Thursday, February 3, 2011

ငါးခြောက် အုန်းနို့နှပ်

ငါးခြောက် အုန်းနို့နှပ်ကို ရန်ကုန်မှာ တစ်ခါမှ မစားဖူးပါဘူး။ စစ်ကိုင်းမှာနေတဲ့ အဖေ့ဘက်က အဖွားတို့ဆီမှာ အလှူလုပ်တုံးက စားဖူးတာပါ။ အဲသည်တုံးက အဘွားက လောဘကြီးပြီး ဟင်းတွေစုံနေအောင် ချက်တော့ ဟင်းတွေ အလှူမှာ မကုန်နိုင်ဘူး။ အလှူပြီးသည့်တိုင် အိမ်မှာ စားနေရသေးတာ မှတ်မိတယ်။ အဲဒီ ငါးခြောက်ချက်ကို အလှူမှာတုံးက မစားရပဲ အိမ်ကျမှ စားရတာ။ အဲဒီကတည်းက တော်တော်ကြိုက်လို့ စိတ်ထဲမှာ မှတ်မိနေတာ။

အညာအလှူဆိုလို့ မဆွိတီ ဆရာမဘ၀က အမေဘက်က အဘွားလှူတဲ့ အညာအလှူလဲ ရောက်ခဲ့ဖူးတယ်။ ရွာအလှူပေါ့။ အမေတို့ရွာက မလှိုင်မြို့ကနေ တစ်မိုင်ကျော်လောက်ဝေးတဲ့ အင်မတန်ခေါင်တဲ့ ရွာလေးပါ။ လျှပ်စစ်မီးမရှိ၊ ဘာမရှိနဲ့ ခုချိန်ထိ မတိုးတက်သေးပါဘူး။ အညာအလှူဆိုတာ ရန်ကုန်အလှူလို ရပ်ကွက်ထဲ ရှိတဲ့ ၄-၅ ၁၀အိမ်လောက်နဲ့ မပြီးပါဘူး။ ကိုယ့်ရွာက လူကုန်အပြင် ရွာနီးချုပ်စပ် ရွာတွေအကုန်က ရွာလုံးကျွတ်လာကြတာဆိုတော့ ထမင်းတွေ၊ ဟင်းတွေအများကြီး ချက်ရတယ်။ ဆန် ဘယ်နှစ်တင်း၊ ၀က် ဘယ်နှစ်ကောင်ဆို အဲလိုပြောကြတာ။

အဘွားလှူတုံးကတော့ ၀က်သား၊ ကြက်သား မတတ်နိုင်လို့ ငါးခြောက်ကြော်၊ ပဲတီချဉ်သုတ်၊ ဗူးသီးဟင်းချို နဲ့လှူတာ။ အဲဒါ ရွာနီးချုပ်စပ်က လာစားကြတာများ၊ လူကမပြတ်ဘူး။ အဖွဲ့လိုက် တန်းစီပြီး တိုးတိုးကြိတ်ကြိတ် စားကြတာ။ တစ်ချို့ ရွာသူတွေ ဖိနပ်တောင်မပါဘူး။ အဲဒီငါးခြောက်ကြော်နဲ့ ထမင်းကို ၃-၄မိုင်လောက်ကနေ လမ်းလျှောက်ပြီး လာစားကြတာဗျာ။ ဘယ်ရွာ အလှည့်ရောက်ပါပြီဆို လော်ကြီးနဲ့ အော်ရသေးတာ။ ငါးခြောက်ကြော်တို့ ဘာတို့ဆိုတာ အလှူမတိုင်မီ ၂ပတ် -၃ပတ်လောက် အလိုကတည်းက ကြော်ပြီး မြေကြီးထဲ စဉ့်အိုးတွေနဲ့ တွင်းတူးမြှုတ်ထားရတာ။ အဲဒီတော့ ငါးခြောက်ကြော်တို့၊ ငါးခြောက်နှပ်တို့ဆိုတာ ကြက်သား၊ ၀က်သား မတတ်နိုင်သူတွေ အတွက်ပေါ့ဗျာ။ ဒါကကြုံလို့ ပြောပြတာပါ။

