Tuesday, July 13, 2010
ဆီသတ်ချက်တဲ့ ရယ်ဒီမိတ် မုန့်ဟင်းခါး
မဆွိတီ မုန့်ဟင်းခါးကို အလွန်ကြိုက်တယ်။ မုန့်ဟင်းခါး ဘယ်လောက်ကြိုက်ကြိုက် မကောင်းတဲ့အကျင့်က မုန့်ဟင်းခါးချက်တဲ့နေ့ဆို ည-မနက် မစားချင်ဘူး။ အိမ်ကလူတွေလဲ အတူတူပဲ။ မနက်ခင်း အဝစား၊ ညနေကျ ငြီးပြီးမစားချင်တော့ဘူး။ အဲဒီတော့ တစ်ခါတစ်လေချက်တာဆို မုန့်ဟင်းခါးတွေ အများကြီး အပင်ပန်းခံချက်ပြီး နောက်နေ့ကျန်၊ သိမ်းထားနဲ့ အဆင်မပြေဘူး။ ကိုယ်က သွေးတောင်းတဲ့အချိန် တစ်ပွဲလောက်စားရရင် ကျေနပ်ပြီကိုး။
အဲဒီတော့ မုန့်ဟင်းခါးကို စားချင်တိုင်း နဲနဲ နဲ့ အလွယ်ချက်စားလို့ရအောင် ငါးကို ဆီသတ်ပြီး ရေခဲသေတ္တာ ဖရီဇာထဲ ထည့်ခဲထားတယ်။ ကြက်သွန်နီဥသေးတွေ၊ ဆန်အကျက်မှုန့်တွေ ကိုလဲ အိမ်မှာ မပြတ် ဝယ်ထားလိုက်တယ်။ ကုလားပဲကိုလည်းပြုတ် ဘလန်ဒါနဲ့မွှေပြီး Freezer ထဲ ထည့်ခဲထားတယ်။ မြေပဲကိုလည်း မကျက်တကျက် လှော်ပြီး ကြိတ်ထားလိုက်တယ်။ စားချင်ချိန်ကျ ရေနွေးဆူဆူမှာ အပေါ်က ငါးဆီသတ်၊ ကြက်သွန်နီ၊ ဆန်ကျက်မှုန့်၊ မြေပဲမှုန့်၊ ကုလားပဲပြုတ်တွေကို ရောထည့်ပြီး နာရီဝက်တစ်နာရီလောက် မီးအေးအေးနဲ့ တည်ထားရင် မုန့်ဟင်းခါးမွှေးမွှေးလေးရရော။
မုန့်ဟင်းခါး ရယ်ဒီမိတ်တွေရှိရက်နဲ့ အပင်ပန်းခံတယ်လို့ပြောချင်လဲပြောကြမယ်။ ဆိုင်က ရယ်ဒီမိတ်နဲ့ လုံး၀ မတူပါခင်ညာ။ ရယ်ဒီမိတ်တွေ ဟိုးလွန်ခဲ့တဲ့ ၅နှစ်လောက်က စားဘူးပါတယ်။ သူက ကြာတဲ့အခါ အနံ့တစ်မျိုး ရှိတယ်နော်။ နောက်ပိုင်းတော့ အဲဒီရယ်ဒီမိတ် အနံ့ကို လုံးလုံး ခံလို့မရတော့လို့ မစားတာ ခုထိပါပဲ။ အိမ်မှာ ဂျူဂျူ့ ကြီးတော်ကြီး ဆီသတ်ထားတဲ့ မုန့်ဟင်းခါးကို စားပြီးရင် ဘယ်မုန့်ဟင်းခါးမှ သိပ်မကြိုက်တော့ပါဘူး။ မုန့်ဟင်းခါးမှာ ဆီသတ်တာ ပညာပါပါတယ်။ အရင်က ကိုယ့်ဟာကိုယ် ဆီသတ်ချက်တာပဲ။ ဒါပေမဲ့ သူဆီသတ်တာကိုတော့ မမီတာ အမှန်ပဲ။
