Thursday, February 2, 2012

ဟင်းအိုး Alarm တဲ့ဗျား ...



အန်တီဆွိငယ်ငယ်က အဆော့သိပ်မက်တာ။ ၀န်ထမ်းတန်းလျှားမှာ နေတာဆိုတော့ သူငယ်ချင်းတွေကလဲ ပေါမှပေါ။ အားရင် စိန်ပြေးတမ်း၊ ထုပ်စီးတိုးတမ်း၊ ၊ ခြေတပေါင်ကျိုး လိုက်တမ်း၊ အီစွတ်ခုန်တမ်းအစုံပါပဲ ဆော့ကြတာ။ ဘုတ်အီးမတို့ကတော့ ဆော့နေရရင် ထမင်းမေ့၊ ဟင်းမေ့၊ အကုန်မေ့ပဲ။

အဲ့မှာ အမေက နှင်းဆီခြံထဲ အလုပ်လုပ်စရာရှိလို့ ဘုတ်အီးမရေ ဟင်းအိုးလေးကြည့်ထားပါအေဆို အပြန်ကျ ဟင်းအိုးက တူးနှင့်ပြီ။ တစ်ခါတစ်လေလဲ အသားတွေက မီးသွေးတုံးတွေတောင်ဖြစ်လို့။ အဆော့မက်နေတော့ ဟင်းအိုးအကြောင်းဘာဆို ဘာမှ သတိမရ။ knock off ... ဟင်းအိုးတူးပြီဆိုရင်လဲ လူကတော်တော်ပြာတယ်။ မိသားစု တစ်စုလုံးစာချက်ထားတဲ့ ဟင်းမှို့လား။ တူးရင် အမေအပင်ပမ်းခံချက်ထားသမျှ အလဟသဖြစ်။ နောက်ထပ်ချက်စရာလဲမရှိ။ အိုးတွေလဲ မဲ၊ပေ၊ တူး၊ကပ်။ ဆေးရကြောရ၊ တစ်အိမ်လုံးလဲ ငတ်ကြ၊ အမေဆူတာလဲခံရ။ နဲနဲကြီးလာတော့ စာအုပ်ဖတ်တာ ပြသနာ။ ဟင်းအိုးလေးပစ်ထားပြီး စာအုပ်ကို အသဲအသန်ဖတ်တာ။ ဟင်းအိုးတူးနံ့ရမှ လူက ပြာလောင်ခတ်တယ်။ ဘ၀မှာ ဟင်းအိုးတူးလို့ စိတ်ပျက်ခဲ့ရပေါင်း မနည်းဘူး။

အိမ်ထောင်ကျတော့ ဘယ်လိုလဲတော့မသိဘူး။ ဟင်းအိုးတူးတာနဲ့ ပတ်သတ်လို့ မှတ်တမ်း မှတ်ရာမရှိဘူးဗျ။ မှတ်မှတ်ရရ မရှိဖူးဘူးဆိုတော့ မတူးဖူးဘူးဆိုတဲ့သဘောလား။ အလုပ်ဝင်တော့ ညနေအပြန်မှ လင်မယား၂ယောက် ကျက်လွယ်တာလေးတွေပဲ ဖုတ်ပူမီးတိုက် ချက်စားကြတော့ ဟင်းတွေ မတူးဖူးဘူးထင်ပါရဲ့။ ဟော သမီးမွေးတော့ ကြီးတော်ရောက်လာပြီး အိမ်မှုကိစ္စအစစ အရာရာတာဝန်ယူတော့ အဲဒီ ၇နှစ်တာကလဲ ဟင်းအိုးတူးမှုနဲ့ ပတ်သတ်ပြီး no trace ပဲပေါ့ ။

ခုဒီဖက်ရောက်တော့ အိမ်ရှင်မဖြစ်၊ ဟင်းတွေ အတော်ချက်ရတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင်ပဲ။ အဲဒီတော့ ဟင်းတွေမတူးဖူးဘူးလားမေးရင် ... ဘယ်လိုမေးလိုက်ပါလိမ့် ပိတ်သတ်ရယ် ... တူးဖူးသမှ မီးသွေးတုံးတောင် တစ်ခါ ဖြစ်ဖူးတယ် ပြောရမယ်။ ဖြစ်လိုက်ရင်လဲ အမဲသားပြုတ်ကြော်အိုးပဲ။ တစ်ခါသား မနက်ခင်း ဘရိတ်ဖက်စ် လုပ်ရင်းနဲ့ အမဲသားလေး မီးအေးအေးနဲ့ နှပ်ထားတာ။ သမီး ပီယာနို ပို့ခါနီးတော့ ကမန်းကတမ်းနဲ့ မီးဖိုထဲဝင်မစစ်မိဘူး။ ခါတိုင်းတော့ အိမ်က ထွက်ခါနီးဆို မီးဖိုချောင် တံခါး၊ ပြတင်းပေါက်၊ မီးဖိုခလုပ် အကုန်စစ်တာပဲ။ အဲဒီနေ့က မေ့ပြီးထွက်သွားလိုက်တာ။ ဆရာ ပီယာနိုသင်တာ ထိုင်စောင့်နေတုံး ဟိုဒီတွေးရင်း ဗြုန်းဆို စိတ်က သတိရသွားတယ်။ လူက  ပြာဝေသွားတယ်။ ချက်ချင်း ဆရာ့ကိုပြောပြီး အိမ်ပြန်ပြေးရတယ်။ အဲဒီနေ့က သမီးကို ဆရာကတော်ကပဲ ကျောင်းလိုက် ပို့လိုက်သတဲ့။