မဆွိတီတို့လဲ ရန်ကုန်ပြန်ထားတာ မကြာသေးတော့ အိမ်မှာ အမေတို့ ပေးလိုက်တဲ့ ငါးခြောက်တွေ ပေါနေတာနဲ့ အညာအလှူချက် ငါးခြောက်နဲ့ အုန်းနို့ နှပ်မယ် စိတ်ကူးရတယ်။ အိမ်ကကြီးတော်က သူတို့အလှူမှာချက်ဖူးတယ်ဆိုပြီး ချက်နည်းလေးပြောပြပါတယ်။ ချက်ရတာလဲ ဘာမှ ထွေထွေထူးထူးမရှိ အင်မတန်လွယ်ကူပါတယ်။

ငါးခြောက် အုန်းနို့နှပ်ကို အများအားဖြင့်တော့ ဆီငါးရောင်ခြောက်နဲ့ ချက်ပါတယ်တဲ့။ ဆီငါးရောင်ခြောက်တွေကို အငန်ပျောက်အောင် ၂ရက်လောက် ဖွဲပက်ထားရပါတယ်။ ဖွဲတွေကနေ ဆားရည်တွေ၊ အငန်ရည်တွေ စုတ်အောင်ပေါ့။ အိမ်မှာတော့ ငါးရံ့ခြောက်ပဲရှိလို့ ငါးရံ့ခြောက်နဲ့ပဲ ချက်လိုက်ပါတယ်။

ငါးရံ့ခြောက် ၂ပြားလောက်ကို အသားမြောင်းတွေချည်းရွေး လက်မလောက် အတုံးလေးတွေ တုံးထားပါတယ်။ အလှူဆိုရင်တော့ ဒီ့ထက်ကြီးကြီး တုံးပါတယ်တဲ့။ ငါးခြောက်ကို ဆနွင်းလေးနဲ့နယ်၊ ရေများများနဲ့ အငံရေတွေပျောက်အောင် ၅မိနစ်လောက်ပြုတ်ပြီး အရည်တွေကို စစ်ချပါတယ်။ အငံပိုလျော့ချင်ရင် ၂ခါလောက်ပြုတ်ပြီး ရေစစ်ပါ။ (အဲဒီအရည်တွေကို အလဟသ မဖြစ်အောင် သီးစုံချဉ်ရည်တို့ ဘာတို့ထဲ ထည့်ချက်ပေါ့နော်)



ကြက်သွန်နီ အလုံးကြီး ၃-၄လုံးလောက်ကို ပါးပါးလှီး၊ ကြက်သွန်ဖြူ ဥကြီးကြီးတစ်ဥကို ထောင်းပြီး ဆီ စားပွဲဇွန်း ၈ဇွန်းလောက်နဲ့ ဆီသတ်ပါတယ်။ ကြက်သွန်နီကို ကြွပ်တဲ့ အထိကြော်င်္ပြီး ဆီသတ်ရပါမယ်။ ငါးခြောက်ထည့်ခါနီး ဟင်းအရောင်လှအောင် အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဝက်လောက်ထည့်ပါတယ်။


ငါးခြောက်ထည့်ပြီးမွှေးနေအောင် မွှေပေးပါတယ်။


ပြီးတော့ရေထည့်၊ အုန်းနို့တစ်ထုတ်ထည့်ပြီး နှပ်ထားလို့ရပါပြီ။ မီးအေးအေးနဲ့ အဖုံးပိတ်ပြီး နှပ်လို့ကောင်းအောင် အိုးစောက်နက်နက်ထဲ ပြောင်းထည့်ပြီးမှ နှပ်ပါတယ်။ ဟင်းအနှစ်ကို အရသာရှိအောင်၊ သကြားတစ်ဇွန်းခန့်နဲ့ ဟင်းခတ်မှုန့် သင့်ရုံထည့်ပါတယ်။





