Thursday, May 17, 2012

အမေ့သမီး ဂျူဂျူလေး

တီတီဆွိရဲ့ ဘလော့ဂ်ပိတ်သတ်ကြီးကလဲ စာမရေးလို့ တဂျီဂျီဆိုတော့ ပို့စ်လေးတစ်ပုဒ်တော့ ဖြစ်ညှစ်ပြီး ရေးလိုက်ဦးမယ်ဂျာ။ ရေးစရာ အကြောင်းအရာတွေ ရှိပေမဲ့ စိတ်အနှောက်အယှက်ဖြစ်စရာတွေဆိုတော့  နောက်မှပဲ ဒီအကြောင်းတွေ ပြန်ရေးဖြစ်မယ်ထင်ပါတယ်။

ခုလောလောဆယ်တော့ သမီးလေးအကြောင်းရေးရတာ စိတ်ချမ်းသာတယ်။ ဂျူဂျူလေးအကြောင်းက စရေးမယ်။ ဟိုနေ့က အသိခလေးတစ်ယောက် ၂နှစ်-၃နှစ်အရွယ်လောက်ပေါ့၊ သူ့အမေ ဟမ်းဖုန်းကိုကိုင်ပြီး ဆော့နေတာ လက်ကမချဘူးဗျာ။ သူ့အမေက ဖုန်းပြောမယ်ဆို ဖုန်းကိုတောင်းတော့ ငိုလိုက်တာ၊ ကော့လန်နေတာပဲ။ အဲဒါနဲ့ အန်တီဆွိကလည်း သတိရသွားတာ။ ဂျူဂျူလေး ငယ်ငယ်တုံးကလဲ ဒီအတိုင်းပဲလို့။ ဖုန်းလက်ထဲရောက်ရင် ပြန်တောင်းလို့မရတော့ဘူး။ ခြေထောက်ကို ဆောင့်ဆောင့်ပြီးကို ကောက်တာ။ ဆိုးလိုက်တာလဲ အရမ်းပဲ။ ပေတေတေ၊ ဂျစ်ကပ်ကပ်နဲ့။ ဟမ်မလေး ဒီလိုသာဆို ကြီးရင်မလွယ်ဘူး။ ဘယ်လိုထိမ်းရမလဲဆို စိတ်ညစ်ခဲ့ရတာ။ ခုကြီးလာတော့လဲ  ပြောတာ၊ ဆုံးမတာ နားလည်လာတော့ လိမ္မာလာတယ်ပြောရမယ်။ သမီးနဲ့ပတ်သတ်လို့ စိတ်ညစ်ရတယ်ရယ်လို့ မရှိပါဘူး။ အဲဒီအတွက်တော့ တော်တော်စိတ်ချမ်းသာရတယ်။

စာကတော့ အဖေတူသမီးဆိုတော့ ပျင်းတယ်။ ကျောင်းက ပေးတဲ့ အိမ်စာ၊ ကျူရှင်ကပေးတဲ့ အိမ်စာလောက် တာဝန်ကျေရုံလောက်ပဲ လုပ်ချင်တာ။ ဉာဏ်လေး ကောင်းလို့သာ တော်တော့တယ်။ ကြီးလာတော့ လိမ္မာလာသလို အမေကိုလဲ ဆရာလုပ်ချင်လာတယ်။ အမေက သူ့ကို အင်္ဂလိပ် spelling တွေ မေးရင်းနဲ့ အင်္ဂလိပ်အသံထွက်တွေ မှားနေရင် သူက ပြင်ပြင်ပေး။ အမေက စာရေးရင်  spelling တွေမှားလွန်းလို့ သူက ထောက်ပေးနဲ့ ဆရာကတော့ လုပ်ချက်။

ပြီးတော့သူက သီချင်းတွေဘာတွေလဲ ဝါသနာပါတော့ ဒီအရွယ်နဲ့တင် အော်ဇီက အဆိုတော်နာမည်တွေ၊ အမေရိကားက အဆိုတော်နာမည်တွေလဲ အကုန်သိနေတယ်။ ဆယ်ကျော်သက်တွေလို သီချင်းတွေလဲ ရေဒီယိုက လာသမျှသီချင်း အကုန်ရ။  အကုန်လိုက်ဆို အဟုတ်ပဲ။ သီချင်းတစ်ပုဒ်လာရင် ဖေဖေ မပြောနဲ့နော်ဆို ...  မအေလုပ်သူ အူတူတူ အတတကို ဘယ်သူဆိုတာလဲ။ သီချင်းနာမည်ကဘာလဲ။ ပဟေဠိမေးလိုမေး၊ အဲလိုတွေ အမေကို ဆရာလုပ်တာ။ တီဗီက အစီအစဉ်တွေလဲ လာသမျှအကုန်ကြိုက်။ အဲဒါ ဂျူဂျူ့ ဖေးဘရိတ်ရှိူးလေ ဆို အမြဲပြောတယ်။ ဒါပြီး နောက်တစ်ခုလာတော့လဲ ဂျူဂျူ့ ဖေးဘရိတ်ပဲ။ အဲဒါကျ သူ့အဖေနဲ့ အဖော်ရတယ်။ သားအဖ၂ယောက် တီဗီကြည့်ရင်း လူကြီးတွေလိုပဲ သူက ဝေဖန်တတ်နေပြီ။

နောက်ပြီး အမေအရယ်သန်နေရင်လဲ သူမကြိုက်ဘူး။ သိတဲ့အတိုင်း အန်တီဆ်ွိကလဲ အရယ်က သိပ်သန်တာ။ ဟာသကားတွေ ဘာတွေများကြည့်ရင် ရယ်ရပြီးသားဟာကို ပြန်ပြန်တွေးပြီး အူတက်ပြီး ရယ်ချင်နေတဲ့အမျိုး။ အဲဒါဆို မအေပါးစပ်ကို လက်နဲ့ ပိတ်ပြီး မေမေတော်တော့ဆို ဘယ်လိုလဲတော့မသိဘူး။ အဲလိုအတောမသတ်ရယ်နေရင် သူမကြိုက်ဘူး။ 

