Thursday, August 12, 2010

စိတ်ကြိုက် အိမ်ချက်ဟင်းများ(၁) ...

ကြက်ဥမဆလာချက်
အိမ်မှာ သောကြာနေ့အတွက် မင်နူးက အများအားဖြင့် ကြက်ဥကို တစ်ခုခု စီစဉ်ချက်ပြုတ်ထားတာပါ။ တစ်ခါတစ်လေ ကြက်ဥကို ဟပ်ဖရိုက်ကြော်ပြီးလဲ မဆလာနဲ့ပြန်ချက်တာမျိုးလဲ လုပ်စားလေ့ရှိပါတယ်။ တစ်ခါတစ်လေ သီးစုံချဉ်ဟင်း၊ ငါးခြောက်ကြော်၊ ကြက်ဥကြော်ပါ။

ကွန့်မန့်မှတဆင့်မေးလာလို့ ဟင်းချက်နည်းလေး ပြောပြလိုက်ပါတယ်။
ကြက်ဥ၅လုံးလောက်ကိုပြုတ် အခွံနွှာ ထက်ခြမ်းခြမ်းပြီး နနွင်းမှုန့်နဲနဲ၊ ပဲငံပြာရည် အကြည်၊ ဆား၊ ဟင်းချိုမှုန့် တို့ကို ကြက်ဥအနှစ်ဖက်ကို ဖြူးထားပါ။
အနှစ်အတွက် ခရမ်းချဉ်သီးအလုံးကြီး ၂ လုံးလောက်ကို သေးသေးလေးတွေ လှီးထားပါ။ မန်ကျည်းမှည့် စိမ်ထားပါ။ ကြက်သွန်နီ အလုံးကြီးတစ်လုံးပါးပါးလှီး၊ ကြက်သွန်ဖြူ ၁၀မွှာခန့်၊ ပုဇွန်ခြောက်မှုန့် စားပွဲဇွန်း တစ်ဇွန်းမောက်မောက်၊ အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဇွန်းလောက်ကို ငရုပ်ဆုံထဲ ညက်နေအောင် ရောထောင်းပါတယ်။
ဒယ်အိုးထဲကို ဆီစားပွဲဇွန်း ၁၀ဇွန်းလောက်ထည့် ဆီကျက်ရင် စောနက ကြက်ဥခြမ်းထားတာတွေကို ဆီထဲ ထည့်ကြော်ပါတယ်။ ဟိုဘက်ဒီဘက် လှန်ပေးပါ။ ဆီပေါက်တတ်လို့ သတိထားပါ။ ကြက်ဥအရေခွံတွေ အနည်းငယ်တင်းပြီး ကျက်သွားရင် ပြန်ဆယ်ထားပါ။

ခုနကဆီအိုးထဲကို နနွင်းမှုန့် သင့်ရုံထည့် အနှစ်ထောင်းထားတာတွေ ထည့်ပြီး ဆီသတ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်လေးရှိရင်လဲ ထည့်သတ်ရင် ပိုမွှေးပါတယ်။ အနှစ်တွေ ဆီသတ်တာကျက်ပြီး မွှေးလာရင် မဆလာထည့်မွှေ၊ ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး အရည်ခြောက်ပြီး ဆီပြန်သည်အထိဆီသတ်ပါ။ ကြက်ဥခြမ်းထားတာစီထည့်ပါ။ မန်ကျည်းရည်ထည့် ၊ဆား၊ငံပြာရည်သင့်သလိုထည့်၊ မွှေးအောင် ငရုပ်သီးစိမ်း ထပ်ခြမ်းခြမ်းထားတာထည့်၊ ကြက်ဥထဲ အဆီအနှစ်တွေ ရောက်အောင် အနည်းငယ်မွှေပေးပါ။ အဖုံးအုပ်ပြီး ဆီပြန်သည်အထိထားပါ။ ချခါနီး အပေါ့အငံမြည်း လိုတာ ထပ်ထည့်ပြီး စားလို့ရပါပြီ။


ပုဇွန်-မျှစ်ကြော်
မျှစ်ကိုတော့ အကြောတက်လို့ အင်မတန် သွေးတောင်းမှ စားပါတယ်။ ဒီလိုဟင်းမျိုးချက်ပြီးရင်တော့ မနက်ဖြန်ရုံးပိတ်ရက် ဖြစ်ရင် ပိုကောင်းမယ် ။


