Wednesday, May 25, 2011

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၄)

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၁)
အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၂)
အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၃) မှ အဆက်
မဆွိတီတို့ အိမ်ကို မောင်းအလာလမ်းမှာ ... ရှေလမ်းကြားတစ်ခုအရောက် လမ်းကြားထဲက တက်စီအပြာရောင်တစ်စီးဟာ အရှိန်နဲ့ အပြင်းမောင်းထွက်လာတာကို ရုတ်တရက်တွေ့လိုက်ရတယ် ဆိုရင်ပဲ ကား၂ခါခွဲမက တိုက်ဖူးတဲ့ မဆွိတီဟာ တိုက်မိမှာကြောက်လွန်းလို့ ရုတ်တရက် ဘရိတ်ကို ဆောင့်နင်းချလိုက်တဲ့ အချိန်မှာ ....

(((ကျွီ .....))) ...

((((ဒုန်းးးးးးးး ....))))) ဆို ... .... .... .... .... ....

တက္ကစီကလဲ ရှေ့မှာ ကြောင်ပြီး ခဏရပ်နေသေးတယ်။ ဒုန်းဆိုတဲ့ အသံကြားတော့ တက္ကစီသမားလဲ မောင်းပြေးတာ အမြီးတောင်မမြင်ရဘူး။

မဆွိတီမှာတော့ ဒုန်း ဆိုလဲကြားလိုက်ရော ခဏတော့ သတိလက်လွတ် ဖြစ်သွားသေးတယ်။ သတိလဲ ၀င်လာရော ဟာ ... တိုက်ပဟဆို စတီယာတိုင်ကို လက်နဲ့ထုပြီး နောက်က ပါတဲ့ ကြီးတော်ကို " အမရယ် ကျွန်မတို့ကားက ရောင်းပြီးသားကြီးဗျ ... ဒုက္ခပါပဲ ... ဒုက္ခပါပဲဆို ... " မောင်းပြေးသွားတဲ့ တက္ကစီသမားကို ကိုသာ အပြစ်တင်နေမိတော့တယ်။ တိုက်လိုက်တာက နောက်က ကားက ၀င်တိုက်လိုက်တာပါခင်ဗျာ။

ကားတိုက်ပြီဆိုမှဖြင့်
ဒီမှာ အတွေ့အကြုံအရ ကားများတိုက်ပြီဆိုမှဖြင့် " ကျားကိုက်ပါတယ်ဆို အပေါက်ကလေးနဲ့လားလို့ " မေးသလိုပါပဲ။ ကားကတော့ အနည်းနဲ့ အများ ထိတာပါပဲ။ ကားတိုက်တာ အရှိန်လေးက နဲနဲလေး၊ ဘာမှ ဖြစ်လိုက်ဘူးဆိုတာမျိုး မရှိပါဘူး။ တိုက်ပြီဆိုတာနဲ့ ကားက တစ်ခုခု ထိတာပါပဲ။ ခုနက တိုက်လိုက်တဲ့ ဒုန်းးးး ဆိုတဲ့ အသံအရ တော်တော်တော့ထိသွားပြီဆိုတာ သိလိုက်ပါပြီ။ ကားစတီယာတိုင်ကို လက်နဲ့ထုထုပြီး အော်နေတဲ့ မဆွိတီဟာ တစ်ပြိုင်နက်တည်း ခေါင်းထဲက $$$ လေးတွေလဲ ပျံထွက်သွားတာတာကို ခံစားလိုက်ရပါတယ်ခင်ဗျား။

ကားတိုက်သူ ကို Kia Su
ကားကို ရှေ့နားလွတ်တဲ့နား ခဏရပ်ပြီး ကားပေါ်ကဆင်းရတော့တာပေါ့။ ဂျူဂျူလေးလဲ အိပ်နေရာကနေ လန့်နိုးလာတယ်။ ကြီးတော်ကတော့ ရှေ့က တက္ကစီကိုသာ အပြစ်တင်ကြိမ်းမောင်းနေတော့တယ်။ ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ နောက်ကတိုက်မိတဲ့လူက လက်ညှိုးငေါက်ငေါက်ထိုးပြီး ဈေးထဲမှာ မိန်းမများ ရန်တွေ့သလို ရန်တွေ့တော့တာပဲဗျို့ ။ လူပုံစံကတော့ စလုံးတရုတ်၊ ရုပ်က ခပ်သန့်သန့်ပေမဲ့ သူဖြစ်နေပုံမြင်ပြီး မဆွိတီမှာ တော်တော်ကို ရွံရှာစက်ဆုတ်သွားတယ်။ တကယ့် Kia su ပဲဗျာ။

ကားတိုက်ကြတယ်။ သူလဲထိ၊ ကိုယ်လဲထိ၊ ကိုယ့်အပြစ်လဲပါမယ်။ သူလဲ နောက်က၀င်တိုက်တာ အပြစ်ရှိတာချင်းကိုဗျာ။ နိုင့်ထက်စီးနင်း၊ လက်သီးလက်မောင်တန်းပြီး ပြောနေလိုက်ပုံများ၊ ကားရော မောင်းတတ်ရဲ့လား။ မမောင်းတတ်ရင်လဲ မမောင်းနဲ့။ အခုဖြစ်တာ နင့်ကြောင့်ဖြစ်တာ။ ဘာလို့ yellow box မှာရပ်ရသလဲ။ နင်ဘရိတ်အုပ်လိုက်လို့ ငါတိုက်မိတာ။ ဒါ နင့်အမှား။ ငါ့အမှားမဟုတ်ဘူး ... စုံလို့ပဲဗျာ။ သူက လက်သီးလက်မောင်းတွေတန်း၊ အော်ကြီးဟစ်ကျယ်ပြောနေတော့ ဘေးက လမ်းသွားလမ်းလာတွေကလဲ ရပ်ကြည့်လို့ အင်မတန်ရှက်စရာကောင်းပါတယ်။

မဆွိတီလဲ ကိုယ့်အပူနဲ့ကိုယ်ဆိုပေမဲ့ သူ့လောက်ကြီးတော့ ရှက်စရာကောင်းလောက်အောင် ဒေါသ အမြက်ချောင်းချောင်းတော့ မထွက်နေဘူးဗျ။ ကိုယ့်ကိုယ်ကို calm down ဖြစ်အောင်ကြိုးစားရင်း သူ့ကိုလဲ " Please calm down first " ဆိုတာကိုပဲ ပြောနေမိတယ်။ နောက် အဖြစ်အပျက်ကို သူ့ကို ရှင်းပြတယ်။ ရှေ့ကတက္ကစီကို တိုက်မိတော့မှာမှို့ ဘရိတ်အုပ်လိုက်ရတာ။ ကားပေါ်မှာ ခလေးလဲပါတယ်။ တက္ကစီကို တိုက်မိရင် ဒီ့ထက်ပိုဆိုးမယ်။ အကျိုးအကြောင်းနဲ့ရှင်းပြနေတာကို မရဘူးဗျာ။ ခုကို ရဲစခန်းသွားမယ်၊ နင်မှားတာ၊ Yellow box မှာရပ်တာ နင်မှားတာ။ နင့်အပြစ်ဆိုပြီးသာ တွင်တွင်ပြောနေတော့တယ်။ အရေးပေါ်ကြုံနေရတာကို သိရက်နဲ့ ကိုယ်လိုရာဆွဲပြောနေတော့တာပဲ။ ဒီနေရာမှာ Yellow box ဆိုတာသိလဲ ကိုယ်က အသက်အန္တရာယ်ကျလာရင် ဘယ်ဂရုစိုက်နေမှာလဲဗျာ။ ကိုယ့်အသက်ကို ဦးစားပေး ကာကွယ်ရမှာပဲ ဟုတ်ဘူးလား။

အို ... အသင်လောက ...
ဒီနေရာမှာ မဆွိတီဟာ လူတွေရဲ့ သဘောကို နဲနဲလဲ အံ့သြသွားတယ်။ ခုလိုကားတိုက်ပုံမျိုးက ကားစည်းကမ်း၊ လမ်းစည်းတွေအရ နောက်ကလူဟာ အမြဲ safety distance မှာရှိရမယ်။ ရှေ့ကလူ ဘယ်လိုပဲ ဘရိတ်အုပ်ပါစေ။ နောက်က တိုက်မိရင် နောက်ကလူ အမှားပဲ။ ဒါကို သိသိကြီးနဲ့ ဇွတ်ကို ကိုယ်မှားပါတယ်ဆို စွတ်ပြောနေတော့ ဖာတလုံးဂေါင်းကျားထဲကလို "အို ... အသင်လောက .... လောကမှာ လူတွေဟာ ကိုယ့်ဥစ္စာ ပစ္စည်းထိပါးလာရင် ဟုတ်တာ မဟုတ်တာ အပထား။ အားနည်းသူကို နိုင့်ထက်စီးနင်းပြောချင်ကြပါလား ..." ဆိုတာ တော်တော် သံဝေဂရတယ်။ နောက်ပြီးကားတိုက်ရင် အင်ရှုးရန့်စ်က ရှိထားတော့ ဒီလောက်ကြီး စိတ်ပူစရာလဲ မရှိဘူးခင်ဗျ။ မဆွိတီမှာသာ ကားက ရောင်းပြီးသားကြီးဖြစ်နေလို့ ညစ်နေတာ။ ဒီမှာ စာလာဖတ်သူတွေကို အကြံပေးချင်တာက ခုလိုအရေးပေါ်အခြေအနေမျိုး ကြုံတွေ့လာတဲ့ အချိန်မှာ ဒေါသတကြီးနဲ့ သူများကို အပြစ်တင်နေမဲ့အစား စိတ်ကို အေးအေးထားပြီး ပြသနာကို ဖြေရှင်းတာ အကောင်းဆုံးပါ။

ဒါနဲ့အဲဒီလူအကြောင်းဆက်ရရင် သူက ရဲစခန်းကို သွားမယ်ချည်းပြောနေတော့ မဆွိတီက လူဘာမှ ထိခိုက်မှုမရှိရင် ရဲစခန်းသွားစရာမလို၊ IDAC ကိုသာ သတင်းပို့ရင်ရတယ် ဆိုမှ သူ့ကားဟာ ကုမ္ပဏီက ကားဖြစ်ကြောင်း၊ အစိုးရကားမှို့ တိုက်မိရင် ရဲစခန်းကို သွားရမှာဖြစ်ကြောင်း ဒေါကြီးမောကြီးနဲ့ ပြောပြန်ပါတယ်။ လောလောဆယ်တွေ့ရတာတော့ သူ့ကားက Toyota Picnic ပါ။ ကားရှေ့ဘန်ပါလေး အက်သွားတာကလွဲလို့ ရုပ်ပျက်ဆင်းပျက် ထိခိုက်မိတာတော့ မတွေ့မိဘူးဗျ။ ကိုယ့်ကားကတော့ ဘန်ပါတစ်ခုလုံး ချိုင့်ဝင်သွားပြီး အပေါ်ရံကြည့်ရင်တော့ ဒီလောက်အပျက် အစီးမများဘူးလို့ ထင်ရတာပေါ့ဗျာ။

ဂျပန်တွေ လာပြီဟေ့
သူကဆက်ပြီး ရန်ထောင်နေတာနဲ့ မဆွိတီလဲ ကြီးတော်ကို ဦးခြိမ့်သူငယ်ချင်းတွေကို ဖုန်းနဲ့ ခေါ်ခိုင်းလိုက်ပါတယ်။ ဒီကြားထဲ ဖုံးနံပတ်၊ IC နံပတ်၊ ကားနံပါတ် တွေ အပြန်အလှန် မှတ်ကြတယ်ပေါ့။ ကားတွေကို သက်သေ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ခဏနေတော့ ဦးခြိမ့်သူငယ်ချင်း၂ယောက်လဲ အိမ်နေရင်းဝတ် ဘောင်းဘီတိုတွေနဲ့ ရောက်လာကြတယ်။ မဆွိတီက ဘာကို သွားမြင်လဲဆိုတော့ ဟိုရှေးခေတ်က ရုပ်ရှင်တွေထဲမယ်။ အင်္ဂလိပ်နဲ့ စစ်ဖြစ်တော့ မြန်မာတပ်တွေ အကျအဆုံးများတယ်။ အဲဒီမှာ ဂျပန်စစ်ကုတွေရောက်လာတော့ ပရိတ်သတ်က "ဂျပန်တွေလာပြီဟေ့ ..." ဆို ၀မ်းသာအားရ ၀ိုင်း လက်ခုတ်တီးကြသလိုပဲ။ ဦးခြိမ့်သူငယ်ချင်း၂ ယောက် ဘောင်းဘီတိုတွေနဲ့ ကားတွေရပ်ပြီးပြေးလာကြတော့ စိတ်ထဲမှာ ၀မ်းသာလိုက်တာဗျာ။ သူတို့တွေကို ကျေးဇူးလဲ တင်လိုက်တာ။

ဦးခြိမ့်သူငယ်ချင်းတွေလဲ ရောက်လာရော ခုနကငနဲသားဟာ အသံသိပ်မထွက်တော့ဘူးခင်ဗျ။ စောနက မိန်းမသားတွေချည်းမှို့ အားနွဲ့သူကို ညှာတာရမဲ့ အစား နိုင့်ထက်စီးနင်းပြောနေတာပါ ... တရားကျလောက်ပါတယ်။ ဦးခြိမ့်သူငယ်ချင်းတွေက ဘာညာ ဘာညာ နဲနဲပါးပါး ၀င်ပြောတော့မှ နောက်ဆုံး သူ့ဟာသူ ရဲစခန်းကို သွားတော့မယ်ဆို ထွက်သွားပါတော့တယ်ခင်ဗျား။


ဘာဆက်လုပ်ကြမည်လဲ ...

မဆွိတီတို့လဲ ကားကို အိမ်နားက ကားပါ့ကင်အပေါ်ထပ်မှာ သွားရပ်ပြီး အောက်မှာစောင့်နေတဲ့ ဦးခြိမ့်သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြတယ်။ မဆွိတီစိတ်ထဲမှာတော့ ခုလိုကားကို ကိုယ်ကြိုက်တဲ့ ဈေးရအောင်ရောင်းပြီင်္းခါမှ ဒီလိုဖြစ်တာ အင်မတန်ကို စိတ်ပျက်မိတယ်။ စိတ်တွေ ချုံးချုံးကျတယ်။ ဘာဆက်လုပ်ရမလဲ ... စိတ်တွေ ရှုပ်နေတယ်။ ဒီကားရောင်းတဲ့ process ကြီးကိုလဲ အစအဆုံး ထပ်မလုပ်ချင်တော့ဘူး။ ကားပြင်ရမှာနဲ့ ဘာနဲ့ အချိန်လဲ မရှိတော့ဘူးလေ။ ခုရောင်းပြီးတဲ့သူကိုပဲ သူဈေးနှိမ်လဲ၊ ရတဲ့ဈေးနဲ့သာ ရောင်းလိုက်ချင်တော့တယ်။ စိတ်ထဲမှာလဲ တိုက်ပြီးသားကားကြီး ဘယ်သူက ၀ယ်ချင်တော့မှာလဲ ဆို စိတ်ဓာတ်ကျတယ်။ အဆိုးဆုံးတွေးထားကတော့ သူတို့စာချုပ်မှာ ရေးထားတဲ့ အတိုင်း စဘော်ပေးတာကို ၂ဆပြန်ရော်ဖို့အထိပဲ။

မဆွိတီက အဲဒါတွေပဲ ထပ်ခါပြောနေတော့ ဦးခြိမ့်သူငယ်ချင်းတစ်ယောက်က ကိုယ်ထင်တာတွေ ပြောမနေပါနဲ့။ ခုကား dealer ကို ဖုန်းဆက်ကြည့်လိုက်။ သူဘာပြောမလဲ နားထောင်။ ကိုယ်ထင်သလောက်လဲ ဆိုးချင်မှ ဆိုးမှာပါဟ ဆို အားပေးတယ်။ ဒါနဲ့ မစ်စတာဂမ်းကို ဖုန်းခေါ် အကျိုးအကြောင်းပြောပြတော့ သူလဲ အတော် အံ့သြနေတယ်။ မဆွိတီက ကားကို လာကြည့်ပါဆိုတော့ ခုည ၁၀နာရီ မိုးချုပ်နေပြီ။ သူက Ubi မှာနေတာမို့ ဝေးလွန်းတယ်။ မနက်မှပဲ လာတော့မယ်ဆို မနက်ကို ချိန်းလိုက်ပါတယ်။ ဒီကြားထဲ မဆွိတီကလဲ ကားက အများကြီးထိတာတော့ မဟုတ်ပါဘူး။ မစ်တာဂန်းအနေနဲ့ ၂၀၀၀ လောက်လျှော့ပြီး ယူလိုက်ပါ လို့ တောင် ပြောမိလိုက်သေးတယ်။

Head quarter ဆီ သတင်းမပို့နှင့်
ဒီမှာ ဦးခြိမ့်သူငယ်ချင်းတွေက ဒီအကြောင်းတွေ ဟိုကောင်ကြီးကို ဘာမှ ပြောမနေနဲ့ အလကားနေရင်း စိတ်ပူနေမယ် သွေးတွေ တက်နေဦးမယ် ဆိုလို့ မဆွိတီလဲ အဲဒီအကြောင်း သတင်းမပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ မဆွိတီတို့ဟာ ခုချိန်ထိ လင်မယားကြား လျို့ဝှက်ချက်၊ မသိတာဆိုတာ ရှိမထားပါဘူး။ ဘာဖြစ်ဖြစ် ရင်ထဲမှာထားလို့မရပါဘူး။ ပြောလိုက်ရမှ စိတ်က ပေါ့သွားတာများတယ်။ ဒီကိစ္စ ပထမဆုံးပါပဲ။ စိတ်ပူမှာစိုးလို့ ဦးခြိမ့်ကို မပြောပဲ ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းဖို့ကြိုးစားခဲ့တယ်။

