မန္တလေး၊ စစ်ကိုင်း ဦးစားပေး
အန်တီဆွိတို့ ရန်ကုန်ရောက်တော့ ရောက်ပြီးနောက်တစ်နေ့ပဲ မန္တလေး၊ စစ်ကိုင်းဖက် သွားဖို့ပြင်ကြတယ်။ စစ်ကိုင်းမှာ ဦးလေးတွေရယ် မောင်နှမ၀မ်းကွဲတွေရယ်ရှိတာ မတွေ့ရတာကြာပြီ။ ဦးလေးကလဲ တူမ မတွေ့ရတာကြာတော့ ရန်ကုန် လာမယ်တကဲကဲလုပ်နေလို့ ကိုယ်ကပဲ ငယ်တဲ့သူဆိုပြီး ဒီတစ်ခေါက်တော့ ရောက်အောင်သွားမယ်ဆို ပြင်ထားတာ။
ကားလက်မှတ်ကို ဦးခြိမ့်ရဲ့ သူငယ်ချင်းက အော်ဇီမှာကတည်းက ရက်မေးပြီး ၀ယ်ပေးထားတယ်။ ခုနာမည်ကြီးနေတဲ့ Elite Express တဲ့။ ကားတွေကလဲ ကားအသစ်တွေ အဲကွန်းကလဲ အရမ်းအေးသတဲ့။ ပြီးတော့ ဦးခြိမ့်သူငယ်ချင်းက ကားမယ်လေးတွေလို့ ခေါ်တဲ့ ကားစပါယ်ယာမလေးတွေလဲ ပါသတဲ့။ အန်တီဆွိက အစကထဲက ကားကြီးစီးပြီး အဲလိုသွားရတာ ၀ါသနာပါတော့ သွားရမှာ ပျော်နေတာပေါ့။
ကွမ်းယာဆိုင်သာသာ ကားဂိတ်
အဲဒီနေ့ ညနေ ၇နာရီလောက် ဦးခြိမ့်သူငယ်ချင်းက သူ့ လင်ခရူဇာကားကြီးနဲ့ ကားဂိတ်သွားဖို့ လာကြိုတယ်။ ကားက ၈နာရီခွဲထွက်မှာဆိုတော့ တစ်နာရီလောက်တော့ စောရောက်နေတာပေါ့.။ အဝေးပြေးကားဂိတ်ဆိုတော့ စိတ်ထဲမှာ ထင်ထားတာ ကားဝန်းကြီးထဲမှာ ကားတွေလဲ အများကြီး လူတွေလဲ အများကြီးပေါ့ဆို ။ ဦးခြိမ့်သူငယ်ချင်း လင်ခရူဇာကားကြီးက လမ်းဘေးမှာ ရပ်လိုက်တော့ ဟင် မရောက်သေးပဲ ဘာလို့ရပ်တာလဲ ထင်တာ။ ဘယ်ဟုတ်မလဲဗျာ။ ကားဂိတ်က လမ်းဘေးတင်ကိုး။ ဘတ်စ်ကားဂိတ်လေးလို ငေါင်းစင်းစင်းလေးရယ်။ အမိုးသာမိုးထားပြီး ကွန်ကရစ်လေးတောင် ခင်းမထားတဲ့  မြေကြီးပေါ်အထုတ်တွေ ချရတယ်။ ဘေးနားမှ ရေဗွက်တွေတောင်ရှိသေး။ စောနေသေးတော့ အန်တီဆွိတို့ သားအမိက ဘေးက မုန့်ရောင်းနေတဲ့ ကောင်လေးတွေဆီက နေကြာစေ့တွေ အာလူးကြော်တွေ ၀ယ်စားပြီး ကားအလာကို စောင့်နေတာ။ ဦးခြိမ့်ကတော့ လက်မှတ်ရောင်းတဲ့ နေရာလို့ထင်တဲ့ မလှမ်းမကမ်းက ကွမ်းယာဆိုင်လို တဲလေးထဲမှာ စနည်းနာနေလေရဲ့..။

