အန်တီဆွိ စင်္ကာပူမှာနေတုံးက ပါစီပါဂျန်းမှာ နာမည်ကြီး ကွေ့ချပ်ဆိုင်ရှိတာ ရုံးနဲ့နီးတော့ ခဏခဏ သွားစားဖြစ်တယ်။ ရုံးကအဖွဲ့ကလဲ လူညီတယ်။ ပါစီပါဂျန်း ကွေ့ချပ်ဆိုင်ဆို ဘယ်သူမှ မငြင်းဘူးဗျ။ အဲဒါ ဒီဖက်လာခါနီးတော့ ကောင်လေးတွေက ဆွိ နင် ဟိုရောက်ရင် ကွေ့ချပ်စားရတော့မှာမဟုတ်ဘူးတဲ့။ ဒီတော့ ဒီမှာရှိတုံး အဝစားသွားဆို နောက်ဆုံးအပတ်ကို နေ့တိုင်းနီးပါး အဲဒီဆိုင်သွားကြတယ်ဗျာ။ ကိုယ်ကတောင် ကွေ့ချပ်က ဝက်အူတွေ၊ ကလီစာတွေဆိုတော့ အဆီများလို့ နေ့တိုင်းတော့ မလုပ်ပါနဲဟယ်။ တော်နေ ငါမသွားခင် နင်တို့အကုန် (ဂန့်ကုန်) ဒုက္ခရောက်ကုန်ဦးမယ်ဆို ပြောယူရတယ်။
တကယ်လဲဟုတ်တယ်။ ဒီဖက်မှာ စင်္ကာပူအစားအစာ ကြက်ဆီထမင်းတို့၊ လက်ဆာတို့၊ စင်္ကာပူစတိုင် ခေါက်ဆွဲကြော် (Mee Goreng) တို့၊ ကွေ့သယောင်တို့ အစရှိသဖြင့် အကုန်ရပေမဲ့ အဲဒီ ဝက်အူ၊ ကလီစာတွေကို ပြုတ်ပြီးရောင်းတဲ့ Kway Chap ကတော့ ဒီမှာ ဘယ်နေရာမှ မရှိဘူးခင်ဗျ။ မဆွိတီတို့လဲ စင်္ကာပူရောက်စက ကွေ့ချပ်တို့၊ ဘာကူးတေတို့ မကြိုက်ပေါင်။ ဆေးနံ့က နံပါဘိသနဲ့။ ဘယ်လိုအနံ့ကြီးမှန်း မသိဘူးပေါ့။ နောက်တော့ ဝက်သားတုတ်ထိုးငတ်တာနဲ့ ဝက်အူပြုတ်ကို ဝက်သားတုတ်ထိုး အမှတ်နဲ့ စားရာကနေ ကွေ့ချပ်ကိုပါ ကြိုက်သွားပါရော။ အိမ်မှာကြီးတော်ကလဲ ကွေ့ချပ်ပရိတ်သတ်ပဲ။ ကြီးတော်တင်မက၊ ဂျူဂျူလေးကပါ အဲဒီကပါတဲ့ ဝက်စတူးက အရမ်းနူးအိနေတော့ သူပါကြိုက်ပြီး ၅၂လမ်း ဟော်ကာက ကွေ့ချပ်ဆိုင်မှာလဲ week end ဆို မိသားစု သွားသွား စားကြသေးတယ်။ အဲဒီထဲက ကြက်ဥပြုတ်ကိုလဲ ဂျူဂျူတို့ သိပ်ကြိုက်။ အမှန်က ကွေ့ချပ်ဆိုတာ အရည်နဲ့ ဖျော်သောက်တဲ့ မြန်မာလို ညှပ်ခေါက်ဆွဲ အပြားကြီးကို ခေါ်တာပါ။ သူတို့က ဝက်အူတွေကို တရုတ် spice တွေ၊ ဆေးတွေနဲ့ပြုတ်လိုက်တော့ ဘာညှီနံ့မှ မထွက်တော့ဘူး။ ဝက်သားဆိုလဲ ဝက်စတူးသဘောမျိုး နူးအိနေတာပဲကိုး။ ကြက်ဥတွေ၊ ဝက်သားအရေပြား၊ ပဲပြားကြော်၊ ပဲပြားအစိမ်းတွေ လဲ ထည့်ပြုတ်သေးတယ်။ တစ်ချို့လဲ မြေပဲ ပြုတ်တွေ၊ မုန်ညင်းချဉ်ပြုတ်တွေပါ ထည့်ပေးတယ်။။
