Thursday, August 9, 2012

အတ္တသမားကျနော် ...

တို့အိမ်က ရွှေဘ ... အဲလေ ဦးမောင်ခြိမ့်က သူရေးထားတဲ့ အက်ဆေးလေး တင်ပေးပါဆိုလို့။ အားပေးကြပါဦးနော်။ သူကတော့ လေးလေးနက်နက်တွေ တွေးတတ်ရေးတတ်တယ်။ အန်တီဆွိလိုတော့ ပေါတောတော ပေါက်တက်ကရ မဟုတ်ဘူးရယ်ဂျ။  ဖတ်ကြည့်ကြပါဦးနော်။ ....
--------------------------------------------------------------------------------------------

    အတ္တဆိုတဲ့ သဘောတရားကို ဗုဒ္ဓဘာသာထဲမှာတော့ အမြဲရှိခြင်း၊ အတ္တဆိုတာမရှိဘူး အနတ္တဆိုတာ မတည်မြဲခြင်းဆိုတဲ့တရားသဘော အနတ္တသာရှိတယ်လို့ ဗုဒ္ဓဘာသာ မီးကျိုးမောင်းပျက် ကျွန်တော်ကတော့ အဲဒီလောက်သာ မှတ်သားထားခဲ့ဖူးပါသည်။ အတ္တဆိုတာကို မြန်မာ့အဘိဓါန် မှာ လိုက်ရှာတော့ ””မိမိ သို့မဟုတ် ငါ”” ဆိုပြီး ပြောထားတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောလျင်တော့ ego လို့ ပြောဆိုလျင်ရနိုင်ပါသည်။ အတ္တကြီးမားသည်လို့ ဆိုလိုက်လျင် မိမိအကျိုးအတွက်သာ ကြည့်သောသူ၊ မိမိမှလွဲ၍ သူတပါးအကျိုးကို မငှဲ့ကွက်သူလို့ ဆိုရပါလိမ့်မည်။

    ကျွန်တော်ကိုယ်တိုင်ကကော တကယ့်ကိုပင် အတ္တသမားတစ်ယောက်ပါလားဆိုလျင် ဟုတ်ပါသည်လို့ဖြေလျင်လည်း ရသလို မဟုတ်ပါလို့ ဖြေလျင်လဲ မမှားပါ။ ကိုယ်ဖာသာကိုယ် ကောင်းတဲ့ဖက်ကိုပဲ လိုက်ကြည့်ရမည်ဆိုလျင် ကျွန်တော်သိတတ်သည်ကာလမှ စတင်ပြီး ယနေ့အထိ တစ်ပါးသူအခက်အခဲဖြစ်နေပါက ကျွန်တော်တတ်နိုင်သလောက် ကိုယ်ရောစိတ်ပါ နှစ်မြုပ်၍ ကျွန်တော်လိုက်လံကူညီဖြေရှင်းပေးတတ်သည်၊ အသိပညာ အတတ်ပညာ လိုအပ်ပါကလည်း ကိုယ်သိသလောက် မချွင်းမခြံ လိုက်လံ သင်ကြားပြသပေးတတ်ပါသည်။ အဖွဲ့အစည်းများတွင်လည်း ဒါနအဖွဲ့အစည်းများတွင် အားကျိုးမာန်တက် ၀င်ရောက်ကာ တတ်အားသမျှ လှုဒါန်းပါသည်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်ရှိ အသိမိတ်ဆွေများကတော့ ကျွန်တော်ကို အများအကျိုးဆောင်တတ်သူဟု ရာခိုင်နှုန်း တော်တော်များများက သတ်မှတ်ထားလိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။