မစ်စ်တာဂမ်း လာကြည့်ပြီ
မနက် မစ်စ်တာဂမ်းရောက်လာတော့ ကားကို စစ်ကြည့်ပြီး အင်း ... ကားက အပေါ်ရံကြည့်ရင် သိပ်မထိဘူးထင်ရပေမဲ့ တော်တော်ထိသွားတယ် ... ဘန်ပါအပါအ၀င် ကားနောက်ဖုံးအောက်က ဘော်ဒီပါ အထဲဝင်သွားသတဲ့။ ပထမတော့ သူဈေးနှိမ်ချင်လို့ အပိုပြောနေတာလားပေါ့။ အမှန်က သူပြောတာ ဟုတ်တယ်ခင်ဗျ။ ကားက ဘန်ပါနောက်က နောက်ဖုံးတံခါးဖွင့်ပြီး ပြန်ပိတ်လို့ မရတော့ဘူးခင်ဗျ။ မဆွိတီလဲ မျက်နှာ ဇီးရွက်လောက်ပဲ ရှိတော့တယ်။ မစ်စတာဂမ်းကတော့ ဖုန်းတွေ ဆက်နေတယ်။ သူ့ဘော့စ်ဆီကို သတင်းပို့နေတာဖြစ်မယ်။ တရုတ်လိုတွေ ပြောနေတော့ နားမလည်ဘူး။ ကားကတော့ ထိသွားတယ်။ ၀ယ်ဦးမှာလား ... သူ့ဘော့စ်ကို မေးနေတာ ဖြစ်မယ်။ မစ်စ်တာဂမ်းပုံစံကတော့ ဒီလိုအဖြစ်မျိုး သူတို့လောကမှာ သိပ်ထူးဆန်းပုံမရဘူး။ ကားရောင်းပြီးမှ accident ဖြစ်တာ။ သူဖြေရှင်းနေတာ အေးဆေးပါပဲ။

နောက်ဆုံး မစ်စ်တာဂမ်းက ဘာပြောလဲဆိုတော့ ကားက ထိတာ အရှိန်တော်တော်ပျင်းသတဲ့။ အထဲက သံဘော်ဒီပါ အထဲကို ၀င်သွားတယ်။ ဒါကြောင့် ကားတံခါးပိတ်လို့ မရတာတဲ့။ အဲဒါ မဆွိတီကို တခြား ၀ပ်ရှော့မှာ သွားပြင်ရင် မူလအော်ရီဂျင်နယ်အတိုင်း လုပ်ပေးချင်မှ လုပ်ပေးမယ်။ ဖြတ်ထုတ်ချင်လဲ ဖြတ်ထုတ်ပစ်လိမ့်မယ်။ အဲလိုဆို နင့်ကား ဈေးရမှာ မဟုတ်တော့ဘူး။ အဲဒီတော့ ကားကို ငါတို့ ၀ပ်ရှော့မှာ ပြင်။ ငါတို့ကတော့ ကိုယ်ဝယ်ပြီးသားကားဆိုတော့ မူလအတိုင်းဖြစ်အောင် သေချာပြင်ပေးမှာပဲ။ အဲဒီလိုဆို ဒီကားကို ဆက်ဝယ်မယ်။ မဟုတ်ရင်တော့ မ၀ယ်ဘူးတဲ့ဗျား။


Insurance ပြသနာ
ဒီမှာ မဆွိတီခေါင်းထဲဝင်လာတာ အင်ရှုးရန့် ခင်ဗျ။ ကားတွေတိုက်ရင် အင်ရှူရန့်စ် ကုမ္ပဏီတွေကနေ ၀ပ်ရှော့တွေက claim ရတာ လူတိုင်းအသိပဲ။ အဲဒီမှာ အင်ရှုးရန့်စ်ကုမ္ပဏီတွေကလဲ သူတို့ မနင့်နာအောင် ကာကွယ်ထားတာက တွေ့တဲ့ ၀ပ်ရှော့မှာ ကြိုက်သလို ပြင်ခွင့်မရှိဘူးခင်ဗျ။ မဟုတ်ရင် ငွေတွေပိုပြပြီး claim မှာစိုးလို့ ကြိုတင်ကာကွယ်ထားတာ။ သူတို့ ကုမ္ပဏီတွေကနေ recommend work shop ဆိုတာ list ရှိတယ်။ ကားတိုက်ပြီ၊ ကားပြင်ရတော့မယ်ဆို အဲဒီ ၀ပ်ရှော့တွေကို quotation လှမ်းတောင်းတယ်။ အဲဒီထဲကမှ အနည်းဆုံးကျမဲ့ ၀ပ်ရှော့ကို ရွေးပြီး ပြင်ခိုင်းတာခင်ဗျ။

အဲဒီတော့ မဆွိတီက အတွေ့အကြုံအရ IDAC ကို သတင်းပို့လိုက်ရင် သူတို့က အင်ရှူးရန့်စ်ကုမ္ပဏီက recommend လုပ်တဲ့ ကားဝပ်ရှော့ကိုပဲ သွားပြင်ခိုင်းမှာ။ မစ်စတာဂမ်းတို့ ၀ပ်ရှော့မှာ ပြင်ဖို့တော့ မဖြစ်နိုင်ဘူးနဲ့တူတယ်ဆိုတော့ မစ်စတာဂမ်းက တခြား third party ကနေ claim ရင် ကြိုက်တဲ့ ၀ပ်ရှော့ရွေးလို့ရတယ်လို့ ပြောပါတယ်။ third party ဆိုတာ မဆွိတီကို နောက်က ၀င်တိုက်တဲ့ကားက သူ့အမှားကြောင့် သူ့အင်ရှူးရန့်စ်ကနေ cliam တာကို ပြောတာပါ။ မစ်စတာဂန်းက သူပြောတာနားထောင်ပါ။ တနင်္လာနေ့မှာ သူတို့ ၀ပ်ရှော့ကို အရင်ဝင်၊ ၀ပ်ရှော့ကနေ ကြည့်ပြီး လိုအပ်တာတွေ အကုန်လိုက်လုပ်ပေးမယ်ပြောပါတယ်။

မစ်စာဂမ်းတို့ ကားဝပ်ရှော့ နဲ့ အံ့ဖွယ် Service
ဒီလိုနဲ့ တနင်္လာနေ့ မစ်စတာဂမ်းတို့ကုမ္ပဏီက ၀ပ်ရှော့ကိုအရင်ဝင်၊ ၀ပ်ရှော့က တာဝန်ရှိသူက IDAC မှာ တင်ပြရမဲ့ ကားတိုက်ပုံ ပုံကြမ်းနဲ့ ရေးပုံ၊ ရေးနည်းပါ အတိအကျ သင်ပေးလိုက်ပြီး သူတို့ပြောတဲ့အတိုင်း IDAC မှာ တင်လိုက်ပါတယ်။ အမှန်က မဆွိတီကို အနောက်က ၀င်တိုက်တယ်ဆိုကထဲက ၉၅% ကိုယ့်ဖက်က နိုင်ပြီးသားပါ။ ကားဝပ်ရှော့က တာဝန်ရှိသူက Third party ကနေ claim လို့ရအောင် သေချာအောင် ရေးပေးလိုက်တာပါ။

ပြီးတော့ IDAC က ရတဲ့စာရွက်ကလေးကို ကားဝပ်ရှော့မှာ ၀င်ပေးပြီး ကားကို ပြင်ရအောင် အဲဒီမှာပဲ ထားခဲ့ပါတော့တယ်။ ကားဝပ်ရှော့က တာဝန်ခံက အမျိုးသမီးဖြစ်ပြီး အင်မတန် ဆက်ဆံရေး ပြေပြစ်လှတယ်။ ပြောတာဆိုတာ ပညာတတ်ဆန်တယ်။ မဆွိတီကို IDAC ကို လိုက်ပို့။ ကားမရှိတော့လဲ သူ့ကားနဲ့ MRT ကို လိုက်ပို့၊ ဗိုက်ဆာတယ်ဆို food court ကို လိုက်ပို့နဲ့ သူတို့ရဲ့ service ကတော့ အံ့သြဖွယ်ပါပဲ။ နောက်မှသိရတာက ၀ပ်ရှော့မှာထိုင်သူ အမျိုးသမီးဟာ ကုမ္ပဏီပိုင်ရှင်ရဲ့ ညီမဖြစ်ပါသတဲ့။

ကား insurance နဲ့ TRICK
ဒီနေရာမှာ မစ်စတာဂမ်းက သူတို့ ကားဝပ်ရှော့မှာ ပြင်ခိုင်းတာကလဲ သူတို့ရဲ့ trick တစ်ခုပါပဲ။ တိုက်ပြီးသားကားကြီး ဘယ်သူက အနင့်နာခါပြီး ၀ယ်မလဲဗျာ။ သူ့အတွက်အများကြီး အကျိုးရှိလို့ သူတို့ကားဝပ်ရှော့မှာ ပြင်ခိုင်းလိုက်တာပါ။ အပေါ်မှာ ပြောခဲ့သလို ကားတွေ တိုက်လို့ claim ရပြီဆို အင်ရှူးရန့်စ်ကုမ္ပဏီတွေက claim တဲ့အခါ ကိုယ်ပြင်ထားတဲ့ စံရိတ်ထက် ပိုအောင်ပြပြီး claim ကြတာများပါတယ်။ ဒါ့အပြင် မဆွိတီတို့ကားကိုဝယ်ပြီးရင် show room မှာ ပြဖို့အတွက် ကားကို အထဲရော အပြင်ပါ အသစ်အတိုင်းဖြစ်အောင်၊ လူဝယ်ချင်အောင် ပြန် ရွှိုင်းတဲ့အခါလဲ ကုန်ကျစံရိတ်က ရှိဦးမှာ။ အဲဒါတွေပါရောပြီး အင်ရှူးရန့်စ်ကို claim တာဖြစ်နိုင်ပါတယ်။

ကားပြင်ပြီးပြီ လာယူပါ ...
ဒီလိုနဲ့ နောက် ၃ရက်လောက်နေတော့ ကားပြင်ပြီးပြီဖြစ်ကြောင်း၊ ကားကိုလာယူလို့ရပြီဖြစ်ကြောင်း ၀ပ်ရှော့ကနေ ဖုန်းဆက်လာပါတယ်။ တစ်ဆက်တည်း သူတို့ ကားကို အစအဆုံး၊ အထဲရော၊ အပြင်ပါ show room မှာ ပြလို့ရအောင် တစ်ခါထဲ ရွှိုင်းနင်းတွေ လုပ်လိုက်တယ်လို့လဲ ပြောပါတယ်။ ဒီတော့ မဆွိတီလဲ နောက် ၂ပတ်လောက်ရုံးတက်ရမှာဆိုတော့ သူ့ရွှိုင်းပြီသားကားကြီး နတ်ကြီးတယ်။ မောင်းလဲမမောင်းချင်တော့ဘူး။ ခုလို တစ်ခါထပ်ဖြစ်ရင် ကိုယ်ကျိုးနည်းရချည့်ရဲ့ဆိုပြီး ကားကို ပြန်မယူတော့ပဲ တစ်ခါထဲ ပဲ ရောင်းလိုက်ပါပြီလို့ ပြောလိုက်ပါတော့တယ်။

Head Quarter ထံ သတင်းပို့

အဲဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဦးခြိမ့်ဆီကနေ IC ကတ်ရယ်၊ လက်မှတ်ထိုးထားတဲ့ form ၂စောင်ရယ် FedX နဲ့ရောက်လာလို့ ညနေ ရုံးကအပြန်မှာ မစ်စတာဂမ်းကို တိုက်အောက်ထပ်မှာ ကားကို အပြီးရောင်းရအောင် ချိန်းလိုက်ပါတယ်။ အသိသက်သေပါအောင် ဦးခြိမ့်သူငယ်ချင်းတစ်ယောက်ကိုပါခေါ်ပြီး ကျန်တဲ့ ငွေ အကြေချေဖို့ ကိစ္စလုပ်ပါတယ်။ အရင်ပြောထားတဲ့ ဈေးအတိုင်း တစ်ပြားတစ်ချပ်မှ မလျော့ပါဘူးခင်ဗျာ။ နောက်တစ်နေ့ပဲ ရုံးကို ကျန်တဲ့ငွေ အတွက် ချက်လက်မှတ်လာပေးပြီး မဆွိတီလဲ ချက်လက်မှတ်ငွေ ဘဏ်ထဲရောက်လို့ အားလုံးသေချာမှ Head quarter ကို အကျိုးအကြောင်း အစုံအလင် သတင်းပို့ပါတယ်ခင်ဗျား။

Head quarter ကြီးက " ငါတော့ စိတ်ထဲ ထင်တော့ ထင်သား။ ညည်းကားရောင်းပြီးမှ ကားများ တိုက်နေဦး မှာလားလို့ ... အေး ... အော်ဇီရောက်ရင်လဲ မောင်းရဦးမှာ ... ညည်း သေချာမောင်းပါအေ ... ကား ခဏခဏ တိုက်တယ်ဆိုကတည်းက ညည်းမှာလဲ အပြစ်ရှိတာပဲတဲ့ ... " ဟွန်း .... .... ဒီလောက်အပင်ပန်းခံပြီး ရောင်းထားတာကို လူကို အပြစ်ပြောမိအောင် ပြောလိုက်သေးတယ်ဗျား ... ။ ။
(ပြီးပါပြီ ...)

Monday, May 16, 2011

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၃)



အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၁)
အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၂) မှအဆက်
ခေါင်းစဉ်က "Lowest price in the market. Owner want to sell fast " ဆို ကြော်ငြာလိုက်တာခင်ဗျ။
မဆွိတီ ကြော်ငြာထားတဲ့ဈေးက ၄၂.၅ ဆိုတော့ သူများ ၄၄-၄၅ တွေကြားမှာ ကိုယ်က ဈေးအသက်သာဆုံး ဖြစ်နေတာကိုးဗျ။ ဈေးတွက်တာကတော့ ၃၉ နဲ့ ၄၅ ကို ကြားချ၊ စာရွက်စာတမ်းကြေး ၅၀၀ ပေါင်းလိုက်တာပါ။ ကြော်ငြာလိုက်တာ Sunday ည ၁၀နာရီလောက်ဖြစ်ပါတယ်။

Head quarter ထံ ပုံမှန် သတင်းပို့

မဆွိတီခုလိုကားရောင်းတဲ့ ကိစ္စကို တစ်ယောက်တည်း ထင်တိုင်းကျဲနေတာတော့ ဟုတ်ဘူးဗျ။ ညညကျရင် skype နဲ့ အော်ဇီက head quarter ကိုလဲ သတင်းပို့ရသေးတယ်။ head quarter ကလဲ ဟိုကနေ ဘာမှ လိုက်မလုပ်ပေးနိုင်လို့လား၊ မနိုင်ရွေ့ သည်းခံခြင်းလားတော့မသိ။ ဘာလုပ်လုပ် ဆွိသဘော။ ဆွိကြိုက်ရာလုပ်ဆိုတော့ ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် လုပ်ခွင့်တော့ ရနေတာပေါ့ဂျာ။

တနင်္လာနေ့ မနက်၁၀နာရီ
ုနောက်နေ့မနက် ရုံးမှာ အီးမေးလ်လေးဘာလေးဖတ် အိမ်ငှါးကိစ္စ လုပ်စရာရှိတာလေး လုပ်နေတယ်။ အဲဒီနေ့က ထူးထူးခြားခြား ရုံးမှာ အလုပ်ကလဲ ပါးလှတယ်။ ဘော့စ်အသစ်ကလဲ ရောက်ခါစဆိုတော့ သူ့ဟာသူ meeting တွေတက်၊ သင်တန်းတွေတက်နဲ့ အလုပ်ရှုပ်နေတယ်။ ကိုယ်တွေဖက် မလှည့်အားသေးဘူး။

ဒီလိုနဲ့ မနက် ၁၀နာရီလောက်လဲကျရော မဆွိတီရဲ့ Hand phone ဆီ ဖုန်းတွေ တဂွမ်ဂွမ်နဲ့ လာကြပါရောဗျာ။ SMS တွေကလဲ တတီတီနဲ့။ လက်မလည်အောင် ဖြေနေရတယ်။ ဘယ်သူတွေဖြစ်ရမလဲ။ ကားကြော်ငြာတာတွေ့ပြီး ကားဈေးမေးကြ၊ ဈေးဆစ်ကြ၊စုံစမ်းကြသူတွေ ပေါ့ဗျာ။ အဲလောက်လူတွေ ခေါ်မယ်လို့လဲ မမျှော်မှန်းထားပါဘူးဗျာ။ ကိုယ်ကလဲ ကိုယ်ပြောတာ ဘေးကလူတွေ ကြားမှာစိုးလို့ အခန်းဘေးက လူရှင်းတဲ့ Lab ခန်းထဲ ထ ထပြီး သွားပြောနေရတယ်။ နောက်ဆုံးတော့ အဲ့ Lab ထဲမှာပဲ လူရှင်းတဲ့ ပြတင်းပေါက်လေးနားက ချောင်ထဲမှာ စတည်းချပြီင်္း လာသမျှ ဖုန်းတွေကို ဖြေနေရတော့တယ်။


Owner လေလော Dealer လော

အဲဒီမှာ တွေ့လိုက်တာက ကိုယ်ထင်တာနဲ့ တက်တက်စင်အောင်လွဲနေတာပါပဲ။ ခေါ်တဲ့သူတွေ အကုန်လုံး car dealer တွေ ဖြစ်နေပါရော။ ဈေးပိုရမလားလို့ owner (တိုက်ရိုက်ဝယ်သူကို ) ရောင်းချင်ပါတယ်ဆိုမှ ဘယ့်နှာ dealer တွေနဲ့ လာတွေ့နေရသလဲပေါ့။ တစ်ချို့ကလဲ ကိုယ့်ကို တောင် dealer လို့ထင်နေသေး ... ဟေးဟေး ။ ပထမတော့ မေးလိုက်လို့ dealer ဆိုရင် " ငါက owner ကိုတိုက်ရိုက်ရောင်းချင်တာ။ sorry ... " ဆို ဖုန်းချပစ်တာ။ နောက်တော့ ခေါ်သူအားလုံး dealer တွေချည်းဖြစ်နေတော့ မှ သဘောပေါက်တော့တယ်။ အဲဒီ car web page တွေကလဲ dealer တွေပဲ ၀ယ်ရောင်း ကျက်စားနေတဲ့ နေရာတွေဆိုတာ။ (တိုက်ရိုက်ဝယ်သူတွေက ကား show room တွေမှာသာ သေချာကြည့်ပြီး ရွေးဝယ်တာများမယ်ထင်ပါတယ်။)


Will you let your car go?