မနေ့က ချက်နည်းလေးသိချင်လို့ အင်တာနက်ထဲ ဝင်မွှေရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူရဲ့ အကောင်းဆုံးတွေထဲက တစ်ခုသော ကွေ့ချပ်ဆိုင်ဆိုပြီး အပေါ်ကပြောတဲ့ ပါစီပါဂျန်းဆိုင်ကို စင်္ကာပူ ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်လို့ ဆိုင်လိပ်စာလေး သိရအောင် လင်ခ့်လေး ပေးလိုက်ပါတယ်။
Tong Lok Kway Chap
ခဏခဏသာ သွားစားနေတယ်၊ ဆိုင်နာမည်ကို တစ်ခါမှ သတိမထားမိဘူးဂျာ။ ခုမှ Tong Lok Kway Chap ဆိုင်ဆိုတာ သိရတော့တယ်။ အဲဒီဘလော့ဂ်က ပုံတွေကြည့်ရင်းနဲ့ ဒီလို ကွေ့ချပ်တွေ ပြင်ဆင်ထားတာ၊ ဆိုင်ပိုင်ရှင်တွေရဲ့ ပုံတွေ ပြထားတာ မြင်ဖူးသလိုလိုပဲဆို တွေးနေတာ။ နောက် ဆိုင်လိပ်စာတွေ့မှ ကိုယ်သွားစားနေကျ ဆိုင်မှန်းသိတော့တယ်။ အဲလောက်နာမည်ကြီးမှန်းကို မသိခဲ့တာပါ။ တစ်ခါ အိမ်ကလူတွေ စားရအောင်ဆို အဲဒီဆိုင်ခေါ်သွားတာ Sunday ကြီးဖြစ်နေလို့ မဖွင့်ဘူးတဲ့ ခင်ဗျ။ စလုံးက ကွေ့ချပ်ပရိတ်သတ်တွေ သွားစားချင်ရင် တနင်္ဂနွေ၊ တနင်္လာနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ ပိတ်ပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ဈေးလဲ မကြီးပါဘူး။ ဟော်ကာစင်တာမှာ ရောင်းတဲ့ ဈေးနှုံးထက်တောင် သက်သာပါသေးတယ်။

ဒီဖက်မှာ ဗီယက်နန်တွေ တရုတ်တွေပေါတော့ ဝက်သားကလီစာ အကုန်ဝယ်လို့ရပါတယ်။ ဝက်အူအကြီးဆို တစ်ကေဂျီ ၈ကျပ်လောက်ပဲရှိပါတယ်။ အူချိုလေးတွေလဲ ရပါတယ်။ ခါတိုင်းဆိုရင်တော့ ဗမာစတိုင် ဝက်သားတုတ်ထိုး လုပ်စားတာများတယ်။ ဆေးရကြောရတာ မသက်သာလို့ မစားဖြစ်တာတောင်ကြာလှပေါ့။ နောက်ဆုံးအခေါက်က ဆေးရတာတော်တော် လက်ဝင်ပြီး အနံ့လဲ သိပ်မပျောက်လို့လေ။ ဒါနဲ့ ဒီအပတ် စနေက ဈေးဝယ်တော့ မထင်မှတ်ပဲ ကိုယ်ဝယ်နေကျဆိုင်မှာ တွေ့တာနဲ့ အူအကြီး (ဘာအူ ခေါ်လဲမသိ) ၅၀၀ဂရမ် ဝယ်လာခဲ့တယ်။ မနေ့က ရေခဲသေတ္တာထဲ ကြည့်လိုက်တော့ ဟိုတစ်ခါ စင်္ကာပူက အစ်မ လက်ဆောင်ပေးခဲ့တဲ့ ကွေ့ချပ် spice အမှုန့်ထုတ်တွေ့တာနဲ့ ကွေ့ချပ်ပဲ လုပ်စားတော့မယ်ဆို ဝက်အူကို စပြီး ရေဆေးရပါတော့တယ်။
ဝက်အူက ကိုင်ပြီး၊ ဆေးပြီးသားပေမဲ့ အနံ့ကတော်တော်ကျန်သေးတော့ မန်ကျည်းမှည့်နဲ့ ဆားကြမ်းနဲ့ နာနာပွတ်ပြီး အပြင်ဖက် ၃ခါ၊ အတွင်းဖက်လှန်ပြီး ၃ခါလောက် ပွတ်ဆေးရပါတယ်။ စားချင်တော့လဲ ဒုက္ခခံရပါတယ်။ ဝက်သားကိုလဲ ၂၅၀ဂရမ်လောက် အတုံးလိုက် လှီးထားပါတယ်။ ဝက်သားသုံးထပ်သားဆို ပိုကောင်းပါတယ်။ နောက် ပဲပြားတွေ ဝယ်ထားတာ ရှိတာနဲ့ ပဲပြားတွေလဲ အဆင်သင့် တစ်ဝက်စီ လှီးထားပါတယ်။ ကြက်ဥ ၃လုံးကိုလဲ ရေဆေးပြီး ထည့်ပြုတ်ဖို့ အဆင်သင့်ပြင်ထားပါတယ်။
