Wednesday, September 17, 2014

မက်စ်ကာရာ ဇာတ်လမ်း ...


တီတီဆွိ ငယ်ငယ်က အဆောင်မှာ နေတော့ ဘေးကသူငယ်ချင်းက မနက်ကျောင်းသွားခါနီး အလှပြင်ရင် သူ့ အလှပြင်ပစ္စည်းတွေထဲက ခဲတံလို ခပ်တုတ်တုတ် အရာတစ်ခုကို ထုတ်ပြီး မျက်တောင်ကို ကော့ကာ ကော့ကာ ဆိုးနေတာကို ခဏခဏ မြင်ဖူးခဲ့သည်။ အော် အလှပြင်တဲ့ ပစ္စည်းပေါ့လေ။ သူငယ်ချင်းမက လှလဲလှ၊ ပြင်လဲ ပြင်ပြင်ဆင်ဆင်နေတတ်သူမှို့ အဲလိုပဲ သူ့ထံမှ အလှပြင် ပစ္စည်း အထူးအဆန်းလေးတွေ တွေ့နေကျ။ အဲဒီအချိန်က တီတီဆွိအဖို့ ကျောင်းတက်ဖို့ စားရိတ်တောင် အနိုင်နိုင်ဆိုတော့ သူငယ်ချင်းလို ထူးထူးဆန်းဆန်း အလှပြင်ပစ္စည်းတွေ စိတ်လဲ မ၀င်စားလှ။ ၀ယ်ဖို့လဲ မတတ်နိုင်သည်ကိုး။ 

ဒီလိုနဲ့  နိုင်ငံရပ်ခြားမှာ ကျောင်းတက် အလုပ်တွေဘာတွေ ရလာ၊ ၀င်ငွေလေးလဲ အတန်ငယ်ရှိလာ၊ လှလဲ လှချင်လာတော့ အလှပြင် ပစ္စည်းများကို စမ်းသုံးကြည့်ချင်လာသည်။  သို့နှင့်  တီတီဆွိ၏ ပထမဆုံး မက်စ်ကာရာကို သမီးလေး ၄-၅နှစ်လောက်မှာ စ၀ယ်ဖြစ်သည်။ ပထမဆုံး အကြိမ်သုံးစဉ်က မလုပ်တတ်လုပ်တတ်နှင့် မက်စ်ကာရာကို မျက်တောင်ပေါ်ဆိုးပြီး ကော့ပြီး မျက်စိ အမှတ်တမဲ့ မှိတ်မိရာ မျက်ခမ်းအောက်ဖက် မက်စ်ကာရာ အမဲများ ပေကျံကုန်၍ အတော်ပင်  ဒုက္ခရောက်လိုက်သေးသည်။ ဆိုးလိုက်၊ ပေလိုက်၊ ဖျက်လိုက်နှင့် ပထမဆုံးအကြိမ်က အတော်တော့ အဆင်မပြေ။ ဆိုးပြီးတော့ သူ့ဟာသူ မှန်ထဲကြည့်ကာ မဆိုးပါဘူးဟု ကျေနပ်နေစဉ် သမီးဖြစ်သူက အားပေးလေသည်။ မေမေက သရဲမကြီးနှင့် တူသတဲ့။ ဟဲ့သမီးရဲ့ ကိုယ့်အမေကိုယ် သရဲမကြီးလို့ မပြောရဘူး ဆိုတော့ သူပြောမှ ပိုဆိုးသွားသည်.။ ဂျူဂျူက တကယ်သရဲမနဲ့တူလို့ အမှန်အတိုင်းပြောတာကိုတဲ့ ... ကဲ။ 

ဤသို့နှင့် နောက်တစ်နှစ်ခန့်ကြာသောအခါ တီတီဆွိ၏ ပထမဆုံးသော မက်စ်ကာရာဗူးလည်း ကုန်ခါနီးပြီ။ အရင်ကလို ဆိုးလိုက်ရင် အရည်လေးတွေ စိုမနေတော့ပဲ ခပ်ခြောက်ခြောက် ဖြစ်လာကာ အရင်ကလို ဆိုးင်္ပြီးလျှင် အောက်မျက်ခမ်းအား ပေကျံခြင်း မျက်လုံးတစ်ဝိုက် မဲနေခြင်းတို့ မရှိတော့။  ဆိုးပြီးတာနှင့်တန်းခြောက်သည်ကိုး။ ကုန်ခါနီး ဆေးတွေ ခြောက်သွားမှပင် မက်စ်ကာရာလေးက ဆိုးရတာ ပိုအဆင်ပြေနေသေးတော့သည်။

တစ်ရက်တော့ မက်စ်ကာရာသည် လုံးဝ ဆိုးမရအောင် ခန်းခြောက် ချေပြီ။ ထိုအခါ တီတီဆွိတစ်ယောက် မက်စ်ကာရာအသစ်ဝယ်ရန်  ရှာပုံတော်ဖွင့်ရတော့သည်။ အလှပြင် ပစ္စည်းဆိုင်တွေမှာ မက်စ်ကာရာတွေ ဘရန်းအမျိုးမျိုး အလွန်ပေါများသော်လည်း အရင်သုံးဖူးသည့် brand၊  အရောင်၊  brush တို့ကို အတိအကျ လိုက်ရှာ ၀ယ်လေရာ တော်တော်နှင့် ရှာမတွေ့နိုင်ဖြစ်ရလေသည်။ 

တစ်ရက်တော့ နာမည်ကြီး အလှပြင်ပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်တွင် သူလိုက်ရှာနေသည့် မက်စ်ကာရာ ဘရန်း၊ အရောင် အတိအကျကို တွေ့လိုက်ရာ အလွန်ဝမ်းသာသွားသည်။ သို့ပေမဲ့ ထိုနေ့က ၀ယ်မည်လုပ်တော့ ပိုက်ဆံအိပ် (Wallet) အိမ်တွင် မေ့ခဲ့ရာ ၀ယ်ခါနီးမှ လိုချင်တာလေး မရလိုက်၍ အလွန်ပင် စိတ်ပျက်ခဲ့ရလေသည်။ နောက်တစ်ပတ်နေမှ ထိုဆိုင်သို့ တစ်ခေါက် ထပ်ရောက်ကာ လိုချင်နေသော မက်စ်ကာရာကို ၀ယ်ခဲ့ပါတော့သည်။

နောက်နေ့ တနင်္လာနေ့မနက် Monday blue က အတော်ဆိုးသည်။ ရုံးသွားရမှာ ဆိုတော့ မနက်စောစောထရမှာ အပျင်းထူနေရာ မနက် ၈နာရီထိုးမှ အိပ်ရာမှ ကျုံးရုန်းထကာ ရုံးသွားဖို့ ရေမိုးချိုး ပြင်ဆင်ရတော့သည်။ ရေကို ၁၀မိနစ်နဲ့ အမြန်ချိုး၊ အ၀တ်ကိုလဲ အမြန်လဲ၊ မိတ်ကပ်ကို ကမန်းကတမ်းလိမ်း၊ အပေါ်က Cream puff ကို တက်သုတ်ရိုက်ကာ ပုတ်ရသည်။ မျက်ခုံးမွှေးကို ကမန်းကတမ်းဆွဲ  နှုတ်ခမ်းနီ ပန်းဆီရောင် ဖျော့ဖျော့ကို အဆီပါသည့် တခြားနှုတ်ခမ်နီနှင့် တွဲဆိုးကာ နှုတ်ခမ်းနီဗူးပြန်အထား၊ အံဆွဲထဲမှာ မနေ့က ၀ယ်ထားသည့် မက်စ်ကာရာဗူး အသစ်ချပ်ချွတ်ကို တွေ့မှ ဆိုးဖို့ သတိရသွားသည်။ 

မက်စ်ကာရာကို ကမန်းကတမ်းဖွင့်ကာ မျက်တောင်ပေါ် ဆိုးလိုက်သည်။ ဆိုးပြီး ရုတ်တရက် မျက်တောင်ခပ်မိရာ ဆေးက အသစ်ဆိုတော့ အရင်ဆိုးနေကျ လို ဆေးကမခြောက်ပဲ စိုနေရာ မျက်လုံးတစ်ဝိုက် အောက်ခြေတွေမှာရော ဆေးအမဲတွေ ပရပွ ပေကျံကုန်တော့သည်။ အော်အရေးကြီးပါတယ်ဆိုမှ၊  ဆေးတွေကို တစ်ရှုးစနဲ့ ကမန်းကတမ်းသုတ် မက်စ်ကာရာကို ထပ်ဆိုးကာ အလုပ်ရှုပ်သွားသည်။ 

အိမ်ခန်းထဲကထွက်လာတော့ စလင်းဘက်အိပ်ကိုယူ၊  ကြီးတော်ပြင်ပေးထားသည့် ရုံးထမင်းဗူးအထုတ်ကိုဆွဲကာထွက်လာရာ မနက်တိုင်း ၀တ်ပြုနေကျ ဘုရားစင်ရှေ့ရောက်မှ ဘုရားရှိခိုးဖို့ သတိရလေသည်။ 

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရှေ့မှောက်တွင် ကျူံ့ကျုံ့ထိုင်ကာ ရှိခိုးရန် မျက်လုံးကို အမှိတ် စောနက ဆိုးထားသည့် မက်စ်ကာရာတို့က မခြောက်သေးရကား မျက်စိမှိတ် ရှိခိုးရန် မဖြစ်နိုင်တော့ချေ။ ထိုမက်စ်ကာရာတို့ ပေပါက ပြန်ဖျက်ရန်လည်း အချိန်မရတော့ပါ။ ရုံးချိန်က အတော်နောက်ကျနေပါပြီ။

ခါတိုင်းတော့ မျက်လုံးအစုံကို ငြင်သာစွာ မှိတ်ခါ ရိုကျိုးစွာ ၀တ်ပြုတတ်သောတီတီဆွိသည် ထိုနေ့မနက်ကတော့ မျက်လုံးအပြူးသားဖြင့် မျက်တောင်မျှပင် မခပ်ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရှေ့မှောက်တွင် ရှိခိုးဝတ်ပြုလျှက်ရှိပေသည်။ 

ဘုရားရှိခိုးအပြီး ဘုရားရှင် ကိုယ်တော်မြတ်ကြီး မျက်နှာကို ကြည်ညိုရန်
ဖူးလိုက်တော့ မှ ဘုရားရှင်၏ မျက်နှာတော်မှာ ခါတိုင်းနေ့တွေကထက် ပို၍ ပြုံးတုံးတုံ့ကြီး ဖြစ်နေသလားဟု စိတ်ထဲတွင် ထင်မိလိုက်လေသတည်း။


Saturday, September 13, 2014

အိမ်ရှင်မတို့ အတွက် မြန်ကောင်း သက်သာ နည်းလမ်းကောင်းများ .. (၃)

မြန်ကောင်းသက်သာ နည်းလမ်းလေးတွေ ဆက်ရေးပါဦးမယ်။ တစ်ပတ်လုံး ပျင်းနေတာနဲ့ ခုမှ ဆက်ရေးရတယ်။ နောက်ကျသွားတာ ခွင့်လွှတ်တော်မူကြပါ။

