယ်။ ကျိတ်ကာ ရှိုက်တယ်။ သမီးလေးမျက်နှာကြည့်ရင်း ၀မ်းနည်းနည်း လာတတ်တယ်။ ယောက်ျားအတွက် ဆေးကုသမှုတွေ စလုပ်ရတော့မှာမှို့ ယောက်ျားက အလုပ်ကနေ ၄လလောက် နားလိုက်တယ်။

ယောက်ျားလုပ်သူက ကီမိုသွင်းလိုက်၊ ရေဒီယိုသရပီနဲ့ ကုလိုက်နဲ့ ဆေးရုံကို ၂ပတ်ဆက်တိုက်သွားရတယ်။ ယောက်ျားကို ဆေးရုံလိုက်ပို့၊ အလုပ်တစ်ဖက် ခလေး ကျောင်းတစ်ဖက်နဲ့ အတော်လဲ ကသီတယ်။ အိမ်ကိုလာ သတင်းမေးသူတွေကို ဧည့်ခံရတယ်။ ယောက်ျားအတွက် နားစွန်နားဖျားကြားတဲ့ ဆေးမီးတို သင်္ဘောရွက်သုတ်ကျွေးတာတို့၊ဘာတို့ သက်သာမယ်ထင်ရာ ရှာလုပ်ပေးသေးတယ်။ ကီမိုသွင်းထားတဲ့ ယောက်ျားလုပ်သူက အစားပျက်၊ ဘာမှစားလို့မရလို့ အမျိုးတွေ အသိတွေကိုတောင် အကူအညီတောင်းယူရတယ်။ ကိုယ်တိုင်လဲ တတ်နိုင်သမျှ ချက်ပြုတ်ကျွေးရှာပါတယ်။ ကင်ဆာလို့ သိလိုက်ရတဲ့ အချိန်ကစလို့ မမော်ရဲ့ ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်။ စိတ်ဓာတ်ရေးရာအရရော၊ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာ လူမှုပတ်ဝန်းကျင် ဘ၀တွေပါ ပြောင်းလဲသွားတယ်။ စိတ်တွေ ညစ်ညူးရှုပ်ထွေးနေတယ်။ လေပြေလေး သာနေရာကနေ လေပြင်းမုန်တိုင်းတ၀ုန်းဝုန်းနဲ့ တိုက်လိုက်သလိုပဲ။ ဘ၀ဟာ နေသားကျနေရာကနေ အားလုံး ရှုပ်ထွေး ပြန့်ကျဲကုန်တယ်။

ဟိုနေ့က ယောက်ျားက ကီမို တစ်ရက်နားလို့ ဘုန်းကြီးကျောင်းသွားချင်သတဲ့။ သမီးလေးကို ရေမိုးချိုး၊ အစာမစားနိုင်လို့ ဗိုက်ကနေဖောက်ပြီး အစာသွင်းနေရတဲ့ ယောက်ျားအတွက် လုပ်ကိုင်ပေး၊ ကိုယ်တိုင်လဲ ကမန်းကတမ်းရေချိုး။ မျက်နှာကိုလဲ တို့ပတ်လေးနဲ့ တက်သုတ်ရိုက်ပြင်၊ နှုတ်ခမ်းနီတောင်ဆိုးဖို့ အချိန်မရတော့။ အင်္ကျီလဲမလို့ ကမန်းကတမ်း ဘီရိုအပေါ်ဆုံးက တွေ့တဲ့ တစ်ထည် ကောက်ဆွဲပြီး စွပ်ချလိုက်တယ်။ ၀တ်ရလွယ်တဲ့ အကျီအရှည်လေး။ ၀တ်ပြီးမှ မှန်ကို တစ်ချက်အကြည့် အကျီလေးက လည်ပင်းနားတစ်ဝိုက်မှာ ချုပ်ရိုးတွေပြေလို့ အနားတွေ ဖွာထွက်နေတယ်။ ဘယ်နား ဘာနဲ့ ငြိလိုက်တယ်မသိ။ သိသိသာသာကို စုတ်နေတယ်။

ပထမတော့ အကျီလေး ပြန်လဲမလို့ စိတ်ကူးသေးတယ်။ နောက်မှ သွားဖို့ စောင့်နေတဲ့ ယောက်ျားရယ် သမီးလေးရယ်ကိုကြည့်ပြီး" အော် ... ဘ၀တွေတောင် ဒီလောက်စုတ်ပြီး ပြာယာခတ်နေမှတော့ ဒီအင်္ကျီလေး စုတ်တာ ဘာအရေးလဲ " တွေး နာနာကျည်းကျည်း ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ဘုန်းကြီးကျောင်းကို ဒီအတိုင်းသာလိုက်ခဲ့တော့တယ်။ ။

Monday, November 21, 2011

ဂျူဂျူလေး အကြိုက် Pancake

 ဒီအပတ်တော့ pan cake လုပ်နည်းလေး ပြောပြပါ့မယ်။ ခလေးအမေတစ်ယောက်ကလည်း တောင်းဆိုထားလို့ပါ။


ပန်ကိတ်လုပ်ဖို့ လိုတဲ့ ingredient တွေက
(ပန်ကိတ် ၈ခုစာလောက်ပါ)

၁။ ဂျုံမှုန့် 500 ml (ပလပ်စတစ် ဆန်ချင်ခွက် ၃ခွက်ခန့်)
၂။ နွားနို့  400 ml (ပလပ်စတစ် ဆန်ချင်ခွက် ၂ခွက်ခွဲခန့်)
၃။ ကြက်ဥ ၂လုံး
၎။ ဆော်ဒါ  လက်ဖက်ရည်ဇွန်း ၂ဇွန်း ( Bicarbonate soda)
၅။ ထောပတ် (ပျော်ပြီးသား)  စားပွဲဇွန်း ၃ဇွန်းခန့် (မုန့်ဖျော်ရန်) ၊ ထောပတ် စားပွဲဇွန်း ၁၆ဇွန်းခန့် (မုန့်လုပ်ရန်)
၆။ သကြား 80ml (ပလပ်စတစ် ဆန်ချင်ခွက် တစ်ဝက်ခန့်)
ဒီဂျုံမှုန့်ကတော့ ဆိုဒါပါပြီးသားမှို့ ဆိုဒါထပ်ထည့်စရာမလိုတဲ့ အစားမျိုးပါ။
 
Baking soda


 
မုန့်နှစ် မွှေပြီ ....

ပထမဆုံး မုန့်နှစ်ဖျော်ဖို့  ဇောက်နက်နက် ခွက်ထဲမှာ ဂျုံ၊ ဆော်ဒါ နဲ့ သကြားကို အရင် ရောနယ်ထားပါ။
ပြီးတောမှ နွားနို့ထည့်ပြီး မွှေပေးပါ။ ကြက်ဥပါထည့်ပြီး အားလုံး နှံ့နေအောင် ကြက်ဥခေါက်တဲ့ ဇွန်းနဲ့ နာနာမွှေပေးပါ။ လက်နဲ့ ဆိုရင်တော့ တော်တော်မွှေရပါမယ်။ (လက်နဲ့ မွှေမယ်ဆိုရင်တော့ အချိုးအစားနဲနဲသာ လုပ်ပါ)

(သို့)
အိမ်မှာ mixer ရှိရင် mixer နဲ့ ၃မိနစ်လောက် မွှေပေးပါ။



ပန်ကိတ် လုပ်ပြီ ....
 အားလုံ ရောသမမွှေပြီး သကာလ ...  ပန်ကိတ်ကြော်ရန် မုန့်နှစ်ရပါပြီခင်ညာ။ တစ်ခါထဲ မစားချင်ရင်ပလပ်စတစ်ဗူးလေးနဲ့ နောက်နေ့တွေအတွက်ပါ ရေခဲသေတ္တာထဲ သိမ်းထားလို့ရပါတယ်။ ၂ရက် ၃ရက်တော့ ခံပါတယ်။

မီးကို အအေးဆုံးထားပါ။ ဒယ်အိုးထဲ ထောပတ်အရည် စားပွဲဇွန်း နှစ်ဇွန်းခန့်ထည့် မုန့်နှစ် တစ်ဇွန်းခန့်ထည့်ပြီး မုန့်နှစ်တွေကို အ၀ိုင်းပုံလေးဖြစ်အောင် ဒယ်အိုးကို စောင်းပြီး လှည့်ပေးပါ။


 ပြီးတော့ အဖုံလေး အုပ်ထားပါ။
 

ခဏနေရင် ဆော်ဒါကြောင့် မုန့်ကပွပြီး အပေါက် အပေါက်လေးတွေ ဖြစ်လာပါလိမ့်မယ်။ မုန့်လုပ်ရတာ ငယ်ငယ်က မြေကြီးပုံထဲ ရေလောင်းချပြီး ကစားသလိုပဲ ပျော်စရာကောင်းပါတယ်။


မုန့်က သကြားပါတော့ အောက်ပိုင်းက တူးလွယ်ပါတယ်။ ဒါကြောင့် မီးအအေးဆုံးနဲ့ တည်ခိုင်းတာပါ။ အောက်ကမတူးခင် အရောင်အနဲငယ်ညိုလာရင် ဇွန်းအပြား ခပ်ကြီးကြီးနဲ့ အပေါ်အောက် လှန်ပေးပါ။

 ၂ဖက်လုံး အရောင်လေး ညိုလာရင် ချလို့ရပါပြီ။

စားတော့မယ်၊ ၀ါးတော့မယ် ...