ဝက်အူကို မညှီအောင်၊ အနံ့မထွက်အောင် လုပ်နည်းတွေ့လို့ မျှဝေပါမယ်။ ဒယ်အိုးထဲကို ဆီအနည်းငယ် ထည့်ပါ။ ဆီကျက်လာရင် စောနက ဆေးထားတဲ့ ဝက်အူကို ဒီအတိုင်း လုံးဝမလှီးပဲ ဆီကျက်ထဲကို ထည့်ကြော်ပါတယ်။ ရေခန်းလာရင် ဝက်အူ တစ်ဝက်လောက်မြုတ်အောင် ရေထပ်ထည့် ပြုတ်ထား ၂မိနစ်လောက်နေလို့ တော်တော်ပွက်လာရင် အဲဒီ ရေတွေကို ငှဲ့ပစ်ပါတယ်။ အဲဒါမျိုး၃ခါလောက် ရေတွေကို ထည့်လိုက်၊ ငှဲ့လိုက်ရင် ဝက်အူဟာ အညှီနံ့ လုံးဝနီးပါးပျောက်သွားပါတယ်။ နောင် ဝက်သားတုတ်ထိုးလုပ်ရင်လဲ ဒီနည်းပဲ သုံးပါတော့မယ်။
ကွေ့ချပ် spice ဖြစ်ပါတယ်။ အော်ဇီမှာလဲ တရုတ်ဆိုင်တွေမှာ ရှိပါတယ်။ ဈေးမကြီးပါဘူး။ တစ်ထုတ် ၂ကျပ်ခွဲလောက်တော့ ရှိမယ်။
နောက်တော့ soup လုပ်ဖို့ ဆော့စ်အတွက် ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း ၃ဇွန်း၊ အကြည်ရေ ၂ဇွန်း၊ ကြက်သားမှုန့် လဖက်ရည် တစ်ဇွန်းခန့်ကို ရေနဲ့ဖျော်ထားပါတယ်။ ကွေ့ချပ်ပြုတ်မဲ့ အိုး ကြီးကြီး ဇောက်နက်နက်ထဲကို ဆီ စားပွဲဇွန်း တစ်ဇွန်းခန့်ထည့်ပြီး ဂျင်း ပါးပါးလှီးထားတာ ၄-၅ ခုလောက်၊ ကြက်သွန်ဖြူကို အခွံမနွှာပဲ ၄-၅ဥလောက်၊ နာနက်ပွင့် တစ်ပွင့် ၂ပွင့်ခန့်ကို ဆီကျက်ရင် ထည့်ဆီသတ်ပါတယ်။ (Kway chap spice ထုတ်မှာ တရုတ်မဆလာ five spice တို့ ဘာတို့ အစုံပါပြီးသားဆိုတော့ ဟင်းခပ်အမွှေးအကြိုင်တွေအများကြီး ကိုယ့်ဟာကိုယ် ထည့်ဖို့ မလိုတော့ပါဘူး။) ဆီသတ်တာ အနံ့နဲနဲမွှေးလာရင် မီးပိတ်ပြီး အပေါ်က ရေနဲ့ဖျော်ထားတဲ့ ဆော့စ်ကို လောင်းထည့်ပါတယ်။ (မီးမပိတ်ရင် ဆီကျက်နေတုံးမှို့ မီးထတောက်မှာ ကြောက်ရပါတယ်)။ နောက်ထပ် ရေကို (ထည့်မဲ့ ပစ္စည်းတွေ မြုတ်ရုံ) အိုးနဲ့ အပြည့်နီးပါးထည့်ပြီး အပေါ်ကနေ ကွေ့ချပ် spice အထုတ်ရဲ့ တစ်ဝက်ကို လောင်းထည့်ပါတယ်။ နောက် ချိုအောင် brown sugar ( သို့ ) ထန်းလျှက် ၃လုံးလောက် ပစ်ထည့်ပါတယ်။ အဲဒါဆို soup က အဆင်သင့်ဖြစ်ပါပြီ။ Soup ကို ဆူပွက်နေအောင်တည်ထားပါတယ်။ soup ကို ကိုယ့်စိတ်ကြိုက်အရသာရအောင် ပဲငံပြာရည် အကြည်ရေ၊ ထန်းလျှက် အစရှိသည်တို့ကို လိုရင် ထပ်ထည့်ပေးပါဦး။