ဟိုတစ်လောကလဲ ရထားကြီးနဲ့ ဘာရယ်မဟုတ် ၊ ရထားစီးချင်လွန်းလို့ အပျော်ခရီးတစ်ခုသွားကြတာ။ အပြန်ကျ သူငယ်ချင်းတစ်ယောက် ခရစ်စမတ်ပွဲဖိတ်ထားတော့ အဝေးကြီးလဲ သွားမရတော့ အပြန်ရထားနဲ့ ချိတ်မိအောင်တွက်ချက်ပြီး လမ်းလည်ဘူတာတစ်ခုမှာ ဆင်းရအောင်ရွေးလိုက်တာ။ ဘယ်လောက်ဝေးမယ် ဘာရယ်သိတာမဟုတ်ဘူး။ အဲဒါနဲ့ ရထားက ဆစ်ဒနီဘူတာကြီးကနေ ထွက်လာတာပေါ့။ ရထားတော့ စီးရတော့မယ်။ ခရီးနဲနဲရှည်ရှည်လေးပေါ့။ မြန်မာပြည်မှာ ငယ်ငယ်က စီးခဲ့ရတာ သတိရ။ သမီးက ဘေးက၊ သူ့အဖေကတော့ အဲကွန်းက အေးအေးနဲ့ ဇိမ်နဲ့တောင် နှပ်နေတာ။ လမ်းဘေးရှူခင်းတွေကြည့်ရင်း စိတ်ကလဲ ကြည်လင်နေတာပဲ။ အဲသမှာဗျာ ရထားက ဆစ်ဒနီကထွက်ပြီး အေးဆေးစီးတော့မယ်ဆို ပြင်ခါရှိသေး နောက် ၂ဘူတာဆို ကိုယ်တွေ ဆင်းရမဲ့ ဘူတာရောက်ပြီတဲ့ဗျား။ ကိုယ်က ခုမှ စစီးတယ်ထင်တာ။ ဆင်းရတော့မယ်ဆိုတော့ ငိုအားထက်ရယ်အားသန် အန်တီဆွိမှာ ဦးခြိမ့်နဲ့ ပြောပြောပြီး ရယ်တာ ... ရယ်တာ အတောမသတ်နိူင်တော့ဘူး။ အဲသမှာ ဘေးကဂျူဂျူက သူ့အမေကြီး အတောမသတ် ထိမ်းမနိူင်သိမ်းမရ ရယ်နေတာကို အနားက ခရီးသည်တွေလဲပါတော့ "  မေမေ တော်တော့ တော်တော့ " ဆိုပြောတာ မရလို့ တစ်လမ်းလုံး အမေကို စိတ်ကောက်တာ မနဲချော့လိုက်ရတယ်။ သူ့စိတ်ထဲမှာ သူ့အမေက လူကြားထဲ အဲလိုကြီးရယ်နေတာ မြင်မကောင်းဘူးထင်နေတာ နေမှာပေါ့။


မေကိုလည်း ချစ်တာမှ တုန်နေတာပဲ။ တစ်ခါတစ်လေ အမေနား ကပ် လှဲနေရင်းနဲ့ "I love you the most in the universe." ဆိုတာတွေလဲ  ပြောရဲ့လားပြောရဲ့။ နေရင်းထိုင်ရင်း မေမေ့ကို ဖက်ဦးမယ်ဆို ဖက်ပြီး အခါခါ အလီလီ နမ်းလား နမ်းရဲ့။ သမီးလေးရဲ့ မောမယ်၊ တော်တော့၊ မနမ်းနဲ့တော့ဆိုလဲမရ။ သူ့အဖေဆီက အနမ်းအမွေရထားတော့ အတောမသတ်အောင် နမ်းနေတော့တာပဲ။

ဒီနေ့လဲ ရေချိုးခါနီး အိမ်သာမှာ ရှူးရှူးပေါက်ရင်းနဲ့ " မေမေ ဂျူဂျူ အီအီး တစ်တုံးလောက်ပါမယ်နော်။ သိလား၊ ခဏလေးမေမေ" ဆို အော်ပြောနေတယ်။ မအေလုပ်သူက သူချိုးဖ်ို့ ရေပူတွေကို ရေချိူးကန်ထဲ ထည့်ပြီး ဂျူဂျူ ရေချိုးရအောင်ဆို ခဏခဏခေါ်နေရတော့ အမေ စိတ်တိုပြီး ဆူမှာကြောက်လို့ မျက်နှာချိုသွေးပြီး အီးလေးတစ်တုံးလောက်လေးပဲ ပါမှာပါဆို အော်နေတော့ သနားတောင် သနားသွားတယ်။ "ရပါတယ် သမီးရယ် တစ်တုံးတင်မက ငါ့သမီး ကြိုက်သလောက်ပါ .. အဝပါ"ဆို ပြောယူရတယ်။ 

တစ်ခုခု သူမှားသွားပြီဆိုလဲ " sorry မေမေ .. sorry " ဆို တွင်တွင်ပါအောင် ပြောတတ်သေးတာ။ မအေလုပ်သူကလည်း တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲနေ၊ အိမ်အလုပ်တွေ ဇယ်ဆက်သလို လုပ်ရတဲ့ ကြားထဲ သမီးက ခိုင်းရင် ချက်ချင်းမလုပ်တာတို့၊ တီဗီကို တမေ့တမော ကြည့်နေတာတို့ ၊ အစားအသောက်ကို မြန်မြန်မစားပဲ နှေးနေတာတို့ကျ တစ်ခါတစ်ရံ စိတ်မရှည်တော့ သမီးကို ဆူမိရော။ ဆူတယ်ဆိုတာထက် နားလည်အောင် တတွတ်တွတ် ပြောပြရတာပေါ့။ အဲဒါဆို မအေကိုဖက်နမ်းပြီး " မေမေ ဂျူဂျူ့ကို မဆူနဲ့နော်.. '' ဆို မျက်နှာငယ်လေးနဲ့ အသံလေးကသနားစဖွယ်လုပ်ပြီး ပြောလာရင် စိတ်ထဲ မကောင်းပြန်ဘူး။ သမီး မေမေဆူမှာ မကြောက်ရဘူးနော်။ ငါ့သမီးလေးကို မေမေက ချစ်လို့ ပြောနေရတာ။ မချစ်ရင် မေမေက ဘာမှ မပြောတော့ဘူး။ လျှစ်လျှူရှုနေမှာပေါ့။  မေမေ ဆူမှာ မကြောက်ရဘူးနော်ဆို နားလည်အောင် ပြန်ပြောရတယ်။  ကိုယ်တိုင်လည်း သမီးကို တော်ရုံတန်ရုံ မဆူမိဖို့ကို သတိထားနေရတယ်။ တော်နေ ခလေးက အမေဆူမှာ ကြောက်လို့ လိမ်တာတို့၊ ညာတာတိုု့၊ ဖုံးကွယ်ထားတာတို့၊ စိတ်ဆင်းရဲမှာတို့ မဖြစ်စေချင်ဘူး။