ဦးခြိမ့်ရဲ ၃ပွင့်ဆိုင် ထိုင်ခုံ ဇာတ်လမ်း
စားနေတဲ့ နေကြာစေ့မှ အထုတ် လေးပုံတစ်ပုံမပြည့်သေး ဦးခြိမ့်တို့ နားက ကျွက်စီ ကျွက်စီနဲ့ အသံက ထွက်လာတယ်။ ခဏနေတော့ ဦးခြိမ့်က အနားရောက်လာပြီး ထုံးစံအတိုင်း သူ့မျက်မှောင်ကြီးကို အစွမ်းကုန်ကုတ်ထားတယ်။ ဖြစ်ရမယ်ကွာ။ အဖေ့နေရာကို ဆရာဝန်တစ်ယောက်နဲ့ လဲထားတယ်တဲ့။ သားအမိ သားအဖ၃ယောက် အတူတူထိုင်ရအောင် သေချာဝယ်ထားတာ ဆရာဝန်မကလို့ သမတဖြစ်ပစေ။ လဲမပေးနိုင်ဘူးကွာ။ ဒါ သက်သက် လူလည်ကျတာကွ။ ဆို တပျစ်တောက်တောက်နဲ့ ပြောနေတယ်။

အန်တီဆွိကလဲ ဖြစ်မှဖြစ်ရလေလို့။ ထီကနဲဆို ကိုယ်တွေကျမှပဲ ဖြစ်ရတယ်ဆို။ အမှန်က ဦးခြိမ့် တခြားနေရာမှာ သွားထိုင်လဲ ဘာမှ ဒီလောက်ကြီးတော့ ပြသနာမရှိဘူးရယ်။ ပြသနာက တရားမျှတမှုမရှိတာ။ ဆရာဝန်မှို့ ကိုယ် အရင်ဝယ်ထားတဲ့ နေရာကို ပေးရမှာလားဆို မကျေနပ်တာ။ အနိုင်ကျင့်ခံရတယ်လို့ ထင်တာပါ။ ခဏနေတော့ ဦးခြိမ့် အဲဒီကွမ်းယာဆိုင်လိုဟာနား ရောက်သွားပြန်ရော။ ဒီတစ်ခါတော့ အရောင်းတာဝန်ခံလို့ထင်တဲ့ ကုလားဆင် အသက်နဲနဲကြီးကြီး အကိုကြီးတစ်ယောက်နဲ့ စကားပြောနေတယ်။ ဖြစ်ချင်တော့ အဲဒီ ထိုင်ခုံကိုပဲ အမျိုးသမီးတစ်ယောက်က နေ့မှားပြီး ၀ယ်ထားတာ။ သူကလဲ ဒီနေ့သွားမှ ဖြစ်မှာဆို ဂျီတိုက်နေပြန်တယ်။ အဲဒီအမျိုးသမီးက စောနက ဆရာဝန်ဆိုတာနဲ့ ဘာမှ မဆိုင်ဘူးနော်။ သူကတဘာသာ။
အန်တီဆွိတို့ မန္တလေးခရီးကတော့ အစထဲက ယဉ်သကို ဆိုသလို အဲသလို ထိုင်ခုံတစ်ခုံထဲကို သပွတ်အူရှုပ်တဲ့ ဇာတ်လမ်း ၃မျိုးနဲ့ စခဲ့ရပါသဗျာ။ နောက်ဆုံးတော့ ဦးခြိမ့်ကလဲ သက်သက်ကို အလျှော့ မပေးချင်တာနဲ့ အရောင်းတာဝန်ခံက ဦးခြိမ့်ကိုပဲ နေရာ ပေးလိုက်ပါတယ်။ ကိုယ်ကလဲ အမှန်ပဲကိုး။ ဟိုအမျိုးသမီးကိုလဲ တခြားတစ်နေရာ ရအောင် စီစဉ်ပေးလိုက်ပါတယ်။ ဆရာဝန်ဆိုတာကတော့ ကားပေါ်ရောက်မှ ရှင်းမယ်ဆိုပါတယ်။
အီလိုက် ကားပေါ်ဝယ် ..
