Friday, July 30, 2010

Racial Harmony day မှဟာသ

ပြီးခဲ့တဲ့စနေညက မဆွိတီတို့ ရပ်ကွက်ထဲမှာ Racial Harmony day ဆိုပြီး အခန်းအနားလေး တစ်ခုလုပ်တယ်။ မြန်မာလိုဆိုရင်တော့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ ပျော်ပွဲရွှင်ပွဲသဘောမျိုးပေါ့။ စတိတ်စင်လေးဆောက်ပြီး မျက်လှည့်တို့ ဘာတို့လို ပျော်ပွဲရွှင်ပွဲတွေလဲပါတယ်။ ခလေးတွေအတွက် ပုံဆွဲပြိုင်ပွဲ၊ စကိတ်စီးပြိုင်ပွဲ စတာတွေလဲပါတယ်။ ရပ်ကွက်က မြန်မာတွေအရမ်းများတော့ လာတဲ့အထဲ မြန်မာတွေအများကြီးပဲ။ တစ်ရပ်ကွက်တည်းပေမဲ့ ကိုယ်မသိတဲ့ မြန်မာတွေလဲ တွေ့ခဲ့တယ်။ ဂျူဂျူတို့ခလေးတွေကတော့ သိပ်ပျော်ကြတာပေါ့။ ခလေးတွေက ရှေ့ဆုံးမှာ ခုံမပါပဲ ငုတ်တုတ်တွေထိုင်၊ အပေါ်က ဟို့စ်ကမေးလိုက်၊ သူတို့က အောက်ကနေပြန်ဖြေလိုက်နဲ့ အပေးအယူတွေ တည့်နေကြတာပေါ့။ မိဘတွေနဲ့ တခြားတက်ရောက်သူတွေကတော့ နောက်မှာ ခုံတွေနဲ့ထိုင်ရတာ။ ရှေ့ဆုံးစင်အောက်မှာ ဂျူဂျူတို့တွေ တမော့မော့၊ တဟားဟားနဲ့ ပျော်နေတာ။

ပုံဆွဲပြိုင်ပွဲမှာ မဆွိတီတို့အိမ်အောက်ထပ်က ဗမာခလေး၂ယောက်က ဆုတွေရတယ်။ ကြုံရာကျပန်း စင်ပေါ်တက်ဖို့ခေါ်တဲ့ အထဲမှာလဲ မြန်မာတွေ အများကြီးပါတယ်။ ဆယ်ကျော်သက် မြန်မာကောင်လေးတစ်ယောက်ကို မြန်မာသီချင်းဆိုခိုင်းတယ်။ ဂျူဂျူကတော့ သူသန်ရာ ခါးကွင်းလှည့် တက်ပြိုင်တယ်။ မျက်လှည့်ကလည်း အရမ်းကောင်း၊ ဖျော်ဖြေတဲ့ဟို့စ် ကလည်း အရမ်းရယ်နေရတော့ ပွဲကအတော်စည်တယ်ပြောရမယ်။ အမေတွေကို စင်ပေါ်မှာ လှယဉ်ကျေးမယ်လို ပြိုင်ခိုင်းတော့လဲ ပထမရတာက မြန်မာအမျိုးသမီးပဲ။ ကိုယ်တွေနဲ့ ခင်တဲ့သူဆိုတော့ လက်ခုတ်တီးပြီး အားပေးရတာ လက်တွေကို နာလို့ပဲ။ အော်ရတာလဲ အသံတွေတောင် ၀င်တော့မယ်။ ကိုယ့်မြန်မာပဲ ရစေချင်လွန်းလို့။ မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်ထက်မြက်နေတာ။

အပေါ်တက်လာတဲ့ လှယဉ်ကျေးမယ် အမေတွေဖြစ်ပါတယ်ခင်ညား။ (မိတ်ကတ်ရောင်လေးနဲ့ကတော့ ဆုရသွားတဲ့ Miss Myanmar ပါ။)

ခုမှ ပြောချင်တာ လာပါပြီ။ အဲဒီလို အမေတွေပြိုင်ဖို့ရာ ဟို့စ်က အောက်ကခလေးတွေကို ပြောတာက ခလေးတို့ ... ကိုယ့်အမေကို လှတယ်ထင်ရင် အမေကို စင်ပေါ်ခေါ်ကြပါဆိုအော်တာ။ (Hi children, if you think your mother is beautiful, please call your mother to the stage.)ပေါ့ ။ အဲလိုလဲပြောလိုက်ရော စင်အောက်မှာ ငုတ်တုတ်ထိုင်မော့နေတဲ့ မလေး၊တရုတ်၊ မြန်မာ၊ အိန္ဒိယ ခလေးပေါင်းစုံဟာ ဟိုလှည့်ဒီလှည့်၊ အမေတွေ အော်ခေါ်သူက အော်ခေါ် ၊ လက်ယက်ခေါ်သူက ခေါ် ၊ နောက်ကခုံတွေဆီ ပြေးသူကပြေး သူတို့အမေတွေကို ရှာနေကြတာများ ပွဲတစ်ခုလုံး ရုတ်ရုတ်သဲသဲကို ဖြစ်လို့။ အဲဒီအချိန်မှာခင်ညာ ... မဂျူဂျူနဲ့ သူ့သူငယ်ချင်းလေး ၂ယောက်ပဲ စင်ရှေ့မှာ တုတ်တုတ်မှ မလှုပ်၊ ငုတ်တုတ်ထိုင် မပျက်ကြတာ။ သူတို့အမေများဟာ လုံးလုံးမလှကြပါဘူးဆိုတာ စိတ်ချလက်ချ ထိုင်နေကြတာများ ကွန်ဖီးဒန့်အပြည့် ရုပ်တည်ကြီးတွေနဲ့ဗျား။ (ဂျူဂျူ့သူငယ်ချင်းမလေးအမေကလည်း တရုတ်စပ်မြန်မာမ၊ မျက်နှာပြားပြားကြီးကြီး၊ မျက်လုံးမှေးမှေးနဲ့ပါ ...)

ကိုယ်က အဲဒါကိုကြည့်ပြီး ရယ်လိုက်ရတာ အူကိုနာနေတာပဲ။ အိမ်ပြန်ရောက်တော့လဲ အိမ်ကလူုကို အဲဒီအကြောင်းပြောပြောပြီး ရယ်ရတာ။ ခုချိန်ထိ အဲ့ ၂ယောက်ခပ်တည်တည်နဲ့ ငုတ်တုတ်ထိုင်နေတဲ့ပုံကို မြင်ယောင်တုံး။

Wednesday, July 28, 2010

Junior Leader ဂျူဂျူ ...

ပြီးခဲ့တဲ့အပတ် ဂျူဂျူကျောင်းကပြန်လာတော့ သူ့အကျီကော်လာမှာ ပြောင်ပြောင်လက်လက်နဲ့ ရင်ထိုးလေးတစ်ခုပါလာတယ်။ အဒေါ်လုပ်သူက ၀ယ်လာတယ်မှတ်လို့မေးတော့ principal က ပေးတယ်ပြောတယ်။ မေးရင်းမြန်းရင်းနဲ့ နောက်မှ ဇာတ်ရည်လည်တာက Assembly hall ခန်းထဲမှာ ကျောင်းအုပ်က ဂျူဂျူတို့လို အတန်းထဲမှာ အဆင့် ၁-၂-၃ ရသူတွေကို စင်ပေါ်တက် ရင်ထိုးတစ်ခုဆီ ဆုချီးမျှင့်ပါသတဲ့။ အဲဒီကျမှ ဂျူဂျူဟာ ပြီးခဲ့တဲ့ semester မှာ တတိယရတယ်ဆိုတာ သိရတယ်။ သမီးက SA1 ဖြေတုံးက တရုတ်စာမှာ အမှတ်တော်တော်နည်းပါတယ်။ ကိုယ့်မိခင်ဘာသာစကား မဟုတ်ရတဲ့ကြားထဲ စာမေးပွဲမေးခွန်းက နှုတ်ဖြေ၊ ကဗျာရွတ်ပြရတာဆိုတော့ အိမ်မှာ ဗမာလိုပဲပြောလေ့ရှိတဲ့သူဟာ အမှတ်မကောင်းနိုင်ဘူးဆိုတာ အစထဲက ခန့်မှန်းမိပါတယ်။ ပထမနဲ့ဒုတိယကတော့ တရုတ်မလေးရယ်၊ မလေးမလေးရယ်ဖြစ်ပါသတဲ့။

ဂျူဂျူလေးဟာ ဒီဇင်ဘာဘွားမှို့ အသက်က ငယ်တော့ တခြားကလေးတွေလောက် မရင့်ကျက်ဘူးလို့ ထင်ထားတာ။ တကယ်တော့ သမီးက ထင်သလောက်လည်း မဆိုးလှပါဘူး။ ပြီးခဲ့တဲ့စနေက သူ့အတန်းထဲက သူငယ်ချင်းတစ်ယောက်မွေးနေ့ပွဲကို လိုက်ပို့ရင်းနဲ့ သမီးနဲ့ သူ့သူငယ်ချင်းလေးတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကို ခဏတဖြုတ်တွေ့လိုက်ရတယ်။ ဂျူဂျူလေးရဲ့သူငယ်ချင်းတွေဟာ တရုတ်မလေးတွေများတော့ ဖြူဖြူဖွေးဖွေးတရုတ်မတွေကြားမှာ အသားညိုညို၊ မျက်လုံးပြူးပြူးသမီးလေးဟာ ဗျိုင်းတွေကြားက ကျီးလေးလိုဖြစ်နေရှာတယ်။ အသွင်မတူတဲ့ သူငယ်ချင်းတွေကြား သမီးလေး အားငယ်နေမှာစိုးလို့ နဲနဲတောင် စိတ်မကောင်းဖြစ်မိတယ်။ သူ့သူငယ်ချင်းမလေးတွေကတော့ သူ့ကိုအတော်ချစ်ခင်ပုံရပါတယ်။ သမီးလေးက အိမ်မှာအလိုလိုက်ထားလို့သာ ဆိုးတယ်ထင်ရတာ။ အပြင်မှာတော့ သူငယ်ချင်းတွေအပေါ် သည်းခံလိုက်လျောဟန်တူပါတယ်။ သူ့အဖေသွေးပါတော့ အပေါင်းအသင်းလဲ အင်မတန်ချစ်ခင်ပါတယ်။ သူငယ်ချင်းတွေကြားရောက်တော့လဲ အေးအေးဆေးဆေးနဲ့ အိမ်မှာနေတဲ့ နောတီးဂဲလ်ပုံ လုံးဝမပေါက်တော့ပါဘူး။ သမီးရဲ့ best friend လို့ဆိုတဲ့ ကြားစင် လို့ခေါ်တဲ့ တရုတ်မလေးကိုလဲ တွေ့ခဲ့တယ်။ ကြားစင်လေးကလဲ အေးအေးလေးနဲ့ ရည်ရည်မွန်မွန်လေး၊ ချစ်စရာလေးပါ။ သမီးအချစ်ဆုံး သူငယ်ချင်းဆိုတော့ ကိုယ့်သမီးလေးလိုပဲ မြင်မြင်ချင်းကို ချစ်ခင်မိလို့ မိခင်တွေရဲ့စိတ်ဓာတ်ကို နဲနဲတောင် အံ့သြမိသွားတယ်။

ဗျိုင်းမလေးတွေကြားက ဂျူဂျူ ... (ပါးပဲလ်လေးဝတ်ထားတာ ဂျူဂျူပါ။ သမီးရဲ့ ဘယ်ဘက် ဘောလုံးအပြာလေးအောက်က ဂျူဂျူ့ရဲ့ best friend ကြားစင်ပါ ..)



