Thursday, November 24, 2011

ထမင်းသုပ် စားမယ် ဝေ့ ...

ထမင်းသုပ်ကတော့ ငယ်ငယ်က ရထားစီးရင် ကြက်ကြော်နဲ့ ထမင်းသုပ်ဆို လိုက်ရောင်းတာ သတိရတယ်။ အဲဒါ ဘယ်လိုစားချင်မှန်းမသိဘူးဗျာ။ သူတို့ထမင်းသုပ်က ထမင်းကို ကြက်ကြော်ဆီ (ဆနွင်းမှုန့်နိုင်နိုင်နဲ့) ၀ါထိမ်နေတာကို ဆမ်း၊ မြေပဲဆံကြော် ကျွပ်ကျွပ်လေး။ ငရုပ်သီးတောင့်ကြော် မွှေးမွှေးလေးနဲ့ တကယ့်ကို စားချင်စဖွယ်ပဲ။ ငယ်ငယ်ကတော့ ဆင်းရဲတော့ ရထားစီးရင်း သွားရေသာကျရတယ်။  နောက်ပိုင်းကြီးလာတော့လဲ ဘာလို့လဲမသိ ၀ယ်မစားဖြစ်ဘူးခင်ည။   အင်း ... ဒီတစ်ခါပြန်ရင်တော့ ရထားစီးပြီး အဲဒီ ထမင်းသုတ် ၀ယ်စားဦးမှလို့ တွေးနေတယ်။း)

ခုကြီးလာတော့ ဟို အစ်မခင်ဦးမေပြောသလို သူငှေး ဖြစ်ပြီဆိုတော့ အိမ်မှာပဲ ကြက်သားကြော် ပြီး ခဏခဏ ထမင်းသုပ်စားပလိုက်တယ်။ အဲဒီ ထမင်းသုပ်ကိုပဲ ဘယ်လိုသုပ်ရလဲဆိုတာ ညီမတစ်ယောက်က ဂျီတော့ကနေ ခဏခဏဂျီကျနေတာနဲ့ ဓာတ်ပုံရိုက်ထားတာလေးတွေ ရှိလို့ တင်ပေးလိုက်တယ်။ ရထားပေါ်ကဟာကတော့ အလွယ်ပေါ့နော်။ အဲဒါကအပေါ်ကပြောသလိုပဲ လွယ်တယ်။  ခုဟာက ဆိုင်တွေမှာသုပ်သလိုမျိုး သုတ်စားတာ။

ထမင်းသုပ်မယ်ဆိုရင်တော့ ထမင်းကို မပျော့လွန်း မမာလွန်း အနေတော်လေးဖြစ်ဖို့တော့လိုမယ်နော်။ တချို့လဲ အာလူးလေးတွေ လှီးပြီး ထည့်သုတ်တယ်။ စေးစေးလေးဖြစ်အောင်။



လိုတဲ့ပစ္စည်းတွေက
၁။ ထမင်း
၂။ ကြက်သွန်ဖြူ ဆီချက် (နနွင်းမှုန့်များများနဲ့ ၀ါဝါထိမ်ထိမ်လေးချက်ထားပါ)

၃။ ပဲမှုန့် အကျက်မှုန့်

၎။ ငရုပ်သီးမှုန့်
၅။ မကျည်းရည် (ပျစ်ပျစ်လေးဖျော်ထားပါ)
၆။ ပုဇွန်ခြောက်မှုန့်
၇။ ငါးငံပြာရည်
၈။ အာလူး (ကြိုက်ရင် ၂လုံးလောက်ပြုတ်ပြီး ပါးပါးလှီးထားပါ။ အိမ်ကလူက အာလူးမကြိုက်လို့ ထည့်မသုပ်ပါ)
၉။ ဆီနီချက် (ဆီကို အရောင်တင်မှုန့် လေးထည့်ပြီး ချက်ထားပါ -အရောင်လှအောင်ပါ)
၁၀။ ကြက်သွန်နီ ပါးပါးလှီး (အခိုးထွက်အောင် ရေဆေးပြီး စစ်ထားပါ။)
၁၁။ နံနံ ကြိုက်တတ်ရင် ထည့်ရအောင် ပါးပါးလှီးထားပါ။
၁၂။ မြေပဲဆံ ကြော်ထားပါ။
၁၃။ ပဲပုပ်နဲ့ ငရုပ်သီးတောင့် ကြော်ထားပါ။
၁၄။ ကြက်သားကြော်ထားပါ။
၁၅။ ကြက်ရိုးကို ပြုတ်ပြီး ဗလာဟင်းချိုလေး လုပ်ထားပါ။ (ကြက်ရိုးကို ဂျင်း၊ ကြက်သွန်ဖြူ၊ငံပြာရည်တို့နှင့်ပြုတ် ငရုပ်ကောင်းများများထည့်ပြီး ဟင်းခါးချက်ပါ)


