Thursday, February 16, 2012

Blue Mountain ဆေးရုံသို့ တစ်ခေါက် ...



အချိန်ကား မနက် ၁၁နာရီခန့်။
နယူးဆောက်ဝေးပြည်နယ် Great Western ဟိုက်ဝေးလမ်းမကြီးပေါ်တွင် နီညိုရောင်ကားလေးတစ်စင်းသည် လေးမှပစ်လိုက်သည့်မြားသဖွယ် အရှိန်ပြင်းပြင်းဖြင့် ပြေးနေလေသည်။ (ရလဲ့  ... တယ်ဟုတ်ပါလား ...း)

 ကားပေါ်တွင်ကား အသက် ၄၀ကျော်ခန့် ပေမဲ့အသက်အစိတ်ခန့်သာထင်ရသော ခပ်ချောချော တီတီဆွိ ဟုအမည်ရသော အန်တီကြီးတစ်ယောက်၊ မျက်မှောင်ကြီးကုတ်ကာ ကားမောင်းနေသူ သူမ၏အမျိုးသား ကိုကိုခြိမ့်၊ သမီးဖြစ်သူ အသက် ၈နှစ်ခန့်ရှိ ဂျူဂျူ၊  ဧည့်သည်ဟုယူဆရသော တီတီအေး ဆိုသည့် အမျိုးသမီးနှင့် သူမ၏ အမျိုးသားဖြစ်သူတို့ လိုက်ပါလာကြသည်။

အန်တီဆွိတို့ မိသားစုသည် တီတီအေးတို့ ဇနီးမောင်နှံ ဆစ်ဒနီသို့ အလည်လာခိုက် ဆစ်ဒနီမှ လည် ပတ်စရာများ စုံအောင် လိုက်လံပို့ဆောင် ပြသနေခြင်းဖြစ်ပါသည်။ ယခင်က တစ်ခါရောက်ဖူးသော အထင်ကရ ရှူခင်းလှသည်ဟု နာမည်ကြီးသော Blue Mountains သို့ သွားနေကြခြင်း ဖြစ်ပါသည်။  ယခင်က တောထဲ လမ်းလျှောက်ချင်ရာ၊ အချိန်မရ၍ မလျှောက်ခဲ့ရ။ ခုတစ်ခေါက်တော့ forest walk ၀ါသနာပါသော တီတီအေးလဲ ပါရာ အဖော်ရပြီ၊ လျှောက်ကြမည်ဟု အားခဲထားလေသည်။ 

ရာသီဥတုမှာကား နွေရာသီ၊ ပူပူနွေးနွေး သာသာယာယာရှိသော်လည်း ယခင်က အတွေ့အကြုံအရ အနွေးထည်များစွာကို သယ်ယူလာလေသည်။ ထိုစဉ်က စားစရာ၊ သောက်စရာအတွက် အခက်ကြုံခဲ့ရကား အုန်းထမင်းနှင့် ကြက်သားဟင်းများကိုလည်း ချက်ပြုတ်ကာ သယ်လာသေးသည်။

ကန်တူးဘားမြို့လေးကို ကျော်၍ ဘလူးမောင်းတိန်းဖက်နီးလာရာ အန်တီဆွိမှ တီတီအေးအား မြို့လေးကိုကျော်၍  တစ်ကီလိုခန့် ဆက်မောင်းလျှင် ဘလူးမောင်းတိန်းဖက်ရောက်ပြီဟု ပြောလိုက်သည်။ ဤသို့ဖြင့် ဆက်မောင်းလာရာ ရှူခင်းသာ Echo Point နားသို့ ရောက်လာကြသည်။
 

ကားပေါ်မှ ဆင်းဆင်းချင်း တီတီအေးမှ "အား ... အေးလိုက်တာ .." ဟု အော်လိုက်ရာ အပူချိန်ကြည့်လိုက်တော့ ၁၃ ဒီဂရီသာရှိလေသည်။ ယူလာသောအနွေးထည်များကို ကိုယ်စီထုတ်ဝတ်ကြပြီး ကိုကိုခြိမ့်ကို ကြည့်လိုက်ရာ အကျီရှပ်လက်တိုနှင့်သာ ဖြစ်နေသည်။ အနွေးထည် ၀တ်မထား။ ဘောင်းဘီတိုကိုတော့ ဂျင်းဘောင်းဘီအရှည်နှင့် လဲထားပြီးဖြစ်သည်။ 


"တော့ ... ကိုကိုခြိမ့် အနွေးထည်မပါဘူးလား  ... "

"ဟိုမှာ ဒီလောက်ပူတာ ...  ဒီမှာလဲ ပြောရလောက်အောင်တော့ မအေးလောက်ဘူးဆို မယူခဲ့မိဘူးကွာ ..."

တီတီဆွိမှ ဟိုတစ်ခေါက်ကလဲ ဒီလိုဖြစ်ဖူးပြီးပြီ၊  ခုလဲ မပါခဲ့ပြန်ဘူးဆိုကာ တပွစိစိနှင့် သူမ၏ ရှိစုမဲ့စုသော ညက်ခုံးသေးသေးလေးတွေကို တိုက်စစ်တဖန် တန်ပြန်ကြုံ့ကာ အပိုပါလာသော သူ့မ၏ ဧရာမဂျက်ကက်ကြီးကို ၀တ်ထားခိုင်းသည်။ အလွန်ခေါင်းမာသော ကိုကိုခြိမ့်မှ " ရတယ်၊ ရတယ် မအေးဘူး ... မလိုဘူး " ဆိုကာ ဘူးခံ၍သာ တွင်တွင်ငြင်းလေတော့သည်။ ကိုကိုခြိမ့်သည်ကား တခါတရံ ဤကဲ့သို့ ခေါင်းမာသူ ဖြစ်ပါသည်။

