အဲဒီဟင်းကို NUS ကအဆောင် ကင်တင်းမှာ စားဘူးတာပါ။ ဆိုင်က ဟော့ပလိပ်တွေကို မှာမှ ချက်ချင်းကြော်ပေးတဲ့ဆိုင်ပါ။ ကျောင်းကဆိုတော့ တစ်ပွဲမှ ၄ကျပ် တော်တော် သက်သာပါတယ်။ သက်သာတော့ ဆိုင်က စားမယ်ဆို အမြဲစောင့်ရတယ်။ တစ်ခါသား ၄၅ မိနစ်လောက်ကို စောင့်လိုက်ရလို့ ကန်ဇွန်းရွက်ဝယ်ပြီး ကိုယ့်ဟာကိုယ်ပဲ အိမ်မှာစမ်းကြော်စားပလိုက်တယ်။ ဒီက စိတ်ကြီးတာ သူတို့ မသိကြဘူး။
သူက ကန်ကုန်းဘလာခြမ်းလိုပဲ။ ဒါပေမဲ့ ဝက်သားလေးနဲ့ဆိုတော့ ပိုကောင်းတာပေါ့။
ကန်ဇွန်းရွက်ကလေးတွေသင် ရေဆေး ရေစစ်ထား။ ဝက်သားလေးကို ပါပါးလှီး ဆား၊ ပဲငံပြာရည် အချို၊ သကြားနဲ့နယ်ထား။ ဂျင်းလေးကိုလဲ ပါးပါးလှီးထား။ ကြက်သွန်နီအလုံးကြီးကြီးတစ်လုံးလောက် အကွင်းလိုက်လှီးထား။
နောက်ပြီး ငပိကြော်ကို စင်္ကာပူစတိုင် ဆီရွှဲရွှဲ၊ သကြားများများနဲ့ ချိုချိုလေး ကြော်ထားတဲ့ ဟာလေးလဲ လိုတယ်။
နောက် ကြက်သွန်ဖြူ ၂မွှာ၊ ၃မွှာလောက်ကို သေးသေးလေးတွေ chop လုပ်ထား။
ပုဇွန်ခြောက်မှုန့်လေးလဲ တစ်ဇွန်းစာလောက် အဆင်သင့်ပြင်ထား။
ကြော်နည်းကတော့
မီးပျင်းပျင်းပေါ် ဒယ်အိုးတယ် ... ဆီစားပွဲဇွန်း ၃ဇွန်းလောက်ထည့် ကြက်သွန်ဖြူထည့်။ မွှေးလာရင် ဂျင်းထည့်
ဝက်သားလေးမွှေးအောင်ကြော်ပေး။
ဝက်သားကျက်လောက်ရင် ပုဇွန်ခြောက်မှုန့်လေးထည့်ကြော်၊ ငရုပ်သီး အရောင်တင်မှုန့်လေး နဲနဲလောက် အရောင်လှအောင် ပစ်ထည့်။ငရုပ်သီး မီးမကျွမ်းမီ ကြက်သွန်နီ၊ ကန်ဇွန်းရွက်၊ ငပိကြော်အချို၊ ပဲငံပြာရည်အချိုရည်၊ ဆား၊ သကြား အစုံထည့် ကန်ဇွန်းရွက် ကျက်သည်အထိ မွှေပေးပါ။ ကျက်ကျက်ချင်း ကြွေပန်းကန်အပြားပေါ် ပူပူလေးထည့် ထမင်းနဲ့ စားနိူင်ပါပြီ။ မြန်လဲမြန် ဟင်းတစ်မျိုးတည်းနဲ့ လဲ စားလို့ရပါတယ်။ ရေနွေးကြမ်းလေးနဲ့ပေါ့။





စင်ကပူစတိုင် ငပိအချိုကြော်
အပေါ်က ကန်ဇွန်းရွက်ကြော်တော့ ငပိကြော်လေး စားဖို့ အမြဲကြော်ထားတဲ့ အထဲက ယူကြော်ပါတယ်. စင်္ကာပူစတိုင်ငပိကြော်ဆိုတာ dumpling တို့ ဘဲကင်ရောင်းတဲ့ဆိုင်တို့မှာ ချပေးတဲ့ ငရုပ်သီးကြော်မျိုးပါ။ သူကဘာနဲ့တူလဲဆိုတော့ မြန်မာငပိကြော်ကို သကြားခပ်ထားတာနဲ့တူတယ်။ ကိုယ်လဲ အဲဒီဆိုင်တွေမှာ စားရင်းနဲ့ကြိုက်လို့ အိမ်မှာစမ်းလုပ်ကြည့်တာ။ တူတယ်လို့တော့ပြောကြတာပဲ။
ငရုပ်သီးခြောက် အရှည် စလုံးလိုဆို တစ်ကျပ်တန်အထုတ်ရဲ့ တစ်ဝက်လောက်ကို ဘလန်ဒါနဲ့ ကြိတ်၊ သိပ်အညက်ကြီးတော့ မဟုတ်ဘူးပေါ့။ ကြက်သွန်နီ တစ်ဥလောက်ကို ပါးပါးလှီးထားတာရယ်၊ ငပိ ထန်းညက်ခဲ ၃လုံးစာလောက်ကို ခြေထားတာရယ်၊ ပုဇွန်ခြောက်မှုန့် စားပွဲဇွန်းမောက်မောက် ၃ဇွန်းလောက်၊ သကြား စားပွဲဇွန်း တစ်ဇွန်းမောက်မောက်လောက်ကိုလည်း တစ်ခါတည်းထည့် အားလုံးပေါင်း ဘလန်ဒါနဲ့ကြိတ်ထား။
ဒယ်အိုးကြီးထဲ ဆီ များများထည့် (စားပွဲဇွန်း ၁၀ဇွန်းလောက်)မီးကအနေတော်လောက် (medium) ဆီကျက်ရင် အပေါ်က ကြိတ်ထားတာတွေ ထည့်ပြီး မီးအေးအေးနဲ့ ကြော်ပေတော့။ အရောင်လေးညိုလာပြီ မွှေးလာပြီဆို မြည်းကြည့်၊ ဆားသကြားလိုတာထပ်ထည့်။ အရောင်လေးလှချင်ရင် အရောင်တင်မှုန့်လေး ချခါနီးထည့်၊ စင်္ကာပူစတိုင် ငရုပ်သီးကြော်ရရော။ ထမင်းနဲ့ ဗမာ ငပိကြော်လိုလဲ စားလို့ရပါတယ်။ NTUC တွေမှာလဲ ရောင်းမယ်ထင်ပါတယ်။
ကြော် ကျွေး ဘာ . . .
ReplyDeleteကျေးဇူး
ReplyDeleteခံတွင်းပျက်ပြီး ချက်ချင်ပြုတ်ချင်စိတ်ပျောက်နေချိန် တီတီဆွိဆီက ဟင်းလေးတွေ မြင်လိုက်ရင် ပြန်ပြီး အိုကေမှာ စိုပြေသွားတယ်။