Wednesday, May 25, 2011

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၄)

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၁)
အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၂)
အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၃) မှ အဆက်
မဆွိတီတို့ အိမ်ကို မောင်းအလာလမ်းမှာ ... ရှေလမ်းကြားတစ်ခုအရောက် လမ်းကြားထဲက တက်စီအပြာရောင်တစ်စီးဟာ အရှိန်နဲ့ အပြင်းမောင်းထွက်လာတာကို ရုတ်တရက်တွေ့လိုက်ရတယ် ဆိုရင်ပဲ ကား၂ခါခွဲမက တိုက်ဖူးတဲ့ မဆွိတီဟာ တိုက်မိမှာကြောက်လွန်းလို့ ရုတ်တရက် ဘရိတ်ကို ဆောင့်နင်းချလိုက်တဲ့ အချိန်မှာ ....

(((ကျွီ .....))) ...

((((ဒုန်းးးးးးးး ....))))) ဆို ... .... .... .... .... ....

တက္ကစီကလဲ ရှေ့မှာ ကြောင်ပြီး ခဏရပ်နေသေးတယ်။ ဒုန်းဆိုတဲ့ အသံကြားတော့ တက္ကစီသမားလဲ မောင်းပြေးတာ အမြီးတောင်မမြင်ရဘူး။

မဆွိတီမှာတော့ ဒုန်း ဆိုလဲကြားလိုက်ရော ခဏတော့ သတိလက်လွတ် ဖြစ်သွားသေးတယ်။ သတိလဲ ၀င်လာရော ဟာ ... တိုက်ပဟဆို စတီယာတိုင်ကို လက်နဲ့ထုပြီး နောက်က ပါတဲ့ ကြီးတော်ကို " အမရယ် ကျွန်မတို့ကားက ရောင်းပြီးသားကြီးဗျ ... ဒုက္ခပါပဲ ... ဒုက္ခပါပဲဆို ... " မောင်းပြေးသွားတဲ့ တက္ကစီသမားကို ကိုသာ အပြစ်တင်နေမိတော့တယ်။ တိုက်လိုက်တာက နောက်က ကားက ၀င်တိုက်လိုက်တာပါခင်ဗျာ။

ကားတိုက်ပြီဆိုမှဖြင့်
ဒီမှာ အတွေ့အကြုံအရ ကားများတိုက်ပြီဆိုမှဖြင့် " ကျားကိုက်ပါတယ်ဆို အပေါက်ကလေးနဲ့လားလို့ " မေးသလိုပါပဲ။ ကားကတော့ အနည်းနဲ့ အများ ထိတာပါပဲ။ ကားတိုက်တာ အရှိန်လေးက နဲနဲလေး၊ ဘာမှ ဖြစ်လိုက်ဘူးဆိုတာမျိုး မရှိပါဘူး။ တိုက်ပြီဆိုတာနဲ့ ကားက တစ်ခုခု ထိတာပါပဲ။ ခုနက တိုက်လိုက်တဲ့ ဒုန်းးးး ဆိုတဲ့ အသံအရ တော်တော်တော့ထိသွားပြီဆိုတာ သိလိုက်ပါပြီ။ ကားစတီယာတိုင်ကို လက်နဲ့ထုထုပြီး အော်နေတဲ့ မဆွိတီဟာ တစ်ပြိုင်နက်တည်း ခေါင်းထဲက $$$ လေးတွေလဲ ပျံထွက်သွားတာတာကို ခံစားလိုက်ရပါတယ်ခင်ဗျား။

ကားတိုက်သူ ကို Kia Su
ကားကို ရှေ့နားလွတ်တဲ့နား ခဏရပ်ပြီး ကားပေါ်ကဆင်းရတော့တာပေါ့။ ဂျူဂျူလေးလဲ အိပ်နေရာကနေ လန့်နိုးလာတယ်။ ကြီးတော်ကတော့ ရှေ့က တက္ကစီကိုသာ အပြစ်တင်ကြိမ်းမောင်းနေတော့တယ်။ ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ နောက်ကတိုက်မိတဲ့လူက လက်ညှိုးငေါက်ငေါက်ထိုးပြီး ဈေးထဲမှာ မိန်းမများ ရန်တွေ့သလို ရန်တွေ့တော့တာပဲဗျို့ ။ လူပုံစံကတော့ စလုံးတရုတ်၊ ရုပ်က ခပ်သန့်သန့်ပေမဲ့ သူဖြစ်နေပုံမြင်ပြီး မဆွိတီမှာ တော်တော်ကို ရွံရှာစက်ဆုတ်သွားတယ်။ တကယ့် Kia su ပဲဗျာ။

