တီတီဆွိရဲ့ ဘလော့ဂ်ပိတ်သတ်ကြီးကလဲ စာမရေးလို့ တဂျီဂျီဆိုတော့ ပို့စ်လေးတစ်ပုဒ်တော့ ဖြစ်ညှစ်ပြီး ရေးလိုက်ဦးမယ်ဂျာ။ ရေးစရာ အကြောင်းအရာတွေ ရှိပေမဲ့ စိတ်အနှောက်အယှက်ဖြစ်စရာတွေဆိုတော့ နောက်မှပဲ ဒီအကြောင်းတွေ ပြန်ရေးဖြစ်မယ်ထင်ပါတယ်။
ခုလောလောဆယ်တော့ သမီးလေးအကြောင်းရေးရတာ စိတ်ချမ်းသာတယ်။ ဂျူဂျူလေးအကြောင်းက စရေးမယ်။ ဟိုနေ့က အသိခလေးတစ်ယောက် ၂နှစ်-၃နှစ်အရွယ်လောက်ပေါ့၊ သူ့အမေ ဟမ်းဖုန်းကိုကိုင်ပြီး ဆော့နေတာ လက်ကမချဘူးဗျာ။ သူ့အမေက ဖုန်းပြောမယ်ဆို ဖုန်းကိုတောင်းတော့ ငိုလိုက်တာ၊ ကော့လန်နေတာပဲ။ အဲဒါနဲ့ အန်တီဆွိကလည်း သတိရသွားတာ။ ဂျူဂျူလေး ငယ်ငယ်တုံးကလဲ ဒီအတိုင်းပဲလို့။ ဖုန်းလက်ထဲရောက်ရင် ပြန်တောင်းလို့မရတော့ဘူး။ ခြေထောက်ကို ဆောင့်ဆောင့်ပြီးကို ကောက်တာ။ ဆိုးလိုက်တာလဲ အရမ်းပဲ။ ပေတေတေ၊ ဂျစ်ကပ်ကပ်နဲ့။ ဟမ်မလေး ဒီလိုသာဆို ကြီးရင်မလွယ်ဘူး။ ဘယ်လိုထိမ်းရမလဲဆို စိတ်ညစ်ခဲ့ရတာ။ ခုကြီးလာတော့လဲ ပြောတာ၊ ဆုံးမတာ နားလည်လာတော့ လိမ္မာလာတယ်ပြောရမယ်။ သမီးနဲ့ပတ်သတ်လို့ စိတ်ညစ်ရတယ်ရယ်လို့ မရှိပါဘူး။ အဲဒီအတွက်တော့ တော်တော်စိတ်ချမ်းသာရတယ်။
စာကတော့ အဖေတူသမီးဆိုတော့ ပျင်းတယ်။ ကျောင်းက ပေးတဲ့ အိမ်စာ၊ ကျူရှင်ကပေးတဲ့ အိမ်စာလောက် တာဝန်ကျေရုံလောက်ပဲ လုပ်ချင်တာ။ ဉာဏ်လေး ကောင်းလို့သာ တော်တော့တယ်။ ကြီးလာတော့ လိမ္မာလာသလို အမေကိုလဲ ဆရာလုပ်ချင်လာတယ်။ အမေက သူ့ကို အင်္ဂလိပ် spelling တွေ မေးရင်းနဲ့ အင်္ဂလိပ်အသံထွက်တွေ မှားနေရင် သူက ပြင်ပြင်ပေး။ အမေက စာရေးရင် spelling တွေမှားလွန်းလို့ သူက ထောက်ပေးနဲ့ ဆရာကတော့ လုပ်ချက်။
ပြီးတော့သူက သီချင်းတွေဘာတွေလဲ ဝါသနာပါတော့ ဒီအရွယ်နဲ့တင် အော်ဇီက အဆိုတော်နာမည်တွေ၊ အမေရိကားက အဆိုတော်နာမည်တွေလဲ အကုန်သိနေတယ်။ ဆယ်ကျော်သက်တွေလို သီချင်းတွေလဲ ရေဒီယိုက လာသမျှသီချင်း အကုန်ရ။ အကုန်လိုက်ဆို အဟုတ်ပဲ။ သီချင်းတစ်ပုဒ်လာရင် ဖေဖေ မပြောနဲ့နော်ဆို ... မအေလုပ်သူ အူတူတူ အတတကို ဘယ်သူဆိုတာလဲ။ သီချင်းနာမည်ကဘာလဲ။ ပဟေဠိမေးလိုမေး၊ အဲလိုတွေ အမေကို ဆရာလုပ်တာ။ တီဗီက အစီအစဉ်တွေလဲ လာသမျှအကုန်ကြိုက်။ အဲဒါ ဂျူဂျူ့ ဖေးဘရိတ်ရှိူးလေ ဆို အမြဲပြောတယ်။ ဒါပြီး နောက်တစ်ခုလာတော့လဲ ဂျူဂျူ့ ဖေးဘရိတ်ပဲ။ အဲဒါကျ သူ့အဖေနဲ့ အဖော်ရတယ်။ သားအဖ၂ယောက် တီဗီကြည့်ရင်း လူကြီးတွေလိုပဲ သူက ဝေဖန်တတ်နေပြီ။
နောက်ပြီး အမေအရယ်သန်နေရင်လဲ သူမကြိုက်ဘူး။ သိတဲ့အတိုင်း အန်တီဆ်ွိကလဲ အရယ်က သိပ်သန်တာ။ ဟာသကားတွေ ဘာတွေများကြည့်ရင် ရယ်ရပြီးသားဟာကို ပြန်ပြန်တွေးပြီး အူတက်ပြီး ရယ်ချင်နေတဲ့အမျိုး။ အဲဒါဆို မအေပါးစပ်ကို လက်နဲ့ ပိတ်ပြီး မေမေတော်တော့ဆို ဘယ်လိုလဲတော့မသိဘူး။ အဲလိုအတောမသတ်ရယ်နေရင် သူမကြိုက်ဘူး။
ဟိုတစ်လောကလဲ ရထားကြီးနဲ့ ဘာရယ်မဟုတ် ၊ ရထားစီးချင်လွန်းလို့ အပျော်ခရီးတစ်ခုသွားကြတာ။ အပြန်ကျ သူငယ်ချင်းတစ်ယောက် ခရစ်စမတ်ပွဲဖိတ်ထားတော့ အဝေးကြီးလဲ သွားမရတော့ အပြန်ရထားနဲ့ ချိတ်မိအောင်တွက်ချက်ပြီး လမ်းလည်ဘူတာတစ်ခုမှာ ဆင်းရအောင်ရွေးလိုက်တာ။ ဘယ်လောက်ဝေးမယ် ဘာရယ်သိတာမဟုတ်ဘူး။ အဲဒါနဲ့ ရထားက ဆစ်ဒနီဘူတာကြီးကနေ ထွက်လာတာပေါ့။ ရထားတော့ စီးရတော့မယ်။ ခရီးနဲနဲရှည်ရှည်လေးပေါ့။ မြန်မာပြည်မှာ ငယ်ငယ်က စီးခဲ့ရတာ သတိရ။ သမီးက ဘေးက၊ သူ့အဖေကတော့ အဲကွန်းက အေးအေးနဲ့ ဇိမ်နဲ့တောင် နှပ်နေတာ။ လမ်းဘေးရှူခင်းတွေကြည့်ရင်း စိတ်ကလဲ ကြည်လင်နေတာပဲ။ အဲသမှာဗျာ ရထားက ဆစ်ဒနီကထွက်ပြီး အေးဆေးစီးတော့မယ်ဆို ပြင်ခါရှိသေး နောက် ၂ဘူတာဆို ကိုယ်တွေ ဆင်းရမဲ့ ဘူတာရောက်ပြီတဲ့ဗျား။ ကိုယ်က ခုမှ စစီးတယ်ထင်တာ။ ဆင်းရတော့မယ်ဆိုတော့ ငိုအားထက်ရယ်အားသန် အန်တီဆွိမှာ ဦးခြိမ့်နဲ့ ပြောပြောပြီး ရယ်တာ ... ရယ်တာ အတောမသတ်နိူင်တော့ဘူး။ အဲသမှာ ဘေးကဂျူဂျူက သူ့အမေကြီး အတောမသတ် ထိမ်းမနိူင်သိမ်းမရ ရယ်နေတာကို အနားက ခရီးသည်တွေလဲပါတော့ " မေမေ တော်တော့ တော်တော့ " ဆိုပြောတာ မရလို့ တစ်လမ်းလုံး အမေကို စိတ်ကောက်တာ မနဲချော့လိုက်ရတယ်။ သူ့စိတ်ထဲမှာ သူ့အမေက လူကြားထဲ အဲလိုကြီးရယ်နေတာ မြင်မကောင်းဘူးထင်နေတာ နေမှာပေါ့။