(၅) ဈေးဝယ်တာနဲ့ ပတ်သတ်ပြီးပဲ ဆက်ရေးပါဦးမယ်။
ဈေးဝယ်တဲ့ နေရာမှာ One Stop တစ်နေရာတည်းမှာ၊ ပစ္စည်းတွေ အားလုံးရနိုင်တဲ့ နေရာမှာ တစ်ခါထဲ ၀ယ်ပါ။

ဈေးဝယ်တဲ့အခါမှာ အရင်ကတော့ အားနေတော့ ကြားရက်တွေမှာ သမီးကျောင်းပို့အပြန် နီးတဲ့ စူပါမားကတ်မှာ ကြုံရင်ကြုံသလို ၀ယ်တယ်။ တခြား ဈေးသက်သာတဲ့ ပစ္စည်းလေးတွေရောင်းတဲ့ စူပါမားကတ်မှာလဲ ၀ယ်တယ်။ ဟင်းသီး ဟင်းရွက် သစ်သီးတွေ ပေါတဲ့ နေရာ မှာလဲ ထပ်ဝယ်ပြန်ရော။ နောက် အသား၊ငါးရောင်းတဲ့ နေရာ တစ်ခု ။ နောက် တရုတ်စာ အေရှန်စာတွေ ရောင်းတဲ့နေရာတစ်ခု ... အဲသလို ဈေးသွားရင် ၅နေရာလောက်ပြေးနေရတယ်။ ခုတော့ အဲဒီပစ္စည်းတွေ အကုန် လုံး တစ်စုတည်းရနိုင်တဲ့ စူပါမားကတ်ကြီး တစ်ခုမှာ ကားကို တစ်ခါထဲ park ထားခဲ့ပြီး စူပါမားကတ်တစ်ခုက တွန်းလှည်းတစ်ခုနဲ့ အားလုံးစုဝယ်တော့ ကား parking ရှာရတာလဲ သက်သာတယ်။ ဓာတ်ဆီကုန်တာလဲ သက်သာတဲ့ အပြင် အချိန်ကုန်လဲ သက်သာသွားတယ်။ သမီးကို စနေမနက် ကျောင်းပို့ပြီးတာနဲ့ ဦးခြိမ့်နဲ့၂ယောက်သား ဈေးဝယ်ကြတယ်။၊ သူက တွန်းလှည်းတွန်းပေးတော့ ကိုယ်လဲ သက်သာတာပေါ့။

(၆) တစ်ပတ်အတွက် ဈေးစာရင်းကို လဲ သေချာ ပြင်ဆင်ထားပါ။ မီးဖိုချောင်ထဲမှာ ပစ္စည်းလေးတွေ ပြတ်သွားရင် ချက်ချင်းချရေးတဲ့ အကျင့်ကို လုပ်ထားပါ။ ကိုယ်က သတိမေ့တတ်တော့ မမှတ်ထားမိရင် နောက်အပတ် ဟင်းချက်လို့ လိုတာ မရှိရင် ပြသနာတက်ပြီလေ။ Ingredient မစုံရင် မချက်တတ်တဲ့ အကျင့်ကလဲ ရှိနေတော့   မီးဖိုထဲမှာ white board လေးဖြစ်ဖြစ်၊ စာအုပ်လေးနဲ့ ဘောလ်ပင်လေးဖြစ်ဖြစ်၊  ချထားပြီး လိုတာကို ချက်ချင်းချရေးတာ အကောင်းဆုံးပါ။

နောက် ဈေးစာရင်းရေးတာလဲ အချိန်သိပ်မကုန်ပါဘူး။ အလွန်ဆုံး ၅မိနစ် -၁၀မိနစ်လောက်ပါပဲ။အန်တီဆွိကတော့ စနေမနက် သမီးကျောင်းမပို့ခင် ရေခဲသေတ္တာထဲ အသားငါး၊ ဟင်းသီးဟင်းရွက်တွေ စစ်ဆေးပြီး နောက်အပတ်အတွက် ချက်မည့် ဟင်းကို စဉ်းစားပြီး ရေးရတာပါပဲ။ စိတ်ထဲမှာ ကိုယ်စားချင်တာရယ်၊ ကိုယ့်အိမ်ကလူတွေရဲ့ ဆန္ဒရယ် ကောက်ခံပြီး နေ့စဉ်ဟင်းချက်မဲ့ စာရင်းကို ရေး၊ အဲဒီကမှ ၀ယ်ရမဲ့ ပစ္စည်းစာရင်း ထွက်လာတာပဲ။

(၇) ဈေးဝယ်တဲ့အခါ ကိုယ့် အတွက်လွယ်ကူမယ်၊ မြန်မယ်ထင်တဲ့ ပစ္စည်းလေးတွေကို လည်း သေချာစဉ်းစားပြီး ၀ယ်ပါ။ ဥပမာ ကြက်သွန်ဖြူဆိုရင် ဟင်းချက်ခါနီးတိုင်း နွှာရတာ အချိန်သိပ်ကုန်တယ်။ အဲဒါမျိုးကျ တစ်ခါထဲ အခွံချွတ်ပြီးသားတွေ ရောင်းပါတယ်။ ဈေးလဲ သိပ်ကွာလှတာမဟုတ်။ တစ်ကေဂျီ တစ်ဒေါ်လာလောက်ပဲ ပိုပေးရတာနဲ့ ကိုယ့်အတွက် အချိန်တွေ အများကြီး ပိုထွက်လာပါလိမ့်မယ်။ နောက်ပြီး တချို့ Ready made အနှစ်ထုပ်လေးတွေလဲ တစ်ခါတစ်လေ စားလို့ကောင်း ချက်ရတာလဲ လွယ်ကူပါတယ်။ Lemon chicken အနှစ်ထုပ်လေးတွေ၊ ကုန်းဘောင် အနှစ်ထုပ်လေးတွေ ၊ butter chicken အစရှိသဖြင့် brand ကောင်းကောင်းလေးတွေ ၀ယ်ထားရင် အသားလှီး၊ ကြော်ပြီး အနှစ်လေးထည့် Capsicum လို ငရုပ်ပွလေး ၀ယ်ထားရင် တရုတ်စာ ဟင်းတစ်ခွက်က ၅မိနစ်လောက်နဲ့ ချက်နိုင်ပြီး စားလို့လဲ အရသာရှိလှပါတယ်။

(၈)ချက်ပြုတ်တဲ့ အခါလည်း ရုံးကအပြန် ချက်ရမဲ့နေ့တွေမှာ  မြန်ကောင်းသက်သာအောင် ကြိုတင်စီမံထားပါ။
ကြက်သွန်ဖြူ - နီတွေကို  ကြိတ်ပြီး အပေါ်က freezer ထဲထည့်ထားရင် အနှစ်နဲ့ချက်ဖို့ လိုတဲ့ အခါ ယူသုံးရုံပါပဲ။ ခဲနေတာတွေ ပျော်ဖို့အတွက်တော့ မနက်ထဲက အပြင်ထုတ်ဖို့လည်း မမေ့နဲ့ဦး။ အသုပ်တွေအတွက် လွယ်ကူစေဖို့ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ မြေပဲမှုန့်၊ ငရုပ်သီးလှော်မှုန့်၊ နှမ်းလှော်၊ ဆီချက် အစရှိတာတွေကို ပုလင်းလေးတွေနဲ့ များများ လုပ်ပြီး သိမ်းထားပါ။ ကြားရက် ထမင်းစားမကောင်းတဲ့ အခါ ထမင်းသုပ်ပဲ ဖြစ်ဖြစ်၊ အသုပ်စုံပဲ ဖြစ်ဖြစ် ချဉ်ငံစပ် အသုပ်လေးတွေက တကယ်ကို ခံတွင်း မြိန်စေပါတယ်။

နောက်  ရေခဲသေတ္တာထဲ ထားခံမဲ့ ( freezer ထဲ မဟုတ်ပါ) ဟင်း ၃မျိုးလောက် ပထမ ၃ရက်စာ ကို ကြိုချက်ထားလို့ရပါတယ်။ (freezer အပေါ်ခန်းထဲတော့ ဟင်းတွေ မထည့်ပါဘူး။ တစ်ချို့တွေလဲ ထည့်ကြပါတယ်။ အန်တီဆွိကတော့ ဟင်းချေးများတဲ့ သူဆိုတော့ အပေါ်ခန်းထဲက ရေခဲပြီးထွက်လာတဲ့ ဟင်းက ဘယ်လိုမှ အရသာ မရှိလို့ မစားနိုင်ပါဘူး။ freezer ၀ယ်ထားတာလဲ တစ်ပတ်ပဲ ခံပါတယ်။ ခုတော့ တခြား သမီးစားစရာတွေနဲ့ ပြည့်နေပါပြီ။ ) နောက် ၂ရက်ကတော့ ရုံးပြန်ချက်ဖို့အတွက် အသားငါးလှီးထား နယ်ထားတာတို့ တခြားလိုတာကို ဗူးလေးတွေထဲ လှီးချွတ်ထည့်ထားပြီး အဆင်သင့်ချက်နိုင်အောင်  ကြိုတင် ပြင်ဆင်ထားပါတယ်။ အပေါ်က မြန်ကောင်းသက်သာနည်းတွေသုံးတော့ ဟင်းသုံးခွက်ချက်တာလဲ သိပ်ကို မြန်ပါတယ်။ အန်တီဆွိကတော့ စနေညမှာ လိုတဲ့ အသားငါးတွေ freezer ထဲက အပြင်ထုတ်ထားပါတယ်။ တနင်္ဂနွေ မနက် ၇နာရီဆို စချက်ပါပြီ။ ဦးခြိမ့်ကတော့ ဘေးကနေ အနှစ်ထောင်းပေးတာတို့၊ ကြိတ်ပေးတာတို့ ကူလုပ်ပေးပါတယ်။ ဂတ်စ်မီးဖို ၄ဖိုနဲ့ တပြိုင်တည်းချက်လိုက်တာ မနက် ၉နာရီဆို တစ်ပတ်စာ အားလုံး ချက်ပြုတ်ပြင်ဆင် ရေခဲသေတ္တာထဲ ဗူးတွေနဲ့ အဆင်သင့်ဖြစ်နေပါပြီ။ အားလုံး ၂နာရီပဲ ကြာပါတယ်။

(၉) စနေ၊ တနင်္ဂနွေတွေမှာ အလုပ်သက်သာအောင် တခြား အိမ်သန့်ရှင်းရေးတို့၊ မြက်ရိတ်တာတို့၊ ကားဆေးတာတို့၊ လူမှုရေး အလုပ်တို့ လုပ်နိုင်အောင် အိမ်မှာ ဘာမှ ချက်မစားပဲ မိသားစုလဲ  အပျော်ဖြစ်အောင် အပြင်မှာ စားကြတာ အကောင်းဆုံးပါ.။  တစ်ပတ်လုံး အိမ်ချက်တာတွေ စားရတာ ငြီးလာတော့ သမီးကအစ ဒီ၂ရက်ကိုတော့ အပြင်မှာပဲ စားချင်ကြတာပါ။ ( ဒီနေရာမှာ ဆစ်ဒနီက စင်္ကာပူနဲ့တော့ ဆန့်ကျင်ဖက်ဖြစ်နေပါမယ်။ စင်္ကာပူမှာက ဟော်ကာတွေ food court တွေ ပေါတော့ ကြားရက်ဆို ချက်မစားကြပဲ အပြင်မှာပဲ ၀ယ်စားကြ၊ စနေ တနင်္ဂနွေဆို အိမ်မှာ သေချာ ချက်စားကြတာ။) ဒီမှာတော့ ကြားရက်မှာ ရုံးမှာလဲ ဘယ်သူမှ အပြင်ထွက် မစားကြပါဘူး။ Lunch အတွက် ဖြစ်သလိုပဲ အေရှန်တွေဆိုလဲ ထမင်းချိုင့်လေးတွေ၊ ခေါက်ဆွဲဗူးလေးတွေနဲ့ အဖြူတွေဆိုလဲ sandwich လေးတွေနဲ့ ဖြစ်သလို ပဲ ပြီးလိုက်ကြတာပဲ။