ငါးကတော့ seabass ငါးကို သုံးပါတယ်။ ငါးတစ်ကေဂျီခွဲလောက်ကို ထုံးစံအတိုင်း ဆနွင်းမှုန့်များများ၊ စပါးလင်၊ငါးငံပြာရည် နဲ့ ကျက်နေအောင်ပြုတ်ပြီး အရိုးနွှင်ထားပါတယ်။ ကြီးတော်ရဲ့ အချိုးက ဂျင်းရယ်၊ စပါးလင်ရယ်၊ ကြက်သွန်ဖြူ ၃မျိုးပေါင်းက ဆီသတ်ဖို့ အရိုးနွှင်ပြီးသား ငါး ပမာဏရဲ့တစ်ဆသာသာလောက်ရှိပါတယ်။(ပြင်ထားပါသည်) အဲဒီမှာမှ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူ ၃မျိုးအချိုးက ဆတူ ဖြစ်ပါတယ်။ အားလုံးကို သတ်သတ်စီ ညက်နေအောင် ဘလန်ဒါနဲ့ကြိတ်ပါတယ်။ ပြီးတော့ ငရုပ်ဆုံနဲ့ ပြန်ထောင်းပါတယ်။ စပါးလင်၊ ဂျင်းတွေက မညက်ပဲ chop လုပ်ထားသလိုဖြစ်နေလို့ ပြန်ထောင်းရတာပါ။ ဆီများများနဲ့ နနွင်းမှုန့်ရောင် ဝါဝါလေးနဲ့ ဆီသတ်ပါတယ်။ အပေါ်က ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင် ၃မျိုး ရွှေဝါရောင်သန်းလာရင် ငရုပ်သီးအရောင်တင်မှုန့်နဲ့ ငါးနွှင်ထားတာကို ထည့်င်္ပြီး အကြာကြီး ငါးကို ကြွပ်ပြီးမွှေးလာသည်အထိ ဆီသတ်တာပါ။ အပေါ့ အငန်မြည်းကြည့်ပြီး ပေါ့ရင် ငံပြာရည်ထည့် ပြီး ဆီဆက်သတ်ပါ။ ငရုပ်ကောင်း ကိုယ်တိုင်လှော် ထောင်းထားတာကိုလည်း ဆီသတ်တဲ့ထဲ ထည့်ပါသေးတယ်။
သူဆီသတ်တာ ခြောက်လွန်းအားကြီးလို့ ဟုတ်မှ ဟုတ်ပါ့မလားလို့ထင်နေတာ။ အဲဒါကို ချက်တဲ့ မုန့်ဟင်းခါးကမှ ပိုမွှေးတာပါ။
ငါးတစ်ကေဂျီခွဲလောက်ဆို ဒီဘူးနဲ့ တစ်ဝက်ကျော်လောက်ရပါတယ်။ အဲဒါ ၂ခါလောက် ချက်စားပြီးသားပါ။ ငါးဆီသတ်ကို ဖရီဇာထဲမှာ ၂လလောက်အထိထားနိူင်ပါတယ်။
အိမ်ချက် ရယ်ဒီမိတ် မုန့်ဟင်းခါးပါ။ စားချင်တိုင်း အလွယ်တကူ ချက်စားနိူင်ပါတယ်။ လောလောလတ်လတ် ချက်တဲ့ မုန့်ဟင်းခါးနဲ့ ထူးမခြားနားပါပဲ။ ဆိုင်က ရယ်ဒီမိတ်တွေလို အနံ့တစ်မျိုး မရှိပါဘူး။ ငါးများများနဲ့ချက်ရင် အချိုမှုန့်လုံး၀ မလိုပါ။ သကြား (သ်ို့) ထန်းညက်ခဲလေး နဲနဲ အိုးထဲပစ်ထည့်ရင် အရသာပိုကောင်းပါတယ်။ ကြက်ဥလေးတစ်လုံးကို ရေနဲ့ နာနာခေါက်ပြီး ဟင်းအိုးပွက်ပွက်ဆူထဲ အမျှင်သေးသေးလေးတွေ လောင်းထည့်ရင် မုန့်ဟင်းခါးက အမြင်လဲလှ ပိုလည်းချိုပါတယ်။ ကြက်ဥပြုတ်ပြီးသားကိုလဲ ပါးပါးလှီးထည့်ပါတယ်။ ချကာနီး ငရုပ်ကောင်းမွှေးမွှေးလေး ခပ်ပါတယ်။
ဘူးသီးကြော် ကြွပ်ကြွပ်လေးနဲ့ ဘလော့လာလည်သူများလည်း အားပေးကြပါဦးရှင်။
ပုံများကို မြင်ကွင်းပိုကောင်းအောင် ကလစ်လုပ်ပြီး အကျယ်ချဲ့ ကြည့်နိူင်ပါတယ်။ (အန်တီသက်ဝေကတော့ အကျယ်ချဲ့ ကြည့်ခိုင်းမိလို့ စိတ်ဆိုးပါတယ်ခင်ည ...း)
