Saturday, November 10, 2012
2nd prototype of အုန်းနို့ကျောက်ကျော ...
အန်တီဆွိတို့အလုပ်မှာ ကုန်ပစ္စည်းတွေ မထုတ်လုပ်ခင် CAD နဲ့ ဒီဇိုင်းအဆင့် ပြီးရင် ပစ္စည်းတွေ မှာပြီး အစမ်းဆင်ကြည့်ရတယ်။ Prototype လို့ခေါ်တယ်။ ပစ္စည်းတွေ တပ်ဆင်ရတာ လွယ်ကူရဲ့လား၊ တစ်ခုနဲ့တစ်ခု interference ဖြစ်နေသလား၊ အလွယ်တကူ ကျိုးပျက်လွယ်သလား၊ အစရှိသဖြင့်ပေါ့ စစ်ရတယ်။ တကယ့်တကယ်  mass production မလုပ်ခင် ၃-၄ခါလောက် အစမ်းထုတ်ဆို ဆင်ကြည့်ရတယ်။
အခု အန်တီဆွိလဲ အုန်းနိူ့ကျောက်ကျောလေး ကျိုတာကို အစမ်းလုပ်ကြည့်နေရတယ်။ အုန်းနိူ့ကျောက်ကျော ကျိုဖူးပေါင်းလဲ မရေမတွက်နိူင်ဘူး။ ကျိုတိုင်းလဲ အတိုင်းအဆ မှတ်ထားတယ်မရှိ၊ အဆင်ပြေသလို လုပ်လိုက်တာပဲ။ သူ့ဟာနဲ့သူတော့ ဖြစ်သွားတာပဲ။ အုန်းနိူ့ကျောက်ကျော ၂ထပ်ဖြစ်ချင်ဖြစ်မယ်၊ အုန်းနို့တွေများလို့ နို့ရောင်တစ်ရောင်တည်းကြီးနဲ့ မလှမပဖြစ်ချင်ဖြစ်မယ်။ အုန်းနိူ့က အထူကြီး ကျောက်ကျောအကြည်ထပ်လေးက ပါးပါးလေး ဖြစ်ချင်ဖြစ်မယ်။ စုံလို့ပဲ။ ခုတော့ အန်တီဆွိက အုန်းနို့နဲ့ ကျောက်ကျောအကြည်၂ထပ်ကို ညီညီလေးဖြစ်ချင်တာပါ။ (ကျောက်ကျောထုပ် အညွှန်းမှာပါတဲ့ ရေက ကိုယ်တွေအတိုင်းနဲ့ဆို နည်းနေတတ်ပါတယ်။) ခုအန်တီဆွိ ဝယ်တဲ့ အထုပ်ကတော့ အညွှန်းက တရုတ်လို ဘူးသီး၊ငါးပေါင်းကြော်စာတွေပဲ ပါလို့ ဘယ်လောက်ထည့်ရမလဲ လုံးဝမသိပါဘူး။
အုန်းနို့ကျောက်ကျော ၂ထပ်ဆိုတော့ လုံးဝမကျိုဖူးသူတွေက ၂ခါကျိုရတာလား ဘာလား ထင်ချင်စရာပါ။ အမှန်က ကျောက်ကျောရေထဲ အုန်းနို့ရောကျိုလိုက်တာပါပဲ။ ခဲသွားတော့ ပေါ့တဲ့ အုန်းနို့က အပေါ်တက်လာပြီး သူ့ဟာသူ ၂ထပ်ဖြစ်သွားတာပါ။ ကိုယ်လဲ ငယ်ငယ်က မသိတော့ ၂ခါ သတ်သတ်စီ ခွဲကျိုရတယ်ထင်နေတာ။
 ပြီးခဲ့တဲ့ အပတ် ဘုန်းကြီးကျောင်းပွဲမှာတော့ first prototype ကျောက်ကျောက အုန်းနို့တွေများလို့ တစ်ထပ်တည်းဖြစ်သွားတယ်။ ကျောက်ကျောက အရသာတော့ရှိပါရဲ့၊ လှတ ပတ မဖြစ်ဘူးပေါ့ဗျာ။ အဲဒါကို မကျေနပ်လို့ ခုနောက်တစ်ခါကျတော့ ရေနဲ့ အုန်းနို့ကို သေချာ တွက်ချက်ပြီး ၂ထပ်ကို အလယ်မှာ ညီညီလေးဖြစ်အောင် အစမ်းလုပ်ထားတာပါ။ နောက်ပိုင်း အလှူတွေ ပွဲတွေအတွက် အမြဲ ၂ထပ်ကျောက်ကျောလေးရအောင် စမ်းလုပ်ထားတဲ့ 2nd prototype ပေါ့ဗျာ။
လိုအပ်သောပစ္စည်းများ
ကျောက်ကျောချောင်း (၄၂.၅ ဂရမ်) အထုပ်တစ်ဝက် (ကျောက်ကျောချည်း ချိန်ကြည့်တာ ၁၇.၅ ဂရမ်ခန့်) 