Soup ရပြီဆို အပေါ်က ဝက်အူရယ်၊ ဝက်သား၊ ပဲပြား၊ ကြက်ဥတို့ကို soup ထဲ ထည့် မီးအေးအေးနဲ့ နာရီဝက် တစ်နာရီခန့် ထည့်ပြုတ်ရပါတယ်။ ကြက်ဥပြုတ်ကျက်ရင် အခွံခွါပြီး soup ထဲ ပြန်ထည့်ပြုတ်ပါတယ်။
အသားတွေက အကျက်မညီလို့ တည်နေတုံး မြည်းစမ်းကြည့်ပြီး ကျက်တာကို အရင်ကော်ထားစေချင်ပါတယ်။ ဝက်အူက နူးလွယ်တော့ အရမ်းပျော့အိသွားရင် မကောင်းလို့ အနေတော်လေးမှာ ပန်းကန်တစ်လုံးနဲ့ ဆယ်ထားရပါတယ်။
ဝက်အူနဲ့ အသား၊ ပဲပြားတို့ကို အဆင်သင့်ဖြစ်အောင် ပါးပါးလှီးထားပါတယ်။
အမှန်က ပဲပြားကို ကြော်ထားတာလဲ ထည့်ပြုတ်ရင်ပိုကောင်းပါတယ်။ဝက်အူနဲ့ အသား၊ ပဲပြားတို့ကို အဆင်သင့်ဖြစ်အောင် ပါးပါးလှီးထားပါတယ်။
တကယ်တော့ အန်တီဆွိဝယ်တာ ကွေ့ချပ် အစစ်မဟုတ်ပါဘူး။ ကွေ့ချပ်အစစ်က မညှပ်ရသေးတဲ့ ညှပ်ခေါက်ဆွဲ အချပ်လိုက်ကြီးပါ။ ဈေးက လွယ်တာပဲ ဝယ်ခဲ့ပါတယ်။

အချဉ် Sauce အတွက်တော့ မြန်မာ ဝက်သားတုတ်ထိုး sauce ကိုပဲ အချဉ်ကဲပြီး ခပ်ချဉ်ချဉ်လေး လုပ်လိုက်ပါတယ်။
စားခါနီးကျ စောနက Kway Chap soup ကို ဆူပွက်နေအောင် အရင်တည်လိုက်ပါတယ်။ ပြီးတော့မှ လှီးထားတဲ့ အသားတွေ၊ အူတွေ၊ ပဲပြားတွေကို တစ်ခုချင်းစီ သံစကာလေးနဲ့ soup ထဲ နှစ်ပြီး ပန်းကန်ပြားခပ်ကြီးကြီးထဲထည့် ပြီး ပြင်ဆင်ပါတယ်။
ကွေးချပ် (ညှပ်ခေါက်ဆွဲ)ကိုလည်း ပန်းကန်လုံးလေးထဲထည့် ဟင်းရည် ပူပူ လောင်းထည့်ပါတယ်။
တွဲစားရအောင် အရွက်မပါလို့ Bok Choi ကို ခရုဆီနဲ့ ကြော်လိုက်ပါတယ်။
စားရန် အဆင်သင့်ဖြစ်ပါပြီခင်ညာ။ စလုံးက ပရ်ိတ်သတ်ကတော့ ဒုက္ခခံလုပ်စရာမလိုဘူးပေါ့။ စလုံးမှာ ဆိုင်တွေ ပေါမှပေါကိုး။ နိူင်ငံခြားရောက် ကွေ့ချပ် ပရိတ်သတ်တွေ ချက်စားရအောင် ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။













The best Kway Chap I'd ever been eat was from Bangkok near Victory Monument, under the BTS overhead bridge. The taste better than Pasir Panjang. Btw, for soup base they put five spice plus white reddish chunks to absorb all the smell from pork. Well, eat with dry chili powder and Cap Muu (crispy pork skin)..... very yummy!