ကြက်သားပြုတ်ကြော်၊ ကင်းပုံသီးကြော်နဲ့ ဇီးဖြူသီးထောင်း
ကင်းပုံသီးကို wet market က မလေးဆိုင်တွေမှာ ရတတ်ပါတယ်။ ကင်းပုံသီးချက်တဲ့ နေ့ဆို အဲဒါတစ်မျိုးတည်းနဲ့လဲ စားလို့ဖြစ်တာပဲ။ အသားပါမှစားတတ်တဲ့ အိမ်ကလူအတွက် ကြက်သားကို ပြုတ်ကြော်လုပ်ပေးရသေးတယ်။


ပဲကြီးနှပ်
ပဲကြီးညှစ်ရတာ ကရိကထများလို့ (အမှန်က ကြီးတော်ကြီး ညှစ်ရတာပါ) တစ်ခါတစ်ရံမှ ချက်ဖြစ်ပါတယ်။ သူလဲတက်စာပေသိ သိပ်ကြိုက်။


ပုဇွန် ခရမ်းသီးနှပ်
ခဏခဏ ချက်စားဖြစ်ပါတယ်။ ဒီမှာ ပုဇွန်က ကီလိုဝက် ကို ၃ကျပ်ခွဲနဲ့ ၀ယ်ထားရင် ၂နပ်၊ ၃နပ်လောက် စားလို့ရတယ်။


မြင်းခွာရွက်သုတ်
အမေတို့နဲ့ နေတုံးက ခြံထဲက နှင်းဆီဘောင်တွေကြားထဲ စိုက်ထားတာ။ အဖေကကြိုက်လို့ရော၊ အလကားရလို့ရော အိမ်မှာ ခဏခဏ သုတ်စားတာ သတိရတယ်။ အိမ်ထောင်ကျတော့လဲ အိမ်ကလူက မြင်းခွာရွက်သုတ် ကြိုက်ပြန်ရော။ wet market က မလေးဆိုင်လေးတွေမှာ တစ်ထုတ်တစ်ကျပ် ရောင်းပါတယ်။ ၃ယောက်စာကောင်းကောင်း သုတ်လို့ရတယ်။


ပုဇွန်ဆိတ် ချဉ်ပေါင်ဟင်း
အိမ်မှာ ငယ်ငယ်က အဖွား ခဏခဏ ချက်တဲ့ ဟင်းပါ။ သူက ပုဇွန်ဆိတ်၊ ငါးသေး၊ ငါးမွှား အကုန်ထည့်ချက်တာ။ အညာဟင်းထင်တာပဲ။ ချဉ်ပေါင်ရွက်လဲ မလေးဆိုင်လေးတွေမှာ ပေါမှပေါ။ ပုဇွန်ဆိတ်တော့ အရမ်းရှားတယ်။ စားချင်လွန်းလို့သာ ၀ယ်တာ။ ပုဇွန်အကောင်ကြီးတွေထက် သူကဈေးပိုကြီးပါတယ်။


ကြောင်လျှာသီးကြော်
အိမ်မှာအမေတို့နဲ့နေတုံးက အကိုအလတ်က သိပ်ကြိုက်တာ သတိရတယ်။ ပနင်စူးလားရောက်မှ ၀ယ်ချက်ဖြစ်တာ။ တစ်ခါတစ်လေမှို့လားမသိ ။ အရမ်းအရမ်းကို စားလို့ကောင်းတာပါပဲရှင်။


ခရမ်းချဉ်သီးထောင်း
အချဉ်အတွက် ဟင်းမရှိရင် အိမ်မှာ အလွယ်တကူ စီစဉ်တဲ့ ဟင်းပါ။ ခရမ်းချဉ်သီးကို ငပိ (သို့) ငံပြာရည်နဲ့ ပြုတ်ပြီး ထောင်းတာပါ။


ကြက်ဟင်းခါးသီးကြော်
wet market မှာ ၁၂လရာသီ ၀ယ်လို့ရပါတယ်။ အဲလိုဟင်းမျိုးဆို ထမင်းကို တစ်ခြားဘာမှမပါပဲ ရေနွေးကြမ်းလေးနဲ့လဲ စားလို့ရတာပဲ။