အိမ်ကို ဖြတ်လမ်း ကျောင်းမြက်တောထဲကနေ ဖြတ်ပြေးရတယ်။ မိုးကလဲ ရွာနေတော့ ထီးကြီးတစ်ဖက်နဲ့ မြက်ခင်းထဲ အူယားဖားယားပြေးနေတဲ့ အဒေါ်ကြီးကို မြင်ယောင်ပါ။ အဒေါ်ကြီး စိတ်ထဲမှာ ပူလိုက်တာ။ ဟင်းအိုးတူးတာ ကိစ္စမရှိ၊ အိမ်မီးလောင်ရင်တော့ ဒုက္ခပဲဆို ပြေးတာ ... ပြေးတာ။။ အိမ်နားရောက်တော့ ဘာမီးခိုးမှ မမြင်ရတော့မှ မီးတော့ မလောင်သေးဘူးဟဆို သက်ပြင်းချ။ အိမ်တံခါးသော့ဖွင့် အပြေးဝင်ကြည့်တော့ဟင်းအိုးက non sticker အိုးကို ဆီထည့်ထားတော့ ကြော်သလိုဖြစ်ပြီး အောက်ပိုင်းလေးပဲ တူးနေတာ။ ပါးပါးလေးပါ။ တော်သေးတယ်။ အဲဒါ အောက်ပိုင်းကို လှီးထုတ်ပြီး အပေါ်ပိုင်းကို ဦးခြိမ့်ကို ကျွေးရတယ်။ ညက်မှောင်ကျုပ်ကြီးကိုတော့ ဖြစ်ကြောင်းရယ်ကုန်စင်တော့ မပြောရဲဘူးပေါ့။ ဟင်းအိုးတော့ တူးသွားတယ်ပြောရတယ်။

နောက်တစ်ခါလဲ အမဲသားအိုးပဲ။ ဟင်းအိုးလေးပစ်ပြီး ဘလော့ဂ်ရေးတယ်၊ ဖိုရမ်ဝင်တယ်၊ အွန်လိုင်းတက်တယ်။ ရာသီဥတုကအေးတော့ အခန်းထဲ တံခါးပိတ် ဇိမ်နဲ့နှပ်နေတာဆိုတော့ ဟင်းအိုးကိစ္စ အကုန်မေ့။ သတိရလို့သွားကြည့်တော့ အသားတုံးတွေက အကုန်မီးသွေးတုံးဖြစ်နေပြီ။ အိုးက စတီးအိုးချောနေတာဆိုတော့ တိုက်ရတာတော့ သက်သာပါတယ်။ အမဲသားတစ်အိုးလုံး အမှိုက်တောင်းထဲရောက်တော့ အတော်နောင်တရတယ်။ အတော်နှမြောတယ်။ အော် ... ငါ့နှယ် ဒီလိုတွေဖြစ်နေတာ နည်းလမ်းရှာမှဖြစ်မယ်ဆို စဉ်းစားတော့ iPhone က alarm ကို သွားသတိရတယ်။ 

ဒီနေ့မနက်တော့ ၀က်သားကို အချိုလေးချက်မယ်ဆို စောစောစီးစီး ထချက်ထားတာ။ ခုဘလော့ဂ်ရေးနေတုံး iP့hone မှာ alarm ပေးထားတယ်။ ရလဲ့ ဟန်ကို ကျလို့ ။ ဟင်းအိုးကို ရေ အလုံအလောက်ထည့်ပြီး၊ နာရီဝက်စာစီ alarm ပေးထားတယ်။ Alarm title က "Curry to check on stove " တဲ့။ ခေတ်မီချက်နော်း) Alarm ကလဲ မီးလန့်သံချောင်းခေါက်သံလို  ဆိုတော့ အသံကြားရင် မီးပဲ လောင်သလား အမြန်ပြေးရတယ်း)

