Wednesday, December 5, 2012
တို့အိမ်က အလွဲများ ...
 ဂျူဂျူနဲ့ အိုဘားမား
ဟိုတစ်လောက ကျောင်းတွေ ရက်ရှည်ပိတ်တော့ အိမ်မှာ ဂျူဂျူလေးကို မြန်မာစာသင်ပေးနေတာ။ သမီးက ဥာဏ်ကောင်းလို့လားတော့မသိ။ ကျောင်းပိတ်တဲ့ ၃ပတ်လောက်အတွင်း စာတော်တော်တက်သဗျ။ သူငယ်တန်း သင်ပုန်းကြီး မြန်မာစာအုပ်အတိုင်း သင်တာမှာ "အဲ - အယ်-့ အယ် " အထိတောင် ရောက်နေပြီ။ ခု ကျောင်းတွေပြန်ဖွင့်တော့ တစ်ပတ်ကို တစ်နာရီလောက်ပဲ သင်ရတော့ စာက သိပ်မတက်တော့ဘူး။ သင်ပြီးတာတွေ မမေ့အောင် နွှေးပေးရုံလောက်ပဲ လုပ်ပေးနိုင်တော့တယ်။ နောက်တစ်ခါ ကျောင်းရက်ရှည်ပိတ်ရင်တော့ သေချာပြန်လုပ်ပေးရဦးမယ်။
အဲဒါ တစ်နေ့က မြန်မာစာ သင်ပြီးသမျှတွေ ပြန်နွှေးပေးနေရင်းနဲ့ သတ်ပုံခေါ်တာပေါ့။ သတ်ပုံခေါ်နေရင်းနဲ့ သူ့အမေကြီးက ဖေ့စ်ဘွတ်ခ်ကို ကြည့်နေတော့ အိုဘားမား မြန်မာပြည်လာတဲ့ အကြောင်း အန်တီစုနဲ့တွေ့တဲ့ အကြောင်းတွေ ဖေ့စ်ဘွတ်ပေါ် တက်လာတာ။ အဲဒါကို ဂျူဂျူလေးကလဲ သူ့ရဲ့ မတောက်တစ်ခေါက် မြန်မာစာနဲ့ လိုက်ဖတ်နေတော့ သမီးလဲ ရေးလို့ရတာပဲဆို သူ့ကို သတ်ပုံရေးခိုင်းလိုက်တာ။ အိုဘားမားရယ် ၊ ဒေါ်စုရယ်။
သူ့အမေကြီးကလဲ ဖေ့စ်ဘွတ်ပဲ စိတ်ကရောက်နေ၊ ညဖက် မျက်လုံးကလဲ မကောင်းတာနဲ့ သမီးရေးပြီးတာ အမှတ်တမဲ့ပဲ ဖတ်လိုက်ပြီး " ဟယ် ငါ့သမီးလေးက တော်လိုက်တာ ... အိုဘားမား တောင်ရေးတတ်နေပြီတော့ ...  မြန်မာစာတော်တော်တတ်နေပြီပဲ.."  ဆို ချီးမွန်းနေတာ။ ဒီလိုပဲ ခလေးတွေ မြှောက်ပေးပြီး ချော့မော့သင်ရတာ။
မနက်မိုးလင်း အိပ်ရာထတော့ အိမ်ရှေ့စားပွဲပေါ် စာရွက်တွေ ပွနေတာနဲ့ ရှင်းရင်း  ညက ဂျူဂျူ ရေးထားတဲ့ သတ်ပုံစာရွက်လေး ထွက်လာတာနဲ့ အမှတ်တမဲ့ ဖတ်ကြည့်လိုက်တာ။
အလိုလေး ... မယ်မင်းကြီးမက ရေးထားတာ "အိုဘားမား" ကို ... "အူဘားမား" တဲ့ဗျား ... သူုနဲ့ကျမှပဲ အိုဘားမားလဲ အူတူတူလိုလို "အူဘားမား" ဖြစ်ရတယ်လို့ တွေးပြီး ရယ်လိုက်ရတာ။
ဒါနဲ့ ဂျူဂျူနိုးလာတော့ သမီးရေ ... ညက သမီးရေးထားတာ အိုဘားမားကို သတ်ပုံမှားနေတယ်နော် ... ပြန်ဖတ်ဦး ... ဆိုတော့ ဂျူဂျူလေးမှာ သူ့အဖေလိုပဲ ညက်မှောင်ကြီးတောင် ရှုံ့ပြီး ပြန်ဖတ်နေတာ။ နောက်ပြီး ဘယ်လိုပေါင်းရမှာလဲ မေးတယ်။ "အ လုံးတင် တစ်ချောင်းငင် အို " ဆိုတော့ ဂျူဂျူ ညက်မှောင်က ပိုကျုံ့သွားတယ်။ ပြီးမှ မေမေကလဲ "အို"  မှ မသင်ရသေးတာ ဂျူဂျူ ဘယ်သိမှာလဲတဲ့။ အဲဒီကျမှ သူ့အမေကြီးကလဲ သင်တာ "  အို့ ... အို ... အိုး " ထိ မရောက်သေးတာ သိတော့တယ်။ အစဉ်အတိုင်းဆို အသတ်တွေမလာခင်  " အို " က နောက်ဆုံးမှာ ကိုးးးး။
 အ အိ အု အေ အဲ အော အံ အို ... လေ။
ဂျူဂျူတို့ကတော့ ရှိတာနဲ့ ရအောင် ပေါင်းလိုက်တာပဲ။ အိုဘားမားတောင် အူဘားမားဖြစ်အောင် ...