သူတို့ မေးလေ့ရှိတာက "I saw your advertisement in the carmart. Will you let your car go if I pay 40 -41 ...? " အစရှိသဖြင့်ပေါ့။ အဲဒီမှာ ဆက်တိုက်ဆိုသလို လူ ၁၅ ယောက်၊ အယောက်၂၀လောက်က ခေါ်တာမှာ တစ်ချို့ကလဲ ၃၈-၃၉ ... တစ်ချို့ကလဲ ၄၁-၄၂ အထိတောင် ပေးကြတော့ အံ့သြသွားတယ်။ အရင်က ၃၈ ထက် ပိုမရတဲ့ကား၊ ခုကြော်ငြာလိုက်တော့ ၄၂ ပေးတဲ့သူတွေ မနည်းဘူးဗျ။ အဲဒီကျမှ အန်တီဆွိတို့ သဘောပေါက်တာ။ ငါခေါ်တဲ့ဈေးတော့ နည်းသွားပဟဆို ဈေးကို ပြင်မလို့အလုပ်၊ head quarter ကိုလဲ သတင်းအပို့မှာ head quarter ကြီးက ညည်းလောဘတွေ သိပ်ကြီးမနေနဲ့ ။ ကြော်ငြာတဲ့ဈေးရရင် ရောင်းလိုက်တော့ဆို command က လာပါလေရော။ သူကကိုယ့်ကို ခေါင်းထပ်မရှုပ်စေချင်တော့ဘူး။ ကားကိစ္စကို ပြတ်စေချင်နေပြီ။ မြန်မြန်ရောင်းရ အေးတာပဲ ဆိုတဲ့ သဘောမျိုးပြောလာတယ်။ ကိုယ့်သဘောသာဆို ဈေးကွက် နဲ့ ပေါက်ဈေးကသိနေပြီဆိုတော့ ၄၄ လောက်နဲ့ ကြော်ငြာပြီး အသာစောင့်ရောင်းချင်တာ။ အချိန်ကလဲ ၃ပတ်လောက်ရှိသေးတယ်လေ။

တေ့တေ့ဆိုငိဆိုင်
ဒါနဲ့ ကြော်ငြာပြင်နေတုံးရှိသေး။ dealer တစ်ယောက်က ဘယ်လောက်နဲ့ရောင်းမှာလဲတဲ့ မေးနေတယ်။ ကြော်ငြာထားတဲ့ ဈေးအတိုင်း မလျှော့တော့ဘူးဆိုတာ ကိုယ်က ပြောမိနေပြီ။ သူက ကြော်ငြာထားတာ ၄၂.၅ နော်။ သူအဲဒီဈေးပေးမယ်။ ခုပဲလာခဲ့တော့မယ်။ ဘယ်ကိုလာရမှာလဲ လိပ်စာကမေးနေပြီဆိုတော့ ... ကဲ ကိုယ်လဲ တေ့တေ့ဆိုင်ဆိုင်ဖြစ်နေပြီ၊ မထူးပါဘူးဆို အရင်က ၃၈ ဆိုတာထက် လေးထောင့်ငါးရာကျော်တောင် ပိုရနေပြီပဲဆို စိတ်ဒုံးဒုံးချ၊ ဈေးနှုံးပြင်တာကို ရပ်လိုက်ပြီး ရုံးလိပ်စာကို ပေးလိုက်တော့တယ်။

ဒီလိုနဲ့ ကိုယ်လဲအဲဒီ dealer ကို စောင့်နေတာ တော်တော်နဲ့ ပေါ်မလာဘူးဗျ။ ဒီကြားထဲ ခေါ်တဲ့သူတွေလဲ ရှိတယ်။ ကိုယ်ကတော့ ကြော်ငြာတဲ့ဈေးရရင် ရောင်းမယ်ချည်းပြောလိုက်တာပဲ။ နောက် နေ့လည် ၁၂ နာရီ ထမင်းစားချိန်လောက်ကျတော့ SMS ၀င်လာတယ် on the way ဖြစ်နေပြီတဲ့ ။ လိပ်စာကို SMS ပို့ပေးပါတဲ့ဆို ပို့ပေးလိုက်တယ်ဗျ။

Car dealer (သို့ )မစ်စတာ ဂမ်း
၁၂နာရီ ခွဲလောက်ကျ သူရုံးအောက်ရောက်နေပြီဖြစ်တဲ့ အကြောင်း၊ ဘယ် Lobby မှာ ရပ်ရမလဲမေးတော့ မဆွိတီတို့ ရုံးဘေးပေါက် Lobby D ရဲ့အပြင်ဖက် သစ်ပင်ရိပ်မှာ ရပ်ခိုင်းထားလိုက်တယ်။ ငါ့ကားက ရုံးအောက်က Parking ထဲမှာ ရပ်ထားတယ်။ လာကြည့်မှာလားဆိုတော့ သူ့နေရာကို မောင်းလာခဲ့ပါဆိုတာနဲ့ မဆွိတီလည်း ကားလေးကိုမောင်းပြီး Lobby D နားမောင်းလာတယ်။ သူမောင်းကြည့်ရင်ကြည့်ရအောင်ဆို သော့တမ်းလန်းနဲ့ စက်တောင် သတ်မထားဘူး၊ သူ့ရှေ့တင်ရပ်ပြီး ကားထဲက ထွက်ပြီး နှုတ်ဆက်လိုက်တယ်။

သူက ကားထဲက အထွက်မှာတင် ကားကို မြင်မြင်ချင်း ဘာပြောတုန်းဆိုတော့ " ငါနင့်ကားကို ကြိုက်တယ် ... ခုပဲ ၀ယ်မယ် ..." တဲ့ဆိုပြီး မဆွိတီရဲ့ ကားခေါင်းပေါ်မှာပဲ အဆင်သင့်ယူလာတဲ့ form ကို ထုတ်ဖြည့်နေတယ်။ ပြီးမှ သူ့နာမည် Mr. Gam တဲ့ဆို မိတ်ဆက်လာတယ်။ လူပုံက အသက် ၄၅-၅၀လောက် typical စလုံးရုပ်မျိုး၊ စကားပြောတာကလဲ ခက်ဆတ်ဆတ်၊ ခက်မြန်မြန်၊ လူကလဲ ခက်သွက်သွက်၊ ခပ်လောလော ပုံစံမျိုးပါ။ နောက်ပိုင်း စကားပြောကြည့်တော့ ရိုးသားတဲ့ အရိပ်အရောင်လေးတွေတော့ တွေ့ရပါတယ်။

ကားစက်ဖွင့်ထားတယ် စစ်ကြည့်ပါဦးဆိုတာကို စိတ်မ၀င်စားဘူး ဖောင်ကိုသာ ဖြည့်နေတယ်။ မဆွိတီလဲ ကားကို စက်သတ်လိုက်ပြီး သော့ကို ဖြုတ်လိုက်တယ်။ အတော်ကြာမှ မစ်စတာ ဂမ်းက ကားနောက်ပိုင်းကိုဖွင့် လှန်လျှောကြည့်ပြီး ဖောင်ကို ဆက်ဖြည့်ပြန်တယ်။ ဖောင်ဖြည့်နေတုံး ဦးခြိမ့်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ တောင်းတော့ ကိုယ်က ယူမလာမိတာနဲ့ ရုံးပေါ်တက် print out ထုတ်ပြီး ပြန်ယူ နေရသေးတယ်။ ပိုင်ရှင်က ဒီမှာမရှိတဲ့အကြောင်းပြောတော့ ကိစ္စမရှိ။ သူ့ အိုင်စီ မူရင်းသာလိုကြောင်း၊ ခုပေးတဲ့ ဖောင် ၂စောင်ကိုလည်း သူ့လက်မှတ် မုရင်းထိုးဖို့ လိုကြောင်း ပြောပြီး ကားအရောင်းအ၀ယ်လုပ်တဲ့ ဘောက်ချာ(စာချုပ်) မှာ ၂ယောက် လက်မှတ်ထိုးကြတယ်။ ပြီးတော့ စရံငွေ ၂၀၀၀ ပေးတဲ့ ချက်လက်မှတ်ကို ပေးတယ်။ LTA က blank ဖောင် ၂စောင်ကို ဘာမှမရေးပါနှင့်၊ မဖြည့်ပါနှင့်၊ သူတို့အားလုံးဖြည့်ပေးပါမယ် လို့လဲ အတန်တန်မှာပါတယ်။ သူတို့က ကုမ္ပဏီနဲ့ လုပ်တာဖြစ်ကြောင်း၊ အားလုံး စနစ်တကျ step by step လုပ်ပေးပါ့မယ်။ ဘာမှ စိတ်ပူဖို့ မလိုကြောင်း ပြောပါတယ်။ မဆွိတီကို ကားဘယ်တော့ အပ်မှာလဲမေးတော့ မဆွိတီ ရုံးတက်ရမဲ့ နောက်ဆုံးနေ့ နောက် ၃ပတ်နေမှ ဆိုတော့ ကိစ္စမရှိပါ။ အဲဒီကျမှ အရောင်းအ၀ယ် ကိစ္စ ဆက်လုပ်ကြတာပေါ့ဆို ပြန်သွားပါတော့တယ်ခင်ဗျား။


နွားများ သွားဖြဲကြည့်သလိုပ

ဒီကြားထဲ မဆွိတီကလဲ ကိုယ့်ဖက်က သေချာအောင် ကားရောင်းတဲ့အခါ တခြား hidden cost တွေရှိပါသေးလားဆိုတော့ မရှိပါ။ ခုပေးတဲ့ဈေးအတိအကျ ဘာမှ မနှုတ်ပဲ ရမည်လို့ပြောသွားပါတယ်။ နောက် သူက LTA က ကားဝယ်တုံးက ထုတ်ပေးတဲ့ ကားနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေတောင်းတယ်ဗျ။ အဓိကက ကား chassis number ဆိုလားပဲ။ နောက်သူက ကားတိုက်ဖူးလား မေးသေးတယ်။ မဆွိတီကလည်း အမှန်အတိုင်း တိုက်ဖူးတယ်ပေါ့။ ဒါပေမဲ့ မိုင်နာကေ့စ်ပါပဲ ၊ နောက်က ကားဘန်ပါလေးပဲ ပိန်သွားတာပါဆိုတော့ သူက ကားနောက်ပိုင်းကို ပြန်စစ်ကြည့်တယ်ဗျ။

ဒီနေရာမှာ သဘောပေါက်လိုက်တာက ကားတွေမှာ ကြီးကြီးမားမား တိုက်ဖူးတယ်ဆို ကားဘော်ဒီက Chassis မှာ ရေးထားတဲ့ chassis နံပတ်ပါတဲ့ အပိုင်းကို ဖြတ်ပြီးပြင်ရတယ်ဆို အဲကားဈေးမရတော့ဘူးဗျ။ ကားက အော်ရီဂျင်နယ် chassisc နံပတ်နဲ့ဆို ဒီကားက ကြီးကြီးမားမား မတိုက်ဖူးဘူးလို့ယူဆရတော့ ဈေးပိုရတယ်ပေါ့ဂျာ။ ကားတွေကို owner တွေက မ၀ယ်ခင် ကျွမ်းကျင်သူ work shop က လူတွေ ခေါ်ပြီး Inspection ၀င်တယ်တဲ့။ အဲဒီမှာ အဲဒါတွေ အကုန်စစ်တာ၊ တိုက်ဖူးရင်တော့ အကုန်ပေါ်တာပဲတဲ့။ညာလို့မရဘူးတဲ့ဗျာ။ ကားနောက်ဖုံးကိုဖွင့် လှန်လှောကြည့်တယ်ဆိုတာ နွားများရောင်းရင် သွားဖြဲကြည့်သလိုပဲဆိုတာ ခုမှ အန်တီဆွိတို့ သဘောပေါက်ပါသဗျား။

နောက် သူတို့ အရောင်းအ၀ယ်စာချုပ်ကိုဖတ်ကြည့်တော့ ကားကို ဘယ်လောက်နဲ့ ရောင်းမယ်။ စရံဘယ်လောက်ပေးထားတယ် ... စ တာတွေ အပြင် ကားအပ်တဲ့အချိန်ကျရင် ကားကို ခုပြထားတဲ့ ပုံစံအတိုင်း မပျက်မယွင်းပဲ အပ်ရမယ်။ မဟုတ်ပါက စပေါ်ပေးထားရဲ့ ၂ဆပြန်လျှော်ရမယ်လို့လဲ ရေးထားသဗျ။

မယုံမရဲ အန်တီဆွိ
ဒီလိုနဲ့ မဆွိတီလဲ မရဲတရဲ ဘာဝယ်မလဲရှင့် အဲလေ ... မယုံမရဲနဲ့ မစ်စတာဂမ်းကို ပုံအပ်ပြီးသကာလ မစ်စ်တာဂမ်းပေးတဲ့ ကားဝယ်/ရောင်းစာချုပ်က ကုမ္ပဏီလိပ်စာကို စစ်ကြည့်လိုက်တော့ သူတို့ကုမ္ပဏီဟာ ကားတွေကို Show room တွေမှာ ပြပြီးရောင်းတဲ့ ဧရာမ ကုမ္ပဏီကြီးဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။ ဒါပေမဲ့ဗျာ ညကျတော့ ဦးခြိမ်သူငယ်ချင်းတွေက ဖုံးဆက်မေးလို့ အကျိုးအကြောင်း ပြောပြတော့ သူတို့က စိတ်ပူနေသဗျ။ ကားနဲ့ပတ်သတ်တဲ့အချက်အလက်တွေ အကုန်မပေးနဲ့ဦး။ သူက အဲဒီကုမ္ပဏီကမှန်း ဘယ်လိုသိမှာလဲ။ တော်ကြာ ညာပြီး ကားကို ကိုယ်မသိပဲ ရောင်းစားလိုက်ရင် ဘယ်လိုလုပ်မှာလဲဆိုတော့ လန့်ဖြန့်ပြီး အဲကုမ္ပဏီကို ဖုန်းဆက်ပြီး မစ်စတာဂမ်းဆိုသူ တကယ်ရှိမရှိ စုံစမ်းလိုက်ရသေးသဗျ။ အမှန်တော့ မစ်စ်တာဂမ်းလိုလူမျိုးကို car dealer ကုမ္ပဏီတွေမှာ purchaser ခေါ်သဗျ။ သူတို့က ခြေမြန်တော်တပ်သားတွေ။ ကားကြော်ငြာတွေ လိုက်ကြည့်၊ ဈေးတန်တာ၊ ဈေးမှန်တာတွေ့ရင် သူများတွေမဦးခင် အမြန်သွားကြည့်၊ ကြိုက်ရင် စရံပေး၊ စာချုပ်ချုပ်။ အဲဒါ သူတို့အလုပ်ဗျ။ ကိုယ်က အဲလိုကြီး ကမန်းကတန်းနဲ့ ပေးဝယ်တော့လဲ လွယ်လွန်းလှပါလား၊ ဟုတ်မှဟုတ်ရဲ့လား၊ ညာတာလားဆို လန့်နေတာဗျ။


သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

င်္ဒီလိုနဲ့ အန်တီဆွိလည်း ကားလေးရောင်းပြီး စိတ်ချမ်းသာနေတာပေါ့ဗျာ။ ကားကလဲ နောက်အေးဆေးမှ ပေးရမှာဆိုတော့ နေ့တိုင်း ဟန်မပျက် ရုံးကိုလဲ ကားလေးမောင်းသွားလို့။ အားလုံး အဆင်ပြေ၊ ချောမွေ့ နေပြီ။

ကားစဘော်ပေးခဲ့တဲ့ ချက်လက်မှတ်က ပိုက်ပိုက်လေး ကိုယ့်အကောင့် ထဲ ၀င်လာတဲ့နေ့ပဲ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်သုံးနေကျ ကင်မရာလေးက ဘာဖြစ်လဲမသိ၊ ဓာတ်ပုံရိုက်လို့ မရဘူးဖြစ်နေတယ်။ ဒါနဲ့ ကားရောင်းရင် ဖွတ်ကလိဒင်္ဂါံးလေးကလဲ မြိုးမြိုးမြတ်မြတ်ရဦးမှာဆိုတော့ ကင်မရာ အသစ်ဝယ်ဖို့ကို တွန်းပို့နေသလိုပဲဗျ။ ခုသုံးတဲ့ မော်ဒယ်လေးပဲ ဈေးချိုတာလေး ၀ယ်မယ်ဆိုတော့ ဦးခြိမ့်က ခုခေတ်မှာ လူတိုင်း DSLR တွေ သုံးနေတာ။ ညည်းလဲ ဘလော့ဂ်တွေ ရေး၊ ပုံတွေတင်နေတာပဲတဲ့ ၊ DSLR ပဲ ၀ယ်လိုက်ပါ ဆို အန်တီသက်ဝေတို့ ပြောပြောနေတဲ့ ၂ကျပ်ခွဲတန်ကြီး ၀ယ်ဖို့ တိုက်တွန်းပါလောရောဂျာ။