(၁၀) ညစာ- နေ့လည်စာ ပေါင်းချက်ပါ။ ဥပမာ တနင်္လာ ညစာဟာ နောက်နေ့ အင်္ဂါနေ့အတွက် နေ့လည်စာ ထမင်းထုတ် အတူတူပါပဲ။ လင်မယား၂ယောက်လုံး အလုပ်လုပ်တဲ့ မိသားစုမှာ ဘယ်သူုမှ တစ်နေ့ ဟင်း၂မျိုး ချက်စားနိုင်မှာ မဟုတ်ပါဘူး။ မိသားစုတွေ ညနေစာ မစားခင် ညစာ dinner ထဲကပဲ ထမင်းဗူး ၂ဗူးထဲကို ရေခဲသေတ္တာထဲ စီထည့်ပြီး တစ်ခါထဲ နောက်နေ့ အလုပ်သွားဖို့  ညကတည်းက ပြင်ဆင်ထားပါတယ်။ ခလေးကတော့ ကျောင်းမှာ microwave နဲ့ မနွှေးရတော့ မနက်ကျမှ ထပြီး thermal ထမင်းဗူးထဲ နွှေးပြီး ထည့်ပေးရတာပါ။

(၁၁) တစ်မိသားစုလုံး စားတဲ့ ဟင်းမျိး အစားအသောက်မျိုးကို ရွေးချက်ချက်ပါ.။
ခလေးရှိတဲ့ မိသားစုတွေဆို ခလေးတွေက စပ်တဲ့ဟင်းတွေ မျှစ်ချဉ်လို နံတဲ့ဟင်းတွေ spicy ဖြစ်တဲ့ ဟင်းတွေ မစားနိုင်ကြဘူး။ အဲဒီကျ သူတို့အတွက် နောက်ထပ် ဟင်းတစ်ခု ထပ်စီမံရတော့ ဟင်း ၂နပ်စာ ချက်ရသလိုပဲ ပင်ပမ်းကြရောပေါ့။ အဲဒီတော့ ခလေးရော လူကြီးရော စားနိုင်မဲ့ ကြိုက်နှစ်သက်မဲ့ အစာလေးတွေ ဥပမာ ၀က်သားမျှစ်ချဉ်ဟင်းခက်မဲ့အစား ၀က်သားအာလူးတို့ ၀က်သားအချိုချက်တို့ဆို ခလေးတွေလဲ ကြိုက်တော့ အတူတူချက်လို့ရတာပေါ့။ အမြဲတမ်းတော့လဲ မဟုတ်ပဲ ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်လေးတွေ လဲ တစ်ပတ် တစ်ခါလောက်တော့ ချက်ကြတာပေါ့။ ဒါ့အပြင် ခလေးတွေကျောင်း ထမင်းချိုင့်အတွက် ထမင်းတွေချည်း ထုတ်ပေးမဲ့အစား Bread Talk လို ဆိုင်ကောင်းကောင်းကနေ ဒီအတိုင်းဘာမှ ထပ်မထည့်ရပဲ ready made ပေါင်မုန့်ကောင်းကောင်းလေးတွေ ၂ခု ၃ခုလောက်  ၀ယ်ထားရင် ပထမ၂ရက်အတွက် ခလေး ထမင်းဗူးအတွက် စဉ်းစားရတာ သက်သာသွားတာပေါ့။

(၁၂) မီးဖိုချောင်မှာ ingredient ထည့်တဲ့ ပုလင်း၊ ဗူးလေးတွေကို အလွယ်တကူ ယူနိုင်အောင် label လေးတွေ တပ်ထားပါ။ ဒါမှ ကိုယ်က ရုံးပြန်ချိန်အရေးတကြီးလိုတဲ့ အခါမှာ လိုက်ရှာမနေရပဲ အလွယ်တကူ ယူလို့ရမှာပါ။ အိမ်မှာတော့ အဲလို ငရုပ်သီးမှုန့်၊ ပုဇွန်ခြောက်၊ နောက် spice မျိုးစုံထည့်ထားတဲ့ ဗူးတွေ၊ အမှုန့်ဗူးတွေက အရမ်းကို များတော့ သေချာကို နေရာတကျ တူရာတူရာ စုထားရပါတယ်။ တစ်ခါတရံ လိုတာရှာမရတော့ ဟင်းချက်ရတာ မကြာပဲ ingredient ရှာရတာ ပိုကြာတတ်လို့ပါ။

(၁၃) မီးဖိုချောင်မှာ မလိုတော့တဲံ့ ဗူးခွက် အလွတ် အသုံးနဲတဲ့ ပစ္စည်းတွေကိုလဲ  မလွှတ်ပစ်ချင်ရင် ကတ်ထူပုံးတစ် ခုနဲ့ ထုတ်ပြီး စတိုခန်းလို၊ ကားဂိုထောင်လိုမျိုးထဲမှာ ထည့်ထားပါ။ တစ်ခါတစ်လေကျ မီးဖိုချောင်ထဲမှာ မလိုတဲ့ ပစ္စည်းတွေနဲ့ ဖောင်းပွနေပြီး ရှူုပ်နေတော့ စောနကလိုပဲ ပစ္စည်းတစ်ခုရှာရင် အတော်နဲ့ရှာမရလို့ မီးဖိုချောင်ကို ရှင်းနိုင်သမျှရှင်းနေအောင် ရည်ရွယ်တာပါ။ မီးဖိုချောင် ရှင်းရလဲ သက်သာသွားတာပေါ့။

ဒီအပတ်တော့ ဒီလောက်ပါပဲ။ နောက်အပတ်ကျ အ၀တ်တွေ ထိမ်းသိမ်းဖို့နဲ့  အိမ်သန့်ရှင်းရေးအတွက်  မြန်ကောင်းသက်သာလေးတွေ ပြောပြပါဦးမယ်။

Tuesday, September 9, 2014

အိမ်ရှင်မတို့ အတွက် မြန်ကောင်း သက်သာ နည်းလမ်းကောင်းများ .. (၂)



၁) ဖြစ်နိုင်ရင် အလုပ်ကို အိမ်နဲ့ နီးတဲ့ နေရာမှာ ရွေးချယ်ပါ။


ကိုယ်က အိမ်ငှါးနေတယ်ဆို အလုပ်နဲ့ နီးရာမှာ ပြောင်းပြီးငှါးနေပါ။ အိမ်ဝယ်ထားတယ်ဆိုရင်တောင် အလုပ်က ခိုင်တယ်ထင်ရင် အလုပ်နဲ့ နီးရာ ကို တောင် ပြောင်းနေစေချင်တာ။ အလုပ်က မြို့လည်ခေါင်လို ဈေးခေါင်ခိုက်တဲ့ နေရာဆိုရင်တော့ ဘယ်တတ်နိုင်မလဲနော့။ ဒါကြောင့် ဖြစ်နိုင်ရင်လို့ စကားခံထားတာပါ။ (အိမ်ပြောင်းရင် ခလေးရော ကျောင်းပြောင်းရမှာ။ သူ့အတွက် ကျောင်းနဲ့ နီးဖို့ ပါ ထည့်စဉ်းစားရမှာပါ။)

ဘယ် မြို့ကြီး ပြကြီးမှာမဆို အလုပ်ချိန် rush hour တွေမှာ traffic က ကြောက်ခမန်းလိလိ၊ လူအတော်များများဟာ လမ်းတွေပေါ်မှာ ရုံးမရောက်သေးဘူး၊ ကားမောင်းရင်းနဲ့ ကို frustrated ဖြစ်နေကြရပြီ။  အတော်လည်း စိတ်ရှည် သီးခံကြရတယ်။ ဆစ်ဒနီလို မြို့မှာဆို အဲလို အချိန်တွေမှာ ဘယ်သွားသွား လမ်းတွေဟာ ပြည့်ကျပ်နေတာပါပဲ။  ခရီးဝေးတော့ ကားမောင်းရတာတင် အသွားတစ်နာရီ၊ အပြန်တစ်နာရီလောက်ကြာနေရင် အိမ်ရောက်တော့ ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်က အတော်လျော့သွားပြီလေ။ လူကလဲ အလုပ်က ပင်ပမ်းရတဲ့ ကြားထဲ traffic ကြောင့် frustrated ဖြစ်ရတာနဲ့ နွမ်းနယ်နေကြပြီလေ။ ခလေးကို after school ပြန်ခေါ်ဖို့လည်း နောက်ကျနေကြပြီ။

အန်တီဆွိ အရင်အလုပ်က Traffic ကြောင့် တစ်နာရီခွဲလောက် ကားမောင်းရပါတယ်.။ ကံကောင်းထောက်မစွာနဲ့ အခုအလုပ်က အိမ်နဲ့ သိပ်မဝေးတော့ သမီးဝင်ကြိုပြီးတာတောင် စုစုပေါင်း နာရီဝက်ဆို အိမ်ပြန်ရောက်ပါပြီ။ လူအတော်သက်သာသလို အိမ်အလုပ်တွေ လုပ်ဖို့လည်း အချိန်တွေ အများကြီး ပိုရပါတယ်။ လူလဲ သိပ်မပင်ပမ်းတော့ဘူးပေါ့။ ဒါကြောင့် ဒီအချက်ကလည်း သိပ်ကို အရေးကြီးလို့ နံပါတ် (၁) မှာကို ထားထားတာပါ။

တစ်ချို့ ရုံးတွေမှာ flexible hour ဆိုတော့ traffic ကို ရှောင်ချင်ရင် ရုံးကို စောစောလာ၊ စောစောပြန် ဒါမျိုးဆိုလဲ အဆင်ပြေပါတယ်။ နောက်တစ်ခုက ရထားတို့ ဘတ်စ်တို့နဲ့ အဆင်ပြေမဲ့နေရာဆိုရင်လဲ public transport သာ သုံးပါ။ ကားမမောင်းရတော့ ရထားပေါ် ကားပေါ်  အတော် အနားရပါတယ်။