ကားတိုက်ကြတယ်။ သူလဲထိ၊ ကိုယ်လဲထိ၊ ကိုယ့်အပြစ်လဲပါမယ်။ သူလဲ နောက်က၀င်တိုက်တာ အပြစ်ရှိတာချင်းကိုဗျာ။ နိုင့်ထက်စီးနင်း၊ လက်သီးလက်မောင်တန်းပြီး ပြောနေလိုက်ပုံများ၊ ကားရော မောင်းတတ်ရဲ့လား။ မမောင်းတတ်ရင်လဲ မမောင်းနဲ့။ အခုဖြစ်တာ နင့်ကြောင့်ဖြစ်တာ။ ဘာလို့ yellow box မှာရပ်ရသလဲ။ နင်ဘရိတ်အုပ်လိုက်လို့ ငါတိုက်မိတာ။ ဒါ နင့်အမှား။ ငါ့အမှားမဟုတ်ဘူး ... စုံလို့ပဲဗျာ။ သူက လက်သီးလက်မောင်းတွေတန်း၊ အော်ကြီးဟစ်ကျယ်ပြောနေတော့ ဘေးက လမ်းသွားလမ်းလာတွေကလဲ ရပ်ကြည့်လို့ အင်မတန်ရှက်စရာကောင်းပါတယ်။

မဆွိတီလဲ ကိုယ့်အပူနဲ့ကိုယ်ဆိုပေမဲ့ သူ့လောက်ကြီးတော့ ရှက်စရာကောင်းလောက်အောင် ဒေါသ အမြက်ချောင်းချောင်းတော့ မထွက်နေဘူးဗျ။ ကိုယ့်ကိုယ်ကို calm down ဖြစ်အောင်ကြိုးစားရင်း သူ့ကိုလဲ " Please calm down first " ဆိုတာကိုပဲ ပြောနေမိတယ်။ နောက် အဖြစ်အပျက်ကို သူ့ကို ရှင်းပြတယ်။ ရှေ့ကတက္ကစီကို တိုက်မိတော့မှာမှို့ ဘရိတ်အုပ်လိုက်ရတာ။ ကားပေါ်မှာ ခလေးလဲပါတယ်။ တက္ကစီကို တိုက်မိရင် ဒီ့ထက်ပိုဆိုးမယ်။ အကျိုးအကြောင်းနဲ့ရှင်းပြနေတာကို မရဘူးဗျာ။ ခုကို ရဲစခန်းသွားမယ်၊ နင်မှားတာ၊ Yellow box မှာရပ်တာ နင်မှားတာ။ နင့်အပြစ်ဆိုပြီးသာ တွင်တွင်ပြောနေတော့တယ်။ အရေးပေါ်ကြုံနေရတာကို သိရက်နဲ့ ကိုယ်လိုရာဆွဲပြောနေတော့တာပဲ။ ဒီနေရာမှာ Yellow box ဆိုတာသိလဲ ကိုယ်က အသက်အန္တရာယ်ကျလာရင် ဘယ်ဂရုစိုက်နေမှာလဲဗျာ။ ကိုယ့်အသက်ကို ဦးစားပေး ကာကွယ်ရမှာပဲ ဟုတ်ဘူးလား။

အို ... အသင်လောက ...
ဒီနေရာမှာ မဆွိတီဟာ လူတွေရဲ့ သဘောကို နဲနဲလဲ အံ့သြသွားတယ်။ ခုလိုကားတိုက်ပုံမျိုးက ကားစည်းကမ်း၊ လမ်းစည်းတွေအရ နောက်ကလူဟာ အမြဲ safety distance မှာရှိရမယ်။ ရှေ့ကလူ ဘယ်လိုပဲ ဘရိတ်အုပ်ပါစေ။ နောက်က တိုက်မိရင် နောက်ကလူ အမှားပဲ။ ဒါကို သိသိကြီးနဲ့ ဇွတ်ကို ကိုယ်မှားပါတယ်ဆို စွတ်ပြောနေတော့ ဖာတလုံးဂေါင်းကျားထဲကလို "အို ... အသင်လောက .... လောကမှာ လူတွေဟာ ကိုယ့်ဥစ္စာ ပစ္စည်းထိပါးလာရင် ဟုတ်တာ မဟုတ်တာ အပထား။ အားနည်းသူကို နိုင့်ထက်စီးနင်းပြောချင်ကြပါလား ..." ဆိုတာ တော်တော် သံဝေဂရတယ်။ နောက်ပြီးကားတိုက်ရင် အင်ရှုးရန့်စ်က ရှိထားတော့ ဒီလောက်ကြီး စိတ်ပူစရာလဲ မရှိဘူးခင်ဗျ။ မဆွိတီမှာသာ ကားက ရောင်းပြီးသားကြီးဖြစ်နေလို့ ညစ်နေတာ။ ဒီမှာ စာလာဖတ်သူတွေကို အကြံပေးချင်တာက ခုလိုအရေးပေါ်အခြေအနေမျိုး ကြုံတွေ့လာတဲ့ အချိန်မှာ ဒေါသတကြီးနဲ့ သူများကို အပြစ်တင်နေမဲ့အစား စိတ်ကို အေးအေးထားပြီး ပြသနာကို ဖြေရှင်းတာ အကောင်းဆုံးပါ။