ငါးချဉ်သုတ်-ပိန်းဥဟင်းချို
စားခဲပါတယ်။ ပနင်စူးလားဖက်ရောက်မှ ငါးချဉ်တို့ ပုဇွန်ချဉ်တို့က ၀ယ်စားဖြစ်တာကိုး။ ဟိုနေ့ကလို ဖက်နဲ့တိုးရင်တော့ ပြီးပါရောပဲ။တစ်ယောက်စာလောက်ပဲရတယ်။ ပိန်းဥကတော့ စလုံးမှာ ပေါမှပေါ။ အသေးစားယူမလား။ လက်သီးဆုတ်လောက် အကြီးစားယူမလား။ အသေးလေးတွေကို အဲလို ပုဇွန်ခြောက်များများနဲ့ ဟင်းချိုချက်ရင် သိပ်ကောင်း။


အန်တီသက်ဝေကို ရန်စလိုက်ဦးမယ်။ ပုံတွေကို life size ကြီးကြီးကြည်ချင်ရင် ကလစ်လိုက်ပါ။ ရဲရဲကြီး ကလစ်ကြည့်ကြပါ။

34 comments:

  1. ရက်စက်ပါ့ အချစ်ရယ်...

    ReplyDelete
  2. အကုန်လုံးစားချင်တယ်

    ReplyDelete
  3. တော်သေး ... မရစ်သေးလို့ .... ဟူး ....

    ReplyDelete
  4. တီဆွိ အရမ်းရက်စက်တယ် ..( မျက်ရည်စက်လက်နဲ့ ပြောသွားတာပါ )
    ဗိုက်အရမ်းဆာနေပြီးတော့ အလုပ်ကမပြန်ရသေးပါဘူးဆိုမှ ( ဟင့် )

    ReplyDelete
  5. ဟင့်....................

    ReplyDelete
  6. ဟားဟား ... ဒိပို့စ်တင်လိုက်တာ ရုံးကမပြန်ရသေးတဲ့ သူတွေနဲ့ အချိန်ကိုက်ဖြစ်သွားတယ် ... စောတီး ... စောတီး ...ဗစ်တာတို့ရေ ...

    ရုံးမသွားပဲ အိမ်မှာ ဘလော့ကင်းနေသူတစ်ဦး

    ReplyDelete
  7. ပိန်းဥပေါတယ်ဆိုတာ..ဘယ်မှာလဲဟင်..တခါတလေ မူစတာဖာ မှာတွေ့ မိတာတောင်ဈေးကြီးသလားလို့..၄ ..၅ လုံးလောက်ထည့်ထားတာ ၂ ကျပ် လောက်ရှိတယ်..မြန်မာပြည်မှာ ၅၀ သားလောက်ကို ပုဇွန်နဲ့ ပင်စိမ်းရွက်လေးနဲ့ချက်..ပြောရင်းနဲ့စားချင်လာပြီ..

    ReplyDelete
  8. အစ်မ..
    ဆီးဖြူသီးက ဘယ်လိုထောင်းရတာလဲဟင်.. ငပိထည့်ရလား

    ReplyDelete
  9. အယ် ... NTUC မှာရော wet market မှာရော ပိန်းဥတွေ ရောင်းတယ်လေ။ ဗမာပြည်ကလို သေးသေးလေးတွေ။ ကြက်သွန်တို့၊ အာလူးတို့ထားတဲ့ နားမှာ ရှိတတ်ပါတယ်။ အဲဒီနားမှာ ကန်ဇွန်းဥတွေလဲရှိတယ်လေ။ ဈေးတော့မေ့နေပြီ။ သိပ်ဈေးမကြီးပါဘူး။ ၁ကျပ်ဖိုးလောက်ဆို ဟင်းချိုချက်လို့ရပြီ။

    ဆီးဖြူသီးက ပုဇွန်ခြောက်ရယ်၊ ငပိလေးနဲနဲရယ် ထည့်ထောင်းပါတယ်။ ငရုပ်သီးစိမ်းလဲထည့်တယ်လေ။

    ReplyDelete
  10. အိမ်ပြန်တော့မယ့် ဆဲဆဲ ညနေ ၆ နာရီတိတိမှာ ဟင်းပုံတွေသာ ကြည့်သွားပြီး မနေနိုင်လွန်းလို့ မန့်ပြီး ကွန်ပျူတာ ပိတ်ခဲ့တာ... စာတွေ မဖတ်သွားဘူး...