ပန်ကိတ်က အရမ်းကြီးတော့ မချိုဘူးခင်ည။ အိမ်မှာတော့ ထန်းလျှက်ရည်လို maple syrup နဲ့ ဆမ်းပြီးစားကြတယ်။ ချိုတော့ ဂျူဂျူတို့ အကြိုက် ပေါ့ဂျာ။

 မုန့်က ဘိန်းမုန့်လေးလိုပဲ ကျွပ်ကျွပ် ပွပွ ချိုချိုလေး စားလို့ အင်မတန်ကောင်းပါတယ်။ ဘိန်းမုန့်အလွမ်းပြေပေါ့။






Tuesday, November 15, 2011

ကျွန်မတို့ မိန်းမတွေရယ်


Spring  ရောက်ပြီဆိုကတည်းက ရာသီဥတုလေးကလဲ ခြေခင်းလက်ခင်းသာတော့ အိမ်မှာ အပင်လေးတွေစိုက်မယ်ဆို သစ်စေ့လေးတွေ ၀ယ်လာခဲ့တယ်။ နံနံ၊ ရုံးပတီ၊ ငရုပ်၊ ဘေဆယ် နဲ့ ပန်းပင်လေးတွေ အစုံပါပဲ။ သစ်ပင်တွေစိုက်ကာစ အညှောင့်လေးတွေထွက်လာတော့ ကိုယ့်အိမ်ကလူက ၀ီရိယကောင်းလှတယ်။ မနက်ခင်း စောစော ဘရိတ်ဖတ်စ်မစားမီ ရေပန်းခရားလေးကိုင် အပင်တွေ ရေထွက်လောင်းတော့တာပဲ။ သူအကျင့်က အဲလိုပဲ။ စစချင်း အင်မတန် ၀ီရိယကောင်းတာ။ သူ့အမေဆို သူ့တို့ညီအကိုတွေကို အမြဲဆုံးမသတဲ့။ ကောက်ရိုးမီးလို ၀ရိယက ခဏပဲပေါ့။ အဲဒါကို ရယ်စရာ ကြက် ဘာဖြစ်တယ်ဆိုလား နှိုင်းယှဉ်ပြီး ပြောသတဲ့။

ဒီလိုနဲ့ ရက်တွေကြာလာတော့ အပင်လေးတွေလဲ အညှောင့်လေးတွေကနေ အကိုင်းအခက်၊ အညွန့်လေးတွေ ထွက်လာခဲ့ပြီ။ အဲဒီအပင်တွေထဲ အသန်ဆုံးကတော့ နံနံပင်လေးတွေပဲ။ ဈေးထဲမှာရောင်းသလောက် အရွယ်လေးတွေ၊ ခူးဆွတ်ဖို့ အရွယ်ရောက်နေပေမဲ့ အိမ်မှာ နံနံတွေဝယ်ထားတာ များနေတော့ ခူးပြီး မသုံးဖြစ်ဘူး။ ဒီနေ့မနက်လဲ ကိုယ့်အိမ်ကလူက ထုံးစံအတိုင်း ရေပန်းခရား တစ်လုံးနဲ့ အလုပ်ရှုပ်နေမြဲ။

နေ့ခင်းဖက် ဟင်းချက်မယ်ကြံတော့ တစ်နေ့က ခွဲချန်ထားတဲ့ အမဲသားနှပ်လေးက ရှိနေတော့ ချဉ်ပေါင်မျှစ်လေးကို ကန်ဇွန်းရွက်အကျန်လေးနဲ့ ရေစပ်စပ်ချက်မယ်စိတ်ကူးလိုက်တယ်။ ချဉ်ပေါင်ဟင်းနဲ့လိုက်အောင် ငရုပ်သီးထောင်းမယ်ကြံတော့ ငရုပ်သီးမှုန့်က ကုန်နေတာနဲ့ ငရုပ်သီး လှော်ထောင်းဖို့ သတိရသွားတယ်။ ဒါနဲ့ ချဉ်ပေါင်အိုးလေး အရင်တည် မြည်းကြည့်၊ အချဉ်ပေါ့ ချဉ်ပေါင်ထပ်ထည့်နဲ့ အလုပ်ရှုပ်။ ချဉ်ပေါင်ဟင်းကျက်ခါနီးမှ ငရုပ်သီးလေးတွေကို စိတ်ရှည်လက်ရှည်လှော်၊ ပြီးတော့ဒယ်အိုးကို မီးပိတ်ထားလိုက်တယ်။ သူ့အပူနဲ့သူ ကျက်ပလေ့စေပေါ့။


ချဉ်ပေါင်ဟင်းကျက်ခါနီး အိမ်အပြင်ဖက် မျက်စိအရောက် နံနံလေးတွေ လဲနေတာ တွေ့သွားတယ်။ ဟင် ဘယ့်နှာကြောင့် လဲနေပါလိမ့်ပေါ့။ သွားကြည့်တော့ အပင်အောက် မြေကြီးမှာ ရေတစ်စက်မှမရှိ၊ ခြောက်သယောင်းနေတော့ အပင်က ချက်ချင်းလက်ငင်း ပူပြီး ညှိုးကျသွားတာ။ ဒါဆို မဖြစ်ချေဘူး။ ဒီနံနံတော့ ခူးမှဖြစ်တော့မှာ။ မနက်က ဟိုလူကြီး ရေလောင်းတာ မြင်သားနဲ့ ဘယ်လိုဖြစ်ပါလိမ့် စိတ်ကတွေး။ အင်း.. ချဉ်ဟင်းအိုးလဲ ကျက်ပြီဆိုတော့ နံနံလေးတွေ အတော်ပဲ၊ အပင်က လတ်လတ်ဆတ်ဆတ်ဆို အတော် မွှေးမှာပဲဆို နံနံတွေခူး၊ ရေဆေးပြီး ချဉ်ဟင်းအိုးထဲ ပစ်ထည့်လိုက်တယ်။ ထည့်ပြီး အငြိမ်မနေ ဇွန်းလေးနဲ့မွှေ၊ မြည်းကြည့်တော့ ဟမ်မလေး ချဉ်ဟင်းနှယ် စပ်ချက်တော့။ ငါခုနက မြည်းတာ မစပ်ပါဘူးပေါ့။

ဒီမှာ သံသယ၀င်သွားတယ်။ ဟိုတစ်လောက အိမ်က နှင်းဆီပင်လေးတွေမှာ ပိုးကောင်လေးတွေကိုက်လို့ ဖြန်းရအောင်ဆို ပိုးသတ်ဆေးဝယ်လာတာ။ သူက ပန်းပင်ရော၊ စားပင် ဟင်းသီးဟင်းရွက်တွေပါ ဖြန်းလို့ရတဲ့ အမျိုးကိုး။ ဟိုနေ့ကတောင် ပြောနေသေး။ သူဝယ်လာတဲ့ ပိုးသတ်ဆေးက ဟင်းသီးဟင်းရွက်တွေပါ ဖြန်းလို့ရသတဲ့လေ။  ဒီတော့ အိမ်ကလူများ နံနံတွေကို ဆေးဖြန်းထားသလား။ နံနံမှာ ပိုးသတ်ဆေးတွေပါလို့ ဒီလောက် စပ်သလား။ အော် ပိုးသတ်ဆေးဆိုတာ ဒီလိုစပ်သကိုးလို့တောင် စိတ်ထဲ တွေးနေသေး။

မြည်းနေရင်းနဲ့ ပိုပို စပ်လာလို့ ကိုယ့်အိမ်ကလူကို ဖုန်းဆက်မေးမှဖြစ်တော့မယ်ဆို ဖုန်းဆီ ပြေးဆက်တယ်။ အရေးထဲ ရုံးဖုန်းကို ဆက်တာ မကိုင်လို့ ဟမ်းဖုန်းကို ဆက်ရတယ်။

"ဟယ်လို အဖေလား ..."

"အေး ..."

"အဖေ မနက်က အပင်တွေ ရေလောင်းသေးတယ်မဟုတ်လား ..."

"အေးလေ ..."

"ဒါပေမဲ့ နံနံတွေ မလောင်းဘူး မဟုတ်လား။ နံနံတွေ ဘာဖြစ်ကုန်ပြီထင်သလဲ။ အကုန်ညှိုးကုန်ပြီ အဖေ ..."

"ဟုတ်တယ်။ မနက်က ရေလောင်းတော့ ခေါင်းရင်းက အပင်တွေပဲ လောင်းတာ ... နံနံတွေ မပါဘူး ..."

"ဟင် .. ဟုတ်လား။ အဖေက ဘာလို့ မလောင်းတာလဲ ... ထားပါတော့။ အဖေ နံနံကို ပိုးသတ်ဆေးဖြန်းသေးလား .."

"အင် ... အင်း .... .... .... ..." (စဉ်းစားနေဟန်)
မဖြန်းပါဘူး။ ... မဖြန်းမိဘူးထင်တာပဲ ...."

"ဟုတ်လို့လား ... သေချာလို့လား အဖေရယ် ... ဒီမှာ အဲဒီနံနံတွေ ချဉ်ဟင်းထဲခပ်လိုက်တာ ချဉ်ဟင်းကြီး စပ်ကုန်လို့။ အရင်က မစပ်ဘူးနော်။ ဆွိလေးတော့ အဆိပ်မိပြီထင်တာပဲ ..."

