တီတီဆွိ ဒီပို့စ်လေးကို ရေးတာ မာစတာဘွဲ့ရထားတာကို ကြွားလိုလို့ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မတို့ batch တွေကြား မာစတာဘွဲ့ရတယ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ထိုနှစ် ထိုအချိန်ခါများဆီက စင်္ကာပူမှာ အခြေချနိုင်ဖို့အရေး ကျောင်းက လူတိုင်းနီးပါး စင်္ကာပူက တက္ကသိုလ်တွေမှာ မာစတာဆက်တက်ကြတာ အထူးအဆန်းမဟုတ်သလို ပြောစရာ ကောင်းလောက်အောင် အရေးပါတဲ့ အရာ တစ်ခုလဲ မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ အဲဒီလို အမှတ်မထင် ကျောင်းတက်ခဲ့လို့ ရခဲ့တဲ့ ဘွဲ့လက်မှတ်လေးတစ်ခုဟာ ဘ၀မှာတိုးတက်ဖို့အတွက်၊ အလုပ်အကိုင်ကောင်းတွေ ရရှိဖို့အတွက် အတော်လေးကို အရေးပါတဲ့နေရာက ပါခဲ့တယ်ဆိုတာသိစေဖို့ရယ်၊ ဒီပို့စ်ကနေ ခုခေတ်ကျောင်းတက်နေတဲ့ ခလေးတွေ၊ ကျောင်းဆက်တက်ဖို့ တွေဝေနေတဲ့ခလေးတွေ အသိတစ်ခုခုရရှိခဲ့တယ်ဆို ကျေနပ်ပါတယ်။
ကျွန်မ NUS မှာ ကျောင်းတက်ဖို့ ဘယ်လိုဖန်လာတယ်၊ ဘယ်လို ကျောင်းတက်ခဲ့တယ်ဆိုတာ ဒီပို့စ် လေးမှာ ရေးပြီး ဖြစ်ပါတယ်။
ဒီလိုနဲ့ ကျော င်းပြီးတော့ ကျွန်မ weighing machine တွေ ဒီဇိုင်းထုတ်တဲ့ နေရာ မှာ အလုပ်ရပါတယ်။ ဘာမှ အတွေ့အကြုံမရှိတဲ့ ကျွန်မကို NUS မှာ မာစတာတက်နေတဲ့ ကျောင်းသူဆိုတဲ့ အထင်ကြီးမှုနဲ့ Mechanical Design Engineer အနေနဲ့ ခန့်ခဲ့တာပါ။ အဲဒီအလုပ်မှာ လုပ်နေရင်းနဲ့ နှစ်နှစ်ခွဲလောက်ကြာတော့ တစ်ရက်ပေါ့။ Good Friday ရုံးပိတ်ရက်ကြီးမှာ အလုပ်ကို ပြန်လာပြီး ဆင်းနေရတယ်။ အခန်းကလဲ ခပ်မှောင်မှောင်၊ ခြောက်ခြားဖွယ် တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းရယ်။ လူ၂၀၀ လောက် ရှိတဲ့ ကုမ္ပဏီမှာ ကိုယ်တစ်ယောက်တည်း အချိန်ပို လာဆင်းနေရတယ်ဆိုရင်တော့ တစ်ခုခုတော့ မှားနေပြီဆိုတာ ကျွန်မတွေးမိပြီး နောက်တနင်္လာ ရုံးဖွင့်ရက်မှာပဲ ကျွန်မ Resignation latter ကို တင်လိုက်ပါတယ်။ ကုမ္မဏီကတော့ မထွက်ဖို့ မျိုးစုံ offer လုပ်ပေမဲ့ ကျွန်မ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသားမှို့ မပြင်တော့ပါဘူး။