အုန်းနို့ cream တစ်ထုတ်လုံးထည့်ပါတယ်။


ငါးခြောက်တွေ နူးပြီး အိလာအောင် ရေကုန်တဲ့အထိ အဖုံးပိတ်ပြီး တစ်နာရီလောက် နှပ်ရပါတယ်။


အုန်းနို့တွေ ငါးခြောက်ထဲ စိမ့်ဝင်ပြီး အင်မတန်မှ စားကောင်းသော အုန်းနို့ငါးခြောက်နှပ်ရပါပြီ။ ဆီပြန်ရင် ချလို့ရပါပြီ။ ဆီပြန်ခါနီး မတူးအောင် မွှေပေးရပါတယ်။


အဆီနဲ့ အနှစ်ကိုက ထမင်းနဲ့ နယ်စားရင် မွှေးပြီး အရသာရှိလှပါတယ်။


မဆွိတီကတော့ သွေးတိုးမရှိတော့ ငါးခြောက်အုန်းနို့စားလို့ ဘာမှမဖြစ်ပေမဲ့ သွေးတိုးတတ်သူများနဲ့ မသင့်တော်ပါကြောင်း သတိပေးလိုက်ပါတယ်။

21 comments:

  1. ငါးခြောက်ဟင်းဆို အရမ်းကြိုက်ပဲ။

    ReplyDelete
  2. ငါးခြောက် အုန်းနို့နှပ်ကိုအညာအလှူမှာစာဖူးတယ်။
    လုပ်နည်းလေးသိရလို့ကျေးဇူးပါတီဆွိရေ။

    ReplyDelete
  3. အမရေညီမတို့ မန်းလေးမှာတော့မြေပဲပါထောင်းထည့်တယ်.
    အခုခေတ်မှာငါးခြောက်ဟင်းနဲလှုနိုင်တဲ့သူကသူဌေးပဲ အစ်မအုန်းနို့တစ်ဘူးဆိုတာက စလုံးမှာရောင်းတဲ့ ခရင်မ်ကိုပြောတာလား

    ReplyDelete
  4. ကြိုက်တယ်..မယ်ဆွိရေ..ချက်တော့စားကြည့်ချင်သား..အူန်းနို့က အဆီများတော့ မစားရဲသေးဘူး...ဟင်း..နောက်တော့စားပစ်ပလိုက်မယ်..
    လောလောဆယ်တော့ ငါးခြောက်ကို ကြက်သွန်နဲ့ပဲ ကြော်စားနေရတယ်

    ReplyDelete
  5. ငါးခြောက်နဲ့ အုန်းနို့
    သိပ်ကိုကောင်းမှာဘဲနော်
    ဒါပေမဲ့ ၂ခုလုံးက သွေးတိုးစေတဲ့ အရာတွေ
    အိုး... ဘုရားတပြီး စားရလိမ့်မယ်ထင်ရဲ့

    ReplyDelete
  6. ချောရေ ..ဟုတ်တယ် ... သွေးတိုးတတ်သူတွေ ချက်မစားတာကောင်းပါတယ်။ ကိုကြီးကျောက်ကိုလဲ အားမပေးပါဘူး။

    အနောနိမတ်စ် အတွက်
    အုန်းနို့ထုတ်ဆိုတာ ၂၀၀ ဂရမ် coconut cream ထုတ်လေးပါ။ ပို့စ်မှာ ထပ်ဖြည့်ပေးလိုက်ပါတယ်။

    ကိုဇော် ကြိုက်ရင် ချက်စားပေါ့ကွယ်။ သွေးတိုးရှိရင်တော့ သတိနော်။

    လည်လည်လာကြသူများအားလုံးကျေးဇူးနော်။ တရုတ်နှစ်ကူးပိတ်လို့ နဲနဲအားနေပါတယ်။

    ReplyDelete
  7. ငါးခြောက်ဟင်းကြိုက်ပါတယ်။ အုန်းနို့ နဲ့ တော့တခါမှမစားဖူးသေးပါဘူး။