ပြီးခဲ့တဲ့ စနေက သမီးကို ကျူရှင်ပို့ပြီးအပြန် ကားပေါ်မယ် ဂျူနီယာ လီဒါဆိုလား၊ ဘာလား တူအရီးနှစ်ယောက်ပြောသံ နားစွန်နားဖျားကြားလိုက်ရတယ်။ သမီးဘာပြောတာလဲဆို မေးတော့မှ ဆရာမက သူ့ကို ခေါ်ပြောသတဲ့။ ဂျူနီယာလီဒါ အဖြစ်ရွေးမလို့ မိဘတွေက သဘောတူမတူ ဖောင်ဖြည့်ဖို့ စာရွက်တစ်ရွက်ပေးလိုက်တယ်တဲ့။ ဒါနဲ့ သမီးနဲ့ ကျောင်းတူတဲ့ p4 က သူငယ်ချင်းရဲ့သမီးဆီကို ဖုန်းဆက်မေးတော့ ဂျူနီယာ လီဒါဆိုတာ နောက်ကျရင် ကျောင်းသားထဲကနေ Counselor တွေဘာတွေဖြစ်နိုင်တယ်။ သူတို့တွေက နက်ကတိုင်လေးတွေ စည်းထားရပြီး အငယ်တန်းက ခလေးတွေကို မသိတာညွှန်ကြား အကူအညီပေးရတာပါ။ ကျောင်းကိစ္စတွေမှာလဲ လိုအပ်တဲ့နေရာတွေ ကူညီလုပ်ဆောင်ပေးရတာမျိုးပေါ့။ ဆရာမတွေက တစ်တန်းကို ၃ယောက်ရွေးပြီး ခေါ်တယ်လို့ဆိုပါတယ်။ သမီးတို့အတန်းက ဒုတိယရတဲ့ မလေးမလေးရယ်၊ တတိယရတဲ့ ဂျူဂျူရယ်၊ ယောက်ျားလေးတစ်ယောက်ရယ်ကို ရွေးပါတယ်တဲ့။ သင်တန်းအတွက် ကျောင်းချိန်မတိုင်မီ ၁နာရီလောက်စောသွားပြီး အခန်းတစ်ခုမှာ စုရုံး၊ ဘာတွေလုပ်ရမလဲဆိုတာ ဆရာမတွေက ဂိုက်လိုင်းပေးပါသတဲ့။

မနေ့ကတော့ ဂျူဂျူတို့ ဂျူနီယာ လီဒါတွေ ပထမဆုံး ဂျူတီအနေနဲ့ staircase တွေ စောင့်ရတယ် ဆိုပါတယ်။ တာဝန်ကျတဲ့နေ့ ကျောင်းကို စောစောသွား၊ လှေခါးနား အပေါ်တစ်ယောက်၊ အောက်တစ်ယောက်စောင့်ပြီး ခလေးတွေ အတက်အဆင်း စောင့်ကြည့်ပေးရပါသတဲ့။ ခလေးတွေဆိုလို့ P1 ကျောင်းသူကြီးမှာ သူ့ထက်ငယ်တာ ကျောင်းမှာ မရှိသေးပါဘူး။ နောက်နှစ်အတွက် ကြိုတင် လေ့ကျင့်ပေးတာ ဖြစ်ပါလိမ့်မယ်။

ဂျူဂျူဟာ သူ့ကိုယ်သူ လီဒါဖြစ်ရတာကို အင်မတန် ဂုဏ်ယူပုံရပါတယ်။ အဲဒီအကြောင်းပြောရင် ရှက်ကိုးရှက်ကန်းနဲ့ ပါးစပ်ကတော့ ဘာမှမပြောပေမဲ့ လီဒါဖြစ်ရင် သူများတွေထက် ပိုသိရမယ်၊ ပိုတတ်ရမယ်ဆို သူဘာတွေ သိရမလဲဆိုတာ အမေကို မေးပါတယ်။ ရုပ်ကလဲ အရင်လို ပေါ့တော့တော့ ပြောင်ချော်ချော်မဟုတ်တောပဲ တကယ့်ကို အလုပ်ကြီး၊ အကိုင်ကြီး လုပ်ရတော့မယ့်သူတွေလို မျက်နှာထားမျိုး ခပ်တည်တည်နဲ့ပါ။ အိမ်မှာလဲ ဆုံးမစရာရှိရင် ပိုပြီးလွယ်ကူသွားပါတယ်။ တစ်ခုခုဆို လီဒါဖြစ်တဲ့သူက အဲလိုကြီး မလုပ်ရဘူးလေ၊ အဲလိုမဆိုးရဘူးလေ ဆို အရင်ကထက်တော့ ပြောရဆိုရ သက်သာသွားပါတယ်။ သူ့အဒေါ်ကတော့ ရယ်စရာပြောပါတယ်။ လီဒါသာဆိုတယ် ဂျူဂျူတို့ မိုင်လိုသောက်ရင် ခုချိန်ထိ နို့ဘူးကြီးနဲ့ တပြွတ်ပြွတ်စို့တုံးပါပဲလားတဲ့။ staircase စောင့်ရတဲ့ ဂျူနီယာ လီဒါကြီးဂျူဂျူကို မြင်ယောင်ပြီး သူ့အဒေါ်ကလဲ တပြုံးပြုံးနဲ့ပါပဲ။


ကြုံလို့ပြောရရင် ဂျူဂျူဟာ ရှော့ပင်းကို သူ မပါပဲ အမေတစ်ယောက်တည်း သွားတာ လုံးဝမကြိုက်ပါဘူး။ သူ့အဒေါ်နဲ့ ၃ယောက်အတူသွားရင်လဲ အမေလက်ကို မလွှတ်တမ်း ဆုတ်ထားပါတယ်။ ဖြစ်နိုင်တာက ငယ်ငယ်က ကိုယ်ကရှော့ပင်း အေးအေးဆေးဆေး ပတ်ချင်လို့ သူတို့ တူအရီးကို တခြားသတ်သတ်ခွဲ သွားခိုင်းရာကနေ၊ အမေကို အကြာကြီးနေမှ ပြန်တွေ့ရတော့ နောက်ပိုင်း ရှော့ပင်မှာ အမေကို မျက်စိအောက်က အပျောက်မခံတော့တာပါ။ အမေက အကျီတွေ ရွေးတာကြာတယ်၊ သမီးလေးအိမ်မှာပဲ အဒေါ်နဲ့ နေခဲ့နော်ဆို မရပါဘူး။ အမေရှော့ပင်နောက် တကောက်ကောက်လိုက်နေရမှ ကျေနပ်တာပါ။ အဲလို အမေလက်ကိုဆွဲ ရှော့ပင်လျောက်သွားရတာ သူအင်မတန်ပျော်ပါတယ်။ အမေနဲ့တူတူ fitting room ထဲလိုက်ဝင်ပါတယ်။ fitting room ကျယ်ကျယ် ထိုင်စရာ ခုံတွေနဲ့ဆို သူအင်မတန် သဘောကျတယ်။ သွားလေ့ရှိတဲ့ Jurong point တို့ ၊ IMM တို့မှာ ဘယ်ဆိုင်က fitting room ကျယ်တယ်ဆိုတာ ဂျူဂျူတို့ expert ။ တစ်ခါတစ်ရံ အမေ အကျီဝယ်ဖို့ အဓိက မဟုတ်။ fitting room ကျယ်တဲ့ဆိုင်တွေ့ရင် မေမေ အဲဒီဆိုင် ၀င်ဦးလေဆို ပြောတတ်သေးတယ်။ ဒါပေသိ အမေ၃-၄ဆိုင်လောက် ပတ်ပြီးရင် သူပျင်းပါပြီ။ မေမေက အရမ်းကြာတယ်။ ဂျူဂျူ အိမ်ပြန်ချင်ပြီဆို ဂျီကျတော့တာပဲ။ နှတ်ခမ်းကြီးစူပုတ်ပြီး Fitting room က ချောင်တစ်ခုမှာ ကပ်နေပြီဆို သဘောပေါက်တော့။ အဲဒါဆို သမီးနောက်မလိုက်ခဲ့နဲ့၊ မေမေက ဈေးဝယ်ရင်တော့ နဲနဲကြာမှာပဲဆိုလဲ မရပါဘူး။ မလိုက်တော့ဘူးလို့ ဘယ်တော့မှ မပြောဘူး။ လိုက်ချင်တာချည်းပါပဲ။

ပြီးခဲ့တဲ့ week-end က သားအမိ၂ယောက်ရှော့ပင်သွားကြတော့ အမေက အကျီဆိုင်မှာ ရွေးတာကြာတယ်ဆိုပြီး အပြန်ကျ လမ်းမှာ ဂျူဂျူတို့ ထုံးစံအတိုင်း စိတ်ကောက်ပါတယ်။ အဲဒါနဲ့ သမီးရယ် လီဒါလုပ်ချင်တဲ့သူက စိတ်ရှည်ရတယ်။ စိတ်မကောက်ရဘူး။ အဲလိုကြီး မျက်နှာကြီး စူပုတ်မထားရဘူးဆိုမှ လီဒါဇာတ်လမ်း သတိရပြီး စိတ်ကောက်ပြေပါတယ်။ ပြီးတော့ အဲ့လီဒါက လမ်းက 7-11 ဆိုင်ဝင်ပြီး သူစားချင်တဲ့ သွားရေစာတွေ အမေကို ပူစာပြီး ၀ယ်စားတော့တာပဲ။

Saturday, July 24, 2010

Thesis -> Virus -> Thesis

မဆွိတီ NUS မှာ ကျောင်းတက်တော့ သီးစစ်တစ်ခု ရေးရတယ်။ သီးစစ်က ၁၀ဘာသာမှာ ၄ဘာသာကိုယ်စား ယူရတာဆိုတော့ အတော် အရေးကြ်ီးတယ်လို့ ပြောလို့ရပါတယ်။ သီးစစ်ပြီးခါနီးလို့ အချောသတ်ပြီးကာစမှာ သီးစစ်တစ်ခုလုံးကို ဗိုင်းရပ်စ် အကိုက်ခံခဲ့ရပါတယ်။ အဲဒီတုံးက တော်တော်နာမည်ကြီးခဲ့တဲ့ Love Letter ဆိုတဲ့ ဗိုင်းရပ်စ်ပါ။ ကိုယ့်ဆီ email ရောက်လာတော့ I Love You ဆိုတာနဲ့ ဘာတုံးဟဆို တွဲပါတဲ့ စာကို ဖွင့်လိုက်မိတာမှာ ဒုက္ခနဲ့ ဆွိဆွိနဲ့ တွေ့ကြတော့တာပါပဲ။

ဒါတောင် ဖြစ်ဖြစ်ချင်း မသိပါဘူး။ ညရောက်တော့ သီးစစ်ဖိုင်ကိုဖွင့်လိုက်တဲ့အခါ I Love You ဆိုတာတွေ ထွက်လာမှ ဦးခြိမ့်ကို ဖုန်းဆက်မေးရပါတယ်။ အဲဒါ ဗိုင်းရပ်စ်ကိုက်တာ ညည်းမသိဘူးလားဆိုမှ ခေါင်းနပန်းကြီးသွားပါတယ်။ အဲဒီအချိန်က နာမည်ကြီးဗိုင်းရပ်စ်မှို့ email တွေနဲ့ ၀ိုင်းပြီး သတိပေးကြပေမဲ့ သီးစစ်တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ရှုပ်ရှက်ခတ်နေလို့ ဘာသတင်းမှ မသိခဲ့ပါဘူး။ တစ်နှစ်နီးပါး ဒေတာတွေကောက်၊ ဓာတ်ပုံတွေရိုက်ပြီး သေချာပြင်ဆင်ရေးထားတာဆိုတော့ သိသိချင်း ငိုမလို ရယ်မလိုတွေ ဖြစ်ပါတယ်။ ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပါတယ်။ နောက်ပိုင်း ခေါင်းအေးအေးထားပြီး စဉ်းစားမှ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပရင့်ထုတ်ပြီးသားလေး ကြည့်ချင်လို့ဆို ပရင့်အကြမ်း ထုတ်ထားတာသတိရပါတယ်။ အဲဒီအထုတ်ကလဲ အရေးထဲ စာအုပ်စင်နောက်ထဲရောက်နေလို့ မနဲရှာလိုက်ရပါတယ်။

ဦးခြိမ့် တက်ကစီနဲ့ ဆင်မလင်းစကွဲ ပြေးပြီး စကင်နာ ၀ယ်ပါတယ်။ ပရင့်အကြမ်းတွေကို စကင်ပြန်ဖတ်ပါတယ်။ ဖတ်ပြီးတော့ ဆော့ဖ်ဝဲတစ်မျိုး သုံးပြီး Microsoft word ဖြစ်အောင် ပြန်ပြောင်းပါတယ်။ ဓာတ်ပုံဖိုင်တွေကတော့ ကံကောင်းထောက်မစွာနဲ့ ဗိုင်းရပ်စ်မထိခဲ့လို့ ဓာတ်ပုံတွေ ပြန်ထည့်၊ တစ်ချို့ဒေတာတွေ ပြန်ထည့်နဲ့ လင်မယား၂ယောက် တစ်ညလုံး မအိပ်ပဲ သီးစစ်လေး ပြန်ရဖို့အရေး ကြိုးစားခဲ့တာတွေက ဘ၀မှာ မမေ့နိုင်စရာ အဖြစ်တွေဖြစ်ခဲ့ပါတယ်။ ပရင်းထုတ်ပြီး တစ်ပတ်လောက် အချောပြင်ထားတာလေးတွေတော့ ပြန်လုပ်ရပါတယ်။ ဒါပေမဲ့ ပျော်ပါတယ်။ အစအဆုံးပြန်မရေးရပဲ တစ်ညလောက်နဲ့ သီးစစ်တစ်ခုလုံး ပြန်ရလိုက်တာကိုး။

ကိုယ့်ကို ဒီလိုသည်းထိပ်ရင်ဖို ဖြစ်အောင် ဒုက္ခလှလှပေးခဲ့တဲ့ ဗိုင်းရပ်စ်ကို အလွန်စိတ်နာပါတယ်။ ရေးတဲ့သူ၊ ဖြန့်တဲ့သူကိုလဲ အလွန်ကို စိတ်ဆိုးလွန်းလို့ မဆွိတီဟာ အဲဒီအချိန်က ဒီကွန်ပြူတာ ဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး တွေ့သမျှသတင်းစာ၊ အင်တာနက်သတင်းပါ မကျန် ရှာဖွေဖတ်ရှုမှတ်သားပါတော့တယ်။ ကွန်ပြူတာလောကမှာ ဖျက်စီးမှုအများဆုံး၊ အမြန်ဆုံး ဖြစ်တဲ့ အဲဒီဗိုင်းရပ်စ် အကြောင်း နဲ့ ဗိုင်းရပ်ကို လွှင့်ခဲ့တယ်လို့ယူဆရတဲ့ ဖိလစ်ပင်းကျောင်းသားအကြောင်း စိတ်ဝင်စားစရာမှို့ ဗဟုသုတအဖြစ် သိသလောက် မျှဝေပေးလိုက်ပါတယ်။


ဗိုင်းရက်စ်က ဘယ်လို attack လုပ်သလဲ။
ဗိုင်းရက်စ်ကို email ကနေ "ILOVEYOU" ဆိုတဲ့ ခေါင်းစဉ်နဲ့ "LOVE-LETTER-FOR-YOU.TXT.vbs" ဆိုတဲ့ attach ဖိုင်ကို တွဲပို့လိုက်ပါတယ်။ email ဖွင့်လိုက်ရင် အောက်ကလိုလေး မြင်ရပါတယ်။


အဲဒီ attach ဖိုင်ကို ဖွင့်မိလိုက်တာနဲ့ ဗိုင်းရက်စ်က user ရဲ့ microsoft out look မှာရှိတဲ့ လိပ်စာတွေအကုန်လုံးဆီကို အဲဒီ စာကို ကော်ပီလိုက်ဖြန့်ခြင်းအားဖြင့် ဗိုင်းရက်စ်ကို ပြန့်ပွားစေပါတယ်။ email နဲ့ chatting လုပ်တဲ့ web site တွေပါ အလွန်လျှင်မြန်စွာ ပြန့်နှံသွားပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နှုံးက အလွန်မြန်ပြီး ပေါ်ခဲ့သမျှ ဗိုင်းရပ်စ်တွေထဲမှာ အမြန်ဆုံးနဲ့ ဖျက်စီးမှု အများဆုံးအဖြစ် မှတ်တန်းဝင်ပါတယ်။ အောက်ကလင့်ကို ကလစ်ကြည့်ပါ။
http://www.brighthub.com/computing/smb-security/articles/38830.aspx

ဗိုင်းရပ်စ်က ဘယ်ဖိုင်တွေကို ဖျက်စီးပစ်လဲ။
ဒါ့အပြင် အဲဒီဗိုင်းရက်စ်ဟာ system ထဲမှာရှိတဲ့ .vbs, .vbe, .js, .jse, .css, .wsh, .sct, .hta, .jpg, .jpeg, .wav, .txt, .gif, .doc, .htm, .html, .xls, .ini, .bat, .com, .avi, .qt, .mpg, .mpeg, .cpp, .c, .h, .swd, .psd, .wri, .mp3, and .mp2. အစရှိတဲ့ ဖိုင်တွေကို သူ့ဗိုင်းရက်စ် source code ဖိုင်နဲ့ over write လုပ်ပြီးဖျက်စီးပစ်ပါတယ်။ ဗိုင်းရပ်စ်က Unix နဲ့ Apple ကွန်ပြူတာတွေတော့ attack မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

Pass word တွေကို ဘယ်လို ကော်ပီကူးပို့သလဲ။
နောက်ဆုံးမှာ ဗိုင်းရပ်စ်က WIN-BUGSFIX.exe ခေါ်တဲ့ဖိုင်ကို အင်တာနက်ကနေ အလိုအလျောက် ဒေါင်းလုပ်လုပ်ပါတယ်။ အဲဒီ exeဖိုင်က pass word ခိုးတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး သူက အဲဒီကွန်ပြူတာမှာ၊ network မှာ ရှိသမျှ pasword တွေ အကုန်ကို love letter ဗိုင်းရပ်စ် ရေးတဲ့ ဖိလိပင်းက ကျောင်းသားဆီကို emai က တဆင့်ပို့ပါမယ်

ဗိုင်းရက်စ်ကြောင့် ဘယ်လောက်ဆုံးရှုံးမှုရှိလဲ။
၂၀၀၀ မေလ၃ရက်နေ့မှာ အာရှနဲ့ဥရောပမှာ Love letter ဗိုင်းရက်စ် စတွေ့ပါတယ်။ မေလ၄ရက်နေ့ နောက်ပိုင်းမှာတော့ အမေရိကန်၊ အော်စီစတဲ့ နိုင်ငံပေါင်းစုံက ကွန်ပြူတာပေါင်းများစွာကို attack လုပ်ပြီးပါပြီ။ တကမ္ဘာလုံးမှာရှိတဲ့ ကွန်ပြူတာပေါင်း ၄၅ သန်းကို ထိခိုက်မှုဖြစ်ခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု ယူအက်စ်ဒေါ်လာ ၁၀ ဘီလျံကျော် ရှိပါတယ်။

ဗိုင်းရက်စ်ဖြန့်သူကို ရှာဖွေခြင်း။
ပထမဆုံး အမေရိကန်နိုင်ငံက FBI အကူအညီနဲ့ ဗိုင်းရပ်ဆော့ဖ်ဝဲက source code ကို ဖြည်ကြည့်တော့ signature က အောက်ပါအတိုင်းထိုးထားပါတယ်။

rem barok-loveletter(vbe)

rem by:spyder / ispyder@mail.com / @GRAMMERSoft Group / Manila,Philippines


ဒါကိုကြည့်ပြီး ဗိုင်းရပ်စ်ဖြန့်သူဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ဖြစ်ပြီး spyder ဆိုတဲ့ nick name ရှိသူဖြစ်တယ်။ GRAMMERSoft ဆိုတဲ့ မြေအောက် ဆော့ဖ်ဝဲအဖွဲ့တစ်ခုက အဖွဲ့ဝင်ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့တယ်။ AMA လို့ခေါ်တဲ့ ကွန်ပြူတာကောလိပ်က ကျောင်းသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချတယ်။ ဒီအချက်ကိုပိုပြီး အထောက်အကူဖြစ်စေတာက ဗိုင်းရပ်စ်ကို လွှတ်ပြီးပြီးချင်း မိနစ်ပိုင်းမှာပဲ ဖိလစ်ပိုင်နိုင်ငံပိုင်ISP Sky အင်တာနက်မှာ traffic တွေ အကြီးအကျယ်ဖြစ်ခဲ့ခြင်းပါပဲ။ အာရှနဲ့ဥရောပမှာရှိတဲ့ ကွန်ပြူတာ ထောင်ပေါင်းများစွာဟာ အဲဒီဗိုင်းရပ်စပ်က လွှတ်လိုက်တဲ့ Trojan horse ကို ISP အင်တာနက်ဆာဗာမှာ အလိုအလျှောက် သွားပြီး ဒေါင်းလုပ်လုပ်နေလို့ပါပဲ။

တရားခံတွေ့ပြီလား။
နောက်ဆုံး ဖိလစ်ပင်း ထောက်လှန်းရေးအဖွဲ့ National Bureau of Investigation (NBI), ISP နဲ့ FBI သုံးဦးပူးပေါင်းပြီး ဗိုင်းရပ်စ် စ ပို့လိုက်တဲ့ ကွန်ပြူတာနဲ့ အင်တာနက်ချိတ်ဆက်ထားတဲ့ ဖုံးနံပါတ်ကို ဖော်ထုတ်ပြီး မနီလာမြို့က apartment တစ်ခုကို ၀ိုင်းထားခဲ့ပါတယ်။ ကွန်ပြူတာကတော့ apartment မှာ မရှိတော့ပါဘူး။ Floppy disk အချို့နဲ့ ကွန်ပြူတာဆိုင်ရာ ပစ္စည်းအချို့ကိုတော့ ဆိုင်ရာတွေက ဖော်ထုတ်စစ်ဆေးဖို့ သိမ်းဆည်းသွားပါတယ်။ အဲဒီ apartment က ဘဏ်မှာလုပ်နေတဲ့ အသက်၂၇နှစ်ရှိ Reomel Lamores ဆိုသူကို ဗိုင်းရပ်စ်ဖြန့်သူ Spyder ဆိုပြီး ဖမ်းထားပါတယ်။ အဲဒီ apartment မှာတစ်ခြား အတူနေသူတွေ ရှိပါသေးတယ်။ သူနဲ့အတူတွေ့ရတာက Irene de Guzman ခေါ်တဲ့ သူ့ရည်းစားပါ။ ကွန်ပြူတာ ကောလိပ်မှာ ကျောင်းတက်နေသူပါ။ အတူနေသူ အဲဒီကောင်မလေးရဲ့ ညီမနဲ့ အကိုဖြစ်သူကတော့ ပျောက်နေပါတယ်။ သူ့အကိုကလည်း ကွန်ပြူတာကောလိပ်က ကျောင်းထွက်ထားသူပါ။

တရားခံအစစ်ကို မိပြီလား။
ဖမ်းမိတဲ့ Reomel Lamores ကရော၊ သူ့ကောင်မလေးကပါ သူတို့တရားခံမဟုတ်ကြောင်း၊ Reomel Lamores ဟာ ကွန်ပြူတာကို လုံးဝ စိတ်မ၀င်စားကြောင်း၊ ကျွမ်းလဲမကျွမ်းကျင်ကြောင်း ရှင်းပြပြီး သူတို့တရားခံပေါ်ဖို့ ၀ိုင်းဝန်းဆောင်ရွက်ပေးပါမယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ ကောင်မလေးရဲ့အကိုဖြစ်သူ Onel de Guzman က AMA ကောလိပ်က ကျောင်းသားဟောင်းဖြစ်နေတော့ ဆက်လက်စစ်ဆေးရာကနေ အဖြစ်မှန်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

သီးစစ်တစ်ခုအတွက် လက်စားချေခြင်းလား။
လွန်ခဲ့တဲ့ လအနည်းငယ်က Onel de Guzman ဟာ သူ့ရဲ့ သီးစစ်ကို pass word ခိုးတဲ့ ဆော့ဖ်ဝဲတစ်ခုရေးပြီး တင်တာမှာ သူ့စူပါဗိုက်ဆာကရော ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေကပါ သူခိုးလက်မှတ်မပေးဘူဆိုပြီး လက်မခံလို့ စာမေးပွဲကျပါတယ်။ သူလဲစိတ်ဆိုးပြီး ကျောင်းကထွက်ခဲ့ပါတယ်။ သူ့သီးစစ်ကိုလက်မခံတဲ့ ကျောင်းကို လက်စားချေချင်တာနဲ့ သီးစစ်နဲ့ ပုံစံတူ pass wordခိုးတဲ့ဆော့ဖ်ဝဲတစ်ခုကို လွှင့်ထုတ်ခဲ့တယ်လို့ အားလုံးက သံတယရှိနေပါတယ်။ ဒါနဲ့ အဲဒီဗိုင်းရပ်စ်ကို ရေးခဲ့သလား၊ လွှတ်ခဲ့သလားဆိုတော့ ၀န်မခံပါဘူး။ သူပြောတာက ကွန်ပြူတာက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတုံး အမှတ်တမဲ့ မတော်တဆ ပို့လိုက်မိတာ ဖြစ်ကောင်းဖြစ်မယ်လို့သာ ပြောခဲ့ပါတယ်။