ဒါနဲ့အဲဒီလူအကြောင်းဆက်ရရင် သူက ရဲစခန်းကို သွားမယ်ချည်းပြောနေတော့ မဆွိတီက လူဘာမှ ထိခိုက်မှုမရှိရင် ရဲစခန်းသွားစရာမလို၊ IDAC ကိုသာ သတင်းပို့ရင်ရတယ် ဆိုမှ သူ့ကားဟာ ကုမ္ပဏီက ကားဖြစ်ကြောင်း၊ အစိုးရကားမှို့ တိုက်မိရင် ရဲစခန်းကို သွားရမှာဖြစ်ကြောင်း ဒေါကြီးမောကြီးနဲ့ ပြောပြန်ပါတယ်။ လောလောဆယ်တွေ့ရတာတော့ သူ့ကားက Toyota Picnic ပါ။ ကားရှေ့ဘန်ပါလေး အက်သွားတာကလွဲလို့ ရုပ်ပျက်ဆင်းပျက် ထိခိုက်မိတာတော့ မတွေ့မိဘူးဗျ။ ကိုယ့်ကားကတော့ ဘန်ပါတစ်ခုလုံး ချိုင့်ဝင်သွားပြီး အပေါ်ရံကြည့်ရင်တော့ ဒီလောက်အပျက် အစီးမများဘူးလို့ ထင်ရတာပေါ့ဗျာ။

ဂျပန်တွေ လာပြီဟေ့
သူကဆက်ပြီး ရန်ထောင်နေတာနဲ့ မဆွိတီလဲ ကြီးတော်ကို ဦးခြိမ့်သူငယ်ချင်းတွေကို ဖုန်းနဲ့ ခေါ်ခိုင်းလိုက်ပါတယ်။ ဒီကြားထဲ ဖုံးနံပတ်၊ IC နံပတ်၊ ကားနံပါတ် တွေ အပြန်အလှန် မှတ်ကြတယ်ပေါ့။ ကားတွေကို သက်သေ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ခဏနေတော့ ဦးခြိမ့်သူငယ်ချင်း၂ယောက်လဲ အိမ်နေရင်းဝတ် ဘောင်းဘီတိုတွေနဲ့ ရောက်လာကြတယ်။ မဆွိတီက ဘာကို သွားမြင်လဲဆိုတော့ ဟိုရှေးခေတ်က ရုပ်ရှင်တွေထဲမယ်။ အင်္ဂလိပ်နဲ့ စစ်ဖြစ်တော့ မြန်မာတပ်တွေ အကျအဆုံးများတယ်။ အဲဒီမှာ ဂျပန်စစ်ကုတွေရောက်လာတော့ ပရိတ်သတ်က "ဂျပန်တွေလာပြီဟေ့ ..." ဆို ၀မ်းသာအားရ ၀ိုင်း လက်ခုတ်တီးကြသလိုပဲ။ ဦးခြိမ့်သူငယ်ချင်း၂ ယောက် ဘောင်းဘီတိုတွေနဲ့ ကားတွေရပ်ပြီးပြေးလာကြတော့ စိတ်ထဲမှာ ၀မ်းသာလိုက်တာဗျာ။ သူတို့တွေကို ကျေးဇူးလဲ တင်လိုက်တာ။

ဦးခြိမ့်သူငယ်ချင်းတွေလဲ ရောက်လာရော ခုနကငနဲသားဟာ အသံသိပ်မထွက်တော့ဘူးခင်ဗျ။ စောနက မိန်းမသားတွေချည်းမှို့ အားနွဲ့သူကို ညှာတာရမဲ့ အစား နိုင့်ထက်စီးနင်းပြောနေတာပါ ... တရားကျလောက်ပါတယ်။ ဦးခြိမ့်သူငယ်ချင်းတွေက ဘာညာ ဘာညာ နဲနဲပါးပါး ၀င်ပြောတော့မှ နောက်ဆုံး သူ့ဟာသူ ရဲစခန်းကို သွားတော့မယ်ဆို ထွက်သွားပါတော့တယ်ခင်ဗျား။


ဘာဆက်လုပ်ကြမည်လဲ ...