ဒီလိုနဲ့ .... မစွမ်းခင်းကလဲရှိ၊ ကန်ဇွန်းခင်းကလဲ ငြိနေတဲ့ (ဆိုင်ဆိုင် မဆိုင်ဆိုင် သုံးလိုက်ပြီဂျာ) အန်တီဆွိတို့ နောက်အပတ် စနေနေ့ညမှာပဲ DSLR ကင်မရာလေးဝယ်ဖို့ ကင်မရာ နားလည်တဲ့ ဖိုရမ်က ခလေးအချို့နဲ့ ဖူနန်းကို ရောက်ခဲ့ပါတော့တယ်။ ကင်မရာဝယ်၊ ပင်နစူးလားက မြနန္ဒာမှာ ထမင်းဝင်စားကြ၊ အာရိုက်ကြပြီး ပြန်တော့ ည ၈နာရီခွဲလောက် ဖြစ်သွားတယ်ခင်ဗျ။ ကားက ဖူနန်း ကားပါ့ကင်မှာ ရပ်ထားတာ။ အရေးထဲ ကားပါ့ကင် အထွက်မှာ ဆော့ဖ်ဝဲ ပြသနာဖြစ်နေလို့ဆိုလား ကိုယ့်ကားတစ်စီးထဲ ထွက်မရဖြစ်နေတယ်။ အဲဒီထဲက ဒီနေ့တော့ တွတ်ပီတို့ ကံမကောင်းပါလား ဆို ဘေးကပါလာတဲ့ ဖိုရမ်က ညီမလေးကို တောင်ပြောနေသေးတာ။

ပင်နစူးလားမှ အပြန် ... ဒန် ... ဒန် ... ဒန် ...
အပြန်ကျ ဖိုရမ်က ညီမလေးကို အိမ်နားက MRT မှာ အရင် ၀င်ချပြီး မဆွိတီတို့ အိမ်ဖက်ကို ပတ်မောင်းလာခဲ့တယ်။
အချိန်- စနေနေ့ ည၉နာရီ ၁၅ ခန့်
ကားပေါ်ပါလာသူများ- မဆွိတီ၊ ဂျုဂျူး၊ ကြီးတော်
နေရာ - ဂျူရောင်းဖက် မဆွိတီတို့အိမ်နား မရောက်တရောက်

မဆွိတီတို့ အိမ်ကို မောင်းအလာလမ်းမှာ ... ရှေလမ်းကြားတစ်ခုအရောက် လမ်းကြားထဲက တက်စီအပြာရောင်တစ်စီးဟာ အရှိန်နဲ့ အပြင်းမောင်းထွက်လာတာကို ရုတ်တရက်တွေ့လိုက်ရတယ် ဆိုရင်ပဲ ကား၂ခါခွဲမက တိုက်ဖူးတဲ့ မဆွိတီဟာ တိုက်မိမှာကြောက်လွန်းလို့ ရုတ်တရက် ဘရိတ်ကို ဆောင့်နင်းချလိုက်တဲ့ အချိန်မှာ ....

(((ကျွီ .....))) ...

((((ဒုန်းးးးးးးး ....))))) ဆို ... .... .... .... .... ....

(ဆက်ပါဦးမည်)

Sunday, May 15, 2011

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၂)

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၁) မှ အဆက်...
စောနက မာကျောက်ကစားနေတဲ့ ကောင်မလေးကလဲ နောက်ကားဖုံးကို ဖွင့်ကြည့်ပြီး ဟိုဒီ လှန်လှောကြည့်ပေါ့။ စစ်ပြီး ရုံးခန်းထဲ ပြန်ဝင်တော့ မဆွိတီက ကားဘယ်ဈေးလောက်ရမလဲ မေးတာ။ သူက ၃၈ ပေးပါမယ်တဲ့ဗျား။

ဒီတော့ မဆွိတီကလည်း ၃၈ ဆိုတာ အင်မတန်နည်းတဲ့ အကြောင်း၊ အပြင်မှာ ပေါက်ဈေးက ၄၄-၄၅ ရှိတဲ့အကြောင်းပြောတော့ သူက ဘယ်လောက်လိုချင်တာလဲလို့မေးပါတယ်။ မဆွိတီက ၄၁ လောက်ရရင် ရောင်းမယ်ဆိုတော့ သူတို့က သူတို့ ကုန်ကျစံရိတ်တွေ၊ COE အကြောင်းတွေ တွင်တွင်ပါအောင်ငြီးပြပြီး ၃၈ထက် ပိုမပေးနိုင်ပါဘူးတဲ့ဗျာ။

အဘန်း ရောက်လာပြီ ...
ပြောနေတုံးပဲ ရုံးခန်းရှေ့ကို မာစီဒီး 2 door ကားအနီ အမိုးပွင့် လှလှလေးတစ်စီးဝင်လာတာကို လှမ်းမြင်လိုက်တယ်။ ကားပေါ်က အသက် အစိတ်ခန့်ရှိ နေကာမျက်မှန်နဲ့ ခပ်ချောချော ငနဲသားတစ်ယောက်ဆင်းလာပြီး မဆွိတီကို Sweet လားဆိုပြီး လှမ်းနှုတ်ဆက်မှ ထိုသူဟာ အဘန်းပါလားဆိုတာ သိလိုက်ရပါတယ်။ ဒီတော့မှ မဆွိတီစိတ်ထဲမှာ ဟမ်မလေး ကား dealer ကလဲ ဂျိန်းစဘွန်းကားထဲက မင်းသားလို အပျံစားပါလားဆို ကောက်ချက်ချမိပါတယ်။ သူ့ပုံပန်းကိုကြည့်ပြီး car dealer တွေဘ၀ တော်တော် အဆင်ပြေပါလား။ ငါတို့ အင်ဂျင်နီယာဘ၀မယ် ဦးနှောက်တွေခြောက်အောင် တွက်ရ၊ ချက်ရ ပြသနာတွေ မျိုးစုံဖြေရှင်းရနဲ့ တစ်နေ့တစ်နေ့ ပိုက်ပိုက်ရှုာရတာ ပင်ပမ်းလိုက်တာ။ သူတို့လို car dealer တွေများ စကားလေးတွေ အဆင်ပြေအောင်ပြောရုံနဲ့ ငွေဝင်လမ်းဖြောင့်လိုက်တာဆို ခဏတဖြုတ်တော့ အတော်အားကျသွားသဗျ။

ဒါနဲ့ အဘန်းနဲ့ စကားပြောကြည့်တော့ ဖုန်းနဲ့ပြောသလောက် မဟုတ်ဘူးခင်ဗျ။ ကောင်လေးက ရည်ရည်မွန်မွန်လေး၊ စကားပြောရတာလဲ တော်တော် အဆင်ပြေပါတယ်။ သူနဲ့ပဲ မဆွိတီတို့ရုံးက မစ်ရှဲဆိုသူလဲ ပြီးခဲ့တဲ့ အပတ်က ကားလဲထားကြောင်းပြောပြတယ်။


သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

ဒါနဲ့ ခုရောင်းမဲ့ကားအကြောင်းပြောတော့ သူက ဘာပြောလဲဆိုတော့ သူ့မှာ မဆွိတီတို့ကားနဲ့ တိုက်ရိုက်နီးပါးတူတဲ့ ကားမျိုးရှာနေတဲ့ customer တစ်ယောက်ရှိကြောင်း၊ သူက ခု on the way လာနေပြီဖြစ်ကြောင်း၊ သူက ကားကို စစ်ဆေးကြည့်ပြီး ဈေးဖြတ်မှာဖြစ်တဲ့ အကြောင်း၊ ကြိုက်ရင် ခုပဲ တစ်ခါတည်း ၀ယ်မှာဖြစ်တဲ့ အကြောင်းပြောတယ် ခင်ဗျ။ ပြောပြီး မဆွိတီတို့တွေကို အပြင်မှာ ပူတယ်။ ရုံးခန်းထဲမှာ ခဏသွားစောင့်ပါဆို ရုံးခန်းထဲ ရောက်သွားကြပြန်ရောခင်ဗျ။ ဒီလိုနဲ့ သူတို့ပြောတဲ့ customer ဆိုသူကို စောင့်နေလိုက်တာ နာရီဝက်သာကြာသွားတယ် ပေါ်မလာဘူးခင်ဗျ။ ဒါနဲ့ မဆွိတီလဲ မောင်ဝမ်းကွဲလေးကို သူတို့တွေ အချိန်ဆွဲပြီး trick တော့ လုပ်နေပြီ။ တကယ်လာမှာရော ဟုတ်ရဲ့လားမသိ။ အစ်မတော့ မေးလိုက်ဦးမယ်ဆို အပြင်ထွက်မေးတော့ လာတော့မှာပါ on the way ဆိုတာချည်းပဲ ပြောနေတာပဲ။

တေ့တေ့ဆိုင်ဆိုင် ဈေးညှိကြပြီ...
နောက် ၁၅ မိနစ်လောက်စောင့်ပြီး မဆွိတီလဲ စိတ်မရှည်တာနဲ့ အဘန်းကို ကဲကဲ တို့လဲ အကြာကြီး မစောင့်နိုင်ဘူး။ အိမ်မှာလဲ အိမ်ငှါးကိစ္စ ချိန်းထားတာရှိတယ်။ ၄၁ ပေးနိုင်မလား။ မပေးနိုင်ရင်တော့ ပြန်တော့မယ်ဆိုတော့မှ ခုနက customer ဆိုသူ လာသွားပြီဖြစ်ကြောင်း၊ သူက ၃၉ ပေးမယ်။ သဘောတူရင် ခုပဲစာချုပ် ချုပ်မယ်ဆိုတဲ့ အကြောင်းပြောတယ်။ အဲဒီထက်တော့ ပိုမပေးနိုင်တော့ ပါဘူးတဲ့။ မဆွိတီကလဲ ၄၁ ကနေ မလျှော့ဘူး။ သူတို့ကလဲ ၃၉ နောက်ဆုံးဈေးဆို ပြောနေပြီ။

လူပျိုကြီးနှင့်လည်း ကိစ္စပြတ်ပြန်ပြီ ...
ဒါနဲ့မဆွိတီကလဲ trick နဲနဲ လုပ်ရတော့တာပေါ့။ ငါ့မှာ အသိမိတ်ဆွေတစ်ယောက်က ၄၁ ပေးနေတာ။ ဒါပေမဲ့ ငါက စာရွက်စာတမ်းကိစ္စ မလုပ်တတ်လို့ dealer တွေကိုပဲ ရောင်းဖို့ ဆုံးဖြတ်ထားတာဆိုပြောလိုက်မှ အဲဒါဆိုလဲ ကိစ္စမရှိ။ အဲဒီအသိကိုပဲ ရောင်းလိုက်ပါ။ သူက စာရွက်စာတမ်းကိစ္စ အစအဆုံး လုပ်ပေးမယ်။ သူ့ကို ၅၀၀ ပဲပေးပါလို့ ပြောလာပါရော။ ( အဲဒီစကားကို ကြည့်ခြင်းအားဖြင့် စောနက သူတို့ ပြောတဲ့ customer ဆိုတာလဲ သူတို့က trick လုပ်တာဆိုတာ ပိုသေချာသွားတယ်။ အဲလို တိုက်ရိုက်ချက်ချင်းဝယ်မယ်ဆို ရောင်းသူက ကိစ္စပြတ်ပြီးရောဆို ထိုးရောင်းသွားအောင် လုပ်တာ ဖြစ်နိုင်တယ်။ ဈေးကလဲ တိုက်ရိုက်ဝယ်သူက ဒီဈေးပေးတာဆိုတော့ ထပ်တင်လို့ မရအောင်၊ သူတို့ပြောတဲ့ ဈေးကို customer က ပြောတာဆိုပြီး customer ကို လွှဲချလိုက်တာဗျ။) ဒါနဲ့ မဆွိတီလဲ မနေ့က ၄၁ နဲ့ပြောထားတဲ့ ဦးခြိမ့်သူငယ်ချင်း လူပျိုကြီးကို ဖုန်းနဲ့မေးကြည့်တော့ သူက မ၀ယ်တော့ဘူးတဲ့ဗျာ။ သူ့အရင်အလုပ်က အိမ်နဲ့ဝေးလို့ အဲဒီတုံးက ၀ယ်မလို့ဟာ။ ခုတော့ အလုပ်အသစ်ပြောင်းတော့ နီးသွားလို့ ကားမလိုတော့ပါဘူးတဲ့ဗျား။

တိုက်ရိုက်ကြော်ငြာပြီး ရောင်းတော့မည်။
ဒါပေမဲ့ စိတ်ကတော့ မလျှော့ဘူးခင်ဗျ။ အဘန်းက စာရွက်စာတမ်းကိစ္စ ၅၀၀ နဲ့ လုပ်ပေးမယ်ဆိုပြောထားတော့ အားတက်သွားတယ်။ စာရွက်စာတမ်းကိစ္စ ပူစရာမလိုဆိုတော့ owner (buyer)ကို တိုက်ရိုက်ရောင်းရင် ဒီ့ထက်တော့ ဈေးပိုရနိုင်ချေရှိတယ်ဆို တွက်မိလို့ online ကားပွဲစားတန်းကနေ ကြော်ငြာပြီး ကားကိုရောင်းဖို့ စိတ်ကူးမိတော့တယ်။ အဲဒီနေ့က အဘန်းကိုလဲ ကျေးဇူးတင်ကြောင်း၊ စာရွက်စာတမ်းကိစ္စလိုရင် ဖုန်းခေါ်လိုက်မည်ဖြစ်ကြောင်း ပြောပြီး နှုတ်ဆက် ပြန်ခဲ့တော့တယ်။

ကားကြော်ငြာပြီ။
အဲဒီနေ့ ညနေပဲ ကားကို ကားပါ့ကင်ကနေ အလင်းရောင်ကောင်းကောင်းရတဲ့ မဆွိတီတို့ ဘလော့ရှေ့က သစ်ပင်ရိပ်မှာ ရပ်ပြီး view အမျိုးမျိုးကနေ ဓာတ်ပုံ ၃-၄ ပုံလောက် ရိုက်လိုက်တယ်။ ညကျ sgcarmart နဲ့ တခြားကား ကြော်ငြာတဲ့ web page ၃-၄ ခုကနေ ကြော်ငြာလိုက်တယ်။ sgcarmart ကနေ ကြော်ငြာတော့ ဈေးအကြီးဆုံးပေးရတဲ့ Star Advertisement ဆိုတာ ရွေးလိုက်တာခင်ဗျ။
http://www.sgcarmart.com/owner/index.php
သူက ကြော်ငြာပြီးပြီးချင်း နောက်နေ့ တစ်ရက်လုံး web page ရှေ့မျက်နှာစာမှာ ပေါ်နေမှာပါ။ ကြော်ငြာခ ၈၆ကျပ်ပေးရပါတယ်။ ရိုးရိုးကြော်ငြာတာရင် ၃၈ကျပ်ခင်ဗျ။ မြန်မြန်ရောင်းရမလားလို့ ပို effective ဖြစ်မဲ့ နည်းကို ရွေးလိုက်ရတာပါ။ တခြား web page ၂ခုကလဲ ၂၉ကျပ် နဲ့ ၃၅ ကျပ်လားပေးရတယ်။ ပုံတွေကို သေချာ attach လုပ်ပြီး ကြော်ငြာလိုက်တာပါ။ အတွင်းက ကြော်ငြာစာသားကတော့ တခြားသူတွေ ရေးထားတာ ဖြတ်ညှပ်ကပ်ပြီး ရေးလိုက်တာပါ။ ခေါင်းစဉ်က "Lowest price in the market. Owner want to sell fast " ဆို ကြော်ငြာလိုက်တာခင်ဗျ။ မဆွိတီ ကြော်ငြာထားတဲ့ဈေးက ၄၂.၅ ဆိုတော့ သူများ ၄၄-၄၅ တွေကြားမှာ ကိုယ်က ဈေးအသက်သာဆုံးဖြစ်နေတာကိုးဗျ။ ဈေးတွက်တာကတော့ ၃၉ နဲ့ ၄၅ ကို ကြားချ၊ စာရွက်စာတမ်းကြေး ၅၀၀ ပေါင်းလိုက်တာပါ။ ကြော်ငြာလိုက်တာ Sunday ည ၁၀နာရီလောက်ဖြစ်ပါတယ်ခင်ဗျား။

ဆက်ပါမည်။

Saturday, May 14, 2011

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၁)

ဒီပို့စ်ကတော့ နောက်ကြောင်းပြန်တဲ့ ပို့စ်လေးပါ။ စလုံးမှာနေတုံးက အလုပ်တွေရှုပ်နေတာနဲ့ မတင်ဖြစ်လိုက်ဘူး။ ပြောဖူးသလိုပေါ့။ အန်တီဆွိတို့ ဘလော့ဂ်တွေ၊ ဖိုရမ်တွေ ရေးနေလို့လားမသိ ... အိမ်ငှါးတော့လဲ ဇာတ်လမ်းလေးတွေနဲ့။ ခုကားရောင်းတော့လဲ ဇာတ်လမ်းလေးတွေနဲ့ပဲ ...