" ဟုတ်လို့လား ... " (ရယ်မောလျက်)

"ဟုတ်တယ် ...ရယ်မနေနဲ့ ... တကယ် ... တကယ်ကို စပ်နေတာ ... အဆိပ်တွေလားမသိဘူး။ လူကတော့ လောလောဆည် ဘယ်လိုမှတော့ မနေသေးဘူး .. ခေါင်းမူးတာတို့ ဘာတို့တော့ မဖြစ်သေးဘူး ..."

"မဖြစ်နိုင်ပါဘူးကွာ ... အေး ... အေး ... အေး ... ဒါပဲ ..."  (ဖုန်းချမည် ကြံ ....)

"နေဦး ခဏ ..."

" အေးပြော ..."

"နောက်ထပ် ၅မိနစ်လောက်နေရင် ထပ်ခေါ်ကြည့်ဦး ..."

"ဘာလုပ်မလို့တုံး ..."

"အော .... သေလား မသေလား ဖုန်းဆက်မေးရအောင်လေ ... တော် ဒါတောင် မသိချင်တော့ဘူးလား ..."



(အဖြစ်မှန်က ငရုပ်သီးလှော်တဲ့ဇွန်းနဲ့ ချဉ်ဟင်းအိုးမွှေမိတာပါဗျို့ ...အိမ်မှာ ဒါမျိုးတွေက ဖြစ်နေကျဆိုတော့ ဟိုက အရေးကို မလုပ်တော့တာ ... အဲ့လို ... အဲ့လို ...း)

တော်တို့ယောက်ျားတွေရယ်   

Monday, November 14, 2011

အဘွားပေးတဲ့ စပ်ထမီ


တစ်နေ့က ဈေးပတ်တော့ ဆိုင်တစ်ဆိုင်မှာ ပိတ်စသေးသေးလေးတွေကို စပ်ချုပ်ထားသည့် စကတ်လေးတွေ၊ ဂါဝန်လေးတွေ တွေ့သည်။ ပန်းပွင့်ဒီဇိုင်း ရောင်စုံလွင်လွင်လေးများကို စပ်ချုပ်ထားပြီး၊ ချုပ်ပုံကလည်း၊ ခတ်မီကာ အတော်လှသည်။ ထုံးစံအတိုင်း သွားကိုင်ကြည့်ပြီး ဈေးနှုံးကပ်ပြားလေး ဖတ်ကြည်ရာ ဈေးမှာ ကြောက်ခမန်းလိလိ များလှသည်။ ပိတ်စလေးတွေကို စပ်ချုပ်ရတော့ အတော်တော့ လက်ပေါက်ကပ်မည်။ ဒါကြောင့်ဈေးများတာဖြစ်မည်ဟု သဘောပေါက်လိုက်သည်။

ထိုစပ်ဂါဝန်လေးတွေ၊ စကတ်လေးတွေမြင်တော့ မဆွိတီ ငယ်ဘ၀ကို သတိရသွားသည်။ မဆွိတီတို့ ငယ်ငယ်ကလည်း အဘွားချုပ်ပေးသည့် စပ်ထမီလေးတွေ ၀တ်ဖူးသည်။ အဘွားမှာ အညာက အဖေ့ဖက်က အဘွား၊ လူကသာ ကျောင်းဆရာမ၊ အချုပ်အလုပ်၊ အချက်အပြုတ် အလွန်ဝါသနာပါသည်။ အဘွားသည် နှစ်စဉ် ကျောင်းပိတ်ရက်များတွင် သူ့မြေးများရှိရာ ရန်ကုန်သို့လာလည်တတ်သည်။ လာလျှင်လည်း မြေးတွေအတွက် သူ့လက်ဖြစ် လက်ဆောင်ပစ္စည်းလေးများ ယူလာမြဲဖြစ်သည်။ အဘွားကိုယ်တိုင် တီထွင်ချုပ်လုပ်ထားသော မင်းသား၊ မင်းသမီးရုပ်ကလေးများ၊ စပ်ထမီ၊ ချည်ထိုး အကီ်ျ၊ ဘောင်းဘီ၊ သိုးမွှေးဦးထုတ်၊ ခြေအိပ် ၊ ထိုအရပ်တွင်ပေါသည့် ကြေးလက်ကောက်များ.၊ အိုးပုပ်များ၊ အစရှိသည်တို့ ပါလာတတ်သည်။ ထို့အပြင် စားစရာ ခေါပုပ်၊ ပဲမြစ်၊ ကရေကရာလို၊ ထိုးမုန့်လို၊ ကန်ဇွန်းဥယိုလို မုန့်များလည်း ကိုယ်တိုင် ထိုးပြီး ယူလာသေးသည်။ အိမ်ရောက်လျှင်လည်း ဒန်ပေါက်၊ အုန်းထမင်း၊ မုန့်တီလို မုန့်မျိုးစုံလည်း လုပ်ကျွေးသေးသည်။ မဆွိတီတို့ မောင်နှမများသည် အဘွားမှို့လာလျှင် ဟိုဟာစားရ ဒါစားရနှင့် အူအလွန်စိုရာ အလွန်လည်းပျော်ကြပါသည်။

အဘွား ပထမဆုံး စပ်ထမီလေးပေးတော့ မဆွိတီမှာ ၄-၅နှစ်သမီးမျှသာ ရှိသေးသည်။ ထမီလေးရတော့ ၀မ်းသာလိုက်သည့်ဖြစ်ချင်း။ မ၀တ်တတ်၊ ၀တ်တတ်နှင့် ၀တ်ရာ ထမီမှာမမြဲ။ နောက်ပိုင်းတွင် အမေမှ ဂုံနီအိပ်ကြိုးဖြင့် ချည်ပေးထားရသည်။ ဆင်းရဲလှသော ၀န်ထမ်းလိုင်းခန်းများမှာ ၄-၅နှစ်သမီး မည်သူမှ ဒုက္ခခံ ထမီချုပ်ပေးလေ့မရှိရာ အိမ်ဘေးမှကစားဖော်များအကြား စပ်ထမီတကားကားနှင့် စန်းပွင့်သူမှာ အနှီဘုတ်အီးမပင်ဖြစ်လေသည်။ ခလေးများမှာလည်း သူတို့အမေတွေကို ထမီချုပ်ပေးဖို့အရေး ပူဆာကြရာ လူကြီးများမှာ အခက်တွေ့ရလေသည်။ အတော်ဂြိုလ်မွှေသည့် စပ်ထမီဟု ကျိန်ဆဲကြမည်ထင်သည်။

ထိုအချိန်က အဘွား၏ မတော်ရသေးသော ချွေးမ၊ အဖေ့အောက်က ညီ၏ ရည်းစားသည် ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် ကျောင်းတက်နေရာ အဆောင်တွင်နေသည်။ ရန်ကုန်တွင် ဆွေမျိုးမရှိရကား မတော်ရသေးသော ဆွေမျိုးကို အရင်းလို သဘောထားကာ ကျောင်းပိတ်ရက်များတွင် အိမ်လာလည်လေ့ရှိသည်။ အမေနှင့်လည်း ညီအစ်မလို ခင်နေသည်။ ခလေးလည်း ချစ်တတ်ရာ မဆွိတီတို့ မောင်နှမတွေကို ထိမ်းကျောင်းပေးရင်း သီချင်းလေးတစ်အေးအေး ဆိုနေလေ့ရှိသည်။ သူဆိုသည့် သီချင်းမှာ ထိုခေတ် အချိန်က အလွန်နာမည်ကြီးသော ရေဒီယိုသီချင်းများ။ မဆွိတီနားအစွဲဆုံးသီချင်းမှာ "ချစ်သူရှိတယ်၊ ငရဲကြီးလိမ့်မယ် " ဆိုသောသီချင်း။ သူကရှေ့ကဆိုတော့ ၄နှစ်သမီး ဘုတ်အီးမလေးကလည်း လိုက်ဆိုရင်း ထိုသီချင်း တစ်ပိုင်းတစ်စကို အလွတ်ရသွားလေသည်။

ဖိုးဆိုချင် ဆွိဆွိတီမှာ ရေဒီယိုမှ ထိုသီချင်းလာပြီဆို အဘွားချုပ်ပေးသော စပ်ထမီကိုဝတ်ကာ လိုက်ဆိုရင်း ကွေးနေအောက် ကလေတော့သည်။ လူကြီးတွေကလည်း ခလေးက ထမီလေးဝတ်ကာ မပီကလာ ပီကလာနှင့် " ကျွန်မမှာ ချစ်တူရှိရယ် ... ချင်နရဲကြီးလိမ့်မယ် ... အဲဟယ် ... အဲဟယ် .." နှင့် ဆိုသည်ကို အလွန်သဘောကျကာ အိမ် လူလာတိုင်း ဖျော်ဖြေခိုင်းနေတော့သည်။ တစ်ခါသား မှတ်မိသည်မှာ ဘေးအိမ်များမှပင် လာ၍ ဆိုပြပါ ကပြပါ၊ ဆိုသဖြင့် ဘောင်းဘီတိုလေးဖြင့် ဆော့နေရာမှ ဘီရိုထဲမှ စပ်ထမီလေး ပြေးယူကာ သွားကပြရသည်ကို သတိရသည်။ ဤမျှလောက် စန်းပွင့်ပါသော စပ်ထမီ၊ အဲ ဘုတ်အီးမပါပေ။