မဆွိတီတို့လဲ ကားကို အိမ်နားက ကားပါ့ကင်အပေါ်ထပ်မှာ သွားရပ်ပြီး အောက်မှာစောင့်နေတဲ့ ဦးခြိမ့်သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြတယ်။ မဆွိတီစိတ်ထဲမှာတော့ ခုလိုကားကို ကိုယ်ကြိုက်တဲ့ ဈေးရအောင်ရောင်းပြီင်္းခါမှ ဒီလိုဖြစ်တာ အင်မတန်ကို စိတ်ပျက်မိတယ်။ စိတ်တွေ ချုံးချုံးကျတယ်။ ဘာဆက်လုပ်ရမလဲ ... စိတ်တွေ ရှုပ်နေတယ်။ ဒီကားရောင်းတဲ့ process ကြီးကိုလဲ အစအဆုံး ထပ်မလုပ်ချင်တော့ဘူး။ ကားပြင်ရမှာနဲ့ ဘာနဲ့ အချိန်လဲ မရှိတော့ဘူးလေ။ ခုရောင်းပြီးတဲ့သူကိုပဲ သူဈေးနှိမ်လဲ၊ ရတဲ့ဈေးနဲ့သာ ရောင်းလိုက်ချင်တော့တယ်။ စိတ်ထဲမှာလဲ တိုက်ပြီးသားကားကြီး ဘယ်သူက ၀ယ်ချင်တော့မှာလဲ ဆို စိတ်ဓာတ်ကျတယ်။ အဆိုးဆုံးတွေးထားကတော့ သူတို့စာချုပ်မှာ ရေးထားတဲ့ အတိုင်း စဘော်ပေးတာကို ၂ဆပြန်ရော်ဖို့အထိပဲ။

မဆွိတီက အဲဒါတွေပဲ ထပ်ခါပြောနေတော့ ဦးခြိမ့်သူငယ်ချင်းတစ်ယောက်က ကိုယ်ထင်တာတွေ ပြောမနေပါနဲ့။ ခုကား dealer ကို ဖုန်းဆက်ကြည့်လိုက်။ သူဘာပြောမလဲ နားထောင်။ ကိုယ်ထင်သလောက်လဲ ဆိုးချင်မှ ဆိုးမှာပါဟ ဆို အားပေးတယ်။ ဒါနဲ့ မစ်စတာဂမ်းကို ဖုန်းခေါ် အကျိုးအကြောင်းပြောပြတော့ သူလဲ အတော် အံ့သြနေတယ်။ မဆွိတီက ကားကို လာကြည့်ပါဆိုတော့ ခုည ၁၀နာရီ မိုးချုပ်နေပြီ။ သူက Ubi မှာနေတာမို့ ဝေးလွန်းတယ်။ မနက်မှပဲ လာတော့မယ်ဆို မနက်ကို ချိန်းလိုက်ပါတယ်။ ဒီကြားထဲ မဆွိတီကလဲ ကားက အများကြီးထိတာတော့ မဟုတ်ပါဘူး။ မစ်တာဂန်းအနေနဲ့ ၂၀၀၀ လောက်လျှော့ပြီး ယူလိုက်ပါ လို့ တောင် ပြောမိလိုက်သေးတယ်။

Head quarter ဆီ သတင်းမပို့နှင့်
ဒီမှာ ဦးခြိမ့်သူငယ်ချင်းတွေက ဒီအကြောင်းတွေ ဟိုကောင်ကြီးကို ဘာမှ ပြောမနေနဲ့ အလကားနေရင်း စိတ်ပူနေမယ် သွေးတွေ တက်နေဦးမယ် ဆိုလို့ မဆွိတီလဲ အဲဒီအကြောင်း သတင်းမပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ မဆွိတီတို့ဟာ ခုချိန်ထိ လင်မယားကြား လျို့ဝှက်ချက်၊ မသိတာဆိုတာ ရှိမထားပါဘူး။ ဘာဖြစ်ဖြစ် ရင်ထဲမှာထားလို့မရပါဘူး။ ပြောလိုက်ရမှ စိတ်က ပေါ့သွားတာများတယ်။ ဒီကိစ္စ ပထမဆုံးပါပဲ။ စိတ်ပူမှာစိုးလို့ ဦးခြိမ့်ကို မပြောပဲ ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းဖို့ကြိုးစားခဲ့တယ်။