မေကိုလည်း ချစ်တာမှ တုန်နေတာပဲ။ တစ်ခါတစ်လေ အမေနား ကပ် လှဲနေရင်းနဲ့ "I love you the most in the universe." ဆိုတာတွေလဲ ပြောရဲ့လားပြောရဲ့။ နေရင်းထိုင်ရင်း မေမေ့ကို ဖက်ဦးမယ်ဆို ဖက်ပြီး အခါခါ အလီလီ နမ်းလား နမ်းရဲ့။ သမီးလေးရဲ့ မောမယ်၊ တော်တော့၊ မနမ်းနဲ့တော့ဆိုလဲမရ။ သူ့အဖေဆီက အနမ်းအမွေရထားတော့ အတောမသတ်အောင် နမ်းနေတော့တာပဲ။
ဒီနေ့လဲ ရေချိုးခါနီး အိမ်သာမှာ ရှူးရှူးပေါက်ရင်းနဲ့ " မေမေ ဂျူဂျူ အီအီး တစ်တုံးလောက်ပါမယ်နော်။ သိလား၊ ခဏလေးမေမေ" ဆို အော်ပြောနေတယ်။ မအေလုပ်သူက သူချိုးဖ်ို့ ရေပူတွေကို ရေချိူးကန်ထဲ ထည့်ပြီး ဂျူဂျူ ရေချိုးရအောင်ဆို ခဏခဏခေါ်နေရတော့ အမေ စိတ်တိုပြီး ဆူမှာကြောက်လို့ မျက်နှာချိုသွေးပြီး အီးလေးတစ်တုံးလောက်လေးပဲ ပါမှာပါဆို အော်နေတော့ သနားတောင် သနားသွားတယ်။ "ရပါတယ် သမီးရယ် တစ်တုံးတင်မက ငါ့သမီး ကြိုက်သလောက်ပါ .. အဝပါ"ဆို ပြောယူရတယ်။
တစ်ခုခု သူမှားသွားပြီဆိုလဲ " sorry မေမေ .. sorry " ဆို တွင်တွင်ပါအောင် ပြောတတ်သေးတာ။ မအေလုပ်သူကလည်း တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲနေ၊ အိမ်အလုပ်တွေ ဇယ်ဆက်သလို လုပ်ရတဲ့ ကြားထဲ သမီးက ခိုင်းရင် ချက်ချင်းမလုပ်တာတို့၊ တီဗီကို တမေ့တမော ကြည့်နေတာတို့ ၊ အစားအသောက်ကို မြန်မြန်မစားပဲ နှေးနေတာတို့ကျ တစ်ခါတစ်ရံ စိတ်မရှည်တော့ သမီးကို ဆူမိရော။ ဆူတယ်ဆိုတာထက် နားလည်အောင် တတွတ်တွတ် ပြောပြရတာပေါ့။ အဲဒါဆို မအေကိုဖက်နမ်းပြီး " မေမေ ဂျူဂျူ့ကို မဆူနဲ့နော်.. '' ဆို မျက်နှာငယ်လေးနဲ့ အသံလေးကသနားစဖွယ်လုပ်ပြီး ပြောလာရင် စိတ်ထဲ မကောင်းပြန်ဘူး။ သမီး မေမေဆူမှာ မကြောက်ရဘူးနော်။ ငါ့သမီးလေးကို မေမေက ချစ်လို့ ပြောနေရတာ။ မချစ်ရင် မေမေက ဘာမှ မပြောတော့ဘူး။ လျှစ်လျှူရှုနေမှာပေါ့။ မေမေ ဆူမှာ မကြောက်ရဘူးနော်ဆို နားလည်အောင် ပြန်ပြောရတယ်။ ကိုယ်တိုင်လည်း သမီးကို တော်ရုံတန်ရုံ မဆူမိဖို့ကို သတိထားနေရတယ်။ တော်နေ ခလေးက အမေဆူမှာ ကြောက်လို့ လိမ်တာတို့၊ ညာတာတိုု့၊ ဖုံးကွယ်ထားတာတို့၊ စိတ်ဆင်းရဲမှာတို့ မဖြစ်စေချင်ဘူး။