ဒါနဲ့ ကားပေါ်တက်လို့ရပြီဆို တက်ကြတော့ အာလားမား ... ကားပေါ်က အဲကွန်း အေးချက်ကတော့ စင်ကာပူမှာ ၁၄ နှစ်နေဖူးသူ၊ အော်ဇီ ဆောင်း၂နှစ်လောက်နေဖူးသူ လက်ဖျားခါတယ်ပြောရမယ်။ ကားတစ်စီးလုံးအေးစိမ့် ကျင်တက်နေအောင် အဲကွန်းကို ဖွင့်ထားတာပါကလား။ အဲဒါနဲ့ အန်တီဆွိလဲ အခြေအနေမဟန်ဘူးဆို အော်ဇီမှာတုံးက ၀တ်တဲ့ winter wear အကျီ အထူုအရှည်ကြီးကို ထုတ်ဝတ်ရတော့တယ်။ အမှန်က အချမ်းကြောက်သူဆိုတော့ ပိုပိုလိုလိုယူလာတာ။ ပြီးတော့ ခြေအိပ်တွေ စွတ်၊ သမီးကိုလဲ အနွေးထည်အထူ ၀တ်ပေးနဲ့ တော်တော် အလုပ်ရှုပ်သွားတယ် ။ စိတ်ထဲကလဲ မလိုအပ်ပဲ ဘာလို့ ဒီလောက် အဲကွန်းတွေ ဖွင့်ရလဲဆိုတာ စဉ်းစားမရအောင်ဖြစ်ရတယ်။ နောက်ပြီး သူတို့က စောင်တွေလဲ ခုံပေါ်မှာ အဆင်သင့် တင်ပေးထားသေးသဗျ။ အဲဒီမှ သဘောပေါက်တာက အော် တို့ပြည်ကြီးမယ် အဲးကွန်းကို သေအောင်ဖွင့်ပြီး စောင်ခြုံကွေးရတာကိုက ဇိမ်ခံနည်း တစ်မျိုးပဲဆိုတာ သဘောပေါက်သွားတယ်။
နေရာမှာထိုင်နေတော့လဲ ဘေးဖက်က အဲကွန်းအပေါက်ကနေ ထွက်လာတဲ့ အဲကွန်းလေဟာ မျက်နှာလောက်ကို ဖြတ်တိုက်နေတာ ပြင်းလွန်းလို့ လုံးဝကို သည်းမခံနိုင်အောင် ဖြစ်ရတယ်။ ဒါနဲ့ ကားမယ်လေးကို လှမ်းခေါ်ပြီး အဲကွန်းအပေါက်လေး ပိတ်ပေးပါဆို သူကလဲ လုပ်ပေးနေကျထင်ပါရဲ့ တိတ်လေးတစ်ခုနဲ့လာပိတ်ပေးသွားတယ်။ ပိတ်မပေးခင်တော့ အန်တီဆွိကို ဘယ်တောက တက်လာလဲ ဆိုတဲ့ အထာနဲ့ ကြည့်တာလေးတော့ ခံလိုက်ရသပေါ့ဂျာ။
နားဝင်ပီယံ သူ့ အသံ ...
ကားပေါ်မှာ ဗီဒီယိုလဲ ပြတယ်။ မင်းသားက မြင့်မြတ်ထင်တာပါပဲ။ စိတ်မ၀င်စားလို့ ဇာတ်ကားလဲ သေချာမမှတ်မိပါဘူး။ နောက်မိုးချုပ် အိပ်ချိန်ရောက်တော့ တီဗီကို ပိတ်ထားပေးတယ်။ ကားမယ်လေးကလဲ သူ့ အသံ ချွဲပစ်ပစ် လေးနဲ့ ဘယ်ရောက်ပြီ ဘယ်မှာတော့ နားမယ်ဆို ပြောနေတာလေးကို ကြားနေရတာ အူယားစရာလေးဗျာ။ ဦးခြိမ့်တို့လို ယောက်က်ျားတွေတော့ မသိဘူ။ အန်တီဆိုလို မိန်းမကြီးတောင် အဲဒီ အသံလေးကြားရတာ ကြာလာတော့ နားဝင်ပီယံဖြစ်လွန်းလို့ သူပြောတိုင်း ပြုံးပြီး နားထောင်နေမိတယ်။ နောက်တော့ အမှတ်တရဆို ဦးခြိမ့်က အသံတောင် သွင်းထားသေးတယ်။ ခလေးမလေးက မြန်မာဝတ်စုံလေးနဲ့ ပါးကွက်ကလေးနဲ့ ချစ်စရာလေးပါ။
လမ်းမှာနားကြမယ်၊ စားကြမယ် ...