မစ်စ်တာဂမ်း လာကြည့်ပြီ
မနက် မစ်စ်တာဂမ်းရောက်လာတော့ ကားကို စစ်ကြည့်ပြီး အင်း ... ကားက အပေါ်ရံကြည့်ရင် သိပ်မထိဘူးထင်ရပေမဲ့ တော်တော်ထိသွားတယ် ... ဘန်ပါအပါအ၀င် ကားနောက်ဖုံးအောက်က ဘော်ဒီပါ အထဲဝင်သွားသတဲ့။ ပထမတော့ သူဈေးနှိမ်ချင်လို့ အပိုပြောနေတာလားပေါ့။ အမှန်က သူပြောတာ ဟုတ်တယ်ခင်ဗျ။ ကားက ဘန်ပါနောက်က နောက်ဖုံးတံခါးဖွင့်ပြီး ပြန်ပိတ်လို့ မရတော့ဘူးခင်ဗျ။ မဆွိတီလဲ မျက်နှာ ဇီးရွက်လောက်ပဲ ရှိတော့တယ်။ မစ်စတာဂမ်းကတော့ ဖုန်းတွေ ဆက်နေတယ်။ သူ့ဘော့စ်ဆီကို သတင်းပို့နေတာဖြစ်မယ်။ တရုတ်လိုတွေ ပြောနေတော့ နားမလည်ဘူး။ ကားကတော့ ထိသွားတယ်။ ၀ယ်ဦးမှာလား ... သူ့ဘော့စ်ကို မေးနေတာ ဖြစ်မယ်။ မစ်စ်တာဂမ်းပုံစံကတော့ ဒီလိုအဖြစ်မျိုး သူတို့လောကမှာ သိပ်ထူးဆန်းပုံမရဘူး။ ကားရောင်းပြီးမှ accident ဖြစ်တာ။ သူဖြေရှင်းနေတာ အေးဆေးပါပဲ။

နောက်ဆုံး မစ်စ်တာဂမ်းက ဘာပြောလဲဆိုတော့ ကားက ထိတာ အရှိန်တော်တော်ပျင်းသတဲ့။ အထဲက သံဘော်ဒီပါ အထဲကို ၀င်သွားတယ်။ ဒါကြောင့် ကားတံခါးပိတ်လို့ မရတာတဲ့။ အဲဒါ မဆွိတီကို တခြား ၀ပ်ရှော့မှာ သွားပြင်ရင် မူလအော်ရီဂျင်နယ်အတိုင်း လုပ်ပေးချင်မှ လုပ်ပေးမယ်။ ဖြတ်ထုတ်ချင်လဲ ဖြတ်ထုတ်ပစ်လိမ့်မယ်။ အဲလိုဆို နင့်ကား ဈေးရမှာ မဟုတ်တော့ဘူး။ အဲဒီတော့ ကားကို ငါတို့ ၀ပ်ရှော့မှာ ပြင်။ ငါတို့ကတော့ ကိုယ်ဝယ်ပြီးသားကားဆိုတော့ မူလအတိုင်းဖြစ်အောင် သေချာပြင်ပေးမှာပဲ။ အဲဒီလိုဆို ဒီကားကို ဆက်ဝယ်မယ်။ မဟုတ်ရင်တော့ မ၀ယ်ဘူးတဲ့ဗျား။


Insurance ပြသနာ
ဒီမှာ မဆွိတီခေါင်းထဲဝင်လာတာ အင်ရှုးရန့် ခင်ဗျ။ ကားတွေတိုက်ရင် အင်ရှူရန့်စ် ကုမ္ပဏီတွေကနေ ၀ပ်ရှော့တွေက claim ရတာ လူတိုင်းအသိပဲ။ အဲဒီမှာ အင်ရှုးရန့်စ်ကုမ္ပဏီတွေကလဲ သူတို့ မနင့်နာအောင် ကာကွယ်ထားတာက တွေ့တဲ့ ၀ပ်ရှော့မှာ ကြိုက်သလို ပြင်ခွင့်မရှိဘူးခင်ဗျ။ မဟုတ်ရင် ငွေတွေပိုပြပြီး claim မှာစိုးလို့ ကြိုတင်ကာကွယ်ထားတာ။ သူတို့ ကုမ္ပဏီတွေကနေ recommend work shop ဆိုတာ list ရှိတယ်။ ကားတိုက်ပြီ၊ ကားပြင်ရတော့မယ်ဆို အဲဒီ ၀ပ်ရှော့တွေကို quotation လှမ်းတောင်းတယ်။ အဲဒီထဲကမှ အနည်းဆုံးကျမဲ့ ၀ပ်ရှော့ကို ရွေးပြီး ပြင်ခိုင်းတာခင်ဗျ။

