Saturday, February 13, 2010

လူပျိုသိုး နဲ့ ဆရာမ ဇာတ်လမ်း

သမီးကို အိမ်မှာ အင်္ဂလိပ်စာလာသင်ပေးနေတဲ့ ဆရာမလေးရှိတယ်။ ဗမာလူမျိုးပါပဲ ။ ဒါပေသိ ဘာစပ်လဲတော့မသိ။ မျက်နှာက ဗိုလ်စပ်တွေလို နှာတံပေါ်ပေါ်လေးနဲ့ ဖြူဖြူချောချောလေး။ တကိုယ်လုံးခြုံကြည့်ရင် တော်တော်ကြည့်ကောင်းတယ်လို့ ပြောလို့ရတယ်။

အိမ်က အခန်းတစ်ခန်းမှာ ငှါးနေတဲ့ ညီအစ်ကို၂ယောက်ရှိတယ်။ နေတာကြာလို့ ကိုယ့်မောင်လေးတွေလိုပဲ ရင်းနှီးလို့ ပြောမနာဆိုမနာတွေဖြစ်နေပါပြီ။ ၂ယောက်လုံးက ၃၀ကျော်နေပြီဖြစ်တဲ့ လူပျိုသိုးကြီးတွေ။ အကြီးကောင်လေးကတော့ ရုပ်ကလေးက မခေဘူးလို့ပြောလို့ရတယ်။ အငယ်ကတော့ နဖူးလေး ပြောင်လို့ အသားညိုညို၊ အညာသားရုပ်မျိုး။

လူပျိုကြီးတွေဆိုတော့ လူပျိုသိုးများတို့ ထုံးစံ ဘေးကရိတ်ကနဲ ကညာမဒီလေး ဖြတ်သွားတာမြင်တာနဲ့ သူတို့မှာ စိတ်ကူးယဉ်ရပြီ။ ငယ်ငယ်ကမွေးဘူးတဲ့ ကြောင်ထီးကြီးတွေလိုပဲ။ ပြတင်းပေါက်ဘောင်ပေါ် မေးတင်ပြီး ဘေးကို ကသိုင်းရှု ။ ဘေးကဖြတ်သွားသမျှကြောင်မ ... ငါ့ကြောင်မပဲဆို နှာခေါင်းတရှုံ့ရှုံ့၊ နားရွက်တလှုတ်လှုတ်နဲ့ စိတ်ကူးယဉ်သလိုပေါ့။ သူတို့တွေမှာ၊ ဘေးက ရောက်လာသမျှ၊ မြင်ဘူးသမျှ မိန်းခလေးချောချောလေးတွေဆို "သူနဲ့သာဆိုရင်" ဆိုပြီး စိတ်ကူးကယဉ်ပြီးနေပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ပြောင်းလာတဲ့ ဘေးတိုက်က ဗမာအိမ်က ခယ်မလေးဆိုတာလဲ မနေရဘူး။ ဟိုဘက်တိုက်က ဗမာကုန်စုံဆိုင်က ခပ်ချောချောတစ်ယောက်ကိုလည်း အပျိုထင်ပြီး စိတ်ကူးယဉ်နေရာကနေ နောက်မှ ခလေး ၃ယောက်အမေမှန်းသိရလို့ စိတ်ကူးတွေ သဲထဲရေသွန်ဖြစ်ခဲ့ရဘူးတယ်။ ယုတ်စွအဆုံး အိမ်ခေါင်းရင်းက စလုံးမ အပျိုဘော်ဝင်စ ဘောင်းဘီတိုတို ပိန်ညှောင်လေး၊ အိမ်ဘေးက စလုံးမ ကျောင်းအုပ်အပျိုကြီး ၀တုတ်တုတ်ကိုတောင် စိတ်ကူးထဲ ထည့်ယဉ်ခဲ့ကြဘူးတဲ့သူတွေ။