ဒီလိုနဲ့ အိမ်မှာ ၃-၄ လလောက်နားပြီး ပျင်းလာတော့ နောက်ထပ် အလုပ်တစ်ခု ထပ်ရှာရပါတော့တယ်။ အဲဒီမှာ ကံကပဲ မကောင်း လို့လားမသိ တစ်လနီးပါးလောက် လျှောက်ပြီး၊ အလုပ် ၁၀ခုလောက် အင်တာဗျူးပေမဲ့ ကျွန်မကို အလုပ်တစ်ခုမှ ပြန်မခေါ်သေးဘူး။ ဖြစ်ချင်တော့ ပထမအလုပ်မှာ သိပ်ကို stress များလို့ဆိုပြီး ကျွန်မပေါ့ပေါ့ပါးပါးအလုပ်လေးပဲ လုပ်ချင်တယ်ဆိုပြီး လျှောက်တာ Assistant Engineer တို့ ပုံဆွဲတဲ့ draft person တို့တွေပဲ လျှောက်တော့ သူတို့က Master ဒီဂရီကြီးနဲ့ over qualify ဆိုပြီး ပယ်ကြတာ ဖြစ်မယ်လို့ သဘောပေါက်လာတယ်။ အဲဒီတုံးက ခလေးကလဲ လိုချင်နေတော့ stress နဲတဲ့ အလုပ်ပဲ လုပ်ချင်ခဲ့တာပါ။
အဲဒါနဲ့ ဒီတိုင်း ဆက်လျှောက်နေရင်တော့ မဖြစ်ချေဘူးဆိုပြီး Engineer အလုပ်ကို စလျှောက်တော့မှပဲ အလုပ်၂ခုက ပြန်ခေါ်ပါတော့တယ်။ ပထမတစ်ခုက water jet နဲ့ machining လုပ်တာကို service လုပ်တဲ့ ကုမ္ပဏီ ။ နယ်သာလန်က ဆိုပါတယ်။ အဲဒီကုမ္ပဏီကိုတော့ ငြင်းလိုက်ရပါတယ်။ နောက်တစ်ခုကတော့ ကျွန်မ ၈နှစ်ခွဲကြာလုပ်ခဲ့တဲ့ ဂျပန်က နာမည်ကြီး ကင်မရာတွေ ထုတ်တဲ့ ကုမ္ပဏီပါ။
အဲဒီကုမ္ပဏီက အင်တာဗျူးတော့ Mechanical ဌာနက မန်နေဂျာ ဆိုသူနဲ့ ၂ယောက်တည်း ဗျူးရတာပါ။ အဲဒီမှာ မှတ်မိတာက အလာဘ၊ သလ္လာဘ တွေ ပြောပြီးတော့ သူက ပစ္စည်လေး တစ်ခုကို ထုတ်ပြတယ်။ bar code scanner က housing လို ပုံစံမျိုးလေး၊ အဲဒါလေးပြပြီး အဲဒီပစ္စည်းကို ဒီဇိုင်းလုပ်မယ်ဆိုရင် နင့်အနေနဲ့ ဘယ်လိုလုပ်မလဲ၊ ဘာပစ္စည်းသုံးမလဲဆို ကိုယ်ကလဲ ဖြေတာပဲပေါ့။ ဘယ်လိုလုပ်မယ်။ housing ကို ခိုင်အောင် metal casting လဲ သုံးချင်သုံးမယ်။ ပေါ့ချင်ရင်တော့ plastic molding လုပ်လဲရတာပဲဆို ဖြေလိုက်တာ။ technical နဲ့ ပတ်သတ်တာဆို အဲဒါ နဲ့ ပတ်သတ်တာလေးပဲနဲနဲထပ် မေးပြီး နောက်နေ့ အလုပ်ခန့်လိုက်ပြီ လက်မှတ်လာထိုးပါဆို