စိတ်ဆင်းရဲမှာဆိုလို့ ငယ်ငယ်က အဖြစ်လေး တစ်ခုသတိရတယ်။ အန်တီဆွိတို့ ငယ်ငယ်ကဆို သိတဲ့ အတိုင်း မဆလ ခေတ်ဆိုတော့ ပစ္စည်း ပစ္စယ အင်မတန်ရှားပါးတယ်။ အဲဒီခေတ်က ကော်ပေတံဆိုတာ ပလပ်စတစ် ပေတံ အကြည်လေးတွေပေါ့။ ခုခေတ်တော့ ပေါမှပေါပဲ။ ပုံမှန်ဆို သစ်သားပေတံ အဝါတွေပဲ ကိုင်ရတာဆိုတော့ အသစ်အဆန်း ကော်ပေတံ ပြောင်ပြောင်လေးတွေ သိပ်လိုချင်တာ။ အဲဒါ ကျောင်းမှာ မဲပေါက်မှ ဝယ်လို့ရတာ။ အဲဒီပေတံလေး မဲပေါက်လို့ အမေတို့က ဝယ်ပေးထားတာမှာ တစ်ရက်တော့ ကျောင်းမှာ ကျန်ခဲ့ပြီး ပျောက်ပါလေရော။ ခုခေတ်လို ပျောက်လို့ နောက်တစ်ချောင်း ပြန်ဝယ်လို့ ရတဲ့ခေတ်လဲ မဟုတ်ဘူးလေ။ အဲဒါလေး ပျောက်တော့ ကိုယ်တိုင် နှမြောတာထက်၊ အိမ်က အမေတို့ ဆူမှာ ပိုကြောက်ပြီး အိမ်ကိုလဲ မပြောရဲ၊ ခလေးအရွယ်လေး တစ်ယောက်တည်း တိတ်တိတ်လေးကြိတ်ပြီး စိတ်ဆင်းရဲခဲ့ရတာ သတိရမိလို့။ သမီးကိုလဲ အဲလို စိတ်ဆင်းရဲတာမျိုး မဖြစ်စေချင်တာ။
ဂျူဂျူတို့ အမေပင်ပန်းနေပြီဆိုလည်း ပြုစုတတ်သေးတယ်။ တစ်ခါသား တစ်နေကုန် အိမ်အလုပ်တွေ ဇယ်ဆက်သလိုလုပ်ရလို့ သမီးရေ မေမေဒီနေ့ အရမ်းပင်ပမ်းတယ်။ တစ်နေကုန် ထိုင်ကိုထိုင်ရသေးဘူး။ ခါးတွေကို ညောင်းနေတာပဲဆို ပြောကာရှိသေး။ မဂျူဂျူး၊ ကုတင်ပေါ်ပြေးတက်တယ်။ ပြီးတော့ နံရံကို ကျောကုန်းနဲ့မှီပြီး ကုတင်ပေါ်ထိုင်နေတဲ့ အမေကို ခြေထောက်နဲ့ ထောင်းထောင်းပြီးနှိပ်ပေးတော့တာပဲ။ သူနင်းပေးတာ တကယ်ကို အညာင်းပြေတယ်။ သူ့မွေးတုံးက breech ဖြစ်နေလို့ ခွဲမွေးရတာဆိုတော့ မြန်မာလိုဆို ရိုးရိုးမွေးရင် ခြေကဖွားပေါ့။ အဲလိုလူတွေက နင်းရင် အရမ်းပေါက်တယ်လို့ သူ့အဒေါ်က ပြောထားတော့ ညောင်းတယ်လို့ စကားအဆုံးမခံဘူး။ ဝုန်းဝုန်းဆို ဖနောင့်နဲ့ တက် ထောင်းတော့တာပဲ။ မအေကို ဆံပင်ဖြူလည်း နှုတ်ပေးသေးတယ်။ အလကားတော့ ဘယ်ရမလဲနော့။ သူ့ကို နှုတ်ခပေးရတာပေါ့။ တစ်ပင် ၅ပြားဆိုတာ ဈေးနဲလို့တဲ့ ပြား၂၀ပေးရတယ်။ ဒါနဲ့ ဂျူဂျူတို့ အမေလဲ သူ့ဆီမှာ အကြွေးတင်နေတာ ၂၄ကျပ် ပြား ၆၀ ခုချိန်ထိ မပေးရသေးဘူး။