တစ်ကယ်တန်းကျတော့ ညီအစ်ကို ၂ယောက်လုံးတစ်ယောက်မှ အဖြစ်ရှိတာမဟုတ်။ ရှက်တတ်ကြောက်တတ်တဲ့ အစားထဲကပါ။ လက်တွေ့ကျတော့ ချဉ်းကပ်ရဲတာမဟုတ်လို့ ခုချိန်ထိလူပျိုသိုးကြီးတွေ ဘ၀နဲ့ နေနေရတယ်ထင်ပါ့ပဲ။ စိတ်ကူးနဲ့တင်ရူးနေတဲ့ သူတွေ၊ အုံပုန်းတွေလို့ဆိုရမှာပေါ့။

အခုလဲကြည့်။ သမီးဆရာမလေးကို သူတို့ စိတ်ကူးယဉ်နေကြပြန်ပြီလေ။ တစ်ကယ်တန်း ရှက်တတ်ကြောက်တတ်တဲ့ ညီအစ်ကို ဒီဆရာမလေးကို သေချာမြင်ဘူးတာတောင်မဟုတ်။ အိမ်မှာ မြင်ရင်တောင် သေချာကြည့်ရဲတာမဟုတ်ပဲနဲ့များ။ မဆွိတီတို့ပြောတာတွေ လေသံကြားတရားနာပြီး သူတို့က စိတ်ကူးထဲမှာ ကြိုက်ပြီးနေပြီ။ သမီးကို သူ့ဆရာမပေးမှာလားလို့ စ လို့သမီးမှာ စိတ်ဆိုးရတာအမော။ သမီးဆရာမလေးကို ကြိုက်တယ်ဆိုတဲ့ အကြောင်းတွေက သမီးကိုစရင်း အိမ်မှာ မကြာခဏပြောနေကျ။

ဟိုတစ်နေ့ညနေက သမီးဆရာမလေး အိမ်လာတော့ တောင်ကြည့်မြောက်ကြည့်နဲ့ ။ အသင့်ဖွင့်ပေးထားတဲ့ တံခါးကနေ ၀င်လာပြီး မျက်စိပျက် မျက်နှာပျက်နဲ့ ကမန်းကတမ်း တံခါးကိုလဲ ဆွဲပိတ်လိုက်သေးတယ်။
ဟော ... သူဝင်လာပြီး ခဏနေတော့ အညာသားဟန် နဖူးလေးနဲနဲပြောင်နေတဲ့ အိမ်ကလူပြိုကြီးတစ်ယောက်ကလဲ ၀င်လိုက်လာတယ်။ သမီးဆရာမလေးက နောက်လှည့်ကြည့်ပြီး စိတ်ရှုတ်နေတဲ့ မျက်နှာနဲ့ စာသင်မဲ့ သမီးအခန်းထဲ ၀င်သွားပြီး တံခါးပိတ်သွားပါလေရော။

အဖြစ်အပျက်တွေကြည့်ပြီး ဘာတွေများဖြစ်နေလဲလို့ စဉ်းစားလို့ မရဘူး။
ခဏနေတော့မှ ဟိုလူပျိုကြီး သူ့အခန်းထဲကထွက်လာပြီး " အစ်မရေ အဲဒါသမီး ဆရာမလား" တဲ့။ "ကျွန်တော်နဲ့ MRTက ဆင်းကထဲက အတူတူပဲဗျ။ ... ကျွန်တော်လဲ ဒီစလုံးမလေး ချောတယ်ဆို ကြည့်နေတာ ... အဲဒါ MRT ကထွက်ကတည်းက လမ်းတစ်လျောက်လုံး သူကရှေ့က ကျွန်တော်က နောက်ကဗျ ... တိုက်နားရောက်တော့ ဓာတ်လှေခါးထဲဝင်တော့လဲ အတူတူပဲ။ ကျွန်တော်နဲ့ အတူစီးလာတာ။ ကျွန်တော်က အိမ်နားရောက်တဲ့ အထိတောင် ဟိုခြေရင်းအိမ်က ဧည့်သည်ထင်နေတာ။ နောက်ဆုံးအိမ်ထဲ ကိုဝင်သွားမှ သမီးဆရာမလားဆိုတာ သဘောပေါက်တာဗျား" တဲ့။