၂) ခလေးကို before school , after school တွေ ၂ခုလုံးမှာ ထားပါ။ ဒါကတော့ ပြောစရာမလိုပါဘူး။ မိဘ ၂ပါးလုံး အလုပ်လုပ်တဲ့ အိမ်ထောင်တွေမှာ ခလေးတွေကို OOSH လို့ခေါ်တဲ့ Out Of School Hours Care တွေမှာ ထားရတာ ထုံးစံပါပဲ။ ဒီအော်ဇီမှာတော့ မူလတန်းကျောင်းတိုင်းမှာ OOSH centre တွေ ရှိပါတယ်။ သူတို့က မနက်ဆို breakfast ညနေ ကျောင်းပြန်ဆိုလည်း afternoon tea လို့ခေါ်တဲ့ မုန့်တွေ စားစရာတွေ ကျွေးပါတယ်။ သူတို့ကျွေးတာတွေဟာ ဒီက rules and regulation တွေ အတိုင်း ခလေးတွေကို ကျန်းမာစေမဲ့ အစာတွေ ချက်ပြုတ်ပြီူး ကျွေးရတဲ့ အတွက် စိတ်ချရပါတယ်။ အဲဒီအတွက် ကိုယ်က ပြင်ဆင် မပေးရတော့ သက်သာပါတယ်။ School Fees အနေနဲ့လည်း အစိုးရက ၅၀% subsidy လုပ်တော့ သိပ်တော့လည်း အကုန်အကျ မများပါဘူး။

၃) ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ ပန်းကန်ဆေးစက်၊ အ၀တ်ခြောက်စက်၊ မီးပူကောင်းကောင်း၊ အမှုန့်ကြိတ်စက်က အစ အိမ်မှာလိုအပ်တဲ့ ပစ္စည်းများကို ပြည့်စုံအောင် ၀ယ်ပြီး ကိုယ့်ရဲ့ လုပ်အားသက်သာအောင် အသုံးပြုပါ။ ဒီအတွက်လိုသမျှတွေကို လုံးဝ မနှမြောပဲ ၀ယ်ပါ။ အသုံးချပါ။

ဥပမာအနေနဲ့ ပြောရရင် အိမ်မှာ ရေခဲသေတ္တာ ဆိုရင်  စ၀ယ်ကတည်းက ဦးခြိမ့်က အိမ်အဟောင်းက ရေခဲသေတ္တာအတွက် သတ်မှတ်ထားတဲ့နေရာလေးနဲ့ တိုင်းပြီးဝယ်ထားတော့ သူဝယ်ထားတဲ့ ရေခဲသေတ္တာက သေးနေပါတယ်။ ကိုယ့် ထည့်စရာတွေနဲ့ ဘယ်တော့မှ မဆန့်ပါ။ အထူး သဖြင့် အပေါ်ခန်း freezer ဆို အမြဲပြည့်သိပ်နေပြီး အဲဒါကို management လုပ်နေရတာကို အတော်ကြာပါတယ်။ ပစ္စည်း တစ်ခုလိုချင် ပိတ်နေတာတွေ အကုန်ထုတ် လိုတာ ဆွဲထုတ်ဆိုတော့ အချိန် အတော်ကုန်ပါတယ်။ ဒီတော့ ဟင်းတွေချက်ပြီး ထားချင်ထားရအောင်ဆို freezer အသေးလေး တစ်ခု အလုပ်စ မ၀င် ခင် မှာပဲ ထပ်ဝယ်လိုက်တာ အတော်ကို အဆင်ပြေသွားပါတယ်။ အဲဒါလေးကလဲ ၂၀၀ ၃၀၀ လောက်ပဲ၊ ဘယ်လောက်မှ ကုန်ကျတာမဟုတ်ပဲနဲ့ လူလဲ အတော်ကို စိတ်ချမ်းသာသွားပါတယ်။

Dish Washer -ပန်းကန်ဆေးစက်လဲ ထိုနည်းလည်းကောင်းပါပဲ။ အန်တီဆွိ စင်္ကာပူမှာနေတုံးက အိမ်တွေမှာ ပန်းကန်ဆေးစက် မရှိကြပါဘူး။ သိပ် ခေတ်မစားသေးတာလား၊ စင်္ကာပူက အိမ်ရှင်မတွေကပဲ မသုံးကြတာလားမသိပါ။ ဒီမှာတော့ အိမ်ဝယ်မယ်ဆို အိမ်က သိပ်ရှေးဟောင်းကြီးမဟုတ်ရင် မုန့်ဖုတ်တဲ့ Oven တို့ ပန်းကန်ဆေးစက်၊ အ၀တ်ခြောက်စက်တို့ဆိုတာ  ready made ပါပြီးသားပါ။  အရင် ရောက်စကတော့အိမ်အဟောင်းမှာ မပါတော့ မသုံးဖြစ်ပါဘူး။

အိမ်အသစ်ရောက်တော့လည်း အသစ်တွေသုံးရမှာ မ၀ံ့ရဲတဲ့ အန်တီဆွိက ရောက်ပြီး တစ်လလောက်ကြာတဲ့ ထိကို မသုံးခဲ့ပါဘူး။ နောက်မှ ဦးခြိမ့်က သုံးပါသုံးပါ တပူပူ လုပ်လွန်းလို့ သူကိုယ်တိုင်ပဲ ပထမဆုံး စဆေးပြပြီး သင်ပြခဲ့လို့ စသုံး ခဲ့ပါတယ်။ ပန်းကန်ဆေးစက်က ဆေးပြီးတဲ့ ပန်ကန်တွေဟာ ပူပူနွေးနွေးနဲ့ ရေခြောက်ပြီးသား တစ်ခါထဲ ထွက်လာတာ သိပ်ကို သဘောကျမိပါတယ်။ အဲဒိနောက်ပိုင်းတော့ ဦးခြိမ့်လည်းတိုက်တွန်းစရာမလို ကိုယ့်ဟာကိုယ်ပဲ ဆပ်ပြာခဲလေးတွေ ရာချီဝယ်ပြီး သုံးပါတော့ တယ်။ ဆပ်ပြာခဲလေးတွေကလဲ တစ်ခဲမှ ၁၅ပြားလောက်ပဲကျတာပါ။ ညစာ ထမင်းစားပြီးတိုင်း နေ့စဉ် တစ်ခါ စက်နဲ့ဆေးပါတယ်။ တစ်နေကုန် စားသောက်ချက်ပြုတ်ပြီးတဲ့ ပန်းကန်ဆေးစရာတွေကို ရေလေးနဲ့ ကျင်းပြီး ပန်ကန်ဆေးစက်ထဲက စင်ထဲ  စီထည့်ထားရုံပါပဲ။ ညနေထမင်းစားပြီးချိန်ဆို စက်ထဲလဲ ပန်းကန်အပြည့် ကွက်တိပါပဲ။ အဲဒီကျ ဆပ်ပြာခဲလေး ထည့်ပြီး ခလုပ်လေး နှိပ်လိုက်ရုံပါပဲ။ နာရီဝက်ဆို ဆေးပြီးပါပြီ။ ပန်းကန်တွေတော့ ၂စုံစာ ထားထားရပါတယ်။ အဲဒါမှ ပန်ကန်ဆေးစက်ထဲ ပန်းကန်တွေ အများကြီးရောက်နေခ်ျိန်မှာ အပြင်မှာလဲ စားစရာ ပန်းကန်တွေ ကျန်မှာပါ။

လူလဲ ပင်ပန်းသက်သာ၊ ဗိုက်တွေကို ရေစိုတာ သက်သာ၊ ပန်းကန်တွေလဲ ရေစက်လက်မဖြစ်၊  ရေဖိုးလဲသက်သာ၊ အချိန်ကုန်လဲ သက်သာလို့ ပန်းကန်ဆေးစက်မရှိသေးသော အိမ်ရှင်မ မည်သူ့ကို မဆို ၀ယ်ဖို့ရန်တိုက်တွန်းပါတယ်။ တစ်လုံးမှ  ဒေါ်လာ ၄၀၀- ၅၀၀ လောက်ပဲရှိပါတယ်။ skin care တစ်ဆက်ဖိုးလောက်၊ Branded အိပ် တစ်လုံးစာလောက်တောင် မရှိပါ။ လုံးဝ မြန်ကောင်း သက်သာစေရမယ်လို့ အာမခံပါတယ်။ တစ်ဆက်တည်း ပန်းကန် ၂ဆက်စာ ဆန့်မဲ့ ပန်းကန်စင်ရယ်၊ ဘီရိုထဲ အလှပြထားတဲ့ ပန်းကန်နောက်တစ်ဆက်ပါ ထုတ်သုံးဖို့ မမေ့ပါနဲ့။

နောက်ပြီး ခုအန်တီဆွိ ၀ယ်ဖို့စိတ်ဝင်စားနေတာ I -robot လို့ အလွယ်ခေါ်နေကြတဲ့  Roomba လို့ခေါ်တဲ့ အလိုအလျောက် ဖုန်စုတ်စက်ကလေးပါ။ သူလေးကလည်း လူက ဖုန်စုတ်စက်ကြီးကိုင်ပြီး တ၀ှီးဝှီး တရွှီးရွှီး နဲ့ ပင်ပန်းအောင် ဖုန်စုတ်စရာမလိုပဲ စက်ကလေးကို ဖွင့်ပြီး ပစ်ထားရုံနဲ့ သူ့အလိုလို လျှောပတ်သွားပြီး အိမ်အနှံ့ ဖုန်လိုက်စုတ်ပေးမှာပါ။ ဘယ်လောက် သက်သာ အကျိုးများမလဲ လေ့လာနေတုံးပါ။

၎) ပစ္စည်းတွေကို တစ်ကြိမ်တည်းနှင့် များများ တစ်ခါထဲ ၀ယ်ထားပါ။

ဒီမှာတော့ super market စတိုးဆိုင်အကြီးကြီးတွေဟာ အပြိုင်အဆိုင်ဆိုတော့ တချို့ပစ္စည်းတွေရဲ့ ဈေးတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ဈေူးလျှော့ ရောင်းကြပါတယ်။ တစ်ချို့ဆို ၅၀% discount အထိ ချကြပါတယ်။ အဲဒီအချိန်မှာ ကိုယ့်အိမ်မှာ အမြဲလဲ လိုအပ်မဲ့ ပစ္စည်းတွေ၊ ကြာရှည်လဲ ထားခံမယ်ဆို ၁၀ခု ၁၅ခု များများ တစ်ခါထဲသာ ၀ယ်ထားပါလေ။ ဆန်တွေဘာတွေဆိုလဲ အိပ်အကြီးဆုံး အိပ်တွေ ဆီဆိုလဲ ပုံးလိုက်  များများ တစ်ခါထဲသာ ၀ယ်ထားပါ။ အများကြီး ၀ယ်ထားတော့ ခဏခဏ မ၀ယ်ရတာ အပြင် ဈေးကလဲ သက်သာပါသေးတယ်။ အဲဒီတော့ ဈေးသွားရင် တော်တော်နဲ့ မ၀ယ်ရတော့ ဈေးဝယ်ရတာ အချိန်ကုန် သက်သာတော့ နားချိန် ပိုရပါတယ်။