မုန့်ဟင်းခါးချက်နည်း အသေးစိပ် (step by step)
စာလာဖတ်သူတစ်ယောက်က ကွန့်မန့်မှတဆင့် တောင်းဆိုလာလို့ မုန့်ဟင်းခါးချက်နည်း အသေးစိတ်ကို ခန့်မှန်းရေးပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများ(လူကြီး ၁၀ယောက် စာခန့်)
ငါးခူ၊ ငါးကျည်း၊ ငါးကြင်း ရရာငါး တစ်ကေဂျီခန့်ကို အညစ်အကြေး၊ ကြေးခွံများ သန့်ရှင်းပြီး ဓားနဲ့မွှန်းထားပါ။ နနွင်းမှုန့် လက်ဖက်ရည် တစ်ဇွန်းလောက်၊ ငံပြာရည် စားပွဲဇွန်း ၄ဇွန်းလောက်နဲ့ရောနယ်ထားပါ။ (စလုံးမှာဆိုရင်လဲ ငါးခူရတတ်ပါတယ်။ ဒါပေမဲ့ အရှင်တွေကို သတ်ပေးတာဆ်ိုတော့ seabass ကိုပဲ သုံးပါတယ်။ သူကလဲ တော်တော်ချိုပါတယ်။)
စပါးလင် (အပေါ်က ပြောထားတဲ့ အချိုးအတိုင်း- ခန့်မှန်း၆ခု-၇ခုလောက်) အရင်းပိုင်းကို ဆီသတ်ရန် ပါးပါးလှီး ညက်နေအောင်ထောင်းပါ။ အဖျားပိုင်းတွေကိုတော့ ငါးပြုတ်ရာမှာထည့်ပြုတ်ရန် ထုရိုက်ထားပါ။
ဂျင်း၊ ကြက်သွန်ဖြူ (အပေါ်က ပြောထားတဲ့ အချိုးအတိုင်း) ပါးပါးလှီးပြီး ညက်နေအောင်ထောင်းပါ။
ငရုပ်ကောင်း လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ကို လှော်ပြီး ကျိတ်ထားပါ။
ကုလားပဲ ဆန်ခြင်ခွက် တစ်ခွက်ခွဲလောက်ကို ညကတည်းက ရေစိမ်ပြီး မနက်ကျရင် နူးနေအောင်ပြုတ်၊ ဘလန်ဒါနဲ့ ကျိတ်ထားပါ။
မွှေးတံဆိတ် ဆန်လှော်မှုန့် ဆန်ခြင်ခွက် တစ်ဝက်လောက်ကို ရေနဲနဲနဲ့ ဖျော်ထားပါ။
မြေပဲ ဆန်ခြင်ခွက်တစ်ဝက်လောက်ကို မကျက်တကျက် လှော်ပြီး ဘလန်ဒါနဲ့ ကျိတ်ထားပါ။
ကြက်သွန်နီ ဥသေး ၁၅လုံး၊ အလုံး၂၀ခန့် အခွံသင်ထားပါ။
ငရုပ်သီး အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဇွန်းမောက်မောက် ရေပျစ်ပျစ်နဲ့ ဖျော်ထားပါ။ (ရေနဲ့ဖျော်ပြီးမှ ဆီသတ်တဲ့ထဲထည့်တော့ ငရုပ်သီးမှုန့် တူးခြစ်သွားတာမျိုး မဖြစ်တော့ပါဘူး။)
ကြက်ဥ ၁၀လုံးခန့် ပြုတ်ထားပါ။
ကြက်ဥတစ်လုံး ရေကျဲကျဲနဲ့ နာနာခေါက်ထားပါ။
မုန့်ဟင်းရည်အိုး စတည်ရန်