  စိတ်ဆင်းရဲမှာဆိုလို့ ငယ်ငယ်က အဖြစ်လေး တစ်ခုသတိရတယ်။ အန်တီဆွိတို့ ငယ်ငယ်ကဆို သိတဲ့ အတိုင်း မဆလ ခေတ်ဆိုတော့ ပစ္စည်း ပစ္စယ အင်မတန်ရှားပါးတယ်။ အဲဒီခေတ်က ကော်ပေတံဆိုတာ ပလပ်စတစ် ပေတံ အကြည်လေးတွေပေါ့။ ခုခေတ်တော့ ပေါမှပေါပဲ။ ပုံမှန်ဆို သစ်သားပေတံ အဝါတွေပဲ ကိုင်ရတာဆိုတော့ အသစ်အဆန်း ကော်ပေတံ ပြောင်ပြောင်လေးတွေ သိပ်လိုချင်တာ။ အဲဒါ ကျောင်းမှာ မဲပေါက်မှ ဝယ်လို့ရတာ။ အဲဒီပေတံလေး မဲပေါက်လို့ အမေတို့က ဝယ်ပေးထားတာမှာ တစ်ရက်တော့ ကျောင်းမှာ ကျန်ခဲ့ပြီး ပျောက်ပါလေရော။ ခုခေတ်လို ပျောက်လို့ နောက်တစ်ချောင်း ပြန်ဝယ်လို့ ရတဲ့ခေတ်လဲ မဟုတ်ဘူးလေ။ အဲဒါလေး ပျောက်တော့ ကိုယ်တိုင် နှမြောတာထက်၊ အိမ်က အမေတို့ ဆူမှာ ပိုကြောက်ပြီး အိမ်ကိုလဲ မပြောရဲ၊ ခလေးအရွယ်လေး တစ်ယောက်တည်း တိတ်တိတ်လေးကြိတ်ပြီး စိတ်ဆင်းရဲခဲ့ရတာ သတိရမိလို့။ သမီးကိုလဲ အဲလို စိတ်ဆင်းရဲတာမျိုး မဖြစ်စေချင်တာ။


 ဂျူဂျူတို့ အမေပင်ပန်းနေပြီဆိုလည်း ပြုစုတတ်သေးတယ်။ တစ်ခါသား တစ်နေကုန် အိမ်အလုပ်တွေ ဇယ်ဆက်သလိုလုပ်ရလို့ သမီးရေ မေမေဒီနေ့ အရမ်းပင်ပမ်းတယ်။ တစ်နေကုန် ထိုင်ကိုထိုင်ရသေးဘူး။ ခါးတွေကို ညောင်းနေတာပဲဆို ပြောကာရှိသေး။ မဂျူဂျူး၊ ကုတင်ပေါ်ပြေးတက်တယ်။ ပြီးတော့ နံရံကို ကျောကုန်းနဲ့မှီပြီး ကုတင်ပေါ်ထိုင်နေတဲ့ အမေကို ခြေထောက်နဲ့ ထောင်းထောင်းပြီးနှိပ်ပေးတော့တာပဲ။ သူနင်းပေးတာ တကယ်ကို အညာင်းပြေတယ်။ သူ့မွေးတုံးက breech ဖြစ်နေလို့ ခွဲမွေးရတာဆိုတော့ မြန်မာလိုဆို ရိုးရိုးမွေးရင် ခြေကဖွားပေါ့။ အဲလိုလူတွေက နင်းရင် အရမ်းပေါက်တယ်လို့ သူ့အဒေါ်က ပြောထားတော့ ညောင်းတယ်လို့ စကားအဆုံးမခံဘူး။ ဝုန်းဝုန်းဆို ဖနောင့်နဲ့ တက် ထောင်းတော့တာပဲ။ မအေကို ဆံပင်ဖြူလည်း နှုတ်ပေးသေးတယ်။  အလကားတော့ ဘယ်ရမလဲနော့။ သူ့ကို နှုတ်ခပေးရတာပေါ့။ တစ်ပင် ၅ပြားဆိုတာ ဈေးနဲလို့တဲ့ ပြား၂၀ပေးရတယ်။ ဒါနဲ့ ဂျူဂျူတို့ အမေလဲ သူ့ဆီမှာ အကြွေးတင်နေတာ ၂၄ကျပ် ပြား ၆၀ ခုချိန်ထိ မပေးရသေးဘူး။
 