    ReplyDelete
  8. ဟင်းအသစ်ပါလားတီဆွိရေ။ စိတ်ဝင်စားတယ်။ သွေးတိုးတော့ မရှိဘူး။ ၀ိတ်တော့ တိုးတိုးလာတယ် :D

    ReplyDelete
  9. သွေးတိုးနဲ့မတည့်ပေမယ့်လဲ စားချင်တယ် တီဆွိရေ..
    ငါးခြောက်လဲကြိုက် အုန်းနို့လဲကြိုက်..ကွက်တိ

    ReplyDelete
  10. တီတီဆွိကအရမ်းဟင်းချက်ကောင်းတယ်ထင်တယ်။
    တီတီဆွိချက်ပြတဲ.ဟင်းတွေကြည်.ရတာ စီးစီးပိုင်ပိုင်ရှိတယ်။ ဟင်းပွဲတွေကိုလဲ အပိုဆာဒါးတွေနဲ.ပြင်မပြထားဘူး၊ဟင်းချက်နေတုံးပုံတွေဘဲပြတာများတယ်။အဲ.ဒါမျိုးဘဲကြိုက်တယ်။
    တီတီဆွိလက်ရာကိုအရမ်းစားကြည်.ချင်တာဘဲ။

    ReplyDelete
  11. အမရယ်..အရမ်းစားချင်တာပဲ.. အပေါ်ကအနော်နီးမတ်ပြောသလိုပဲ
    အရမ်းစားချင်တယ်။ ကြည့်ရတာအားလုံး စားလို့ကောင်းမဲ့သဘောရှိတယ်။

    အမနော်..လာလည်တဲ့အခါ ရှောင်မပြေးပါနဲ့...ဟင်းးး

    အမရေ..ကြက်သားဝက်သားမလှူနိုင်တာကောင်းတယ်လို့ မှတ်ပါ။ ကျနော့်များ ကျနော့်အမေဘက်ကအဘွားအလှူမှာ ကြက်လဲမစား ၀က်လဲမစားပဲ အငတ်ခံလိုက်တာ..။ မျက်စိရှေ့မှာဗျာ ခြံနောက်မှာ သတ်နေတာ...ကိုကြားနေရတာ.. ဒါတောင် အဘွားက ရန်ကုန်မှာနေတာနော်.. တအားကြောက်တယ်..။ ငါးခြောက်ထောင်းကြော်နဲ့ လှူတာအကောင်းဆုံးပဲ။ အခုလိုဟင်းလေးလဲ ကောင်းလိုက်တာ..

    ချက်စားဦးမှပဲ..ဟီးးး

    မြတ်နိုး

    ReplyDelete
  12. အရမ်းကြိုက်တဲ့ဟင်းပါဘဲ တီဆွိရေ။ အိမ်မှာတော့ အဘွားက အနှစ်နဲ့မချက်ဘဲ ကြော်သလို ချက်တယ်။ အကုန်ကြိုက်တယ် :)

    ReplyDelete
  13. အပေါ်က အနောနိမတ်
    အစ်မ ဟင်းချက်ကောင်းလှတယ်ရယ်လဲ မဟုတ်ပါဘူး။ သာမန်အိမ်ရှင်မတစ်ယောက်ချက်သလောက်တော့ ချက်တတ်ပါတယ်။ ဘလော့တွေ ဖိုရမ်တွေမှာ ရေးတာက ကိုယ်သိတာလေး တခြားသူတွေ သိရအောင်ရှယ်ပေးတာ တစ်ခုပါပဲ။ ဟင်းချက်တာကောင်းတယ်လို့ ပြောတဲ့သူတစ်ယောက်တော့ ရှိတယ်။ အဲဒါကတော့ ဘယ်သူရှိမလဲ ... ဦးခြိမ့်ပေါ့ကွယ် ... သူကတော့ အဲလို မပြောရင် နောင်မစားရမှာကြောက်လို့လားလို့ စဉ်းစားစရာဖြစ်နေတယ်။