အခုအပတ်ဆို အန်တီဆွိ ဈေးဝယ်တာ သက်သာတာမှ အကြာကြီး အထားမခံတဲ့ အသား၊ငါးနဲ့ ဟင်းသီး၊ ဟင်းရွက် ၊ သစ်သီးတွေသာ ၀ယ်ရပါတယ်။ ကြက်ဥတောင် ၃ကတ်လောက်ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါတယ်။ ကိုယ်က ကြားရက်မှာ အချိန် မရတော့ အိမ်မှာ ပစ္စည်းပြတ်သွားရင် အရင်ကလို ဖွတ်ကနဲ ကားလေးမောင်းပြီး သွားဝယ်လို့မှ မရတော့တဲ့ အခြေအနေကိုး။  ၀ယ်ပြီးတာတွေကိုလဲ ကားဂိုထောင်လိုနေရာမျိုးမှာ သေချာယူရလွယ်အောင် မှတ်သားထားပါ။ ဒါမှ မီးဖိုချောင်ထဲ ပစ္စည်းြ့ပတ်သွားရင် အလွယ်တကူသွားယူလို့ရမှာ။ အိမ်မှာ ခု များများ ၀ယ်ထားတဲ့ ပစ္စည်းတွေက ကိုယ်တိုက် ဆပ်ပြာရည်၊ အ၀တ်လျှောိ ဆပ်ပြာ၊ Dish washer ဆပ်ပြာ၊ Wash and wax, သွားတိုက်ဆေး၊ Shampoo၊ conditioner သွားတိုက်တံ၊ အိမ်သုံးဆေး၊ အားဆေး၊ မီးဖိုချောင်ထဲဆို ဆန်၊ ဆီ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့် ၊ ငံပြာရည်က အစ အားလုံးကို များများ ၀ယ်ထားပါတယ်။ အဓိကကတော့ အပတ်စဉ်ဈေးသွားရတာ မြန်အောင် အချိန်ကုန် သက်သာအောင် ဖြစ်ပါတယ်။

Sunday, September 7, 2014

အိမ်ရှင်မတို့ အတွက် မြန်ကောင်း သက်သာ နည်းလမ်းကောင်းများ .. (၁)

တီတီဆွိဟာ အိမ်ထောင်ကျပြီးနောက် ဘ၀ပေါင်းမျိုးစုံကို ဖြတ်သန်းခဲ့ဖူးတယ်။ ခုလို ခလေးတစ်ယောက်နဲ့ အိမ်အကူ မရှိပဲ အိမ်ရှင်မတာဝန်ရော အချိန်ပြည့်ဝန်ထမ်းဘ၀ပါ နှစ်ခုပေါင်းပြီး လုပ်ခဲ့ရတာကတော့  လွန်ခဲ့တဲ့ ၂ပတ်က full time အလုပ် စ၀င်တဲ့ အချိန်က စခဲ့တာပါပဲ။

လွန်ခဲ့တဲ့ ၁၅နှစ် အိမ်ထောင်ကျခါစက ညနေပိုင်းကျောင်းတက်ရင်း ဦးခြိမ့်နဲ့ အတူနေတဲ့ သူငယ်ချင်း ၂ယောက်အတွက်ပါ တာဝန်ယူချက်ပြုတ်ခဲ့ရဖူးပါတယ်။ အိမ်မှုကိစ္စတွေ လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုံးက ကိုယ်က ဟင်းမချက်တတ် ချက်တတ် သိပ် မတတ်ကျွမ်းသေးတော့ ဦးခြိမ့်သူငယ်ချင်းတွေက ရောက်ခါစတော့ အားနာလို့လား မသိ ဘာမှ မပြောပဲ အားပေးပါတယ်။ ကြာလာတော့ သူတို့လဲငြီးငွေ့လာတယ်နဲ့တူပါတယ်။ နောက်ပိုင်း အကို တစ်ယောက်က ဟင်းချက်တာ ၀ါသနာပါတာနဲ့ သူချက်တာလေးတွေ အတော်စားကောင်းလို့ သူ့ဆီက ပညာပါ ယူခဲ့ရပါတယ်။

 နောက်ဦးခြိမ့်သူငယ်ချင်းတွေ တစ်နယ်တစ်ကျေးပြောင်း၊ ကိုယ်လဲ အလုပ်ဝင်တော့ လင်မယား၂ယောက်တည်း အိမ်သပ်သပ်ငှါးနေကြပါတယ်။ ညနေရုံးက အပြန်ကျမှ နှစ်ယောက်သား ဖုတ်ပူမီးတိုက် ဒီလိုပဲ ဖြစ်သလို ချက်ပြုတ်စားကြတာပါပဲ။ စင်္ကာပူမှာ ၀ယ်စားလို့ လွယ်ပေမဲ့ ဦးခြိမ့်က အိမ်မှာပဲ ဗမာစာ စားချင်လို့ အိမ်မှာ ချက်စားကြတာပါ။

နောက်သမီးလေး ကိုယ်ဝန်ရှိလာတော့ morning sickness က အတော်ဆိုးတော့ ဟင်းကို မချက်နိုင်တော့တာနဲ့ တနင်္ဂနွေနေ့တွေမှာ နာရီပိုင်း အိမ်တွေမှာ အလုပ်လိုက်လုပ်ပေးတဲ့ အစ်မတစ်ယောက်ကို တစ်ပတ်စာ  ဟင်းချက်ခိုင်း၊ မီးပူတိုက်ပေးဖို့ ခေါ်ရပါတယ်။ သူက မြန်တော့ ၃-၄ နာရီလောက်ဆို တစ်အိမ်လုံးရှင်းလင်း၊ ကြမ်းတိုက်၊ မီးပူတိုက် ဟင်းတွေလဲ ချက်ပြီးရေခဲသေတ္တာထဲ ရောက်ပါပြီ။ အဲလိုနဲ့ လူလဲ အတော်ကို သက်သာပါတယ်။

သမီးမွေးပြီးတော့ သမီးကြီးတော်ကိုခေါ်လိုက်တော့ သူကတော့ အိမ်မှာ လိုလေသေးမရှိ အစစ အရာရာ စိတ်ချရပါတယ်။ ရောက်ခါစတော့ သူချက်တာတွေ ကိုယ်နဲ့ သိပ် ကီးမကိုကိပေမဲ့ နောက်ပိုင်းတော့ သူလဲ ကိုယ့် အကြိုက်ကို သိလာပြီး ကိုယ်နဲ့ ထပ်တူထပ်မျှ ချက်နိုင်တဲ့ အထိ စိတ်ချရပါတယ်။ အန်တီဆွိက ဟင်းချေး တအားများတော့ သူကသေချာကို လုပ်ပေးလို့ ကျေးဇူုးတင်ရပါတယ်။ ကြီးတော်နဲ့ နေခဲ့ရတဲ့ ၇နှစ်လောက်ကတော့ တကယ့်ကို သက်တောင့်သက်သာရှိလှပါတယ်။

ဒီဖက်ကျွန်းကြီဖက်ပြောင်းလာတော့ ၀န်ထမ်းအလုပ်ကို အင်မတန်ငြီးငွေ့လို့ အိမ်ရှင်မ ဘ၀နဲ့ ဖြတ်သန်းဦးမယ်ဆို အချိန်ပြည့် အိမ်ရှင်မ ဘ၀ကို ရောက်ပါတယ်။ အိမ်ရဲ့ ချက်ပြုတ် လျှော်ဖွတ် ကြမ်းတိုက် ကားရေဆေးတာက အစ လုပ်ရတော့ အတော်ကို ပင်ပမ်းပါတယ်။ စင်္ကာပူအလုပ်က ထွက်တော့ ရုံးက လူတွေက အားကျတဲ့ အကြည့်တွေနဲ့ကြည့်ပြီး Sweet ကတော့ Tai Tai ဖြစ်ပြီဆိုပြောတော့ ကိုယ်က Tai  Tai ဖြစ်တာမဟုတ်။ full time maid သာ ဖြစ်တာပါဆို ရယ်စရာပြောခဲ့တာဟာ တကယ်တော့ ရယ်စရာ မဟုတ်။ တကယ့်ကိုပဲ maid အလား စိတ်ထဲမှာ ခံစားခဲ့ရပါတယ်။ အိမ်သာတစ်ခါမှ မဆေးဖူးသူ အိမ်သာစ ဆေးရတဲ့နေ့က စခဲ့တာပါပဲ။

နောက် part time အလုပ်လေးရတော့ တစ်ပတ်ကို ၂ရက်ဆင်းပြီး အိမ်အလုပ်တွေကတော့ လုပ်ရမြဲပါပဲ။ အဲဒီတုံးကလဲ သိပ်ကို ပင်ပမ်းပါတယ်။ ရုံးကလဲ ၄၀ကီလိုမီတာလောက် ကားမောင်းရတော့ အိမ်ပြန်ရောက်ရင်ကို လူကအတော်ကို နုံးနေပါပြီ။ အဲဒီတုံးက ၂ယောက်လုံး အလုပ်လုပ်တော့ ရုံးသွားရက်တွေမှာ သမီးကို after school ရော before school ပါ ထားရပါတယ်။ သမီးလေးကို ကြီးတော်နဲ အမေနဲ့ ရင်အုပ်မကွာ ထားရာကနေ ခုလို ကျောင်းတွေမှာ ထားရတာလဲ တကယ်ကို စိတ်ထဲ မကောင်းခဲ့ပါဘူး။ ဒါပေမဲ့လဲ ဘ၀မှာ တခြား အရေးကြီး လိုတာတွေ ရှိသေးတော့ မတတ်နိုင်ပါဘူး။ ဒီလိုပဲ ထားရတာပါပဲ။ သမီးလေးကိုတော့ နားလည်အောင် ပြောပြထားရပါတယ်။

ခုနောက်ဆုံးတော့  တကယ်ကို အကူမရှိပဲ အချိန်ပြည့် အိမ်ရှင်မတာဝန် ၊ Stress များတဲ့ အချိန်ပြည့် ၀န်ထမ်းဘ၀ကို ရောက်တော့ စဉ်းစားပါတယ်။ ငါတော့ ဒီအတိုင်း ရေရှည်လုပ်နိုင်ဖို့ ကိုယ့်အတွက် သက်သာတဲ့ နည်းလေးတွေတော့ စဉ်းစားမှဖြစ်မယ်ဆို တတ်နိုင်သမျှ သက်သာအောင် လုပ်ဆောင်ပါတယ်။ အရင်ကတည်းကလဲ အဲဒီနည်းတွေ သုံးပါတယ်။ တစ်ချို့တွေလဲ ခုမှ ထပ်ဖြည့် ပြင်ဆင်ရတာပေါ့။ လူ့ဘ၀ ရရှိလာတဲ့ တခဏမယ် အလုပ်တွေနဲ့ stress တွေနဲ့ ပင်ပန်းနွမ်းနယ်ချည်းနေမယ်ဆို လူဘ၀ရဲ့ အနှစ်သာရ ၊ ခုဒီမှာပြောနေကြတဲ့ quality life ကို ဘယ်ရနိုင်မလဲ။ ဒီတော့ မြန်ကောင်း သက်သာလေးတွေ စဉ်းစားပြီး လုပ်ဆောင်ရပါတယ်။ ဟယ် ဒါများ အထူးအဆန်း လုပ်လို့။ တို့တော့ ဒီလိုလုပ်နေတာကြာလှပေါ့လို့ အိမ်ရှင်မဘ၀ရော ၀န်ထမ်းဘ၀ပါ သက်တန်းရင့်နေတဲ့ မမတို့ အန်တီတို့ အပြစ်မပြောကြပါနဲ့။ ထုံးစံအတိုင်း ကိုယ်က ဟိုစပ်စပ် ဒီစပ်စပ် ရေးတာ ၀ါသနာပါတော့  ကိုယ်သိတာလေးတွေ သူများကို သိစေချင်တာ ရှယ်ပေးချင်တာပါပဲ။ ဒီ့ထက်နည်းလမ်းကောင်းလေးတွေ ရှိရင်လဲ comment ကနေ ပြောပြကြပါနော်။

ပထမပိုင်းကတော့ အညွှန်းနဲ့ နောက်ကြောင်းပြန်နဲ့တင်ကို တော်တော်ရှည်သွားပြီ။ နောက်ပို့စ်မှာ မြန်ကောင်း သက်သာနည်းလေးတွေ စတင်ပါမယ်။

အိမ်မှာ အကူလဲ မရှိ ခလေးကလဲ တစ်ဖက်၊ အိမ်ရှငိမ တာဝန်လဲယူရ၊ အချိနိပြည့် ၀န်ထမ်းလဲ လုပ်ရတဲ့ အိမ်ရှင်မတွေ အတွက်ပါ။

Wednesday, September 3, 2014

မှတ်ဥာဏ်ကောင်းဖို့ စားကြစို့ ...