သို့နှင့် ရှူခင်းကြည့်ရန် Echo Point သို့ လမ်းလျှောက်လာကြပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ မြူများက ပိန်းပိတ်အောင်ကျနေသည်။ အဖြူရောင်မြူခိုးထုကြီးမှလွဲ၍ ဘာရှူခင်းကိုမျှ မမြင်ရပါပေ။ တီတီအေးတို့မှာကား ရှူခင်းအလှ ကြည့်ရအောင်လာကြရာ ရှူခင်းလဲမမြင်ရ၊ ညီအစ်မ၃ဖော် တောင်များလဲ မမြင်ရနှင့် လာရကျိုးမနပ်လှဟု ညည်းညူကြလေသည်။ ဘ၀တူ လာရောက်ကြသော ခရီးသည်များလည်း အဖြူရောင် မြူထုကြီးကို ကြည့်ကာ စိတ်ပျက်၊ လက်ပျက်ဖြစ်နေကြသည်။

 ************************************************************************

"ကဲ ... ကဲ  ... အဲဒါဆိုလဲ ဟို ညီအစ်မ ၃ဖော်တောင်ဖက်ပဲ လမ်းအရင်ဆင်းလျှောက်ကြည့်ကြတာပေါ့။ အပြန်ကျရင်တော့ မြူတွေကွဲနေလောက်ပါပြီ ..." 

ကိုကိုခြိမ့်မှ ဆော်သြသည်တွင် ဆိုင်ကလေးဖက် ဘယ်တော့လောက် နှင်းကွဲမလဲ ၀င်မေးကာ ညီအစ်မ ၃ဖော်ဖက် လမ်းလျှောက်ရန် ထွက်လာကြသည်။ ၁၀မိနစ်ခန့် လျှောက်ရမည်ဖြစ်ရာ ယခင်အတွေ့အကြုံအရ သံလှေခါးများသည် အလွန်ပင် မတ်စောက်ကြောင်း၊ သတိထားဖို့လိုကြောင်း ပြောပြနေသည်။ ဂျူဂျူလေးကလည်း သူသည် အမြင့်ကြောက်တတ်ကြောင်း တီတီအေးတို့အား ပြောပြကာ လမ်းတစ်လျှောက်လုံး " ချောကလက် ... ချောကလက် " နှင့် တောက်လျှောက်အော်ကာ သူ့ဟာသူစိတ်ငြိမ်အောင် ကြိုးစားဆင်းလေသည်။ ခလေး မယ်ဒီတေးရှင်း တစ်မျိုးဖြစ်မည်ဟု တီတီအေးတို့က အဓိပါယ်ဖွင့်ကာ သဘောကျနေကြသည်။

အဆင်းကတော့ အတက်ထက် လွယ်ကူရာ မကြာမီ ညီအစ်မ၃ဖော် တောင်အငူစွန်းသို့ ရောက်လာကြသည်။  တီတီအေးတို့ ၂ယောက်ကတော့ သံလှေခါးများမှ အပေါ်အောက် အပြန်အလှန် ဓာတ်ပုံရိုက်နေကြသည်။ အန်တီဆွိမှ ညီအစ်မ၃ဖော်အစွန်ဆုံး အငူလေးမှ ကိုကိုခြိမ့်ရှိရာ တံတားလေးပေါ် လှမ်းအော်ပြောလိုက်သည်။

"သံလှေခါးတွေက အရမ်းမက်တယ်နော် ကိုကိုခြိမ့်  ... အပေါ်ကို ပြန်တက်ရင် အရမ်းပင်ပမ်းလိမ့်မယ်။  ဒီတော့ အောက်ထိရောက်အောင်ဆင်း ...  တောလမ်းလေးကနေ cable car နေရာအထိကို လမ်းလျှောက်ကြမယ် ...   ပြီးတော့ ကယ်ဘယ်ကားနဲ့ အပေါ်ပြန်တက်ကြမယ် ... " 

နီလာ ... နီလာ ... တယော ... ဘာအသံကြားလဲ ...


ကိုကိုခြိမ့်ထံမှ ဘာသတင်းမှ အကြောင်းမပြန်။

" ဆွိလေးဖြင့် ဟိုတစ်ခေါက် ကထဲက forest walk  လျှောက်ချင်နေတာ ...လျှောက်ကြရအောင်လေ နော် ..."




" အို ... မလျှောက်ပါဘူး ... ညည်း ဘယ်လောက်လျှောက်ရမယ်ထင်လဲ ... ကေဘယ်ကားက ဟိုးမှာ မြင်လား ...  အဲဒီအထိ လျှောက်ရမှာ ... ကိုယ်တော့ ပင်ပန်းမခံနိုင်ဘူး။ ခုလာတဲ့ ထဲမှာလဲ အဲဒီ အစီအစဉ် ဘယ်တုံးကမှ မပါခဲ့ဘူး ... "

" ဟင် .... အဲဒါဆို ၂ယောက်က လွဲနေပြီ။ ဆွိလေးက ဒီကို ခု ဒုတိယခေါက်လာတာကိုက အစ်မတို့ကို လိုက်ပို့ရင်းနဲ့  forest walk လျှောက်ဖို့လေ ... အရင် အခေါက်ကတည်းက ပြောဖူးတယ်လေ  ...  တော် အရင်ကတော့ ....*)&^%$#&()) ခုတော့  ... $^)(*&^%#@))....... ...   အမလေး &)))*^ %$#%*())&$$##&&**...  .. ...................... $&&*())*&^%$#@)*^#@!@$&&&%&*()$^&**())*&^%$$## ............................................................................................................................................"