ပြီးရင် သုပ်မဲ့ ဇလုံခပ်ကြီးကြီးထဲကို အပေါ်က အဆာပလာတွေ ၁ကနေ ၁၁ထိ ထည့်သုတ်ရတာပါပဲ။ အချိုးအဆတွေကတော့ အသေးစိတ် မှတ်မထားတော့ပါဘူး။ မြည်းကြည့် လိုတိုး ပိုလျှော့ပေါ့။

နောက်မှ အပေါ်ကနေ မြေပဲကြော်၊ ပဲပုပ်၊ ငရုပ်သီးတောင့်တို့ကို ထည့်ဖြူးပြီး စားရတာပါ။

 ကြက်သားကြော်လေး ကိုက်လိုက်၊ ထမင်းသုပ်လေးစားလိုက်၊ ငရုပ်သီးတောင့်လေးကိုက်လိုက်နဲ့ အာဂပါးစပ် လူဖြစ်ရကျိုးနပ်လောက်ရဲ့။








39 comments:

  1. စားချင်လိုက်တာ. တီဆွိ ကြက်ကကောဘယ်လိုကျော်လဲဟင်.
    ကျွန်မကြော်တိုင်းကျစ်ကျစ်ကြီးနဲ့စားမကောင်းလို့
    မေ

    ReplyDelete
  2. ထမင်းသုတ် လာစားတယ် ဝေ့...

    ReplyDelete
  3. ကြက်ကြော်ကတော့ ဗမာလိုကြော်ရင် ကျစ်တာပဲလေ။ ဗမာက ဘာအကြော်မှုန့်မှ မထည့်တော့ အသားကို ကျက်ပြီး မာနေအောင်ကြော်ပစ်တာကိုး။ ဘိုလို (KFC) တို့ဘာတို့ဆိုရင်တော့ အပေါ်က အကြော်မှုန့် လိမ်းပြီးကြော်၊ အကြော်မှုန့်ရွတာနဲ့ ချတော့ အထဲက အသားက စိုတယ်။ အိမ်မှာတော့ သိပ် အခြောက်ကြီးလဲ မစားချင်တာနဲ့ ကြက်သားအတုံးကြီးကြီးကို ဒါးနဲ့မွှန်း၊ နနွင်း၊ ဆား၊ ကြက်သားမှုန့်၊ ငရုပ်ကောင်း စတာတွေနဲ့ ၁၅မိနစ်လောက် နှပ်ထားပြီး၊ ကြော်ခါနီး အကြော်မှုန့်လေး နဲနဲလူး ကြော်တာပဲ။ မီးအေးအေးနဲ့ ဆီကြက်သားမြုတ်အောင် ဆီထည့်ကြော်ရတယ်။ တစ်ဖက်ကရဲရင် တစ်ဖက်ကို လှန်ပေးရတယ်။ တော်တော် အကြာကြီးကြော်ရတယ်။

    ReplyDelete
  4. ဗိုက်ဆာလိုက်တာ တီဆွိရာ။ ထမင်းသုပ်စားချင်လာပြီ

    ReplyDelete
  5. ကျေးဇူးပဲတီဆွိရေ စမ်းကြော်ကြည့်အုံးမယ်.
    မေ

    ReplyDelete
  6. ထမင်းစားချိန်ကြီးမှာမှ လာကြည့်မိတာ ကိုယ့်အမှားပါ...

    သေခန်းသာ ဖြတ်လိုက်ပါတော့ သူငယ်ချင်း... (((ဟမ်)))

    ReplyDelete
  7. စောစောစီးစီး သရေယိုအောင်လုပ်တယ်....

    ReplyDelete
  8. Mouth watering, Tsweet :)) I love to try Tsweet cooking. Will come and visit to Australia.