ReplyDeleteကွေးချပ်ကို မလေးရှား (သို့) စင်္ကာပူ base အစားအစာလို့ ထင်ထားတာ။ ယိုးဒယားမှာလဲ ရတယ်ဆိုတာ မနေ့က အင်တာနက်ထဲ လိုက်မွှေရင်းနဲ့ တွေ့လိုက်ပါတယ်။ စင်္ကာပူက ကွေးချပ်နဲ့ အတူတူ ပဲလားတော့မသိဘူး။ အမှန်က တရုတ်ကစတဲ့ အစာနဲ့တူတယ်နော်။ ဘယ်က အစလဲဆိုတာ Google မှာလဲ မတွေ့ဘူး။
ReplyDeleteတီဆွီရေ... ကွေးချပ်ကို ဒီကထိုင်းဆိုင်တွေမှာတွေ့ဘူးတယ်...singapore ကဟာနဲ့တူလားတော့မသိဘူး... city က chat thai ဆိုတဲ့ဆိုင်မှာ... အူကတော့အိမ်မှာလုပ်တာလောက်တော့မများဘူးပေါ့... နည်းပေးတဲ့အတွက်ကျေးဇူးပဲနော်တီဆွီ =]
ReplyDeletesuper like! TT SWEET. I didn't like kway chap at first too so i used to order with yum rice. But kway chap is one of my favourites now. :D
ReplyDeleteကျေးဇူးပါအူကနံတာချက်ရင်ဘယ်လိုလုပ်ရမလဲမသိလို့ခုတော့အဲ့ဒီ့နည်းအတိုင်းလုပ်ကြည့်မယ်
ReplyDeleteaww ချစ်မကြီး ဆု ကိုမညှာဖူး။။ ဒီမှာ ၇၈၆ နိုင်ငံဆိုတော့ ရှား တယ်။ ၀က်သားတော့ဝယ်လို့ရပါတယ်။ ဒါပေမယ့် ၀က်သား မချက်တတ်ဖူး အိမ်မှာတုံး ကအမေ တို့က ၀က်သားမစား ဖူးလေ။ အဲတော့ ဆု လဲ မချက်ဖူး။။ သူးများချက်ရင်တော့ လာထား ပဲ။။ ဟီးဟီး
ReplyDeleteဆုဆု
စားချင်လိုက်တာ အမရာ။
ReplyDeleteဆုဆု
အဲ့ဒီအူကို အူပိတ်လို့ခေါ်ပါတယ် Large intestine လို့ဒီမှာတော့ရေးတတ်တယ်။
ReplyDeleteအူအသေးလေးတွေကို အူချို ခေါ်ပြီး small intestine လို့ရေးတတ်တယ်
အူမကြီး လည်းရှိပါသေးတယ်။
မနံအောင် ဆား၊ သံပုရာသီးနဲ့အတူရေနွေးနဲ့ အခါခါပွတ်ဆေးပြီး နာနတ်ပွင့်ဘာညာဆမကလာပါတဲ့ ရှားကောပါးကောလေးနဲ့ နပ်ထားလိုက်ရင် အတော်လေးအဆင်ပြေပါတယ်။
အိမ်မှာတော့ အူချက်ရင် လူတိုင်းထမင်းသိပ်စားနိုင်ကြလို့ မချက်ပဲနေတာကြာပြီ အဆီတက်တယ်ဆိုတာကိုး
ဒါပေမယ့်လည်း ကြိုက်နေတာက ခက်တယ်..:P
တီဆွိ့ blog ကိုအားပေးနေတာကြာပါပီ။၁ခုလောက်တောင်းဆိုချင်လို့ပါ။ တီဆွိက mechanical engineer ဆိုတော့ ရန်ကုန်က ME ပြီးပြီးတော့ စလုံးမှာလာ အလုပ်ရှာ သို့ သင်တန်းတက်ချင်တယ့်သူတွေ အတွက် basic requirements လေးတွေအကြောင်း အဆင်ပြေရင် blog တစ်ပိုစ်လောက် တောင်းဆိုတာပါ။