မုန့်ဟင်းရည်အိုး ဇောက်နက်နက်ထဲကို ရေတစ်လီတာခန့်ထည့်ပြီး အပေါ်မှာ အဆင်သင့်ပြင်ထားတဲ့ ဆန်လှော်မှုန့်ဖျော်ထားတာရယ်၊ ကုလားပဲထောင်းထားတာရယ်၊ မြေပဲဆန်ကြိတ်ထားတာရယ်၊ ကြက်သွန်နီဥသေးတွေရယ်ရောထည့်ပြီး မီးအေးအေးနဲ့တည်ပါတယ်။ အဖုံးပိတ်ရင် ဝေကျတတ်လို့ အဖုံးဖွင့်တည်ပါတယ်။ မကပ်အောင် တစ်ခါတရံ မွှေပေးရပါတယ်။ (ရေက ငါးရိုးပြုတ်ကို ရေငင်ထည့်ရဦးမှာမှို့ စစချင်း အများကြီး မထည့်ရသေးပါ။)
ငါးပြုတ်နည်း
အိုးထဲမှာ စပါးလင်အောက်ကခံ၊ ငံပြာရည်နဲ့ နယ်ထားတဲ့ငါးကိုထည့်၊ ရေကိုလည်း ငါးတစ်ဝက်လောက် မြုတ်အောင်ထည့်၊ အဖုံးပိတ်ပြီး ၁၀မိနစ်လောက် မီးအေးအေးနဲ့ တယ်ပါတယ်။ ငါးကျက်ရင် အအေးခံပြီး အရိုးနွှင်ထားပါတယ်။
ငါးအရိုးတွေကိုလည်း အချိုရည်ရအောင် ခေါင်းပါမချန် ငရုပ်ဆုံထဲ မညက်တညက် ထည့်ထောင်း၊ ရေနဲ့ ၃-၄ထပ်လောက် အချိုရေ ငင်ပြီး အပေါ်က မုန့်ရည်အိုးထဲထည့်ပါတယ်။ ငါးရိုးများ အိုးထဲမကျအောင် ဂရုစိုက်ပါလေ။
ဆီသတ်နည်း
Non-sticker ဒယ်အိုးထဲ ဆီ များများထည့်ပါတယ်။ ဆီကျက်ရင် နနွင်းမှုန့် လက်ဖက်ရည် ဇွန်းဝက်ခန့် ပစ်ထည့်ပြီး၊ စပါးလင်၊ ဂျင်း၊ထောင်းထားတာ အရင်ဆီသတ်ပါတယ်။ နဲနဲကျက်ရင် ကြက်သွန်ဖြူ ထောင်းထားတာထည့်ပါတယ်။ အားလုံးရွှေဝါရောင်သန်းလာရင် ငါးထည့်၊ ငရုပ်သီး အရောင်တင်မှုန့်ထည့်ပြီး ငါးက ငါးကြော်လိုခြောက်ပြီး ဆီသတ်နံ့ အတော်မွှေးလာတဲ့အထိ ဆီသတ်ပါတယ်။ အပေါ့၊အငန်မြည်းကြည့်ပြီး ပေါ့ရင် ငံပြာရည်ထည့် ပြီး မွှေပေးပါ။ ငရုပ်ကောင်းတစ်ဝက်ကိုလဲ ကျက်ခါနီး ထည့်သတ်ပါတယ်။ လက်ညောင်းအောင်တော့ အကြာကြီး မွှေရပါတယ်။
မုန့်ဟင်းရည်အိုးပြင်နည်း
ငါးဆီသတ်ကျက်ရင် အပေါ်က မုန့်ရည်အိုးထဲကို လောင်းထည့်ပါတယ်။ ကြက်ဥပြုတ် ၃လုံးလောက်ကိုလည်း ပါးပါးလှီးထည့်ပြီးတော့ မီးအေးအေးနဲ့ ငါးတွေ ပြန်နူးအိလာသည်အထိ (မုန့်ဟင်းခါးအိုးကျတဲ့အထိ) တစ်နာရီလောက်ထပ်တည်ရပါတယ်။ ဒီကြားထဲ သကြား၊ငံပြာရည်၊ အစရှိသည်တို့ကို လိုအပ်တာတွေကို မြည်းကြည့်ပြီး ထပ်ထည့် မုန့်ဟင်းခါးအိုး ပြင်ရပါသေးတယ်။ အပေါ်ကပြောသလို ကြက်ဥတစ်လုံးကို ရေနဲ့ခေါက် ဇွန်းနဲ့ ပွက်ပွက်ဆူအိုးထဲကို အမျှင်လေးတွေ ထည့်ရင်မုန့်ဟင်းခါးက ပိုလည်းချို အမြင်လဲလှပါတယ်။ ချခါနီး ငရုပ်ကောင်း ထည့်ပါတယ်။ ပိုကောင်းချင်ရင် ငါးဖယ်ကြော်လေးတွေ ပါးပါးလှီးထည့်နိူင်ပါတယ်။ ငှက်ပျောအူကြိုက်တတ်ရင် ငှက်ပျောအူကို ပါးပါးလှီး အစေးပျောက်အောင် နနွင်းမှုန့်နဲ့ ရေစိမ်၊ နာရီဝက်လောက်အလိုမှာ ထည့်တည်နိူင်ပါတယ်။