အန်တီဆွိဟာ ငယ်ငယ်ကတည်းက မှတ်ဥာဏ်မကောင်းဘူး။ ကျောင်းစာတွေဆို သူများတွေ ၂ခေါက် ၃ခေါက်လောက်ဖတ်လို့ အလွတ်ရရင် ကိုယ်က အကြိမ်ကြိမ် အဖန်ဖန်ကျက်မှတ်မှရတယ်။ ငယ်ငယ်က စာတွေကျက်လွန်းအားကြီးလို့ လမ်းထဲမှာဆို ရေဒီယိုကမာရွတ်ပဲ။

မှတ်ဥာဏ်သာ မကောင်းတာ ပုစ္စာ ဖြေရှင်းရတဲ့ သင်္ချာတွေ ဘာတွေကျ ဦးနှောက်က ကောင်းနေပြန်ရော။ ခုချိန်ထိ အိမ်မှာ ဟိုသားအဖ တွက်လို့ မရတဲ့ ပုစ္စာတွေဆို ကိုယ်က တစ်ခေါက်လောက်ဖတ်ပြီးတာနဲ့ကို အဖြေမှန်အောင် တွက်လို့ရတယ်။ မှတ်ဥာဏ်မကောင်းတော့ အဲဒါလေးနဲ့ လုပ်စားလို့ရလို့ တော်ပေသေးတယ်ပေါ့။ ဒါကတော့ ကြော်ငြာ ၀င်တာပါ။ 

ခုဆို အသက်ကြီးလာတော့ မှတ်ဥာဏ် memory မကောင်းတာဟာ ပိုတောင်ဆိုးဆိုးလာတယ်။ ဘာမဆို ခေါင်းထဲ ၀ါးတားတားနဲ့ မမှတိမိတာမှ Short term memory တောင် ဖြစ်နေသလား ထင်ရတယ်။ အလုပ်မလုပ်ပဲ အိမ်မှာနေစဉ် ကာလပတ်လုံး ဦးခြိမ့်ကို အမြဲပြောတဲ့ စကားရှိတယ်။ ကိုမောင်ခြိမ့်ရယ် ကျုပ်ဖြင့် ဘာကိုမှ မှတ်မိတယ် မရှိဘူး။ သင်တာတွေလဲမေ့။ ပြောတာတွေလဲမေ့။ လုပ်တာတွေလဲ မေ့၊ ဒီဦးနှောက်နဲ့တော့ ကျူပ် အလုပ်ပြန်လုပ်လို့ ရမယ်မထင်ဘူး။ ဘာအလုပ်ပဲ လုပ်လုပ် လူတွေနဲ့ဆက်ဆံရမယ်.။ အလုပ်ဝင်ကာစမယ် အသစ်တွေ သင်ယူရမယ်။ သူတို့ပြောတာတွေ သင်ပေးတာတွေ ကျုပ် သတိတွေမေ့ပြီး ဘာမှ pick up မလုပ်နိုင်ရင် ဒုက္ခပဲ။ ကျူပ်ဦးနှောက်နဲ့ တော့ မဖြစ်ပါဘူးတော်ဆို အမြဲ ပြောမိတယ်။ မေ့တတ်လွန်းလို့ iphone မှာ alarm တွေကို ခေါင်းစဉ်မျိုးစုံနဲ့ လုပ်ထားရတာ အပေါင်းအသင်းတွေဆို အကုန်သိ။

အလုပ်အင်တာဗျူး ၀င်ခါနီးတော့ အရင်က သိထားသမျှ အလုပ်နဲ့ ပတ်သတ်တဲ့ အတွေ့ အကြုံတွေ technical terms တွေ ကို excel sheet တစ်ခု ဖန်တီးပြီး ကိုယ့် memory တွေ အားလုံး မပျောက်ဆုံးခင် ရေးမှတ်ထားတာရှိတယ်။ အဲဒီ မှတ်ထားတာတွေကို ပြန်ဖတ် memory တွေ ပြန်ဖော်ရတယ်။ အဲဒီမှာ အကြံရတာနဲ့ memory ကောင်းစေမဲ့ နည်းလမ်းတွေ မရှိဘူးလားမသိဘူးဆို ဆရာကြီး google ဆီမှာ ရှာကြည့်လိုက်တာ စောနက တင်ထားတဲ့ status က အစားအသောက်တွေ စားပေးရင် ဦးနှောက်ဥာဏ်စွမ်းအားကို ကောင်းစေပါတယ်တဲ့။ 

ဒါတင်မကဘူး အတွေ့အကြုံအရ အိပ်ရေးပျက်ရင်လဲ memory loss ဖြစ်တတ်ပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီး အောက်က အစားအသောက်တွေ စားပေးရင် သင့်ရဲ့ memory မှတ်ဥာဏ်ကောင်းစေရုံမက၊ concentration လဲကောင်းလာပါတယ်။ အရင်ကလို တစ်ခုခု ဖတ်ရင် မှတ်ရင်ေ၀၀ါးေ၀၀ါး မဖြစ်တော့ဘူး။ ဦးနှောက်နဲ့ ပါတ်သတ်တာ စဉ်းစားတွေးခေါ်နိုင်မှု၊ ဥာဏ်ရည်တွေပါ တက်လာတာ လက်တွေ့ပါပဲ။

အန်တီဆွိကတော့ အဲဒီ အစားအစာတွေကို brain food လို့ခေါ်ပါတယ်။ အဲဒါလေးတွေ မှီဝဲပြီး အခု အလုပ်ဝင်တော့ အရမ်းကို အဆင်ပြေတယ်.။ pick up လဲ အရမ်းကောင်းလာတယ်။
သင့်ရဲ့ မှတ်ဥာဏ်ကောင်းအောင်
၁) အိပ်ရေး ၀၀ အိပ်ပါ။
၂) အောက်ပါ အစားအေသာက်များကို နေ့စဉ် စားပေးပါ။
....
....
Foods to boast your memory
.....................................................
Fish oil capsule ငါးကြီးဆီ သို့ အဆီများသော ငါးများ (ဆယ်လမွန်၊ ကျူနာ)
Blueberry သီး
Walnut နှင့် အခြား အစေ့ အဆံများ (နေကြာစေ့ ဖရုံစေ့ အစရှိသည်)
Avocado - ထောပတ်သီး
Egg- ကြက်ဥ
Whole meal ( cereal oak, whole meal bread အစရှိသည်)
ဘရာကိုလီ၊ ကိုက်လံ အစရှိသော ဟင်းရွက်စိမ်းများ
.....
.....
Bonus အနေနဲ့ အဲဒါတွေစားတော့ အသားအရည်တွေပါ သိသိသာသာ ကောင်းလာ လှလာပါတယ်။ ပျိုပျိုမေတို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် မှတ်ဥာဏ်လဲ ကောင်းချင် အသားအရည်လဲ လှချင်ရင် အဲဒါလေးတွေ စားကြည့်နော်။ 


အန်တီဆွိကတော့ မနက်ဆို ကြက်ဥ half fried ၂လုံး whole meal bread မီးကင် ထောပတ်သုပ်
ပြီးတော့ ရုံးရောက်ရင် အလုပ်လုပ်ရင်း အိမ်က ဘလန်ဒါနဲ့ မွှေထားတဲ့ ထောပတ်သီးနဲ့ blueberry milk shake သောက်တယ်။
ညကျတော့ ငါးကြီးဆီ 1500 mg -၂လုံးသောက်တယ်။
ညဖက် snack အနေနဲ့ walnut ကို လှော်ပြီး ၀ါးပါတယ်။
သိသမျှလေးတွေ အများလဲ အကျိုးရှိအောင် မျှဝေခြင်းသာ ဖြစ်ပါတယ်။ မှားနေရင်လဲ ဝေဖန်ထောက်ပြပေးကြပါ။

Wednesday, August 20, 2014

ကျွန်မ မာစတာ ...

တီတီဆွိ ဒီပို့စ်လေးကို ရေးတာ မာစတာဘွဲ့ရထားတာကို ကြွားလိုလို့ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မတို့ batch တွေကြား မာစတာဘွဲ့ရတယ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ထိုနှစ် ထိုအချိန်ခါများဆီက စင်္ကာပူမှာ အခြေချနိုင်ဖို့အရေး ကျောင်းက လူတိုင်းနီးပါး စင်္ကာပူက တက္ကသိုလ်တွေမှာ မာစတာဆက်တက်ကြတာ အထူးအဆန်းမဟုတ်သလို ပြောစရာ ကောင်းလောက်အောင် အရေးပါတဲ့ အရာ တစ်ခုလဲ မဟုတ်ခဲ့ပါဘူး။

ဒါပေမဲ့ အဲဒီလို အမှတ်မထင် ကျောင်းတက်ခဲ့လို့ ရခဲ့တဲ့ ဘွဲ့လက်မှတ်လေးတစ်ခုဟာ ဘ၀မှာတိုးတက်ဖို့အတွက်၊ အလုပ်အကိုင်ကောင်းတွေ ရရှိဖို့အတွက် အတော်လေးကို အရေးပါတဲ့နေရာက ပါခဲ့တယ်ဆိုတာသိစေဖို့ရယ်၊ ဒီပို့စ်ကနေ ခုခေတ်ကျောင်းတက်နေတဲ့ ခလေးတွေ၊ ကျောင်းဆက်တက်ဖို့ တွေဝေနေတဲ့ခလေးတွေ  အသိတစ်ခုခုရရှိခဲ့တယ်ဆို ကျေနပ်ပါတယ်။

ကျွန်မ NUS မှာ ကျောင်းတက်ဖို့ ဘယ်လိုဖန်လာတယ်၊ ဘယ်လို ကျောင်းတက်ခဲ့တယ်ဆိုတာ ဒီပို့စ် လေးမှာ ရေးပြီး ဖြစ်ပါတယ်။ 