    အခုမှ တွေ့တယ်... ရစ်ချင်နေတယ်နော်... ဟင်း ဟင်းဟင်း...
    နှိပ်စက်ကလူပြုတာ များပြီ... မနေ့က Sky Park... ဒီနေ့ ဟင်းတွေ...
    မနက်ဖြန် သောကြာ... ဘာတွေလာအုံးမယ် မသိဘူး... ဟွန့်..............

    ReplyDelete
  11. မတ်စိ...အဲ မဆွိရယ်....စားချင်စရာကြီးတွေပါလား...အကုန်လုံး တို့အကြိုက်တွေဟ....

    အီး ဟီး ဟီး...နိုတွားဘီ...(မပီတော့ဘူး..သူငယ်ပြန်တာ မြန်ထှာ..:)

    ReplyDelete
  12. ခုဟာက ၁ ဆိုတော့ နောက်ထပ် နှိပ်စက် အုံးမယ်ပေါ့လေ...:)

    ReplyDelete
  13. မကြာခင်ကျမလည်းစားရတော့မယ်။ :)
    အခုတော့ အ၀လာစားသွားပါတယ်။

    ReplyDelete
  14. ကြက်ဥဟင်းကို ရဲရဲကြီးကလစ်လိုက်တယ်။
    မနေ့ကတည်းက ချောင်းထဲက ပုံကို ရဲရဲကြီးကလစ်လုပ်ပြီးကြည့်ပြီးသား။

    ReplyDelete
  15. ပုံများအားလုံးရဲရဲကြီးကလစ်ပြီးသကာလ ဂလုံး၊ဂလွမ်နှင့် မြည်ပြီးပြန်သွားပါတယ်။:D

    ReplyDelete
  16. အလုပ်ပိတ်ရက်မှို့ စိတ်ကြိုက်နှိပ်စက် ... အဲလေ စိတ်ကြိုက်ဟင်းလေးတွေ တင်မိတာ ... များအပြစ်လား ... အန်တီသက်ဝေနဲ့ အန်တီအကြည်တို့ရေ ...

    ရှင်လေးမကြာခင်စားရတော့မယ်ဆိုတော့ ခုချက်နေတုံးဆိုတဲ့ သဘောလား ...း)

    တို့အစ်မကြီး ကွန်ကွန်ကတော့ သူ့ကိုဒီက ချောင်းနေပါတယ်ဆိုမှ သူက တပြန်ကိုယ့်ကို့ ပြန်ချောင်းသွားတယ် ...

    ချောင်းထဲက ရဲရဲကြီး ... အဲလေ ချောင်းထဲကပုံကို ရဲရဲကြီး ကလစ်တာတော့ ဘယ်ကောင်းပါ့မလဲ နော်။

    ဟိုက် ... ညယံက စိတ်ကြီးတယ်နဲ့တူတယ် ... ရှောင်မှပဲ ...း)

    ReplyDelete
  17. တီဆွိ အကုန်ကြိုက်တယ်...
    ကြောင်လျှာသီးအကြိုက်ဆုံးဘဲ....
    အကုန်လုံးကိုစားချင်တယ်..၀ါးးးး

    ReplyDelete
  18. may i know how to fry ကင်းပုံသီး please?

    ReplyDelete
  19. နောက်တစ်ခေါက်ထပ်လာကြည့်တယ်......တစ်ခုမကျန် အကုန်ကြိုက်တယ်.... :))

    ReplyDelete
  20. ကင်းပုံသီးကြော်ဆိုပေမဲ့ ကြော်ချက်လေးပါ။ အရင်က ဖလန်တောင်ဝှေးကြော်တင်ဘူးတယ်။ အောက်ကလင့်ခ်ကို ကလစ်ကြည့်ပါ။
    http://auntysweet.blogspot.com/2009/10/blog-post_500.html
    ချက်ပုံ၊ ချက်နည်းချင်း အတူတူပါပဲ။
    ကင်းပုံသီးကို လေးစိတ်စိတ်ပါတယ်။
    ပုဇွန်ခြောက် များများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊မျှင်ငပိ ငရုပ်သီးအရောင်တင်မှုန့်နဲနဲရယ် ရောပြီး ကြိတ်စက်နဲ. ကြိတ် ဒါမှမဟုတ် ငရုပ်ဆုံနှင့် ထောင်းပါ...