အကြောင်းပြန်ပါလေရောဗျာ။ တကယ့်ကို လွယ်လွယ်ကူကူနဲ့ ရခဲံ့တာပါ။ အလုပ်ကလဲ ကြည့်ဦးလေ ခုမှ အင်ဂျင်နီယာသက် ၂နှစ်ကျော်ကျော်လောက်ကို စီနီယာ အင်ဂျင်နီယာ ရာထူးကို ခန့်လိုက်တာ။ NUS မာစတာဘွဲ့ဆိုတော့ အထင်ကြီးပြီး ခန့်လိုက်တာပါ။ ဟို အရင်အလုပ်မှာ ကိုယ့်ကို သင်ပေးတဲ့ စီနီယာဆိုတာတောင် အဲဒီမှာ လုပ်သက် ၅နှစ်ကို ရိုးရိုးအင်ဂျင်နီယာပဲ ရှိသေးတာ၊ Senior Engineer မဖြစ်သေးလို့ ခဏခဏညည်းနေသံ ကြားနေရတာ။ ( နောက်ပိုင်းမှ သိရတာက အဲဒီ မန်နေဂျာက စင်္ကာပူမှာ အမှတ်မမီလို့ (Local တက္ကသိုလ် တက်ခွင့်မရလို့) အင်္ဂလန်မှာ MBA အထိ သွားတက်ခဲ့သူပါ။ အဲလိုလူမျိုးတွေဟာ သူတို့ Local တက္ကသိုလ် NUS တို့ NTU တို့က ကျောင်းပြီးတဲ့သူတွေကို အင်မတန် အထင်ကြီးပါတယ်။ သူက အင်မတန်မှ သဘောကောင်းပြီး အလုပ်ထဲမှာ ကိုယ့်ကိုလဲ အလွန်ကို အရေးပေးပါတယ်။ အလုပ်ထဲမှာ ကြုံတိုင်း "သူက NUS က နေ မာစတာပြီးလာတာ" ဆိုပြီး customer တွေပဲ လာလာ၊ vendor တွေပဲလာလာ မိတ်ဆက်ပေးတော့တာပါပဲ.။ နောက်ပိုင်းမှာတော့ သူအလုပ်က ထွက်သည့်တိုင် တော်တော့်ကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ အနေနဲ့ ဆက်ရှိခဲ့ပါတယ်။ )
သြော် .. stress များလို့ engineer တောင် မလျှောက်ပဲ draft man ပဲ လုပ်ချင်ပါတယ်ဆိုမှ Senior Engineer ရာထူးကြီးနဲ့ ပရောဂျက်တွေကို lead လုပ်ရတဲ့ သူ ဘ၀ နေ့ချင်းညချင်း ရောက်ရပါလေရော။ အတိုချုံးလို့ အဲဒီကုမ္ပဏီမှာပဲ ပရောဂျက်တွေကို အောင်မြင်စွာ လုပ်ခဲ့ပြီး ၈နှစ်ခွဲကြာ ဒီ သြော်ဇီဖက်ပြောင်းဖို့ ဖြစ်လာမှ ကုမ္ပဏီမှာ ထွက်စာတင်ရပါတယ်။ ဒီနေရာမှာ ကြုံလို့ အဲဒီကုမ္ပဏီကလည်း ဘယ်လောက်တောင် ကောင်းလဲဆိုတာ ပြောပါဦးမယ်။ အလုပ်စ၀င်ကတည်းက ပထမဆုံးလစာမှာ ဘောနပ်စ် ထည့်ပေးပါသဗျာ။ ဘာအလုပ်မှကို မလုပ်ရသေးပါပဲနဲ့ အလုပ်ဝင်တဲ့ အချိန်က လကုန်ရက်ပိုင်းဖြစ်နေတာကို အဲဒီဘောနပ်စ်ကိုပဲ လခ အနေနဲ့ ရခဲ့တာ အံ့သြစရာမကောင်းဘူးလား။