ပဋိပက္ခကား စလေပြီ။ ၂ယောက်သားအကြီးအကျယ် လွဲနေကြပြီ။ အပေါ်အောက် အပြန်အလှန် ငြင်းခုန်နေကြသည်။ ငြင်းခုန်ရင်း တိုက်ပွဲပြင်းထန်လာရာ အသံများလည်း ကျယ်လာသည်။  ဘေးမှ တီတီအေးတို့လည်း ဘာလုပ်ရမယ်မှန်းမသိ ဓာတ်ပုံတွေသာ တစ်ယောက်ကိုတစ်ယောက် မဲရိုက်နေကြသည်။ တီတီအေးကတော့ လမ်းလျှောက်မည့်ဖက် မဲသာနေပုံရသည်။ နောက်ဆုံး အန်တီဆွိမှ

"အင်း ... အဲဒါဆိုလဲ ခု အောက်ကို လျှောက်နိုင်သလောက် ခဏ  လျှောက်ကြည့်ကြမယ်လေ။ ရှေ့က အဖြူလင်မယား ၂ယောက် တွေ့တယ်မလား ။ ...သူတို့နောက်ကို လိုက်လျှောက်ကြည့်ကြတာပေါ့ ..."

ကိုကိုခြိမ့်မှ မနိုင်၍ လိုက်လျောရခြင်းဆိုတဲ့ လေသံနှင့် ...

"ကဲကဲ ... အဲဒါဆိုလဲ ခဏလျှောက်ရင် လျှောက်ကွာ ..." ဆို စိတ်မရှည်သောအသံနှင့် ထုံးစံအတိုင်း မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

၁၀မိနစ်ခန့် သံလှေခါးများ၊ သစ်တုံးလှေခါးများ၊ မြေလှေခါးထစ်များဖြင့်ဆင်းပြီးသော် ရှေ့မှ အဖြူလင်မယားကို အရိပ်အရောင်မျှပင် မမြင်ရတော့ချေ။ သူတို့က သွားနေကျထင်သည်။ အလွန်လျှင်မြန်လှပေသည်။ အန်တီဆွိတို့အဖွဲ့မှာ အောက်ရောက်အောင် မည်မျှဆက်လျှောက်ရမည်လဲ။ ကေဘယ်ကားထိရောက်အောင်  မည်သည့်လမ်းက လျှောက်ရမည်လဲ မည်သူမျှ မသိချေ။ ခဏကြာတော့ နောက်မှမှီလာသော ကျောပိုးအိပ်ကိုယ်စီဖြင့် လူငယ်၂ယောက်အား မေးမြန်းကြည့်သောအခါ ကေဘယ်ကားသို့ ရောက်ရန် ၃နာရီခန့် လျှောက်ရမည်ဆိုသည်။  ကိုယ့်အတွက်က ၃နာရီလည်း လျှောက်နိုင်ပါသည်။ ကိစ္စမရှိပါ။ သို့ပေမဲ့ သမီးဂျူဂျူလေးလဲ ပါရာ ခလေးပင်ပမ်းမည်စိုးရိမ်သည်။ သို့နှင့် လမ်းလျှောက်ရန်အစီအစဉ်ကို ဖျက်သိမ်းပြီး လာလမ်းအတိုင်း အပေါ်ပြန်တက်ကြရန် ဆုံးဖြတ်ကြသည်။ ကိုကိုခြိမ့်ကို ကြည့်သော် "အဟက် အဟက် ငါမပြောလား ... "  ဟူသော မျက်နှာပေးနှင့် ဖြစ်ပါသည်။


ပုံမှန်အားဖြင့် ကိုကိုခြိမ့်သည် သူ့၏ ရှူမငြီးသော ချစ်သမီး မဂျူဂျူအား အလွန် ဥစ္စာခြောက်ပါသည်။ ယခုကဲ့သို့ အတက်အဆင်း အန္တရယ်များသော ခရီးဆိုလျှင် မအေလုပ်သူနှင့်ပင် စိတ်မချပါ။ သူကိုယ်တိုင် တွဲခေါ် စောင့်ရှောက်ရမှ ကျေနပ်သူဖြစ်ပါသည်။ ယခုတီတီအေးတို့လည်းပါရာ ဂျူဂျူကား အလွန်မြန်သော တီတီအေးနောက်မှ လိုက်သောကြောင့် ဟိုးအပေါ် ရှေ့ကို တော်တော်ကျောရောက်နေပြီ။ လှေခါးများမှာ မိုးစိုထား၍ ချော်လဲမည်စိုးရကား ဦးခြိမ့်သည် တစ်လမ်းလုံး ဂျူဂျူ့ကို သတိထားဖို့ အော်ဟစ် သတိပေးရင်း နောက်က မှီအောင် မနဲအပြေးလိုက်နေရသည်။ အန်တီဆွိမှ အောက်ကို လျှာရှည်ဆင်းမိသောကြောင့် အတက်ခရီးကား ယခင်အခေါက်ထက် ပိုရှည်နေသည်။ ထုံးစံအတိုင်း နောက်ဆုံးမှ ပန်းဝင်လာသူကား အီးပေါသော အန်တီဆွိဖြစ်ပင် ဖြစ်ပါသည်ခင်ညား။ ( ရွှီးးးးးးးးးးးးဖြောင်း ... ဖြောင်း  ... ဖြောင်း ...း)
************************************************************************

အန်တီဆွိမှာ နောက်ဆုံး သံလှေခါးတက်အပြီး မောလွန်း၍ လမ်းဘေးက ခုံလေးပေါ်တွင် ထိုင်ရန်အလုပ် ဦးခြိမ့်ကအရင်ထိုင်နှင့်နေပြီ။ အနားရောက်တော့ ဦးခြိမ့်ကား ခေါင်းကိုငိုက်စိုက်ချကာ အသက်ကို မနဲရှူနေရပုံ ပေါက်နေသည်။ အခြေအနေကတော့ သိပ်ဟန်ပုံမပေါ်။ စကားပြောမည်လုပ်တော့ လက်ကို အသာကာပြသည်။ အန်တီဆွိလည်း အလွန်စိတ်ပူသွားကာ ...

" ဟင် ... အဖေ ...  မောလို့လား ... ဘယ်လိုဖြစ်လဲ ... မူးသလား ... နေလို့ မကောင်းဘူးလား ..." 