    ဒယ်အိုး မီးဖိုပေါ်တင် ဆီထည့် ဆီကျက်ရင် ဆနွင်းမှုန့်လေးနဲနဲပစ်ထည့် အပေါ်ကထောင်းထားတဲ. အစာတွေထည်.ပြီး ဇွန်းနဲ.အဆက်မပျက်မွှေပြီးကြော်ပါ ...ရွေဝါရောင်သန်းပြီး မွှေးနံ့ထွက်လာရင် ကင်းပုံသီးထည့်ပြီး မွှေပေးပါ ...ငံပြာရည်၊ အချိုမှုန့် (စားတတ်ရင်)သင့်သလိုထည်းပြီးဆက်မွှေပါ။

    ကင်းပုံသီး မနပ်သေးရင် ငရုပ်ဆုံဆေးရေလေးတစ်ဇွန်းစာလောက်ထည်. မွှေပြီး အဖုံးဖုံး နှပ်ထားပါ ... ရေခမ်းရင် အပေါ့အငံမြည်း လိုရင်ထပ်ထည်. ချလို့ရပါပြီ ... ကြက်ဟင်းခါးသီးကြော်၊ ကြောင်လျှာသီးကြော် အားလုံး ဒီအတိုင်း ချက်ပါတယ်။

    ReplyDelete
  21. ကြက်ဥဟင်းက စားချင်စရာကြီး

    ကျေးဇူးပြု၍ ကြက်ဥဟင်းချက်နည်းလေး ပြောပြပါလား

    ဒီလောက်ဟင်းချက်ကောင်းနေမှတော့ အမကို ပင်နဆူလာမှာ စားသောက်ဆိုင်ဖွင့်ဖို.အကြံပြုပါတယ် ကွန်မန်.လာရေးတဲ့ သူတွေကို ၅၀% လျော့ပေး

    ReplyDelete
  22. ဟင်းတွေအားလုံးက စားချင်စရာ စိတ်ဝင်စားစရာချည်းပါဘဲ.. ဖတ်ရင်းနဲ့ တံတွေးတောင် မြိုချလိုက်မိတယ်..

    ReplyDelete
  23. Z အတွက် ကြက်ဥဟင်း ချက်နည်း ပို့စ်မှာ ပြန်ဖြည့်ပေးထားပါတယ်။ ဟင်းချက်ကတော့ ဒီလောက်ကြီး ကောင်းလှတယ်မဟုတ်ပါဘူး။ စိတ်ပါရင် ကောင်းကောင်းချက်ပြီး ဓာတ်ပုံလေးတွေ ရိုက်ထားတာပါ။ကွန့်မန့်အတွက် ကျေးဇူးပါပဲရှင်။

    ReplyDelete
  24. Thanks for ur kind reply of how to fry ကင်းပုံသီး...May good weekend be with your lovely family, a ma gyi....

    ReplyDelete
  25. မတီတီဆွိခင်ဗျာ

    ဘဲဥချက်နည်းကို ပို.စ်မှာ ပြန်ထည့်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် မန်ကျည်းသီးက ဒီကရောင်းတဲ့ ထိုင်းမကျဉ်းသီး သို.မဟုတ် မြန်မာမကျဉ်းသီး ထည့်ရင်ပိုကောင်းပါသလား ထိုင်းမန်ကျည်းသီးက ပိုချဉ်တော့ မကောင်းဖူးလို.ထင်မိပါတယ် အမ အချိန်ရမှ အကြောင်းပြန်ပေးပါခင်ဗျာ

    ကျွန်တော်က ဟင်းချက်ဝါသနာပါတော့ အမဘလော့ကို မကြာမကြာလာလည်ပါမယ်

    ကျန်းမာရွှင်လန်းပါစေ

    ReplyDelete
  26. စင်ကာပူမှာက ရန်ကုန်ကလိုမျိုးအစားအစာတွေတော်တော်များများကိုအလွယ်တကူရနိုင်တယ်နော်။
    မြင်းခွာရွက်၊ ကြောင်လျှာသီး၊ ကင်းပုံသီး၊ ချဉ်ပေါင်ရွက်၊ ပဲကြီး၊ ဆီးဖြူသီး ..ကောင်းလိုက်တာနော်။
    တီတီဆွိကိုကြည်.ရတာ ဟင်းချက်တာမှာ လက်ဆိပ်ရှိပုံရတယ်။ချက်ထားတာတွေက ကြည်.လိုက်တာနဲ.တင် ကောင်းမှန်းသိသာတယ်။ ကျမလဲဟင်းချက်တာဝါသနာပါတဲ.သူမို.လို.လေ။
    ပြီးတော.ဆီသတ်တာကိုကောင်းကောင်းမွှေးနေအောင်သတ်တဲ.ပုံဘဲ။
    ဒါနဲ.စကားမစပ် တီဆွိက မနလေးဘက်ကလားဟင်၊ “စောနက” လို.ပြောတတ်လို.လေ၊