လမ်းရောက်တော့ ညအိပ်မပျော်မှာ ကြောက်တဲ့ အန်တီဆွိက အအေးကြောက်တာရော ရောပြီး ဘာမီတုံ တစ်လုံးသောက်ထားတော့ အိပ်လို့ကောင်းလိုက်တာ။ ကားမယ်လေးက "ခရီးသွာာာာား ... လုပ်သားပြည်သူ အပေါင်းတို့ရှင်င်င်င် .... ကျွန်မတို့ရဲ့ အီလိုက် အိတ်စပရက်စ်စ်စ်စ် ... အမြန်ကားကြီးဟာာာာာ မကြာခင် အချိန်အတွင်းမှာာာာာ ... " ဆို ကြားလိုက်မှ လန့်နိုးသွားပြီး မဆင်းတော့ဘူးလို့ ဦးခြိမ့်ကို လှမ်းပြောပေမဲ့ မဆင်းမနေရ ဆင်းရမှာ ဖြစ်တဲ့ အတွက် ဘေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ မဂျူဂျူကိုနှိုးရပါတော့တယ်။ ဂျူဂျူလေးကလဲ အိပ်ကောင်းနေတုံးထရတာဆိုတော့ စိတ်က မကြည်ပဲ အိပ်ချင်မူးတူးနဲ့ သားအမိ၂ယောက် ကားပေါ်ကဆင်းပြီး အပေါ့သွား။ ညလည်ကောင်ကြီး မဆာပါဘူးဆိုမှ ဦးခြိမ့်က အတင်းစားခိုင်းလို့ မုန့်တွေ နဲနဲပါးပါး စားသောက်ပြီး ကားပေါ်ပြန်တက်ကြပါတယ်။ ကားကတော့ အင်မတန် အချိန်တိကျပါတယ်။ နာရီဝက်နားမယ်ဆို နာရီဝက်ပြည့်မှ ကားပေါ်တက်ခွင့်ရကြပါတယ်။
မနက်ခင်းနဲ့ ဇာတ်လမ်းပမာ နားဆင်စရာ
မနက် အိပ်ရာနိုးခါနီး ၄နာရီလောက်ကျတော့ ဘေးက ဦးခြိမ့်ပေါ့ဗျာ။ သူ့အကိုဆရာဝန်ကလဲ မန်းလေးပြန်ဖို့ ရန်ကုန်ကနေ နောက်ကားတစ်စီးနဲ့ ပါလာတာ။ အဲဒါ ဟိုရောက်ရင် လာကြိုတဲ့ သူတွေ နောက်ကျနေမှာ စိတ်ပူတာတွေရော၊ သူ့တူမတော် အေးမှာ၊ နေမကောင်းမှာ စိုးရိန်တာရော ညီအစ်ကို ၂ယောက် ဖုန်းပြောနေကြတာ။ အကြာကြီးပဲဗျာ။ နောက်တော့ သူ့နောက်ကလူတွေလဲ နိုးလာပြီး အားကျမခံ ဖုန်းတွေ ထုတ်ပြီး ဆက်လိုက်ကြတာ။ စောစောစီးစီး ကားတစ်စီးလုံး ဆူပွက်လို့။ ရယ်ရတာက ဒီမှာတွေက ဖုန်းပြောရင် အင်္ဂလိပ်လိုပဲ ခပ်တိုးတိုး ပြောနေတာ ကြားနေကျဆိုတော့ အဲလို မြန်မာလိုကြီးတွေ အားရပါးရ အော်ပြီး ပြောနေကြတော့ စိတ်ထဲမှာ ရယ်ချင်သလိုကြီး။ ဖုန်းထဲကနေ ဇာတ်လမ်းပမာနားဆင်စရာတွေ ၃-၄ပုဒ် တစ်ပြိုင်တည်း နားထောင်နေရသလိုပဲ။ ပြောနေတဲ့ သူတွေကလဲ သူတို့ ဇာတ်လမ်းနဲ့သူ ဟုတ်လို့ပဲ။
မန်းလေးရောက်ပြီ ...
မန်းလေးရောက်တော့ ဦးခြိမ့်သူငယ်ချင်းက နောက်ကျနေတာနဲ့ ဦးခြိမ့်ရဲ့ တူတော်မောင် တစ်ယောက်က လာကြိုတယ်။ သူတို့ ဆေးရုံဝန်းထဲ နားပြီး ခဏနေတော့ ဦးခြိမ့်သူငယ်ချင်းရောက်လာပြီး မန္တလေး ဘုရားကြီးကို အရင် ဖူးကြတယ်။ အန်တီဆွိတို့ရောက်တော့ မျက်နှာသစ်တော်ရေ ကပ်တဲ့ ဘုန်းဘုန်း ပြန်ကြွလာတာနဲ့ လမ်းမှာတိုးသေးတယ်။ သားအမိသားအဖတွေ ဘုရားအေးအေးဆေးဆေး ကန်တော့ကြပြီး သမီးကို လဲ ဘုရားကြီး အကြောင်းရှင်းပြနေရတယ်။