----------------------------------------------------------------------------------------------------------
ပုဆိုးတလွှားလွှား ကမောင်ခြိမ့်
ဟိုတစ်လောက ခလေးတွေ ကျောင်းပိတ်ရက် ဒီကသူငယ်ချင်းတွေစုပြီး ပစ်ကနစ်သွားကြတယ်။
Bobbin Head တဲ့။ အိမ်ကနေ ကားနာရီဝက်လောက်ပဲ မောင်းရတာပါ။ ပစ်ကနစ်ဆိုတော့ စားစရာ သောက်စရာတွေက စုံလှတယ်။ မုန့်ဟင်းခါး၊ ဒန်ပေါက်၊ ၀က်သားသုတ်၊ လဖက်သုတ်၊ စပါကာတီး ထမင်းတွေ ဟင်းတွေရော အစုံပဲ။ လှေစီးကြ၊ တောထဲ လျှောက်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့ ပျော်စရာကြီးပေါ့။ ညနေပြန်တော့ သူငယ်ချင်း အသိတစ်ယောက်ဆိုင် ၀င်ကြပြီး သူ့ဆိုင်မှာပဲ ပစ်ကနစ်ကပါလာတာတွေ စားသောက်ပြီး ပြန်ကြတာ။ အားလုံးစားသောက် ဗိုက်ကားပြီး အိမ်ပြန်တော့ ည၈နာရီ အတော်မိုးချုပ်ပြီပေါ့။
 အိမ်ရောက်တော့ ဦးခြိမ့်တစ်ယောက် ဗိုက်ထဲက ရစ်သလိုလို၊ ဗိုက်ပဲ နာချင်သလိုလို ဆို ပြောနေတာ။ အစားစုံလို့နဲ့ တူပါရဲ့ဆို ပြန်ပြာလိုက်ေး။ ကိုယ်လည်းပြန်ရောက်တော့ ပင်ပန်းရတဲ့ကြားထဲ သူ့လဲ ဂရုမစိုက်နိုင်။ ပစ္စည်းတွေ သိမ်းဆည်းပြီး  တီဗီရှေ့သွားထိုင်။ ပြီးတော့ ဂျူဂျူလေးကို သိပ်၊ အိပ်ငိုက်လာတော့ ကွန်ပြူတာလေးဖွင့်  အွန်လိုင်းတက်နေတာ။ ဦးခြိမ့်ကတော့ အသံကို မကြားတော့ဘူး။ သူ့အခန်းထဲဝင်သွားတာ။
 မနက်မိုးလင်းတော့ တနင်္ဂနွေမနက်ဆိုတော့ ဦးခြိမ့်တို့ ထုံးစံ အစောကြီးထပြီး ချွတ်ချွတ် .. ချွတ်ချွတ်နဲ့ အ၀တ်တွေလှမ်းလိုက်၊ တံမျက်စည်းပဲလှည်းသလိုလို၊ ဟိုလုပ်ဒီလုပ်ပေါ့။ ကိုယ်လဲ အိပ်ရာက ထလာရော သူ့ကိုကြည့်ရတာ တစ်မျိုးပဲ ထူးဆန်းသလိုလို ရှိလှတယ်ထင်နေတာ။ ဘယ်ဟုတ်မလဲ မောင်မင်းကြီးသားက ဆစ်ဒနီ စပရင်း ဒီလောက် ချမ်းချမ်းစီးင်္စီးကြီးမှာ ပုဆိုး တလွှားလွှားနဲ့ ဟိုဖက်ဒီဖက် လုးလားခတ်နေတော့ အမြင်ဆန်းနေတာပေါ့။ ဆစ်ဒနီက spring ရောက်တာတောင် မနက်ခင်း ရာသီဥတုက ၁၄-၁၅ ဒီဂရီလောက်ရှိနေသေးတော့ ဘောင်းဘီရှည်ထူထူတွေ ၀တ်နေရတုံးပါ။ တစ်ဆောင်းတွင်းလုံး ဘောင်းဘီရှည်ထူထူတွေနဲ့ မြင်နေရာကနေ ရုတ်တရက် ပုဆိုးတလွှားလွှား ဆိုတော့ မျက်စိထဲ ဆန်းနေတာပေါ့။
ဒါနဲ့ အန်တီဆွိက
"တော့ ကမောင်ခြိမ့် ...  တော့်နဲ့တော် ဒီလောက် မနက် အေးအေးချမ်းချမ်းကြီး ဘယ့်နှာကြောင့် ပုဆိုး တလွှားလွှားနဲ့ ဖြစ်နေရသတုံးတော့ ..." ဆိုတော့ သူ့ဟာသူ အောက်ငုံ့ကြည့်ပြီး ဘာပြောတယ် ထင်သတုံး အရပ်ကတို့ရေ ...