တရစပ်မေးသည်တွင် လက်ကိုသာ ကာပြသည်။ ပြောနေရင်းနှင့် မျက်လုံးမှိတ်၊ နောက်လန်သွားကာ အသက်ကို ရှိုက်ကြီး တငင်ရှူနေသည်။ တီတီအေးတို့လည်း အနားသို့ပြေးလာကာ .. " ဦးခြိမ့် ... ဦးခြိမ့် သတိထား... " ဆိုကာ သတိရလာရန် ပါး၂ဖက်ကို လက်ဝါးဖြင့် အသာရိုက်လေသည်။  အန်တီဆွိကား ဦးခြိမ့်၏ရင်ဘတ်ကို လက်ဖြင့် အသာရိုက်ကာ  "အဖေ ... အဖေ ... သတိထား ... သတိထား ... အသက်မှန်မှန်ရှူ ..."  ဟု ဆိုကာ စိုးရိမ်တကြီး အော်နေလေတော့သည်။  တီတီအေးမှ ဦးခြိမ့်၏ မျက်လုံးကို ဖြဲကြည့်ရာ မျက်လုံးမှာ သူငယ်အိမ်မမြင်ရ။ အဖြူရောင်ချည်းသာ မြင်ရရာ အန်တီဆွိမှာ အလွန်အမင်းလန့်ဖြန့်ကာ " အစ်မလေး ... အစ်မရယ် ... လုပ်ပါဦး .... ကယ်ပါဦး ... ကိုယ်ကျိုးတော့ နဲပြီ ထင်ပါရဲ့ ... " ဆို အော်ပြန်သည်။


အန်တီဆွိမှာကား ခုပဲ ရွှေတောင်ကြီးပြိုတော့မှာလား၊ ဦးခြိမ့်တစ်ယောက် ခုပဲ ရုတ်တရက်ကြီး တစ်ခုခုဖြစ်တော့မှာလားဆို အလွန်ပင် စိုးရိန်ပူပန်ကာ မျက်နှာအပျက်ပျက်နှင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။ အဖြစ်အပျက်က ရုပ်ရှင်ထဲတွင်ဆိုလျှင်တော့ တယောသံလေးနှင့် အလွမ်းခန်းဖြစ်မည်။  ဘေးမှ ခရီးသွားလာသူများကို အော်ဟစ်ကာ Ambulance ခေါ်ပေးပါရန် အကူအညီတောင်းသည်။ CPR လုပ်ရန်သတိရသော်လည်း မလုပ်တတ်၍ ရင်ဘတ်ကိုသာ ပုတ်ကာ စိုးရိန်တကြီး အော်နေရှာသည်။ တယ်လီဖုန်းများကလည်း ကားပေါ်တွင်ကျန်ခဲ့ရာ Ambulance ခေါ်၍မရ။  လမ်းဘေးခရီးသွားများမှ စိတ်မပူရန်၊  Ambulance ခေါ်ပေးမည်ဖြစ်ကြောင်းပြောသည်။ လူတွေကလည်း ၀ိုင်းအုံကြည့်ကာ ဇက်ကြောနှိပ်ပေးသူ နှိပ်ပေး၊ သတင်းမေးသူမေးနှင့် ရှုပ်ရှက်ခတ်နေသည်။ နောက်တော့ အမျိုးသမီး တစ်ယောက်က  သူနာပြုပါဆိုကာ လက်က သွေးကြောကို တိုင်းသည်။ သွေးခုန်နှုံးကတော့ ပုံမှန်ပဲဆိုကာ ဦးခြိမ့်အား ထိုင်နေရာမှ ခုံတန်းရှည်ပေါ်မှာ လှဲခိုင်းလိုက်သည်။ လှဲနေပြီး ၅မိနစ်ခန့်နေတော့ သက်သာလာပုံရကာ ပြန်ထိုင်ပြီး သူခဏ သတိမေ့သွားကြောင်း ပြောပြသည်။ သူလမ်းဆက်လျှောက်မည်ဖြစ်ကြောင်း၊ နေကောင်းသွားပြီဖြစ်ကြောင်းပြောတော့ အားလုံးက စိုးရိမ်ကာ Ambulance လာမှသာ ဆက်တက်ရန် မနဲ တောင်းပန်ထားရသည်။
 နောက်တော့ Ambulance သမားတွေ ရောက်လာကာ သွေးတိုင်း၊ လုပ်စရာရှိသည်၊ မေးစရာရှိသည်များကို အသေးစိတ်မေးမြန်းကာ blue mountain ဆေးရုံသို့ သွားကာ စစ်ဆေးရန်လိုကြောင်းပြောသည်။ ဦးခြိမ့်အား ထမ်းစင်ကြီးဖြင့် Ambulance ကားနားအထိ ထမ်းခေါ်ကြသည်။ လမ်းတွင် dehydration ဖြစ်သည်ဟု သံသယရှိ၍ ရေသောက်ခိုင်းရာ ဦးခြိမ့်မှာ ရေတစ်လီတာဗူး တစ်ဗူးလုံးကုန်အောင် သောက်လေသည်။ သူ့ကို ထမ်းစင်နှင့်ဆိုတော့ လမ်းမှာတွေ့သော ခရီးသွားများက အထူးတဆန်း ဓာတ်ပုံတွေ ရိုက်ကြသည်ဟု နောက်ပိုင်းတွင် ရယ်မောကာ ပြောပြပါသည်။



ဤနေရာတွင် ဇာတ်ရံ Ambulance သမားတွေ အကြောင်းပြောဦးမည်။ သူတို့သည် အလွန်တာဝန်ကျေပွန်သော ၀န်ထမ်းကောင်းများဖြစ်ပါသည်။ လူနာကို လူမျိုးဘာသာမခွဲ၊ အင်မတန် စိတ်ရှည်ကာ လိုအပ်သည်များကို သေချာရှင်းပြသည်။ ဘေးမှ ၀ိုင်းအုံကြည့်သည်ကိုတော့ သူတို့မကြိုက်။ ၀ိုင်းအုံကြည့်သူများအား " ကိုယ့်ဟာကိုယ် တောထဲသွား လမ်းလျှောက်နေကြ" ဆို အော်လွှတ်သည်။ အနားမှ သတင်းမေးလာသော အဖိုးကြီးတစ်ယောက်ကိုလဲ " ခင်ဗျား အလုပ်မဟုတ်ပဲ လျှာမရှည်နဲ့ ... ၀င်မပါနဲ့ ... " ဆိုကာ အော်လွှတ်သေးသည်။ သို့ပေမဲ့ လူနာစိတ်ချမ်းသာရေး၊ အဆင်ပြေရေး၊ ရောဂါမြန်မြန်သက်သာရေး စသည်တို့ အတွက်တော့ သေချာမေးမြန်းကာ အကြံပေး လုပ်စရာရှိသည်များကို ကျေပွန်စွာ၊ စေတနာဖြင့် လုပ်ဆောင်ကြပါသည်။