ဂျူဂျူတို့တွေ ဒီနေ့ပဲ Natplan စာမေးပွဲပြီးတယ်။ စာမေးပွဲက Year 3 ကျောင်းသားတွေအတွက် သိပ်အရေးကြီးလှတယ် မဟုတ်ပေမဲ့ ငယ်ငယ်က စာမေးပွဲဖြေခါနီး စာတစ်အုပ်လုံး ၏ သည် မရွေး ဒေါင်းဒေါင်းကျေအောင် ကျက်ခဲ့ ကျိူးစားခဲ့တဲ့ အန်တီဆွိကတော့ သူ့သမီးကို စာမေးပွဲမဖြေခင် practice စာအုပ်တွေဝယ်၊ မေးခွန်း sample တွေ အဆက်မပြတ် သမီးကို လုပ်စေခဲ့တယ်။ ကျောင်းကစာတွေ၊ ကျူရှင်က စာတွေကိုလဲ revision ပြန်လုပ်ပေးရသေးတယ်။ သမီးကတော့ အမေကြောက်လို့သာ လုပ်ရ တော်တော်တော့ ငြီးငွေ့ပင်ပမ်းပုံရတယ်။ စာမေးပွဲမှာလဲ အပုဒ်စေ့မကျန်ဖြေဖို့၊ ၂ခေါက် ၃ခေါက် ပြန်စစ်ဖို့၊ မရှမ်းဖို့ အလီလီ အခါခါ မှာရတယ် ။  ဂျူဂျူ တစ်ယောက်ကတော့ သူ့အမေ လေ့ကျင့်ပေးလို့လား၊ အရင် ကူမွန်က အလေ့အကျင့်ကြောင့့်လားမသိ၊ စာလုပ်ရင်တော့ အင်မတန် မြန်တယ်။ သူ့အကျင့်ကိုက မြန်မြန်ပြီး ပြီးရောဆိုတဲ့ အကျင့်များဖြစ်နေလား မဆိုနိူင်ဘူး။ ၄၅မိနစ်ဖြေရမဲ့ မေးခွန်းဆို မိနစ်၂၀လောက်နဲ့ ပြီးနေပြီ။ သင်္ချာဆို အဆိုးဆုံး။ တစ်ချို့ဆို ကိုယ်ကစဉ်းစားနေတုံးရှိသေး သူက ဗြတ်ဗြတ် ဆို ဖြေတာ မြန်မှမြန်။ ပြန်စစ်တော့ အမှားလေးတွေ ၂ခု-၃ခုပါလာတော့ ဟဲ့ သမီးရဲ့ သေချာ ဖြေပါဟဲ့။ မေးခွန်းကို သေချာဖတ်ပါဟဲ့ ဆိုပြောရတယ်။ မနေ့ကလဲ စာမေးပွဲဖြေတော့ ဘယ်အချိန်ကတည်းက ပြီးနေတယ်မသိဘူး။ ဆရာမက ခလေးပျင်းမှာစိုးလို့ စာရွက်အလွတ်တစ်ရွက်ပေးပြီး ပုံဆွဲချင်ဆွဲဆို ပေးထားသတဲ့။ အဲသမှာဗျာ မဂျူဂျူတို့ လုပ်စရာ မရှိတော့ သူ့စာမေးပွဲ မေးခွန်းပထမဆုံး စာမျက်နှာကို တစ်ပုံစံတည်း ကော်ပီကူးရေးထားတာ အိမ်ပြန်ပါလာတော့ အန်တီဆွိတို့ လင်မယားမှာ ငိုရမလား၊ ရယ်ရမလားတောင် မသိတော့ဘူး။ 

မနေ့ကလဲ သင်္ချာ ဖြေရမှာဆိုတော့ Practice  မေးခွန်းတွေ လုပ်ရအောင်ဆိုတော့ ဆရာမက တဲ့ အိမ်မှာ practice ဘာမှ လုပ်စရာမလိုဘူးဆို မှာလိုက်သတဲ့။ ဟုတ်မှဟုတ်ရဲ့လား ဆရာမက စာမေးပွဲတွင်း စာမလုပ်ရဘူးပြောပါ့မလားဆို သေချာမေးကြည့်တော့လဲ ဆရာမက ကျောင်းမှာ Practice တွေ သေချာလုပ်ပြီးသား။ ကျောင်းသားတွေကို အိမ်မှာ ဘာ practice မှ လုပ်စရာမလိုတော့ဘူးလို့ တစ်တန်းလုံးကို မှာလိုက်သတဲ့ဗျား။ သမီးက မညာတတ်တော့ သူပြောတာ ဟုတ်မှာပါလို့။ ထူးဆန်းပါပေ့ ကတွတ်ပီဆိုသလိုပဲ။ အဲဒါနဲ့ပဲ ဆရာမစကား အပြည့့်အ၀ တသွေမသိမ်း၊ မြေဝယ်မကျ နားထောင်တဲ့ မဂျူဂျူတို့ အဲနေ့ညက စာသိပ်မလုပ်လိုက်ရပါဘူးဂျာတို့ရေ။

 ခုလဲ မဂျူဂျူတော့ ညနေဖက်ထမင်းစားပြီး ဗိုက်ပြည့်လွန်းလို့ နေလို့မကောင်းလို့ဆို မအေကို လာပြောနေပြန်တယ်၊ ဗိုက်မတင်းပဲ ရှိရမလား။ ပေါင်ချိန်ကြည့်ပြီး သူ့ အလေးချိန် ၂၉ကေဂျီ မပြည့်တာကို ပြည့်အောင် ရေတွေသောက်လိုက်၊ မုန့်တွေစားလိုက် နဲ့ မပြည့်မချင်း စားသောက်ပြီး ပြေးပြေးချိန်တာ ခု ၂၉.၂ ကေဂျီဖြစ်သွားလို့ဆို ဝမ်းသာအားရ ထ အော်ပြီး မကြာပါဘူး။ ဗိုက်ပြည့်လွန်းလို့ဆို ပြောပြန်တယ်။ သူ့မှာ ဟိုက လာကတည်းက ၂၉ကေဂျီကနေ ကျသွားတာ ၂၇ ကေဂျီကို တစ်နှစ်လုံးနီးပါးဆိုတော့ ခု ၂၉ ပြန်ရောက်တော့ အရမ်းပျော်နေတာ။

