ဂျူဂျူလေး နွေရာသီကျောင်းပိတ်ရက်မှာ သူ့အမေက မြန်မာစာသင်ပေးတယ်။ အပျော်သင်တာဆိုတော့ အရင်ကျောင်းပိတ်ရက်က သင်ထားတာတွေ ပြန်နွှေးနေတာနဲ့ပဲ သင်ခန်းစာက ရှေ့မတက်နိူင်ဘူး။
ဒီနေ့သင်ခန်းစာကတော့ ယပင့်နဲ့ ရရစ်ကို သင်တဲ့သင်ခန်းစာ။ အိမ်ရှေ့က ဆိုဖာပေါ်မှာ သားအမိသားအဖ ၃ယောက် တီဗီကြည့်နေရင်း သမီးက စာအံနေတယ်။
ဆရာမ စာပြသည်။
မြေဖြူ ယူလာသည်။
မိမိနေရာ နေကြပါ။
စကားကျယ်ကျယ် မပြောရ။
ခလေး စာဖတ်နေတုံး အမေလုပ်သူက မီးဖိုထဲ ဟင်းအိုး တည်ထားတာ သတိရတာနဲ့ ...
" တော့ ....ကမောင်ခြိမ့် ... ကျုပ် ဟင်းအိုးသွားကြည့်ဦးမတော် ... တော် ခလေးစာ အံတာ သေချာနားထောင်ပြီး ကြည့်ပေးလိုက်ပါဦး ... " ဆို သားအဖ၂ယောက် တည်း ထားပခဲ့တယ်။
ဟင်းအိုးကိစ္စ ဝိစ္စပြီးလို့ ဆိုဖာပေါ်ပြန်ရောက်တော့ သမီးက စာအံလို့ ကောင်းတုံးရှိသေး။
အမေကြီးက တီဗီတောင်မကြည့်နိုင်၊ အိုင်ပက်တစ်လုံးနဲ့ ဖေ့ဘွတ်ထဲ မဲကြည့်နေရင်းနဲ့ ခလေး စာအံသံက မကြားတစ်ချက် ကြားတစ်ချက် ...
တစ်ခါကျ သူ့အဖေက
" ဟဲ့ ကောင်မလေး ... ကျားကြီး ခြေရာကြီး ...ဟ ...." ဆို ကြားလိုက်တော့မှ အွန်လိုင်းကမ္ဘာကနေ လက်ရှိ ပစက္ခအခြေအနေကို ပြန်ရောက်သွားတယ်။
ဒါနဲ့ သမီးက ဘယ်လို ဆိုလိုက်လို့တုန်းလို့ မေးတော့
" ညည့် သမီး ဆိုနေတာ ကျားကြီး ... ခြေထောက်ကြီး ... ဆိုပြီး ဆိုနေတာဟ" ဆိုတော့
ရီကြတာ သားအမိသားအဖ ၃ယောက်လုံး တဟားဟားနဲ့။ ဂျူဂျူက အဲလိုပဲ တစ်ခါတစ်လေ သူမသိတာဆို ဝါးချတာ ။ တကယ်တော့ သူဆိုတာလဲ မှားမှ မမှားပဲကိုး။
ဒီနေ့တော့ ဂျူဂျူလေး ကျောင်းမှာ camping ရှိတာနဲ့ အိမ်မှာ တိတ်ဆိတ် ခြောက်ကပ်လို့နေသည်။ အိမ်ရှေ့က ဆိုဖာမှာ ဦးမောင်ခြိမ့်တစ်ယောက်တည်း ထိုင်နေရင်း တကျီကျီအော်နေသည်။ အိမ်ရှေ့ကို လာခဲ့ပါ။ တစ်ယောက်ထဲ ပျင်းလို့ပါတဲ့။