ဆေးရုံရောက်သော် ဆရာဝန်မှ ခဏတဖြုတ် သတိလစ်မေ့မြောခြင်းဆိုသည့် အချက်သည် နှလုံးအတွက်မကောင်း၊ နှလုံးရောဂါ၊ heart attack ဟု သံသယရှိ၍ အီးစီဂျီရိုက်ကာ ၃နာရီခန့် နှလုံးခုန်နှုံး မှန်မမှန် စောင့်ကြည့်ကြသည်။ Blue Mountain ဆေးရုံသည် သာမာန်နယ်ဆေးရုံလေးမျှသာဖြစ်သော်လည်. ambulance သမားများ အပါအ၀င်၊ သူနာပြုများ၊ ဆရာဝန်များ အားလုံးသည် နှလုံးနှင့်ပတ်သတ်သည်ထင်သည်နှင့်  အရေးပေါ် ဂရုတစိုက်နှင့် ၀ိုင်းဝန်းစောင့်ရှောက် ကုသပေးကြပါသည်။ လူတစ်ယောက်၏ အသက်ကို လူမျိုး၊ ဘာသာ၊ နိုင်ငံသားမရွေး အထူးပင် ဂရုစိုက်ကြသည်မှာ အတုယူဖွယ်ဖြစ်ပါသည်။ ဆေးရုံတွင် ၃နာရီခန့် စောင့်ကြည့်ကြပြီး နောက်ဆုံး ညနေ ၄နာရီခန့်တွင် ဦးခြိမ့်ကို ဆေးရုံမှ ပြန်ဆင်းခွင့်ပြုကာ၊ နှလုံးအထူးကုဆရာဝန်ထံ ပြရန် ဆေးစာရေးပေးလိုက်ပါသည်။


ဆေးရုံတွင်ရှိစဉ် အန်တီဆွိမှာ လူနာရှင်အဖြစ် လူနာအနီး အရေးပေါ်ခန်းတွင် နေခွင့်ရပါသည်။ မနက်က ခရီးပမ်းထား၍ ဆာလောင်နေကြပြီဖြစ်ရာ ဂျူဂျူနှင့် တီတီအေးတို့မောင်နှံကို ကားပေါ်မှာ သယ်လာသော အစားအသောက်များကို စားကြရန် ပြောရသည်။ ဂျူဂျူလေးလဲ အတော်ပင် ထိတ်လန့်သွားသည်ထင်သည်။ တီတီအေးမှ ပြောပြသည်မှာ ထမင်းစားလျှင် အလွန်ဂျီးများပြီး " စားဟဲ့ ... စားပါဟဲ့ .." ဟု တစ်ချိန်လုံး ပြောနေရသော ဂျူဂျုလေးသည် ထိုနေ့က အုန်းထမင်း တစ်ပန်းကန်ကြီးနှင့် ကြက်သားဟင်း တစ်ဝက်ခန့်ကို တစ်ယောက်တည်း ကုန်အောင်စားလေ သတဲ့.။

ဦးခြိမ့်မှာ ဆေးရုံက ကုတင်ပေါ် ECG စက်နှင့် နှလုံးခုန်နှုံးကို မော်နီတာ လုပ်ထားရာ ပိုက်တန်းလန်းနှင့် အပေါ့ အပါးလဲ ထမသွားနိုင်ပါ။ ကြာလာတော့ စောနက လမ်းတွင်သောက်ထားသည့်  ရေတစ်လီတာသည် အစွမ်းပြလာသည်။ နာ့စ်အား ခွင့်တောင်းသည်တွင် ပိုက်ကို ဖြုတ်ပေး၍မရ။ သွားချင်လျှင် ကုတင်ပေါ်တွင်သာ ပလပ်စတစ်ဗူးထဲ သွားနိုင်သည်ဆိုသည်။ ဦးခြိမ့်မှ ဗူးထဲ မသွားချင်ရာ ခဏအောင့်ထားသေးသည်။ နောက်ဆုံး မအောင့်နိုင်တော့၍ နာ့စ်ထံမှ ဗူးတောင်းကာ ကုတင်ပေါ်မှ အသာဆင်း အန်တီဆွိမှ ဗူးကို အောက်မှ ခံပေးထားရသည်။ နာ့စ်မှ ကုတင်ပတ်ပတ်လည် လိုက်ကာကို ဆွဲကာပေးထားသည်။ ဦးခြိမ့်တစ်ယောက် ဘယ်အချိန်ကတည်းက အောင့်ထားသည်လည်းမသိ။ မပြီးနိုင်မစီးနိုင် သွားနေရာ အန်တီဆွိ၏ ဗူးကိုင်ထားသောလက်မှာ တဖြေးဖြေး လေးပြီး ညောင်းလာသည်အထိဖြစ်သည်။ " တော့ ... ကိုကိုခြိမ့် ... တော့ဟာက မပြီးတော့ ဘူးလား.. " ဟု ခဏခဏ မေးနေရသည်။ ဤသို့နှင့် ကွမ်းတစ်ယာ ညက်ခန့် အကြာ ...  ကိစ္စအပြီးတွင် ဆီးဗူးကိုကြည့်လိုက်ရာ ဗူးတစ်ဝက်ကျော်နေပါပြီ။ ဗူးမှ စကေး အမှတ်အသားများကို ကြည့်လိုက်ရာ ဦးခြိမ့်သောက်ခဲ့သော ရေ တစ်လီတာသည် ထိုရေဗူးနှင့် တစ်လီတာ အတိပြန်ထွက်လာရာ ဗူးကြီးကို ကိုင်ကာ အန်တီဆွိမှာ တဟားဟားရယ်လေတော့သည်။