အပြန်ကျ စောင်းတန်းတွေဖက်မှာ မြန်မာမုန့်တွေ ရောင်းတာနဲ့ မုန့်လိပ်ပြာ ၅၀၀ ဖိုးဝယ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ မြန်မာမုန့်ငတ်နေတဲ့ အန်တီဆွိ ကားပေါ်ရောက်တော့ စားကြည့်တော့ မုန့်လိပ်ပြာဟာ ငယ်ငယ်က အဘွားဝယ်ကျွေးဖူးတဲ့ မုန့်လိပ်ပြာလို စားလို့မကောင်းဘူး။ မုန့်ထဲ ထည့်တဲ့ ပဲယိုက ထန်းညှက်ခဲလောက်လေးပဲ ရှိပြီး ဆန်မုန့်ပြားကသာ ကြီးနေတော့ စားလို့က အရသာဘယ်ရှိမလဲဗျာ။ ခေတ်က တိုးတက်လာလေ၊ ကုန်ဈေးနှုန်းတွေကကြီးလာလေ၊ အစားအသောက်တွေက ခိုလာကြလေဆိုသလို ဖြစ်နေပါလားလို့ တွေးမိတယ်။
နာမည်ကြီး မုန့်တီဆိုင်
နောက်တော့ ဦးခြိမ့်သူငယ်ချင်း အိမ်မှာ ခဏနားပြီး မန္တလေးက နာမည်ကြီး မုန့်တီ သွားစားကြတယ်။ ဦးခြိမ့်သူငယ်ချင်းဆိုလို့ သူက အရီးတောင်းရဲ့ အငယ်ဆုံးသားပါ။ ဦးခြိမ့်တို့နဲ့ မေဂျာတူ၊ same batch အင်ဂျင်နီယာကျောင်းထွက်ဖြစ်ပြီး စကားပြောကောင်း၊ ဟိတ်ဟန်မရှိ၊ ကျောင်းမှာ ကထဲက ပျော်ပျော်နေတတ်သူလို့ နာမည်ကြီးပါတယ်။ ခု သူကိုယ်တိုင် စီးပွားရေးကို ဦးစီးပြီးလုပ်နေတာ။ ခုအရီးတောင်းကထွက်တဲ့ ပစ္စည်း အသစ်တွေ၊ လဖ္ဘက်ဗူးတွေက သူကိုယ်တိုင် တီထွင်ထားတာ ဆိုပါတယ်။သူနောက်ဆုံးထွင်ထားတဲ့ can ဗူးလို လ္ဖက်ဗူးတွေတောင် လက်ဆောင်ပေးလိုက်ပါသေးတယ်။
နာမည်ကြီး စီးပွားရေးသမားဆိုပေမဲ့ တကယ်ကို ဟိတ်ဟန်မရှိ၊ လေးစားစရာကောင်းပါတယ်။
မုန့်တီဆိုင်ဆိုလို့ ခေါ်သွားတာ ဒေါ်စိုးဆိုင်တဲ့။ ဟိုးအရင် ၆နှစ်လောက်ကလဲ အန်တီဆွိသူငယ်ချင်း တစ်ယောက်လိုက်ပို့ဖူးတဲ့ ဆိုင်ပါပဲ။ ဟိုးလွန်ခဲ့တဲ့ ၄နှစ်လောက်ကလည်း ဒီဦးခြိမ့်သူငယ်ချင်းပဲ လိုက်ပို့လို့ စားခဲ့ဖူးပါတယ်။ စားလို့ တော်တော်ကောင်းတဲ့ ဆိုင်ပါ။ အံ့သြစရာကောင်းတာက ဆိုင်ဟာ အင်မတန် အောင်မြင်ပေမဲ့ ဆိုင်ရဲ့ အသွင်အပြင်က ပြောင်းလဲခြင်းမရှိပါဘူး။ အရင်ပုံစံအတိုင်း အမိုးအကာမရှိ လမ်းဘေးလိုနေရာမျိုးလေးမှာ စားပွဲလေး ၂လုံးလောက်နဲ့ ရောင်းနေခြင်းပါ။ အန်တီဆွိသာဆိုရင်တော့ ဒီလောက်ရောင်းရပြီး ဒီလောက်အောင်မြင်နေတာ ဆိုင်လေး သပ်သပ်ရပ်ရပ်ပြင်ဆောက်ပြီး မိုးလုံလေလုံလေးဆောက်မယ်စိတ်ကူးတာ။ သူတို့ပြောတာကတော့ ဆိုင်ကို အရင်ပုံစံကို ပြောင်းလိုက်ရင် မရောင်းရမှာ စိုးလို့ပါတဲ့ ဗျား။ ဆိုင်သာ မပြောင်းတာ ဆိုင်ပိုင်ရှင် ဒေါ်စိုးဆိုသူကတော့ သူ့ဝင်းထဲမှာ အပြင် နောကိ တစ်ဝင်းပါထပ်ဝယ်ပြီး တိုက်အိမ်ကြီးတွေ ဆောက်ထားတာမှ ၂ထပ်-၃ထပ် ဟီးထနေတာပါပဲဗျာ။