    အမှန်တကယ်တော့ ကျွန်တော်က ““ငါ”” ဆိုတဲ့ အတ္တသမားကြီးမားသူ တစ်ယောက်ပဲ ဖြစ်ပါသည်။ ကျွန်တော်မိသားစုတွင် အဖေ အမေ၊ အဖေ အမေ မရှိတော့သည့်နောက် အမကြီး၊ အမလေး၊ အကိုကြီး အကိုလေး တို့နှင့် ကျွန်တော့်၏ တူတော်မောင်များကို ကျွန်တော် တော်တော်လေးကို သံယောဇဉ်ရှိပါသည်။ ထိုကဲ့သို့ မိဘမောင်ဖွား ဆွေမျိုးများကို ထိခိုက်စော်ကားလာလျင် ကျွန်တော်အား စော်ကားပြောဆိုသကဲ့သို့ ခံစားရပါသည်။ ထို့နောက် ကျွန်တော် အိမ်ထောင်ကျလာသောအခါ ဇနီးနှင့် သမီးပါ ပါဝင်လာပြန်ပါသည်။ ထိုအခါ ကျွန်တော့်ရဲ့ ငါပိုင်ဆိုင်သော စက်ဝိုင်း အနည်းငယ်ကြီးလာပါသည်။ ထိုမိဘမောင်ဖွားဆွေမျိုး များနှင့် ကျွန်တော်မိသာစု ဇနီးနဲ့ သမီးကို ထိပါးလာလျင် ကျွန်တော့်မှာ အလွန်အင်မတန် စိတ်ထိန်းသိမ်းနိုင်စွမ်းအား နည်းပါလှပါသည်။ ငါ့သမီးလေး၊ ငါဇနီး တစ်ခုခုဖြစ်မယ်၊ ငါ့သမီးလေး တော်တယ်။ ငါ့သမီးလေး လှတယ်။ စသဖြင့် ငါတွေ တိုးလာပြန်သည်။ ထိုနောက် ကျွန်တော် ဇနီး၏ မိဘ နှစ်ပါးကိုလည်း ကျွန်တော့်၏ အ၀န်းအ၀ိုင်းထဲသို့ ထည့်လိုက်ပါသည်။ ကျွန်တော့်ယောက်ခမ ကို ကျွန်တော်က တော်တော်ကိုချစ်ပါသည်။ ကျွန်တော့်၏ အဖေနှင့် အမေကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်သောကြောင့် မိဘအစားထို မိဘသဖွယ် ရိုသေမိပါသည်။ ထိုနည်းလည်းကောင်း ကျွန်တော်ယောက်ခမကလည်း တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို ကျွန်တော့်ကို တော်တော်လေး ချစ်ပါသည်။ ထိုအတွက် ကျွန်တော် ယောက်ခမများအတွက်ဆိုလျင်လည်း ငါ့ယောက်ခမက ရိုးတာ၊ ငါယောက်ခမ ဆိုသည် ငါတွေ လှိုင်လှိုင်ပေါ ခဲ့ရပြန်သည်။

    လူပုဂ္ဂိုလ်အပေါ်မှာ မက်မောတွယ်တာစွာ နေတတ်သည့် ကျွန်တော်၏ အတ္တသည် ဒီနေရာမှ မရပ်တန့်သွားသေးပဲ မှီတွယ်ရာ၌ အတ္တကြီးမားနေတတ်ပြန်ပါသေး၏။ ကျွန်တော်၏မွေးရပ်မြေ ပျဉ်းမနားကို ကျွန်တော် အလွန်ပင်တွယ်တာသူဖြစ်နေပြန်ပါသည်။ ပျဉ်းမနားမြို့က ဘယ်လောက်များ ချစ်စရာကောင်းနေလို့ တွယ်တာနေရသလဲဆိုလျင် ဘာမှ ထူးထူးခြားခြား ပြောပြစရာမရှိပါ။ ပထ၀ီသဘောတရားအရ ပဲခူးရိုးမအစွယ်နှင့် ရှမ်းကုန်းမြေမြင့်အကြား တည်ရှိသော ကျွန်တော်တို့ မြို့ကလေးသည် မိုးလေ၀သမှန်ကန်၍ ပူချိန်တန်လျင်ပူ၊ အေးချိန်တန်လျင်အေး၊ မိုးရွာချိန်တန်လျင် သင့်တင်စွာရွာသွန်းတတ်သည် ကျွန်တော့်မြို့လေးကို ကျွန်တော် အလိုလိုနေရင်းကို ချစ်ကြိုးသွယ်မိနေပါသည်။ အစိုးရ အဆက်ဆက် မြို့ရွာများ စည်ပင်သာယာအောင်လုပ်လျင်လည်း ပျဉ်းမနားမြို့လေးက အမြဲတမ်းကွက်ကျော် ကျန်ရစ်ခဲ့ရပါသည်။ ပြီးခဲ့သော စစ်အစိုးရလက်ထက် နေပြည်တော်ဆိုသည့် မြို့တော်ကြီး တည်ထောင်သည့်အခါတွင်လည်း ကျွန်တော်တို့ မြို့ကလေးမှာ ဘေးမှ ကွင်း၍ကျန်ခဲ့ရသည်။ အလွန်အင်မတန် မျက်နှာငယ်သည် မြို့ကလေး တမြို့သာ ဖြစ်ပါသည်။ တခါတရံ အွန်လိုင်းလောကက စစ်အစိုးရကို မုန်းတီးမှုဖြင့် နေပြည်တော်ကို အပြစ်ဖို့ ပြောဆိုရင်း ကျွန်တော်တို့ ပျဉ်းမနားမြို့ကလေးကို နင်ပဲငဆ ဆဲဆိုရွတ်နေပါက ကျွန်တော်နှလုံသားတွေကို တစစစီ မွှန်းနေသယောင် ကျွန်တော်ခံစားမိပါသည်။ ထိုကဲသို့ ပြောဆိုလာသူများကို တွေ့ပါကလည်း ထိုသူများသည် ကျွန်တော့် မိတ်ဆွေဘယ်တော့မှ မဖြစ်တော့ဟု စိတ်ထဲတွင် ငါ့မြို့ ငါ့မွေးရပ် ငါ့နေရာ ဆိုသည့် အတ္တကြီး၏ အမိုက်မှောင်က ကျွန်တော့်ကို ဖုံးလွမ်းနေပါတော့သည်။