ဂျူဂျူတို့တွေ ဒီနေ့ပဲ Natplan စာမေးပွဲပြီးတယ်။ စာမေးပွဲက Year 3 ကျောင်းသားတွေအတွက် သိပ်အရေးကြီးလှတယ် မဟုတ်ပေမဲ့ ငယ်ငယ်က စာမေးပွဲဖြေခါနီး စာတစ်အုပ်လုံး ၏ သည် မရွေး ဒေါင်းဒေါင်းကျေအောင် ကျက်ခဲ့ ကျိူးစားခဲ့တဲ့ အန်တီဆွိကတော့ သူ့သမီးကို စာမေးပွဲမဖြေခင် practice စာအုပ်တွေဝယ်၊ မေးခွန်း sample တွေ အဆက်မပြတ် သမီးကို လုပ်စေခဲ့တယ်။ ကျောင်းကစာတွေ၊ ကျူရှင်က စာတွေကိုလဲ revision ပြန်လုပ်ပေးရသေးတယ်။ သမီးကတော့ အမေကြောက်လို့သာ လုပ်ရ တော်တော်တော့ ငြီးငွေ့ပင်ပမ်းပုံရတယ်။ စာမေးပွဲမှာလဲ အပုဒ်စေ့မကျန်ဖြေဖို့၊ ၂ခေါက် ၃ခေါက် ပြန်စစ်ဖို့၊ မရှမ်းဖို့ အလီလီ အခါခါ မှာရတယ် ။ ဂျူဂျူ တစ်ယောက်ကတော့ သူ့အမေ လေ့ကျင့်ပေးလို့လား၊ အရင် ကူမွန်က အလေ့အကျင့်ကြောင့့်လားမသိ၊ စာလုပ်ရင်တော့ အင်မတန် မြန်တယ်။ သူ့အကျင့်ကိုက မြန်မြန်ပြီး ပြီးရောဆိုတဲ့ အကျင့်များဖြစ်နေလား မဆိုနိူင်ဘူး။ ၄၅မိနစ်ဖြေရမဲ့ မေးခွန်းဆို မိနစ်၂၀လောက်နဲ့ ပြီးနေပြီ။ သင်္ချာဆို အဆိုးဆုံး။ တစ်ချို့ဆို ကိုယ်ကစဉ်းစားနေတုံးရှိသေး သူက ဗြတ်ဗြတ် ဆို ဖြေတာ မြန်မှမြန်။ ပြန်စစ်တော့ အမှားလေးတွေ ၂ခု-၃ခုပါလာတော့ ဟဲ့ သမီးရဲ့ သေချာ ဖြေပါဟဲ့။ မေးခွန်းကို သေချာဖတ်ပါဟဲ့ ဆိုပြောရတယ်။ မနေ့ကလဲ စာမေးပွဲဖြေတော့ ဘယ်အချိန်ကတည်းက ပြီးနေတယ်မသိဘူး။ ဆရာမက ခလေးပျင်းမှာစိုးလို့ စာရွက်အလွတ်တစ်ရွက်ပေးပြီး ပုံဆွဲချင်ဆွဲဆို ပေးထားသတဲ့။ အဲသမှာဗျာ မဂျူဂျူတို့ လုပ်စရာ မရှိတော့ သူ့စာမေးပွဲ မေးခွန်းပထမဆုံး စာမျက်နှာကို တစ်ပုံစံတည်း ကော်ပီကူးရေးထားတာ အိမ်ပြန်ပါလာတော့ အန်တီဆွိတို့ လင်မယားမှာ ငိုရမလား၊ ရယ်ရမလားတောင် မသိတော့ဘူး။
မနေ့ကလဲ သင်္ချာ ဖြေရမှာဆိုတော့ Practice မေးခွန်းတွေ လုပ်ရအောင်ဆိုတော့ ဆရာမက တဲ့ အိမ်မှာ practice ဘာမှ လုပ်စရာမလိုဘူးဆို မှာလိုက်သတဲ့။ ဟုတ်မှဟုတ်ရဲ့လား ဆရာမက စာမေးပွဲတွင်း စာမလုပ်ရဘူးပြောပါ့မလားဆို သေချာမေးကြည့်တော့လဲ ဆရာမက ကျောင်းမှာ Practice တွေ သေချာလုပ်ပြီးသား။ ကျောင်းသားတွေကို အိမ်မှာ ဘာ practice မှ လုပ်စရာမလိုတော့ဘူးလို့ တစ်တန်းလုံးကို မှာလိုက်သတဲ့ဗျား။ သမီးက မညာတတ်တော့ သူပြောတာ ဟုတ်မှာပါလို့။ ထူးဆန်းပါပေ့ ကတွတ်ပီဆိုသလိုပဲ။ အဲဒါနဲ့ပဲ ဆရာမစကား အပြည့့်အ၀ တသွေမသိမ်း၊ မြေဝယ်မကျ နားထောင်တဲ့ မဂျူဂျူတို့ အဲနေ့ညက စာသိပ်မလုပ်လိုက်ရပါဘူးဂျာတို့ရေ။
ခုလဲ မဂျူဂျူတော့ ညနေဖက်ထမင်းစားပြီး ဗိုက်ပြည့်လွန်းလို့ နေလို့မကောင်းလို့ဆို မအေကို လာပြောနေပြန်တယ်၊ ဗိုက်မတင်းပဲ ရှိရမလား။ ပေါင်ချိန်ကြည့်ပြီး သူ့ အလေးချိန် ၂၉ကေဂျီ မပြည့်တာကို ပြည့်အောင် ရေတွေသောက်လိုက်၊ မုန့်တွေစားလိုက် နဲ့ မပြည့်မချင်း စားသောက်ပြီး ပြေးပြေးချိန်တာ ခု ၂၉.၂ ကေဂျီဖြစ်သွားလို့ဆို ဝမ်းသာအားရ ထ အော်ပြီး မကြာပါဘူး။ ဗိုက်ပြည့်လွန်းလို့ဆို ပြောပြန်တယ်။ သူ့မှာ ဟိုက လာကတည်းက ၂၉ကေဂျီကနေ ကျသွားတာ ၂၇ ကေဂျီကို တစ်နှစ်လုံးနီးပါးဆိုတော့ ခု ၂၉ ပြန်ရောက်တော့ အရမ်းပျော်နေတာ။
"သမီးနေလို့မကောင်းရင် အိမ်ထဲလမ်းလျှောက်နေ.."ဆိုတော့ အဲဒါဆို ဂျူဂျူ က 29.2 ထက် ကျသွားမှာပေါ့ဆို ထ မလျှောက်ဘူးဗျာ။ သူကအဲလိုပဲ လူက ပိန်တော့ အလေးချိန်တက်လာရင် အရမ်းပျော်တယ်။ သူ့အမေက သမီးလေး ကစ်လာပြီ၊ ပါးလေးဖောင်းလာပြီ ပြောမိရင် သူငယ်ငယ်က နေမကောင်းဖြစ်ပြီး ပိန်ပိန်သွားတော့ အမေ့ပါးစပ်မှို့ စူးတယ်ဆို လူကြီးတွေ ပြောတာကို မှတ်ထားတာ။ ပါးဖောင်းတယ်ပြောမိရင် သူ့မှာ Touch wood ဆို သစ်သားပြေးကိုင်ရတာအမော။ သူ့မအေကြီးကလဲ သူ့သမီးလေးကို ၀၀ကစ်ကစ်လေးဖြစ်စေချင်တော့ အစားအသောက်ကို သူစားချင်တာတွေ အပင်ပန်းခံချက်ပေး၊ သမီးလေး အရိပ်တကြည့်ကြည့်နဲ့ပဲ။ ညတစ်ရေးနိူးတောင် သမီးပါးလေး ထ ထ စမ်းရတာ အမော။ ပါးလေးဖောင်းရဲ့လား အမြဲစစ်နေရတယ်။
ပြီးခဲ့တဲ့ Mother Day တုံးက အမေကို ပေးခဲ့တဲ့ သူ့ရဲ့ ကိုယ်ပိုင်လက်ရာ Card လေးပါ။ အဲဒီကတ်ပြားနဲ့ လက်ဆောင် ကီးချိန်းလေးကို ကျောင်းမှာလုပ်လာပြီး အမေကို ပေးချင်လွန်းလို့ Mother day ရောက်တဲ့နေ့အထိတောင်မစောင့်ပဲ သောကြာနေ့ကတည်းက ပေးပြီး အနမ်းတွေပါ လက်ဆောင်ပေးထားတာ။
