တီတီတီတီ ... ဒေါင်ဒေါင် .. တီတီတီတီ ... ဒေါင်ဒေါင် ..
မနက်စောစောစီးစီး အိပ်လို့ ကောင်းတုံး နာရီနိူးစက်က ထမြည်ပါတော့တယ်။
မနက် ၅နာရီ Alarm..
ခါတိုင်းဆိုရင်ဖြင့် နာရီနှိုးစက်သံကို အင်မတန်မှ မြင်ပြင်းကပ်တဲ့ တီတီဆွိဟာ ဒီနေ့တော့ အော် .. မဲပေးရမဲ့နေ့ပါလားဆို ချက်ချင်းသတိရ၊ ငေါက်ကနဲ ထထိုင်ပြီး ရေချိုးခန်းထဲ အပြေးဝင် ရေချိုးသန့်စင် ပါတော့တယ်။ ခါတိုင်း အလုပ်သွားမဲ့နေ့ဆို အိပ်ရာက မထချင်တာနဲ့ အီလေးဆွဲနေတဲ့သူက ဒီကနေ့ သွက်ချက် မြန်ချက်ကတော့၊ စိတ်တွေကလဲ ကြည်လင်လို့ ရေချိုးရင်းနဲ့ သီချင်း လေးတောင်ဆိုလိုက်သေး။ ငယ်ငယ်က ကြားဖူးနား၀ အောင်ကိုလတ်ရဲ့ သီချင်း "မဲရုံ .. မဲရုံ ကိုလာ ... တပြည်လုံးပဲ မဲပေးကြမယ် ...တရွာလုံးပဲ မဲပေးကြမယ်" ...
ရေချိုးပြီးတာနဲ့ ဖီလိမ်းပြင်ဆင်၊ သမီးကိုနှိုး၊ ဟိုဖက်ခန်းက င်္ဦးခြိမ့်ဆီကလဲ တချွတ်ချွတ်နဲ့ အသံတွေ ကြားနေရပါပြီ။ သမီးလေးကလဲ င်္ဒီနေ့တော့ သိပ်မနှိုးလိုက်ရပဲ မျက်နှာသစ် အဝတ်အစားလဲ မြန်မှမြန်။ သားအမိ သားအဖတွေ အားလုံးပြင်ဆင်ပြီးကြတော့ ကားပေါ် လိုတာတွေတင်ကြ၊ အနွေးအကျီ၊ လမ်းမှာ သောက်ဖို့ အအေးဗူး၊ ကျွဲရိုင်းဗူး၊ သွားရေစာ စားစရာတွေ ထည့်၊ ပြီးတော့ ဦးခြ်ိမ့်ကို ညကထဲက ပြင်ဆင်ထားတဲ့ ပတ်စ်ပို့စ်၊ မဲစာရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ ထည့်ထားတဲ့ ဖိုင်အပြာ ပါရဲ့လားမေးတော့မှ သူမေ့နေဟန်တူပါတယ်။ အိမ်ထဲ အပြေးပြန်ယူရတယ်။ ကံကောင်းလို့ အဲဒီဖိုင်ကျန်ခဲ့ရင်တော့ ဟိုရောက်မှ တပ်ခေါက် ပြန်ရုံပဲ ရှိတော့မှာ၊ အတိုချုံးသော် လိုတာ အကုန်တင်ပြီး မဲပေးဖို့ ၂၇၅ ကီလို ခရီးကို စခဲ့ကြပါတော့တယ်။
အိမ်ကထွက်တော့ မနက် ၆နာရီ။
လမ်းရောက်တော့ သူငယ်ချင်းတွေနဲ့ ခရီးအစ မက်ဒေါ်နယ်မှာ ဘရိတ်ဖက်စ် ဝင်စားဖို့ ချိန်းကြတယ်။ ဘရိတ်ဖက်စ်ဆိုင်မှာဆုံကြ စားကြသောက်ကြပြီးလို့ ပြန်ထွက်မယ်အလုပ် သူငယ်ချင်း တစ်ယောက်ရဲ့ကားက ရုတ်တရက်ကြီးထပျက်လို့ နှိုးမရပြုမရဖြစ်နေတာနဲ့ ကား၃ စီး အတူသွားကြဖို့ရာ တစ်စီးက နေခဲ့ရတော့တယ်။ အန်တီဆွိတို့မှာ ရှင်နည်းရာ အဂ လူထွက်ဆိုသလို စ စီစဉ်တုံးက လူအယောက် ၂၀၊ ကား၄စီးလောက် စီစဉ်ထားရာကနေ မဲစာရင်းမပါလို့ ကျန်ခဲ့သူ၊ အကြောင်းကြောင်းကြောင့် မလိုက်ဖြစ်သူနဲ့ နောက်ဆုံး ကား၃စီး လူ ၈ ယောက် ကနေ ခုတော့ ကား၂စီး လူ ၅ယောက်သာ ကျန်ပါတော့တယ်။ ဒီမှာက မြန်မာတွေ ရှိပေမဲ့ အတော်များများဟာ အော်ဇီန်ိူင်ငံသားဘ၀ရောက်သွားကြပြီမှို့ မဲပေးဖို့ အခွင့်အရေးရှိသူ နည်းရတဲ့ ကြားထဲမှာ မဲစာရင်းမပါသူတွေကလဲရှိနေသေးတော့ မဲတကယ်လာပေးတဲ့့ဦးရေဟာ တော်တော်ကို နည်းသွားပါတော့တယ်။
ဒါနဲ့ ကား၂စီး မနက် ၆နာရီ ၄၅ လောက်မှာ ဆက်ထွက်လာကြပြီး လမ်းမှာ ဦးခြိမ့်က မဲလ်ဘန်းက လာမဲ့ သူ့သူငယ်ချင်းမိသားစုကို ဖုန်းဆက် အကျိုးအကြောင်းမေး၊ ဟိုမှာဆုံဖို့ ချိန်းကြပါတယ်။ အဲဒီသူငယ်ချင်းက သူ့သမီးကျောင်းနှုတ်ဆက်ပွဲ ည ၁၂ နာရီမှ ပြီးတာကို မနက် ၃နာရီခွဲ ထ ကားမောင်းထွက်ခဲ့သူပါ။ ကီလို ၇၀၀ ခရီးကို ၈နာရီ လောက် မောင်းရမှာမှို့ ဦးခြ်ိမ့်က စိတ်ပူပြီး သူ့သူငယ်ချင်း အိပ်ငိုက်မှာစိုးလို့ alert ဖြစ်အောင် တစ်လမ်းလုံး ဖုံးခဏခဏ ဆက်နေပါတော့တယ်။ လမ်းရောက်မှ နောက်ကျန်ခဲ့တဲ့ ကားကလည်း သူ့အလိုလို စက်က ပြန်ကောင်းလာပြီး နောက်က လိုက်ခဲ့တယ်လို့ သတင်းပို့ပါတယ်။ ဒီလိုပဲ လမ်းမှာ မထင်မှတ်တဲ့ အနှောက်အယှက်ကလေးတွေက ဝင်တတ်လို့့သူငယ်ချင်းကို အေးဆေး သာ မောင်းပြီး လိုက်ခဲ့ပါလို့သာ ပြောလိုက်ပါတော့တယ်။လမ်းမှာ နောက်ထပ် မက်ဒေါ်နယ် ဆိုင်မှာ ဝင်နားဖို့ ပြောထားကြပေမဲ့ ဟိုရောက်ပြီး မဲပေးဖို့သာ စိတ်ထက်သန်နေကြတော့ ကားနှစ်စီးဟာ ၁၁၀ မောင်းရတဲ့လမ်းကို ၃နာရီခရီးဆက်တိုက် တစ်စက်ကလေးမှ မနားတော့ပဲ ကမ်ဘာရာမြို့ကို စ ဝင်လာပါတော့တယ်။ ကမ်ဘာရာလမ်းဟာ လမ်းဖြောင့်ဖြစ်ပြီး အင်မတန်မှ မောင်းရလွယ်ပါတယ်။ လမ်းက ဖြောင့်လွန်းတော့ ဦးခြ်ိမ့်က Cruse နဲ့ လီဗာနင်းစရာမလိုပဲ တစ်လမ်းလုံးမောင်းလာတော့ သက်သာတယ်ပြောပါတယ်။ ဒါပေမဲ့ အိပ်ငိုက်မှာ ကြောက်လို့ ပြိုင်ပွဲဝင်ကစားသမားတွေလို ရေတိုက်လိုက်၊ ကျွဲရိုင်းတိုက်နဲ့ တစ်လမ်းလုံး စကားတွေ အမျှင်မပျက်အောင်လဲ ပြောရပါသေးတယ်။