မဆွိတီလေးကြီးလာတော့ အဘွားသွေး အပြည့်ပါလေရာ အချုပ်အလုပ် အချက်အပြုတ်လည်း အလွန်ဝါသနာပါသည်။ ကျောင်းတွေ ရက်ရှည်ပိတ်တော့ စက်ချုပ်သင်တန်းတက်ရာ အင်္ကျီလေးတွေ ချုပ်ရတာကိုလည်း သိပ်သဘောကျသည်။ ဆိုင်မှာအပ်ကာ တမေ့တမော စောင့်စရာမလို၊ ခုချုပ် ခုပြီးရာ အိမ်မှာ အဘွားအတွက်၊ အမေအတွက်၊ အဖေအတွက်တင်မက အကိုတွေအတွက်ပါ ချုပ်ပေးသည်။ တက္ကသိုလ်တက်တော့လည်း အ၀တ်အစားအတွက် မပူရ။ မျက်နှာမငယ်ရပါ။ ရယ်ဒီမိတ်များ မ၀တ်နိုင်သော်လည်း ဈေးပေါပေါ ပိတ်စလေးများဝယ်၍ ခေတ်ပုံစံမျိုးစုံ ချုပ်ဝတ်လေသည်။

ထိုမှ ပိတ်စလေးများ၊ အစပိုလေးများထွက်လာရာ ထိုအစလေးများကို တွဲစပ်၍ စပ်ထမီချုပ်ဖို့၊ အကျီ်ချုပ်ဖို့ကား စိတ်ကူးမျှပင်မရပါ။ စက်ချုပ်တာသာ ၀ါသနာပါသည်။ စက်ချုပ်သည့် အလုပ်သည် အင်မတန်ပင်ပန်းသည်ဟု ယူဆထားသော ဆွိဆွိတီဖြစ်ပါသည်။ တူမလေးများသာမက သမီးလေးရတော့လဲ ထိုအစလေးများကို တစ်ခါမျှပင် စပ်ကာ ချုပ်ပေးဖို့ စိတ်ကူးမရပါ။ အပင်ပန်းခံ ပိတ်စများ တွဲစပ်ချုပ်မည့် အစားတော့ အသစ်ပဲ ချုပ်ပါသည်။ ပိတ်စလေးများမှာ သေးသေးလေးတွေ ဖြစ်ရာ စပ်ထမီကွင်းလုံးပြည့်ဖို့ရာ ခါးကိုက်အောင် ချုပ်ရမည်ထင်သည်။

ထိုအခါမှ မဆွိတီသည် အဘွား၏ မြေးများအပေါ် ထားသည့် မေတ္တာ၊ စေတနာကို သဘောပေါက်ပါသည်။ အဘွားသည် မြေးအတွက် ထမီအသစ်တစ်ထည် မတတ်နိုင်ရာ ထိုစပ်ထမီလေးချုပ်စဉ်က အဘွားလည်း ပင်ပန်းပါလိမ့်မည်။ ခါးနာတတ်သော အဘွားကတော့ ချုပ်နေရင်းနှင့် သူ့မြေးမလေး၏ ၀မ်းသာအားရ ပျော်မြူးနေသော မျက်နှာလေးကို မြင်ယောင်ကာ ပီတိဖြင့် မမောနိုင် မပမ်းနိုင် ချုပ်ပေးတာ ဖြစ်လိမ့်မည်။ အဘွားသည် အတူနေသည် မဟုတ်သော်လည်း  ဘ၀တစ်လျှောက်လုံး တွေ့ဆုံရသည့် အချိန်လေးများမှာတော့ မေတ္တာ၊စေတနာအပြည့်ဖြင့် ကူညီစောင့်ရှောက်ခဲ့သည် ချည်းသာဖြစ်ပါသည်။
ယခုဆိုလျှင် အဘွားကွယ်လွန်ခဲ့သည်မှာ ၄နှစ်ပြည့်တော့မည်။  အဘွားဆုံးခါနီး ဖုန်းလေးပင် ဆက်ဖော်မရသည့် အဘွား၏မြေး မဆွိတီသည် စပ်ထမီလေးကို အကြောင်းပြုကာ တမလွန်မှ အဘွားအား ဤစာကို ရေးရင်းဖြင့် သတိရကာ မျက်ရည်ဝဲမိပါသည်။

Friday, November 11, 2011

အုန်းနိူ့ခေါက်ဆွဲ ဆိမ့်သဗျ ..

အန်တီဆွိ အစားအသောက်ချက်နည်းများကို တင်ပေးနေရာ အမှန်တော့ အထူးအဆန်းများ သိပ်မပါလှပါ။ မြန်မာလူမျိုးများ အိမ်တွင် နေ့စဉ်ချက်ပြုတ်နေသော ဟင်းများ၊ မုန့်များကိုသာ အများအားဖြင့် တင်ပေးနေခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်ကတော့ ဟင်းလုံးဝမချက်တတ်သော starter များအတွက်၊ အိမ်တွင်ဘာမှမလုပ်ရ နိူင်ငံရပ်ခြားရောက်မှ မချက်တတ်၊ မလုပ်တတ်နှင့် အစားအသောက်အတွက် ဒုက္ခရောက်ရသူများအတွက် ပို၍ရည်ရွယ်ပါသည်။


မဆွိတီတို့ အိမ်မှာ အုန်းနို့ခေါက်ဆွဲ အားလုံးကြိုက်ကြပါသည်။ အထူးသဖြင့် မဂျူဂျူ ကြိုက်သည်ကို ဝမ်းသာရပါသည်။ ဂျူဂျူ အုန်းနို့ခေါက်ဆွဲ စားတတ်သွားပုံမှာ ထူးဆန်းသည်။ သူသည် အစားအလွန်ချေးများရာ မြန်မာအစားအသောက် မည်သည့်အရာကိုမျှ မြည်းစမ်း စားသောက်ခိုင်း၍မရ။ ခေါင်းလဲ အလွန်မာသည်။

တစ်ခါတွင် ဘန်ကောက်သို့ ဟောလီးဒေးထွက်ရာ လေယာဉ်ပေါ်တွင်စားရသော အုန်းနို့ခေါက်ဆွဲနှင့်ခပ်ဆင်ဆင် ယိုးဒယားစာတစ်ခုကို စားရာမှ ကြိုက်သွားခြင်းဖြစ်လေသည်။ သူသည် အိမ်တွင် စားဖို့ပြောရသလောက် လေယာဉ်ပေါ်ရောက်လျှင် အလွန်ဆာလေသည်။ လေယာဉ်ထွက်သည်နှင့် ဗိုက်ဆာပြီ၊ လေယာဉ်မယ်လေးတွေ လှုပ်လှုပ်ရွရွ တွေ့သည်နှင့် စားရတော့မှာလား။ သူတို့က မလာပေးသေးဘူးလား အစရှိသဖြင့် တတွတ်တွတ် ပူဆာတတ်သည်။ ခလေးတွေအားလုံး ဒီလိုပဲလားမသိ။ လေယာဉ်ပေါ်စားရလျှင် ဘာကျွေူးကျွေး စားလေသည်။  မဂျူဂျူမှာ ထိုစဉ်က စားခဲ့ရသော ခေါက်ဆွဲကို အကြောင်းပြု၍ နောက်ပိုင်း အိမ်တွင်လည်း လေယာဉ်ပေါ်မှ စားခဲ့ရသော ခေါက်ဆွဲဆိုကာ ချက်ကျွေးရာမှ အုန်းနို့ခေါက်ဆွဲသည် သူ့စိတ်ကြိုက်စားစရာတစ်ခု ဖြစ်လာလေသတည်း။ မှတ်သားလောက်ပါပေသည် ပိတ်သတ်ကြီးး)

အန်တီဆွိကတော့ ထုံးစံအတိုင်း ဗမာစာ ဘာဖြစ်ဖြစ် ကြိုက်ပါသည်။ ဦးခြ်ိမ့်ကတော့ သွေးတိုးကြောက်လို့ ကြိုက်ပေမဲ့ သိပ်တော့ မစားရဲပါ။  တစ်ခါတစ်ရံ သူ့အတွက်ချက်လျှင်  နို့စိမ်းတစ်ဝက်၊ အုန်းနို့တစ်ဝက်နှင့်ချက်ပေးရသည်။ ဘေးကင်းရန်ကင်း မနက် အိပ်ရာထ စိတ်ပူစရာမလို။

ပြီးခဲ့သည့်ပို့စ်မှာ ညီမငယ် မမြရီမှ အုန်းနိူ့ခေါက်ဆွဲချက်နည်းကို ကွန်မန့်မှတဆင့် မေးထား၍ ဓာတ်ပုံများလဲ အဆင်သင့်ရှိသည်နှင့် တင်ပေးလိုက်ပါသည်။ ဓာတ်ပုံများမှာ ကြာပြီဖြစ်ရာ အတိုင်းအတာများမှာ ခန့်မှန်းချေသာဖြစ်၍ လိုတိုး ပိုလျှော့ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
 -------------------------------------------------------------------------------------------------------

အိမ်မှာ အများအားဖြင့် အုန်းနို့ခေါက်ဆွဲကို ပဲစိမ်းမှုန့်နှင့်သာ ချက်ပါသည်။ တချို့လည်း ကုလားပဲကို နူးအိနေအောင်ပြုတ် ညက်နေအောင်ကြိတ်ပြီး ချက်ကြပါသည်။ အရသာမှာ အတူတူပဲထင်ရာ အပင်ပန်းခံ၍ ပဲကို ကြိတ်မနေတော့ပဲ ပဲမှုန့်ကိုသာ အလွယ်ချက်ပါသည်။