ထွက်တော့လဲ ဇွန်လကုန်မှထွက်ပါလား အဲဒီကျ ဘောနပ်စ်လဲ ရတာပေါ့ဆို ကိုယ်ကလဲ ဧပြီလမှာ ထွက်ချင်နေတော့ ထွက်ပါရစေဆို တောင်းပန်ပြီးထွက်ခဲ့တာ။ အလုပ်နောက်ဆုံးနေ့မှာ HR ဒါရိုက်တာက စာအိပ်လေးတစ်အိပ် ဖွင့်ပြပြီး နင့်ရဲ့ Company အပေါ်မှာ contribute လုပ်တာကို ကျေနပ်လို့ ငါတို့က ဘောနပ်စ် တစ်လစာ ပေးလိုက်တယ်။ ဒါကို ဘယ်သူ့မှ မပြောပါနဲ့။ သူနဲ့ MD ရဲ့ လက်ဆောင်ပါဆို စာအိပ်လေးပေးလိုက်တော့ ကိုယ့်အနေနဲ့ ဘာပြန်ပြောရမှန်းတောင်မသိ။ ကျေးဇူးတင်ကြောင်းသာ အထပ်ထပ်ပြောပြီး ၀မ်းနည်း ၀မ်းသာ ဖြစ်ခဲ့ရတဲ့ နေ့ပါပဲ။
ဒီဖက် ကျွန်းကြီးဖက်ရောက်တော့လဲ ပိုပြီး အံ့သြစရာဖြစ်ခဲ့ရတာ ပြောရဦးမယ်။ အန်တီဆွိတို့လဲ အလုပ်ရှာတာမှာ အခက်အခဲ ရှိတာနဲ့ Business လုပ်နေတော့ အလုပ်မလျှောက်ဖြစ်တာကြာပြီ။ ဦးခြိမ့်က အရမ်းပင်ပမ်းတော့ သူု့ကို support လုပ်နေရတာ အလုပ်လုပ်လို့ မဖြစ်သေးဘူးဆို အလုပ်မလျှောက်ပဲနေတာ ၇လလောက်ကြာပြီ။ ဟိုတစ်နေ့ကမှ စိတ်ကူးပေါက်ပြီး အလုပ်၂ခုလျှောက်လိုက်တာ ကံကောင်းထောက်မစွာနဲ့ အင်တာဗျူုးးတွေ ဖြေပြီး အလုပ်တစ်ခု ရခဲ့တာပါ။
ဒီမှာက အလုပ်ရှာရင် အလုပ်ရှင်ကို တိုက်ရိုက်တွေ့ရတာ နည်းပါတယ်။ Agent တွေကပဲ အလုပ်တွေကို ကြော်ငြာပြီး သူတို့ကပဲ လူတွေကိုစစ်ထုတ်ပြီး တိုက်ရိုက် ကုမ္ပဏီကို ဆက်သွယ်ပေးပါတယ်။ အေးဂျင့်က အင်တာဗျူးမယ်ဆိုတော့ ကိုယ့်မှာရှိတဲ့ drawing တွေရော၊ ဘွဲ့လက်မှတ်၊ သင်တန်းလက်မှတ်၊ ထောက်ခံစာ အစုံပါပဲ လိုရမယ်ရဆို ယူသွားတာ။ သူကတော့ ဘာယူခဲ့ဆို ဘာမှကို ပြောမထားပါဘူး။
ဒီနေရာမှာ NUS က ဘွဲ့လက်မှတ် အကြောင်းပြောရဦးမယ်။ NUS က ဘွဲ့လက်မှတ်က ပုံမှန် A4 ဆိုဒ် မဟုတ်ပဲ ဆိုဒ်က တော်တော်ကြီးနေတာကို ကျောင်းမှာကထဲက ပလပ်စတစ်လောင်းပြီး အပြာရင့်ရောင် ကပ်ထူ အမာ အကြီးကြီးထဲမှာ ထည့်ပေးလိုက်တာ။ ဘွဲ့ လက်မှတ်ဟာ ဘွဲ့ယူကထည်းက အဲလိုပဲ ရှိနေခဲ့တာ။ အဲဒီဘွဲ့လက်မှတ် အကြီးကြီးကလဲ အင်တာဗျူးဆို ကော်ပီတွေ ရှိပေမဲ့ original တောင်းနေရင် အခက်ဆို ယူယူသွားရတာ အတော်တော့ ဂွကျပါသဗျာ။