ReplyDeleteညီမလည်း စင်ကာပူမှာအလုပ်လုပ် ကျောင်းတက်နေတာ ၃နှစ်လောက်ရှိပါပီ။ Software Engineer ဆိုတော့ ME တွေဘာတွေပြင်ဆင်ဖို့လိုတယ် ဆိုတာ သေချာမသိပါဘူး။ ရန်ကုန်ပြန်တိုင်း မောင်ဝမ်:ကွဲတွေက အဲ့ဒါနဲ့ပြီးထားတာ ဆိုတော့ မေးလို့။ သူပြောတာကတော့ ကျောင်းမှာ mechanical engineering က drawing နဲနဲ ပဲပါတယ်။ တီဆွိ autocad သုံးရတယ်ဆိုတယ့် post ဖတ်ဖူးလို့ပါ။ ကျောင်းတက်ကတည်းက သူ့အိမ်ကဆန်စက်မှာတော့ လုပ်နေတာ။ အပြင်အလုပ်တော့မရတာလား မရှာရသေးတာလား မသိဘူးရယ်။ နယ်ကနေကျောင်းတက်ရတာဆိုတော့ ၁လ ၁သိန်းကျော်လောက် ၅နှစ်ကုန်လို့ တော်တော်အပြစ်ပြောခံနေရပါပြီ။ သူ့အငယ်တွေဆိုလည်း ဒေးကိုမတက်ရတော့ပါဘူး။အဲ့ဒါသူ့ကို ကူညီချင်လို့ပါ။ ကူညီချင်ပေမယ့် သေချာမသိလို့ တီတီဆွိ ကိုအကူအညီ တောင်းတာပါ။ ကျေးဇူး :)
ပီတူလေး
ထိုင်းမှာလည်းရတယ်... ၀က်သား သုံးထပ်သား
ReplyDeleteအကြွပ်ကြော်လေည်းပါတယ်။ စားကောင်းမှကောင်းပေါ့
ဒီလို ဆန်ပြားနဲ့တော့ မဟုတ်ဘူး သူက တြိဂံပုံ
ဆန်ပြားလေးတွေကို ပြုပ်ထားတာ လိပ်နေတာပဲး)
ရှလွတ် စားချင်တှာ ချဉ်ချင်းတနေပြီး)
dfsdfsdfsdfsdf
Deleteသွားရည်တောင်ကျသွားရတယ်
ReplyDeleteကြည့်တာနဲ့ စားကောင်းမဲ့ပုံဘဲ
ထိုင်းက ကွေ့ချားလဲ စားကောင်းတယ်ဗျ။ သူက အသားမျှင်လေးတွေနဲ့ မူယောလို့ခေါ်တဲ့ ၀က်ကြိတ်သားတွေပါထည့်တက်တယ်။
ReplyDeleteလီယို
ခုတစ်လောဝက်သားဒုတ်ထိုးစားချင်နေတာ။
ReplyDeleteဒီပုံတွေတွေ့ တော့ချက်ချင်းတောင်လုပ်စားချင်လာပြီ။
အိုင်အိုရာ
ပီတူလေးရေ
ReplyDeleteအလုပ်အကြောင်းရေးရမယ်ဆို အရင် ကျောင်းတက်တုံးက အကြောင်းရေးသလို အချက်အလက်လေးတွေ မှန်ကန်စေချင်လို့ ပြန်ရှာ ပြန်ကြည့်ရပါဦးမယ်။ ဒါကြောင့် ရေးမယ်ဆို အချိန်အနည်းငယ် ကျန့်ကြာနိုင်လို့ ရေးပေးပါမယ်။ အချိန်လေးစောင့်ပေးပါလို့ပဲ ပြောချင်ပါတယ်။ Software အင်ဂျင်နီယာကတော့ ME နဲ့ သိပ်မဆိုင်လောက်ဘူး ထင်တာပဲနော်။ ME သမားကတော့ PCB တွေ ဘာတွေ ဆွဲရတော့ EE knowledge လေးတွေ နဲနဲ သိထားဖို့လိုပါတယ်။ EE သမားတွေကလဲ PCB တွေ ဆွဲရတော့ AutoCAD တော့ တတ်ထားသင့်ပါတယ်။ နောက်မှ အလုပ်အတွေ့အကြုံလေးတွေနဲ့ ရောပြီး အရှည်ရေးတော့မယ်နော်။ အားပေးသူများအားလုံး ကျေးဇူးပါရှင့်။