မုန့်တီစားပြီးကျတော့ စစ်ကိုင်းက ဦးလေးကားလာကြိုတာနဲ့ အန်တီဆွိတို့ မိသားစုလည်း ဦးလေးတို့နေတဲ့ စစ်ကိုင်းဖက်ကို ဆက်ထွက်ခဲ့ကြပါတော့တယ်။
စစ်ကိုင်းကအပြန် မန္တလေးက ဦးခြိမ့်အကိုရဲ့ ဆေးရုံဝင်းထဲမှာ ၂ည ဆက်အိပ်ပြီး မန္တလေးတောင်၊ ရွှေကျောင်း၊ ဦးပိန်တံတား၊ ဗထူးကွင်း မြီးရှည်ဆိုင် အစရှိတာတွေကို သွားရောက်လည်ပတ်ခဲ့ကြောင်းပါ။
(ကားပေါ်မှာ ကင်မရာ အိပ်က ထုတ်ရတာ ခက်လို့ဆို ကင်မရာ မထုတ်ထားမိလို့ ဓာတ်ပုံတွေ တစ်ပုံမှ မရိုက်ခဲ့ရပါဘူး။ မန်းလေးရောက်မှ ရိုက်ထားတဲ့ ပုံတွေသာ တင်ပေးထားပါတယ်)

တောင်တမန်အင်းတွင် လှေစီးကြသည် .. |
ဦးပိန်တံတား အမှတ်တရ (ပထမဆုံး ရောက်ဖူးကြခြင်းဖြစ်သည်) |
ရွှေကျောင်းကြီးတွင် ... |
ဗထူးကွင်းက မြီးရှည်သယ်။ နာမည်ကြီးလွန်းလို့ သွားစားကြသည်။ |
(ကားပေါ်မှာ ကင်မရာ အိပ်က ထုတ်ရတာ ခက်လို့ဆို ကင်မရာ မထုတ်ထားမိလို့ ဓာတ်ပုံတွေ တစ်ပုံမှ မရိုက်ခဲ့ရပါဘူး။ မန်းလေးရောက်မှ ရိုက်ထားတဲ့ ပုံတွေသာ တင်ပေးထားပါတယ်)
This comment has been removed by the author.
ReplyDeleteမသိဘူး။ ဘာလဲဟင်။စောင်တွေ ပေးတာလား။ ????/ ကားမယ်လေးတွေရဲ့ အသံချွဲချွဲလေးတွေပဲ သတိထားမိတယ်။
Deleteမမရေ..ဆရာကန်တော့ပွဲပီးမှ မန်းလေးကို ကူးတာလား။ မန်းလေးက ပြန်လာမှ ဆရာကန်တော့ပွဲ တက်တာလား။ လူတွေ အများကြီးနဲ့ မို့ နှုတ်မဆက်လိုက်ရဘူး။ ဆရာကန်တော့ပွဲက အပြန်ခြေခေါက်သွားတာ ဒင်နာတောင် မတက်လိုက်ရဘူး
ReplyDeleteပေတူး
မန်းလေး စစ်ကိုင်းပြီးမှ ဆရာကန်တော့ပွဲ တက်တာပါ။ အစ်မတော့ ၃ပွဲတောင် တက်လိုက်ရတယ်။ ကန်တော့ပွဲ၊ ဒင်နာအပြင် 95 batch တွေ တွေ့ဆုံပွဲပါ တက်လိုက်ရတယ်။ သူငယ်ချင်းတွေ ပြန်တွေ့ရတာ ပျော်စရာကြီး။ နှစ်ပေါင်း ၂၀လောက် မတွေ့ရသူတွေ ပြန်တွေ့ရတာ ၀မ်းနည်း၊၀မ်းသာ အမျိုးမျိုးပဲ။
Deleteတီဆွိ
ReplyDeleteဖုန်းဆက်တာ ကျေးဇူးပါ..
မြန်မာပြည်ရောက်ရင် အကုန်မေ့သွားပြီး ... မေမေ့ အသိတွေထဲကဖုန်းဆက်သလားလို့  အူကြောင်ကြောင် ပထမဖြစ်သွားတယ့်အတွက် တောင်းပန်ပါတယ်...
ဓါတ်ပုံတွေမြင်ရတာ ကြည်နူးစရာပါ..