မုန့်ပွဲပြင်ရန်
မုန့်ဖတ်
မြန်မာပြည်မှာဆိုရင် မုန့်ဖတ်အစိုရှိပေမဲ့ နိူင်ငံခြားမှာတော့ မြောင်းမြဒေါ်ချိုဖြစ်ဖြစ် မုန့်ဖတ်ခြောက်ကို ပြုတ်ရပါမယ်။ ဒီမှာ တစ်ခြား ကြာဆံလိုဟာမျိုးနဲ့ဆို မုန့်ဟင်းခါး အရသာပျက်ပါတယ်။ ကြာဆံက မာတော့ စားမကောင်းလို့ မြန်မာ မုန့်ဖတ်စစ်စစ်ကိုပဲ ပြုတ်စေချင်ပါတယ်။ နောက်စလုံးမှာ ကွေ့သယောင်ဖတ်လို့ခေါ်တဲ့ ညှက်ခေါက်ဆွဲဖတ်နဲ့ စားရင်လဲ ကောင်းပါတယ်။
ကြက်သွန်ဖြူလေးတွေပါးပါးလှီး၊ နနွင်းမှုန့်လေးနဲ့ ဆီချက်ထားပါ။
နံနံ၊ ပဲသီးတို့ကို ပါးပါးလှီးထားပါ။ ပူတီနာကိုလည်းကြိုက်တတ်ရင် အနေတော် လှီးဖြတ်ထားပါ။
သံပုရာသီး စိတ်ထားပါ။
ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ပဲကတ်ကြော်တို့ကိုလည်း ပြင်ဆင်ထားပါ။
ငရုပ်သီးအလှော်မှုန့် ၊ ငံပြာရည်တို့ကိုလည်း စားပွဲပေါ်မှာ ပြင်ပေးထားပါ။
ကြက်ဥကျန်တာကို ပါးပါးလှီးပြီး စားပွဲပေါ်မှာ ပြင်ပေးထားပါ။
ပွဲပြင်တာတော့ အားလုံးသိပြီးသားမှို့ ဒီမှာတင်ပဲ မုန့်ဟင်းခါးချက်နည်းကို အပြီးသတ်လိုက်ပါပြီ။
ကိုအနောမိနပ်စ်ကျေနပ်နိူင်ပါစေ။
ဘူးသီးကြော်နည်း
စီဘောက်မှာ မေးထားတာ တွေ့လို့ ဒီမှာပဲ ဖြေပေးလိုက်ပါတယ်။
အိမ်မှာတော့ ယိုးဒယားမယ် အကြော်မှုန့့်နဲ့ ကြော်ပါတယ်။ ဘူးသီးကို ရေမဆေးပဲ၊ အခွံမခွါပဲ အချောင်းလေးတွေလှီး၊ အကြော်မှုန့်ကို ရေနဲ့ပြစ်ပြစ်ဖျော်၊ မွှေးအောင် ဂျင်းကြက်သွန်ဖြူ ညက်ညက်ထောင်းတာလေး ရောထည့်၊ မုန့်နှစ်ထဲနှစ်၊ ဆီများများနဲ့ကြော်တာပဲ။
အကြော်မှုန့် မရှိရင်လဲ ဆန်မှုန့် (rice flour) ၂ဆ၊ ကောက်ညှင်းမှုန့် (glutinous rice flour) ၁ဆ၊ ပဲမှုန့် ၀.၅ဆ ရော၊ ဆိုဒါမှုန့်လေး နဲနဲ၊ ဆားနဲနဲထည့်ပြီး အကြော်မှုန့်စပ်လို့ရပါတယ်။ ပဲမှုန့်ကတော့ ကုလားဆိုင်တွေမှာ ရမယ်နဲ့တူပါတယ်။
(ဆန်ချင်ခွက်ဆိုတာ rice cooker တွေမှာ ပါတတ်တဲ့ ပလပ်စတစ်ခွက် အဖြူလေးတွေကို ဆိုလိုပါတယ် ... ခန့်မှန်းပြီးရေးတာဖြစ်လို့ တစ်ချို့မကိုက်တာများရှိရင် လိုတိုး ပိုလျော့လေး လုပ်ပေးကြပါလို့ ....)