ဒါတောင် တီတီဆွိဟာ လမ်းမှာ ဓာတ်ပုံတွေ ရိုက် Face Book ကိုလဲ status တွေ တင်ပြီး chat box ကနေလည်း သူငယ်ချင်းတွေနဲ့ chatting လဲ လုပေ်နသေးတယ်။ အဲဒီမှာ ညီမတစ်ယောက်ဆီကနေ မနက် ၄နာရီကလာတာ သူ့ရှေ့မှာ ၂ကီလို တန်းရှိတယ်ဆိုလား ပို့လာတော့ ဟင် တို့အော်စီလဲ စင်ကာပူလိုပဲ အစောကြီး တန်းတဲ့့သူတွေ ရှ်ိပါလား၊ တို့ရောက်ရင်တော့ ကားရပ်ဖို့တောင် နေရာရှိပါ့မလား စိတ်ပူနေရတယ်။ နောက်မှ သူက စင်္ကာပူက အကြောင်းပြောတာဖြစ်မှပါဆို သို့လောသို့လောနဲ့ပဲ ခရီးဆက်ခဲ့ကြပါတော့တယ်။
ဒီလိုနဲ့ ကားလေး၂စင်းဟာ မြန်မာသံရုံးရှိရာ ကမ်ဘာရာမြို့့ကို စ ဝင်လာပါတယ်။ ၂ ကီလိုမီတာလောက်မောင်းပြီး သံရုံးရှေ့ရောက်တော့ လူသူလဲ မတွေ့၊ ကားပတ်ကင်မှာလဲ အချောင်ကြီး ဖြစ်နေတာနဲ့ ဝမ်းသာအားရ ကားတွေ ပတ်ထားခဲ့ပြီး ရှေ့တင် သံရုံးကို လှမ်းမြင်နေရပါပြီ။ သံရုံး အထဲမှာ လူလေး တွေ ရုတ်စီရုတ်စီ မြင်နေရပါတယ်။ သံရုံးထဲက ထွက်လာတဲ့ အမျိုးသမီး ၃-၄ ယောက်က "သူတို့ အဆင်ပြေအောင် တော်တော် လုပ်ပေးထားတာပဲ မဆိုးပါဘူး" ဆို နားစွန်နားဖျား ကြားလိုက်ရပါသေးတယ်။ စိတ်ထဲမှာ ထင်ထားသလို လူတန်းရှည်ကြီးလဲ မရှိ၊ သံရုံးထိပ်မှာတော့ ဓာတ်ပုံမရိုက်ရဆိုတဲ့ စာရွက်လေး ကပ်ထားလို့ ဓာတ်ပုံရိုက်ပြီး တင်ချင်တဲ့သူက ရွံ့တွန့်တွန့် ဖြစ်သွားပါတယ်။
သံရုံးအဆောက်အဦထဲ ဝင်မယ်လုပ်တော့ အထဲမှာတော့ လူတွေက အပြည့်ဖြစ်နေပါပြီ။ ဒါပေမဲ့ တန်းစီထားတာမဟုတ်ပဲ အခန်းကျဉ်းလေးထဲမှာ လူ ၂၀- အစိတ်လောက် တော်တော်လေးကို ဖရိုဖရဲ နေရာယူထားကြသလို ဖြစ်နေတော့ ကိုယ်တွေက ရုတ်တရက် ဟင် ဘာလို့ တန်းမစီကြတာလဲ ဆို မေးလိုက်တော့ သူတို့က မြို့နာမည် ခေါ်တာကို သွားရတာပါလို့ ပြောပါတယ်။