အရောင်းအ၀ယ်နဲ့ ပတ်သတ်သမျှ

ဦးခြိမ့်အော်ဇီကို ထွက်သွားပြီးတဲ့နောက်မှာ မဆွိတီ ခေါင်းပေါ် ကျလာတာ အဓိကက အိမ်ငှါးဖို့နဲ့ ကားရောင်းဖို့ပဲ။ ကားရောင်းတယ်ဆိုတော့ မဆွိတီဘ၀မှာ ဟိုးအရင် ဆရာမလုပ်တော့ မန်းလေးနဲ့ ရန်ကုန်က ကူးနေရတော့ ရန်ကုန် မင်္ဂလာဈေးက ပိတ်စလေးတွေ ၁၀ကိုက်ဈေးနဲ့ဝယ်ပြီး စစ်ကိုင်းက အဘွားတို့ရပ်ကွက်မှာ ပြန်ရောင်းတာတော့ လုပ်ဖူးသဗျ။ အဲဒါလဲ အဘွားက အသိမိတ်ဆွေပေါလို့ အကြံပေးလို့ လုပ်ဖြစ်တာပါ။ ကိုယ်က အဆင်လှတာလေးတွေ ခေတ်မီတာလေးတွေ ၀ယ်ခဲ့ရုံပဲ။ အဘွားက ရောင်းပေးတာဗျ။ သူ့မြေးမဆရာမ လစာမလောက်ဘူးဆိုတာသိလို့ အဘွားက သက်သက်လုပ်ပေးတာပါ။ အဲဒါကလွဲလို့ ဘ၀မှာ အရောင်းအ၀ယ်နဲ့ပတ်သတ်လို့ မလုပ်ဖူးဘူးဗျ။ ဈေးစကားပြောတာတွေ ဘာတွေလဲ နားမလည်ဘူး။

ပထမဆုံး ကား dealer နှင့် ဆက်သွယ်ခြင်း
ဒါနဲ့ ပထမဆုံးကားကိစ္စကို စပြောဖြစ်တာ မဆွိတီတို့အိမ်ကို ငှါးဖို့အပ်ထားတဲ့ ပွဲစားကောင်လေးပဲ။ သူကတော့ ကားကိစ္စ မလုပ်ဘူးတဲ့။ ဒါပေမဲ့ သူ့အသိ စလုံးမ Car dealer တစ်ယောက်ရှိတယ်ဆိုပြီး ဖုန်းနံပတ်နဲ့ နာမည်ပေးထားတယ်။ နာမည်က ရှယ်လင်း တဲ့ဗျ။ အဲဒီ ရှယ်လင်းနဲ့ ဖုန်းဆက်ပြီး စကားပြောကြည့်တော့ သူက ဘာကားလဲ၊ ဘာမော်ဒယ်လဲမေးတယ်။ Milage ဘယ်လောက်ရှိလဲ မေးတယ်။ ကားက နောက်၂လလောက်နေမှ ရောင်းမှာဆိုတော့ စောသေးတယ်တဲ့။ ဈေးက ခုပြောလို့မရဘူးတဲ့။ ကားရောင်းဖို့ ဘာစာရွက်စာတမ်းတွေ ပြင်ဆင်ရမလဲမေးတော့ ကားပိုင်ရှင်ဖြစ်တဲ့ ဦးခြိမ့်ရဲ့ IC မူရင်းကို တောင်းတယ်။ နောက်ပြီး LTA က Form ၂စောင်ကို ပို့ပြီး ဦးခြိမ့်ကို လက်မှတ်ထိုးခိုင်းတယ်။
အဲဒါတွေ ပြန်မပို့ခင် သူ့ကို ခန့်မှန်းချက်ဈေးလေးတော့ ပေးပါ။ ဈေးမသိရပဲ ငါတို့က ဘယ်လိုရောင်းရမှာလဲဆို မရမက မေးမှ ၃၈ ပေးမယ်လို့ပြောတယ်။ ၃၈ ဆိုတာ သုံးသောင်း ရှစ်ထောင်ပါ။ (မဆွိတီတို့ ဒီကားကို ၂၀၀၇ ဖေဖော်ဝါရီမှာ ၆သောင်းခွဲနဲ့ ၀ယ်ခဲ့ပြီး အဲဒီအချိန်က COE က တစ်သောင်း နှစ်ထောင်ပါ။ ခုလောလောဆယ် COE က ၄သောင်းကျော်နေပြီး ကားဈေးက အသစ်ကို ၉သောင်းကျော် ရှိပါသဗျား )

ကားဈေးနှုံး စုံစမ်းပုံ
ဒီနေရာမှာ မဆွိတီကလဲ စလုံးက ကားရောင်းတဲ့ web page တွေ ၀င်ကြည့်ထားတော့ ကိုယ့်ကား ဘယ်လောက်တန်လဲဆိုတာတော့ အကြမ်ဖျဉ်းသိထားပါတယ်။ ဒီမော်ဒယ်၊ ဒီကားဆို ဈေးကွက်မှာ ၄၄-၄၅ လောက်ရှိတယ်ဆိုတာ car dealer web page တွေမှာ အထင်းသား မြင်နေရတာပဲခင်ဗျ။ ဒါကတော့ နားလည်သလောက်ပြောရရင် owner ကို တိုက်ရိုက်ရောင်းရတဲ့ ဈေးလို့ သဘောပေါက်ပါတယ်။ ဒီတော့ dealer က ၆၀၀၀ -၇၀၀၀ လောက် ကြားက စားတယ်ပေါ့။ သူတို့မလဲ COE က အတက်အကျရှိတော့ ခံသာအောင် ဒီလောက်တော့ စားတယ်လို့ သဘောပေါက်ရပါတယ်။
http://www.sgcarmart.com/used_cars/index.php

အပေါ်က sgcarmart ဆိုတဲ့ စင်္ကာပူနာမည်ကြီး ကားဝပ်ပေ့ခ်ျက buy car မှာ ကိုယ့်ကားရဲ့ အချက်အလက်တွေ ထည့်လိုက်တာနဲ့ ကိုယ့်ကားနဲ့ maker ရော၊ မော်ဒယ်ရော၊ အရောင်ပါ တိုက်ရိုက်နီးပါးတူတဲ့ ကားဈေးနှုံးတွေ ထွက်လာပါတယ်။ ရောင်းဖို့ကြော်ငြာထားတာရော၊ ရောင်းပြီးသားကားတွေရော ပြထားတာပါ။

ကားဝယ်ချင်သူ ဦးခြိမ့်သူငယ်ချင်း
နောက်ပြီး ဦးခြိမ့်သူငယ်ချင်းတွေထဲကလဲ ကားဝယ်ချင်လို့ မေးနေသူတွေရှိပါသေးတယ်။ ဒီမှာ ပြောရရင် တိုက်ရိုက် owner က ၀ယ်တဲ့ ကိစ္စကို မဆွိတီက မလုပ်ချင်ပါဘူး။ အကြောင်းကတော့ စာရွက်စာတမ်းကိစ္စ၊ ဘဏ်ကိစ္စတွေ ကိုယ်ကလဲ နားမလည်၊ လုပ်ပေးဖို့လည်း အချိန်မရှိပါဘူး။ အဲဒီတုံးက နေ့စဉ်ရုံးတက်နေဆဲ။ ရုံးမှာလဲ အလုပ်ရှုပ်နေဆဲပါ။ dealer ကို အပ်လိုက်ရင် အဲဒီကိစ္စတွေ အပြီးအစီး ၂ရက်အတွင်း အပြတ် ရောင်းနိုင်ပါတယ်။ dealer ကို ရောင်းရတာ ကိစ္စအေးတယ်ပေါ့ဗျာ။ ဇယားမရှုပ်ဘူးပေါ့ဗျာ။

နောက်ဦးခြိမ့်သူငယ်ချင်းအချို့က ကားကို ခုကျန်တဲ့ အကြွေးအတိုင်းထားခဲ့လိုက် ဆိုပြောလို့ မဆွိတီတို့ လင်မယား စိတ်တွေတောင်ဆိုးကြသေးတယ်။ အဲဒီအချိန် မဆွိတီတို့မှာ ကားအကြွေးက တစ်သောင်း ၈ထောင်ပဲ ကျန်တော့တာဆိုတော့ ဈေးကွက်မှာ ၄သောင်းခွဲ ပေါက်တဲ့ကားကို တစ်သောင်း ရှစ်ထောင်နဲ့ ရောင်းခဲ့ဆိုတဲ့ သဘောဖြစ်နေတာကိုးဗျ။ အဲဒီတော့ မဆွိတီက ကားက ၄သောင်းခွဲလောက်ရှိတယ်ဆိုပြောတော့ ကြော်ငြာတွေကသာ အဲလောက်ကြော်ငြာထားတာ။ ကိုယ်တကယ်ရောင်းရင် ၃သောင်းခွဲလောက်ပဲ ပေးမှာတဲ့ ပြောသေးတယ်။ မဆွိတီလဲ ကားကြော်ငြာမှာတွေ့တဲ့ dealer တွေကို ဖုန်းဆက်ပြီး quotation တောင်းကြည့်တာ သူတို့ပြောတာ ဟုတ်သဗျ။ တစ်ချို့က ၃သောင်းခွဲပဲပေးတယ်။ တစ်ချို့လဲ ၃သောင်းရှစ်ထောင်ထိပေးကြတယ်။

ရှယ်လင်းနဲ့ ကိစ္စပြတ်ခြင်း
ဒါနဲ့စောစောက ရှယ်လင်းနဲ့ လုပ်နေကြရင်းနဲ့ စကားပြောရတာ အဆင်မပြေဘူးဗျ။ သူ့ကို ဖုန်းခေါ်လိုက်ရင် အမြဲ rush ဖြစ်နေတယ်။ စကားကို ဆုံးအောင်နားမထောင်ဘူး။ သူပြောချင်တာ မြန်မြန်ပြောပြီး ချသွားတာချည်းပဲဆိုတော့ နောက်ပိုင်းတကယ်ရောင်းတဲ့အချိန်ကျရင် ဒီလို စိတ်မရှည်သူနဲ့ မဆက်ဆံချင်တာနဲ့ တခြား သူနဲ့ ဈေးတူပေးနိုင်တဲ့ dealer တွေ မှတ်ထားလိုက်တယ်။ သူ့ကို မရောင်းတော့ဘူးဆို အဆက်အသွယ်ဖြတ်လိုက်တော့တယ်။ ဟုတ်တယ်လေ။ ဈေးချင်းအတူတူ ဆက်ဆံရေးကောင်းသူနဲ့သာ လုပ်ချင်တာ လူတိုင်း သဘာဝမဟုတ်လား။ သူ့ကိုကားရောင်းမဲ့ customer ကို ဆက်ဆံတာ သူ့ အောက်က ၀န်ထမ်းကို ဆက်ဆံတဲ့ အတိုင်းပဲ။

Car dealer များထံ ဈေးစုံစမ်းခြင်း
ဒီလိုနဲ့ မဆွိတီ car dealer တွေဆီ ဖုန်းဆက်တာ အယောက် ၂၀ လောက်များရှိမလားပဲ။ ဈေးမေးလိုက်ရင် ၃၅ ကနေ ၃၈ ထိပဲဗျ။ ဒီထက်ပိုပေးတာ မရှိဘူး။ နောက်ဆုံး car dealer တစ်ယောက် သွားတွေ့တယ်။ သူက ၄သောင်းအထိ ပေးမယ်ပြောတယ်။ သူက မဆွိတီတို့ကားလို တိုယိုတာတွေပဲ ကိုင်တာဆိုတော့ သူ့ကိုတော့ သေချာမှတ်ထားတာပေါ့။ ဒါပေမဲ့ သူကလဲ ကားတကယ်လက်ထဲထည့်မဲ့အချိန်က တစ်လခွဲလောက်လိုသေးတော့ ခေါ်လိုက်တိုင်း စောသေးတယ်ချည်း ပြောနေတယ်။ မအားတာနဲ့၊ ဖုန်းခေါ်ရ တော်တော်ခက်တယ်။ ဒီထက်ပိုရမလားလို့ တခြား free quotation ပေးတဲ့ ကုမ္ပဏီတွေ ခေါ်ကြည့်တော့လဲ ၃၈ ထက် ပိုမရဘူးခင်ဗျ။ ကိုယ့်ကားကို မောင်းပြီး Ubi မှာရှိတဲ့ သူတို့ show room မှာလဲ မရောင်းရမချင်း ပြထားရဦးမတဲ့။ သူတို့က ပိုတောင်ဆိုးနေသေး။

ဒါနဲ့ ကားရောင်းဖို့ ၃-၄ပတ်လောက်အလိုကျ စောနက ၄သောင်းပေးမဲ့ car dealer ကို ဖုန်းဆက်တော့ သူက တိုယိုတာကားတွေ သူတို့ဈေးကွက်မှာ လက်ကျန်တွေ များနေလို့ scrap လုပ်လိုက်ရလို့ ၀ယ်တော့ဘူးတဲ့ဗျာ။ ကဲ နောက်ဆုံးကျမှ တေ့ဖြုတ်လိုက်တာ။(အမှန်က အဲဒါ ကစားတာ trick လုပ်တာလို့ သိရတယ်ခင်ဗျ။ ဒီကြားထဲ တခြားသူတွေနဲ့ ငြိသွားမှာဆိုးလို့ ဈေးကွက်ထဲမှာ မရှိတဲ့ ဈေးကိုပေးပြီး ရောင်းသူကို ကိုင်ထားတာတဲ့ဗျ၊ နောက်ဆုံးရောင်းသူက အချိန်မရှိတော့မှ သူက ဈေးလျှော့ဖြတ်ပြီး ရောင်းသူက no choice ဆို ထိုးရောင်းရတာတဲ့ ... )

ဦးခြိမ့်သူငယ်ချင်းနှင့် ကိစ္စပြတ်ခြင်း
ဒီကြားထဲ ဦးခြိမ့်သူငယ်ချင်းကို (သူတို့က အတင်းမေးလို့) ၄သောင်း တစ်ထောင်နဲ့ရောင်းမယ်၊ စာရွက်စာတမ်းကိစ္စ အကုန်အစအဆုံးတာဝန်ယူပေးပါဆိုပြောတော့ သူတို့လဲ အတွေ့အကြုံမရှိတော့ ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေတယ်။ ဈေးကိုလဲ လျှော့ပါဦး၊ ကားက ဘယ်တော့ အပ်မှာလဲ၊ ခုချိန် COE က တစ်မျိုး၊ တကယ့်ကားလက်ထဲရောက်ချိန် COE ဈေးကျရင် ဘယ်လိုလုပ်မှာလဲ၊ အစရှိသဖြင့် မျိုးစုံရစ်နေလို့ မဆွိတီလဲ အပြင်မှာ တိုက်ရိုက်ဝယ်ရင် ၄သောင်းခွဲ လောက်ကျမဲ့ကားကို တော်တော်လျှော့ပေးထားပြီးပြီ။ မယုံရင် web page တွေမှာ ၀င်ကြည့်ပါ။ ဒီ့ထက် မလျှော့တော့ဘူးပြောတော့ စိတ်ဆိုးလို့လားမသိ၊ အဲဒီညနေတင်ပဲ သူတို့ Kia အသစ်လေးတစ်စီး ၈သောင်းကျော်နဲ့ ၀ယ်လာကြောင်း ဖုန်းဆက်ပါတယ်။

ကားဝယ်ချင်တဲ့ လူပျိုကြီး
နောက်ဦးခြိမ့်သူငယ်ချင်း လူပျိုကြီးတစ်ယောက်ကလဲ ကားဝယ်ချင်လို့ဆို ပြောနေလို့ ၄၁ နဲ့ရောင်းမယ် ဆိုပြောတော့ စဉ်းစားဦးမယ်ဆို အကြောင်းမပြန်ဘူးဗျ။ အဲဒီအချိန်မှာ အသိတစ်ယောက်အပြောအရ ရောင်းသူနဲ့ ၀ယ်သူ တိုက်ရိုက်ရှိရင် ကားစာရွက်စာတမ်း၊ ဘဏ်ကိစ္စတွေချည်း လုပ်ပေးမဲ့ car dealer တွေလဲ ရှိသတဲ့။ သူတို့ကို ၅၀၀ လောက်ပေးရင် အပြီးအစီး လုပ်ပေးတယ်ဆိုလို့ တိုက်ရိုက်ရောင်းမဲ့ ကိစ္စကိုလည်း စိတ်ဝင်စားနေခဲ့တယ်။

ကား dealer အဘန်း နှင့်ဆက်သွယ်ခြင်း
နောက်တစ်ခုက မဆွိတီတို့ရုံးက ဘေးမှာထိုင်တဲ့ စလုံးကောင်လေး ပြီးခဲ့တဲ့ ၂လလောက်က ကားရောင်းပြီး ပြန်ဝယ်ထားတာ သွားသတိရတယ်။ သူ့ကားကတော်တော်စုတ်တာ၊ scrap လုပ်ရတော့မှာကို သူ့ car dealer က နောက်တစ်ယောက်ကို ရအောင်ရောင်းပေးလိုက်တာဗျ။ ကိုယ်လဲ အဲဒီ car dealer ကို ဖုန်းဆက်ပြီး ဒီတစ်ခါတော့ တေ့တေ့ဆိုင်ဆိုင်သွားပြပြီး ရောင်းတော့မယ်ဆို တနင်္ဂနွေနေ့လည် သူတို့ကားပွဲစားတန်းကို ချိန်းလိုက်တယ်။ dealer နာမည်က Ah-ban တဲ့ဗျ။ ဗမာလို အဘန်းပေါ့ဗျာ။ နာမည်ကိုက loan shark တွေလို နာမည်မျိုး။ စကားပြောတာလဲ မြန်မှမြန်၊ ပြောတာလဲ ဘန်းစကားဆန်ဆန်လိုတွေ ပြောတာ။ အသက်ခန့်မှန်းကြည့်တော့ ၃-၄၀ လောက်တော့ လောက်တော့ ရှိမယ်ထင်ရတယ်။

အဘန်းတို့ ကားပွဲစားတန်းသို့ ရောက်ရှိခြင်း
အဲဒီနေ့က ပင်နစူးလားကို ဈေးဝင်ဝယ်၊ အပြန်ကျ မောင်ဝမ်းကွဲလေး တစ်ယောက်ကို ချိန်းပြီး ကားပွဲစားတန်းကို မောင်းခဲ့တယ်။ ပြီးတော့ စစ်ကူ ဂျူဂျူးတို့ တူအရီးရယ်ပေါ့။

နေရာ-red hill ကား ပွဲစားတန်း။
အချိန် -ညနေ ၃နာရီခွဲခန့်။
ပါဝင်ကြသူများ- အန်တီဆွိ၊ ဂျူဂျူ၊ ကြီးတော်၊ မောင်ဝမ်ကွဲလေး