ဒီလိုနဲ့ ကျော င်းပြီးတော့ ကျွန်မ weighing machine  တွေ ဒီဇိုင်းထုတ်တဲ့ နေရာ မှာ အလုပ်ရပါတယ်။ ဘာမှ အတွေ့အကြုံမရှိတဲ့ ကျွန်မကို NUS မှာ မာစတာတက်နေတဲ့ ကျောင်းသူဆိုတဲ့ အထင်ကြီးမှုနဲ့ Mechanical Design Engineer အနေနဲ့ ခန့်ခဲ့တာပါ။ အဲဒီအလုပ်မှာ လုပ်နေရင်းနဲ့ နှစ်နှစ်ခွဲလောက်ကြာတော့ တစ်ရက်ပေါ့။ Good Friday ရုံးပိတ်ရက်ကြီးမှာ အလုပ်ကို ပြန်လာပြီး ဆင်းနေရတယ်။ အခန်းကလဲ ခပ်မှောင်မှောင်၊ ခြောက်ခြားဖွယ် တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းရယ်။ လူ၂၀၀ လောက် ရှိတဲ့ ကုမ္ပဏီမှာ ကိုယ်တစ်ယောက်တည်း အချိန်ပို လာဆင်းနေရတယ်ဆိုရင်တော့ တစ်ခုခုတော့ မှားနေပြီဆိုတာ ကျွန်မတွေးမိပြီး နောက်တနင်္လာ ရုံးဖွင့်ရက်မှာပဲ ကျွန်မ Resignation latter ကို တင်လိုက်ပါတယ်။ ကုမ္မဏီကတော့ မထွက်ဖို့ မျိုးစုံ offer  လုပ်ပေမဲ့ ကျွန်မ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသားမှို့ မပြင်တော့ပါဘူး။ 

ဒီလိုနဲ့ အိမ်မှာ ၃-၄ လလောက်နားပြီး ပျင်းလာတော့ နောက်ထပ် အလုပ်တစ်ခု ထပ်ရှာရပါတော့တယ်။ အဲဒီမှာ ကံကပဲ မကောင်း လို့လားမသိ တစ်လနီးပါးလောက် လျှောက်ပြီး၊ အလုပ် ၁၀ခုလောက် အင်တာဗျူးပေမဲ့ ကျွန်မကို အလုပ်တစ်ခုမှ ပြန်မခေါ်သေးဘူး။ ဖြစ်ချင်တော့ ပထမအလုပ်မှာ သိပ်ကို stress များလို့ဆိုပြီး ကျွန်မပေါ့ပေါ့ပါးပါးအလုပ်လေးပဲ လုပ်ချင်တယ်ဆိုပြီး လျှောက်တာ Assistant Engineer တို့ ပုံဆွဲတဲ့ draft person တို့တွေပဲ လျှောက်တော့ သူတို့က Master ဒီဂရီကြီးနဲ့ over qualify ဆိုပြီး ပယ်ကြတာ ဖြစ်မယ်လို့ သဘောပေါက်လာတယ်။ အဲဒီတုံးက ခလေးကလဲ လိုချင်နေတော့ stress နဲတဲ့ အလုပ်ပဲ လုပ်ချင်ခဲ့တာပါ။

 အဲဒါနဲ့ ဒီတိုင်း ဆက်လျှောက်နေရင်တော့ မဖြစ်ချေဘူးဆိုပြီး Engineer အလုပ်ကို စလျှောက်တော့မှပဲ အလုပ်၂ခုက ပြန်ခေါ်ပါတော့တယ်။ ပထမတစ်ခုက water jet နဲ့ machining လုပ်တာကို service လုပ်တဲ့ ကုမ္ပဏီ ။ နယ်သာလန်က ဆိုပါတယ်။ အဲဒီကုမ္ပဏီကိုတော့ ငြင်းလိုက်ရပါတယ်။ နောက်တစ်ခုကတော့ ကျွန်မ ၈နှစ်ခွဲကြာလုပ်ခဲ့တဲ့ ဂျပန်က နာမည်ကြီး ကင်မရာတွေ ထုတ်တဲ့ ကုမ္ပဏီပါ။

အဲဒီကုမ္ပဏီက အင်တာဗျူးတော့ Mechanical ဌာနက မန်နေဂျာ ဆိုသူနဲ့ ၂ယောက်တည်း ဗျူးရတာပါ။ အဲဒီမှာ မှတ်မိတာက အလာဘ၊ သလ္လာဘ တွေ ပြောပြီးတော့ သူက ပစ္စည်လေး တစ်ခုကို ထုတ်ပြတယ်။ bar code scanner က  housing  လို ပုံစံမျိုးလေး၊ အဲဒါလေးပြပြီး အဲဒီပစ္စည်းကို ဒီဇိုင်းလုပ်မယ်ဆိုရင် နင့်အနေနဲ့ ဘယ်လိုလုပ်မလဲ၊ ဘာပစ္စည်းသုံးမလဲဆို ကိုယ်ကလဲ ဖြေတာပဲပေါ့။ ဘယ်လိုလုပ်မယ်။ housing ကို ခိုင်အောင် metal casting လဲ သုံးချင်သုံးမယ်။ ပေါ့ချင်ရင်တော့ plastic molding လုပ်လဲရတာပဲဆို ဖြေလိုက်တာ။ technical နဲ့ ပတ်သတ်တာဆို အဲဒါ နဲ့ ပတ်သတ်တာလေးပဲနဲနဲထပ် မေးပြီး နောက်နေ့ အလုပ်ခန့်လိုက်ပြီ လက်မှတ်လာထိုးပါဆို အကြောင်းပြန်ပါလေရောဗျာ။ တကယ့်ကို လွယ်လွယ်ကူကူနဲ့ ရခဲံ့တာပါ။ အလုပ်ကလဲ ကြည့်ဦးလေ ခုမှ အင်ဂျင်နီယာသက် ၂နှစ်ကျော်ကျော်လောက်ကို စီနီယာ အင်ဂျင်နီယာ ရာထူးကို ခန့်လိုက်တာ။ NUS မာစတာဘွဲ့ဆိုတော့ အထင်ကြီးပြီး ခန့်လိုက်တာပါ။ ဟို အရင်အလုပ်မှာ ကိုယ့်ကို သင်ပေးတဲ့ စီနီယာဆိုတာတောင် အဲဒီမှာ လုပ်သက် ၅နှစ်ကို ရိုးရိုးအင်ဂျင်နီယာပဲ ရှိသေးတာ၊ Senior Engineer မဖြစ်သေးလို့ ခဏခဏညည်းနေသံ ကြားနေရတာ။ ( နောက်ပိုင်းမှ သိရတာက အဲဒီ မန်နေဂျာက စင်္ကာပူမှာ အမှတ်မမီလို့ (Local တက္ကသိုလ် တက်ခွင့်မရလို့) အင်္ဂလန်မှာ MBA အထိ သွားတက်ခဲ့သူပါ။ အဲလိုလူမျိုးတွေဟာ သူတို့ Local တက္ကသိုလ် NUS တို့ NTU တို့က ကျောင်းပြီးတဲ့သူတွေကို အင်မတန် အထင်ကြီးပါတယ်။ သူက အင်မတန်မှ သဘောကောင်းပြီး အလုပ်ထဲမှာ ကိုယ့်ကိုလဲ အလွန်ကို အရေးပေးပါတယ်။ အလုပ်ထဲမှာ ကြုံတိုင်း "သူက NUS က နေ မာစတာပြီးလာတာ" ဆိုပြီး customer တွေပဲ လာလာ၊ vendor တွေပဲလာလာ မိတ်ဆက်ပေးတော့တာပါပဲ.။ နောက်ပိုင်းမှာတော့ သူအလုပ်က ထွက်သည့်တိုင် တော်တော့်ကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ အနေနဲ့ ဆက်ရှိခဲ့ပါတယ်။ )

 သြော် .. stress များလို့  engineer တောင် မလျှောက်ပဲ draft man ပဲ လုပ်ချင်ပါတယ်ဆိုမှ Senior Engineer ရာထူးကြီးနဲ့ ပရောဂျက်တွေကို lead လုပ်ရတဲ့ သူ ဘ၀ နေ့ချင်းညချင်း ရောက်ရပါလေရော။ အတိုချုံးလို့ အဲဒီကုမ္ပဏီမှာပဲ ပရောဂျက်တွေကို အောင်မြင်စွာ လုပ်ခဲ့ပြီး ၈နှစ်ခွဲကြာ ဒီ သြော်ဇီဖက်ပြောင်းဖို့ ဖြစ်လာမှ ကုမ္ပဏီမှာ ထွက်စာတင်ရပါတယ်။ ဒီနေရာမှာ ကြုံလို့ အဲဒီကုမ္ပဏီကလည်း ဘယ်လောက်တောင် ကောင်းလဲဆိုတာ ပြောပါဦးမယ်။ အလုပ်စ၀င်ကတည်းက ပထမဆုံးလစာမှာ ဘောနပ်စ် ထည့်ပေးပါသဗျာ။ ဘာအလုပ်မှကို မလုပ်ရသေးပါပဲနဲ့ အလုပ်ဝင်တဲ့ အချိန်က လကုန်ရက်ပိုင်းဖြစ်နေတာကို အဲဒီဘောနပ်စ်ကိုပဲ လခ အနေနဲ့ ရခဲ့တာ အံ့သြစရာမကောင်းဘူးလား။

ထွက်တော့လဲ ဇွန်လကုန်မှထွက်ပါလား အဲဒီကျ ဘောနပ်စ်လဲ ရတာပေါ့ဆို ကိုယ်ကလဲ ဧပြီလမှာ ထွက်ချင်နေတော့ ထွက်ပါရစေဆို တောင်းပန်ပြီးထွက်ခဲ့တာ။ အလုပ်နောက်ဆုံးနေ့မှာ HR  ဒါရိုက်တာက စာအိပ်လေးတစ်အိပ် ဖွင့်ပြပြီး နင့်ရဲ့ Company အပေါ်မှာ contribute လုပ်တာကို ကျေနပ်လို့ ငါတို့က ဘောနပ်စ် တစ်လစာ ပေးလိုက်တယ်။ ဒါကို ဘယ်သူ့မှ မပြောပါနဲ့။ သူနဲ့ MD ရဲ့ လက်ဆောင်ပါဆို စာအိပ်လေးပေးလိုက်တော့ ကိုယ့်အနေနဲ့ ဘာပြန်ပြောရမှန်းတောင်မသိ။ ကျေးဇူးတင်ကြောင်းသာ အထပ်ထပ်ပြောပြီး ၀မ်းနည်း ၀မ်းသာ ဖြစ်ခဲ့ရတဲ့ နေ့ပါပဲ။

ဒီဖက် ကျွန်းကြီးဖက်ရောက်တော့လဲ ပိုပြီး အံ့သြစရာဖြစ်ခဲ့ရတာ ပြောရဦးမယ်။ အန်တီဆွိတို့လဲ အလုပ်ရှာတာမှာ အခက်အခဲ ရှိတာနဲ့ Business လုပ်နေတော့ အလုပ်မလျှောက်ဖြစ်တာကြာပြီ။ ဦးခြိမ့်က အရမ်းပင်ပမ်းတော့ သူု့ကို support လုပ်နေရတာ အလုပ်လုပ်လို့ မဖြစ်သေးဘူးဆို အလုပ်မလျှောက်ပဲနေတာ ၇လလောက်ကြာပြီ။  ဟိုတစ်နေ့ကမှ စိတ်ကူးပေါက်ပြီး အလုပ်၂ခုလျှောက်လိုက်တာ ကံကောင်းထောက်မစွာနဲ့ အင်တာဗျူုးးတွေ ဖြေပြီး အလုပ်တစ်ခု ရခဲ့တာပါ။