    ReplyDelete
  27. အောင်မယ်... အဲဒီဟင်းတွေ ဒီလောက်များတာ အိမ်နားနီးပြီး ခါမှလဲ မမြည်းဖူးဘူးဆိုတော့ အားနာချာကြီးဖြစ်နေတော့မယ်...
    တခါတော့ သွားမြည်းအုံးမှ...
း-)

    ReplyDelete
  28. တီတီဆွိ ရေ

    အဲဒီဟင်းတွေ အကုန်ကြိုက်တယ် ချဉ်ပေါင်ဟင်း က အဲလို အညာမှာ ငါးသေးငါးမွှား ပုဇွန်ဆိတ် ရသမျှ အကုန်ထဲ့ ချက်တယ် အချဉ်အခါး ရောက်ချက် ကောင်းမှကောင်း

    ReplyDelete
  29. TT Sweet blog ကို တစ်ခါလာရင် အမြဲ ...ငိုမဲ့မဲ့ဖြစ်ပြီ..ဗိုက်ဆာဆာနဲ့..ထွက်သွားရတယ်.. :)
    Thanks for cooking tips, anyway. :)

    ReplyDelete
  30. သယ်ရင်းကြီးတော် ...
    လာလည်လေ ... ချက်ကျွေးရမှပေါ့။ လာတော့မလည်ပဲနဲ့များ ...

    အနောနိမတ်စ်အတွက် ... တီဆွိက မန်းလေးက မဟုတ်ဘူး။ ဒါပေမဲ့ ကျောင်းတက်တုံးက အခန်းဖော် ၂ယောက်က မန်းလေးကမှို့ ဓာတ်ကူးသွားတာဖြစ်မယ်ထင်တယ်။

    ကို z အတွက် ...
    မန်ကျည်းမှည့်က စလုံးမှာ ဆားနဲ့နယ်ပြီးသား အနှစ်များများ၊ ခပ်ညိုညိုတွေ ရောင်းတယ်။ အဲလိုနယ်ထားပြီးသားက ဟင်းချက်လို့ကောင်းတယ်။ယိုးဒယားမှာလဲ ရှိမယ်ထင်ပါတယ်။
    လာလည်ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

    ReplyDelete
  31. မတီတီဆွိ သို. .......

    မန်ကျည်းသီးအကြောင်းကို ပြန်ဖြေပေးတဲ့ ကွန်မန်.အတွက် ကျေးဇူးတင်ပါတယ် .......


    ကျန်းမာ ပျော်ရွှင်ပါစေ ........

    ReplyDelete
  32. ကြက်ဥဟင်းပဲစားချင်တယ်။အမချက်တာမိုက်တယ်။

    မြတ်နိုး

    ReplyDelete
  33. တီတီဆွိ.... ပိန်းဥပာင်းချိုဘယ်လိုချက်....ပြောပြပါလား.... :D

    ReplyDelete
  34. ပီးနပ်မေးထားတာ မေ့နေလို့ ခုမှ ဖြေဖြစ်တယ်။ နောက်ကျသွားတာ ချောတီးနော်။

    ပိန်းဥအသေးလေးတွေကို မာမာလေးပြုတ် အခွံခွာထားပါ။ ကြီးရင်ထပ်ခြမ်းခြမ်း၊ သေးရင်အလုံးလိုက်ထည့်ပါတယ်။

    ဟင်းချိုအိုးကိုလည်း ပိန်းဥပြုတ်နေတုံး တယ်ထားပါ။ ရေရယ်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူထောင်းထားတာရယ်၊ ကြက်သွန်အနီလေး လေးစိတ်ခွဲထားတာရယ်၊ ဆား၊ ငံပြာရည် ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ပိန်းဥပြုတ်ထားတာကိုထည့်ပါ။ ပိန်းဥတွေ အိသည်အထိ ထပ်တည်ပါ။ ချခါနီး ဆားအပေါ့အငံမြည်း၊ လိုရင်ထပ်ထည့်၊ ငရုပ်ကောင်းလေးခပ်ပြီး စားလို့ရပါပြီ။

    ReplyDelete