အဲဒီတော့ မဆွိတီက အတွေ့အကြုံအရ IDAC ကို သတင်းပို့လိုက်ရင် သူတို့က အင်ရှူးရန့်စ်ကုမ္ပဏီက recommend လုပ်တဲ့ ကားဝပ်ရှော့ကိုပဲ သွားပြင်ခိုင်းမှာ။ မစ်စတာဂမ်းတို့ ၀ပ်ရှော့မှာ ပြင်ဖို့တော့ မဖြစ်နိုင်ဘူးနဲ့တူတယ်ဆိုတော့ မစ်စတာဂမ်းက တခြား third party ကနေ claim ရင် ကြိုက်တဲ့ ၀ပ်ရှော့ရွေးလို့ရတယ်လို့ ပြောပါတယ်။ third party ဆိုတာ မဆွိတီကို နောက်က ၀င်တိုက်တဲ့ကားက သူ့အမှားကြောင့် သူ့အင်ရှူးရန့်စ်ကနေ cliam တာကို ပြောတာပါ။ မစ်စတာဂန်းက သူပြောတာနားထောင်ပါ။ တနင်္လာနေ့မှာ သူတို့ ၀ပ်ရှော့ကို အရင်ဝင်၊ ၀ပ်ရှော့ကနေ ကြည့်ပြီး လိုအပ်တာတွေ အကုန်လိုက်လုပ်ပေးမယ်ပြောပါတယ်။

မစ်စာဂမ်းတို့ ကားဝပ်ရှော့ နဲ့ အံ့ဖွယ် Service
ဒီလိုနဲ့ တနင်္လာနေ့ မစ်စတာဂမ်းတို့ကုမ္ပဏီက ၀ပ်ရှော့ကိုအရင်ဝင်၊ ၀ပ်ရှော့က တာဝန်ရှိသူက IDAC မှာ တင်ပြရမဲ့ ကားတိုက်ပုံ ပုံကြမ်းနဲ့ ရေးပုံ၊ ရေးနည်းပါ အတိအကျ သင်ပေးလိုက်ပြီး သူတို့ပြောတဲ့အတိုင်း IDAC မှာ တင်လိုက်ပါတယ်။ အမှန်က မဆွိတီကို အနောက်က ၀င်တိုက်တယ်ဆိုကထဲက ၉၅% ကိုယ့်ဖက်က နိုင်ပြီးသားပါ။ ကားဝပ်ရှော့က တာဝန်ရှိသူက Third party ကနေ claim လို့ရအောင် သေချာအောင် ရေးပေးလိုက်တာပါ။

ပြီးတော့ IDAC က ရတဲ့စာရွက်ကလေးကို ကားဝပ်ရှော့မှာ ၀င်ပေးပြီး ကားကို ပြင်ရအောင် အဲဒီမှာပဲ ထားခဲ့ပါတော့တယ်။ ကားဝပ်ရှော့က တာဝန်ခံက အမျိုးသမီးဖြစ်ပြီး အင်မတန် ဆက်ဆံရေး ပြေပြစ်လှတယ်။ ပြောတာဆိုတာ ပညာတတ်ဆန်တယ်။ မဆွိတီကို IDAC ကို လိုက်ပို့။ ကားမရှိတော့လဲ သူ့ကားနဲ့ MRT ကို လိုက်ပို့၊ ဗိုက်ဆာတယ်ဆို food court ကို လိုက်ပို့နဲ့ သူတို့ရဲ့ service ကတော့ အံ့သြဖွယ်ပါပဲ။ နောက်မှသိရတာက ၀ပ်ရှော့မှာထိုင်သူ အမျိုးသမီးဟာ ကုမ္ပဏီပိုင်ရှင်ရဲ့ ညီမဖြစ်ပါသတဲ့။

ကား insurance နဲ့ TRICK
ဒီနေရာမှာ မစ်စတာဂမ်းက သူတို့ ကားဝပ်ရှော့မှာ ပြင်ခိုင်းတာကလဲ သူတို့ရဲ့ trick တစ်ခုပါပဲ။ တိုက်ပြီးသားကားကြီး ဘယ်သူက အနင့်နာခါပြီး ၀ယ်မလဲဗျာ။ သူ့အတွက်အများကြီး အကျိုးရှိလို့ သူတို့ကားဝပ်ရှော့မှာ ပြင်ခိုင်းလိုက်တာပါ။ အပေါ်မှာ ပြောခဲ့သလို ကားတွေ တိုက်လို့ claim ရပြီဆို အင်ရှူးရန့်စ်ကုမ္ပဏီတွေက claim တဲ့အခါ ကိုယ်ပြင်ထားတဲ့ စံရိတ်ထက် ပိုအောင်ပြပြီး claim ကြတာများပါတယ်။ ဒါ့အပြင် မဆွိတီတို့ကားကိုဝယ်ပြီးရင် show room မှာ ပြဖို့အတွက် ကားကို အထဲရော အပြင်ပါ အသစ်အတိုင်းဖြစ်အောင်၊ လူဝယ်ချင်အောင် ပြန် ရွှိုင်းတဲ့အခါလဲ ကုန်ကျစံရိတ်က ရှိဦးမှာ။ အဲဒါတွေပါရောပြီး အင်ရှူးရန့်စ်ကို claim တာဖြစ်နိုင်ပါတယ်။