    ReplyDelete
  9. ‌ဒေါသကြီးတယ်‌နော်...ဟင်းးးးးးအကုန်ဝါးပစ်လိုက်မယ်..း(

    ReplyDelete
  10. ထမင်းက ထမင်းကြမ်းလိုအေးနေမှ ကောင်းတယ်ထင်တယ်နော်..။ တီဆွိကဟာ အိမ်သုတ် (ရှယ်သုတ်) သိလား..။ အနော်စားချင်တာက ဆိုင်သုတ် (လှည်းတန်းသုတ်) သိလား..။ ဟုတ်တယ် အာလူးထည့်တယ်..။ ဂေါ်ဖီပါးပါးလှီးနဲ့ အပေါ်က ပုဇွန်ခြောက်ကောင်တွေဖြူးပေးထားတယ်..။ တစ်ပွဲ ၅၀၀ လေ..။ ကြာဇံကလည်း ၅၀၀ ပဲ..။ ဈေးကြီးပေမယ့် စားကောင်းလို့ စားဖြစ်တယ်..။
    ဒါပေမယ်ကျေးဇူးပါ..။ step နဲ့ အဆာပလာတွေသိရတာပေါ့..။ သုတ်စားဦးမှာ..။

    ReplyDelete
  11. ထမင်းသုတ်စားမယ်၊ မဆွိတင်တဲ့ပို.စ်ထဲမှာ အလွယ်ဆုံး၊ ဒါတောင်မှာ ကြက်ကျော်က နည်းနည်းခက်မယ်ထင်လို. ကေအဖ်စီ ၀ယ်စားမယ်၊

    ပဲပုပ်က ဘယ်မှာဝယ်ရမလဲ၊ wet market လား ၊ NTUC မှာလား ၊ ကျေးဇူးပြု၍ ဖြေကြားပေးပါ၊

    ခင်တဲ့

    မောင်မောင်ဇီ

    ReplyDelete
  12. မနက်ကသုပ်စားထားတယ်။ အခုထပ်စားချင်အောင်ကို စွဲဆောင်နေတယ်။ ထပ်သုပ်စားအုန်းမယ်။ အားကျမခံ။

    ReplyDelete
  13. မောင်မောင်ဇီ ပဲပုပ်က ဘယ်လိုလုပ် NTUC မှာ ရမှာတုံး ... ထမင်းဟင်းကိစ္စနဲ့ အလှမ်းဝေးတယ်ဆိုတာ သိသာချက်အေး)... ပဲပုပ်ပြားက မြန်မာဆိုင်တွေမှာမှ ၀ယ်လို့ရတာ။ ပင်နစူးလား ဆိုင်တော်တော်များများမှာရပါတယ်။

    ReplyDelete
  14. ကျေးဇူးပါပဲ၊ မလေးဟင်းမှာ ပဲသီး၊ ပဲပြားနဲ. ပဲပုပ်ကျော်ရောကျော်တာကို ကြိုက်ပါ့၊ ပဲပုပ်ကျော်လဲရောင်းတယ်၊ အရမ်းကြိုက်တယ်၊ ပင်နစူးလားမှာ ချဉ်ပေါင်ရွက်ပဲဝယ်ဖြစ်တယ်၊ ဒီအတိုင်းဆို ပဲပုပ်ကျော်လည်း မလေးဆိုင်က ၀ယ်တာပဲကောင်းမယ်ထင်ပါတယ်၊

    ReplyDelete
  15. သွားရည်တွေကျသွားတယ်... ကိုယ့်ဟာကိုယ်လုပ်စားဘို့က အဆာပလာစုံအောင် စုရဦးမယ်း(

    ReplyDelete
  16. မဆွိတီရေ....။

    တကယ့်ကို စားချင်စရာပါကွယ်။ ဖြစ်ပုံက ကျမုကက်သွန်ဖြု ဆီချက်ကို မတူးအောင် မချက်တတ်တာပါပဲ။ ကျမက တော်တော်ညံ့တယ်ဆိုတာ အမတို့ကိုကည့်ပြီး ပိုသိလာတယ်၊
    လေးစားလျက်
    မြရီ

    ReplyDelete
  17. မမြရီရေ ဟုတ်တယ် ကြက်သွန်ဖြူဆီချက်ကလဲ မကြော်တတ်ရင် တူးသဗျ။ ကိုယ်လဲ အရင်က တူးဖူးတာပဲ။ ကြက်သွန်ဖြူပဲဖြစ်ဖြစ်၊ အနီပဲဖြစ်ဖြစ် အဲလို ကျွပ်အောင် ကြော်ချင်ရင် ဆီမြုတ်ရမယ်။ မီးကိုလဲ အေးအေးနဲ့ တစ်ချိန်လုံးမွှေပေးနေရတယ်။ တော်တော်ကြာကြာကြော်ရတယ်။ အဲဒါမှ အကျက်ညီတာ။ နဲနဲ အရောင်လေးညိုလာရင် ချလို့ရပြီ။ ဆီပူလေးနဲ့ ဒီတိုင်းပစ်ထား အတော်ပဲ။ ချတာနောက်ကျလို့တူးသွားရင်တော့ ကြက်သွန်ဖြူကို ကော်ထားပေရော့။