လိုအပ်သောပစ္စည်းများ (လူ၄-၅ယောက်စာခန့်)

ပဲစိမ်းမှုန့် (မွှေး သို့ သင့်ရာ)ဆန်ချင် ခွက် ၄ပုံ ၃ပုံ (3/4) (သိပ်ပျစ်တာ မကြိုက်လျှင် ခွက်တစ်ဝက်သာထည့်ပါ၊ ဟင်းကျက်ခါနီးမှ ကိုယ်လိုသလို ထပ်ပျစ်ချင်လျှင် ပဲမှုန့်ကို အရေဖျော် ထပ်ထည့်လို့ ရပါသည်)
ကြက်ရိုး ရင်ညွန့်ရိုး ၂ရိုးခန့် ခုတ်ထစ်ထားပါ။ ငံပြာရည်၊ နနွင်းမှုန့်နှင့် နယ်ထားပါ။
ကြက်သွန်နီဥသေး ၁၀ဥ-၁၅ဥခန့် (မရှိလျှင်လည်း) ဥကြီး ၅ဥခန့်အလုံးလိုက် အခွံခွါထားပါ။
ဂျင်း ခပ်ထူထူ ၄၅ခုခန့် လှီးထားပါ။
ကြက်သွန်နီခပ်ကြီးကြီး ၂ဥ chop လုပ်ထားပါ (သို့) ကြိတ်ထားပါ။
ကြက်သွန်ဖြူ ၂၀မွှာခန့် ကြ်ိတ်ထားပါ။
ငရုပ်သီး အရောင်တင်မှုန့် လ္ဖက်စားဇွန်း တစ်ဇွန်းခန့်
ကြက်သား ရင်ပုံသား ၄၀၀ဂရမ်ခန့် သေးသေးလေးတွေ လှီးထားပါ။ ငံပြာရည်၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့နှင့် နယ်ထားပါ။
အုန်းနို့ ၂၀၀ဂရမ် တစ်ဗူး
သကြား ၂ဇွန်းခန့်
ဟင်းခတ်မှုန့် သင့်သလို
ဆီ စားပွဲဇွန်း ၁၅ဇွန်းခန့် (ပဲမှာ ဆီစုတ်၍ ဆီပိုထည့်ရပါသည်)
ငံပြာရည် သင့်သလို
ကြက်ဥ (သို့) ဘဲဥ ၆လုံးခန့် ပြုတ်ထားပါ။ ၃လုံးကို ပါးပါးလှီးထားပါ။

ပွဲပြင်ရန်

အကြွပ်ကြော် အနည်းငယ်
ခေါက်ဆွဲ၊( ဈေးမှ ဝယ်သော ခေါက်ဆွဲ အစိမ်းသာ ကောင်းပါသည်။ ပြုတ်သောခေါက်ဆွဲမှာ အုန်းနို့ခေါက်ဆွဲနှင့် မလိုက်ဖက်ပါ)
ကြက်သွန်နီ ၃-၄လုံးခန့် ပါးပါးလှီးထားပါ။
နံနံပင် ကိုလည်း ပါးပါးလှီးထားပါ။
သံပုရာသီး (သို့့) ရှောက်သီး  အစိတ်လေးတွေ စိတ်ထားပါ။
ပဲသွေး၊ ပဲကတ်ကြော်၊ ဗူးသီးကြော် ၊ ငါးဖယ်ကြော် ရှိလျင် လည်း ပြင်ထားပါ။
ကြက်ဥပြုတ် ၃လုံးကို ၄စိတ်စိတ်ထားပါ။


ဟင်းချိုအိုး ပြင်ခြင်း
ပထမဆုံး ပဲစိမ်းမှုန့်ကို ရေ ထည့်ပြီး အမှုန်လေးတွေကြေသွားအောင် ဖျော်ပါ။ ကြက်ရိုးကို ဟင်းချက်မဲ့ ဒန်အိုး စောက်နက်နက်ထဲထည့် ရေ သင့်သလို (လူ ၄-၅)ယောက်စာ မှန်းပြီး ထည့်တည်ပါ။ ပဲစိမ်းရေဖျော်ထားတာရယ်၊ ကြက်သွန်နီဥတွေ၊ ဂျင်းလှီးထားတာတွေရယ်ပါ တစ်ခါတည်း ထည့်တည်ပါ။ အဖုံးဖွင့်ထားပါ။ ပဲမှုန့်က ဝေလဲ ဝေတတ်၊ အိုးလဲကပ်တတ်ရာ မကြာခဏမွှေပေးပါ။ အိုးပွက်လာပါက မီးအေးအေးနှင့် တည်ပါ။

ကြက်သားကို ဆီသတ်ရန်
ဒယ်အိုးထဲ ဆီထည့်  မီးအနေတော်ထားပါ။ နနွင်းမှုန့် အနည်းငယ် ပစ်ထည့်ပါ။ ဆီကျက်ပါက ကြက်သွန်နီ ထောင်းထားသည်ကို ထည့်ကြော်ပါ။ ကြက်သွန်နီနွမ်းလျှင် ကြက်သွန်ဖြူ ထောင်းထားသည်ကို ထည့်ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သားထည့်ကာ ဆီသတ်ပါလေ။ ကြက်သားအပေါ်ရံတင်းပြီး အနည်းငယ် ညိုလာလျှင် အရောင်တင်မှုန့်ထည့်ကာ မွှေပေးပါ။ အရောင်တင်မှုန့် မတူးခင် အုန်းနို့တစ်ဝက်ကိုပါထည့် ဆီသတ်ပါ။ (အိမ်မှာတော့ ဂျူဂျူက အစပ်မစားနိူင်၍ အရောင်တင်မှုန့် မထည့်ပါ။)


ဟင်းအိုးကျအောင်တည်ရန်
ကြက်သားမွှေးပြီး အကြောတင်းလာင်္ပြီဆို ဖိုပေါ်မှချ၊ စောနက ဟင်းချိုအိုးထဲ အိုးလိုက်သာလောင်းထည့်ပါ။ အုန်းနိူ့တစ်ဝက်ကျန်တာကိုလဲ ထည့်ပါ။ ကြက်ဥပြုတ်ပြီး လှီးထားတာ တစ်ဝက်ကိုလည်း ထည့်ချက်ပါ။ ကြက်ဥ၊ ဘဲဥက ဟင်းကို  အရသာ ဆိမ့်စေပါသည်။

ဟင်းအိုးကို ကျသည်အထိ နာရီဝက် ၄၅ မိနစ်ခန့်တည်ပြီး အငံ၊ အပေါ့၊ အချိုလိုပါက ဆား၊ ငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို ထည့် စိတ်ကြိုက်အရသာ ရသည်အထိပြင်ပါ။ အုန်းနိူ့လိုပါကလည်း ထပ်ထည့်နိူင်ပါသည်။ ကြက်ရိုးရော၊ ကြက်သားရော ချိုပြီးသားဖြစ်ရာ ဟင်းကတော့ ချိုမည်သေချာပါသည်။

ပွဲပြင်ရန်အတွက်
ခေါက်ဆွဲကို ဇလုံ ခပ်ပတ်ပတ်ထဲ အရင်ထည့်၊ အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ ကြက်ဥ၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ပဲကတ်ကြော်၊ အကြွတ်ကြော် ငရုပ်သီးမှုန့် အစရှိသည်တို့ကို ထည့်၊ ဟင်းရည်ပူပူလေးဆမ်းကာ စားနိူင်ပါပြီ။ တစ်ချို့လည်း  သံပုရာရည်ညှစ်စားပါသည်။

စားကြပါဦး အုန်းနို့ခေါက်ဆွဲ၊ အလွန်ဆိမ့်သဗျ။






Thursday, November 10, 2011

သူ့ဖက်ကကြည့်တော့ ကိုယ်က စတုပစ်

မြစ်ဆုံကိစ္စနဲ့ ပတ်သတ်ပြီး ပြည်ကြီးတရုတ်က လူတွေ တကိုယ်ကောင်းဆန်တာ၊ ကိုယ့်ဖို့ပဲ သိတာတွေ၊ ပစ္စည်းအတုတွေလုပ်ပြီး လူတွေဒုက္ခရောက်ရတာတွေ ဟိုဒီရေးနေတာ ဖတ်ခဲ့ရတယ်။ အန်တီဆွိလဲ စလုံးမှာ အလုပ်လုပ်တုံးက ပြည်ကြီး တရုတ်အချို့နဲ့ ပေါင်းဖူးတယ်။ ဟုတ်တယ်။ အများအားဖြင့် ရုပ်ဝထ္ထုဆန်တာ၊ တကိုယ်ကောင်းဆန်တာတွေက များတယ်။ ကွန်မြူနစ်စနစ်ကြောင့်အပြင် ဘာသာတရား ဆုံးမမှုမရှိ၊ လူဦးရေပေါက်ကွဲမှုကနေ ရလာတဲ့ အကျိုးဆက်၊ သူ့ထက်ငါသာမှ နေရာရမှာမှို့ အပြိုင်အဆိုင်များမှုတွေကနေရလာတဲ့ ဆိုးကျိုးတွေလို့ ထင်ပါတယ်။