42 comments:
  1. အမ ဆန်ကျက်မှုန့်က ဘယ်လိုလုပ်ရလဲဟင်။
    ချက်စားဦးမယ် အမလို
    ReplyDelete
  2. ဆန်ကျက်မှုန့်တော့ အိမ်မှာ မလုပ်ဘူးလေ ... ငါ့ညီမရဲ့ ။ မွှေးတံဆိတ် သုံးတယ်။ ငါးဆီသတ်ဘူးဘေးမှာတောင် ပုံလေးပါသေးတယ်။
    ReplyDelete
  3. ဘာာာာာာ.... မြင်ကွင်းပိုကောင်းအောင် ကလစ်လုပ်ပြီး
    အကျယ်ချဲ့ကြည့်... ဟုတ်လား...။
    ဟွန်း... မကြည့်ဘူး... မကြည့်ဘူး... လုံးဝ မကြည့်ဘူး...
    အခုတလော မုန့်ဟင်းခါး ချက်စားဖို့ ကြံစည်နေတာ... မအားတာနဲ့ မစားရသေးလို့...း((
    ReplyDelete
  4. ဆန်ကို မီးအေးအေးနဲ့ လှော်ပြီး Blender နဲ့ ကြိတ်...
    ဆန်မှုန့် အကျက်ရသည်...။
    ReplyDelete
  5. အန်တီသက်ဝေကလည်း စိတ်ကြီးပဲ ... ချက်မစားခင် အဆာပြေလေးကြည့်ရအောင် များကပြောတာကို ... ဟိဟိ
    ReplyDelete
  6. အဲလိုမျိုးလေး လုပ်ကြည့်ဦးမယ်။ စားချင်စရာလေး
    ReplyDelete
  7. အဲဒီငါးဆီသတ်က ဟင်းမရှိတဲ့အချိန် ထမင်းနဲ့ စားလည်း ရှယ်ပဲ
    ReplyDelete
  8. မုန့်ဟင်းခါး ချက်နည်းလာကြည့်သွားပါတယ် တီဆွိရေ။ ချက်စားချင်နေတာနဲ့ အတော်ပဲ။
    ReplyDelete
  9. ama, i've never cooked it before so can you tell me step by step. What to put first and so on. please?
    ReplyDelete
  10. အပေါ်က အနောနီမတ်စ်ရေ ... မုန့်ဟင်းခါးက တော်တော်များများ ချက်တတ်ကြလို့ အသေးစိတ်မရေးပေးတာပါ။ အနောနီမတ်စ်အတွက် အပေါ်ကပို့စ်မှာပဲ ဖြည့်ရေးပေးလိုက်ပါ့မယ်။ ခဏစောင့်ပါ။
    ReplyDelete
  11. မုန့်ဟင်းခါး အ၀ဆွဲသွားပြီ သုံးပန်းကန်
    ခင်တဲ့
    seesein
    ReplyDelete
  12. ရယ်ဒီမိတ်တောင် နပ်မှန်အောင် မစားရတဲ့ ဘ၀မို့ မဆွိရဲ့ မုန့်ဟင်းခါးကို ဝေးဝေးကသာ ငေးသွားပါတယ်။ :(
    ReplyDelete
  13. စားလက်စကြာဇံကြော်ပန်းကန် လွှင့်ပစ်ချင်စိတ်ပေါက်သွားပြီ.. ရက်စက်ပါပေ့ မမဆွိရယ်.. မနက်စောစောဝင်ကြည့်မိတာကိုက ကိုယ့်အမှား..