Kyi Sandar
ဖုန်းနံပတ်တွေ အများကြီးပေးထားပြီး မဆက်ဖြစ်လိုက်ရင် အားနာစရာကောင်းလွန်းလို့ ဆက်လိုက်တာ။ ပြောလိုက်ရလို့ တော်သေးတာပေါ့။ ဆက်ပြီး တွေ့တောင် တွေ့ပါ့မလားထင်နေတာ။
Deleteတီဆွိ ကားမယ်လေး တွေ ပုံ ၇ိုက်ခဲ့ မှာ မန်းလေးခ၇ီး က ပျော်စ၇ာကြီး နော်
ReplyDeleteဟုတ်တယ်။ ကင်မရာက မထုတ်ထားမိ။ အိုင်ဖုန်းနဲ့လဲ ရိုက်ဖို့ သတိမရ။ အိပ်ဆေးသောက်ထားတော့ အိပ်ချင်တာပဲ သိနေတော့ မရိုက်လိုက်ရဘူး။ နောက်တစ်ခေါက်ကျရင်တော့ AMK အတွက် အထူးသေချာ ရိုက်ပေးခဲ့မယ်နော် ကားမယ်လေးတွေပုံကို။
Deleteအေးတာတော့မပြောနဲ့တော့ တီဆွိရေ တလောကတောင် ဘယ်ကားလဲမသိဘူး အေးလွန်းလို့အဖိုးကြီးတယောက် သေ သွားသေးတယ်လေ ပြဿာနာတွေတောင်တက်ကြသေး
ReplyDeleteသစ်သစ်လည်း သူများညွှန်းလို့ ပြင်ဦးလွင်တက်တော့ အဲ့ကားစီးပြီး သွားမိပါတယ် ၀တ်ထားတဲ့ဂျင်းအကျီလေးက ဘယ်လိုမှအချမ်းဒဏ်ကိုမခံနိုင်ဘူး အေးတာများရင်ထဲကတောင်ကျဉ်တက်နေသလိုပဲ နားနေတဲ့နေရာခဏရပ်တော့ သွေးပူအောင်လမ်းတွေပတ်လျှောက်ခဲ့ရတာ အမှတ်တရပဲ.... ငယ်ထိပ်တောင်အေးနေသလားထင်မိတယ် တကယ်ပဲ ဒါပေမယ့်လည်း ဟိုးအရင်ကဒီလိုဝန်ဆောင်မှူမျိုးမရှိခဲ့တော့ ပေးရတဲ့ပိုက်ဆံနဲ့တန်တယ်လို့ထင်တာပဲ.... ကော်ဖီလာပေးမယ်ဆိုတော့ စိတ်ထဲမှာကော်ဖီပူပူလေးတော့ သောက်လိုက်မယ်စိတ်ကူးတာ လာပေးတော့ကော်ဖီအေးဗူးဆိုတော့ ဒီတိုင်းမသောက်ပဲထားခဲ့လိုက်တယ် .... ပို့စ်တွေမတက်တော့ နေများမကောင်းဘူးလားထင်နေမိတာ မြန်မာပြည်ပြန်လည်နေတာကိုး.. ပျော်ရွှင်ပါစေ အမရေ
ReplyDelete၀န်ဆောင်မှု၊ အချိန်တိကျတာတွေက အများကြီးတိုးတက်လာပါတယ်။ အရင်က ရန်ကုန်မန်းလေး ရထားနဲ့ အကြာကြီး ဒုက္ခခံပြီး စီးရတာ။ ခုတော့ အတော် ဇိမ်ကျပါတယ်။ အဲကွန်းလေးတွေပဲ နဲနဲ လျှော့ကြရင်ကောင်းမယ်။
DeleteTsweet ဘယ်တော့အကြွေးတွေဆပ်မလဲလို့ တနေ့တနေ့မျှော်လိုက်ရတာ။
ReplyDeleteမြန်မာပြည်ပြန်တဲ့ပိုစ်တွေရော၊ဆရာကန်တော့ပွဲပိုစ်တွေရော
tsweet မှာအကြွေးဆပ်စရာပိုစ်တွေအများကြီးလို့ထင်နေတာ။နောက်တာနော်တီဆွိ
ဒါပေမယ်တပုဒ်ထဲတော့အားမရဘူး :P
ံHtet Hsu
ရေးစရာတွေတော့ အများကြီးပဲ စုစုရေ။ အန်တီဆွိ အပျင်းမတစ်ရင်တော့ ရေးဖြစ်မှာပါ။
Deleteမုန့် တွေမြင်ပြီး ဗိုက်ဆာလာတယ် ခင်ညာ..ပျော်ရွှင်တယ့် ခရီးဆိုတာ သိပ်သေချာနေပါတယ်..
ReplyDeleteဒါတောင် စားခဲ့တာတွေ အကုန်မရိုက်ခဲ့ရဘူး။ ပျော်လဲ ပျော်တယ်။ ပင်လဲ ပင်ပမ်းတယ်။ ဒီရောက်မှပဲ နားရတော့တယ်။
DeleteYour post gives me info on how to go to Mandalay. But, I don't like too cold aircon. Is it much more cooler than cabin temperature of aircraft? Cabin temperature is just nice for everyone.
ReplyDeleteYes, it is a bit cooler than cabin temp, I think around 16 deg C.