တရားခံ အပြစ်ပေးခံရပါသလား။
ဗိုင်းရပ်စ်ကို သူရေးပါတယ်၊ သူလွှတ်ပါတယ်လို့ ခိုင်လုံတဲ့ သက်သေမရှိတဲ့အပြင် အဲဒီအချိန်က ဖိလစ်ပင်းမှာ ဆိုင်ဘာနဲ့ပတ်သတ်ပြီး ဘာဥပဒေမှ ပြဋ္ဌာန်းမထားတော့ တရားခံလို့ထင်ရတဲ့ Onel de Guzman လွတ်သွားပါတယ်။ ၁၀ဘီလီလျံကျော် ဆုံးရှုံးမှုမှာ သူဘာမှ အပြစ်မခံစားလိုက်ရပါဘူး။ သူ့ကို ဗိုင်းရပ်စ်ကြောင့် လူတွေထိခိုက်နင့်နာမှု၊ ဆုံးရှုံးမှုတွေအတွက် ဘာခံစားရလဲလို့မေးတော့ "No" တဲ့။ ဘာမှ မခံစားရဘူးပေါ့။ တော်တော်လဲဆိုးတဲ့ လူပါလား။

သူ့သီးစစ်ကြောင့် လက်စားချေရာက ကိုယ့်လို သီးစစ်ပေါင်း ဘယ်နှစ်ခုကို ဖျက်စီးစေခဲ့လဲဆိုတာ Onel de Guzman တစ်ယောက် စဉ်းတောင် စဉ်းစားမိမယ်မထင်ဘူး။

လူမှား အဆွဲခံလိုက်ရတဲ့ ဘဏ်ဝန်ထမ်း Reomel Lamores


Onel de Guzman နှင့်ညီမဖြစ်သူ Irene de Guzman တို့တရားရုံး အလာ။


Onel de Guzman


(ကွန်ပြူတာကျွမ်းကျင်သူ မဟုတ်တဲ့အတွက် အချို့အချက်အလက်များ မှားယွင်းခဲ့သော် ခွင့်လွှတ်ပါရန်၊ ကြိုတင်ပန်ကြားအပ်ပါတယ် ...)
ကိုးကားလင့်ခ်များ
http://pcworld.about.com/news/Nov132000id33392.htm
http://news.bbc.co.uk/2/hi/science/nature/744537.stm

Tuesday, July 20, 2010

ဂျူဂျူးနဲ့ 3 bears ပုံပြင် ...

ခရီးက ပြန်ရောက်လာပြီး သမီးစာမေးပွဲက ဒီတစ်ပတ်လုံး ဆက်တိုက် ဖြစ်နေတာနဲ့ ဘလော့မှာ အသစ်မရေးနိူင်သေးလို့ အရင်ကရေးဘူးတဲ့ ဂျူဂျူး၄နှစ်လောက်က အကြောင်းလေး ပြန်တင်ပေးလိုက်ပါတယ်။ ဂျူဂျူ ပထမဆုံးစဖတ်တတ်တဲ့ ပုံပြင်လေးမှို့ အမှတ်တရပါပဲ။


0riginal picture link

တစ်နေ့က သမီးကျောင်းကနေ ပုံပြင်စာအုပ်လေးတစ်အုပ် ယူလာတယ်။ စာအုပ်လေးနာမည်က" Goldilocks and the 3 Bears " တဲ့။ ကျောင်းမှာ ဆရာမက ခဏခဏ ဖတ်ပြဟန်တူပါရဲ့။ သမီးကလည်း အလွတ်ရနေပြီး ပုံပြင်ကို အစအဆုံး ဖတ်ပြတတ်နေပြီ ...

ပုံပြင်လေးကဒီလိုပါ။ Goldilocks ဆိုတဲ့ ခလေးမလေးက သူ့အမေပြောစကားကို နားမထောင်ပဲနဲ့ လျှောက်သွားတာ တောထဲမှာ လမ်းပျောက်သွားပါတယ်။ တောထဲမှာ အိမ်လေးတစ်အိမ်တွေ့တော့ အိမ်ပိုင်ရှင် ဝက်ဝံမိသားစု အပြင်ထွက်သွားတုံး မနက်စာပြင်ထားတဲ့ ဆန်ပြုတ်ကို ဝင်စားပါတယ်။ ဝက်ဝံအဖေကြီးရဲ့ပန်းကန်ကို စားကြည့်ပြီး too hot ၊ ဝက်ဝံအမေရဲ့ပန်းကန်ကို စားကြည့်ပြီး too cold ၊ ဝက်ဝံခလေးလေးရဲ့ပန်းကန်ကို စားကြည့်ပြီး Just right ဆိုပြီး ဆက်စားပါတယ် ... ကုလားထိုင်၊ ကုတင် အစရှိသဖြင့် တက်အိပ် ၊ ထက်ထိုင်ကြည့်ပြီး too hard, too soft သူနဲ့အတော်ပဲဆို Just ... right လို့ပြောပြီး အိပ်ရာပေါ် တက်အိပ်ပါတယ်။ ဝက်ဝံမိသားစုပြန်လာတော့ သူတို့အိပ်ရာပေါ်မှာ အိပ်နေတာတွေ့တာနဲ့ ဖမ်းမယ်အလုပ်မှာ သူလဲကြောက်လန့်တကြား ထွက်ပြေးပြီး လွတ်သွားပါတယ်။ နောက်ပိုင်း သူ့အမေစကား နားထောင်တော့မယ်လို့ အဆုံးသတ်ထားပါတယ်။

မိဘစကားနားထောင်ဖို့ သင်ခန်းစာအပြင်၊ အင်္ဂလိပ်လို ဆန့်ကျင်ဘက် စကားလုံးတွေနဲ့ " အနေတော်ပဲ " ဆိုတာကို ခလေးတွေ နားလည်အောင် သင်ပေးတဲ့ ပုံပြင်လေးပါ။ သမီးလေးက ကျောင်းက ဆရာမပြောတဲ့ လေသံအတိုင်း " Just " နေရာမှာ သံရှည်လေးဆွဲပြီး ... Just ~.... right လို့ ဆိုပြပါတယ်။ အင်မတန် ချစ်စရာ ကောင်းပါတယ်။ သမီးအသံလေး နားထောင်ကောင်းလွန်းလို့ ခဏခဏဖတ်ခိုင်းရတာလဲ အမောပါပဲ။ ဒါ့အပြင် သမီးက အပြင်ကိစ္စတွေမှာလဲ အဲဒီစကားလုံးကို အသုံးချတတ်ပါသေးတယ်။ ဥပမာ သူ့အဝတ်တွေကို ဝတ်ပြီး too big, too small, Just right အစရှိသဖြင့် ပေါ့၊ နိူင်းယှဉ်စရာ တွေ့တိုင်း သူတတ်သလောက်မှတ်သလောက် ပြောနေတော့တာပါပဲ။

ဟိုတစ်နေ့ကတော့ သမီးလေးဂျူဂျူဟာ မဆွိတီတို့အခန်းထဲ စာဖတ်တဲ့နား လာဆော့ရင်းကနေ ပါးစပ်က အငြိမ်မနေ " Just ~.... right " ... "Just ~.... right " ဆို သူ့အသံရှည်လေးနဲ့ လာပြောနေပါတယ်။ မဆွိတီလဲ သူရှေ့က ဘာပြောသွားတာလဲ သေချာ မကြားလိုက်လို့ သမီး မေမေ့ကို ဘာပြောလိုက်တာလဲ ဆိုတော့ ... သူ ပြန်ပြောလိုက်တာက ...

"ဂျူဂျူ -ီ-ီး ပေါက်လိုက်မိတယ် ... မေမေ ... ဂျူဂျူ့ -ီ-ီးကလေ ... သိပ်လဲ မနံဘူး ... သိပ်လဲမမွှေးဘူး ... Just~ ... Right ..............." တဲ့။

ပထမတော့ ကိုယ်လဲ ကြောင်သွားတယ်။ နောက်မှ သူပြောတာ စေ့စေ့တွေးကြည့်မှ သမီးကြီးတော်ရော မဆွိတီရော ရယ်လိုက်ရတာ ... အူကိုနာရောပဲ ... စဉ်းစားကြည့်ကြပါအုံး ... ပိတ်သတ်ကြီးရယ် ... သိပ်လဲမနံ ... သိပ်လဲမမွှေး ... အနေတော်ဆိုတဲ့ ... -ီ-ီး အနံ့ ဘယ်လို အနံ့ဖြစ်မလဲဆိုတာ ...
အိမ်ကဉာဏ်ကြီးရှင် ဂျူဂျူ နဲ့ မှပဲ ... ..

Tuesday, July 13, 2010

ဆီသတ်ချက်တဲ့ ရယ်ဒီမိတ် မုန့်ဟင်းခါး

မဆွိတီ မုန့်ဟင်းခါးကို အလွန်ကြိုက်တယ်။ မုန့်ဟင်းခါး ဘယ်လောက်ကြိုက်ကြိုက် မကောင်းတဲ့အကျင့်က မုန့်ဟင်းခါးချက်တဲ့နေ့ဆို ည-မနက် မစားချင်ဘူး။ အိမ်ကလူတွေလဲ အတူတူပဲ။ မနက်ခင်း အဝစား၊ ညနေကျ ငြီးပြီးမစားချင်တော့ဘူး။ အဲဒီတော့ တစ်ခါတစ်လေချက်တာဆို မုန့်ဟင်းခါးတွေ အများကြီး အပင်ပန်းခံချက်ပြီး နောက်နေ့ကျန်၊ သိမ်းထားနဲ့ အဆင်မပြေဘူး။ ကိုယ်က သွေးတောင်းတဲ့အချိန် တစ်ပွဲလောက်စားရရင် ကျေနပ်ပြီကိုး။

အဲဒီတော့ မုန့်ဟင်းခါးကို စားချင်တိုင်း နဲနဲ နဲ့ အလွယ်ချက်စားလို့ရအောင် ငါးကို ဆီသတ်ပြီး ရေခဲသေတ္တာ ဖရီဇာထဲ ထည့်ခဲထားတယ်။ ကြက်သွန်နီဥသေးတွေ၊ ဆန်အကျက်မှုန့်တွေ ကိုလဲ အိမ်မှာ မပြတ် ဝယ်ထားလိုက်တယ်။ ကုလားပဲကိုလည်းပြုတ် ဘလန်ဒါနဲ့မွှေပြီး Freezer ထဲ ထည့်ခဲထားတယ်။ မြေပဲကိုလည်း မကျက်တကျက် လှော်ပြီး ကြိတ်ထားလိုက်တယ်။ စားချင်ချိန်ကျ ရေနွေးဆူဆူမှာ အပေါ်က ငါးဆီသတ်၊ ကြက်သွန်နီ၊ ဆန်ကျက်မှုန့်၊ မြေပဲမှုန့်၊ ကုလားပဲပြုတ်တွေကို ရောထည့်ပြီး နာရီဝက်တစ်နာရီလောက် မီးအေးအေးနဲ့ တည်ထားရင် မုန့်ဟင်းခါးမွှေးမွှေးလေးရရော။

မုန့်ဟင်းခါး ရယ်ဒီမိတ်တွေရှိရက်နဲ့ အပင်ပန်းခံတယ်လို့ပြောချင်လဲပြောကြမယ်။ ဆိုင်က ရယ်ဒီမိတ်နဲ့ လုံး၀ မတူပါခင်ညာ။ ရယ်ဒီမိတ်တွေ ဟိုးလွန်ခဲ့တဲ့ ၅နှစ်လောက်က စားဘူးပါတယ်။ သူက ကြာတဲ့အခါ အနံ့တစ်မျိုး ရှိတယ်နော်။ နောက်ပိုင်းတော့ အဲဒီရယ်ဒီမိတ် အနံ့ကို လုံးလုံး ခံလို့မရတော့လို့ မစားတာ ခုထိပါပဲ။ အိမ်မှာ ဂျူဂျူ့ ကြီးတော်ကြီး ဆီသတ်ထားတဲ့ မုန့်ဟင်းခါးကို စားပြီးရင် ဘယ်မုန့်ဟင်းခါးမှ သိပ်မကြိုက်တော့ပါဘူး။ မုန့်ဟင်းခါးမှာ ဆီသတ်တာ ပညာပါပါတယ်။ အရင်က ကိုယ့်ဟာကိုယ် ဆီသတ်ချက်တာပဲ။ ဒါပေမဲ့ သူဆီသတ်တာကိုတော့ မမီတာ အမှန်ပဲ။