အုန်းစိမ်းရည် ၃၅၀ ml  ၃ဗူးခွဲ (စုစုပေါင်း 1.2 liter ခန့်)
အုန်းနိူ့ ၆၀၀ ml
သကြား ၃၀၀ ဂရမ်
ဆား လက်ဖက်ရည် တစ်ဇွန်းမောက်မောက်
(ဒီမှာ သတိထားမိလားမသိဘူး။  Rule of thumb က ရေ ၂ဆ၊ အုန်းနို့တစ်ဆ  ပါ။ )
အန်တီဆွိက ကျောက်ကျောကျိုရင် အမြဲ ကျောက်ကျောချောင်းထုပ်ကိုပဲ သုံးပါတယ်။ နဲနဲပဲ စမ်းလုပ်ချင်တာဆိုတော့ ကျောက်ကျောထုပ်ရဲ့ တစ်ဝက်တိတိကို ကတ်ကြေးနဲ့ညှပ်လိုက်ပါတယ်။  ပြီးတော့ ကျောက်ကျောတွေကို ပျော့သွားအောင် ရေစိမ်ပြီး တစ်လက်မလောက်စီ သေးသေးလေးတွေဖြစ်အောင် ထပ်ညှပ်လိုက်ပါတယ်။ သေးသေးလေးတွေဆိုတော့ အကြာကြီး မကျိုရတော့ဘူးပေါ့။
ပြီးတော့ အိုးထဲမှာ အုန်းစိမ်းရေ ဗူး ၃ဗူးခွဲ ဖောက်ထည့်ပြီး ကျောက်ကျောကို ကျိုပါတယ်။ အုန်းစိမ်းရေက အုန်းသီးဆံဖတ်ကလေးတွေပါလို့ စကာနဲ့ အရင်စစ်ပြီးမှ ကျောက်ကျောအိုးထဲထည့်ပါတယ်။ (အုန်းစိမ်းရေထည့်တော့ အုန်းနိူ့ကျောက်ကျောက တော်တော်လေးကို မွှေးပြီး အရသာလဲ ပိုရှိပါတယ်။ ရေနဲ့ ကျိုတာနဲ့ လုံးဝကိုမတူပါ။ အုန်းသီးအစိမ်းရှိလို့ ခွဲထည့်ရင် ပိုတောင်မွှေးပါသေးသဗျာ။ )  သကြား ၃၀၀ ဂရမ်ကိုလဲ အစကတည်းက တစ်ခါထဲထည့်ကျိုပါတယ်။
အုန်းစိမ်းရေ ၃မျိုး- ၃ဗူးဝယ်လာတာ ဒါလေးက အကောင်းဆုံးပဲ။ တစ်ဗူးကို ၃၅၀ ml ပါတယ်။
၁၅မိနစ် နာရီဝက်လောက်ကြာလို့ ကျောက်ကျောတွေ ကြေသွားပြီဆို အုန်းနို့ထည့်မွှေပြီး ဆားထည့်ပါတယ်။ ဆားကလဲ အရေးကြီးပါတယ်နော်။ အုန်းနိူ့ကျောက်ကျောက ဆားမပါရင်လဲ စားရတာ ပေါ့ရွှတ်ရွှတ်နဲ့ ဘာလိုနေမှန်း မသိတဲ့ အဖြစ်မျိုး ကြုံဖူးပါတယ်။ နောက်ပြီး ဒီနေရာမှာ အုန်းနိူ့အရသာကို မြည်းကြည့်ပြီး ကိုယ်က ချိုချိုလေးကြိုက်တယ်ဆို သကြားထပ်ထည့်နိူင်ပါတယ်။ ဆားကိုလဲ လိုတိုးပိုလျှော့ ကိုယ့်စိတ်ကြိုက်ထည့်နိူင်ပါတယ်။ အန်တီဆွိပြောတဲ့ အချိုးက ကိုယ့်စိတ်ကြိုက် ဖြစ်ချင်မှဖြစ်မှာကိုး။
 အုန်းနို့ရောပြီး ကျိုထားတာ ပွက်ပွက်ဆူလာရင် ကျောက်ကျောခဲမဲ့ ခွက်ထဲထည့်ပြီး ခဲထားနိူင်ပါပြီ။ ကျောက်ကျောခဲရင်လဲ သိပ်အထူကြီးဖြစ်အောင်မလုပ်ပဲ ၃စင်တီမီတာ၊ ၄ စင်တီမီတာလောက် အထူဆို အလှူတွေအတွက် အချိုပွဲမှာ အတော်ပါပဲ။ ရွှေရင်အေး၊ ပေါင်မုန့်အုန်းနို့ဆမ်းတို့မှာလည်း ထည့်စားနိူင်ပါတယ်။
ကျောက်ကျောကျိုရတာ အင်မတန် လွယ်ကူပါတယ်။ ၂ထပ်လှလှလေးဖြစ်အောင်၊ အချိုအပေါ့ အလေး အနေတော်ဖြစ်အောင် အချိုးအဆ က သာ အရေးကြီးတာပါ။
11 comments:
  1. ကျောက်ကျောက အချောင်းမို့လို့လားမသိဘူး အရောင်တအားကြည်တယ်ဗျနော်။ အုန်းစိမ်းနံ့လေးနဲ့မို့ ကောင်းမှာ သေချာတယ်။
    (လီယို)
    ReplyDelete
  2. စားချင်ထှာ
    ReplyDelete
  3. တီတီရေ.. အင်ဂျင်နီယာ ကျိုတဲ့ ကျောက်ကျောမို့လို့လား မသိဘူး
    နှစ်ထပ်က ညီနေတာပဲ ၊ ပေတံနဲ့တိုင်းရင်တောင် အတိုင်းအတာ တူတူထွက်လောက်တယ်း)
    ReplyDelete
  4. မနက်ဖြန် လုပ်စားဦးမယ်..တီဆွိရေ..
    အရင်က မသိတော့ ကျောက်ကျောသပ်သပ်၊ အုန်းနို့သပ်သပ် ကျိုပြီးစားဘူးတယ်.
    ခုတခါတော့ လုပ်ကြည့်ချင်လို့ ၀ိတ်တက်ခံ စားလိုက်ဦးမယ်....
    ReplyDelete
  5. ဘွားလေး ပြောတာ မှတ်မိသလောက် ဆား ထည့်ရင် အချို ပို လေးတယ် ဆိုလား..
    ကြားဖူးတာ ပြန်ပြောပြတာနော်..
    −m
    ReplyDelete
  6. ကျောက်ကျောချောင်းနဲ့ မလုပ်ဘူးလို့ လုပ်ကြည့်မယ်။
    ReplyDelete
  7. ကျောက်ကျောကြိုနည်းအချိုးအစားရလို့ကျေးဇူးတင်ပါတယ်။ သံပုရာသီးယိုထိုးနည်းကောင်းရှိရင်လည်းတင်ပြပေးပါအုံးလို့
    ReplyDelete
  8. ကျေးဇူးဘဲတီဆွိရေ.
    အုန်းစိမ်းရည်ထည်.ပြီးလုပ်တယ်ဆိုတာ မသိခဲ.ဘူး။
    အခုတော. စမ်းကြည်.လိုက်ဦးမယ်။ ပြီးတော.ကျောက်ကျောအချောင်းနဲ. မလုပ်ဖူးသေးဘူး။ အမှုန်.နဲ.ချည်းဘဲလုပ်နေတာ။
    ဘုန်းကြီးအချိုပွဲကပ်ဖို. အခုထဲက တီဆွိလိုစမ်းကြည်.ထားမှဘဲဗျို.။
    ReplyDelete
  9. Thamee Su Nov 10 (1 day ago)
    to me
    Thamee Su has left a new comment on your post "2nd prtotype of အုန်းနို့ကျောက်ကျော ...":
    အုန်းနို့ကျောက်ကျောလေးလာစားပါတယ် တီတီဆွိ....စုရဲ့ဘလော့လေးကို လင့်ချိတ်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်း)
    ReplyDelete
  10. မိုးငွေ့........ via blogger.bounces.google.com
    4:57 PM (11 hours ago)
    to me
    မိုးငွေ့........ has left a new comment on your post "2nd prototype of အုန်းနို့ကျောက်ကျော ...":
    မီးလဲ တယ်လီဖုန်းကျောက်ကျောမှုန့်ပဲသုံးဖူးတယ် ကျောက်ကျောချောင်းနဲ့လုပ်ကြည့်ဦးမယ်
    ReplyDelete
  11. TT Sweet ရေ
    လည်လည်လာပြီး အစားတွေ အများကြီးစားသွားပါတယ် ပျော်စရာကြီးရယ်နော် စာတွေလဲအများကြီးရေးတတ်တယ်နော် သဘောကျနှစ်ချိုက်စွာနဲ့နောက်နေ့လဲ လည်လည်လာအုံးမယ်နော်...
    ReplyDelete