    စလုံးလာလည်တယ်၊ အိမ်လာလည်တယ်ဆိုရင်တော့ ချက်ကြွေးမှာပေါ့ ...မြတ်နိုးရောနော်။

    မအယ် ... အဲဒီဟင်းချက်စားရင်တော့ ၀ိတ်တက်မှာ သေချာတယ်။ ဒီမှာတော့ ကြိုက်တာတွေချက်စား တက်ရင်ပြန်ချ။ ဒီလိုပဲ သံသရာ လည်နေတယ်။

    ReplyDelete
  14. ငါးခြောက် အုန်းနို့နှပ်ပာင်း တစ်ခါမှ မကြားဖူး၊ မစားဖူးဘူး တီဆွိရေ။ ရန်ကုန်သူ ဆိုတော့ အဲ့လို ပာင်းအဆန်းလေးတွေ ကြားရင် အံ့သြနေတာ။ ရို့စ်က ငါးခြောက်၊ ငါးခြမ်းလည်း သိပ်မကြိုက်ဘူး။ ဒါပေမယ့် တီဆွိ ချက်ထားတာလေးက စားချင်စရာလေးကွယ်။ မြည်းကြည့်ချင်သား။

    ReplyDelete
  15. အိမ်က အမျိုးသမီးလည်း အချက်အပြုတ်ဝါသနာကြီးတယ်အစ်မရေ။ နားမလည်ပေမယ့် ဖတ်သွားပါတယ်။

    ReplyDelete
  16. ငါးခြောက်ဟင်းက ဆီလေးပြန်နေတာ အုန်းနို့ပါတယ်တောင်မထင်ရတော့ဘူး
    အုန်းနို့မကြိုက်တာတောင် စားကောင်းမယ့်ပုံပဲလို့ တွေးမိတယ်

    စူးနွယ်လေး

    ReplyDelete
  17. အမက အချက်အပြုတ်တော်လို့ မေးရဦးမယ် စင်္ကာပူမှာ ပုစွန်လေးတွေကို ကြည်ကြည်လေးတွေ နဲ့ပြုတ်ထားတာလား ပေါင်းထားတာလားတော့ မသိဘူး ထုတ်ထုတ်လေးနဲ့ အ၇မ်းစားလို့ကောင်းတယ် အဲဒါ ဘယ်လိုလုပ်ထားလဲဆိုတာ သိရင် ပြောပြပေးပါနော်

    ReplyDelete
  18. ဒီလိုဟင်းမျိုးစားဖို့ကတော့ သွေးတိုးရှိလဲ မရှိဘူးလို့ လုပ်လိုက်မှာ.. :)

    ReplyDelete
  19. ama! why they have to" မြေကြီးထဲ စဉ့်အိုးတွေနဲ့ တွင်းတူးမြှုတ်"? Is it because the ground has a cold temperature? So that the food will not spoil (like fridge?) is it?
    Tsu

    ReplyDelete
  20. ဟုတ်တယ်။ Tsu ပြောတဲ့ အတိုင်းဖြစ်မယ်ထင်တယ်။ ဒီတစ်ခါ အိမ်ကိုဖုန်းဆက်ရင် အဘွားကို မေးကြည့်ပေးမယ်နော်။

    ReplyDelete
  21. တနေ့တော့ချက်စားကြည့်ဦးမယ်...ငါးခြောက်အုန်းနို့ ရောချက်စားရမှန်းကို မသိခဲ့ဖူး..ခု ကြည့်ရတာတော့ စားကောင်းမယ့်ပုံပဲ...အန်တီဆွိရဲ့ဘလော့က အရင်ကတည်း ၀င်ကြည့်နေကျ..စားချင်တာတစ်ခုရှိတိုင်း အန်တီဆီမှာ လာရှာနေကျပါ..ဒီနေ့မှပဲ ကွန်မန့်ရေးဖြစ်တော့လို့..နောက်လည်း ဟင်းချက်နည်းလေးတွေတင်ပါဦးအန်တီ..အထူးသဖြင့် အသီးရွက်ဟင်းတွေပေါ့နော်..မြန်မာအစားစာလုပ်နည်းရောပေါ့နော်..ကျေးဇူးပါအန်တီ...

    ReplyDelete