    အရွယ်လေးရလာတော့ ရန်ကုန်မြို့က စက်မှုတက္ကသိုလ်ကြီးမှာ ကျောင်းတက် ၆ နှစ်၊ ကြာမြင့်ချိန် ၁၀နှစ် နီးပါးနေခဲ့တဲ့ တက္ကသိုလ်ကြီးကို သံယောဇဉ်တွေ တွယ်ငြိလာပြန်သည်။ ဘွဲ့တွေ ဒီဂရီတွေ ရရှိပြီး အလုပ်အကိုင်ထဲ ရောက်လာပြန်တော့လည်း ကိုယ့်တက္ကသိုလ်ကြီးဆိုပြီး ရန်ကုန်မြို့သို့ရောက်တိုင်း အလွမ်းဖြေရတာ ပျက်ကွက်တဲ့ အကြိမ်ရယ်လို့ မရှိပြန်ပါ။ စက်မှုတက္ကသိုလ်က ဘွဲ့ရတယ်ဆိုရင် ကြီးသူကိုရိုသေ ငယ်သူတွေကို လေးစား၊ ငယ်ရွယ်သူတွေ အခက်အခဲတွေ့ရင် ၀ိုင်းကာ သိုင်းကာ ကူညီဖြေရှင်းပေးမိတယ်။ တခါတလေများ ကိုယ်ကျောင်းထွက်တွေ ပေါက်တတ်ကရ လုပ်ကိုင်လို့ အများက ၀ိုင်းဝန်းကဲ့ရဲ့ရင် ကိုယ့်မှာ မျက်နှာတွေပူပြီး မနေတတ် မထိုင်တတ်တဲ့အထိ ဖြစ်ခဲ့မိပြန်သည်။ ဒေါက်တာချမ်းငြိမ်း စစ်အစိုးရနှင့် ပူးပေါင်းလို့ လူအများက ၀ိုင်းဝန်းအပြစ်တင်ရင် ငါ့ကိုများ ပြောလေသလား ဖြစ်ရတတ်သည်။ ဆရာဦးညီလှငယ်ရဲ့ ပညာတော်မှု ကျော်ကြားပြန်ရင်လည်း ငါတို့ ကျောင်းက ဆိုပြီး ရင်ကြီး ကော့ကာ ကော့ကာနဲ့ ငါဆိုတဲ့ အတ္တကြီးက တွဲပါနေပြန်ပါသည်။ အော်.. အတ္တ အတ္တ တွေလား ငါဆိုတဲ့ မာန်မာနတွေလား မခွဲခြားနိုင်ပြန်ပါဘူး။

    မိဘဆွေမျိုး အရပ်ဒေသ သင်ကြားရာ နေရာတွေမှာ ““ငါ”” ဆိုတဲ့ အတ္တစွဲတွေကြီးမားနေတဲ့ ကျွန်တော်က ကိုယ်တိုင်းပြည် ကိုယ့်နိုင်ငံနှင့် ပတ်သက်လာလျင်လည်း အစွဲအလန်းကြီးမားနေဆဲပဲဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ အထင်ကရများဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိသမ္မတ ဦးသိန်းစိန်တို့ ကမ္ဘာနိုင်ငံရေးဇာတ်ခုံအလယ်မှာ တင့်တောင့်တင့်တယ် အထင်ကရ ဖြစ်လာလျင်လည်း အဲဒါ ငါတို့ မြန်မာခေါင်းဆောင်၊ ငါတို့ သမ္မတကြီးလို့ လက်မလေး တစ်ထောင်ထောင် နဲ့ ကျွန်တော်ပဲဖြစ်နေပြန်ပါသည်။ လွန်ခဲ့သော ၂-၃ နှစ်ခန့်က ကမ္ဘာပေါ်တွင် နံပါတ် ၂ အာဏာရှင်ကြီး ရှိတဲ့ နိုင်ငံသည် မြန်မာနိုင်ငံ၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံထဲက မြန်မာနိုင်ငံဆိုတော့လည်း ကျွန်တော်မျက်နှာမှာ ဇီးရွက်လောက်နှင့် ကိုယ်မျက်နှာ ကိုယ်မဖော်ရဲလောက်အောင် ဖြစ်ရပြန်သည်။