    ReplyDelete
  14. တီတီဆွိချက်နည်းက အမတို့ အမေချက်နည်းနဲ့ တူတယ်။
    ဒီမှာ conger eel ငါးနဲ့လည်း ချက်ဖူးတယ်။ သူ့ကို ငါးရွှေနဲ့ တူတယ်လို့ ပြောကြတယ်။
    ReplyDelete
  15. နွေးနေခြည်July 14, 2010 at 11:59 AM
    ကျေးဇူးပါ တီဆွိ
    စမ်းကြည့်ဦးမယ်
    ReplyDelete
  16. Thanks a lot for the recipe!
    ReplyDelete
  17. ပူးတေလဲ မုန့်ဟင်းခါးချစ်သူ တယောက်မို့ မမသက်ဝေလိုပဲ အကြီးချဲ့ မကြည့်နိုင်ဘူးနော်... ခံနိုင်ရည်မရှိလို့ပါ....;(
    ReplyDelete
  18. အဲဒီ ငါးဆီသတ်ထားတာလေး လိုချင်လိုက်တာ.....အိမ်မှာ ညှော်လုပ်လို့မရတော့ မုန့်ဟင်းခါးချက်နည်း အသေးစိတ်ကိုတောင် မဖတ်ဘဲ ခေါင်းငိုက်စိုက်ချပြီး ပြန်သွားပါပြီ.... :(((
    ReplyDelete
  19. အစ်မရေ...အစ်မချက်ထားတဲ့ လက်ရာလေးတွေကိုပဲ ကြည့်ပြီးသွားရည်ယိုသွားပါတယ်။
    ReplyDelete
  20. ချက်စားချင်တယ်...ဒါပေမယ့် အခုရောက်နေတဲ့ဂျပန်မှာ ငါးခူလဲမရ ရေချိုငါးလဲမရှိနဲ့ မနေနိုင်တဲ့အဆုံး ready made နဲ့ပဲ နှစ်ပါးသွားနေရတယ်။အခု ပေးထားတဲ့မုန့်ဟင်းခါးကိုပဲ စိတ်ကူးထဲက အ၀စားလိုက်တယ်နော်...ကျေးဇူး
    ReplyDelete
  21. ရယ်ဒီမိတ်ထုတ်တွေက အထားခံအောင် ဖော်မလင် ထည့်တယ် ပြောတယ် လုံးဝ မစားသင့်ဘူး။
    ReplyDelete
  22. တီဆွီရဲ့ မုန့်ဟင်းခါးစားချင်တယ် အမ.. ဒီမှာတော့ ပင်လယ်ငါးတွေများတယ်.. တစ်ခါ ချက်ကြည့်တော့လေ ပင်လယ်ငါးကညှီတော့ စားမကောင်းဘူး.. ထိုင်းက ရေခဲရိုက်ထားတဲ့ ငါးခူအကောင်ကြီးတွေတော့ ရှိတယ်.. အဲဒီ ငါးနဲ့တော့ တစ်ခါမှ မချက်စားဖြစ်ဘူး.. အဲဒီတော့ မုန့်ဟင်းခါး စားချင်ရင် ငါးသစ်တာဗူးကို ပြန်ဆီသတ်ပြီး ရယ်ဒီမိတ်ရောပြီး ချက်စားဖြစ်တယ်.. အခုလိုမျိုး လတ်လတ်ဆတ်ဆတ် စားချင်တာ အမရေ...:))
    ReplyDelete
  23. မုန့်ဟင်းခါး ဆီသတ် မုန့်ဟင်းခါး ဆီသတ်
    တရားမှတ်နေတာ တီတီဆွိ နတ်ပြည်ရောက်မလားလို့။
    မအယ်
    ReplyDelete
  24. အစ်မရေ..
    “TT Sweet ၏ မုန့်ဟင်းခါး လုပ်နည်း”လို့ ခေါင်းစဉ်တပ်ပြီးကို တခါတည်း ပရင့်ထုတ်သိမ်းထားလိုက်ပြီ..း))။ ဂျပန်မှာလည်း seabass ရှိတယ်.။ ဂျပန်တွေက saba ငါး လို့ ခေါ်ကြတယ်...