ထိုနေ့က အန်တီအေးတို့ မောင်နှံလည်း မြူဖုံး၍ ဘလူးမောင်းတိန်းကိုလည်း ကောင်းကောင်းမမြင်ရရုံမက၊ သူများ လင်မယား မျက်မှောင်ကုတ်တိုက်ပွဲတွေမှာ ကြားညပ်လိုက်သေးသည်။ ထိုမျှမက ဘလူးမောင်းတိန်းဆေးရုံသို့ပင် ရောက်သွားလေရာ  သူတို့အတွက် အမှတ်တမဲ့မှ အမှတ်တရ ခရီးစဉ်ဖြစ်သွားလေတော့သတည်း။ ( အန်တီဆွိမှာ တီတီအေးတို့အား အလွန်ပင် အားနာမိပါသည်။)



အဖြစ်အပျက်များကို ပြန်ဆန်းစစ်သော် အားလုံး တိုက်ဆိုင်သွားခြင်းဖြစ်ပါသည်။ ဦးခြိမ့်သည် ထိုခရီးမတိုင်မီ တစ်ရက်ကမှ သူ့မွေးနေ့အတွက်ဆိုကာ သွေးလှူထားရာ လူက အားနည်းနေသည်။ ( သွေးလှူပြီးပြီးချင်း စားရန်  ဆေးရုံမှပေးသော မာလ်ဖင်ကိတ်မုန့်ကိုမစား၊ အိမ်မှ သမီးအတွက်ဆိုကာ သယ်လာသေးသည်။ ပြီးတော့ အဖေသွေးနှင့်ရင်းပြီး ယူလာတာ၊ သမီးစား ... သမီးစား ဆို သမီးလုပ်သူကို မျက်နှာလုပ်ကာကျွေးသည်။  ဦးခြိမ့်သည် သူ့ကျန်းမာရေးနှင့်ပတ်သတ်လျှင် အလွန်ပေသူဖြစ်သည်။ ) ထို့အပြင် လွန်ခဲ့သော တစ်လကျော်လောက်ကတည်းက  ဆေးလိပ်ဖြတ်နေရာ ထိုဆေးလိပ်ဖြတ်သောဆေးသည် ခေါင်းမူး အားနည်းတတ်ကာ side effect အလွန်ပြင်းသည်ဟု နာမည်ကြီးသည်။ ဦးခြိမ့်မှာ သမီးဇောနှင့် လှေခါး မတ်မတ် ၃-၄ဆင့်ကို ပြေးအတက် နဂိုအားနည်းတာ အခံနှင့် အမောဆို့တာဖြစ်မည်ဟု အန်တီဆွိမှ ကောက်ချက်ချမိပါသည်။ ထိုနေ့မတိုင်မီက သွေးလှူကအပြန် မီနီကူးပါးလေး ၀ယ်ပေးဖို့ ပူဆာမိတာတော့ ဒီကိစ္စနှင့် လားလားမျှ ဆိုင်မည် မထင်ပါကြောင်း အန်တီစုစုအပါအ၀င် သံသယရှိနေသူများ အားလုံးကို ယခုနေရာမှ ဖြေရှင်းအပ်ပါသည် ခင်ညား။  ။း)


27 comments:

  1. တီဆွိရယ်

    ဦးမောင်ခြိမ့်ကြီးကို သိပ်မနှိပ်စက်ပါနဲ့ဂျာ

    ခင်တဲ့
    တောသား

    ReplyDelete
  2. တခြားအကြောင်းအရာတွေထက် ဂျုဂျုလေးတယောက် သူ.အဖေကြီးဖြစ်တာကိုထိတ်လန်.ပြီးတော. အုန်းထမင်းတပန်းကန်ကြီးနဲ.ကြက်သားဟင်းတ၀က်ကို သူတယောက်ထဲကုန်အောင်စားလိုက်တယ်ဆိုတာကိုဖတ်ရတော. ၀ါးလုံးကွဲရီမိတာ သီးတောင်သီးပါတယ်။
    သူလေးလဲ တောင်တက်တောင်ဆင်းတွေကြောင်.ကိုယ်ခနာပင်ပန်းတာရော၊ အဖေဖြစ်တာကို စိတ်ပင်ပန်းတာရောတွေကြောင်.ဖြစ်မယ်ထင်တယ်၊ အများကြီးစားလိုက်တယ်ဆိုတာ။

    ReplyDelete
  3. မီနီကူးပါးကြောင့်ပါ သွေးတိုးတာ နှလုံးကိုလေဟပ်သွားတာပေါ့ ... တီဆွိကြောင့် ဟိဟိ.. ( ညစ်အောင်လုပ်သွားသည်)
    သူများတို့ အကိုကြီး ညက်မှောင်ကြုံ ကြီးကို မနှိပ်စက်နဲ့ နော် တီဆွိ

    ReplyDelete
  4. တီဆွိ ရဲ့  စုံထောက်ဝတ်ထုလို့  သဲထိတ်ရင်ဖို ဆန်ဆန် နဲ့ စတဲ့  ဇာတ်လမ်း ကြေညာ(အသက် ၄၀ကျော် ပေမဲ့အသက်အစိတ်ခန့်သာထင်ရသော ခပ်ချောချော ) ၀င်ပြီး ဦးခြိမ့် ရဲ့  ရင့်သိမ့် တုန် အဖြစ်ဖတ်လိုက်ရတာ နောက်ဆုံး မှ ဟင်းချနိုင်တော့ တယ် ဂျူဂျူလေး လန့်ပြီး ထမင်းတွေ အများကြီး စားတာဖတ်၇တော့ သဘောကျမိတယ် :D