ကားပြင်ပြီးပြီ လာယူပါ ...
ဒီလိုနဲ့ နောက် ၃ရက်လောက်နေတော့ ကားပြင်ပြီးပြီဖြစ်ကြောင်း၊ ကားကိုလာယူလို့ရပြီဖြစ်ကြောင်း ၀ပ်ရှော့ကနေ ဖုန်းဆက်လာပါတယ်။ တစ်ဆက်တည်း သူတို့ ကားကို အစအဆုံး၊ အထဲရော၊ အပြင်ပါ show room မှာ ပြလို့ရအောင် တစ်ခါထဲ ရွှိုင်းနင်းတွေ လုပ်လိုက်တယ်လို့လဲ ပြောပါတယ်။ ဒီတော့ မဆွိတီလဲ နောက် ၂ပတ်လောက်ရုံးတက်ရမှာဆိုတော့ သူ့ရွှိုင်းပြီသားကားကြီး နတ်ကြီးတယ်။ မောင်းလဲမမောင်းချင်တော့ဘူး။ ခုလို တစ်ခါထပ်ဖြစ်ရင် ကိုယ်ကျိုးနည်းရချည့်ရဲ့ဆိုပြီး ကားကို ပြန်မယူတော့ပဲ တစ်ခါထဲ ပဲ ရောင်းလိုက်ပါပြီလို့ ပြောလိုက်ပါတော့တယ်။

Head Quarter ထံ သတင်းပို့

အဲဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဦးခြိမ့်ဆီကနေ IC ကတ်ရယ်၊ လက်မှတ်ထိုးထားတဲ့ form ၂စောင်ရယ် FedX နဲ့ရောက်လာလို့ ညနေ ရုံးကအပြန်မှာ မစ်စတာဂမ်းကို တိုက်အောက်ထပ်မှာ ကားကို အပြီးရောင်းရအောင် ချိန်းလိုက်ပါတယ်။ အသိသက်သေပါအောင် ဦးခြိမ့်သူငယ်ချင်းတစ်ယောက်ကိုပါခေါ်ပြီး ကျန်တဲ့ ငွေ အကြေချေဖို့ ကိစ္စလုပ်ပါတယ်။ အရင်ပြောထားတဲ့ ဈေးအတိုင်း တစ်ပြားတစ်ချပ်မှ မလျော့ပါဘူးခင်ဗျာ။ နောက်တစ်နေ့ပဲ ရုံးကို ကျန်တဲ့ငွေ အတွက် ချက်လက်မှတ်လာပေးပြီး မဆွိတီလဲ ချက်လက်မှတ်ငွေ ဘဏ်ထဲရောက်လို့ အားလုံးသေချာမှ Head quarter ကို အကျိုးအကြောင်း အစုံအလင် သတင်းပို့ပါတယ်ခင်ဗျား။

Head quarter ကြီးက " ငါတော့ စိတ်ထဲ ထင်တော့ ထင်သား။ ညည်းကားရောင်းပြီးမှ ကားများ တိုက်နေဦး မှာလားလို့ ... အေး ... အော်ဇီရောက်ရင်လဲ မောင်းရဦးမှာ ... ညည်း သေချာမောင်းပါအေ ... ကား ခဏခဏ တိုက်တယ်ဆိုကတည်းက ညည်းမှာလဲ အပြစ်ရှိတာပဲတဲ့ ... " ဟွန်း .... .... ဒီလောက်အပင်ပန်းခံပြီး ရောင်းထားတာကို လူကို အပြစ်ပြောမိအောင် ပြောလိုက်သေးတယ်ဗျား ... ။ ။
(ပြီးပါပြီ ...)

19 comments:

  1. မောထှာာာာာ...
    မှတ်သားစရာတွေအပြည့်နဲ့ စိတ်မောသွားတယ်....

    ReplyDelete
  2. Hi Sis,
    Waiting your post everyday, I thought I'm No(1) to give comment but..........