နောက်မှို့ သတိကမေ့တတ်တော့ ဟင်းအိုး မကျက်မချင်း ငုတ်တုတ်ထိုင်စောင့်ရမဲ့ အဖြစ်ကိုး။ ခုတော့ ဘလော့ဂ်လေးရေးပြီး အေးဆေးပဲ။ ခုဆို အဲလိုပဲ ဘာလုပ်စရာပဲ ရှိရှိ၊ ခေါင်းစဉ်လေးပေးပြီး alarm လုပ်ထားလိုက်တာပဲ။ အန်တီဆွိတို့လို သတိမေ့တတ်သူတွေ အတွက် အလွန်ကို အသုံးဝင်ပါတယ်။ ကျေးဇူးပါ  ... စတိဂျော့ရှ်ရှင်။

 ဒန် ဒန် ဒန်ဒန်   ဒန် ဒန် ဒန်ဒန် ... .... ....
ဟော ... ပြောရင်းဆိုရင်း ဟင်းလန့် သံချောင်းခေါက်နေပြီ။
ဟင်းအိုး သွား ကြည့်လိုက်ဦးမယ် ပိတ်သတ်တို့ရေ .... ....




15 comments:

  1. မိုက်တယ်ကွာ အဒေါ်ကြီးတို.ခေတ် ဟင်းချက်တာက။

    ReplyDelete
  2. အကြံပိုင်တယ်

    ZZ

    ReplyDelete
  3. ခေတ်မီ အိမ်ရှင်မပဲ။
    (ဟင်းအိုး အမြဲတူးသူ လီယို)

    ReplyDelete
  4. ‌‌အော်..ဘဝတူ‌တွေပါလား‌နော်..တို့ကဝက်သားတအိုးထဲကို၂ခါပြန်တူးဖူးတဲ့သူဆို‌တော့..မဆွိထက်ပိုသွားပြီ..တမတ်။

    ReplyDelete
  5. ပိုင်သကွာ ..

    ReplyDelete
  6. ဟုတ်ပ မဆွီရေ စလုံးမှာတော. ကျမလဲမတူးဘူး ရုံးကပြန်လာ မြန်မြန်လေး ကြော်ချက်စားဆိုတော. အချိန်ကြာကြာချက်ရမှာတွေလဲ မချက်ဖြစ်ဘူးလေ ပြီးတော. စလုံးက အသားတွေက အကျက်မြန်တယ်နော် ရေခဲရိုက်လို.လား မသိပါဘူး

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. အခုမှ အကြံရပြီ အမလို alarm လုပ်ပြီး ချက်မှဘဲ ဟင်းအိုး ခဏခဏ တူးတတ်တယ်လေ ကျေးဇူးဘဲ :)

    ReplyDelete
  9. ရှေ့  တခုက စာလုံးပေါင်းမှား ရေးလိုက်လို့ ဖျက်လိုက်တာ :)

    ReplyDelete
  10. တူးတာတော့ မပြောနဲ့ တော့ တီဆွိရေ..တီဆွိ အကြံလေးက ပိုင်သဗျား...

    ReplyDelete
  11. ဟင်းအိုး အချက်ပေးတင်ကဖူးဗျာာ
    မနက်အိပ်ရာထဖို့ ဘာလုပ်ဖို့ ညာလုပ်ဖို့ဆိုပြီး ပေးထားလိုက်ရတဲ့ အလန်းတွေများလွန်းလို့း)း) ဖုန်းကိုတောင်သနားမိတယ်



    မောင်ဘကြိုင်

    ReplyDelete
  12. rice cooker နဲ့ ချက်ကြည့်ပါလား အမ.. တူးတော့ဘူး
    ကြာကြာချက်ချင်တဲ့ ဟင်းဆို rice cooker နဲ့ ချက်လိုက်ရင် ရေခန်းရင် သူ့အလိုလို ပိတ်သွားတော့ မပူရတော့ဘူး
    :P

    ReplyDelete
  13. ကြက်ဥပြုတ်တာတောင် တူးဖူးတယ်။ ဘလော့ခေတ်ဦး ဘလော့အဖတ်ကောင်းတုန်းက။

    ReplyDelete
  14. ဂျူးဂျူးလေးပီယာနိုသင်တာ ထိုင်စောင့်နေတုံးအိမ်ကို
    အသည်းအသန်ပြန်ပြေးတဲ့ ဆွိတီရဲ့ပုံရိပ်ကိုမြင်ယောင်မိတယ်း)
    ဟင်းအိုးတူးတာကိုတော့ ဟင်းချက်တဲ့ဘလော့ဂါတိုင်း ကြုံဘူးမယ်ထင်ပါတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. Blogging တို့ Facebook တို့ လုပ်နေရင် အရာရာ မေ့တဲ့ဘဝ alarm ပေးဖို့ကိုပါ မေ့တာဗျား...း(

    ReplyDelete