စလုံးတရုတ်တွေဆိုလည်း ပြည်ကြီးကဆို သူတို့အရမ်းအထင်သေးတယ်။ ပြီးခဲ့တဲ့ အလုပ်မှာတုံးကဆို လုပ်ဖော်ကိုင်ဖက် ပြည်ကြီးတရုတ်ကောင်လေးတစ်ယောက်။ ကိုယ်ကတော့ သူ့ကို တခြားပြည်ကြီးတွေနဲ့ စာရင် တော်တော်ပေါင်းလို့ကောင်းတယ်လို့ထင်တယ်။ သူကလဲ မဆိုးပါဘူး။ တစ်ဖွဲ့ထဲ အတူတူသွားလာကြတာမယ် ကြုံဖူးတာ lady first တွေ ဘာတွေ သိတယ်။ အလုပ်မှာ အမျိုးသမီးလုပ်လို့ ခက်ခဲတဲ့ တစ်ချို့နေရာတွေ ကူညီညာလုပ်ပေးတယ်။ သူ့မှာ လူလူချင်း ညှာတာရမယ်၊ ထောက်ထားရမယ်၊ ရိုင်းပင်းရမယ်ဆိုတဲ့ စိတ်ကလေးတော့ရှိနေတော့ မဆိုးဘူးပေါ့။ ကိုယ်ကတော့ သူ့အပေါ် အကောင်းမြင် ဆက်ဆံပါတယ်။

ဒါပေမဲ့ဗျာ စလုံးတရုတ်တွေကတော့ ပြည်ကြီးဆို ၀ါးလုံးချီးသုတ် နှိမ်တော့တာပဲ။ ကင်တင်းသွားတာကအစ စားတာသောက်တာ ကြည့်ပြီး နှိမ်လိုနှိမ်၊ အလုပ်မှာလဲ အလုပ်တကယ်မရှိလို့ ဒီတိုင်းနေတာကို ပြောလိုပြောနဲ့ တော်တော်ကို အဆင်မပြေဘူး။ ဒါတောင် အဲဒီကောင်လေးက NTU မှာ ဘက်ချလာကို စကော်လာနဲ့တက်၊ အဲ့မှာပဲ မာစတာ ပြီးခဲ့တာ။ နောက်ဆုံးတော့ သူလဲ အလုပ်ထွက်သွားတယ်။ ထားပါတော့။ စလုံးတရုတ်တွေရဲ့ ပြည်ကြီးတွေအပေါ် သဘောထားကိုပြောပြတာပါ။

ဒီဖက်ရောက်တော့လဲ ဒီမှာလဲ တရုတ်တွေအများကြီးပဲ။ ပြည်ကြီး၊ ထိုင်ဝမ်၊ ဟောင်ကီး၊ စလုံး အစုံပဲ။ ရုပ်ဝထ္ထုဆန်တာတွေကတော့ အားလုံးအတူတူပါပဲ။ ငွေသာလျင်အဓိက၊ လူလူချင်းညှာတာ ထောက်ထားမယ်၊ အနင့်နာခံမယ်ဆိုတာလဲ မရှိကြဘူး။  အန်တီဆွိ ဒီရောက်မှ ပေါင်းမိတဲ့ တရုတ်မတစ်ယောက်နဲ့ စကားစမည်ပြောကြရင်း အိမ်မှာဘာလုပ်လဲ၊ ဘာဝါသနာပါလဲမေးဖြစ်ကြတယ်။ ကိုယ်က အားရင် ဘလော့ဂ်ရေးတယ် ဖိုရမ်ထဲဝင်တယ် ဖတ်တယ်ဆိုတော့ ဘာပြောတယ်ထင်လဲ၊ အဲဒါတွေရေးတာ ပိုက်ဆံရသလားတဲ့။ ဘလော့ဂ်ကနေကြော်ငြာတွေ ဘာတွေ ရလားမေးတယ်။ ဆိုလိုချင်တာကတော့ ငွေမရပဲ ဘာလို့ ဒါတွေလုပ်နေလဲ ဆိုတဲ့ သဘောပြောတယ်။ အန်တီဆွိကလဲ အစကထဲက အခြေတင်တွေ ပြောတာ ၀ါသနာမပါတော့ ဘာမှတော့ မပြောလိုက်ပါဘူး။ ငွေမရလဲ ငါဝါသနာပါရာ လုပ်တာ။ အပျင်းပြေတယ်လို့ပဲ ပြောလိုက်တယ်။

တစ်ခါသား ကမ်ဘာရာဖက်ရောက်တုံး ပါလီမန်ကိုဝင်ကြည့်တာ၊ ကိုယ်တွေက အေးအေးဆေးဆေးထိုင် ဓာတ်ပုံလေးဘာလေးရိုက်နေတုံး ဟမ်မလေး ပြည်ကြီးတရုတ် တိုးလ်အဖွဲ့တစ်ခုနဲ့ ဆုံတာ၊ ၅ပါးကိုမှောက်ရော။ ဓာတ်ပုံရိုက်ပြီးလို့ ပြန်အထွက်မယ်၊ အေးအေးဆေးဆေးမရှိ၊ အတင်းတွန်းကျိတ်တိုးပြီး ၀ရုန်းသုန်းကားဝင်လာကြတာ။ လူကိုဝင်တိုက်လိုတိုက်။ တောင်းပန်ရမှန်းလဲ မသိ။ နည်းနည်းမှကို ယဉ်ကျေးမှုမရှိကြဘူး။ ပါလာတဲ့ မြန်မာအဖော်ဆို ပြောတာ ရစရာကိုမရှိဘူး။ အဲလို အတွေ့အကြုံတွေက အများကြီးပဲ။

ဒီနေ့မနက် သမီးကျောင်းပို့မယ်ကြံတော့ ကိုရွှေမိုးက ပြိုမယောင် တစ်မိုးလုံး အုံ့မှိုင်းလို့နေတယ်။ မိုးမရွာခင် သားအမိ၂ယောက်ကျောင်းကို ပြေးကြတာပေါ့။ ဒါပေမဲ့ မနေပါဘူး။ သမီးကျောင်းလဲရောက်ရော မိုးက ရွာပါလေရော။ သမီးကတော့ မိုးမမိဘူး။ အမေတော့ မိုးမိတော့မယ်ဆို ပြောပြောနဲ့ အိမ်ပြန်လျှောက်လာ။ လမ်းရောက်တော့ ထီးအကြီးကြီးနဲ့ မီးပွှိုင့်လမ်းကူးအပြီး၊ အိမ်ဖက်လျှောက်အလာ လမ်းဘေး ပလက်ဖောင်းလေးက လူ၂ယောက်လျှောက်ရုံစာလေးရယ်။ ကားလမ်းမကြီးကလည်း ရုံးချိန်မှို့ ကားကြီးကားငယ် ဥဒဟိုသွားနေကြတာ။ မိုးတဖွဲဖွဲ ပလက်ဖောင်း လမ်းကျဉ်းလေး ထီးအကြီးကြီးဆောင်းလို့ အလျှောက်၊ ရှေ့မှာ ပြည်ကြီးတရုတ်မတစ်ယောက်လို့ ထင်တာတာပဲ၊ ခလေး ကျောင်းလိုက်ပို့တာ ဖြစ်မယ်။ ခလေးကတော့ မိုးကာအကျီအလုံနဲ့ ထီးမဆောင်းဘူး။ ရှေ့ကလျှောက်တယ်။ အမေကတော့ နောက်က၊ ကိုယ့်လို ဧရာမထီးကြီးဆောင်းထားတယ်။ ဘေးတစ်ဖက်က ခြံစည်းရိုးက အပင်တွေကလဲ ပလက်ဖောင်းပေါ်အထိရောက်နေတော့ တစ်ချို့နေရာတွေမှာ ၂ယောက်သွားလမ်းဟာ တစ်ယောက်သွားစာ သာသာလောက်ပဲရှိတယ်။ ဘေးတစ်ဖက်ကလဲ ကားကြီးကားငယ် ဥဒဟိုသွားနေတဲ့ လမ်းမကြီး။ ဟိုးငယ်ငယ်က မေးဖူးတဲ့ ပဟေဠိလို ထီးဧရာမကြီးနဲ့ အမျိုးသမီး၂ယောက် မျက်နှာချင်းဆိုင် လမ်းကျဉ်းလေးမယ် ဘယ်လိုလျှောက်ကြမည်လဲ ????????