ကားပွဲစားတန်းရောက်တော့ အဘန်းတို့ ရုံးခန်းက တော်တော်ရှာလိုက်ရသဗျ။ အရှေ့ဖက်က၀င် အနောက်ကနေ ပတ်ပြီးမှ ရောက်သွားတယ်။ ကားပွဲစားတန်းသာဆိုတယ် လူသူလဲ သိပ်မတွေ့ရပါဘူး။ ခြောက်ကပ်တိတ်ဆိတ်နေတာပဲ။ ကားရပ်ပြီး မေးကြည့်လိုက်တော့ အဘန်းတော့ မရှိသေးဘူးတဲ့။ ကားရောင်းမလို့လားဆို ကားကို သူတို့ရုံးရှေ့က အရိပ်လေးမှာ park ခိုင်းထားတယ်။ အနားပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဒုစရိုက်ကားထဲက မျက်နှာလိုမျိုး၊ နှုတ်ခမ်းမွှေးတွေ၊ တက်တူးတွေနဲ့ စွတ်ကျယ်လက်ပြတ်နဲ့ လူ၂ယောက် ၃ယောက်၊ ယောက်ျားလျှာလို ကောင်မလေး တစ်ယောက် ရှေ့က သစ်ပင်ရိပ်မှာ မာကျောက်လို game မျိုး ဆော့နေကြတာဗျ။ သူတို့ပုံကြည့်ပြီး နဲနဲတောင် လန့်သွားတယ်။ မောင်လေးကို လက်ကုတ်ပြီး ပြန်မယ်တောင်လုပ်တာ။ နောက်မှ လာပြီးမှ မထူးပါဘူးဆိုပြီး ကားပေါ်က ဆင်းတော့ ဘော့စ်ဆိုသူက အဘန်းကိုစောင့်ရင်းနဲ့ ခန်းထဲမှာ ခဏသွားထိုင်ပါတဲ့ဗျား။

ရာသီဥတုက အတော်ပူတော့ သူတို့ရုံးခန်းလေးက အဲကွန်းလေးနဲ့ အေးအေးဆေးဆေး စောင့်နေကြတာပေါ့။ ခဏနေတော့ ဘော့စ်ဆိုသူက ကားစက်နှိုးပြီး ကားကိုစစ်ချင်လို့ပါဆို ကားသော့တောင်းတယ်။ မဆွိတီတို့လဲ လိုက်သွားပြီး ကားကို စက်နှိုးကြည့် အဲကွန်းတွေစစ်ကြည့်၊ စောနက မာကျောက်ကစားနေတဲ့ ကောင်မလေးကလဲ နောက်ကားဖုံးကို ဖွင့်ကြည့်ပြီး ဟိုဒီ လှန်လှောကြည့်ပေါ့။ စစ်ပြီး ရုံးခန်းထဲ ပြန်ဝင်တော့ မဆွိတီက ကားဘယ်ဈေးလောက်ရမလဲ မေးတာ။ သူက ၃၈ ပေးပါမယ်တဲ့ဗျား။

(ဆက်ပါဦးမည် ...)

တော်တို့ယောက်ျားတွေရယ် ...

စနေနေ့က နှင်းဆီပန်းပင်လေး ၂ပင် စိုက်ဖို့ ၀ယ်လာခဲ့တယ်။ ပန်းပွင့်လာရင် ဘုရားပန်းတင်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ပန်းပင်သာဆိုတယ်။ အရွက်တွေ တစ်ရွက်မှမပါတဲ့ နှင်းဆီကိုင်းပျိုးပင်လေးတွေပေါ့ဂျာ။

Sunday ရောက်တော့ ဦးခြိမ့်က ပန်းပင်လေးတွေကို အိမ်ဘေးနားက မြေကွက်လပ်မှာ စိုက်ဖို့ မြေတူးတယ်ပေါ့။ သူ့မှာ ဂေါ်ပြားသေးသေးလေးတစ်ခုတည်းနဲ့ တူးနေရတာဆိုတော့ အတော်ပင်ပန်းပုံရတယ်။ အော်ဇီက မြေက အရမ်းမာတာတဲ့။ တူးရတာ ပင်ပန်းလိုက်တာတဲ့။ အမှန်ဆို ပေါက်ချွန်းလိုဟာမျိုးသာ ရှိရင် ပိုတူးရလွယ်မှာပေါ့။ ဒါတင်မက သူတူးတဲ့နေရာကျမှပဲ အုတ်နီခဲတစ်လုံးပေါ် တည့်တည့် တူးမိရက်သားဖြစ်နေတယ်။ နောက်တော့ အုတ်နီခဲ တစ်လုံးလုံးကို တူက သံကော်တဲ့ဟာနဲ့ ကလန့်ထုတ်မှ ထွက်လာတော့တယ်။ ဆက်တူးပြန်တော့ မြေက ကျစ်ပြီးမာနေတာပဲတဲ့။ ဒီလို အလုပ်ကြမ်း မလုပ်တာကြာတော့ တော်တော်ပင်ပန်းသွားပုံရတယ်။ မှတ်မှတ်ရရလဲ ဖြစ်သွားပုံရတယ်။ ကိုယ်သာဆို မလွယ်ဘူး။ ဘယ်လိုမှ တူးနိုင်မှာ မဟုတ်ဘူး။ ယောက်ျားဘသား ကျားကိုးစီး ရှိပေလို့ပဲ။

နောက်တစ်ပင်စိုက်ဖို့ ဘေးနားလေးမှာ ထပ်တူးတော့ အဲနေရာကျ မြေက မြေပျော့၊ မြေဆွေးတွေဗျ။ အရင်က သစ်ပင်စိုက်ဖူးပုံရတယ်။ ဂေါ်ပြားလေးနဲ့ ၃-၄ချက်လောက်တူးလိုက်တာနဲ့ အပင်စိုက်ဖို့ အဆင်သင့်ဖြစ်ကရောပဲ။ ဒီလိုနဲ့ အဲဒီနေ့က နှင်းဆီပင်လေး၂ပင် ဘေးချင်းကပ်ရက် စိုက်ဖြစ်ကြတယ်ပေါ့ဗျာ။

မဆွိတီလဲ ကြားရက်တွေမှာ သစ်ပင်လေးတွေကို ရေလောင်းပြီး နေ့စဉ်စောင့်ကြည့်နေတာပေါ့။ မနေ့ကပဲ ရေလောင်းရင်းနဲ့ ကြည့်လိုက်တာ အပင်လေးတွေမှာ အတက်နီနီလေးတွေ ထွက်လာတာတွေ့တယ်။ အရမ်းဝမ်းသာသွားတာပေါ့။ မြေပျော့မှာ စိုက်ထားတဲ့ အပင်လေးက ကိုင်းတွေက ပိုများတော့ အတက်နီနီလေးတွေကလဲ ပိုများတယ်ဗျ။ လိုက်ရေကြည့်တာ ၄-၅ ခုလောက်ရှိတယ်။ နောက်တစ်ပင်ကတော့ ၂ခုတည်း။ တချို့တွေလဲ ကွယ်နေလို့ သေချာ မရေမိပါဘူး။

ဒီနေ့မနက်လင်းတော့ အိမ်ကလူ ရုံးသွားခါနီး " တော့ ... ကိုမောင်ခြိမ့်၊ အိမ်က အပင်လေးတွေတော့ အတက်လေးတွေ ထွက်နေပြီတော့။ တော် ကြည့်ဦးမလား" ဆိုတော့ အေး အေး တဲ့။ ဒါနဲ့ သူ့ကို အပင်လေးတွေ ပြပြီး ကိုယ်ကလဲ ရှင်းပြတာပေါ့။ ဒီဖက်ကအပင်ကတော့ အတက် ၄-၅ ခုလောက် ထွက်နေပြီ။ ဟိုဖက်ကတော့ ၂ခုတွေ့တယ်။ ဘလာ ... ဘလာ ... ဆို ပြောနေတုံး သူကဘာပြောတယ်ထင်လဲ။

"ဟိုဖက်ကအပင်ကတော့ အတက်သိပ်ထွက်မှာ မဟုတ်ဘူး။ ကိုယ်သိတယ်။ သူက မြေက မာတာကိုး " တဲ့ဗျား။

အွန် ... သူပြောတာ စဉ်းစားကြည့်တော့ ဟုတ်သလိုလိုနဲ့ ...
ဘာဆိုင်တုံး။ သစ်ပင်က ခုမှစိုက်ကာစ၊ မြေမာတာ သိတောင်သိသေးဝူးလေ။

အရင်ကလိုဆို ပက်ကနဲ ပြန်ပြောပစ်မှာ။ ဘာမှ ဆိုင်ဝူးလို့။ ခုတော့ အိမ်ဦးနတ်ကြီး ဖြစ်နေလို့ အသာလေးငြိမ်နားထောင်လိုက်ပါတယ်လေ။ (လူစုံစုံရှိမှ လာပြောပြတာ :)

Sunday, May 8, 2011

အော်ဇီမှာ ကြုံရသမျှ (၂)

မဆွိတီလဲ ခုတလော ဘလော့ဂ်မရေးဖြစ်တာ ကြာပြီ။ ဦးခြိမ့်ဝယ်ထားတဲ့ စောင်ကြီး အပြစ်တင်ရမှာပဲ။ ဒီမှာ ရောက်စ ရာသီဥတုကအေးတော့ မနက်လင်းရင် စောင်ပုံထဲက မထွက်ချင်ဘူး။ စလုံးမှာနေတုံးကတော့ မနက်ပိုင်း အိပ်ရာ အစောကြီးနိုးနေရင် ပို့စ်တွေ ထ ရေးဖြစ်ပေမဲ့ ဒီရောက်တော့ အခြေအနေက မတူတော့ဘူးပေါ့ဂျာ။ မဆွိတီ စလုံးကနေ ဒီကို မရောက်ခင် ဦးခြိမ့်က ပစ္စည်းအချို့ မရှိမဖြစ် ၀ယ်ထားရတာတွေရှိတယ်။ အဲဒါ ဘယ်လောက်ကျလဲ မေးကြည့်လိုက်တော့ အိပ်ရာ၊ ကုတင်နဲ့ စောင်ဖိုးတင် တော်တော်ကျနေတယ်ဗျာ။ အောင်မလေး ဘာလို့ ဒီလောက်ဈေးကြီးတာတွေ ၀ယ်ရသလဲဆိုမေးတော့ ဒီမှာက ညအိပ်ချိန် နွေးနွေးထွေးထွေးရှိဖို့ စောင်တွေကအစ ကောင်းတာတွေ ၀ယ်ရသတဲ့။

အဲ့စောင်ကြီးကလဲ ဦးခြိမ့်ပြောသလိုဆို စပါယ်ရှယ် တီထွင်သုသေသနလုပ်ထားတဲ့ စောင်ပါတဲ့ဗျား။ သူက သိုးမွှေးတွေ ထည့်ထားတဲ့ ဂွမ်းကပ်ပေါ့ဗျာ။ သူကခြုံလိုက်ရင် လူရဲ့ခန္ဓာကိုယ်အပူချိန်အတိုင်း အထဲမှာ နွေးနေအောင် ဖန်တီးထားတယ်ဆိုပဲ။ ခြုံထားတုံး ပူလွန်းလို့ စောင်ကိုခွါ၊ စောင်ခွါပြန်တော့ ပြန်အေးပြီး ပြန်ခြုံ၊ ကြာလာတော့ ပြန်ပူလာ ဒါမျိုးတွေ မရှိဘူးတဲ့ဗျာ။ စောင်က လူရဲ့ အပူချိန်အတိုင်းပဲတဲ့။ အဲဒီတော့ မိုးလင်းရင် မနက် ၅နာရီလောက် နိုးနေတတ်ပေမဲ့ အဲဒီစောင်ပုံထဲက မထွက်ချင်တော့ အန်တီဆွိတို့လဲ ပို့စ်တွေ မတင်ဖြစ်တော့ဘူး။ ခုကို အပူချိန်က ၁၁.၄ ပဲ ရှိပါသဗျာ။ မနက် ၇နာရီမှာ စရေးနေတာပါ။
ဆစ်ဒ်နီက ပရိတ်သတ်အတွက် temperature တွေကို ၁၀မိနစ်တစ်ခါ ၂၄နာရီစာပြထားတဲ့ web site ပါ။
http://www.weatherzone.com.au/station.jsp?lt=site&lc=66062&list=ob



စောင်ပုံထဲမှ ကြောင်ပုံကြီး
ဂျူဂျူလေးကလဲ ကျောင်းသွားဖို့ မနက် ၇နာရီခွဲလောက် ထရတယ်။ ကျောင်းက ၉နာရီခွဲမှ စပေမဲ့ ၁၀ကီလိုလောက်ဝေးတဲ့ သူ့ အဖေရုံးကို လိုက်ပို့၊ အပြန်သူ့ကို ကျောင်းမှာ ၀င်ချဆိုတော့ သူက အစောကြီး ထနေရတာ။ စလုံးမှာတုံးက မနက် ၉နာရီ၊ ၁၀နာရီထိ နေဖင်ထိုးအောင် အိပ်တဲ့ မဂျူဂျူလဲ မနက်မိုးလင်း နှိုးရတာ အတော်ဒုက္ခ ရောက်တယ်။ မနက်ခင်းဆို သားအမိ၂ယောက် နံနက်ချိန်ခါ တေးသံသာပဲ။ " ဂျူဂျူရေ ထတော့လေ။ သမီး ကျောင်းသွားရဦးမှာ ... " "ဟင် မေမေကလဲ အရမ်းချမ်းသေးတယ်။ ဂျူဂျူ ထလို့ရဘူး ... " ဆို တော်တော်နဲ့မထ။ " သမီးလေး ထတော့။ ဖေဖေရုံးနောက်ကျမယ်။ မထလို့မရတော့ဘူး ... " " ဒါဆို ဂျူဂျူ့ကို မေမေလာဖက် ... " အစရှိသဖြင့်ပေါ့။ သားအမိ၂ယောက်ကို နှိုးသံတွေ ချွဲသံတွေနဲ့ ဆူညံပွက်လောရိုက်လို့ပဲ။

မဆွိတီငယ်ငယ်က ကြောင်တွေ အများကြီးနဲ့ အတူနေဘူးသဗျ။ အဖေက လမ်းမှာတွေ့တဲ့ ကြောင်မလေးတစ်ကောင် သနားလို့ဆို အိမ်ခေါ်လာတာမှာ အဲဒီကနေ ပွားလိုက်တာ နောက်ဆုံး ကြောင်တွေ ၁၂ ကောင်အထိ ဖြစ်သွားတယ်။ အဲဒါကြောင်တွေနဲ့ နေရင်း ကြောင်တွေကိုလဲ ချစ်သွားတာ။ မဆွိတီတို့ မောင်နှမတွေ ကြောင်တွေကို သူ့ကြောင်၊ ကိုယ့်ကြောင်ဆို နာမည်တွေ ပေးကြ အတူအိပ်ကြပေါ့။ အဲသမှာ မဆွိတီသိပ်ချစ်တဲ့ ကြောင်လေးတစ်ကောင်ကို ညကျရင် ခေါ်ခေါ်အိပ်တာ။ ဆောင်းတွင်းချမ်းတဲ့ အချိန်ဆို ချမ်းလွန်းတော့ တခြားကြောင်တွေကပါ ခြင်ထောင်ကို ခေါင်းနဲ့တိုးဝင်ပြီး မဆွိတီ စောင်ခြုံထဲ ၀င်အိပ်ကြတာ။ ကြောင်မှ အရွယ်စုံ၊ ဆိုဒ်စုံပဲ။ မိုးလင်းရင် ကိုယ့်ဘေးမှာ အိပ်နေကြတာ ကြောင်တွေ အပုံလိုက်ကြီးဗျာ။ ခန္ဓာကိုယ်တွေကလဲ ပူနွေးနေတာပဲ။ သူတို့က အဲလို တစ်ကောင်နဲ့ တစ်ကောင် ပူးကပ်အိပ်ရင် အရမ်းနွေးတော့ တစ်ကောင်ပေါ် တစ်ကောင် ထပ်ပုံပြီး ကွေးနေအောင် အိပ်ကြတာကလား။

ခုလဲ မနက်မိုးလင်း ကိုယ်က သူတို့သားအဖအတွက် မနက်စာပြင်ပြီး ဂျူဂျူလေးကိုသွားနှိုးရင် ဂျူဂျူလေးခန္ဓာကိုယ်က စောင်ခြုံထဲမှာ ပူနွေးနေတာများ စောနက ပြောတဲ့ ကြောင်ပုံကြီး အတိုင်းပဲဗျား။ ကိုယ်ကတော့ အပြင်ထွက် ရေကိုင်၊ ဘာကိုင်ဆို အတော် အေးနေပြီကိုး။ အဲဒါ ဂျူဂျူလေးကို နှိုးရငိ မဆွိတီရဲ့ ကြောင်ပုံကြီးအကြောင်း ပုံပြောသလို ပြောပြီး နှိုးတော့ သူက သဘောတွေကျလို့။ ဟဲ့ ကြောင်ပုံမကြီး ... အဲလေ ဂျူပုံမကြီး ထတော့ဟဲ့ ... ကျောင်းသွားရတော့မယ်ဟဲ့ ... ဆို သိပ်သဘောကျတာ။ တခစ်ခစ်နဲ့။ ကြောင်ပုံပြင် ခဏခဏ ပြောခိုင်းနေတော့တာပဲ။