    လုပ်စားမယ် လုပ်ကို စားဦးမယ်းD
    ReplyDelete
  25. လသာည seabass နဲ့ sabaနဲ့ မတူဘူး ညီမ လသာညရဲ့...
    အန်တီဆွိကြီးနော် ဟိုဟာချက် ဒီဟာချက်နဲ့ တကယ်လာစားလိုက်မှာ... ဒီက စိတ်မြန်တယ်...ဟင်း.....ချက်ထားတာ စားချင်စရာလေးပါလား..
    ReplyDelete
  26. ဟယ်....အန်တီသက်ဝေကို ဘယ်နေရာအကျယ်ချဲ့ ကြည့်ခိုင်းတာလဲ...ဘာလို့
    စိတ်ဆိုးတယ် တားတားလဲအတိဘူး...
    ReplyDelete
  27. မုန့်ဟင်းခါးကြိုက်လို့ နည်းလေး သေချာမှတ်သွားပါတယ်၊
    လင့်လေးပါယူထားပါတယ်၊ စားစရာလေးတွေမြည်းချင်လို့ပါ
    ReplyDelete
  28. Thanks you so so much ama, i'll cook this weekend coz i can't wait to cook my first moh hin khar. You are very gifted & talented in cooking and know how to cook in everything. I get your receipe for Moh lone yay paw too. thanks a lot, God bless you & your family.
    ReplyDelete
  29. အမ ကျေးဇူးးးး
    မြတ်နိုး
    ReplyDelete
  30. ama, for how many person?
    I will cook on 24 or 25 under ur instruction.
    thanks...
    Myatnoe
    ReplyDelete
  31. မြတ်နိုးရေ ... ငါးတစ်ကေဂျီ ကို ၁၀ယောက်လောက် မှန်းထားပါတယ်။
    လည်လည်လာကြသူများအားလုံးကျေးဇူးတင်ပါတယ်။
    ReplyDelete
  32. မစားဖြစ်တာ ကြာနေတုန်း ပုံတွေ တွေ့လိုက်ရတာ မနက်တော့ အလုပ်သွားရင်း ဝယ်စားဖြစ်တော့မယ် အစ်မရေ။
    ReplyDelete
  33. wowwwwwwwww special Thanks for your Mohingar Tips and trick
    ReplyDelete
  34. ဆီသတ်ပြီးသား ငါးသားလေး တထုတ်လောက် မစပါချင့်....
း-)
    ReplyDelete
  35. Thank you very much TT Sweet.
    I am a father of 1 n half yr old cute little she.
    I always admire ur recipe of not only cuisine but molding clever JU JU too.May we ask ur advise to be a good parent whenever needed, a ma gyi.
    With many thanks in advance.
    ReplyDelete
  36. အမ..တကယ်..အဟူတ်ပဲ။။အဲလိုဆီသတ်တာ ..တအားကိုမွှေးပဲ
    ဂွတ်ရှယ်
    မြတ်နိုး
    ReplyDelete
  37. အော် ... မြတ်နိုးချက်စားကြည့်ပြီးပလား။ ကွန်မန့်အတွက် Thank you.
    ReplyDelete
  38. ဘူးသီးကြော်ကြော်နည်း စီဘောက်စ်မှာ မေးထားတာတွေ့လို့ မနေ့ကတင် ဖိုရမ်မှာ တင်ထားတာလေး ကူးပေးလိုက်ပါတယ်။
    ReplyDelete
  39. Thanks MTTSweet.
    Nice to meet you again.
    We met before at MyanmarCupid " Let's talk about flower" Thread
    3 years ago.
    ReplyDelete
  40. မုန့်ဟင်းခါးလည်း ချက်စားပြီးသွားပြီအန်တီ..အရမ်းကောင်းတယ်..အဲဒါတွေမချက်တတတ်ခင်တုန်းက အရမ်းခက်တဲ့အလုပ်ကြီးတွေလို့ထင်ခဲ့တာ..ခု အန်တီနည်းလေးနဲ့ချက်လိုက်တာ..သိပ်လည်းမခက်ဘူး..စားလို့လည်းကောင်းတယ်နော်..ကျေးဇူးပါ အန်တီ...
    ReplyDelete
  41. တီဆွိ....ကြာဆန်ဟင်းခါးဘယ်လိုချက်လဲဟင်...ကြာဆန်ဟင်းခါးစားချင်လို့...
    ReplyDelete