ဖြစ်ချင်တော့ သမီးဆရာမလေးခမျာ စလုံးမှာတစ်ခါမှ မကြုံဘူးတဲ့ သူ့နောက် နဖူးပြောင်ပြောင်နဲ့ ဗမာအညာသားတစ်ယောက် တစ်ကောက်ကောက်နဲ့ လိုက်တယ်လို့ ထင်နေတာကိုး။ ၁၅မိနစ်လောက် လမ်းကြိုလမ်းကြား ပတ်ပြီး အတူလျှောက်လာတာ အိမ်နားရောက်တာတောင် ဓာတ်လှေခါးထဲလဲအတူ အိမ်တံခါးဝနားအထိတောင် လိုက်တာဆိုတော့ အတော်အတင့်ရဲလှချည်လားဆိုရန်ထောင်ဖို့ လုပ်တာနေမှာပေါ့။ အိမ်ထဲဝင်လာတော့ တံခါးတောင် အမြန်ဆွဲပိတ်လိုက်သေးတယ်။

ဟိုလူပြိုသိုးကြီးကလဲ ရုံးကအပြန် ... ဘယ်သူသိတာလိုက်လို့ဆို ... ခေါ်တောဘယ်လောက်အားနဲ့ ကြည့်လိုက်လဲမှ မသိတာကိုး ...

11 comments:

  1. ဟားဟားဟား...လူပျိုသိုးတွေအကြောင်း အဲလောက်ကြီးတော့ မလုပ်လိုက်ပါနဲ့ဗျာ...အဲဒီညီအစ်ကို နှစ်ယောက်ဆိုပေမဲ့ ကိုယ်လည်း မလွတ်ကင်းသလို ခံစားရလို့ပါ။

    ReplyDelete
  2. ဟား ဟား ... လူပျိုကြီးတွေ အရှိုက်ထိကုန်ပြီ ... တိုက်ဆိုင်မှုရှိက ခွင့်လွှတ်ကြပါကုန် ...

    ReplyDelete
  3. အဆန်းတွေပါပဲလား =D ကျွန်တော့်သူငယ်ချင်းလိုပဲ ကောင်မလေးတစ်ယောက် လှတယ်ဆိုပြီး နောက်ကလိုက်ကြည့်နေတာ နောက်ဆုံးသူ့အိမ်ထဲဝင်သွားတော့ ဧည့်သည်မှတ်လို့ သွားတော့မှ သူ့ အမဖြစ်နေတာ =D

    ReplyDelete
  4. အစ်မကလည်းသူများပရိုင်ဗေစီကိုဂေါစစ်ဖ်လုပ်နေသေးတယ်
    ၃၀ စွန်းစွန်းကိုလူပျိုသိုးလို.ရေးတာတော.ကန်.ကွက်တယ်ဗျာ။ ဦးသျစ်တစ်တင်းနှမ်းတစ်တင်းပါဗျာ:P

    ReplyDelete
  5. လက်စသတ်တော့ ဝါးလုံးရှည်နဲ့ ပတ်ရမ်းလိုက်တာကိုးးးးး ဗျ...
    (ကိုလူထွေးအလွတ်)

းဝ)

    ReplyDelete
  6. အဲတော့ ... လူပျိုကြီးတွေ အကြောင်း ဖောက်သည်ချမိတာ ... အပြင်ထွက်ရင် သံခနောက်ဆောင်း ရုပ်ဖျက်ပြီးမှ ထွက်ရမလိုပဲ ... လူပျိုကြီး ပရိတ်သတ် ချောင်းရိုက်မှာကြောက်လို့ ... ကလူထွင်းရေ ...