    ReplyDelete
  18. စားချင်လိုက်တာဟယ်။ သေငှေးဖြစ်လဲငတ်တာက ငတ်တာဘဲ. ချက်မှ မချက်တတ်တာ။အဲလေ မချက်ချင်တာ။

    ReplyDelete
  19. နစ်ခါပြန်ကြည့်တယ် ဂလု။

    ReplyDelete
  20. အစ်မကတော့ လုပ်တော့မယ် အပေါ်က မောင်မောင်ဇီကတောင် ချက်တဲ့ အထဲ အလွယ်ဆုံးလို့ ကြောတွားတာကို ... အဲဒါဆို ရန်ကုန်တစ်ခေါက်ပြန်၊ နေပြည်တော်ကိုတစ်ခါ၊ မေမြို့ကိုတစ်ခါ၊ မန်းလေးကို တစ်ခါ ရထားစီးပြီးပြန်သွား ... လမ်းမှာ ထမင်းသုတ် ၀င်စားခဲ့ချေး)

    ReplyDelete
  21. ထမင်းသုပ်လည်း ကြိုက်တယ်၊
    ကြက်သားကြော်လည်း ကြိုက်တယ်၊
    အိမ်မှာ ပဲပုပ်ချပ်လေးတွေ ရှိတယ်၊

    ReplyDelete
  22. ထမင်းသုတ်လေးကို ကြက်သားကြော်လေးနဲ့ စားချင်လာပြီ စွိတီရေ။
    မနက်ဖြန်တော့ လုပ်စားလိုက်အုံးမယ်း) ပဲပုပ်ကို အချပ်လိုက်ကြော်တာလည်းကြိုက် မြေပဲကြော်လည်း ကြိုက်ပါ့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  23. စားတောင်စားချင်လာပြီဗျာ....နောက်နေ့ပိတ်ရက်မှသုတ်စားဦးမယ်....

    ReplyDelete
  24. မဆွိတီရေ....၊
    အခွင့်အရေးရရင်တော့ စမ်းလိုက်ချင်သား၊ ဒါပေမယ့် အခုနော်ဝေးမှာ အေးနေပြီဆိုတော့ တူးသွားရင် တံခါးတွေဖွင့်ရဲတဲ့ သတ်တိတော့ ရှိဖို့ လိုလိမ့်မယ်။ အမတို့ သားအမိတတွေ အားရင်လာလယ်ပါလား။

    ReplyDelete
  25. လေးစားလျက်
    မြရီ

    ReplyDelete
  26. စားချင်လိုက်တာအမရာ..

    ReplyDelete
  27. လာပြီလာပြီး)
    ထမင်းသုပ်စားကြမယ်ဝေ့ဆိုလို့ အပြေးကလေးလာတာ
ုခုတော့ နောက်ကျနေလို့ ကျန်တော့မယ် မထင်ဘူး..
    မဆွိပြောသလို ရထားပေါ်က ထမင်းသုပ်ကို မျက်လုံးထဲမြင်ယောင်လာတယ်
    ငယ်တုန်းက ရထားဘဲစီးနေရတာဆိုတော့ မမေ့စရာ ရထားပေါ်က အဖြစ်တွေ အများကြီးထဲမှာ
    ရထားပေါ်မှာရောင်းတဲ့ အစားအသောက်တွေလဲပါတာပေါ့နော်..
    အစ်မဆွိ ထမင်းသုပ်လေးက လက်ရာကောင်းလေးမို့ စားချင်အောင်ကို ကလူနေတော့တာဘဲ

    ReplyDelete
  28. ကြိုက်တယ် စားချင် လိုက်တာ

    ReplyDelete
  29. တကယ်က မနေ့ထဲက စားချင်နေထှာ... :(
    အခုမှ ရောက်တော့ ထမင်းသုတ်မကျန်လောက်တော့ဘူး ထင်တယ်။ မြသွေး ထမင်းသုတ်ကို မတရားခရေးဇီးတယ်။ အစ်မဆွိနဲ့ မတူတာဆိုလို့ မြေပဲမပါတာပဲ ကွာတယ်။ ကျန်တာ အကုန်တူတယ်။ အိမ်မှာ ထမင်းစားမကောင်းလို့ကတော့ လာခဲ့ ထမင်းသုတ်ပဲ။ ဆီချက်နဲ့ ပုဇွန်ခြောက်အမြဲဆောင်ထားတယ်။ မြသွေးအဖွားငယ်ငယ်က သုတ်ကျွေးတဲ့ ထမင်းသုပ်စီးစီးလေးဆို အရမ်းစားကောင်းတယ် အစ်မရေ။ အသုတ်က လက်ဆိပ်ရှိရင် ပိုစားကောင်းတယ် ပြောတာပဲ။ အဆာပလာကလည်း မလိုမပို အချိုးညီ ထည့်နိုင်ပါမှ...ကောင်းတာမျိုးနော်။ ဒါနဲ့ ကိုက်တို့ဖို့ ကြက်သွန်ဖြူလေးရော မပါပါလား...? ပုံတွေကြည့်ပြီး ဗိုက်ထဲတောင် ဂွီဂွမ်ဖြစ်လာပြီဂျာ...။