    တကယ်တမ်း ပြန်တွေးကြီးတော့ ကျွန်တော့်ဆိုသည် သတ္တ၀ါသည် အတ္တတရားများနှင့် ပြည့်နှက်နေသော လူပုဂ္ဂိုလ်လေး တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်က နားထောင်ဖူးသည် ပလေးဘွိုင်သန်းနိုင်ရဲ့ အတ္တသမား ကျနော်ကို တိုးတိုးလေး ရွတ်ဆိုမိပါသည်။

    ““ ငါဆိုတဲ့ အတ္တအစွဲတွေ မကင်းခင် ငါကိုယ်တိုင် အမှားလုပ်မိမှာပဲ....xxxxxxxx မာန်မာနတက်တယ်၊ ထင်တာလေး လုပ်မယ်၊ မှန်တယ်လို့ ထင်သော်လည်းကွယ် ၀န်ခံဖို့ခက်တယ်... လူသားမှာ အမှားဝက္ကန္တနဲ့ အစဉ်ရှုပ်ထွေး အမှားများသမို့ ကျွန်တော်ဟာ အတ္တစိတ်လွန်ကဲလို့.... xxxxx  ဟေး ဗုဒ္ဓဘုရားဟောလေသည်မှာ မွန်မြတ်စိတ်ထားကြ၊ ကူညီခြင်း အလှ လူလူချင်း သွေးဆက်ပါ ””

    သေချာတာကတော့ ဒီဘ၀မှာ ကျွန်တော်ဟာ ကျွတ်တန်းဝင်ပြီး နိဗ္ဗာန်ကို မရောက်နိုင်သေးဘူးဆိုတာ သိနေတော့ အတ္တဆိုတာလေးကတော့ ဆက်လက်ပြီး ရှိနေအုန်းမှာပါပဲ။ သို့သော်လည်း အမျိုးကိုချစ်တဲ့ အတ္တတရားလေးပဲ ရှိပြီး လူလူချင်းလှည့်ပတ်ချင်း ကိုယ်ကျိုးကြည့်ချင်းကို နည်းပါးအောင်နေထိုင်ကြပြီး စိတ်ထား မွန်မွန်မြတ်မြတ်လေး နဲ့ အများအကျိုးလေးကို ထမ်းရွက်ဆောင်တယ်ဆိုရင်ကော ကျွန်တော်ဟာ အတ္တသမား ကျနော်လို့ ခေါ်ပါ့အုံးမလားလို့ မသိဆိုးဝါးစွာ ပြန်ပြီး မေးခွန်ထုတ်မိနေပြန်ပါတော့သည်။

    မောင်ခြိမ့်

Friday, August 3, 2012

GPS နဲ့ တို့အိမ်က ရွှေဘ

ရွှေဘအစစ်ပုံ (မမြင်ဖူးမှာစိုးလို့း)

အန်တီဆွိက တစ်ခါတစ်ခါ စဉ်းစားတယ်။ အော် ငါတို့တွေ ခုခေတ်မှာ လူဖြစ်ရတာ တော်တော်ကံကောင်းပါလားလို့။  ကိုယ် ကားမောင်းတဲ့အချိန်လဲရောက်ရော GPS တွေ ပေါ်လာတယ်။ လမ်းတွေ နေရာတွေ အမှတ်အသားအလွန်နည်းပြီး အင်မတန် မျက်စေ့လည်တတ်တဲ့သူက စင်္ကာပူလို၊ ဆစ်ဒ်နီလို မြို့ကြီးတွေမှာ GPS မပါပဲ ကားမောင်းဖို့ဆိုတာ တွေးတောင် မတွေးရဲဖူးကိုး။  အဲဒါတွေးမိရင် ဟိုးအရင်ကလူတွေ ဒီလောက် ကားလမ်းတွေ ရှုပ်ယှက်ခက်နေတာ ကိုယ်သွားချင်တဲ့နေရာ ဒီတိုင်းကြီး ဘယ်လိုများ ရှာသွားကြသလဲဆို စဉ်းစားရတာ ဥာဏ်တောင် မမှီဘူးရယ်။