ဒါနဲ့ အေးဂျင့်နဲ့ တွေ့တော့ ပထမဆုံး မိတ်ဆက် ကိုယ့်အကြောင်းတွေမေး၊ ဘာတွေ လုပ်ခဲ့သလဲမေး Technical ပိုင်းနဲနဲမေး၊ ဒါလောက်ပဲမေးပြီး ကိုယ်စိုးရိမ်နေတဲ့ HR နဲ့ ပတ်သတ်တဲ့ မေးခွန်း တစ်လုံးတောင် မေး မသွားပါဘူး။ ကျွန်မ အရင်က အေးဂျင့် ၂ယောက်၊ ၃ယောက်လောက်နဲ့ ဆက်ဆံဖူးရာမှာ ဒီအေးဂျင့်ကတော့ တော်တော်ကို သဘောကောင်းပြီး သူပြောနေဆိုနေပုံတွေဟာ အင်္ဂလိပ်လိုဆို very gentle ဖြစ်ပြီး very kind ပါ။ ပြန်ခါနီးကျ လက်ဆွဲနှုတ်ဆက်အပြီး သူ့မျက်လုံးက စားပွဲပေါ်က အပြာရင့်ရောင် ကတ်ထူပြားအပေါ် ရောက်သွားတယ်။ ရုတ်တရက် ဒါဘာလဲဆို သူ့ဟာသူ ဖွင့်ကြည့်ပြီး အထဲက ဘွဲ့လက်မှတ်နဲ့ ရေးထားတဲ့စာ ( Master of Mechanical Engineering) ဆိုတာကို ဖတ်ပြီး သူ့မျက်နှာဟာ အထင်ကြီးပြီး ၀င်းသွားလိုက်ပုံဟာ ပြန်တောင် မပြောတတ်ဘူး။ ပြီးတော့ ကိုယ့်ကို လက်ဆွဲ နှုတ်ဆက်ပြီး congratulation ဆို ပြုံးပြီး ပြောသွားသေးတယ်။ အဲဒါပြီး နောက်နေ့ပဲ အလုပ်ရှင်နဲ့ အင်တာဗျူးဖို့ ချိန်းပေးတော့တာပါပဲ။
အလုပ်ရှင်နဲ့ အင်တာဗျူးတော့လဲ first interview အတွက် Bav လို့ခေါ်တဲ့ HR က မန်နေဂျာ အမျိုးသမီးနဲ့ရယ်၊ technical အတွက် ME Team leader ရယ်၊ ပရောဂျက် Leader ရယ်နဲ့ ထပ်ဗျူးရပါသေးတယ်။ အင်တာဗျူးပြီးတော့ ပြန်ခါနီး Bav ဟာလဲ အပေါ်က အေးဂျင့်လိုပဲ ကိုယ် ပိုပို လိုလိုဆို ယူလာတဲ့ စားပွဲပေါ်တင်ထားတဲ့ ကပ်ပြားလေးကို ဘာလေးလဲဆို သူ့ဟာသူ ဖွင့်ကြည့်ပြီး သူ့မျက်နှာမှာ အထင်ကြီးခြင်း၊ ၀မ်းသာခြင်း၊ ချီးမြှောက်လိုခြင်း အစရှိတာတွေနဲ့ မျက်နှာဟာ ၀င်းပသွားပြီး ထ လက်ဆွဲနှုတ်ဆက် Congratulation လုပ်ခဲ့ပါသေးတယ် ။ သူတို့ရဲ့ အပြုအမူတွေဟာလည်း ကျွန်မအတွက် အတော်ကို ထူးဆန်းနေခဲ့ပါတယ်။