"သမီးနေလို့မကောင်းရင် အိမ်ထဲလမ်းလျှောက်နေ.."ဆိုတော့ အဲဒါဆို ဂျူဂျူ က 29.2 ထက် ကျသွားမှာပေါ့ဆို ထ မလျှောက်ဘူးဗျာ။ သူကအဲလိုပဲ လူက ပိန်တော့ အလေးချိန်တက်လာရင် အရမ်းပျော်တယ်။ သူ့အမေက သမီးလေး ကစ်လာပြီ၊ ပါးလေးဖောင်းလာပြီ ပြောမိရင် သူငယ်ငယ်က နေမကောင်းဖြစ်ပြီး ပိန်ပိန်သွားတော့ အမေ့ပါးစပ်မှို့ စူးတယ်ဆို လူကြီးတွေ ပြောတာကို မှတ်ထားတာ။ ပါးဖောင်းတယ်ပြောမိရင် သူ့မှာ Touch wood ဆို သစ်သားပြေးကိုင်ရတာအမော။ သူ့မအေကြီးကလဲ သူ့သမီးလေးကို ၀၀ကစ်ကစ်လေးဖြစ်စေချင်တော့ အစားအသောက်ကို သူစားချင်တာတွေ အပင်ပန်းခံချက်ပေး၊ သမီးလေး အရိပ်တကြည့်ကြည့်နဲ့ပဲ။ ညတစ်ရေးနိူးတောင် သမီးပါးလေး ထ ထ စမ်းရတာ အမော။ ပါးလေးဖောင်းရဲ့လား အမြဲစစ်နေရတယ်။

ပြီးခဲ့တဲ့ Mother Day တုံးက အမေကို ပေးခဲ့တဲ့ သူ့ရဲ့ ကိုယ်ပိုင်လက်ရာ Card လေးပါ။ အဲဒီကတ်ပြားနဲ့ လက်ဆောင် ကီးချိန်းလေးကို ကျောင်းမှာလုပ်လာပြီး အမေကို ပေးချင်လွန်းလို့ Mother day ရောက်တဲ့နေ့အထိတောင်မစောင့်ပဲ သောကြာနေ့ကတည်းက ပေးပြီး အနမ်းတွေပါ လက်ဆောင်ပေးထားတာ။



35 comments:

  1. မိဘတွေကသမီးဆိုပိုချစ်တယ်နော်..
    ဒို့ကတော့သားမှသားပဲ...ဟဟ

    ReplyDelete
  2. ကလေးတွေက ဆူမှာ ကြောက်လို့ လိမ်တာတို့၊ ညာတာတို့ လုပ်တာကြားဖူးတယ်။အသိ အိန္ဒိယ လင်းမယား ရဲ့ သမီး ၆နှစ်ပေါ့။မအေလုပ်သူက စိတ်တိုတတ်တော့ ခဏ ခဏ ဆူတော့ အခုဆို ကျောင်းကကိစ္စတွေ ဆိုအမှန်မပြောတော့ဘူး လိမ်လိမ်ပြောလို့ အမေလုပ်သူက လိုက်ပြီးစုံစမ်းရတယ်။

    ReplyDelete
  3. တဦးတည်းသောသမီးတို.ရဲ. အမေတွေ အတူတူချည်းဘဲထင်တယ်။

    ReplyDelete
  4. ကျမ်းမာရင် ပြီးတာပါပဲ တီဆွိရယ်..
    ဒို့တုန်းကလဲ အမေက ၀၀ကစ်ကစ်လေးမှ ချစ်စရာ
    ဆိုပြီး တချိန်လုံး ၀ယ်ကျွေး ချက်ကျွေး အမျိုးမျိုးလုပ်နေတာ၊
    သူလဲ တီဆွိလို ဟုမ်းဆွိဟုမ်းပေါ့၊ ဒို့ကလဲ ဂျူဂျူးလေးလို တဦးတည်း
    သော သမီးကိုး၊ နောက် ကြီးလာတော့ စားတတ်သောက်တတ်တာ
    အကျင့်တွေပါပြီး ခင်ဝတုတ်ဖြစ်လာတော့တယ်။
    ဂျူဂျူးလေးက မပိန်ပါဘူးကွယ် ၊ ချစ်စရာအလွန်ကောင်းပါတယ်။
    သူ့အမေကို ချစ်တဲ့အကြောင်းတွေ ဖတ်ရတာ ဒို့ငယ်ငယ်က အဖြစ်တွေ
    သိပ်သတိရစေတယ်။
    တီဆွိတို့ မိသားစုအကြောင်းလေးတွေ ဖတ်ရတာ စိတ်ကြည်နူးမိတယ်။

    ReplyDelete
  5. ဂျူးဂျူးလေးကိုနှုတ်ဆက်ပေးပါအုံး။

    ReplyDelete
  6. Love the whole post!
    Iora

    ReplyDelete
  7. လိမ္မာသိတတ်တဲ့ သမီးချောချောလေးရထားတာ တကယ့်ရတနာဘဲနော်း)

    ReplyDelete
  8. အမေ ရဲ့ အဝေးမှာ ရောက်နေရတော့ တီတီဆွိရဲ့ စာကိုဖတ်ပြီး လွမ်းမိတယ်

    မေမေလည်း တီဆွိလိုပဲ

    အိမ်ကိုအလည်ပြန်တယ့်အချိန်မှာလည်း အဲလိုပဲဂရုစိုက်တယ်

    သူ များတွေကတောင် ချစ်တတ်လိုက်တာလို့ ပြောယူရတယ်

    ဇွန်

    ReplyDelete
  9. ဂျူးဂျူးလေးအကြောင်းဖတ်ရတာ သိပ်သဘောကျတယ်..တီဆွီတို့ နေကောင်းကျရဲ့ လား ခုအေးနေပြီဆိုတော့ ကွေးနေကြမှာဘယ် ဂျူးဂျူးလေးအကြောင်းတီဆွီရေးတာလေးတွေ Bookmarks လုပ်ထားတယ် သမီးလေးကြီးလာ၇င်ဖတ်ပြဖို့ ခုတော့  ၆ ပါတ်ပဲရှိသေးလို့ ငိုလိုက်ရီလိုက်နို့ စို့ လိုက်ပဲရှိသေးတယ် Happy belated Mothers day TTsweet