ငါးကတော့ seabass ငါးကို သုံးပါတယ်။ ငါးတစ်ကေဂျီခွဲလောက်ကို ထုံးစံအတိုင်း ဆနွင်းမှုန့်များများ၊ စပါးလင်၊ငါးငံပြာရည် နဲ့ ကျက်နေအောင်ပြုတ်ပြီး အရိုးနွှင်ထားပါတယ်။ ကြီးတော်ရဲ့ အချိုးက ဂျင်းရယ်၊ စပါးလင်ရယ်၊ ကြက်သွန်ဖြူ ၃မျိုးပေါင်းက ဆီသတ်ဖို့ အရိုးနွှင်ပြီးသား ငါး ပမာဏရဲ့တစ်ဆသာသာလောက်ရှိပါတယ်။(ပြင်ထားပါသည်) အဲဒီမှာမှ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူ ၃မျိုးအချိုးက ဆတူ ဖြစ်ပါတယ်။ အားလုံးကို သတ်သတ်စီ ညက်နေအောင် ဘလန်ဒါနဲ့ကြိတ်ပါတယ်။ ပြီးတော့ ငရုပ်ဆုံနဲ့ ပြန်ထောင်းပါတယ်။ စပါးလင်၊ ဂျင်းတွေက မညက်ပဲ chop လုပ်ထားသလိုဖြစ်နေလို့ ပြန်ထောင်းရတာပါ။ ဆီများများနဲ့ နနွင်းမှုန့်ရောင် ဝါဝါလေးနဲ့ ဆီသတ်ပါတယ်။ အပေါ်က ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင် ၃မျိုး ရွှေဝါရောင်သန်းလာရင် ငရုပ်သီးအရောင်တင်မှုန့်နဲ့ ငါးနွှင်ထားတာကို ထည့်င်္ပြီး အကြာကြီး ငါးကို ကြွပ်ပြီးမွှေးလာသည်အထိ ဆီသတ်တာပါ။ အပေါ့ အငန်မြည်းကြည့်ပြီး ပေါ့ရင် ငံပြာရည်ထည့် ပြီး ဆီဆက်သတ်ပါ။ ငရုပ်ကောင်း ကိုယ်တိုင်လှော် ထောင်းထားတာကိုလည်း ဆီသတ်တဲ့ထဲ ထည့်ပါသေးတယ်။





သူဆီသတ်တာ ခြောက်လွန်းအားကြီးလို့ ဟုတ်မှ ဟုတ်ပါ့မလားလို့ထင်နေတာ။ အဲဒါကို ချက်တဲ့ မုန့်ဟင်းခါးကမှ ပိုမွှေးတာပါ။


ငါးတစ်ကေဂျီခွဲလောက်ဆို ဒီဘူးနဲ့ တစ်ဝက်ကျော်လောက်ရပါတယ်။ အဲဒါ ၂ခါလောက် ချက်စားပြီးသားပါ။ ငါးဆီသတ်ကို ဖရီဇာထဲမှာ ၂လလောက်အထိထားနိူင်ပါတယ်။


အိမ်ချက် ရယ်ဒီမိတ် မုန့်ဟင်းခါးပါ။ စားချင်တိုင်း အလွယ်တကူ ချက်စားနိူင်ပါတယ်။ လောလောလတ်လတ် ချက်တဲ့ မုန့်ဟင်းခါးနဲ့ ထူးမခြားနားပါပဲ။ ဆိုင်က ရယ်ဒီမိတ်တွေလို အနံ့တစ်မျိုး မရှိပါဘူး။ ငါးများများနဲ့ချက်ရင် အချိုမှုန့်လုံး၀ မလိုပါ။ သကြား (သ်ို့) ထန်းညက်ခဲလေး နဲနဲ အိုးထဲပစ်ထည့်ရင် အရသာပိုကောင်းပါတယ်။ ကြက်ဥလေးတစ်လုံးကို ရေနဲ့ နာနာခေါက်ပြီး ဟင်းအိုးပွက်ပွက်ဆူထဲ အမျှင်သေးသေးလေးတွေ လောင်းထည့်ရင် မုန့်ဟင်းခါးက အမြင်လဲလှ ပိုလည်းချိုပါတယ်။ ကြက်ဥပြုတ်ပြီးသားကိုလဲ ပါးပါးလှီးထည့်ပါတယ်။ ချကာနီး ငရုပ်ကောင်းမွှေးမွှေးလေး ခပ်ပါတယ်။


ဘူးသီးကြော် ကြွပ်ကြွပ်လေးနဲ့ ဘလော့လာလည်သူများလည်း အားပေးကြပါဦးရှင်။


ပုံများကို မြင်ကွင်းပိုကောင်းအောင် ကလစ်လုပ်ပြီး အကျယ်ချဲ့ ကြည့်နိူင်ပါတယ်။ (အန်တီသက်ဝေကတော့ အကျယ်ချဲ့ ကြည့်ခိုင်းမိလို့ စိတ်ဆိုးပါတယ်ခင်ည ...း)


မုန့်ဟင်းခါးချက်နည်း အသေးစိပ် (step by step)
စာလာဖတ်သူတစ်ယောက်က ကွန့်မန့်မှတဆင့် တောင်းဆိုလာလို့ မုန့်ဟင်းခါးချက်နည်း အသေးစိတ်ကို ခန့်မှန်းရေးပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ(လူကြီး ၁၀ယောက် စာခန့်)
ငါးခူ၊ ငါးကျည်း၊ ငါးကြင်း ရရာငါး တစ်ကေဂျီခန့်ကို အညစ်အကြေး၊ ကြေးခွံများ သန့်ရှင်းပြီး ဓားနဲ့မွှန်းထားပါ။ နနွင်းမှုန့် လက်ဖက်ရည် တစ်ဇွန်းလောက်၊ ငံပြာရည် စားပွဲဇွန်း ၄ဇွန်းလောက်နဲ့ရောနယ်ထားပါ။ (စလုံးမှာဆိုရင်လဲ ငါးခူရတတ်ပါတယ်။ ဒါပေမဲ့ အရှင်တွေကို သတ်ပေးတာဆ်ိုတော့ seabass ကိုပဲ သုံးပါတယ်။ သူကလဲ တော်တော်ချိုပါတယ်။)

စပါးလင် (အပေါ်က ပြောထားတဲ့ အချိုးအတိုင်း- ခန့်မှန်း၆ခု-၇ခုလောက်) အရင်းပိုင်းကို ဆီသတ်ရန် ပါးပါးလှီး ညက်နေအောင်ထောင်းပါ။ အဖျားပိုင်းတွေကိုတော့ ငါးပြုတ်ရာမှာထည့်ပြုတ်ရန် ထုရိုက်ထားပါ။

ဂျင်း၊ ကြက်သွန်ဖြူ (အပေါ်က ပြောထားတဲ့ အချိုးအတိုင်း) ပါးပါးလှီးပြီး ညက်နေအောင်ထောင်းပါ။

ငရုပ်ကောင်း လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ကို လှော်ပြီး ကျိတ်ထားပါ။

ကုလားပဲ ဆန်ခြင်ခွက် တစ်ခွက်ခွဲလောက်ကို ညကတည်းက ရေစိမ်ပြီး မနက်ကျရင် နူးနေအောင်ပြုတ်၊ ဘလန်ဒါနဲ့ ကျိတ်ထားပါ။

မွှေးတံဆိတ် ဆန်လှော်မှုန့် ဆန်ခြင်ခွက် တစ်ဝက်လောက်ကို ရေနဲနဲနဲ့ ဖျော်ထားပါ။

မြေပဲ ဆန်ခြင်ခွက်တစ်ဝက်လောက်ကို မကျက်တကျက် လှော်ပြီး ဘလန်ဒါနဲ့ ကျိတ်ထားပါ။

ကြက်သွန်နီ ဥသေး ၁၅လုံး၊ အလုံး၂၀ခန့် အခွံသင်ထားပါ။

ငရုပ်သီး အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဇွန်းမောက်မောက် ရေပျစ်ပျစ်နဲ့ ဖျော်ထားပါ။ (ရေနဲ့ဖျော်ပြီးမှ ဆီသတ်တဲ့ထဲထည့်တော့ ငရုပ်သီးမှုန့် တူးခြစ်သွားတာမျိုး မဖြစ်တော့ပါဘူး။)

ကြက်ဥ ၁၀လုံးခန့် ပြုတ်ထားပါ။

ကြက်ဥတစ်လုံး ရေကျဲကျဲနဲ့ နာနာခေါက်ထားပါ။

မုန့်ဟင်းရည်အိုး စတည်ရန်
မုန့်ဟင်းရည်အိုး ဇောက်နက်နက်ထဲကို ရေတစ်လီတာခန့်ထည့်ပြီး အပေါ်မှာ အဆင်သင့်ပြင်ထားတဲ့ ဆန်လှော်မှုန့်ဖျော်ထားတာရယ်၊ ကုလားပဲထောင်းထားတာရယ်၊ မြေပဲဆန်ကြိတ်ထားတာရယ်၊ ကြက်သွန်နီဥသေးတွေရယ်ရောထည့်ပြီး မီးအေးအေးနဲ့တည်ပါတယ်။ အဖုံးပိတ်ရင် ဝေကျတတ်လို့ အဖုံးဖွင့်တည်ပါတယ်။ မကပ်အောင် တစ်ခါတရံ မွှေပေးရပါတယ်။ (ရေက ငါးရိုးပြုတ်ကို ရေငင်ထည့်ရဦးမှာမှို့ စစချင်း အများကြီး မထည့်ရသေးပါ။)

ငါးပြုတ်နည်း
အိုးထဲမှာ စပါးလင်အောက်ကခံ၊ ငံပြာရည်နဲ့ နယ်ထားတဲ့ငါးကိုထည့်၊ ရေကိုလည်း ငါးတစ်ဝက်လောက် မြုတ်အောင်ထည့်၊ အဖုံးပိတ်ပြီး ၁၀မိနစ်လောက် မီးအေးအေးနဲ့ တယ်ပါတယ်။ ငါးကျက်ရင် အအေးခံပြီး အရိုးနွှင်ထားပါတယ်။
ငါးအရိုးတွေကိုလည်း အချိုရည်ရအောင် ခေါင်းပါမချန် ငရုပ်ဆုံထဲ မညက်တညက် ထည့်ထောင်း၊ ရေနဲ့ ၃-၄ထပ်လောက် အချိုရေ ငင်ပြီး အပေါ်က မုန့်ရည်အိုးထဲထည့်ပါတယ်။ ငါးရိုးများ အိုးထဲမကျအောင် ဂရုစိုက်ပါလေ။

ဆီသတ်နည်း
Non-sticker ဒယ်အိုးထဲ ဆီ များများထည့်ပါတယ်။ ဆီကျက်ရင် နနွင်းမှုန့် လက်ဖက်ရည် ဇွန်းဝက်ခန့် ပစ်ထည့်ပြီး၊ စပါးလင်၊ ဂျင်း၊ထောင်းထားတာ အရင်ဆီသတ်ပါတယ်။ နဲနဲကျက်ရင် ကြက်သွန်ဖြူ ထောင်းထားတာထည့်ပါတယ်။ အားလုံးရွှေဝါရောင်သန်းလာရင် ငါးထည့်၊ ငရုပ်သီး အရောင်တင်မှုန့်ထည့်ပြီး ငါးက ငါးကြော်လိုခြောက်ပြီး ဆီသတ်နံ့ အတော်မွှေးလာတဲ့အထိ ဆီသတ်ပါတယ်။ အပေါ့၊အငန်မြည်းကြည့်ပြီး ပေါ့ရင် ငံပြာရည်ထည့် ပြီး မွှေပေးပါ။ ငရုပ်ကောင်းတစ်ဝက်ကိုလဲ ကျက်ခါနီး ထည့်သတ်ပါတယ်။ လက်ညောင်းအောင်တော့ အကြာကြီး မွှေရပါတယ်။