    ReplyDelete
  30. အနည်းဆုံး ဇဒွေး၂ခါမြိုချပြီး ဖတ်သွားပါ၏

    ReplyDelete
  31. သမီးလည်းသွားသုပ်စားဦးမယ်တီဆွိရယ်... ဗိုက်ဆာနေတုန်းဒီပိုစ့်ကိုဖတ်မိလိုက်တား((

    ReplyDelete
  32. I wanna eat "Shan-Noddle" and searching recipe in your blog. Thanks...

    ReplyDelete
  33. စားချင်လိုက်တာ . . . .
    နှိပ်စက်ကြပါပေ့ . . .

    ReplyDelete
  34. hi
    ahma sweet and ahkogyi chaing thanks u so verymuch for share everything .u know wherever we stay we love our culture n traditional food . mama sweet can u please share me how to make barraniriice {dan pauk ) ahkogyi chaing my email address is aungmoemdy@gmail.com can u share me how to do blog site n how to write myanmar font .please help me if u have a time .by the way I m from usa .I m ever u r paratethat mama sweet . I got one daughter just like u r daughter juju age .thanks

    may got happy and healthy
    aung moe
    usa

    ReplyDelete
  35. မဆွိရေ
    ဖြစ်နိုင်ရင် ပဲပလာတာ လုပ်စားပြီး သင်ပြပေးပါအုံးနော်။ ဒီနေ့တော့ မဆွိပြောသလို ဆီချက် ချက်မယ်။ ရ မရ ပြန်ပြောမယ်နော်၊
    လေးစားလျက်
    မြရီ

    ReplyDelete
  36. ပဲပလာတာအတွက်က ပလာတာတော့ ဆိုင်ကပဲ ရယ်ဒီမိတ်အထုပ်ဝယ်လိုက်ပေါ့နော်။ စူပါမားကတ်တွေမှာ ၀ယ်လို့ရပါတယ်။ တစ်ချို့က ဆီတောင်မလိုဘူး။ non-stcker ဒယ်အိုးမှာ မီးmedium လောက်နဲ့ တည် ဟိုဖက်ဒီဖက်လှန်ပေးရုံပဲ လွယ်ပါတယ်။ ပဲကတော့ စားတော်ပဲပြုတ်အိအိလေးနဲ့မှ ကောင်းမှာပါ။ ဒယ်အိုးထဲဆီထည့် ကြက်သွန်နီပါးပါးလှီးထားတာကို ဆနွင်းလေးနဲ့ ကျွပ်နေတဲ့ အထိဆီသတ် (ဆီချက်ချက်သလိုပဲ) ပြီးတော့ ပူနေတုံး ပဲပြုတ်နဲ့ ဆား သကြားလေးနဲနဲထည့်ပြီး ကြေနေအောင်နယ်ပေးရတာပါပဲ။ ပြီးတော့ ပလာတာလေးနဲ့ လိပ်ပြီးစားတာပဲ။ ပြောရင်းတောင်စားချင်လာပြီ။ ဒီက မြန်မာဆိုင်တွေမှာ စားတော်ပဲပြတ်နေလို့ မစားရတာကြာပြီ မမြရီရေ။

    ReplyDelete
  37. long time, now new post!

    ReplyDelete
  38. ထမင်းသုတ်ကို လာကြည့်မိပြန်ပြီ တိန်
    သွားရည်တကယ်ကျတယ် မြန်မြန်ပြန်မှ

    ReplyDelete
  39. အရမ်းကို ကျေးဇူး တင်ပါတယ်ဗျာ... အခုလို ညကြီး မိုးချုပ် ဘယ်သူမှ လုပ်ပေးမယ့် သူ မရှိတယ့် အချိန်မှာ... အခုလို မျိုးလုပ်စား လိုက်ရတာ.. အရမ်း ကို အရသာ ရှိ ပါအိ.. အထူး Xie' Xie' A Lot ... Night Night... :)

    ReplyDelete