    ReplyDelete
  5. ဇာတ်အထွတ်အထိပ်တွင် ဦးခြိမ့်အတွက် စိုးရိမ်သည်မှာ တ၀က်၊ တီတီဆွိ၏ တယောသံနောက်ခံနှင့်ဟုရေးသည်ကို အော်ရယ်မိသည်မှာ တ၀က်ဖြစ်သည်။ နောက်ဆုံး ဘာမှမဖြစ်ဆိုသောကြောင့် စိတ်သက်သာရာ ရသွားလေသည်။ ဦးခြိမ့်ကား Input, Output ကို balance ဖြစ်အောင် ထိမ်းသိမ်းနိုင်သူပါတကားဟုလဲ ကောက်ချက်ချသွားလေသည်။ (ဂျူဂျူလေး လန့်ပီး ထမင်းတွေစားတယ်ဆိုတာလဲ ဖတ်ပြီး ရယ်မိသေးတယ်။)
    (လီယို)

    ReplyDelete
  6. ဘာမှမဖြစ်တာရော... တီတီဆွိ အရေးအသားကောင်းတာရော....

    ပါးစပ်မစေ့နိုင်အောင် တွေးတွေးပြီးရယ်ရပါ၏ ..... :D

    ZZ

    ReplyDelete
  7. ဟီးဟီး ဦးခြိမ့်တော့ဒီစာကိုဖတ်ပြီးဘယ့်နှယ်နေမယ်မသိ သမီးတို့ဖြင့်ပါးစပ်မစိနိုင်တော့ဘူး တီဆွိရယ်..။ ဂျူဂျူးလေးသနားပါတယ် စိတ်ပူရှာတာနေမယ်..။

    ReplyDelete
  8. ဘာမှမဖြစ်လို့ တော်ပါသေးရဲ့ တီတီဆွိရယ်
    တီတီဆွိ အရေးအသားကြောင့် ဖတ်ရင်း စိတ်ပူရာက ရယ်ရသေးတယ်။

    ReplyDelete
  9. အစ်မဆွိရေ...
    အစချီထားထဲက လှို့ဝျက်သည်းဖိုများလားလို့ ထင်မိတာ ကွက်တိပဲ..။ တော်သေးတာပေါ့..။ အဆုံးသတ်မှ သက်ပြင်းချရင်း ရယ်မိတော့တယ်။ အစ်မဆွိနဲ့ ဂျူဂျူလေး ဘယ်လောက်တောင် စိတ်ပူသွားခဲ့ရလဲဆိုတာ တွေးမိတယ်။ နောက်ဆို အစ်မဆွိ ညက်ခုံးရှုံ့ကြီးကို သေချာ ဂရုစိုက်တော့နော်..။ ဂျူဂျူလေး ထမင်းစားအောင်ဆိုပြီး ဦးခြိမ့်ကိုလဲ အမောတွေဆို့အောင် လုပ်မနေနဲ့ဦးနော်... :))

    ReplyDelete
  10. လာဖတ်ပါတယ်.. တီတီဆွိ... :)

    ReplyDelete
  11. အော် ..ဘလော.ဂါမိန်းမရဲ.ယောင်္ကျားဖြစ်ရတာလဲမသက်သာပါလားနော်။
    ယောင်္ကျားရဲ.“ဆီးဘူး”တောင် ဘလော.ဂ်ပေါ်ရောက်တာဘဲ။
    ယောင်္ကျားရဲ. intake နဲ. output လဲဓာတ်ပုံနဲ.တကွ ဘလော.ဂ်ပေါ်ရောက်ကရောဘဲနော် အဟီးဟီး

    ReplyDelete
  12. You are really rich in sense of humour.Since beginning your writing drag me to the end like riding rollacosta:))
    Gyidaw

    ReplyDelete
  13. You covered TT aye face with leave but you had shown in another post already.

    ReplyDelete
  14. တီတီဆွိ မီနီကူးပါး ပူဆာလို့  သွေးတက်သွားတယ် ထင်နေတာ :)..ဦးခြိမ့်အမြန်နေကောင်းပြီး ညက်မှောင်ကြီး ကုပ်နိုင်ပါစေ..

    ReplyDelete
  15. နာ ထင်တာကတော့ မီနီကူးပါးကြောင့် ဖစ်မှာပါအေ.... ခစ်ခစ်....
    တော်သေးတာပေါ့ဟယ်.... ဘာမှ မဖစ်လို့.... နာ့အတိုကြီးကို သိပ်မနှိပ်စက်ပါနဲ့ဟ.... သူတထုထု ဖစ်လို့ ရန်ဖစ်စရာ မချိရင် နာ ဒွတ်ခရောက်ပမယ်....း)

    ကိုလက်စထရော စစ်ကြည့်သေးလား ချိုကြီး.... အစားစားတာလဲ ဆင်ခြင်လေ...အဆီတွေ များတာ သိပ်မစားနဲ့...း)

    ReplyDelete
  16. အမလေးတီဆွိရယ် ရင်တမမနဲ့ကိုဖတ်ရတဲ့ပိုစ့်ပါလား
    အရေးထဲပြုံးမိပါသေးရဲ့
    တောင်မတ်တယ်ဆိုလို့ ရင်တထိတ်ထိတ်နဲ့ဖတ်နေတာ .ဦးခြိမ့်ဆေးရုံရောက်တဲ့ပုံမှုန်ကုပ်ကုပ်နဲ့
    ရှုးရှုးအိုးကြီးလဲမြင်ရော ရေသောက်ချင်တဲ့စိတ်ပျောက်ပြီး အော်ကိုရီမိလိုက်တော့တယ်
    တော်သေးတယ် အနားမှာဘယ်သူမှမရှိကြလို့း))
    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  17. အမလေးတီတီဆွိရေ..ကံကြီးလို့ ပါလား။
    ဆေးရုံကုတင်ပေါ်ကလူနာကိုတောင်ဓါတ်ပုံရိုက်နိုင်သေးတယ်ဆိုတော့
    အခြေအနေထင်သလောက်မဆိုးဘူးလို့ ပြောရမှာပေါ့။း)
    ရိုက်ချက်ပြင်းလွန်းလို့ မိုက်တီးတော့ဒုက္ခရောက်တော့မယ်။နော်။
    အိုင်အိုရာ
    စကားချပ်..စားသတိသွားသတိနေပါရန်။