    Mie nge Lay

    ReplyDelete
  3. တော်သေးဒါပေါ့ ဒေါ်အေးသာကျော့ရယ်

    ReplyDelete
  4. မောသွားပီမမ..စောင့်ရကျိုးနပ်ပါတယ်..ကျေးဇူးမမ

    မေ

    ReplyDelete
  5. ထိခိုက်ဒဏ်ရ မရတာ ကံကောင်းပါတယ်

    ဖတ်ရင်း ဖတ်ရင်း ဘာဖြစ်မလဲလို. ...

    အားလုံးအဆင်ပြေတာသိရလို.၀မ်းသာပါတယ်၊

    စလုံးက F1 ဒရိုင်ဘာကြီး အော်ဇီမှာလည်းဆက်မောင်းပါ၊

    အော်ဇီမှာ အန္တာရယ်ကင်းစွာ မောင်းနိုင်ပါစေ ...

    ReplyDelete
  6. သားသား မှန်းချက်လွဲသွားတယ်။ ဂယ်ကြီး တိုက်တာကိုး။
    trick တွေ ဆက်တိုက်ထည့်ရေးလာတော့ ဒုန်း ဆိုတာလဲ trick ပဲ ထင်နေတာ။ သြော်ဇီမှာလည်း သတိထားမောင်းပါ တီတီဆွိ။

    တောင်ငူသား

    ReplyDelete
  7. ဟူး အရင်အပိုင်းသုံးကို ဒုန်း မှာရပ်တော့...ဆုမြတ်ထမင်းစားနေတုန်းမှာ နင်တောင်နင်သွားတယ်..ခုမှပဲစိတ်အေး၇တော့တယ်... ဟီး

    ReplyDelete
  8. စိတ်ပူလိုက်ရ တာ (ကျီ ဒုန်း )ဆိုပြီး ပြီးသွားလို.
    အခုမှဘဲ စိတ်အေး ရတော.တယ်။

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. အဲဒီကားဝယ်ထားတဲ့ ၄နှစ်တာကာလ အတွင်းမှာ ၃ ခါတိုက်တယ်လေ။ အဲဒီ ၃ ခါလုံးမှာ မောင်းတဲ့သူက အန်တီဆွိပေါ့.....း)

    မောင်ခြိမ့်

    ReplyDelete
  11. အော်ဇီမှာ ကားဈေးပေါမှာပေါ.နော်။ အိမ်စရိတ် စားစရိတ် ဘယ်လိုရှိလဲ အမ။ အချိန်ရရင် ရှယ်ပါအုံး။ အသက်ကြီးသူတွေ နေစရာမရှိရင် အစိုးရက နေစရာ (Free Of Charge) ပေးတယ်ဆို။ ဟုတ်လားအမ။

    ReplyDelete
  12. ဗဟုသုတပေါင်း များစွာ များစွာ ရပါကြောင်း...
    အိမ်က Head quarter ကိုလည်း ဖတ်ပြပြီးပါကြောင်း...
    ကားကို ဂရုတစိုက် သေသေချာချာ မောင်းနှင်စေချင်ပါကြောင်း...
    မကြာမကြာလည်း လွမ်းဆွတ် သတိရနေပါကြောင်း...

    ပုံ/
    မီးပူကလွဲရင် ကျန်တာ ဘာမှ မတိုက်ဖူးသေးသူ

    ReplyDelete
  13. သူကတော့ စိတ်မောမှာပါပဲ။
    ကိုကတော့ ဖတ်ရင်းနဲ့  သူဟာနဲ့  သူတော့ ဟုပ်နေတာပဲလိုတောင် တွေးမိသွားသေးတယ်။

    ReplyDelete
  14. အမ.. ဖတ်လို့ကောင်း... များများရေးနိုင်ပါစေ..

    မက်

    ReplyDelete
  15. ရယ်လိုက်ရတာ။ တီစွီလိုပဲ မောင်းချင်လို့ ခုကားမောင်းသင်နေတယ် ဟီး

    ခရေဖြူ

    ReplyDelete
  16. စိတ်အေးလက်အေး ဘလော့လေး ဖတ်ဖို့ လာမိပါတယ်။ ၁-၂-၃-၄ ဆက်တိုက်ဖတ်ပြီး မောသွားတာပဲ မဆွိရေ..
    ဒုန်းဆို တိုက်လိုက်တော့ ကိုယ်တောင် ကျုံ့လိုက်မိတယ်။
    ဖတ်လို့ကောင်းလိုက်တာဗျာ။ နောက်ဆုံးမှာ အဆင်ပြေသွားလို့ တော်သေးတာပေါ့။
    အမြဲသတိရနေပါတယ်။

    ReplyDelete
  17. ဖတ်ရတာစိတ်မောတယ်

    ReplyDelete