    ကိုဟင်္သာရေ ... ဂေါ့ဆစ်လိုတော့ ဖြစ်သွားလားမသိ။ ရယ်စရာ အဖြစ်အပျက်လေးမှို့ ရှယ်ပေးလိုက်တာပါ။ ဒီအကြောင်းရေးထားတာ သူတို့လဲ သိပါတယ်။ အိမ်မှာ ပြောမနာဆိုမနာ မောင်နှမတွေလိုမှို့ ရေးရဲတာပါ။

    ReplyDelete
  7. ကျွန်တော်တို့မြို့ကဆို ပိုဆိုး။
    ညီအစ်ကိုနှစ်ယောက်... ဆိုးချက်က တာတေလန်
    ရဲစခန်း လူဆိုးမှတ်တမ်းဝင်တွေ
    တစ်နေရာရာမှာ ထစ်ကနဲရန်ဖြစ်ပြီဆို လူဆိုးထိန်းက အရင်ဆုံးသူတို့အိမ်လာမေးတယ် သူတို့ ပါမပါပေါ့လေ..
    နှစ်ကောင်စလုံးက ခပ်ဆိုးဆိုးဆိုတော့ ရည်းစားသနာ အတည်တကျ မရှိချိန်ပေါ့လေ။
    မြို့ကလေးက ချောင်ကျတော့ ည၇ နာရီဆို မီးပြတ်နေပြီ။ လမ်းမီးတိုင်ကလဲ ခရမ်းချဉ်သီးသာသာလောက်ပဲ လာတော့တယ်။
    အပျိုလူပျိုများ ဆိုင်ကယ်နဲ့ လည်ကြချိန်ပေါ့။
    မှောင်ကလဲ မှောင်ဆိုတော့ ရုပ်ဆိုးသူလှတဲ့အချိန်။
    ညီအစ်ကိုနှစ်ယောက်သား ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်စီးနေတာ လမ်းကွေ့တစ်ခုမှာ ရှေ့နားခပ်လှမ်းလှမ်းလောက်မှာ ကောင်မလေးတစ်ယောက် တစ်ယောက်တည်း ဆိုင်ကယ်စီးသွားနေတယ်...။
    နောက်ဘက်က ကြည့်တော့ အမိုက်စားဆိုတော့ ညီအစ်ကိုနှစ်ယောက် လိုက်စကားပြောတယ်။ မှောင်ကလဲ မှောင်ဆိုတော့ ဘယ်သူမှန်းလဲ မသိဘူး။
    ကောင်မလေးက လှည့်မကြည့်သလို စကားလဲ ပြန်မပြောဘူး။ ဆိုင်ကယ်ဦးထုပ်လဲ ဆောင်းထားတာကိုး..။
    လိုက်ပြောနေရင်းနဲ့ သူတို့ရပ်ကွက်ကို သွားတဲ့လမ်းနားရောက်မှ နှစ်ကောင်သား အမူးပြေသလို ဖြစ်သွားတယ်။ ဆိုင်ကယ်နံပါတ်သေချာကြည့်မှ သူတို့ ဦးလေးနံပါတ်။

    ညီမလေး ဝမ်းကွဲကိုမှ လိုက်စကားပြောနေတဲ့ အစ်ကိုနှစ်ယောက်။ မနက်ရောက်တော့ သူတို့နှစ်ယောက်သား အီလည်လည်နဲ့ ပြန်လာပြောပြတယ်။

    သူတို့ညီမဝမ်းကွဲလဲ နောက်ဆို ညဖက်ကို တစ်ယောက်ထဲ ထွက်မလည်ရဆိုပြီး ဦးလေးက အမိန့်ထုတ်လိုက်တယ်ဆိုပဲ။
    :P

    ReplyDelete
  8. ဆိုးတဲ့ မဆွိတီပဲ...း))

    ReplyDelete
  9. ကျောင်းတုံးက ဆိုးတာ လူမသိပဲ ဘလော့ရေးမှပဲ ဆိုးတယ်ဆိုတာ လူသိကုန်ပြီ ... အန်တီ သက်ဝေ ကယ်ပါ ... ဟိဟိ...

    ReplyDelete
  10. အရေးအသား ကပြောင်မြောက်တယ်

    ReplyDelete
  11. ကောင်းပါတယ်

    ReplyDelete