၂ယောက်ဆုံခါနီးကျ ကိုယ့်စိတ်ထဲမှာ တွေးတာ ... ဟိုက ခလေးလဲပါတယ်။ ကားလမ်းဖက် အန္တရာယ်များလှတယ်၊ ကိုယ်က လူလွတ်ပဲ၊ အနင့်နာခံစရာရှိ၊ ငါခံမယ်ဆို၊ သိပ်တောင်မစဉ်းစားနေပါဘူး။ ဟီးရိုးတီတီဆွိက ထီးအကြီးကြီးနဲ့ ကားလမ်းဖက်ကို ကပ်ရှောင်ပေးလိုက်တယ်။ ဟိုအမျိုးသမီးကတော့ ဘေးကင်းရာ ခြံစည်းရိုးဖက်ကပ်၊ ထီးကြီးဆောင်းပြီး ရပ်စောင့်နေတယ်။ အစကတည်းက ပြည်ကြီးတရုတ်မဆိုတော့ သူ့ဖက်က အနင့်နာခံ ကားလမ်းဖက်တော့ ကပ်ရှောင်ပေးမယ်မဟုတ်ဘူးဆိုတာတော့ ခန့်မှန်းပြီးသားပါ။ ဒါတင်မက သူက ကားလမ်းဖက် ကပ်ရှောင်နေတဲ့ ကိုယ်ကို ကြည့်နေတယ်။

သူ့ကိုယ့်ကိုကြည့်တဲ့ပုံစံက stupid  ဆိုတဲ့ အချိုးနဲ့ပါဗျား။


(အန်တီဆွိ ဒီပို့စ်ကို ရေးတာ Mainland Chinese တွေကို racist လုပ်ချင်လို့ ဟုတ်ဝူးနော်။ ကိုယ့်လူမျိုးမှာလဲ အားနည်းချက်တွေ အများကြီးရှိတာပဲ။ မြင်တာတွေ့တာတွေကို ပြောပြတာပါ။ ပြောသာပြောတာ အန်တီဆွိကိုယ်တိုင်လဲ ပြည်ကြီးတရုတ်သွေး ပါသဗျ။ ဟိုးအဘီကြီးတွေက ပြည်ကြီးကလာတဲ့ တရုတ်အစစ်တွေ။ ဗမာတွေနဲ့ သွေးနှောရင်းနဲ့ ခုတော့ အန်တီဆွိမှာ ၁၂ပြားခွဲဘိုးလား၊ ၆.၂၅ပြားလား မသေချာ၊ ဗမာသွေးကတော့  ၉၀%ကျော်တော့ သေချာပါပါသဗျာ )

Monday, November 7, 2011

ပို့စ်မှာ အလ္လာပ သလ္လာပ

ခုတစ်လော အန်တီဆွိတစ်ယောက်လည်း ဘာဖြစ်သည်မသိ။ စာရေးဖို့ အလွန်ပျင်းလေသည်။ စိတ်ထဲတွင်စီထားသောစာများ လက်တော့ပ်စခရင်ပေါ်မရောက်သည်ဖြစ်ရာ ပို့စ်တက်လည်း အလွန်နည်းသွားသည်။ အဟောင်းများ တင်ရလွန်း၍ စာလာဖတ်သူများအား အားနာလာရာ အသစ်တင်မည်စိတ်ကူးသည်။ အသစ်သည်လည်း အလ္လာပ၊ သလ္လာပ ပင်ဖြစ်နေရာ သည်းခံ၍သာ ဖတ်ကြပါကုန်။

ပန်းမှာ ခရမ်းပြာ

စိန်ပန်းပြာပြာ
ဝါသောခါမှ
မသာ နင့်ကို ငါချစ်မည်။

ခုတစ်လော ဆစ်ဒနီတွင် ခရမ်းပြာပန်းများ ပွင့်ပြန်ပြီ။ အရင် ဗားရှင်း အဲလေ အရင်ပန်းနှင့်မတူသော နောက်ထပ် ခရမ်းရောင်ပန်းများဖြစ်သည်။ တစ်ပင်လုံး ဝေနေသည်ဖြစ်ရာ စမြင်စက စိန်ပန်းပြာတွေများလားဟုတွေးကာ အပေါ်က ကဗျာလေးကို မကြာခဏရွတ်ကာ ပြုံးမိလေသည်။ အဘယ်စာဆိုကျော်ကများ အနှီကဗျာကို ရေးခဲ့ပါလိမ့်။ ဘယ်အရာမဆို ဟာသလုပ်ပစ်တတ်သော အန်တီဆွိမှာ ထိုခရမ်းရောင်အပင်တွေ့တိုင်း ထိုကဗျာကို စိတ်ထဲမှာ ရွတ်နေမိသည်။ ပြုံးနေမိသည်။

အရွက်က စိန်ပန်းရွက်နှင့်တူပေမဲ့ ပန်းကတော့ သတ်သတ်စီပါ။ ဘယ်နေရာသွားသွား ခရမ်းပြာပန်းများဝေနေရာ ဆစ်ဒနီသည် တစ်ချိန်တိုင်း ပန်းတစ်မျိုးတော့ ဝေနေမြဲဖြစ်ရာ ပန်းကြိုက်သူမှာ သဘောအကျကြီးကျနေသည်။
အိမ်နားရောက်တော့ အိမ်ဘေးကအပင်မှာလည်း ခရမ်းပြာပန်းများပွင့်နေရာ ခြံဝန်းအပြင်မှသာ ထင်သာမြင်သာသည်။

ကြွေကျ၊ မြေခတော့ လှည်းရဦးမည်။

 အစားမှာ မုန့်ဟင်းခါး
ဟိုနေ့က ဈေးဝယ်ရင်း မုန့်ဟင်းခါးမစားရတာ ကြာပြီဖြစ်ရာ မုန့်ဟင်းခါးစားချင်လာသည်။ စပါးလင်ဝယ်မရ၍ စိတ်ပျက်နေရာ နောက်နေ့ ဘုန်းကြီးကျောင်း ဈေးရောင်းပွဲကို သတိရသည်။ ဈေးရောင်းပွဲမှာ မြန်မာမုန့်မျိုးစုံ၊ အစားအသောက်မျိုးစုံကို ရောင်းပြီး၊ ရသောငွေဖြင့် ဘုန်းကြီးကျောင်းကို လှူခြင်းဖြစ်ရာ ရည်ရွယ်ချက် အလွန်ကောင်းလေသည်။ မြန်မာစာကြိုက်သော အန်တီဆွိတို့လို ပရိတ်သတ်အတွက်လည်း အလွန်အဆင်ပြေသည်။ တစ်လတစ်ခါ ပထမဆုံးသော တနင်္ဂနွေနေ့တွင် လုပ်ပေးခြင်းဖြစ်သည်။ ဆစ်ဒ်နီမှ ပရိတ်သတ်များ လာရောက်အားပေးလိုလျှင် အောက်ကပုံမှာ လိပ်စာပါပါသည်။ အပေါ်ဆုံးမှာ ဘုန်းကြီးကျောင်းလိပ်စာဖြစ်ပါသည်။ နောက်လ ဒီဇင်ဘာလ ၄ရက်နေ့ တနင်္ဂနွေနေ့တွင် ဈေးရောင်းပွဲရှိသည်။ ဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်လိုသူတွေအတွက် ၁၀ရက် တရားစခန်းလည်း ရှိသည်။ အသေးစိတ်ကို 61-2-9729 2343 ကို ဆက်သွယ်မေးမြန်း နိုင်ပါသည်။

ပြီးခဲ့သည့် နေ့ ဈေးရောင်းပွဲ ဖိတ်စာ။


 သို့နှင့် မနေ့က ဈေးရောင်းပွဲ သွားကြရာ မုန့်ဟင်းခါး ၀ယ်စားသည်၊ တစ်ပွဲ၅ကျပ်၊ အရသာ အလွန်ကောင်းပါသည်။ ဦးခြိမ့်မှ ကောင်းသည် ... ကောင်းသည်ဆိုကာ လာမြည်းပြီး ဇွန်းမချတော့ရာ၊ တရားဝင်စားသူမှာ အနည်းငယ်မျှသာ ဗိုက်ထဲရောက်လေသည်။ စားရတာ ဖတ်သလပ်လပ်နှင့် နောက်ထပ်ဝယ်စားချင်သော်လည်း သမီးစားသည့် ကြက်ဆီထမင်းမကုန်လျှင် စားရမည့် တာဝန်ရှိသေးရာ ထပ်မစားတော့ပါ။ စောနက မုန့်ဟင်းခါးကို တစ်ဝက်မျှ ကုန်အောင်မြည်းသူသာ စားကောင်းသည်ဆိုကာ နောက်တစ်ပွဲထပ် ၀ယ်စားလေရာ သူ့ကလှည့်ကျ တစ်ဇွန်းမျှပင် မြည်းခွင့်မရခဲ့ပေ။ မည်သို့လုပ်လိုက်သည်ကို အမှန်တကယ်မသိ။ အိမ်ရောက်မှ ဟင် သူစားတာ ငါလဲ တစ်ဇွန်းမျှ မမြည်းလိုက်ရပါလားဟု တွေးမိကာ မစားလိုက်ရသော မုန့်ဟင်းခါးအတွက် အခဲမကျေဖြစ်ရသည်။

ငတ်ကြီးကျနေ၍ ဓာတ်ပုံများလည်း တစ်ပုံမှ မရိုက်ထားလိုက်ရပါ။ ပြန်ခါနီး ကြက်သားပတ်ဖ်၂ခု၊ အသိဆိုင်မှ အားပေးသည်။ ဖာလူဒါတစ်ခွက် ၃ကျပ်ခွဲ ၀ယ်သောက်လိုက်သေးသည်။