    ReplyDelete
  10. အစ်မဆွိရေ..
    အလုပ်နည်းနည်းပါးချိန် စာတွေ ပြန်လိုက်ဖတ်တုန်း အမေချောနဲ့ သမီးချောအကြောင်း ဖတ်လိုက်ရတာ ကြည်နူးစရာ..။ မြသွေးလဲ သမီးလေးတစ်ယောက်လိုချင် စိတ်တောင်ပေါက်လာတယ်။ ဒီမှာက သားဆိုတော့ ဖအေနဲ့ အနီးကပ်ဆုံး ဖြစ်နေတော့ တခါတခါ အကျိုးအကြောင်း ပြောချင်ဆိုချင်ရင်တောင် သူ့အဖေက ၀င်ဟန့်တာ လွန်နေလို့ မနက်ကပဲ နှစ်ယောက်သား သားကွယ်ရာမှာ ရှော့မီတင်လုပ်ခဲ့ရသေးတယ်။ မိဘဆိုတာ သားသမီးတွေအတွက် ပေးဆပ်ချင်နေသူများ ပါဘဲနော်။

    ReplyDelete
  11. တီတီဆွိ,
    မီးကတီဆွိရဲ့ စာဖတ်ပရိသတ်ပါ... ဒီနေ့မှ ပိုစ့်အသစ်ဖတ်ရတာ... တီဆွိ blog ကိုနေ့တိုင်းလာလာချောင်းနေရတယ်... ဘယ်နေ့အသစ်တင်မလဲလို့... ဒီနေ့တော့ ဆန္ဒပြည့်သွားပြီ... အမြဲတမ်းလာအားပေးနော်မယ်နော်...

    မီမီ

    ReplyDelete
  12. တီတီဆွိရေ
    ပိုစ့်အသစ်တင်လို့ ၀မ်းသာသွားတယ်။ အထူးသဖြင့် သမီးလေးဂျူဂျူအကြောင်းဖတ်ရလို့ သဘောကျနေတာ။ ဂျူဂျူလေးက မပိန်ပါဘူးဗျ။
    တီတီဆွိတို့မိသားလေးက အရမ်းပျော်စရာကောင်းတယ်ဗျနော်။
    (လီယို)

    ReplyDelete
  13. သမီးရဲ့ လက်ရေးလေးတွေက လှလိုက်တာ...း)

    သတိရနေတယ်... အားလုံး ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ နေကောင်းကြမယ်လို့ မျှော်လင့်ပါတယ်...

    ReplyDelete
  14. Ma ma sweet, I happy to read your post.Actually I always visit your blog and I like any post.Ju Ju is very beautiful and not thin. I have naughty two sons.Actually I want clever daughter like Ju Ju.That ia my first my comment but I like your any post.After i read about Ju JU I will tell my sons she is very clever and she love her mother.

    ReplyDelete
  15. Hello Sweet Sweet,
    First of all pls say Hi to JuJu & she is so pretty now..I love all of ur posts..& I just realized that aww!!...I always ask for new post...new post...but blogger may have happy or unhappy time, but I never think about that. Anyway..Thanks for sharing....and this is the very good post for me which is telling me how to deal within mom & daughter.

    ReplyDelete
  16. Dear Khin,
    It is ok, no problem at all. We, blogger also please our self when we know that we have FANs who waiting for our new post. Always thanks for encouragement and cheerful comments. I am very sorry for my fans who wait very long for my new post even though my new post is not that good, just for my daughter only and ... so personal. Some times I pray I can write very nice post for my fans, but I am not that capable blogger. Some are still visit and leave comments even though I cannot reply single comments. I would like to apologize for all of them.

    Hi Thida,

    Thank you very much for encouragement. I got more power for next new post. Yes, boys and girls are totally different. Boys stay calm and never express their love to the parents, this is quite normal. They also not so close to the parents.

    I remember, we both prayed at the Shwedagon Pagoda to get a daughter (while the other people pray for a son) since we desperately want a daughter at that time. She is very precious for us.

    သူငယ်ချင်း အန်တီသက်ဝေ
    စိတ်ပိုင်းဆိုင်ရာ အနည်းငယ် slow down ဖြစ်သွားသည်မှလွဲ၍ အားလုံး ကျန်းမာနေကောင်းကြပါတယ်။ ဘလော့ဂ်တွေလဲ မလည်ဖြစ်တော့ သူငယ်ချင်းဆီလည်း မရောက်တာကြာပါပြီ။ စလုံးမှာ ကျန်ခဲ့တဲ့ ခင်ရတဲ့ သူငယ်ချင်းအားလုံးကို အမြဲသတိရနေပါတယ်။ သူငယ်ချင်းတို့ မိသားစုလည်း ကျန်းမာပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။

    ReplyDelete
  17. လီယိုရေ
    ခုလိုအမြဲလာလည်ပြီး ကွန့်မန့်လေးတွေချသွားတာ။ တီတီဆွိအတွက် ကာကွယ်ပြောပေးတာ အမြဲကျေးဇူးတင်ပါတယ်။ ဟုတ်တယ် ... ဂျူဂျူလေးလဲ ခုတစ်လော အစားအသောက်ကောင်းနေလို့ ပါးလေးကို ဖောင်းနေတာပဲ။

    မီမီ ပို့အသစ်တင်ရကျိုးနပ်အောင် ကွန်မန့်လေး ရေးပေးသွားတာ ကျေးဇူးနော်။

    မြသွေးရေ ...နောက်တစ်ယောက် သမီးလေးပေါ့။ သားပြည့်က အရမ်းလိမ္မာတာကို။ တို့လဲ သားပြည့်လို သားလိမ္မာလေး တစ်ယောက်လိုချင်နေတာ။ အသက်ကြီးသွားလို့ ...း) ပို့စ်သစ်တင်တာနဲ့ လာလာပြီး ကွန့်မန့်လေးတွေ ရေးရေးသွားတာကျေးဇူးနော်။ မြသွေးဆီတောင် မရောက်တာကြာပြီ။