ကြက်ခြံထဲမှ အန်တီဆွိ
မဆွိတီက တစ်ခါတစ်လေ ဘာမဟုတ်တာလေးကိုလဲ နှမြောတတ်တယ်။ ချွေတာချင်တယ်ပေါ့။ တစ်ခါတစ်လေလဲ ဈေးကြီးတာကြီး သိပ်မစဉ်းစားပဲ ၀ယ်ချင်လဲ ၀ယ်ချလာတာပဲ။ တစ်ခါသား 3D တီဗီကြီး ၀ယ်လာတာသာ ကြည့်ကြပါကုန်။ ခု ဒီမှာ ညည အိပ်တော့ ဦးခြိမ့်က ခေါင်းအုံး တစ်လုံးစီပဲ ၀ယ်ထားတာ။ အရင်စလုံးအိမ်မှာ ခေါင်းအုံး၂လုံးဆင့် အိပ်နေကျဆိုတော့ အိပ်ရတာ မကောင်းဘူးဗျာ။ ခါးနာချင်သလိုဘာလိုဖြစ်နေတယ်။ ဒါနဲ့ နောက်ထပ် ခေါင်းအုံးထပ်ဝယ်မယ်ဆို အော်ဇီမှာ ပေါချောင်ကောင်း ပစ္စည်းလေးတွေ ရတတ်တဲ့ K Mart ကို ရောက်သွားကြတယ်။ အဲသမှာ ခေါင်းအုံးဈေးကို ဖတ်တော့ ညက်လုံးတွေ ပြူးသွားတယ်။ ပုံမှန်လူတိုင်းဝယ်တဲ့ ခေါင်းအုံးက ၂လုံးကို ၅၀တဲ့ဗျာ။ ဒါနဲ့ ဈေးများတယ်ဆိုပြီး ဘာများပေါပေါရနိုင်လဲဆို လိုက်ကြည့်တော့ ဈေးပေါတဲ့ ခေါင်အုံးလေးတွေ တွေ့သွားတာ၊၂လုံး ၃၀ကျပ်တဲ့ဗျား။ ကြည့်လိုက်တော့ ငှက်မွှေးတွေနဲ့ လုပ်ထားတဲ့ ခေါင်းအုံးဆိုပဲ။ ငယ်ငယ်က မောင်လေးတွေ စာထဲမှာ သင်ရတဲ့ Wuthering Heights ထဲက ကက်သရင်းက စိတ်ဖောက်ပြန်ပြီး သူ့ငှက်မွှေး မွှေ့ရာကြီးကို ဓားနဲ့ ခွဲ၊ ငှက်မွှေးတွေ ပလူပျံအောင်ထွက်လာ၊ ဟိကလစ်နာမည်ကို တတွတ်တွတ်နဲ့ရွတ်တဲ့ အခန်းကို သတိရသွားတယ်။ ငှက်မွှေးနဲ့ဆိုတော့ ဘာဖြစ်တုံး၊ ကိုယ်လဲ အောက်မှာထားအိပ်မှာပဲ၊ ကက်သရင်းတို့တောင် အိပ်သေးတာပဲဆို ၀ယ်လာခဲ့တယ်။ ဦးခြိမ့်နဲ့ စိတ်ဆိုးရင် ခေါင်းအုံးကို ဓားနဲ့ခွဲ၊ ငှက်မွှေးလေးတွေ ပလူပျံတဲ့အထဲ ဦးခြိမ့်နာမည်ကြီး တတွတ်တွတ်ရွတ် ဆိုတဲ့ ရိုမန်းတစ်ဆန်ဆန် စိတ်ကူးတော့ ဘုရားစူး မပါရိုးအမှန်ပါဂျား)

ဒါနဲ့ ညအိပ်တော့ စဂွကျတော့တာပဲ။ ပထမဆုံးစ အိပ်အိပ်ချင်း ခေါင်းအုံးပေါ်လဲ တက်အိပ်လိုက်ရော။ ငါတော့မှားပဟဲ့ဆို နောင်တရမိတယ်။ ခေါင်းအုံးက ထွက်လာတဲ့ အနံ့ကဗျာ။ တိရိစ္ဆာန်ရုံက ငှက်ရွာရောက်ဖူးသူတိုင်း ဒီအနံ့မျိုး သိကြမှာပါ။ ကြက်နံ့၊ ငှက်နံ့၊ ဘဲနံ့လို အနံ့မျိုး ထောင်းကနဲ ထွက်လာတာပဲ။ သူက ခေါင်းအုံးကို ဖိအိပ်မှ ထွက်လာတာနော်။ အနံ့ဘယ်လောက်ဆိုးသလဲဆို မခံနိုင်လို့ အသက်အောင့်ထားရတယ်။ ဒီမယ်ကြုံလို့ ပြောရရင် မဆွိတီတို့ ငယ်ငယ် ၀န်ထမ်းတန်းလျှားမှာ နေတုံးက ကြက်တွေ မွေးဖူးသဗျ။ အိမ်ပတ်ဝန်းကျင် ဒီတိုင်းလျှောက်လွှတ်ထားတဲ့ အိမ်ကြက်တွေအပြင်၊ ကြက်ခြံနဲ့မွေးတဲ့ ဥစားကြက်မ တွေလဲ နည်းနည်း စမ်းမွေးဖူးတယ်။ ဘဲတွေ၊ မန်ဒါလီတွေလဲ မွေးဖူးတယ်။ မဆွိတီ ငယ်ငယ်က ဘယ်လောက်ထိ ဆပ်ဆော့လဲဆို အိမ်က ကြက်မတစ်ကောင် ဥအုတာကို အစအဆုံး အနီးကပ်၊ အနုလုံ ပဋိလုံ ချောင်းကြည့်ဖူးပါသဗျား။


ဖြစ်ချင်တော့ အဲဒီကြက်မက ကြက်မဒန်းမခင်ဗျ။ ကြက်မဒန်းဆိုတာ ကြက်အပျိုပေါ်ဝင်စပေါ့ဂျာ။ အဘွားပြောပြဖူးလို့ သိနေတာ။ သူတို့က ဥအုချင်ပြီဆို ကတော် ကတော် အော်ပြီး အုရမဲ့နေရာ လိုက်ရှာတော့တာကိုး။ အဲဒီကြက်မဟာ ကြံကြံဖန်ဖန်ဥတာ၊ အိမ်ပေါ်က မဆွိတီတို့ အဖေထိုင်တဲ့ ပက်လက်ကုလားထိုင်ကြီးပေါ် တက်တက်ဥနေတာ ၂ခါလောက်ရှိပြီဆိုတော့ မဆွိတီသေးသေးလေးက မှတ်ထားတာ။ ဒီတစ်ခါ ကတော်ရင်တော့ ကြက်ဥဘယ်လိုအုလဲ သိရအောင် ကြံဆောင်တော့မည်ပေါ့။ အဖေထိုင်တဲ့ ပက်လက်ကုလားထိုင်နောက်ကနေ ပုန်းပြီး ငုတ်တုတ်ထိုင်စောင့်နေတာ။ ပက်လက်ကုလားထိုင်ဆိုလို့ ပြောရရင် အဲဒီအချိန်က အိမ်မှာ Bread winner ဖြစ်တဲ့ အဖေသာ ထိုင်ခွင့်ရှိတဲ့ အိမ်ရဲ့ ဇိမ်ခံပစ္စည်း တစ်ခုပေါ့ဂျာ။ အဖေရုံးသွားချိန်မှ မဆွိတီတို့ မောင်နှမတွေ လုထိုင်ကြရတာကလား။ ခုမှ စဉ်းစားမိတာက ဒီလိုပက်လက်ကုလားထိုင်မျိုးကိုမှ အဲဒီ ကြက်မဒန်းမက သူ့ဥကျင်းလုပ်ရက်လေခြင်းဗျာ။

ကြက်မတွေခင်မြာလဲ ဥအုရတာ အမျိုးသမီးများ မီးဖွားသလိုပဲခင်ဗျ။ သူ့အ၀မှာ သူ့ဥလေးက ညှစ်လိုက်၊ မထွက်လာပဲ၊ ပြန်ဝင်သွားလိုက်နဲ့ ပြူတစ်ပြူတစ်ဖြစ်နေတာ တော်တော်ကြာသဗျ။ မတ်တပ်ရပ်ပြီး ညှစ်နေရတာ။ ကြက်မဒန်းမှို့လားတော့ မသိဘူး။ တော်တော်ခက်နေတယ်။ ကုလားထိုင်အနောက်ဖက် ပွဲကြည့်စင်ကနေ နေရာယူထားတဲ့ မဆွိတီသေးသေးလေးက အသေးစိတ်ကိုမြင်နေရတာ ခင်ဗျ။ နောက်ဆုံး အသည်းအသန်ညှစ်လိုက်မှ ဖုတ်ကနဲ့ အဖေ့ပက်လက်ကလားထိုင်က တာလဘတ် အခင်းပေါ် ထွက်ကျလာတယ်။ ထွက်လာလာချင်း ကြက်မက သူ့ကိစ္စ၀ိစ္စပြီးပြီဆို ဖုတ်ဖက်ခါ ထွက်သွားတော့တာပဲ။ ကြက်မဒန်း သားမခင်ဆိုတာ ဒါမျိုးလားတော့ မသိဘူး။ ဒီတော့မှ စပ်စပ်စုစု မဆွိတီသေးသေးလေးက ကြက်ဥကိုကောက်ကိုင်လိုက်တာ ခပ်စိုစို ပူပူနွေးနွေးလေးပါဗျား။

ဆိုချင်တာက သို့ဂလို ကြက်မတွေနဲ့ (ဟွန် ... ကြက်မအစစ်ကို ပြောတာနော်း) လက်ပွန်းတတီးရှိခဲ့တဲ့ မဆွိတီဟာ ခေါင်းအုံးပေါ်တက်အအိပ် ကြက်အနံ့ကထောင်းကနဲထွက်လာတော့ စိတ်ထဲမှာ ကြက်ခြံထဲများ သွားအိပ်ရသလား အောက်မေ့ရအောင် ဖြစ်သွားလို့ ငယ်ငယ်က ဘ၀ကိုတောင် သွားသတိရမိကြောင်းပါ။ ခုတော့ ခေါင်းအုံးက အနံ့သိပ်မထွက်တော့ဘူးခင်ည။ ခေါင်းအုံးကလဲ ပြားသွားလိုက်တာ၊ ပါးပါးလေးပဲ ကျန်တော့သကိုး။ အထဲက ထွက်စရာ လေကုန်သွားတော့ အနံ့မထွက်တော့တာ ဖြစ်မယ်လို့ သဘောပေါက်ရပါသဗျား။

အန်တီဆွိနှင့် သူမ၏ငရုပ်ဆုံ
မဆွိတီတို့ ဒီဖက်ပြောင်းဖို့ ပစ္စည်းတွေ ထုတ်ပိုးတော့ ဘယ်ပစ္စည်းတော့သယ်မယ်။ ဘယ်ပစ္စည်းတော့ ထားခဲ့မယ်ဆို ခွဲတန်းချကြတယ်။ အဲသမှာ အိမ်က ငရုပ်ဆုံက ဘေးမှာ နဲနဲပဲ့နေပြီဆိုတော့ ထားခဲ့ကြတာ။ စလုံးမှာလဲ မသွားခင် တစ်လလောက် ချက်ရပြုတ်ရဦးမှာကိုး။ ဒီရောက်တော့ မဆွိတီတို့ ချက်ဖို့ ပြုတ်ဖို့လုပ်တော့ တော်တော် အဆင်မပြေတာနဲ့ ငရုပ်ဆုံရှာပုံတော် ဖွင့်ကြတော့တယ်။ အဲဒီမှာ သွားတွေ့လိုက်တာက ဆစ်ဒ်နီမှာလဲ အိမ်သုံးပစ္စည်း တိုတိုထွာထွာရောင်းတဲ့ ဆိုင်တွေ အင်မတန်ပေါတာကလား။ Hot Dollar လို ဆိုင်တွေအပြင် East Wood က လမ်းဘေးဆိုင်လေးတွေ ပေါမှပေါဗျား။ ဈေးတွေကလဲ သိပ်မဆိုးလှပါဘူး။ စလုံးလောက်ပါပဲ။ ပစ္စည်းတွေ စုံလွန်းလို့ အိမ်မှာ သိပ်မလိုပဲ ၀ယ်မိမှာစိုးလို့ မနဲဘရိတ်အုပ်ထားရတယ်။ အဲဒီက ဆိုင်တစ်ဆိုင်မှာ ငရုပ်ဆုံတော့တွေ့တယ်။ အရွယ်က ခပ်လတ်လတ်ပဲ။ ဈေးက ၁၉ ကျပ်ဆိုတော့လဲ မဆိုးဘူးပေါ့။ ဒါနဲ့ ၀ယ်တော့မယ်ဆိုတော့ သူက ငရုပ်ကျည်ပွေ့ကို ပြမထားဘူးခင်ည။ ဆိုင်က ကောင်တာကို သွားမေးတော့မှ သူတို့က ငရုပ်ကျည်ပွေ့ကို ထုတ်ပေးတယ်။ အောင်မလေးဗျာ ငရုပ်ကျည်ပွေ့က သေးချက်ကတော့ မဆွိတီတို့စားတဲ့ မျှစ်ချောင်းသာသာပဲရှိတယ်။ ငရုပ်ဆုံကို တပ်ကြည့်တော့ အတော်ကို ချောင်နေတယ်။ အဖေရေ ဒီငရုပ်ကျည်ပွေ့နဲ့ ထောင်းဖို့ရာတော့ ဘယ်လိုမှ အားရမှာ မဟုတ်ဘူးဆို ၀ယ်ခါနီးမှ လက်လျှော့ ပြန်ခဲ့ကြတယ်။

အဲဒီနေ့ညနေပဲ ဦးခြိမ့်က ဈေးချိုတဲ့ Aldi ဆိုတဲ့ စူပါမားကတ်မှာ ဈေးသွားဝယ်ကြတယ်။ အဓိကက ပေါင်မုန့်လို၊ နွားနို့လို့၊ ချိစ်လို အနောက်တိုင်း စားသောက်ကုန်တွေ ရောင်းတဲ့ဆိုင်ပါ။ ဈေးလဲ တကယ်ပေါပါတယ်။ ဦးခြိမ့်က အစားအသောက်တွေကြည့်နေတုံး မဆွိတီက အလယ်တန်းမှာပြထားတဲ့ အိမ်သုံးပစ္စည်းတွေ ဒစ်စကောင့်ချတဲ့ဆီ မျက်စေ့က ရောက်သွားတယ်။ အဲသမှဗျာ ငရုပ်ဆုံကြီး။ ကပ်ထူပက်ကင်ပုံးနဲ့ သေချာကို ထုတ်ထားတာ။ ဘယ်လိုငရုပ်ဆုံမျိုးလဲဆိုတာ ပြောရရင်တော့ အစားအသောက်ချက်တဲ့ ဆယ်လီဗျစ်တီ ဂျေမီအိုလီဗာ ထောင်းထောင်းနေတဲ့ ပရော်ဖက်ရှင်နယ် ငရုပ်ဆုံမျိုးကြီးခင်ည။ ငရုပ်ဆုံအပြင်သားကိုက ပြောင်ချောနေတာပဲ။ ဈေးကလဲ ရေးထားတာ ဖတ်ကြည့်တော့ ၁၃.၉၉တဲ့ဗျာ။ အော်ဇီလိုနေရာမျိုးမှာ ရွာကလို ငရုပ်ဆုံမျိုးကို မယုံနိုင်လောက်အောင် ဈေးချိုနေလို့ ဟုတ်မှဟုတ်ရဲ့လား ညက်စေ့ကို ပွတ်ပြီး ၂ခါပြန်ကြည့်ရတယ်။ ပြီးတော့ အဲဒီငရုပ်ဆုံဗူးကြီးကိုင်ပြီး လက်ကမချတော့ဘူးဗျို့။ အစားအသောက်တန်းဖက်ပတ်နေတဲ့ ဦးခြိမ့်ကို အတင်းရှာပြီး ပြလိုက်တော့ သူကလဲ ဟုတ်ရဲ့လားတဲ့။ ဈေးမှားရေးတာလားတဲ့။ ပြန်ရှာတော့လဲ တစ်ဆိုင်လုံး အဲဒီ တစ်ခုသာ ကျန်တော့တာနဲ့ တူပါရဲ့။ ဒါနဲ့ အဲဒီနေ့ညက မဆွိတီလဲ အဲဒီငရုပ်ဆုံကြီး ပိုက်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ အိမ်ပြန်ခဲ့တော့တာပဲ။ တစ်ခါတစ်ရံလဲ ဘာရယ်မဟုတ်၊ ကိုယ်လိုချင်တဲ့ ပစ္စည်း ကွာလတီကောင်းကောင်းကို ဈေးပေါပေါနဲ့ရတာလဲ လောကမှာ အလွန်ကျေနပ်ပီတိ ဖြစ်ဖွယ်ပါတကား။


အန်တီဆွိ ဖြတ်လမ်းလိုက်ခြင်း
နောက်အတွေ့အကြုံတွေကတော့ အော်ဇီမှာ လမ်းတွေကကျဉ်းတော့ ကားမောင်းရတာ စလုံးလောက်မောင်းလို့ မကောင်းဘူးခင်ဗျ။ ကားလမ်းတွေကလဲ မကောင်းတော့ တ၀ုန်းဝုန်းနဲ့မောင်းရတာ။ စမောင်းကာစကတော့ ကားတွေ နှေးအောင် တမင်အထစ်ကလေးတွေ ထည့်ထားတယ်တောင်ထင်တာ။ ဘယ်ဟုတ်ရမတုံးဗျာ။ ကတ္တရာတွေက ကွဲနေတာ သေချာဖာမထားတော့ ၁၀မီတာလောက်ကို တစ်ခါ တ၀ုန်းဝုန်းနဲ့ခင်ဗျ။ ရောက်စ ကားကလဲ စိမ်း၊ လမ်းတွေကလဲစိမ်း ဆိုတော့ မောင်းရတာ တော်တော်ဂွကျတယ်။ ပြောရရင် ကားကို မမောင်းချင်ဘူး။ ဒါကို ဦးခြိမ့်ကို မနက်ခင်းလိုက်ပို့ ၊ သမီးကိုကျောင်းပို့၊ ညနေ သမီးကို ၃နာရီခွဲမှာ သွားကြို၊ အိမ်ပြန်လာ ညနေ ၅နာရီခွဲမှာ တစ်ခါ သမီးပါ ခေါ်ပြီး ဦးခြိမ့်ထပ်ကြိုရပြန်တယ်။ နဂိုတည်းက ကားမမောင်းချင်တာ မောင်းနေရတော့ မဆွိတီတို့ အကြံထုတ်တယ်။