အသီးမှာ သရက်
 ဆစ်ဒနီတွင် သရက်သီးပေါ်ချိန်ဖြစ်ရာ သရက်သီးများ အလွန်ပေါလေသည်။ ချင်ကျားပူတွင် တစ်လုံး ၅ကျပ်လောက်ပေးရသော မချစ်စုလို အလုံးကြီးမျိုးကို ၂ကျပ်သာပေးရသည်။ ပြီးခဲ့သည့်အပတ်က ကောင်းမှန်း၊ မကောင်းမှန်း မသေချာ၍ တစ်လုံးသာ ၀ယ်သည်။ သရက်သီးသည်ကား အသီးမှာသရက်ဆိုသော စကားနှင့်အညီ ချို၊ အေး၊မွှေး ဖြစ်နေရာ တစ်လုံးတည်း ၀ယ်မိသည်ကို နောင်တ အကြီးအကျယ်ရသည်။ ဒီအပတ်တော့ ၃-၄လုံးဝယ်မည်စိတ်ကူးရာ သွားမေးတော့ တစ်လုံး ၃ကျပ်ဖြစ်သွားသည်။ တစ်လုံး ၃ကျပ်ဆိုတော့လဲ ဈေးများပေရာ တစ်ပုံးလုံးဝယ်လျှင်တော့ ၂၀တဲ့ ၁၀လုံးပါသည်။ ဒီ့ထက်ဈေးပေါတာများရမလားလို့ ဟိုဒီလျှောက်ပတ်ကြည့်ကြရာ စိတ်တိုင်းမကျ။ ဦးခြိမ့်မှ ပြန်မည်လုပ်ရာ ဒီအပတ် သရက်သီးမှမပါလျှင်  အိမ်အပြန် ရာသီဥတုမကောင်းမည့် အရိပ်အယောင်ကို မြင်သည်မူ စောနက သရက်သီးဆိုင် ပြန်ခေါ်သွားသည်။  အစိမ်းများများ ပါသော ပုံးတစ်ပုံး ၂၀နှင့် ၀ယ်ခဲ့မှ နှမတော်၏ ရွှေမျက်နှာတော် ပြုံးရွှင်သွားလေသတည်း။ (ရလဲ့ တယ် ဟုတ်ပါလားး))

ဦးဦးဖျားဖျား ဘုရားဆွမ်းတော်တင်ရာ ကလပ်နှင့် မဆန့်။ ကလပ်ကပင် သေးနေသေးသည်။

တစ်လုံး ခွဲလိုက်ရာ မယုံမရှိနှင့်၊ တစ်ပန်းကန်အပြည့်ရလေသည်။ အစေ့သည် ပါးပါးသေးသေးလေး ဖြစ်ရာ စိုက်ထားမည်စိတ်ကူးသည်။

ထမင်းမှာ အုန်းထမင်း
ညနေကျ ကြက်မြစ်၊ကြက်သဲဆီပြန်ချက်၊ ချဉ်ပေါင်၊မျှစ်ကြော်ရာ အမေ့ကို သတိရသည်။ အကြောင်းမှာ အမေသည်  အုန်းထမင်းချက်တိုင်း ချဉ်ပေါင်မျှစ်ကြော်၍ ဖြစ်သည်။ အုန်းထမင်းဆိုမှ အုန်းထမင်းကို အမေ့ထက် ပိုသတိရသွားရာ အုန်းနို့တစ်ဗူး အဆင်သင့်ရှိသည်နှင့် အုန်းထမင်းချက်လေသည်။ 


ဦးခြိမ့်က သွေးတက်တတ်၍ မစားရာ အုန်းထမင်း အိမ်မှာချက်ခဲသည်။ သူ့အတွက် မနေ့က ထမင်းအကျန်နွှေးပြီး အုန်းထမင်းနှင့်ရောကျွေးလျှင်ရတာပဲ ဆိုကာ အုန်းထမင်းကို ဇွတ်ချက်သည်။ ညနေစာစားတော့ မောင်မင်းကြီးသားက အုန်းထမင်းကိုသာ အားစိုက်တွယ်လေရာ သူ့သွေးတိုးအတွက် စိုးရိန်မိသည်။ မနက်ကျ အိပ်ရာထစ သွားနှိုးမည်ပြင်ရာ မနှိုးရဲချေ။ မတော် သွေးတက်ပြီး တစ်ခုခုဖြစ်နေလျှင် မခက်လား။ မနှိုးရဲ၍ အိပ်ရာထဲတွင် ပေနေရာ သွေးတက်သူက လာနှိုးမှ ထချင်ယောင်ဆောင်ကာ သက်ပျင်းချရလေသည်။ နောင်တွင် ဆင်ချင်ရမည်။



 

ချဉ်ပေါင်ရွက် ဘယ်ကရသနည်းမေးသော် ဘုန်းကြီးကျောင်းမှတဆင့်သွားသော မြန်မာဆိုင်မှ ဆီနှင့်လှိမ့်ထားသည်ဆိုသော အထုတ်ကြီး ၅ကျပ်ဖြင့် ၀ယ်လာခြင်းဖြစ်ပါသည်။ အခြောက်အခြမ်းများကို ဘယ်တော့မှ မကြိုက်သော အန်တီဆွိသည် ချဉ်ပေါင် ချင်ခြင်းတက်လွန်း၍သာ ၀ယ်လာသည်။  ကောင်းမည်လား မကောင်းမည်လား မသေချာ။ ကြော်ပြီးမှ ချဉ်ပေါင်ပင်က လတ်လတ်ဆတ်ဆတ်ခူးကြော်သည့်အတိုင်းဖြစ်ရာ အလွန်သဘောကျလျက်ရှိပေသည်။ 

ကျန်သည့် ချဉ်ပေါင် တစ်ဝက်ကို  ရေခဲသေတ္တာအပေါ်ထဲ ထည့်ခဲထားလိုက်သည်။ Frozen Rosella Leaves ဟုရေးထားပါသည်။ ခုမှသတိထားမိသည်။ (date မှာ expire ဖြစ်နေပြီ ... ဒုက္ခ ...)

ကြက်မြစ်ကြက်သဲ ဆီပြန်။ ဆီမများပါ။ အောက်မှ ရေများဖြစ်ပါသည်။ ဆီကပ်နေအောင်တည်လိုက်သောအခါ ဆီ ဆမ်းစားစရာ နဲနဲပင်ကျန်ပါသည်။ (ဆီများသည်ဆိုသော စပါယ်ပန်းမကို နှူတ်ပိတ်ခြင်း)


စားမကုန်သည်မှာ ကင်မ်ချိ
ကင်မ်ချိသည် ဆိုင်တွင် အလွန်ဈေးကြီးလေသည်။ ဗူးသေးသေးလေး တစ်ဗူးကို ၄-၅ကျပ်။ အိုးရှင်းထုပ် တစ်ပွေ့တစ်ပိုက်ကြီးမှ ၂ကျပ်ကို ကင်မ်ချိလုပ်သော် အိမ်တွင်ရှိသော ပလပ်စတစ်ဗူးအကြီးဆုံးနှင့် တစ်ဗူးအပြည့်ရလေ၏။ ထိုနေ့က အိမ်တွင်ဂျင်းနည်းနေ၍ အိုးရှင်းတစ်ဝက်သာ လုပ်ရာ ကင်မ်ချိမှာ ယခုချဉ်ပြီ။ အိမ်မှာ စားမကုန်ရာ အသိများကို ခွဲဝေပေးနေရသည်။ ကင်မ်ချိ ၀က်သားကြော် အလွန်ကောင်းသည်။ ကင်မ်ချိ ဟင်းချိုလည်းကြိုက်၏။



Kimchi Soup

 


ကင်မ်ချိဆို၍ ကင်မ်ချိလုပ်နည်း မေ့နေ၍ ကိုယ်ရေးထားတာ ကိုယ်ပြန်ဖတ်ရာ ကွန်မန့်၂ခု ဘယ်တုံးက မန့်ထားသည်မသိ။ ဆိုးဆိုးရွားရွား မန့်ထားလေရာ အင်မတန် စိတ်ပျက်မိသည်။ ဖတ်သူတွေ တစ်မျိုးတစ်မည် ထင်နိုင်သော ကွန့်မန့်ဖြစ်ရာ ထိုသို့ အကြောင်းမဲ့ attack လုပ်သူများကို နားမလည်နိုင်ဖြစ်ရသည်။ 

http://auntysweet.blogspot.com/2009/04/blog-post_09.html



ကောင်းကင်ပေါ်မှာရေးတဲ့ ရည်းစားစာ
မနေ့ကမနက် အိပ်ရာထ စောစောစီးစီး ကောင်းကင်ပေါ်မှာ လေယာဉ်မီးခိုးတန်းတွေနှင့် တစ်ယောက်ယောက် ရည်းစားစာရေးနေခြင်းဖြစ်သည်။ ကာရကံရှင်များ တော်တော် romantic  ဖြစ်မည်။ ပိုက်ပိုက်လည်း တော်တော်ကုန်မည်ထင်သည်။
I
LOVE YOU 
X  X 

တဲ့ ရေးထားတာ ဖတ်ပြီးတော့ ကောင်လေးက ကောင်မလေးကို propose လုပ်တာဖြစ်မည်ဟု သဘောပေါက်သည်။ ကြည့်နေရင်းနဲ့ ပထမရေးထားတာတွေ မီးခိုးငွေ့တွေလွင့်ကာ မှုန်ဝါးကုန်မှ ဓာတ်ပုံရိုက်ဖို့ သတိရသည်။


အောက်ဆုံးမှ X   X  ဆိုသည်ကို ကောင်မလေး နာမည်လား၊ ဘာလဲ နားမလည်ရာ ညနေ သမီးကို ပြရင်းနှင့်မှ မယ်မင်းကြီးမှ မဂျူဂျူ ဘာသာပြန်ပေးရာ X ဆိုသည်ကား kiss လို့ အဓိပါယ်ရသည်တဲ့။ သမီးရှင်းပြမှ သိရသော အမေဘ၀ရောက်လေပြီဟု ရေးရေး သဘောပေါက်မိသည်။

ဤတွင် သတင်းများကို ကြေငြာ၍ ပြီးပါပြီချင်။     ။