" ကိုယ် ၀မ်းတွေ သွားနေလို့ကွ ... အဲဒါ လွယ်အောင် ပုဆိုးလေး ပေါ့ပေါ့ပါးပါး ၀တ်ထားလိုက်တာ ... အရေးအကြောင်းဆို အဲသလို မ ...  ထိုင်လိုက်ရုံပဲ .." တဲ့ဆို ပုဆိုးလေးကိုင်ပြီး ပုံစံတောင်လုပ်ပြနေလို့ အန်တီဆွိမှာ ရယ်လိုက်ရတာ ...
 ဖြစ်ရလေတော် ကမောင်ခြိမ့်ရယ် လို့ပဲ ပြောနိုင်တော့တယ် ။
19 comments:
  1. ဂျူးဂျူး ရဲ့ အူးဘားမား ကိုဖတ်ပြီး ရယ်လိုက်၇တာ ပြီး ပါးစပ်ပိတ်လိုက်၇တယ် တီတီဆွိ မသင့် ၇သေးဘူးဆိုလို့  :D
    ReplyDelete
  2. Haha....ဦးခြိမ့် ပုဆိုးမနေတဲ့ ပုံ မြင်ယောင်ကြည့်လိုက်ပါတယ် TT Sweet
    ReplyDelete
  3. ဖတ်ပြီး ပြုံးလိုက်ရတာ မမ။း) အလွဲလေးတွေ ရှိသေးရင် ဆက်ရေးပါဦးနော်။
    ReplyDelete
    Replies
    1. အလွဲတွေကတော့ အများကြီးပဲ။ မရေးဖြစ်တာတွေက ပိုများတယ်။ အချိန်မရတော့ မရေးဖြစ်ဘူး။ ရေးမယ်ဆိုတော့ မုဒ်က မရှိတော့ဘူး။ မုဒ်ရှိနေရင်တော့ ရေးတာ အရမ်းမြန်တယ်။ ကျေးဇူးနော် ။
      Delete
  4. တီဆွိက သဘောကောင်းတယ်နော်။ တီဆွိရဲ.ဘလော.ဂ်မှာ ဟင်းချက်နည်းတွေကြည်.ဖို. အဆင်ပြေအောင်တောင် ပြန်ပြီးသေချာလုပ်ပေးထားတယ်။
    ဟီးဟီး တချို.တချို.တွေလို ......................
    ReplyDelete
    Replies
    1. တစ်ချို့က ဟင်းချက်နည်းတွေ ရှာရခက်တယ်ဆိုတာနဲ့ အလွယ်တကူရှာရအောင် သေချာလုပ်ပေးထားတာပါ။ စေတနာကို သိတယ်ဆို ပင်ပမ်းခံရကျိုး နပ်ပါတယ် အနောနိမတ်စ်ရေ။
      Delete
  5. လည်လည်လာသွားပါတယ် တီဆွိ
    တီဆွိပိုစ့်တွေဆို အမြဲတမ်း မပြတ်ဖတ်ဖြစ်ပါတယ်
    အိပ်ချင်နေတဲ့အချိန်တောင် ပျူးပြဲဖတ်ပြီးမှ အိပ်တယ် :D :D
    စာရေးသားကောင်းပြီး စာဖတ်သူကို ကွင်းကွင်းကွက်ကွက်မြင်အောင်
    ရိုးရှင်းစွာ ရေးနိုင်လို့ အရမ်းကို အားကျမိပါတယ်
    စာတွေ အများကြီး ဆက်ရေးပါဦးနော်
    ချစ်တဲ့
    ကျူ့တီ
    ReplyDelete
    Replies
    1. ကျူ့တီKitchen ကိုလဲ တစ်ချို့ ဟင်းချက်နည်းတွေ မသိရင်လဲ သွားရှာနေကျပါ.. စာတွေ လာဖတ်တယ်ဆိုတာသိရတော့ ကျေးကျေးပါ ကျူတီရေ။
      Delete
  6. ဟိဟိ ရီနေရတယ် TTsweet ကိုနေ့တိုင်းလာကြည့်တယ်
    ReplyDelete
  7. google reader မှာ tsweet post အသစ်တက်နေတော့ပျော်သွားတာဘဲ။
    tsweet ဆိုလို့ကတာ့ဘာဘဲရေးရေးကောင်းပြီးသားဘဲ။u r my favorite :).