    AMK
    ဟုတ်တယ် ... ခုဒီမှာ အရမ်းအေးနေပြီ။ ခု ည ၁၀နာရီ၊ အပူချိန် က ၉.၆ ပဲ ရှိတယ်။ နွေရာသီကုန်တော့ ပျော်ရွှင်ဖွယ်ရာ အချိန်လေးတွေ ပျောက်ဆုံးကုန်ပြီပေါ့ကွယ်။ အနွေးထည်ထူထူ အရောင်မှိုင်းမှိုင်းတွေနဲ စိတ်တွေလဲ ထိုင်းမှိုင်းလို့။ အရင်နှစ်ကထက်တော့ နေသားကျလာပါပြီ။

    သမီးလေးမွေးထားတာ ၆ပတ်ဆိုတော့ သိတောင်မသိလိုက်ဘူး။ ဘလော့ဂ်တွေလဲ မရောက်ဖြစ်တော့လို့ အဆက်အသွယ်တွေ ပြတ်နေတယ်။ လာလည်ဦးမယ်။

    ReplyDelete
  18. ဇွန်
    သမီးတွေကလဲ အမေတွေကို ဝေးနေရတော့ သတိရတာပေါ့။ ဖုန်းမှန်မှန်ဆက်ပေါ့ ဇွန်ရေ။

    နော်ဖော့ရေ နော်ဖော့မှာလဲ ချစ်စရာ သားချော သမီးချောလေး ၂ယောက်ရှိတာ တို့က အားကျနေတာ။

    မရှင်လေး Lora ကျေးဇူုးပါ။ ဂျူဂျူလေးကို အန်တီရှင်လေးက နှုတ်ဆက်တဲ့ အကြောင်း ပြောလိုက်ပါ့မယ်ရှင့်။

    မမိုးရေ တစ်ဦးတည်းသော သမီးဆိုတော့ မိဘတွေက တုန်နေအောင်ချစ်မှာပဲ။ သေချာတယ်။ ခင်ဝတုတ်ဆိုတော့ ရယ်ချင်သွားတယ်။ ခုချိန်ထိတော့တို့လဲ ဂျူဂျူးကို ၀၀တုတ်တုတ်လေး ဖြစ်စေချင်တာ။ လာလည်တာ ကျေးဇူးပါ မမိုး။

    အနောနိမတ်စ် ကျေးဇူးနော်။ နောက်ကျရင် နာမည်လေး သိပါရစေလား။ ဘာရယ်မဟုတ် နာမည်လေးတွေနဲ့ဆိုတော့ ပိတ်သတ်တွေကို မှတ်မိလွယ်တာပေါ့နော်။ လမ်းတွေ့ရင်လဲ ခေါ်ရတာပေါ့း))

    ဂျွန်ဝမ်းရေ အဲလို ခလေး လိမ်ညာမှာ။ ဆူမှာကြောက်ပြီး စိတ်ဆင်းရဲနေမှာ အကြောက်ဆုးံပဲ။ တစ်ခါတစ်ရံ စိတ်ကို မထိမ်းနိုင်ပဲ ပြောမိရင်တောင် နောက်ကျ ပြန်ချော့ပြီး နားလည်အောင်ပြောသင့်တယ်။

    Ko 9

    ဟဲဟဲ။ တို့ကတော့ သမီးမှ သမီးပဲ။ ရွှေတိဂုံဘုရားမှာတောင် သမီးဆုပန်ခဲ့တာ။ ကျေးဇူးနော် လာလည်တာ။

    ReplyDelete
  19. ကော်ပေတံ မှတ်မိပါတယ်.. 1 ကျပ်လား မသိဘူးနော်.. ဈေးလည်းကြီးသလို၊ ၀ယ်လို့ လည်း မရဘူး.. ဟုတ်တယ်နော်အမ အဲ့ဒီ့တုန်းကဆိုရင် တစ်ခုခုပျောက်ရင် ကိုယ့်ဘာသာကိုယ် အရမ်းကို ကျိတ်ပြီး ၀မ်းနည်း စိတ်ဆင်းရဲရပြီး ကြောက်လည်းကြောက်နေရတာ...

    ReplyDelete
  20. TTsweet ရေ..
    ရေးတဲ့လူမပြောနဲ့ ဖတ်တဲ့လူတောင် စိတ်ချမ်းသာလိုက်တာ..
    ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အားကျမိပါတယ်..
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  21. ဂျူဂျူ လက်ရေးလေး လှလိုက်တာ..အစ်မ
    ကိုယ့်သမီးလေးကိုယ် သိပ်ချစ်ရတော့ သူများအမေတွေ ချစ်တာ ကြည့်ပြီး ကြည်နူးရတယ်..

    pifpif

    ReplyDelete
  22. တီဆွိရေ
    ဂျုဂျုလေးက ကြီးလေချောလာလေ လိမ္မာလေပဲနော်
    အဲလိုခလေးမျိုးဆိုရင်တော့ ၂ယောက်လောက်မွေးပစ်ချင်တယ်
    :D

    ReplyDelete
  23. ဂျူဂျူးလေး ချစ်ဖို့ကောင်းလိုက်တာ ဆွိရယ်။ ဒီမှာ ကျောင်းတက်တဲ့ကလေးတွေက အဲလိုပဲနော်။ သိတ် ခရီယေးတစ်ဗ်ဖြစ်တယ်။ ကဒ်လေးတွေ၊ ပန်းအိုးလေးတွေ ကိုယ်တိုင် လုပ်တတ်ကြတယ်။ စိတ်ချမ်းသာစရာကောင်းလိုက်တာ.....သမီးလေးတစ်ယောက်ရှိတာ....း)

    ReplyDelete
  24. ပျော်စရာ ကြည်နူးစရာလေး။ သားသမီးလေးတွေ လိမ်မာတယ်ကြားရင် သိပ်စိတ်ချမ်းသာတယ်း)

    နောင့်

    ReplyDelete
  25. I love reading all your posts about JU JU LAY.