အိမ်က GPS ကလေးကို အန်တီဆွိ ကားလိုင်စင်ရတဲ့ နေ့ကပဲ ၀ယ်ထားတာ။ ကားစမောင်းကတည်းက GPS လေးသုံးပြီး မောင်းနေကျဆိုတော့ အဲဒါမပါရင်ပဲ ကိုယ့်မှာ တစ်ခုခု လိုနေသလိုလို။ အဟက် ... အဲဒါလေးနဲ့ မောင်းတော့ သူပြောတဲ့အတိုင်း ဘယ်ကွေ့၊ ညာကွေ့၊ U- turn ၊ round about  နဲ့ နောက်ဆုံး Reach your destination ဆို ရောက်ကရောပဲ။ လမ်းမှားသွားလဲ  သူက ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး  ကိုယ်သွားချင်တဲ့နေရာ ရောက်အောင်တော့ ညွန်ပေးတာပဲ။ သုံးခဲ့တဲ့ ၃နှစ်အတွင်း တော်တော်များများတော့ reliable ဖြစ်တယ်ထင်တာပဲ။ 
  
reliable ဖြစ်တယ်ဆိုတာတောင် တစ်ခါတစ်လေတော့လဲ သူလဲ အူကြောင်ကျား ဖြစ်တတ်သေးတယ်။ တစ်ချို့ လမ်းအသစ်တွေ၊ လောလောလတ်လတ် လမ်းတွေ ပြင်ထားတာတို့၊ တိုးထားတာတို့၊ ပိတ်ထားတာတို့ဆို သူမသိဘူး။ အဲလိုကျ ဥပမာ သူက ညာချိုးပြောတယ်။ ကိုယ်ကလဲချိုးဖို့ ပြင်နေပြီ။ နေရာရောက်တော့ ချိုးမယ်အလုပ်မှာ ညာချိုးစရာ လမ်းမရှိဘူး။ ဟမ်)))) (လမ်းအလယ်မှာ ကွန်ကရစ်နဲ့ ပိတ်ပြီး ကာထားတာကိုး ...) အဲလိုမျိုးဆို  ကိုယ့်မှာ  ပြသနာကို ကမန်းကတမ်း ဖြေရှင်းရတယ်။ တစ်ခါတစ်လေလဲ ဘေးက ၀ိုင်းအားပေးကြတာ ကားဟွန်းသံတွေကို တစ်လမ်းလုံး ဆူညံသွားတာပဲ။ (ဟိဟိ ဂုတ်ကျားတွေ အစုလိုက် ၀ိုင်းဟောင်တဲ့ အတိုင်းပဲ... ) ကားဟွန်းသံလောက်ကတော့ အန်တီဆွိတို့က ဖြုံကို မဖြုံတော့ဘူးခင်ည။

မြို့ထဲ လမ်းတွေ တစ်ခုနဲ့ တစ်ခု အရမ်းနီးကပ်ပြီး ရှုပ်ထွေးပြီဆိုလဲ GPS က အူကြောင်ကြောင်ဖြစ်တတ်တယ်။ လမ်းတွေက အရမ်းနီးတော့ သူက တခြားလမ်းထင်ပြီး ညွှန်တော့ အကုန်တလွဲတွေ ဖြစ်ကုန်ရော။ အိမ်က ကိုကိုခြိမ့်ဆို GPS ကို တော်တော် ကောင်းချီးပေးတယ်။ အင်တာနက်ထဲမှာ ရှာကြည့်ရင် GPS ညွှန်လို့ဆို ကားတွေ တလွဲဖြစ်တာ ဟာသလုပ်ထားတဲ့ ပုံတွေမှ တစ်ပုံကြီးပဲ။