နောက်မှ သိရတာက ထိုအဖွဲ့ဟာ ည ၁၂ နာရီထဲကနေ ဘတ်စ်ကား စင်းလုံးငှါးပြီးလာတဲ့ မဲလ်ဘန်းက၂၄ ယောက် အဖွဲ့ဖြစ်နေပါတယ်။ မဲဘန်းက ကိုယ်စားလှယ်ကြီးများ ပေါ့ ခင်ဗျာ ။ လူငယ်တွေများပြီး တစ်ယောက်နဲ့ တစ်ယောက် စ ကြ နောက်ကြနဲ့ ပျော်စရာကြီးပါ။ သူတို့ထဲက ညီမလေးတွေက အန်တီဆွိဆို မိတ်ဆက်လာလို့ သူုတို့နဲ့လဲ ခင်မင်ခွင့်ရခဲ့ပါတယ်။ သူတို့တွေ ပြောဆိုနေတုံး ကိုယ်တွေက ဝင်တန်းစီလိုက်တော့ သံရုံးက အဲဒီကျမှ တန်းစီ စနစ်ကို စတင်ပါတယ်။ အဲဒီတော့ တီတီဆွိတို့ ဆစ်ဒနီက ၅ယောက်အဖွဲ့က နောက်မှ လာပြီး တန်းထဲ ရှေ့ဆုံးကရောက်သွားပါတော့တယ်။ မဲလ်ဘန်းက အဖွဲ့ကို အရင်ဝင်ပါဆိုတော့ သူတို့့က ကီလို ၇၀၀ ည၁၂ ထဲက မောင်းလာရတဲ့သူတွေဆိုတော့ ဆစ်ဒနီက ကိုယ်စားလှ.ယ်ကြီးများကို ဦးစားပေးတယ်လို့ နောက်ပါတယ်။
ပထမတန်းစီတဲ့လူကို ခေါ်နေရင်းနဲ့မှ သံရုံးမှ မမ တစ်ယောက်ကနေ အဲဒီလူနဲ့ မြို့နယ်တူသူကိုလည်း အပြင်ထွက်ပြီး တစ်ခါထဲ ခေါ်ပါတယ်။ မဲစာရွက်အထုတ်တွေ တစ်ခါထဲ ဖောက်ပြီးသားဆိုတော့ လွယ်အောင်ထင်ပါတယ်။ ဥပမာ ကျောက်တံတား ရှိလားဆို အကုန်လုံး ကျောက်တံတားဆို ဝိုင်းကူအော်ပေးကြနဲ့ ပျော်စရာကြီးပေါ့ခင်ဗျာ။
ဒီအချိန်မှာပဲ မဲပေးပြီး ပြန်ထွက်လာတဲ့ အထဲက အရပ်ရှည်ရှည်နဲ့ အသက် ၃၀လောက် ကောင်လေးတစ်ယောက်က သူ ၂မဲ ပဲ ထည့်ခဲ့ရတယ်.။ သူ့မြို့နယ်က တိုင်းဒေသကြီး မပါလို့ဆို တစ်ယောက်ကနေ သူ့ ဖုံးနဲ့ စစ်ပေးတော့ ၃မဲ ဖြစ်ရမှာသေချာနေပါတယ်။ ပထမတော့ သူလဲ မသေချာတော့ မပြောရဲလို့ ပြန်ထွက်လာခဲ့တာ။ ခု သေချာတော့ သံရုံးက အစ်မတစ်ယောက်ကို ခေါ်ပြီး မဲ ၃မဲမှာ ၂မဲပဲ ပေးခဲ့ရလို့ နောက်တစ်မဲ ပေးခွင့်ရအောင် စီစဉ်ပေးပါဆိုတော့ အဲဒီမမကပဲ တောင်းတောင်းပန်ပန်နဲ့ သူတို့လဲ ဟိုက ပို့ပေးလာတဲ့ အတိုင်းပဲ ဆောင်ရွက်ရတဲ့ အတွက် ဘာမှ မတတ်နိူင်ကြောင်းပြောလို့ ၁၀ မိနစ်လောက် အခြေတင် ပြောဆိုနေကြပါတယ်။
အဲဒီအချိန်မှာပဲ ဦးခြိမ့်ဝင်ပြီးသွားလို့ အန်တီဆွိ ပေးရမဲ့ အလှည့်ရောက်ပါတော့တယ်ခင်ဗျာ။
(စာရှည်သွားလို့ မနက်ဖြန်မှ ဆက်ရေးပါတော့မည်။ မှတ်တမ်းအနေနဲ့ ရေးတာမှို့ ခွင့်လွှတ်ကြပါကုန်)




This comment has been removed by the author.
ReplyDelete