    ReplyDelete
  18. မမစာရေးတာ အရမ်းချစ်ဖို့ကောင်းတယ်။ ကြောက်စရာ၊ထိတ်လန့်စရာတောင် ဟာသလေးပါအောင် ရေးတတ်စိတ်ထားတတ်တာ။ ဂျူဂျူလေး ထမင်းစားခန်းက ရယ်လိုက်ရတာ။ ဂျူဂျူလေးက လိမ္မာပါတယ်။ အမေတွေ စိတ်ပူနေချိန်မို့ သူ့အတွက် စိတ်မရှုပ်ရအောင် ထမင်းလေးကုန်အောင် စားပေးရှာတယ်။ ချစ်ဖို့ကောင်းလိုက်တာ။

    ReplyDelete
  19. Cho Lay,
    I read two times and still LOL. Although, I was with you thorough out your ordeal....your writing skill still make me amazingly interesting. Keep it up.
    Sorry, U Chaint..we really worried for you then and now we all can laugh.
    Cho Lay, you have huge sense of humour.
    p.s: We had the best Coconut rice and chicken curry on that day.

    ReplyDelete
  20. သွက်သွက်လေးရေးထားတော့ တစ်မျိုးဖတ်လို့ကောင်းပြန်ရော တီဆွိရေ။ ဦးခြိမ့် ဆေးလိပ်ဖြတ်တာ ကောင်းတယ်။ မိသားစုတွေ သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ တီဆွိရဲ့ ဘလော့ကို ဖတ်ဖြစ်နေတာကြာပြီ။ ကျွန်တော်က ကျူးပစ်သိပ်မ၀င်ဖြစ်တဲ့ ကျူးပစ်သူ တစ်ယောက်ပါ။

    ReplyDelete
  21. ဆွိကိုတော့ လက်ရောခြေရောမြှောက်ပါတယ်ကွယ်..
    ဒီလို အချိန်မှာတောင် ဘလော့ဂ်အတွက် စဉ်းစားပြီး ဓါတ်ပုံ
    ရိုက်ယူလာနိုင်လို့ပါ။ ဆီးအိုးကို မြင်တော့ တယောက်ထဲ ရယ်လိုက်ရတာများလေ...
    အရေးအသားကလဲ တနေ့ထက် တနေ့ပိုပြီး ကောင်းလာတယ်။
    ကိုယ်သာ ဘလော့ဂ်ဂါဆုပေးပွဲ လုပ်နိုင်ရင် ဆွိကို ၁ ပေးတယ်...
    အလွန်အလုပ်များတဲ့ နေ့ကလွဲပြီး နေ့တိုင်းလာဖတ်ဖြစ်တယ်။။။။။

    ReplyDelete
  22. ပြောစရာက ကျန်သွားသေးတယ်...
    ဦးခြိမ့် ဂျူးဂျူးကို စိတ်ပူတတ်တာ ဖတ်ရတော့ ဒို့အဖေကို
    သွားသတိယမိတယ်..ဒို့အဖေလဲ ပူတတ်လိုက်တာမှ...
    သူအိမ်မှာရှိတုန်း အိမ်သာထဲဝင်တာ၊ ရေချိုးခန်းထဲဝင်တာ နဲနဲကြာတာနဲ့ တံခါးလာထုတော့တာပဲ...တံခါးဂျက်မချဘို့ ပြောတာလဲ
    တချိန်လုံးပဲ...ဂျူးဂျုးရော ဆွိရော ကံကောင်းတယ်နော်။
    ဂရုစိုက် အလိုလိုက်တဲ့ အိမ်ဦးနတ်ကြီးရထားတာ...)))

    ReplyDelete
  23. ‌ဟေ‌ဟေ့..အ‌လျှောက်‌ကောင်းလို့အ‌ထောင်းသက်သာသွားတယ်မှတ်ပါ..နို့မို့ဆိုမဆွိလက်ချက်ထင်‌နေတာတပြား
    သားမှ‌လျှော့မှာမဟုတ်ဘူး..သူများလဲလက်နာ‌နေလို့ကွန်ပျူးမဖွင်ြ့ဖစ်တာနဲ့အသိ‌နောက်ကျသွားတယ်...တစ်လီ
    တာဘူးကြီးကိုသက်‌သေထား‌တော့လဲယုံရတာ‌ပေါ့‌လေ..ဟိ။

    ReplyDelete
  24. မ... ဘလော့ဂါတကယ်ပီသတယ်... ဒီလိုအချိန်မျိုးမှာတောင် ဓာတ်ပုံအရရိုက်ယူထားနိုင်တယ်း))

    ReplyDelete
  25. ပထမဆုံးကြိမ်လာဖတ်တာပါ။သွေးလှူထားတော့ အားနည်းသွားတယ်ထင်ပါ့။ အမှတ်တရပေါ့ အစ်မရယ်။ Ambulance စီးဖူးသွားတာပေါ့။ လင့်ယူသွားပြီနော်။

    ReplyDelete
  26. " တော့ ... ကိုကိုခြိမ့် ... တော့ဟာက မပြီးတော့ ဘူးလား.. " ဟု ခဏခဏ မေးနေရသည်။
    ...ဝါးလုံ့းကွဲအောင် ရယ်မိပါတယ်...အကို နဲ့ အမ တို့ ရယ်....
    ချာတာ မှာ ကိုကိုခြိမ့် နဲ့ ခင်ခဲ့ ဖူးတဲ့ ...
    ညီငယ် ပြည့်စုံ

    ReplyDelete