Deleteတီဆွိ
ReplyDeleteတော်တော်လဲသွားနိုင်တာဘဲနော်။ ခရီးရောက်ရောက်ချင်းနောက်နေ.မှာကိုဘဲစပြီး ခရီးထပ်ထွက်တာ။ ဂျုဂျုခံနိုင်လို.တော်သေးတာပေါ.။
သူက လမ်းခရီးမှာ၊ တခြားသူအိမ်တွေမှာတည်းတာ အဆင်ပြေရဲ.လား၊မြန်မာပြည်က အစားအသောက်တိုင်းသူစားနိုင်ရဲ.လားမသိဘူး။
အခုတော.လဲ ပြန်ရောက်လို. ပုံမှန်ပြန်လည်ပတ်နေရောပေါ.။
ဂျူဂျူ မခံနိုင်ပါဘူးဗျာရေ။ နေမကောင်း၊ အံ အပူချိန်မကျလို့ အထူးကုဆရာဝန်နဲ့ ပြပြီး anti virus on မှ ပဲ ရတော့တယ်။ ဆရာဝန်ကတော့ ခရီးပန်းတာရယ် အအေးမိတာရယ်ပြောတယ်။ မလေးရှားမှာလဲ တစ်ညအိပ်လိုက်ရသေးသကိုး။ အဲဒါတွေ နောက်ရေးဖြစ်မလားတော့ မသိဘူး။
Deleteရေးပါတီဆွီရဲ့မျှော်ရတဲ့သူတွေကိုသနားသောအားဖြင့် :)
Deleteသမီးလဲတနေ့တနေ့တီဆွီပိုစ်တွေကိုဘဲ google reader ထဲမှာရှာနေရတာ။reader မှာမတွေ့တော့ reader များမှားနေလားဆိုပြီး
blog ထဲတခါပြန်ဝင်ကြည့်နဲ့အလုပ်ကိုရှုပ်နေတာဘဲ။အမာခံပရိတ်သတ်နော် :P
အိမ်မှာတောင် အမေ့ကိုပြောနေသေးတယ်သမီးဖတ်နေကြ bloger tsweet မြန်မာပြည်ပြန်လာတယ်ဆိုတော့ အမေကတောင်ဒီလောက်ဖြစ်နေတာသွားတွေ့လိုက်ပါလားတဲ့ :)
သူများcomment အောက်မှာထပ်ရေးလိုက်တယ်
ံHtet Hsu
တီဆွိရေ ရေးပါဦးနော် ကျိုက်ထီးရိုးနေ.ချင်းပြန်သွားတော.ကော ရန်ကုန်က အစောကြီးထွက်ရလား အဲဒါလဲသိချင်တယ် ကျမကျိုက်ထီးရိုးမရောက်ခဲ.ဘူး
ReplyDeleteသွားတော.သွားချင်တယ် တီဆွိတို.က သွားနိုင်ချက်နော် နားကိုမနားဘူး ကောင်းလိုက်တာ
မဆွိရေ... သမီးတို့က အသွားကို Elite နဲ့သွားပြီး အပြန်ကို ငွေနှင်းမန္တလာ နဲ့ ပြန်တာ.. ငွေနှင်းမန္တလာ က လိုင်းအသစ်မို့လားမသိဘူး.. ပိုဆက်ဆံရေးကောင်းတယ်.. ကားမယ်လေးတွေကလည်း ပိုယာဉ်ကျေးတယ်။
ReplyDeletehninsiphuu
ကြိုက်လို့ရှဲလိုက်တယ်
ReplyDeleteဆွိရဲ့ထိမိတဲ့သရော်ချက်လေးများကို ကြိုက်လွန်းလို့ နတ်သမီးရဲ့ ဘလော့မှာ ကောင်းလွန်းတဲ့ဘလော့ ဆိုပြီး
ReplyDeleteညွှန်းလိုက်တယ်။ဦးခြိမ့်ရဲ့ပြုပြင်ရမဲ့မြိုပြလေး ကို ဦးခြိမ့် ရေးလိုက်မှ နားမျက်စေ့ပွင့်သွားတယ်။
ခရီးသွာာာာား ... လုပ်သားပြည်သူ အပေါင်းတို့ရှင်င်င်င် .... ကျွန်မတို့ရဲ့ အီလိုက် အိတ်စပရက်စ်စ်စ်စ် ... အမြန်ကားကြီးဟာာာာာ မကြာခင် အချိန်အတွင်းမှာာာာာ ... "
အရမ်း မိတာ ရေးသားတာတွေကောင်းလွန်းလို့ အလွန်အဖိုးတန်ပါတယ်
နားထဲပြန်ကြားအောင် မြန်မာစာကိုရေးထားတာ နတ်သမီး မြန်မာစာကို လေ့လာနေပေမဲ့သည်လောက်ကောင်း တာမတွေ့ဘူးပါ။
တီဆွိကလည်းဦးပိန်းရောက်တာများရတနာပုံတက္ကသိုလ်ကိုလာမလည်ဘူးကျောက်တော်ကြီးဘုရားရောဖူးသေးလားနောက်တစ်ခေါက်လာရင်ရတနာပုံကိုလာလေ့လာနော်ပျော်စရာကြီး။
ReplyDelete