တစ်ခါလဲ မလက္ကာဖက်သွားတော့ ကိုကိုခြိမ့်တို့ သူငယ်ချင်းတွေ တစ်အုပ်ကြီးပေါ့။ ကားတွေ ၄-၅စီးနဲ့ စီတန်းသွားကြတာ။ GPS ပါတဲ့ ကိုကိုခြိမ့်က ရှေ့ဆုံးကမောင်းပေါ့။ အပြန်ကျ မြို့ထဲမှာ သွားချင်တဲ့ နေရာ လမ်းပျောက်နေတော့ GPS ခေါ်ရာ လိုက်ကြရော။ အိမ်တစ်အိမ်ရှေ့လဲရောက်ရော လမ်းမကိုဖြတ်ပြီး ဘုရားစောင်းတန်းတွေလို အ၀တ်ဖြူကြီးတွေနဲ့ မန်းတပ်ထိုးထားတာ တွေ့တော့ မဏပ်ထဲ ဖြတ်ရမလား မဖြတ်မလားမသိ။ GPS ကလည်း အဲဒီလမ်းကိုပဲ ကွေ့ခိုင်းနေတော့ စဉ်းစားချိန်က သိပ်မရ။ ဘာဖြစ်ဖြစ်ဟာဆို ... ကွေ့ဝင်လိုက်တာမှာ အိမ်ထဲ ခဏအကြည့်မယ် ဟမ်မလေး အသုဘ အလောင်းပြင်ထားတာဗျား။ လူက အထဲတောင် မရောက်သေးဘူး အပြင်ဖက်မှာ ပက်လက်ကြီး။  ဦးခြိမ့်တို့ သူငယ်ချင်းတွေ တန်းစီပြီးကို အဲဒီအိမ်က မဏပ်ထဲ ဖြတ်ကြတာ။ အိမ်ရှင်တွေကတော့ ဘယ်လိုထင်မယ်မသိ။  ခပ်တည်တည်နဲ့ တန်းစီပြီးတောင် ဖြတ်ဝင်ကြသကိုး။ ကိုယ်တွေတော့ အဲဒီတုံးက ရယ်လိုက်ရတာ အူတောင်နာတယ်။ တကယ့်ကို ငိုအားထက် ရယ်အားသန်ပဲ။

ဒီနေ့မနက်လဲ ဦးခြိမ့်ကား service ၀င်ရမှာဆိုတော့ မနက်စောစော ရုံးမသွားခင် သူ့ကားကို service center မှာ သွားအပ်ရမှာ။ အပြန်ကျ သူပြန်လို့ရအောင် သူသွားကထဲက အန်တီဆွိကလဲ ကိုယ့်ကားနဲ့ သူ့နောက်က လိုက်ပေါ့။  (ဒီမှာက Bus တွေ Taxi တွေ အားကိုးလို့မရဘူးဂျ) ပြီးတော့ သူက ကိုယ့်ကားကိုမောင်း ၂ယောက်အတူ အိမ်ပြန်၊ သမီးကို ခေါ်၊ ကျောင်းပို့၊ ပြီးရင် သူ့ရုံးလိုက်ပို့ အဲလို စီစဉ်ထားတာ။

 အဲဒါ service centre အသွားမှာ အန်တီဆွိက မျက်စေ့လည်တတ်တော့ သွားရမဲ့နေရာကို GPS key in လုပ်ပြီးသားအဆင်သင့် ကားမှာ တပ်ပေးထားတယ်။ သူကတော့ သူ့ ဟမ်းဖုန်းက မြေပုံလေးနဲ့ ရှေ့ကသွား ကိုယ်က သူ့ကားနောက်က ထပ်ချပ်မခွါလိုက်ပေါ့။ သူ့ကားပျောက်သွားတော့လဲ ဘာအရေးလဲ ။ ကိုယ့်မှာ GPS key in ပြီးသားကိုး။

အိမ်ကအထွက် မောင်းခါစရှိသေး။ GPS က power ကြိုးမတပ်ထားတာ သတိရလို့ ပြန်အတပ်မှာ touch screen ကို ထိမိတော့ တီ ... တီ ဆို အသံကြားရတယ်။ setting တစ်ခုခု ပြောင်းသွားတယ်ထင်လို့ ပိုသေချာအောင် ကိုယ်သွားမဲ့နေရာကို recently found ဆိုတဲ့ function က အပေါ်ဆုံးက လိပ်စာကို ရွေးပြီး ပြန် နှိပ်လိုက်တယ်။ ကိုယ်လဲ သွားရမဲ့လိပ်စာ သေချာတော့ မသိဘူး။ သူ key in လုပ်ပေးတာဆိုတော့ အပေါ်ဆုံးကဟာပဲ ဖြစ်မှာပါဆို ရမ်းနှိပ်လိုက်တာ။ ဒါက ပိုပိုလိုလိုပဲလေ။ သူ့ကားနောက်က လိုက်မှာပဲ။ ကိစ္စမရှိ။