မုန့်ဟင်းရည်အိုးပြင်နည်း
ငါးဆီသတ်ကျက်ရင် အပေါ်က မုန့်ရည်အိုးထဲကို လောင်းထည့်ပါတယ်။ ကြက်ဥပြုတ် ၃လုံးလောက်ကိုလည်း ပါးပါးလှီးထည့်ပြီးတော့ မီးအေးအေးနဲ့ ငါးတွေ ပြန်နူးအိလာသည်အထိ (မုန့်ဟင်းခါးအိုးကျတဲ့အထိ) တစ်နာရီလောက်ထပ်တည်ရပါတယ်။ ဒီကြားထဲ သကြား၊ငံပြာရည်၊ အစရှိသည်တို့ကို လိုအပ်တာတွေကို မြည်းကြည့်ပြီး ထပ်ထည့် မုန့်ဟင်းခါးအိုး ပြင်ရပါသေးတယ်။ အပေါ်ကပြောသလို ကြက်ဥတစ်လုံးကို ရေနဲ့ခေါက် ဇွန်းနဲ့ ပွက်ပွက်ဆူအိုးထဲကို အမျှင်လေးတွေ ထည့်ရင်မုန့်ဟင်းခါးက ပိုလည်းချို အမြင်လဲလှပါတယ်။ ချခါနီး ငရုပ်ကောင်း ထည့်ပါတယ်။ ပိုကောင်းချင်ရင် ငါးဖယ်ကြော်လေးတွေ ပါးပါးလှီးထည့်နိူင်ပါတယ်။ ငှက်ပျောအူကြိုက်တတ်ရင် ငှက်ပျောအူကို ပါးပါးလှီး အစေးပျောက်အောင် နနွင်းမှုန့်နဲ့ ရေစိမ်၊ နာရီဝက်လောက်အလိုမှာ ထည့်တည်နိူင်ပါတယ်။

မုန့်ပွဲပြင်ရန်
မုန့်ဖတ်
မြန်မာပြည်မှာဆိုရင် မုန့်ဖတ်အစိုရှိပေမဲ့ နိူင်ငံခြားမှာတော့ မြောင်းမြဒေါ်ချိုဖြစ်ဖြစ် မုန့်ဖတ်ခြောက်ကို ပြုတ်ရပါမယ်။ ဒီမှာ တစ်ခြား ကြာဆံလိုဟာမျိုးနဲ့ဆို မုန့်ဟင်းခါး အရသာပျက်ပါတယ်။ ကြာဆံက မာတော့ စားမကောင်းလို့ မြန်မာ မုန့်ဖတ်စစ်စစ်ကိုပဲ ပြုတ်စေချင်ပါတယ်။ နောက်စလုံးမှာ ကွေ့သယောင်ဖတ်လို့ခေါ်တဲ့ ညှက်ခေါက်ဆွဲဖတ်နဲ့ စားရင်လဲ ကောင်းပါတယ်။

ကြက်သွန်ဖြူလေးတွေပါးပါးလှီး၊ နနွင်းမှုန့်လေးနဲ့ ဆီချက်ထားပါ။

နံနံ၊ ပဲသီးတို့ကို ပါးပါးလှီးထားပါ။ ပူတီနာကိုလည်းကြိုက်တတ်ရင် အနေတော် လှီးဖြတ်ထားပါ။

သံပုရာသီး စိတ်ထားပါ။

ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ပဲကတ်ကြော်တို့ကိုလည်း ပြင်ဆင်ထားပါ။

ငရုပ်သီးအလှော်မှုန့် ၊ ငံပြာရည်တို့ကိုလည်း စားပွဲပေါ်မှာ ပြင်ပေးထားပါ။

ကြက်ဥကျန်တာကို ပါးပါးလှီးပြီး စားပွဲပေါ်မှာ ပြင်ပေးထားပါ။

ပွဲပြင်တာတော့ အားလုံးသိပြီးသားမှို့ ဒီမှာတင်ပဲ မုန့်ဟင်းခါးချက်နည်းကို အပြီးသတ်လိုက်ပါပြီ။

ကိုအနောမိနပ်စ်ကျေနပ်နိူင်ပါစေ။

ဘူးသီးကြော်နည်း

စီဘောက်မှာ မေးထားတာ တွေ့လို့ ဒီမှာပဲ ဖြေပေးလိုက်ပါတယ်။
အိမ်မှာတော့ ယိုးဒယားမယ် အကြော်မှုန့့်နဲ့ ကြော်ပါတယ်။ ဘူးသီးကို ရေမဆေးပဲ၊ အခွံမခွါပဲ အချောင်းလေးတွေလှီး၊ အကြော်မှုန့်ကို ရေနဲ့ပြစ်ပြစ်ဖျော်၊ မွှေးအောင် ဂျင်းကြက်သွန်ဖြူ ညက်ညက်ထောင်းတာလေး ရောထည့်၊ မုန့်နှစ်ထဲနှစ်၊ ဆီများများနဲ့ကြော်တာပဲ။

အကြော်မှုန့် မရှိရင်လဲ ဆန်မှုန့် (rice flour) ၂ဆ၊ ကောက်ညှင်းမှုန့် (glutinous rice flour) ၁ဆ၊ ပဲမှုန့် ၀.၅ဆ ရော၊ ဆိုဒါမှုန့်လေး နဲနဲ၊ ဆားနဲနဲထည့်ပြီး အကြော်မှုန့်စပ်လို့ရပါတယ်။ ပဲမှုန့်ကတော့ ကုလားဆိုင်တွေမှာ ရမယ်နဲ့တူပါတယ်။



(ဆန်ချင်ခွက်ဆိုတာ rice cooker တွေမှာ ပါတတ်တဲ့ ပလပ်စတစ်ခွက် အဖြူလေးတွေကို ဆိုလိုပါတယ် ... ခန့်မှန်းပြီးရေးတာဖြစ်လို့ တစ်ချို့မကိုက်တာများရှိရင် လိုတိုး ပိုလျော့လေး လုပ်ပေးကြပါလို့ ....)

Saturday, July 10, 2010

အဖေ့သမီး ဂျူဂျူ ...

ဂျူဂျူတို့အဖေဟာလေ ညားကာစကတော့ သူဟာ ဓာတ်ပုံရိုက် အလွန်ဝါသနာပါပါသတဲ့။ ဘယ်ဟာလေးကိုဖြင့် ဘယ်အန်ဂယ်ကနေ ဘယ်လိုရိုက်ရတာ၊ ဖိုးကပ်စ်က ဘယ်နားမှာပြတ်ရမှာနဲ့ ဓာတ်ပုံနဲ့ပတ်သတ်တဲ့ စကားတွေလည်း ပြောတတ်ပါသေးတယ်။ အဲဒီတုံးက ပါးပါး လျှလျှခန္ဓာကိုယ်သာရှိသေးတဲ့ ကိုယ့်ကိုလည်း အိုက်တင်မျိုးစုံ ထုတ်ခိုင်းပြီး ပုံလေးတွေ ရိုက်ပေးဘူးပါတယ်။

ဒီလိုနဲ့ အိမ်ထောင်သက်ရင့်လာတာနဲ့ အမျှ ကိုယ့်ခန္ဓာကိုယ်လည်း တုတ်ခိုင်လာခဲ့တယ်။ ကိုယ့်ခန္ဓာကိုယ် တုတ်ခိုင်လာတာနဲ့အမျှ သူကင်မရာကိုင်တဲ့ အကြိမ်အရေအတွက်ကလည်း နည်းပါးလာလိုက်တာ ... ခု ဒေါ်ဆွိတီတို့ ဖိုရမ်တွေ၊ ဘလော့တွေရေးတဲ့ အချိန်လဲရောက်ရော ... ကင်မလာဆိုသည်ကား ဦးမောင်ခြိမ့်ဆိုသူနှင့် လားလားမှ မသက်ဆိုင်ဆိုသလိုကို ဖြစ်လာတော့တယ်။ ကိုယ်တွေကလဲ ဘယ်သွားသွား ဘလော့ပေါ်၊ ဖိုရမ်ပေါ် ပုံတင်ရဖို့ အရေးပဲ အာရုံစိုက်နေတော့ ကင်မရာသည် ကိုယ်နဲ့ခွဲခြားမရ ဖြစ်လာတယ်။

အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ဓာတ်ပုံတွေ ထုတ်ကြည့်လိုက်ရင် ကင်မရာမန်းလုပ်တဲ ကိုယ့်ပုံတွေက ရှားသထက် ရှားလာတယ်။ ကိုယ့်ပုံလေးတော့ ကိုယ် ပြန်ကြည့်ချင်သေးတာဆိုတော့ ဒေါ်ဆွိတီတို့ ဂျီကျတယ်။ ယောက်ျားရယ် ဓာတ်ပုံရိုက်တာ ၀ါသနာပါလှချည့်ဆို။ ကျုပ်ပုံလေးများ တစ်ခါတစ်လေ ရိုက်ဘူးတယ်ရှိအောင် ရိုက်ပေးပါဦးဆို ပြောရတယ်။ အဲလိုပြောလိုက်ရင်တော့ နောက်ပိုင်း ပွစိပွစိဒါဏ်တွေ မခံနိုင်လို့လားမသိ။ "ကိုယ်ရိုက်ပေးတယ်နော် ... ဆွိလေး " "ကိုယ် ... ရိုက်ပေးတယ်နော် ..." နဲ့ ပြောလဲပြော ရိုက်လဲရိုက်ပေးပါတယ်။ နောက်ပိုင်းကျတော့လဲ ဒုံရင်းပဲ။ ဓာတ်ပုံရိုက်ပေးဖို့ သူမေ့ပြန်တယ်။

ပြီးခဲ့တဲ့ ၂ပတ်လောက်က ကိုယ်တို့တွေ အရှေ့ပိုင်းဖက်ကို ဂျူဂျူတို့ ခလေးတွေ ရေကစားရအောင် သွားလည်ကြတယ်။ အိမ်ကအထွက်မယ် သတိရတာနဲ့ သူ့ကို ဓာတ်ပုံရိုက်ပေးဖို့ ပြောထားတယ်။ အဲဒီတော့သူလဲ သတိရတုံး ၂ပုံ ၃ပုံလောက် ရိုက်ပေးပါတယ်။ ဂျူဂျူလေးနဲ့ ဓာတ်လှေခါးနား ထင်တာပဲ။ နောက်လဲ ကားပေါ်တစ်ပုံ နှစ်ပုံရိုက်တာတော့ သိလိုက်တယ်။ ဟိုရောက်တော့ သူလဲ အပေါင်းအသင်းတွေစုံတော့ ဓာတ်ပုံရိုက်ဖို့ မေ့သွားတယ်။

ညဘက်အိမ်ပြန်ရောက်လို့ ဓာတ်ပုံတွေလည်းပြန်ကြည့်ရော ဒေါ်ဆွိတီတို့ ခွက်ထိုးခွက်လန် ရယ်ပါတယ်။ မျက်ရည်ထွက်အောင်ရယ်ပါတယ်။ သူရိုက်ပေးတဲ့ ကိုယ့်ပုံတွေကို လည်းကြည့်ကြပါဦး။

(သမီးနဲ့ ၂ယောက်တွဲပုံတွေပါ။သမီးပုံလေးတွေတော့ မလှလို့ ဖြတ်ထားရပါတယ်။)

နောက်နေ့ညကျတော့ သမီးကို တရုတ်စာရေးတာ စောင့်ပေးရင်းနဲ့ အိမ်ခန်းထဲမှာ သားအမိသားအဖ ၃ယောက် ဆုံကြတယ်။ ဘေးက ကွန်ပြူတာမှာ ဖွင့်ထားတဲ့ ပုံတွေ ပြန်ကြည့်မိပြီး ...