ဂျူဂျူးကလဲ ကားနဲ့လာကြိုရင် ခလေးတွေ အကုန်လုံး လွှတ်မှ ကားသမားတွေက ကျောင်းထဲဝင်ပတ်ပြီး ခေါ်ခွင့်ရတာဆိုတော့ သူက ကျောင်းဆင်းပြီး ၁၅မိနစ်လောက် မအေကားအလာကို စောင့်နေရတာ စိတ်မရှည်ဘူးခင်ဗျ။ ဒါနဲ့မဆွိတီလဲ ဂျူဂျူနဲ့ တစ်ရက်လောက်လမ်းလျှောက်ပြီး ကျောင်းသွားကြည့်တော့ တော်တော်အဆင်ပြေတယ်။ ကျောင်းနဲ့အိမ်က တစ်ကီလိုမီတာပဲ ဝေးတာဆိုတော့ ၁၅မိနစ်လောက်တော့ လျှောက်ရတယ်။ ရာသီဥတုက စလုံးလိုလဲ နေကျဲကျဲတောက် ပူမနေတော့ သားအမိနှစ်ယောက် စကားတွေပြောပြီး လျှောက်ကြတော့ သိပ်ကြာတယ် မထင်လိုက်ဘူး။ မနက်ခင်း၊ ညနေပြန် သူ့အဖေကို လိုက်ပို့စရာ ကြိုစရာ မလိုတော့ ကားလဲ မမောင်းရတော့ဘူး။ ဓာတ်ဆီဖိုးလဲ သက်သာသွားတယ်။ လူလဲ အချိန်ကုန်သက်သာသွားတယ်။ ဂျူဂျူးလဲ မအေကို စောင့်စရာမလိုတော့ဘူးပေါ့။ အဲဒီလမ်းက ကားသွားတဲ့ လမ်းအတိုင်း သားအမိ၂ယောက် လျှောက်ကြတာပါ။ ကားလမ်းက ကွေ့ပတ်ပြီး သွားရတော့ နဲနဲတော့ ပိုဝေးတယ်ခင်ဗျ။ ရေရှည် ဂျူဂျူလေး လျှောက်နိုင်ပါ့မလား စဉ်းစားနေရတယ်။

ပထမလမ်းလျှောက်သွားတဲ့ ကားလမ်းမတစ်လျှောက်မြင်ကွင်းပါခင်ည။

ဒီမှာ ဟိုးအရင် ဦးခြိမ့် ဒီအိမ်ကို ငှါးတော့ သမီးကျောင်းကို သွားတဲ့ဖြတ်လမ်း ရှိလားဆို မေးဖူးတယ်။ အမှန်က ကျောင်းနဲ့ အိမ်က အဖြောင့်ကို ကီလိုဝက်ပဲ ရှိတာပါ။ Google earth ထဲ ၀င်ပြီး တိုင်းထားတာခင်ဗျ။ တစ်နေ့ကတော့ သမီးကို ကျောင်းပို့ပြီးအပြန် သမီးတို့ကျောင်းဘေးက အထက်တန်းကျောင်းထဲကို လမ်းမကနေ ၀င်ကြည့်လိုက်တာမှာ လားလား ဖြတ်လမ်းက အဲဒီအထက်တန်းကျောင်းဝန်းက ထွက်ထွက်ချင်း မြက်ခင်းကျယ်ကြီးကိုဖြတ်ပြီး ဖောက်ပေးထားတာ ကွန်ကရစ်လမ်းကြီးမှ ဖြူးလို့ပဲဗျာ။ ဂျူဂျူတို့ တက်တဲ့ အတန်းကို တောက်လျှောက် ဖြောင့်နေတာပဲ။ အထက်တန်းကျောင်းကလဲ ခြံစည်းရိုးတွေက အကုန်ကာမထားပဲ မြက်ခင်းနားမှာတော့ တိုးယိုပေါက်ကြီး ကြိုက်သလို ၀င်ထွက်ပေရော့ပဲ။ ဒါနဲ့ အစမ်းလျှောက်ကြည့်တော့ ၁၀မိနစ်ပဲ ကြာတော့တယ်ခင်ည။ ခရီးက ၀.၆ကီလိုမီတာပဲရှိတော့ တော်တော်လျှောက်ရတာ သက်သာသွားလို့ မဆွိတီမှာ တစ်ချက်ခုတ် အချက်ပေါင်းများစွာပြတ်လို့ ကျေနပ်ပီတိမဆုံးပါကြောင်း။



ဖြတ်လမ်းမှ လျှောက်ခြင်း၏အကျိုးကျေးဇူးများ
၁) ကားဓာတ်ဆီခ တစ်ဝက်ဖိုးလောက် သက်သာသွားပါတယ်။
၂) နေ့စဉ်နဲ့အမျှ တစ်နေ့၂ခါ traffic ဖြစ်တဲ့ အချိန်ကြီး ကားမမောင်းရတော့ တိုက်မိမဲ့ risk နဲသွားတာပေါ့ဂျာ။ (စာရေးသူဟာ စလုံးမှာမောင်းသက် ၂နှစ်အတွင်း ၃ခါတိတိ တိုက်ဖူးသူ ဖြစ်ကြောင်း အာမခံပါသည်း))
၃) ဂျူဂျူလေးလဲ မနက် ၇နာရီခွဲ မထရတော့ဘူး။ ၈နာရီခွဲမှ ထရတော့ တစ်နာရီ ပိုအိပ်ရပါသဗျ။ မဆွိတီလဲ အချိန်တွေအများကြီး ပိုထွက်လာတယ်။
၎) ဖြတ်လမ်းက တိုတော့ ဂျူဂျူလေးလဲ ရေရှည် မလျှောက်နိုင်မှာ စိတ်မပူရတော့ဘူး။
၅) ကျောင်းကို အသွားအပြန်၊ အသွားအပြန် ၄ ခါတိတိ လမ်းလျှောက်ရတော့ အန်တီဆွိတို့ နေ့စဉ်ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှုအတွက် စိတ်မပူရတော့ဘူးပေါ့ဂျာ။ တစ်နေ့ကို ၂.၄ ကီလိုမီတာ လျှောက်မိနေပါတယ်။ စကားမစပ် အခုကို အန်တီဆွိ စလင်းဘော်ဒီလေး ဖြစ်နေပါတယ်း) ဒါကတော့ အန်တီသက်ဝေတို့ တန်ခူးတို့ အန်တီစုချစ်တို့ မနာလိုအောင် ပြောတာ မဟုတ်ဘူးခင်ည။ တကယ်ပါ။
၆) ဖအေ၊ မအေဆီက စိတ်စောတတ်တဲ့ အမွေကို ဆက်ခံထားတဲ့ ဂျူဂျူလေး ကားလာအကြိုကို မစောင့်ရတော့ဘူးပေါ့ဂျာ။ ကျောင်းဆင်းတာနဲ့ အမေလက်ဆွဲပြန်ရုံပဲခင်ည။
၇) ဖြတ်လမ်းက ကားလမ်းအတိုင်း သွားတာမဟုတ်တော့ အန္တရာယ်ကင်း၊ ဘေးရှင်းတဲ့ အပြင်၊ ကားတွေဖြတ်သွားလို့ လေတိုးတဲ့ဒါဏ်လဲ မခံရတော့ဘူးပေါ့ဂျာ။

ဂျူဂျူလေး ကျောင်းရှေ့က ကွန်ကရစ်ခင်း ဖြတ်လမ်း

မရေးဘူး မရေးဘူးနဲ့ ရေးမဲ့ရေးတော့လဲ ရေးစရာတွေက မကုန်နိုင်ဘူး။ နောက်တစ်ပို့စ်မှာ ဆက်ရေးပါ့မယ်။ ဂျူဂျူလေးရဲ့ကျောင်းအကြောင်း၊ ပညာရေးဆိုင်ရာတွေ၊ ခလေးတွေ ကျောင်းနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံလေးတွေ။

Tuesday, May 3, 2011

ကိုကြီးကျောက် အတွက် ၀မ်းနည်းမှတ်တမ်း ...

မဆွိတီတို့ လင်မယား အိမ်အပြောင်းအရွှေ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ အွန်လိုင်းမတက်နိုင်တဲ့ အချိန် ကိုကြီးကျောက်ရဲ့ နောက်ဆုံးပို့စ်လေး ၂ပုဒ်ကို ဖတ်လဲ မဖတ်ဖြစ်ခဲ့ ကွန့်မန့်လဲ မရေးနိုင်တဲ့ အချိန်မှာ ကိုကြီးကျောက်တစ်ယောက် မမျှော်လင့်ပဲ ဆုံးပါးခဲ့ရတယ်။ တစ်ကယ်ကို မျှော်လင့်မထားပါဘူး။ ရုတ်တရက်သိလိုက်ရတော့ အတော်ကို ၀မ်းနည်းကြေကွဲခဲ့တယ်။ အဲဒီနေ့ညက သတင်းသယ်ဆောင်လာတဲ့ ဦးခြိမ့်ကိုတဖွဖွ မေးနေမိတယ်။ ဟုတ်ရဲ့လား...သေချာရဲ့လား... မဟုတ်ပါစေနဲ့ ... မမှန်ပါစေနဲ့ ...

နောက်ဆုံး အန်တီသက်ဝေတို့ အကြည်တို့ ရေးထားတဲ့ ပို့စ်တွေ ဖတ်ရတော့ သေချာသွားပြီဆိုတာ သိရတယ်။ အားလုံးကိုပျော်စေချင်သူ ကိုကြီးကျောက် ကောင်းရာမွန်ရာရောက်မှာပါဆိုတာ ချစ်နှမ မယ်ဆွိ ယုံကြည်စိတ်ချနေပါ့မယ်ကိုကြီးကျောက် ...။ Rest in Peace ကိုကြီးကျောက် ....


ဦးခြိမ့် ဖိုရမ်ထဲမှာ ရေးထားတဲ့ ပို့စ်လေးလဲ တင်ပေးလိုက်ပါတယ်။



ကျွန်တော်မသိလိုက်ရသော သူတစ်ယောက်ရဲ့ နောက်ဆုံးခရီး.....

ကျွန်တော် သူ့ကို မသိပါ။ အွန်လိုင်းပေါ်က ဓါတ်ပုံတစ်ချို့မှလွဲ၍ သူကိုပြင်ပလောကတွင် မမြင်ဖူးပါ။ သူနှင့်လည်း အကြောင်းတိုက်ဆိုက်စကားလဲ မပြောဆိုဖူးခဲ့ပါ။ ယုတ်စွအဆုံး ဘလော့ ကွန့်မင့်များတွင်တောင်မှ သူနှင့်ရင်းနှီးခဲ့ဖူးခဲ့ခြင်း မရှိခဲ့ပါ။ သူနာမည် အရင်းကိုလည်း ကျွန်တော်မသိပါ။ သို့သော် သူ့ကို ကျွန်တော်သိနေခဲ့ပါသည်။ သူ့ကို စိတ်ထဲမှခင်မင်မိနေပါသည်။ သူသည်ဖော်ရမ်များတွင် စာရေးသားသူတစ်ယောက်မဟုတ်ပါ။ သို့သော် သူသည် ဘလောဂါများထဲတွင် ချစ်ခင်လေးစားမြတ်နိုးမှုကို ခံယူရသော ဘလောဂါတစ်ယောက်အဖြစ် လူသိများခဲ့ပါသည်။ သူ့ကို ဘလော့ရေးသူအများစုက ချစ်စနိုးခေါ်ကြသည် နာမည်က ကိုကြီးကျောက် လို့အများက ခေါ်ကြသည် ရွှေရတုမှတ်တမ်း ဘလော့ပိုင်ရှင်တစ်ယောက်ဖြစ်သည်။

ကျွန်တော်တို့ လင်မယား အပြောင်းအရွေ့များထဲတွင် အထုတ်အပိုးများဖွင့်ထုတ်ရှင်းလင်းခြင်း၊ လိုအပ်သော ပရိဘောဂများ ၀ယ်ယူကာ ရောက်ရှိလာသော ပရိဘောဂများကို ပြန်လည်တပ်ဆင်ခြင်း၊ အသိသူငယ်ချင်းများ၏ လူမှုရေးပွဲများသွားရောက်ခြင်း တို့ဖြင့် ဖောရမ်တွင်လည်း စာကောင်းကောင်းမရေးနိုင် ဆွိပိုင်ဆိုင်သော ဘလော့တွင်လည်း မှန်မှန်မရေးနိုင်၊ ဘလော့များလည်း မှန်မှန်မဖတ်နိုင်ရှိခဲ့သည်မှာ တစ်လကျော်နီးပါးမျှ ရှိခဲ့ပါသည်။ ယနေ့မှ ဘလောဂါ wesheme တို့မိသားစုနှင့် တွေ့ဆုံမိပြီးနောက် ညဖက်တွင် ဘလော့များသို့ တစ်ချက်ဝင်ရောက်မိလိုက်မှ ဘလောဂါများ၏ အကိုကြီး ကိုကြီးကျောက် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း သိလိုက်ရသည်။ လွန်ခဲ့သော ၆ရက်ခန့်က ကိုကြီးကျောက်၏ နောက်ဆုံးဘလော့ပို့စ်တစ်ခုကိုလည်း တွေ့လိုက်ရပါသည်။

ကျွန်တော် အသည်းနှလုံးက သိပ်မမာပါ။ ကိုကြီးကျောက်ကွယ်လွန်ကြောင်း ဖတ်လိုက်ရလို့ ကျွန်တော် သာမန်လူတစ်ယောက် ကွယ်လွန်သွားသကဲ့သို့ ခံစားမှုမျိုးမဟုတ်ပဲ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်သော အကိုတစ်ယောက် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရသော ခံစားမှုမျိုး ကျွန်တော့်ရင်ထဲတွင် ခံစားမျက်ရည်ဝဲမိပါသည်။

ကိုကြီးကျောက်သည် အလွန်အင်မတန်ပျော်ပျော်နေတတ်သည်။ ဘလော့များထဲတွင် ကွန်မင့်များရေးရာတွင်လည်း သူ့ရဲ့ ဟာသဇ၀နဥာဏ်များပေါင်းစပ်၍ ဖတ်ရသူများ ဘလော့ပိုင်ရှင်များကို အပြုံးလေးများဖြစ်ပေါ်အောင်ဖန်တီးတတ်သည် သူတစ်ယောက်ပဲ ဖြစ်ပါသည်။ ကိုကြီးကျောက်ကို ကျွန်တော်သိရသည်မှာ ကျွန်တော်အမျိုးသမီး အန်တီဆွိက သူမဘလောက်များတွင် ပုံမှန်ကွန်မင့်များရေးတတ်သော သူများအကြောင်းကို ပြောပြရင်းဖြင့် ကျွန်တော်တစ်ယောက် ကိုကြီးကျောက်ကို အလိုလို ခင်မင်နေမိပါသည်။

တကယ်တော့ ကိုကြီးကျောက်သည် အသည်းကင်ဆာဝေဒနာ ခံစားနေရသော အသက် ၅၀ ကျော်လွန်ခါစ အရွယ် ဘူမိဗေဒကျောင်းဆင်း တစ်ယောက်ဖြစ်ပါသည်။ သူရဲ့ဘလော့တွင် သူရဲ့ ဘ၀ပုံရိပ်များ၊ သူရဲ့ အတွေ့အကြုံများကို အထေ့အငေါ့များဖြင့် ဖတ်သူကို ပြုံးရယ်သွားအောင်ဖန်တီး ဆွဲဆောင်တတ်သော စာရေးကောင်းတဲ့ ဘလော့ပိုင်ရှင်တစ်ယောက်ပါ။

ကိုကြီးကျောက်သည် နာမည်ကြီးစာရေးဆရာတစ်ယောက်မဟုတ်ပါ။ သို့သော်လည်း ဘလော့လောကတွင် ကိုကြီးကျောက်ဆိုလျင် ဘလော့ဂါတိုင်း ချစ်ခင်ကြသည် ဘလောဂါတစ်ယောက်ပဲ ဖြစ်ပါသည်။ အခု ကိုကြီးကျောက်တစ်ယောက် ဘလော့ဂ် မရေးနိုင်တော့ပါ။ တမလွန်ဘ၀ကို ကူးပြောင်းသွားပါပြီ၊ သို့သော်လည်း ကိုကြီးကျောက်၏ အမည်မှာ မြန်မာဘလောဂါ သမိုင်းတွင် မှတ်တမ်းအဖြစ် ကျန်ရစ်နေမည်မှာ သေချာပါသည်။

တမလွန်ဘ၀ကို ကူးပြောင်းသွားသော ဘလောဂါများ ချစ်ကြသော၊ ဘလော ညီ ညီမများကို ပျော်ရွှင်စေသော ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း ) တစ်ယောက် ကောင်းရာသုဂတိလားပါစေ၊ ကိုကြီးကျောက်စာဖတ်ရတိုင်း အားလုံးကို စိတ်ချမ်းသာမှု ပေးသလို ရောက်လေရာဘ၀မှာ စိတ်ချမ်းသာမှုများနဲ့ ကြုံနိုင်တဲ့ဘ၀ကို ရောက်ပါစေလို့ ဆုတောင်းပေးရင်း......ကိုကြီးကျောက်ရေ.. အမျှ .. အမျှ ... အမျှ ဗျာ......

ကျွန်တော် မသိသော၊ ကျွန်တော်ရင်ထဲတွင် မသိလိုက်စွာ နေရာယူလာနေသော ဘလောဂါ ကိုကြီးကျောက်အတွက်................................ ............။

မောင်ခြိမ့်