ကိုယ်ကလဲ တီဗီကြည့်တာ ဝါသနာက မပါ။ ခါတိုင်းလဲ သမီးက အတင်းခေါ်လို့သာ သူတို့သားအဖ နှစ်ယောက်ကြား ဝင်ထိုင်လိုက်ရသည်။ သူတို့ ပြောတာတွေ နားထောင် လိုက်ရသည်။ စိတ်ကတော့ သိပ်ပါလှသည်မဟုတ်။ ခဏနေတော့ အိုင်ပက်ကလေး ကောက်ကိုင်ကာ အွန်လိုင်းတက်နေလိုက်သည်။ သူတို့ သားအဖကတော့ အင်မတန် ကီးကိုက်သည်။ ၂ယောက်လုံး တီဗီ သူရဲတွေကိုး။
ခုလဲ တီဗီမှာ လာနေသည်က MKR လို့ခေါ်တဲ့ My Kitchen Rules. ၂ ယောက်တွဲ အဖွဲ့လေးတွေ ၁၀ဖွဲ့လောက် တစ်ဖွဲ့ချင်းစီ အိမ်မှာ ချက်ပြီး ထမင်းဖိတ်ကျွေး၊ ဒိုင်တွေက အမှတ်ပေး၊ အမှတ်အနဲဆုံးလူတွေ တစ်ဖွဲ့ချင်း ပြုတ်သည့် အစီအစဉ်။ ဂျူဂျူကတော့ အင်မတန်ကြိုက်သည်။ သူကြိုက်တာနဲ့ သူ့အမေကြီးလဲ ဒီစီးရီးစ်နဲ့ဆို ၂ခု -၃ခုလောက် ရှိပြီထင်သည် ကြည့်ဖူးတာ။ လူတွေ စိတ်ဝင်စားအောင် အထဲမှာလဲ character အမျိုးမျိုးရှိသည့် အဖွဲ့တွေ နှင့် ဆိုတော့ စီးရီစ်က အထိုက်အလျှောက်တော့ နာမည်ကြီးပါသည်။ ဘယ်လောက်ပင်နာမည်ကြီးကြီး တီတီဆွိကတော့ မကြိုက်ရေးချမကြိုက်ပါ။ စိတ်လဲ မဝင်စားပါ။
သူ့အဖေဘေးမှာ ဝင်ထိုင် ကြည့်နေရင်း သူက ရှင်းပြနေသည်။ ဒီနေ့တော့ လူသစ်တွေ ပါသည့် အစီအစဉ်တဲ့။ လူသစ်တွေကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြနေသည်။ ခါတိုင်းတွေ့နေကျ လူတွေမဟုတ် တော့ ပိုလို့ပင် ပျင်းစရာ ကောင်းသေးသည်။ မျက်နှာစိမ်းတွေမှန်းတော့ သိသည်။ သူတို့ ဘယ်မြို့ကလာသည်။ သူတို့နာမည်တွေ နှင့် တစ်ဖွဲ့ပြီး တစ်ဖွဲ့ မိတ်ဆက်ပေးနေသည်။ ဒီနေ့အစီအစဉ်မှာလည်း ထိုလူသစ်အဖွဲ့ထဲက တစ်ဖွဲ့က ချက်မည်တဲ့။
ဟော လူသစ်တွေ ပြနေရင်းနဲ့ ဖြတ်ဆို လူ၂ယောက် တေ်တော် ရင်းရင်းနှီးနှီးကြည့်ဖူးသည့် ၂ယောက်ပါ။ ... ငါ သူတို့တွေတော့ အရင် တုံးက ကြည့်ဖူးသားဟ။ ဆို ဝမ်းသာ အားရနဲ့ လူဟောင်းတွေ ပြန်လာ ပြီဆို ပြောတော့ ဦးခြိမ့်က