    တမိသားစုလုံးကျန်းမာပျော်ရွင်ပါစေ
    htet hsu
    ReplyDelete
    Replies
    1. ကျေးဇူးပဲနော် အားပေးတာ။ ရေးဖို့ အားတွေရှိသွားပြီ။
      Delete
  8. :)
    တီဆွိတို့ မိသားစု ပျော်ရွှင်ကျန်းမာပါစေ..
    ဂျူဂျူ မြန်မာစာရေးတတ်နေပြီနော်
    ReplyDelete
  9. mstint
    1:39 PM (7 hours ago)
    to me
    mstint has left a new comment on your post "တို့အိမ်က အလွဲများ ...":
    တစ်ပုဒ်ဆိုလည်း တစ်ပုဒ်ပါလား ဆွိတီရေး)
    ဖတ်သူမပျင်းအောင် ရေးလည်းရေးတတ်ပါ့။
    ဆွိတီရဲ့အလွဲလေးများက ဖတ်သူတို့ရဲ့စိတ်ကိုပျော်ရွှင်စေတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
    Replies
    1. တီတင့်ရဲ့ ကွန့်မန့်တွေ မပေါ်လို့ gmail ထဲ ရောက်လာရင် အမြဲပြန်တင်ပေးရတယ်။ လူတိုင်းအပေါ် မေတ္တာထားတတ်တဲ့ အန်တီတင့်လည်း စိတ်ဓာတ်အစဉ် ကြည်လင်ပါစေ။
      Delete
  10. ချော(အစိမ်းရောင်လွင်ပြင်)
    5:17 PM (3 hours ago)
    to me
    ချော(အစိမ်းရောင်လွင်ပြင်) has left a new comment on your post "တို့အိမ်က အလွဲများ ...":
    တီတီဆွိတို့များ ချစ်ဖို့ကောင်းအောင်ကို ရေးတတ်တယ်..
    ဖတ်တဲ့သူလည်း ပျော်..ရေးတဲ့သူလည်း ပျော်း)
    ReplyDelete
    Replies
    1. မချောရေ ဘလော့ဂ်မလည်နိုင်တာလဲကြာလို့ မချောတို့ဖက်တောင် မရောက်ဖြစ်ဘူး။ တာဝန်မကျေသလို ခံစားရတယ်။ အမြဲလာလည် လာဖတ်တာကျေးဇူးနော်။
      Delete
  11. တီတီဆွိ ကိုချစ်တယ်......တီတီဆွိကိုချစ်တယ်...........
    ( ဖေဖေကြီးကိုချစ်တယ် သီချင်းအလိုက်အတိုင်း ဆိုပါရန်)
    ဟင်းချက်နည်းတွေကို ဘယ်သူကြည်.ကြည်.ဆိုပြီး ဘလော.ဂ်ကိုမပိတ်ဘဲ ပုံမှန်အတိုင်း၊ ဟိုးအရင်ရေးနေကျအတိုင်း အေးဆေး ပျော်ရွှင်စွာနဲ. ဆက်လက်ရေးသားနေတာကိုက တီတီဆွိစတိုင်လ် ............
    ReplyDelete
    Replies
    1. ကျေးဇူးပါပဲ အနောနိမတ်စ်ရေ။ အဲလိုအားပေးတဲ့ သူတွေရှိရင် စားရေးဖို့ အားပိုရှိသွားတယ်။
      Delete
  12. အူဘားမားနဲ့  ပုဆိုးတလွှားလွှား ဖတ်ပြီး ရယ်လိုက်ရတာ တီဆွိရေ..နောင်လည်း ဒီလို အလွဲလေးတွေ ရေးပါဦး..
    ReplyDelete