    ReplyDelete
  26. မဆွိ‌ရေ..ပြန်ခါနီးမို့လို့အထုပ်အပိုး‌တွေပြင်‌နေရတာနဲ့..ပို့စ်အသစ်တင်ထားတာမသိလိုက်ဘူး..
    ‌နောက်ဆုံးမှမန့်ရတာ‌ဆောရီး‌နော်..တဦးတည်း‌သောသမီး‌မွေးထားတာချင်းတူ‌တော့..နားလည်တယ်
    သူ‌လေးဘာလုပ်လုပ်ချစ်လို့ကိုမဝနိုင်ဘူး..ဂျူဂျူ‌လေးကလဲတ‌နေ့တခြားချစ်စရာ‌ကောင်းလာ
    လိုက်တာ‌နော်..‌ပျော်ရွှင်ချမ်းေ မြ့တဲ့မိသားစု‌ဘဝ‌လေးကိုထာဝရပိုင်ဆိုင်နိုင်ပါ‌စေ‌နော်...။

    ReplyDelete
  27. ဂျူဂျူလေး ရေးထားတဲ့ စာလေးတွေကိုဖတ်ရတာ ဝမ်းသာပီတိဖြစ်ရတယ်..အမေလုပ်ပေးတာတွေကို ဂျူဂျူလေးက တန်ဖိုးထားတတ်တယ်..ကိုယ်တွေတောင် အဲ့ဒီအရွယ်တုန်းက ဒီလိုတွေစဉ်းစားခဲ့မိရဲ့လားမသိဘူး..လိမ္မာတဲ့ ဂျူဂျူလေးနဲ့ သမီလေးကို လိမ္မာအောင်အနီးကပ်သင်ပေးစောင့်ရှောက်တဲ့ တီဆွိကို လေးစားအားကျမိပါတယ်..

    wai

    ReplyDelete
  28. ဂျူဂျူလို သိတတ်လိမ္မာတဲ့ သမီးလေး ရထားတာ တီဆွိအတွက် ကံကောင်းသလို ဂျူဂျူလည်း တီဆွိလို အမေရထားတာ ကံကောင်းပါတယ်..ပို့ စ်လေးက တကယ်ကြည်နူးဖို့  ကောင်းတယ်...

    ReplyDelete
  29. ဂျူဂျူလေးက သိပ်ချစ်ဖို့ကောင်းတယ်အစ်မ။ ဖဘမှာ ပုံအသစ်တက်လာတာတွေ့ရင် အမြဲကြည့်ဖြစ်တယ်။း)

    ReplyDelete
  30. ဂျူဂျူလေးက

    မြန်မာစာကို ရေးတတ်၊ ဖတ်တတ်ပါသလား တီတီဆွိ..


    ခင်မင်စွာဖြင့်

    ညို

    ReplyDelete
  31. amay yae... looking forward new post...နေကောင်း ရဲ့လား အမ ရေ။ မတွေ့ တာတော်တော် ကြာပြီ။
    ဆုဆု
    အားရင် စာ အသစ်တင်ပါအုံး

    ReplyDelete
  32. မညို သမီး မြန်မာစာ မရေးတတ်မဖတ်တတ်ပါဘူး။ စင်္ကာပူမှာမွေးသူဆိုတော့ စာသင်ချိန်ရောက်တော့ တရုတ်စာတွေရော၊ အင်္ဂလိပ်စာတွေပါ language အမျိုးမျိုး မသင်မနေရ သင်ရတော့ မြန်မာစာပါထပ်ထည့်လိုက်ရင် ခလေး stress အရမ်းများသွားမှာစိုးလို့ မသင်ပေးတာပါ။ တချို့လဲ တိုပါးယိုးကျောင်းမှာ သင်သူတွေ ရှိတယ်ဆိုပါတယ်။ မြန်မာစာက အမြဲဖတ်ဖြစ်တာမဟုတ်တော့ သင်ပြီးလဲ ပြန်မေ့သွားကြတယ်တဲ့။ မြန်မာပြည်က ၃-၄တန်း ထိ သင်ပြီးသူတွေတောင် စာမဖတ်ဖြစ်တော့ အတန်းကြီးရောက်ရင် အကုန်မေ့ကုန်တာဆိုတော့ သင်ပေးလဲ မထူးဘူးဆိုတဲ့ အကြောင်းပြချက်လည်းပါပါတယ်။

    ဆုဆုရေ ရေးပါမယ် ။ ခဏလေးစောင့်နော်။

    ReplyDelete
  33. သူ့ အမေရဲ့ စာပေ အရေးအသားတွေကို သိစေချင်တယ့်သဘောပါ
    မြန်မာစာကိုသိမှ ဘုရားစာတွေ ဘုန်းဘုန်းတွေရေးတယ့် စာတွေကို ဖတ်နိုင်လိမ့်မယ်ထင်တယ်
    ဂျူဂျူ့ ကို မြန်မာစာ ရေးတတ် ဖတ်တတ်စေချင်မိတယ်

    ညို

    ReplyDelete
  34. This comment has been removed by the author.

    ReplyDelete
  35. အစ်မရေ ဒီဘလော့လေးကို ရောက်တာ မကြာသေးပါဘူး။ ဟိုတလောက ဟင်းချက်နည်းတမျိုးရှာကြံရင်းနဲ့ ရောက်လာတာပါ။ နောက်တော့ ဘလော့ကို စိတ်ဝင်စားတာနဲ့ ဖတ်ကြည့်တာ အစ်မရဲ့ အရေးအသားလေးတွေရယ်၊ အကြောင်းအရာလေးတွေရယ်ကြောင့် မဖတ်ပဲမနေနိုင်လို့ ဘလော့ကို အစအဆုံး ဖတ်ပလိုက်တယ်း)
    အစ်မဆွိတို့ တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ပါစေနော်။
    သြော် ဒါနဲ့ .. facebook မှာ အစ်မသက်ဝေအကောင့်ကတဆင့်ရှာပြီး invite လုပ်ထားတယ်နော်။

    ReplyDelete