ပြီးတော့ သူ့ကား နီညိုလေးနောက် ထပ်ချပ်မခွါ လိုက်တော့တာပဲ။ မနက်စောစောဆိုတော့ လမ်းကြားတွေမှာတော့ ကားက အရှင်းသားလား။ ချောလို့။ ဟော လမ်းမကြီးလဲ ရောက်ရော တွေ့ပါပြီ။ ကားတွေက traffic ဖြစ်နေပြီ။ ကိုကိုခြိမ့်က ကားမောင်းတာ မြန်တယ်။ ဆုံးဖြတ်တာလဲ မြန်တယ်။ အဲဒီနေရာမှာ ယောက်ျားတွေနဲ့ မိန်းမတွေ ကားမောင်းတာ မတူတာပဲ။ ကိုယ်တွေက အရမ်းစဉ်းစားတယ်။ ဆုံးဖြတ်တာလဲ နှေးတယ်။ ကြောက်လဲ ကြောက်တတ်တော့ မရဲဘူး။ ကားကိုလဲ သူ့လောက်တော့ အမြန်မမောင်းရဲဘူး။ ကိုယ်မောင်းနေကျ speed ထက်ကို ပိုပြီးမောင်းတာတောင် မှီအောင် မနဲလိုက်နေရတယ်။ မီးပွိုင့်တစ်ခု အရောက်မယ် မီးပွိုင့် ၀ါနေတာ သူဖြတ်ချသွားတယ်။ မဖြတ်လို့ မရဘူး။ သူက အရမ်းကပ်နေပြီ။ ကိုယ်ကျ ရပ်လို့ရသေးတယ်။ လိုက်မယ်ဆိုလဲ လိုက်လို့ရတယ်။ လိုက်ရင်ကောင်းမလား ဆုံးဖြတ်ချိန်တောင် မရလိုက်ဘူး။ ထုံးစံအတိုင်း ကြောက်တတ်သူဆိုတော့ ဘရိတ်အုပ်ပြီး ရပ်ပလိုက်တယ်။

မီးပွိုင့်လွှတ်တော့ ချက်ချင်းနောက်မီးပွှိုင့်တစ်ခု ထပ်မိပါရော။ ကိုကိုခြိမ့်ကား နီညိုရောင်လေးတော့ အစရှာမရတော့ပြီ။ ကဲ ... ဘာအရေးလဲဆို GPS လေး အားကိုးနဲ့ ကိုယ့်ဟာကိုယ် ဆက်မောင်းပေါ့ ... အဟက်။  ဟော မောင်းနေရင်းနဲ့ ...  GPS က ဟိုတစ်ပတ်က သွားထားတဲ့  Olympic park ထဲကိုပဲ ညွှန်ညွန်နေသဗျာ။ လူက မသင်္ကာချင်တော့။ ငါ စောနက လိပ်စာမသိပဲ ရမ်းရွေးလိုက်တာ မှားနေပြီနဲ့ တူတယ်ပေါ့။ အရင်တစ်ခါ ဆားဗစ်စင်တာကို သွားဖူးတာ အိုလမ်းပစ်ပတ်ခ်ထဲကို ဖြတ်မမောင်းရပါဘူးဆို လူက နဝေတိမ်တောင်ဖြစ်နေပြီ။ 

ဘာပဲဖြစ်ဖြစ် သူပြောတဲ့နောက်တော့ လိုက်မောင်းနေဆဲပဲ။ မီးပွှိုင့်  ခဏမိတော့ လိပ်စာကို သေချာအောင် ဖုန်းဆက်မေးဦးမှပါဆို အိပ်ထဲ ဖုန်းကို စမ်းတော့ ဖုန်းကလဲ စမ်းလို့မရ။
မနက်က ဘက်ထရီသွင်းထားတာဖြုတ်၊ သမီး အိုင်ပက်နဲ့ ပြောင်းတပ်တာတော့ သတိရတယ်။ ပြီးတော့ ယူလာမိလား၊ မယူလာမိလားလဲ သတိမရ။ ဖုန်းကတော့ရှာမတွေ့ပြီ။ အိမ်ကအထွက် အိပ်ထဲမထည့်ပဲ ဖိနပ်စင်ပေါ်များတင်မိသလား။ စိတ်ထဲမှာ တွေးနေတာ ... လမ်းကျ လမ်းကြားလေးတစ်ခုဝင်ပြီး ခဏရပ်၊ ဘေးက တွေ့တဲ့လူ ဖုန်း ခဏ ငှါးဆက်ရင် ကောင်းမလား။ အွန် ... ဖုန်းငှါးဆက်ရအောင်လဲ ဒီလိုချမ်းချမ်းစီးစီးမှာ ဘယ်သူမှလဲ အပြင်မှာ လမ်းလျှောက်မှာမဟုတ်။ လမ်းလျှောက်တဲ့သူ တွေ့ရင်တောင် ဘယ်မှာလဲ ကိုကိုခြိမ့်ဖုန်းနံပတ်။ ငါမှအလွတ်မရတာကို ...  အရေးကြီး ဖုန်းနံပတ်တွေ ရေးထားတဲ့ မှတ်စုစာအုပ်ကလဲ ပါမလာ ... ခဏပဲဆို အိပ်အသေးထဲ wallet ရယ် နေကာမျက်မှန်ရယ်ပဲ ကောက်ထည့်လာတာ။ ဘယ်လိုလုပ်ရမလဲ မသိတော့။ အတော် အကျပ်ရိုက်နေပြီ။ နောက်ဆုံးတော့ အင်း GPS ကို go home လုပ်ခိုင်းပြီး အိမ်ပြန်၊ အိမ်ကျမှ ကိုကိုခြိမ့်ကိုဖုန်းပြန်ဆက်၊ လိပ်စာမေး ဆားဗစ်စ်စင်တာ ပြန်သွား အဲလိုကျ အကုန်တလွဲတွေ ဖြစ်ပြီး သမီးကျောင်းပါ နောက်ကျကုန်တော့မှာပဲ ဆို ... ကားမောင်းရင်းနဲ့ စဉ်းစားနေတာ ဦးနှောက်တွေကို ခြောက်နေတာပဲဂျာ။