သူတို့ ဘာလို့ ဒီ မာစတာ ဘွဲ့ကို ဒီလောက် အထင်ကြီးလဲ ပြန်စဉ်းစားရင် သြော်ဇီမှာ တော်တော်များများဟာ အထက်တန်းကျောင်းပြီးရင် Tafe လို့ခေါ်တဲ့ မြန်မာပြည်က GTI လို ကျောင်းမျိုးမှာပဲ အသက်မွေးဝမ်းကျောင်း ပညာသင်ပြီး လုပ်ငန်းခွင်ဝင်ကြတာများပါတယ်။ အေးအေး နေချင်ကြသူများပီပီ ဒီလောက်နဲ့လဲ စီးပွားရေး အဆင်ပြေနေတော့ ဘ၀ကို ဒီလောက်နဲ့ပဲ ကျေနပ်ကြသူတွေ အများကြီးပါ။ ဒီထဲကမှ အင်မတန် တော်တဲ့သူတွေ ၊ အင်မတန် စိတ်ထက်သန်တဲ့သူတွေမှသာ တက္ကသိုလ် (Bachelor) အတွက် ဆက်တက်ကြပါတယ်။ အထက်တန်းကျောင်းပြီး အလွန်တော်မှသာ အင်ဂျင်နီယာ၊ ဆေး၊ ပညာရေး အစရှိသဖြင့် တက္ကသိုလ်တွေဟာလည်း အမှတ်အလွန်မြင့်ပါတယ်။ သာမာန်သူတွေ အဖို့ ရိုးရိုးတက္ကသိုလ်တောင်မှ သိပ်ပေါက်မြောက်မှ တက်ကြသူတွေဆိုတော့ ခုလို အင်ဂျင်နီယာဘွဲ့ မာစတာဆိုတော့ အထင်ကြီးကြတာဖြစ်မှာပါ။ င်္ဒီမှာလေးစားစရာက သူတို့ဟာ ဘယ်လို နိုင်ငံသေးသေးကလာလာ၊ ဘယ်လိုလူဖြစ်ပါစေ၊ သူတပါးကို နှိမ့်ချလိုတဲ့ စိတ်မရှိ့ပဲ စိတ်ထဲက ရှိတဲ့ အတိုင်း လေးလေးစားစား ချီးမွန်းခဲ့တာပါပဲ.။
အဲဒီကျမှပဲ ကျွန်မဟာ မထင်မှတ်ပဲ ရလာတဲ့ ဘွဲ့လေးတစ်ခုဟာ ဘ၀မှာ များစွာ အထောက်အကူပြုခဲ့တာကို သတိပြုမိပါတယ်။ ဒီဘွဲ့အတွက် သင်ခဲ့ရတဲ့ ဘာသာတွေကလဲ အလုပ်အတွက် Technical ပိုင်းဆိုင်ရာ အထောက်အကူ မပြုခဲ့ပါဘူး။ ကိုယ်ရဲ့ အလုပ်နဲ့ သင်ခဲ့တဲ့ ဘာသာတွေဟာ အစပ်အဆက်လည်းမရှိပါဘူး။ ဒါပေမဲ့ ဒီဘွဲ့လက်မှတ်လေးဟာ တစ်နည်းအားဖြင့် အကျိုးပြုနေပါသေးတယ်။ အဲဒီတုံးကဆို စင်္ကာပူမှာ အခြေချနိုင်ဖို့၊ နေထိုင်ခွင့်ရဖို့ အတွက် ပထမခြေလှမ်းအနေနဲ့ တက်ခဲ့ရတဲ့ ကျောင်းက ဘွဲ့လက်မှတ်လေးဟာ နောက်ပိုင်း ခုလို အလုပ်အကိုင် အခွင့်အရေးတွေအတွက် အထောက် အပံ့ ပြုလိမ့်မယ်ဆိုတာ ဘယ်တုံးကမှ တွေးမထင်ခဲ့ဖူးပါ။
ခုခေတ် လူငယ်လေးတွေလဲ တီတီဆွိမှ အားပေးချင်တာက ပညာကို ရှာလို့ရတဲ့ အခွင့်အရေးမှာ ရအောင် ရှာကြပါ။ ကျောင်းတက်ခွင့်ရရင် ဖြစ်အောင်တက်ကြပါ။ ဘွဲ့လက်မှတ်လေးတစ်ခုက နောက်ပိုင်း ဘ၀အတွက်၊ အလုပ်အကိုင်တွေ ရှာဖွေရာမှာ လူရိုသေရှင်ရိုသေလက်မှတ်လေးက အများကြီး အထောက် အပံ့ ပေးနိုင်တယ်ဆိုတာ သိသွားတယ်ဆို ဒီပိုစ့်ရေးရကြိုး နပ်ပါပြီ။