ဒေါ်ဆွိတီ။ ။ ဟမ်မလေး ယောက်ျားရယ် ... ဓာတ်ပုံလေးရိုက်ပေးပါဆို ... ကြည့်ပါဦး။ ကျုပ်ပုံတွေ။ ဘယ်လိုများ ရိုက်ထားပါလိမ့်။ အဲလို တမင်ရိုက်ပါဆိုရင်တောင် ရိုက်ဖို့ခက်လိမ့်မယ်။

ဂျူဂျူတို့အဖေ ။ ။ သမီးနဲ့ ၂ယောက်တွဲဆိုတော့ သမီးကို ဦးစားပေးတာလေကွာ ... ညည်းပုံ အဲလိုဖြစ်သွားတာ ... သတိတောင်မထားမိဘူး။

ဒေါ်ဆွိတီ။ ။ ယောက်ျားရယ် ... ဘာပဲပြောပြော ကျုပ်ပုံလေးတော့ တစ်ပုံလေးပဲဖြစ်ဖြစ် ကောင်းကောင်းလေးရိုက်ပေးပါလား။ အမှတ်တရလေး ပြန်ကြည့်ချင်လို့ ဥစ္စာကို ...

ဒေါ်ဆွိတီတို့ အရှိန်ရသွားပါပြီ။ ဘေးမှာ သမီးရှိနေတာကိုမေ့ပြီး လေသေနတ်နဲ့ တရစပ် တိုက်စစ်ဆင်မိပါပြီ။

ဒေါ်ဆွိတီ။ ။အရင်ကတော့ ဓာတ်ပုံ သိပ်ဝါသနာပါဆို .... ခုတော့ ... xxxx .... xxxx .... xxxx....xxxx .... xxxx .... xxxx....xxxx .... xxxx .... xxxx....xxxx .... xxxx .... xxxx.... xxxx .... xxxx .... xxxx....ဟမ်မလေး ... xxxx .... xxxx .... xxxx....xxxx .... xxxx .... xxxx .... xxxx .... xxxx....xxxx .... xxxx ....တော်က ... xxxx....xxxx .... xxxx .... xxxx....xxxx .... xxxx .... xxxx....xxxx....xxxx .... xxxx .... xxxx....မနေ့က ရေကစားတဲ့နေရာမှာလဲ တစ်ပုံမှ မရိုက်ပေးဘူး။ ကျွန်မ ဒီအရွယ်မယ် ဘယ်လိုပုံရှိသလဲဆိုတာ ပြန်ကြည့်ချင်ရင်တောင် ကြည့်စရာတစ်ပုံမှ မရှိဘူး ...


အဲသမှာ ဂျုဂျူတို့ သူ့အဖေတစ်ယောက်တည်း ခံစစ်က ရောက်နေတာ ကျေနပ်ဟန်မတူပါဘူး။ တရုတ်စာရေးရင်းကနေ မကြားတကြားပြောလိုက်တာက ...

" ဒါဆိုလဲ မေမေ ခု Mirror ယူပြီး ကြည့်လိုက်ပါလား..." တဲ့ ဗျား။

မထင်မှတ်ပဲ သမီးဝင်ပြောတာ ကြားလိုက်ရတော့ မနည်းပြန်စဉ်းစားပြီး ထုံးစံအတိုင်း ပါးစပ်အဟောင်းသားနဲ့။

ဂျူဂျူတို့အဖေကတော့ သူ့မယ် အားကိုးရတဲ့ သမီးတစ်ယောက်ရပြီဆိုတဲ့ စတိုင်နဲ့ လူကို ကြည့်နေတာ ... ပြောင်ချော်ချော် မျက်နှာပေးနဲ့ပါဗျား။

Wednesday, July 7, 2010

အသွင်တူ အတူနတ်ပြည်ရောက် ...

(မဆွိတီရဲ့ ချစ်သူငယ်ချင်း အန်တီသက်ဝေမှ တက်ဂ်လာလို့ ရေးပါတယ်ရှင့် ...)



သူက သူတို့အိမ်မှာ အငယ်ဆုံး။ နွားအိုနောက်ကျသားလေးလို့ပြောရမယ်။ သူ့အမေ အသက် ၄၀ရောက်မှ မွေးတာလေ။ ဒီတော့ ကိုယ်က အမြဲနောက်တယ်။ အသက်ကြီးမှ မွေးတဲ့ ခလေးတွေက သိပ်ကျပ်မပြည့်ဘူးလို့ ... တကယ်တန်းတော့ သူဟာ အမြဲတန်း တက်ကြွ ဖျတ်လတ်နေတတ်ပြီး သူတို့မိသားစုထဲမှာ လမ်းသစ်ဖောက်သူ တစ်ယောက် ဖြစ်ပါတယ်။ သူလမ်းသစ်တွေ ဖောက်လွန်းအားကြီးလို့ အိမ်ကလူကြီးတွေက ကဏ္ဋကောစလုပ်တယ်ဆိုပြီး သူ့ကို မချစ်ဘူး။ သူ့ထက်ရုပ်ချောပြီး ပြောစကားနားထောင်တဲ့ သူ့အကိုကိုပဲ ၀ိုင်းချစ်ကြတယ်ဆိုပြီး အမြဲတွေးထင်နေပါသတဲ့။

မဆွိတီကျ အကိုတွေကြား မိန်းခလေးတစ်ယောက်တည်းမှို့ နဲနဲဆိုးချင်တယ်။ အဲဒီအခါကျ အငယ်ဆုံးဖြစ်တဲ့ သူက အကိုကြီးတစ်ယောက်လို အလျှော့ပေးတတ်ပြန်ပါတယ်။ ကိုယ်ဆိုးသမျှ၊ ရစ်သမျှကို သူအတော်သည်းခံတယ်။ သူနဲ့ အိမ်ထောင်ကျပြီး မိဘတွေဆီ သွားတွေ့တော့ အမေက သူ့သမီးလေး တစ်ယောက်တည်းမို့ ဆိုးလှတယ် ... သည်းညည်းခံပါလို့ တောင်းပန်ထားသတဲ့။ အဲဒီတုံးက ကိုယ်ကပါမသွားတော့ သူတို့ သမီးယောက္ခမကြား ဘာပဋိညာဉ်တွေရှိလဲ ကိုယ်မသိဘူး။ သူက အမေ့ကို သိပ်ချစ်တယ်။ လေးလဲလေးစားတယ်။ အမေကရိုးလွန်းလို့တဲ့လေ။ သူ့မိဘတွေကတော့ လွန်ခဲ့တဲ့ ၈နှစ်လောက်ကပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတော့ သူတို့နဲ့ ရင်းနှီးခွင့်မရခဲ့ဘူး။

သူက သမိုင်းကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ အားကစား အစရှိသည်တွေမှာ စိတ်ဝင်စားတယ်။ ကိုယ်ကလဲ အဲဒါတွေဆို ပျင်းလွန်းလို့ ဘယ်လိုမှ စိတ်ဝင်စားလို့ကိုမရတာ။ နောက်ပြီးသူက လူတွေကိုလဲ သိပ်ကူညီချင်တယ်။ သူသိထားတာလေးတွေကို မျှဝေချင်တယ်။ သင်ပေးချင်တယ်။ အလှူခံကိစ္စ၊ ဘာညာဆိုလဲ သူထိပ်ဆုံးကပါတယ်။ သူ့မှာ တစ်ခုခုဆို ဗောလံတီယာအဖွဲ့တွေ၊ သူ့လက်ဝေခံ အလှူခံအဖွဲ့တွေ အများကြီးပဲ။ ဟိုနေ့က စာအုပ်တွေရှင်းတော့ ကျောင်းက year book လေးထွက်လာတယ်။ အဲဒီထဲမှာ သူ့ကို ချစ်စနိုး ကာတွန်းဆွဲထားတဲ့ပုံက အလှူခံဖလားကြီးနဲ့ လိုက်အလှူခံနေတဲ့ပုံပါဗျား။ အပေါင်းအသင်းလဲ သိပ်များတယ်။ အပေါင်းအသင်း သိပ်ခင်တယ်။ ခုချိန်ထိ ကျောင်းတုံးက သူငယ်ချင်း ၄-၅ယောက်လောက်နဲ့ တစ်ရပ်ကွက်ထဲ အတူနေကြပြီး ညစဉ် လဖက်ရည်ဆိုင် အတူထိုင်ဆဲပါ။

မဆွိတီကတော့ သူနဲ့ဆန့်ကျင်ဖက်။ အမေ့အိမ်မှာကတည်းက တစ်ယောက်ထဲပဲ ဆိုတော့ ကိုယ့်အခန်းထဲကိုယ် နေတာများတယ်။ အပေါင်းအသင်းလဲ သူ့လောက်မများဘူး။ ကျောင်းတုံးကတော့ အဆောင်က အခန်းဖော် သူငယ်ချင်းတွေနဲ့ သိပ်ချစ်ကြတယ်။ ခုတော့ တစ်နေရာစီဆိုတော့ တွေ့ဆုံဖို့ရာလဲ မဖြစ်နိုင်တော့ဘူး။ ကိုယ့်ဟာကိုယ် အခန်းထဲအောင်း စာဖတ်၊ စာရေး၊ အင်တာနက်ထဲ လျောက်လည်ပတ်နေရတာကို ပိုကြိုက်တယ်။ ပိုလွတ်လပ်တယ်လို့ထင်တယ်။ ကျောင်းကသူငယ်ချင်းတွေနဲ့ အလှူတွေ၊ အခန်းအနားတွေမှာ တွေ့ရင်တွေ့၊ မဟုတ်ရင်တော့ ဖုန်းဆက်၊ ချက်ရေးလောက်ပဲ လုပ်နိုင်တော့တယ်။

ကိုယ်က မိန်းကလေးပီပီ ချက်တာပြုတ်တာတို့၊ အချုပ်အလုပ်တို့ ၀ါသနာပါတယ်။ သူက ကိုယ်အဲလိုတွေ တကုတ်ကုတ် ချုပ်နေ၊ ချက်နေရင် မကြိုက်ဘူး။ ဘေးကနေ ဂျီကျတယ်။ သူက ကိုယ်ပင်ပန်းမှာကို မလိုလားဘူး။ ဒါတွေ ဘာလို့ အပင်ပန်းခံလုပ်နေရတာလဲတဲ့ ။ သက်တောင့်သက်သာ နားနားနေနေပဲ နေစေချင်တယ်။ ကိုယ်ကလဲ ကိုယ့်လက်ဖြစ်လေးတွေ ကြည့်ပြီး ပီတိဖြစ်နေရတာနဲ့တင် ပင်ပန်းတာတွေ အကုန်မေ့တာပဲကိုး။ ဒါမျိုးကျ သူက မခံစားတတ်ပြန်ဘူးတဲ့လေ။

သူကမှတ်ဥာဏ်သိပ်ကောင်းတယ်။ အထူးသဖြင့် ဂဏန်းတွေနဲ့ ပတ်သတ်ရင် ။ သူ့သူငယ်ချင်းတွေရဲ့ ဖုန်းနံပတ်တွေ အလွတ်ရတယ်။ အိမ်က အရေးကြီးတဲ့ နံပတ်ပေါင်းစုံကို အလွတ်ရတယ်။ တစ်ခုခုသိချင် သူ့ဖုန်းခေါ်လိုက်ရုံပဲ။ ငယ်ငယ်ကတည်းကလဲ စာကျက်ရင်သိပ်မြန်တယ်ဆိုပဲ။ ဟဲ့ကောင်လေး စာကျက်ဆို ၀ူးဝူးဝါးဝါး ၂ခေါက်လောက် လူကြားကောင်းအောင် အော်ပြီးရင် ရပြီဆို သူ့အစ်မကြီးဆီ သွားပြန်ရောတဲ့။ သူ့အစ်မတွေကမယုံလို့ ဟဲ့ကောင်လေး ... ဟုတ်မှဟုတ်ရဲ့လားဆို သူတကယ့်ကို အလွတ်ရနေမှ အံ့သြမဆုံး ဖြစ်ရသတဲ့။

မဆွိတီတို့ကတော့ သတိမေ့တတ်လိုက်သမှ လမ်းတွေ့တဲ့ သူငယ်ချင်း အရင်းကြီးတောင် နာမည်မေ့ချင် မေ့နေတတ်တာ။ ဟိုတစ်လောက အလှူတစ်ခုသွားတော့ အိမ်ရှင်ညီမလေးက ဆရာမဆောင်မှာတုံးက အခန်းချင်းကပ်ရပ်။ တော်တော့်ကိုရင်းတာ။ သူ့တွေ့တော့ နာမည်ကိုခေါ်ပြီး ၀မ်းသာအားရ နှုတ်ဆက်စကားပြောချင်တာကို နာမည်အစဖော်မရလို့ ဒုက္ခရောက်ရတယ်။ တစ်ခါလဲ ကိုယ်ကိုင်တဲ့ ဟမ်းဖုန်းနံပတ် မေ့နေလို့ သူ့ကိုဖုန်းဆက်ပြီး မေးဘူးတယ်။

သူနဲ့ကိုယ် တူတာတွေလည်း ရှိပါသေးတယ်။ လင်မယား ၂ယောက်လုံး စိတ်မြန်၊ စိတ်စောကြတယ်။ သူကတော့ သူတို့အဖေဆီက gene ပါလာတယ်ဆိုပဲ။ သူတို့အဖေဟာ ရပ်ကွက်မှာ အလှူရှိရင် အလှူုအိမ်ကို ပထမဆုံး ရောက်သူဖြစ်ပါသတဲ့။ ရပ်ကွက်ထဲမှာ ၀ီရိယကောင်းလို့ နာမည်တစ်လုံးနဲ့ နေတာပါတဲ့။ မဆွိတီတို့ အဖေလဲ ဘာထူးတုံး။ တစ်ခုခုသွားစရာရှိပြီဆို မနက်အစောကြီး နိုးနေတတ်ပြီး တစ်ညလုံးလဲ အိပ်မရဖြစ်ရပါသတဲ့။ ခရီးတွေဘာတွေထွက်မယ်ဆို ညနေ ၅ နာရီ ရထားစီးဖို့ အဖေတို့ နေ့ခင်း၂နာရီလောက်ကတည်းက ဘူတာရုံရောက်ပါပြီ။ အဲလို အဖေ၂ယောက်ဆီက gene တွေ ရထားတဲ့ ကိုယ်တို့ ၂ယောက် ညားကာစကဆို ဘယ်နေရာသွားသွား တက်ညီလက်ညီ အချိန်သိပ်တိကျတယ်၊ သူများထက် စောရောက်လေ့ရှိကြတယ်။ ဒါပေမဲ့ အဲလိုစောရောက်လို့ ဒုက္ခရောက်ရတာတွေ၊ စောင့်ရလို့ စိတ်မရှည်ရတာတွေ ကြုံပြီးတဲ့ သကာလမှာ နှစ်ယောက်စလုံး မစောင့်ရအောင် တမင်နောက်ကျမှ သွားရအောင်လားဆို သဘောတူညီချက် ယူထားရတဲ့အထိပါပဲ။

နောက်တူတာတစ်ခုက ရှက်စရာ။ နှစ်ယောက်လုံး ရေချိုးပျင်းကြတယ်။ သူကတော့ ပိုဆိုးလေမလားပဲ။ ရေချိုးဖို့အတွက် တစ်စုံတစ်ယောက်က မတိုက်မတွန်းမချင်း မချိုးရေးချ မချိုးပါ ခင်ညာ။ အိမ်ထောင်သက်တစ်လျောက်လုံး အဲဒီ တစ်စုံတစ်ယောက်ကတော့ ကျွန်တော်မျိုးမ ဒေါ်ဆွိတီသာလျင် ဖြစ်လေတော့သတည်းပေါ့။ ကြားရက်ကတော့ မနက်အလုပ်သွားရမှာမှို့ ပြောစရာမလိုပေမဲ့ weekend ဆိုရင်တော့ သွားစရာရှိရင် သူအရင်ချိုး၊ ငါအရင်ချိုးနှင့် ကျားဗိုလ်ဆွဲရမတတ်ပဲ။ တစ်ခါတရံတော့ စာအုပ်လှန်ကြရတယ်။ သွားစရာ မရှိရင်တော့ ညနေအထိ မပြောမချင်း မချိုးပါခင်ညာ။ အကြောင်းတစ်ခုခုကြောင့် သူမနက်စောစောထ ရေချိုးထားတဲ့နေ့ဆို ဟမ်မလေး သူများကို အနိုင်ယူပြီး ပြောလို့ကို မပြီးဘူး။ လူကို အားတိုင်း ရေချိုးခိုင်းနေတော့တာပဲ။ သူ့မှာလဲ အင်မတန်ခဲယဉ်းတဲ့ အလုပ်ကြီးတစ်ခု လုပ်စရာမလိုတော့ဘူးဆို စိတ်ချလက်ချရှိနေတဲ့ပုံက ရယ်ပဲရယ်ရသေးတော့တယ်။

သူက လူမှူရေးဝါသနာပါတော့ သူလုပ်သမျှတွေက သူ့အတွက် အင်မတန် ကုသိုလ်ရပါတယ်။ နာဂစ်တုံးကလဲ သူတို့ အဖွဲ့တစ်ခုထောင်ပြီး မြန်မာပြည်က မိဘမဲ့ခလေးတွေအတွက် ကျောင်းတွေဘာတွေဆောက်နဲ့ တော်တော်များများကို လုပ်ပေးလိုက်နိုင်တယ်။ ခုလဲ ဆက်လုပ်နေဆဲပါပဲ။ နောက်တစ်ခု သူလုပ်လေ့ရှိတာက ဟိုးအရင်ကထဲက သွေးကို အဆက်မပြတ် ရသလောက် မှန်မှန်လှူတာပါပဲ။ ခုတော့ ပလက်စမာ (သွေးဖြူဥ) ၄ပတ်တစ်ခါ လှူပါသတဲ့။ သူလှူပြီးရင် သမီးအတွက် အရုပ်ကလေးတွေ၊ ကိတ်မုန့်လေးတွေ၊ အမှတ်တရ ရင်ထိုးလေးတွေ ယူလာတတ်တယ်။ ကိတ်မုန့်လေးတွေ သမီးကိုပေးရင်း သမီးအတွက် အဖေ့သွေးနဲ့ရင်းပြီး ယူလာတာဆို ပြောတတ်သေးတယ်။

ကိုယ့်မယ်တော့ ပြီးခဲ့တဲ့မွေးနေ့တစ်ခုက သူနဲ့အတူ သွေးလိုက်လှူတာ သွေးက သွေးနီဥမပြည့်လို့၊ သွေးပေါင်ချိန်မပြည့်လို့နဲ့ အကြောင်းအမျိုးမျိုးနဲ့ မလှူခဲ့ရဘူး။ ကိုယ်လှူချင်တာတောင် လှူလို့မရတဲ့အခါကျ ယောက်ျားရေ ... တော်ကနောက်ဘ၀ကျရင် နတ်ပြည်ကိုရောက်မှာ ... စိတ်ချ။ ကျုပ်တော့ ဘယ်အ၀ီဇိ ချိုးကပ်နေမှန်းမသိဘူး။ ကျုပ်နဲ့ဘ၀ဆက်တိုင်း တူတူနေချင်ရင် တော် သွေးလေး၊ ဘာလေးများ လျှော့လှူဘို့ စိတ်ကူးမရှိဘူးလား ဆို နောက်ပြောင်ပြီးပြောရတယ်။ ဒီတော့ သူက သူအဲလို လှူနိုင်အောင် နောက်ကနေ ပံ့ပိုးပြီး ပါရမီဖြည့်ပေးနေတဲ့ ဆွိကလဲ ကုသိုလ် အလိုလိုရပြီးသားဖြစ်ပါတယ်လို့ နှစ်သိမ့်ရှာပါတယ်။ အော် ... နောက်ဘ၀ကျ သူနဲ့အတူ ကောင်းရာမွန်ရာ ရောက်အောင် ဒေါ်ဆွိတီတို့ ကုသိုလ်ကောင်းမှု၊ အလှုဒါန များများလုပ်ဖို့ လိုနေပါပြီရှင်။ နောက်မှို့ သူက နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာနဲ့ နတ်ပြည်မှာ စံပျော်နေမှာကို ချိုးကပ်နေတဲ့ ငရဲအိုးထဲက ဒေါ်ဆွိတီတစ်ယောက် လှမ်းမနာလိုဖြစ်နေရမှာ တွေးမိတာနဲ့တင် အသည်းနာလွန်းလို့ပါ။

အသွင်တူမှ နတ်ပြည်တူတူရောက်မယ်လေ ... အန်တီသက်ဝေရဲ့။

( မှတ်မှတ်ရရ ပြီးခဲ့တဲ့ ဇူလိုင်၎ရက်နေ့က အိမ်ထောင်သက် ၁၂နှစ် ပြည့်ပါတယ်ရှင်။)

Monday, July 5, 2010

ငါးဥဟင်း ...

မြန်မာပြည်မှာတုံးက ငါးသလောက်ဥကို အလွန်ကြိုက်ပါတယ်။ ဒါပေမဲ့ သူက ရာသီစာဆိုတော့ အမြဲလဲ မစားရဘူး။ မိုးတွင်းကျမှ ရှားရှားပါးပါး စားရတာ။ ငါးသလောက်ဥကို ကြော်စားစား၊ ချက်စားစား အကုန်ကြိုက်ပါတယ်။ စလုံးမှာလဲ NTUC မှာ ငါးဥတွေ ရတတ်ပါတယ်။ ပထမတော့ ငါးသလောက်ဥမဟုတ်လို့ မစားတတ်ဘူးဆို ဝယ်မစားဖြစ်ဘူး။ နောက်တော့ ငါးသလောက်ဥ ချင်ခြင်းတက်လွန်းလို့ တစ်ခါချက်စားကြည့်ရာကနေ အရသာလဲ မဆ်ိုးလို့ အိမ်မှာ မကြာခဏ ချက်စားဖြစ်ပါတယ်။ (သူလဲရာသီစာမှို့လားမသိ ခုတစ်လော NTUC တွေမှာ ရှာမတွေ့ပြန်ပါဘူး။)

ငါးဥကို ထုံးစံအတိုင်း နနွင်းမှုန့်၊ ငံပြာရည်တို့နဲ့ အသာနယ် စပါးလင်လေးထည့် အဖုံးပိတ်ပြီး ပြုတ်ရပါတယ်။



ငါးဥ ကျက်ပြီး ခဲသွားပြီဆို ဓားနဲ့ အနေတော် အတုံးလေးတွေ လှီးပြီး ငါးဟင်းချက်သလိုချက်ရတာပါ။ အိမ်မှာတော့ ငါးဟင်းတွေ ဘာတွေချက်ရင် အနှစ်ကို ငရုပ်ဆုံနဲ့ထောင်းပြီးချက်လေ့ရှိပါတယ်။ ကြက်သွန်၊ ဖြူနီ၊ ငရုပ်သီးမှုန့် ၃မျိုးလုံး ငရုပ်ဆုံထဲထည့်ထောင်းပြီး ချက်တဲ့ဟင်းက ပိုကောင်းတယ်လို့ စိတ်ကထင်နေတယ်။ ငရုပ်သီးမှုန့်ပါ ရောထောင်းလိုက်တော့ ငရုပ်သီးမှုန့် ဆီပူပူထဲထည့်မိလို့ တူးခြစ်သွားတတ်တဲ့ ပြသနာကတော့ ဝေးသွားပါတယ်။
(ငါးဥပြုတ်တော့ မီးနဲနဲပျင်းသွားလို့ ငါးဥနဲနဲ ပုံပျက်သွားပါတယ်။ ငါးဥပြုတ်ရင် မီးအေးအေးနဲ့သာ ပြုတ်ပါလေ။)



ဒယ်အိုးထဲ ဆီထည့် အနှစ်ထောင်းထားတာထည့်ပြီး မွှေးလာတဲ့အထိ ဆီသတ်ပါတယ်။ ကျက်ရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးကျေရင် ငါးဥထည့်၊ ရေထည့်၊ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ခဏတည်ထားပါတယ်။ ဆီနဲနဲပြန်လာရင် ငရုပ်သီးစိမ်း၊ နံနံလေး အုပ်ပြီး စားလို့ရပါပြီ။







အဲဒီနေ့က ခူးခပ်ပြီး ဓာတ်ပုံမရိုက်လိုက်ရလို့ အိုးလိုက်ပဲ တင်လိုက်ပါတယ်။ ငါးဥဟင်းက အရေသောက်ဟင်းချိုတစ်မျိုးမျိူးနဲ့ လိုက်ဖက်ပါတယ်။ ကြက်ခြေထောက်ရိုးနဲ့ ချက်တဲ့ ပဲကြာဆံဟင်းချိုရည်လေး တင်ပေးလိုက်ပါတယ်။