ဟဲ့ အဲဒါ ဒိုင်တွေဟဲ့ ... ဒိုင်တွေ ဆို ပြောပြီး ၂ယောက်သား ရီကြတာ ။ အမှန်က လူဟောင်းဆိုတာ အရင် စီးရီးစ်မှာကြည့်ဖူးတဲ့ ပြိုင်ပွဲဝင်အဟောင်းတွေမှတ်လို့၊ ဒီတစ်ခါတော့ ငါသိ ပဟဆို အော်လိုက်တာ။ စီးရီးစ်တိုင်း ၃နှစ်ဆက်တိုက်ပါသည့် ဒိုင်တွေ ဖြစ်နေလေသတည်း။
ကဲ အန်တီဆွိ တီဗီကို ဘယ်လောက် စိတ်ဝင်စားလဲ ဆိုတာ ... သဘောပေါက်။ းo)

TVဆိုမှ..ရုပ်ရှင် တကားလုံးဆုံးအောင် မကြည့်မိတာ ကြာပါပကော..:)
ReplyDelete'ကျားကြီး ခြေထောက်ကြီး' ....စကားပုံလေး ဖတ်မိတိုင်း ဆွိတီတို့သားအမိသားအဖ သုံးယောက်ကို သတိရတော့မှာ အသေအချာ .. :P
ReplyDeleteအများအားဖြင့် အဖေနဲ့သမီးတွေက တစ်ပါတီပဲ ဆွိတီရေ... အိမ်မှာတော့ သားနှစ်ယောက်နဲ့ တီတင့်က တစ်ပါတီပေါ့ ဟာဟ
မေတ္တာဖြင့်
တီတင့်
ဒီမှာလည်းလူဟောင်းတစ်ယောက်လာဖတ်ပြီးရယ်မောသွားပါသည်။ (မှတ်ချက်..ဒိုင်တော့မဟုတ်ပါ။)
ReplyDeleteအိုင်အိုရာ
မိသားစုတွေကြားထဲမှ အမှတ်မထင် ဖန်တီးမထားတဲ့ ကိစ္စလေးတွေက ရယ်စရာ ဖြစ်ရတယ်နော်။ ဘ၀ရဲ့ အပမ်းဖြေချိန်လေးတွေဆိုလဲ မမှားပါဘူး အစ်မဆွိရေ..
ReplyDeleteဆိုဖာပေါ်က ဟာသလေးတွေမှာ ချစ်စရာမိသားစုရဲ့ ရနံ့ လေးတွေ ထုံသင်းနေတယ် သူငယ်ချင်းရေ
ReplyDeleteချစ်ခြင်းရနံ့လေးတွေ ထုံမွှမ်းလို့နေတဲ့ ဟာသလေးတွေ။ ကျားကြီး ခြေထောက်ကြီးကို အတော်လေး သဘောကျမိတယ် အစ်မဆွိရေ :)
ReplyDeleteဂျူဂျူလေး တော်တော် ကြီးလာပြီပဲ။ ကျားကြီး ခြေထောက်ကြီး တဲ့လား ချစ်စရာလေး :D
ReplyDeleteဟုတ်သားပဲ..ကျားကြီး ခြေထောက်ကြီး :D
ReplyDeleteမတီတီဆွိရဲ့ blog ကို အမြဲဝင်ဖတ်ဖြစ်ပါသည်။ အခုမှ comment ရေးတာပါ။ အကြောင်းကတော့ မတီတီဆွိ၏ blog မှာ ထည့်ထားတဲ့ dotted vertical line လေးကို ကျွန်မရဲ့ blog မှာ ထည့်ချင်လို့ HTML code သို့မဟုတ် CSS code လေးများ ရနိုင်မလားလို့ပါရှင့်။ အပန်းမကြီးရင် ပြောပြ ပေးစေချင်ပါသည်။ ကျေးဇူးတင်စွာဖြင့် ....
ReplyDeleteအခုမှဖတ်ဖူးတယ်ကြိုက်သွားပြီနောင်အမြဲ
ReplyDeleteဖတ်ဖြစ်တော့မယ်