ကားကလဲ ဂျီပီအက်စ်ရဲ့ ခေါ်ဆောင်ရာ သွားနေမြဲပဲ။ တွေးနေရင်းး ... အတွေးတွေရှုပ်နေရင်းနဲ့  မောင်းနေတာ  ၅မိနစ် ၁၀မိနစ်ကျော်လောက်ရှိနေပြီ။  ဒီလိုနဲ့ သွားနေရင်းနဲ့ဗျာ အမှတ်တမဲ့အကြည့် ကိုယ့်ရှေ့တည့်တည့်မှာ နီညိုရောင် ကားလေးတစ်စီး။ ခပ်တည်တည်ပဲ ကိုယ့်ရှေ့မှာ။ နံပတ်ကြည့်လိုက်တော့ ဟမ်မလေး ကိုကိုခြိမ့်ကားပါကလား။  အန်တီဆွိတို့ ဖော်မပြတတ်အောင် ၀မ်းသာသွားတာများ။ ရုပ်ရှင်တွေထဲမှာ မင်းသမီး လူကြမ်းတွေနဲ့ ဒုက္ခရောက်လို့ ကြံရမရဖြစ်နေတုံး မင်းသားရွှေဘကို ရောက်လာသလိုပဲဂျာ။ အဲသလို တွေးမိတာရော၊ သူ့ကားတွေ့တော့ ပျော်သွားတာရော ကားမောင်းရင်း ပြုံးဖြီးဖြီးကြီးတောင်ဖြစ်လို့။ တော်သေးတာပေါ့။ လမ်းကတော့ မမှားဘူးပဲ။ ဘယ်အချိန်ကတည်းက အဲဒီ ရွေဘ ကိုယ့်ရှေ့ရောက်နေမှန်းမသိတာ။ ဒါနဲ့သူ့နောက်က ဆက်လိုက်ရင်း  ခဏနေတော့ ဆားဗစ်စင်တာ ရောက်ပါလေရောဂျာ။

ကိစ္စ၀ိစ္စတွေပြီး၊ အပြန်ကျ သူက ကားမောင်း ကိုယ်က သူ့ဘေးမှာ (မင်းတမီးပေါ့ဂျာ) ထိုင်ရင်း စောနက အဖြစ်ကို ပြန်ပြောပြတယ်။ ကိုကိုခြိမ့်ရယ် ... ဆွိလေး ကိုကိုခြိမ့်ကားတွေ့တော့ ၀မ်းသာချက်တော် ... ရုပ်ရှင်တွေထဲ မင်းသမီး ဒုက္ခရောက်နေတုံး မင်းသား ရွှေဘ ရောက်လာသလိုပဲဆို ပြောတော့ "ဟင် ညည်းက ဒီနားကျမှ ငါ့တွေ့တာလား .." တဲ့။ "ငါက ညည်းရှေ့က မောင်းတာ ... ဟိုးအိုလမ်ပစ်ပတ်ခ် အထွက်ကတည်းကပဲ..." " ငါ့မှာ ညည်းကို စောင့်ခေါ်နေတော့ နှေးနေတာနဲ့ နောက်ကားတွေ ကျော်တက် ဘုကြည့်ကြည့်တာခံရတယ် " တဲ့။

 ကြည့်ဦး ကိုယ့်ရှေ့ ရွှေဘကြီးတစ်ယောက်လုံး တစ်ချိန်လုံးရှိနေတာကို လူကပြာယာခတ်နေတော့ မမြင်တာဗျား။ ။

ကိုယ့်အိမ်က ရွေဘ တွေလဲ နောက်ဆုံးတော့ ရွှေဘက ရွှေဘ ပါပဲဂျာ။  ။

တို့အိမ်က ရွှေဘ ။