ဒီမှာက အလုပ်ရှာရင် အလုပ်ရှင်ကို တိုက်ရိုက်တွေ့ရတာ နည်းပါတယ်။ Agent တွေကပဲ အလုပ်တွေကို ကြော်ငြာပြီး သူတို့ကပဲ လူတွေကိုစစ်ထုတ်ပြီး တိုက်ရိုက် ကုမ္ပဏီကို ဆက်သွယ်ပေးပါတယ်။  အေးဂျင့်က  အင်တာဗျူးမယ်ဆိုတော့ ကိုယ့်မှာရှိတဲ့ drawing တွေရော၊ ဘွဲ့လက်မှတ်၊ သင်တန်းလက်မှတ်၊ ထောက်ခံစာ အစုံပါပဲ လိုရမယ်ရဆို ယူသွားတာ။ သူကတော့ ဘာယူခဲ့ဆို ဘာမှကို ပြောမထားပါဘူး။ 

ဒီနေရာမှာ NUS က ဘွဲ့လက်မှတ် အကြောင်းပြောရဦးမယ်။ NUS က ဘွဲ့လက်မှတ်က ပုံမှန် A4 ဆိုဒ် မဟုတ်ပဲ ဆိုဒ်က တော်တော်ကြီးနေတာကို ကျောင်းမှာကထဲက ပလပ်စတစ်လောင်းပြီး အပြာရင့်ရောင် ကပ်ထူ အမာ အကြီးကြီးထဲမှာ ထည့်ပေးလိုက်တာ။ ဘွဲ့ လက်မှတ်ဟာ ဘွဲ့ယူကထည်းက အဲလိုပဲ ရှိနေခဲ့တာ။ အဲဒီဘွဲ့လက်မှတ် အကြီးကြီးကလဲ အင်တာဗျူးဆို ကော်ပီတွေ ရှိပေမဲ့ original တောင်းနေရင် အခက်ဆို ယူယူသွားရတာ အတော်တော့ ဂွကျပါသဗျာ။

ဒါနဲ့ အေးဂျင့်နဲ့ တွေ့တော့ ပထမဆုံး မိတ်ဆက်  ကိုယ့်အကြောင်းတွေမေး၊ ဘာတွေ လုပ်ခဲ့သလဲမေး Technical ပိုင်းနဲနဲမေး၊ ဒါလောက်ပဲမေးပြီး ကိုယ်စိုးရိမ်နေတဲ့  HR နဲ့ ပတ်သတ်တဲ့ မေးခွန်း တစ်လုံးတောင် မေး မသွားပါဘူး။ ကျွန်မ အရင်က အေးဂျင့် ၂ယောက်၊ ၃ယောက်လောက်နဲ့ ဆက်ဆံဖူးရာမှာ ဒီအေးဂျင့်ကတော့ တော်တော်ကို သဘောကောင်းပြီး သူပြောနေဆိုနေပုံတွေဟာ အင်္ဂလိပ်လိုဆို very gentle ဖြစ်ပြီး very kind ပါ။  ပြန်ခါနီးကျ လက်ဆွဲနှုတ်ဆက်အပြီး သူ့မျက်လုံးက စားပွဲပေါ်က အပြာရင့်ရောင် ကတ်ထူပြားအပေါ် ရောက်သွားတယ်။ ရုတ်တရက် ဒါဘာလဲဆို သူ့ဟာသူ ဖွင့်ကြည့်ပြီး အထဲက ဘွဲ့လက်မှတ်နဲ့ ရေးထားတဲ့စာ ( Master of Mechanical Engineering) ဆိုတာကို ဖတ်ပြီး သူ့မျက်နှာဟာ အထင်ကြီးပြီး ၀င်းသွားလိုက်ပုံဟာ ပြန်တောင် မပြောတတ်ဘူး။ ပြီးတော့ ကိုယ့်ကို လက်ဆွဲ နှုတ်ဆက်ပြီး congratulation ဆို ပြုံးပြီး ပြောသွားသေးတယ်။ အဲဒါပြီး နောက်နေ့ပဲ အလုပ်ရှင်နဲ့ အင်တာဗျူးဖို့ ချိန်းပေးတော့တာပါပဲ။

အလုပ်ရှင်နဲ့ အင်တာဗျူးတော့လဲ first interview အတွက် Bav လို့ခေါ်တဲ့ HR က မန်နေဂျာ အမျိုးသမီးနဲ့ရယ်၊ technical အတွက် ME Team leader ရယ်၊ ပရောဂျက် Leader ရယ်နဲ့ ထပ်ဗျူးရပါသေးတယ်။ အင်တာဗျူးပြီးတော့ ပြန်ခါနီး Bav  ဟာလဲ အပေါ်က အေးဂျင့်လိုပဲ ကိုယ် ပိုပို လိုလိုဆို ယူလာတဲ့ စားပွဲပေါ်တင်ထားတဲ့ ကပ်ပြားလေးကို ဘာလေးလဲဆို သူ့ဟာသူ ဖွင့်ကြည့်ပြီး သူ့မျက်နှာမှာ အထင်ကြီးခြင်း၊ ၀မ်းသာခြင်း၊ ချီးမြှောက်လိုခြင်း အစရှိတာတွေနဲ့ မျက်နှာဟာ ၀င်းပသွားပြီး ထ လက်ဆွဲနှုတ်ဆက် Congratulation  လုပ်ခဲ့ပါသေးတယ် ။ သူတို့ရဲ့ အပြုအမူတွေဟာလည်း ကျွန်မအတွက် အတော်ကို ထူးဆန်းနေခဲ့ပါတယ်။

သူတို့ ဘာလို့ ဒီ မာစတာ ဘွဲ့ကို ဒီလောက် အထင်ကြီးလဲ ပြန်စဉ်းစားရင် သြော်ဇီမှာ တော်တော်များများဟာ အထက်တန်းကျောင်းပြီးရင် Tafe လို့ခေါ်တဲ့ မြန်မာပြည်က GTI လို ကျောင်းမျိုးမှာပဲ အသက်မွေးဝမ်းကျောင်း ပညာသင်ပြီး လုပ်ငန်းခွင်ဝင်ကြတာများပါတယ်။ အေးအေး နေချင်ကြသူများပီပီ ဒီလောက်နဲ့လဲ စီးပွားရေး အဆင်ပြေနေတော့ ဘ၀ကို ဒီလောက်နဲ့ပဲ ကျေနပ်ကြသူတွေ အများကြီးပါ။ ဒီထဲကမှ အင်မတန် တော်တဲ့သူတွေ ၊ အင်မတန် စိတ်ထက်သန်တဲ့သူတွေမှသာ တက္ကသိုလ် (Bachelor) အတွက် ဆက်တက်ကြပါတယ်။ အထက်တန်းကျောင်းပြီး အလွန်တော်မှသာ အင်ဂျင်နီယာ၊ ဆေး၊ ပညာရေး အစရှိသဖြင့် တက္ကသိုလ်တွေဟာလည်း အမှတ်အလွန်မြင့်ပါတယ်။ သာမာန်သူတွေ အဖို့ ရိုးရိုးတက္ကသိုလ်တောင်မှ သိပ်ပေါက်မြောက်မှ တက်ကြသူတွေဆိုတော့ ခုလို အင်ဂျင်နီယာဘွဲ့ မာစတာဆိုတော့ အထင်ကြီးကြတာဖြစ်မှာပါ။ င်္ဒီမှာလေးစားစရာက သူတို့ဟာ ဘယ်လို နိုင်ငံသေးသေးကလာလာ၊ ဘယ်လိုလူဖြစ်ပါစေ၊ သူတပါးကို နှိမ့်ချလိုတဲ့ စိတ်မရှိ့ပဲ စိတ်ထဲက ရှိတဲ့ အတိုင်း လေးလေးစားစား ချီးမွန်းခဲ့တာပါပဲ.။

အဲဒီကျမှပဲ  ကျွန်မဟာ မထင်မှတ်ပဲ ရလာတဲ့ ဘွဲ့လေးတစ်ခုဟာ ဘ၀မှာ များစွာ အထောက်အကူပြုခဲ့တာကို သတိပြုမိပါတယ်။  ဒီဘွဲ့အတွက် သင်ခဲ့ရတဲ့ ဘာသာတွေကလဲ အလုပ်အတွက် Technical ပိုင်းဆိုင်ရာ အထောက်အကူ မပြုခဲ့ပါဘူး။ ကိုယ်ရဲ့ အလုပ်နဲ့ သင်ခဲ့တဲ့ ဘာသာတွေဟာ အစပ်အဆက်လည်းမရှိပါဘူး။ ဒါပေမဲ့ ဒီဘွဲ့လက်မှတ်လေးဟာ တစ်နည်းအားဖြင့် အကျိုးပြုနေပါသေးတယ်။ အဲဒီတုံးကဆို စင်္ကာပူမှာ အခြေချနိုင်ဖို့၊ နေထိုင်ခွင့်ရဖို့ အတွက် ပထမခြေလှမ်းအနေနဲ့ တက်ခဲ့ရတဲ့ ကျောင်းက ဘွဲ့လက်မှတ်လေးဟာ နောက်ပိုင်း ခုလို အလုပ်အကိုင် အခွင့်အရေးတွေအတွက် အထောက် အပံ့ ပြုလိမ့်မယ်ဆိုတာ ဘယ်တုံးကမှ တွေးမထင်ခဲ့ဖူးပါ။

ခုခေတ် လူငယ်လေးတွေလဲ တီတီဆွိမှ အားပေးချင်တာက ပညာကို ရှာလို့ရတဲ့ အခွင့်အရေးမှာ ရအောင် ရှာကြပါ။ ကျောင်းတက်ခွင့်ရရင် ဖြစ်အောင်တက်ကြပါ။ ဘွဲ့လက်မှတ်လေးတစ်ခုက နောက်ပိုင်း ဘ၀အတွက်၊ အလုပ်အကိုင်တွေ ရှာဖွေရာမှာ လူရိုသေရှင်ရိုသေလက်မှတ်လေးက အများကြီး အထောက် အပံ့ ပေးနိုင်တယ်ဆိုတာ သိသွားတယ်ဆို ဒီပိုစ့်ရေးရကြိုး နပ်ပါပြီ။










Sunday, August 17, 2014

Home Made KFC (or) Kentucky Fried Chicken

KFC ဆိုတာ အမေရိကန်နိုင်ငံ  Kentucky ပြည်နယ်၊ Corbin မြို့လေးမှာ ကြက်ကြော်ဆိုင် Restaurant ဖွင့်ထားရာကနေပြီး နာမည်ကြီးရာက ကမ္ဘာကြော်  fast food ဆိုင် ဖြစ်လာတော့တာပါပဲ။ ဂျူဂျူတို့လို ခလေးတွေဆို သိပ်ကြိုက်ကြသပေါ့။



မနေ့က သမီး ကျူရှင် ပို့ပြီး အပြန် ဦးခြိမ့်တစ်ယောက် ခါးနာနေတာနဲ့ ဘယ်မှ မသွားချင်ဘူးတဲ့။ အဲဒါ အိမ်မှာပဲ Chicken mid  wing လေးတွေ နယ်ထားတာ အဆင်သင့်ရှိတာနဲ့ ကြော်စားဖြစ်တယ်။ ပြီးတော့ သူက ထမင်းနဲ့စားမယ်ဆိုတော့ ပဲပြုတ်ဗူးလေးထုတ် ပြီး သုတ်ပေးလိုက်တယ်။ အန်တီဆွိကတော့ Wedge potato လေးတွေ ကြော်စားတယ်။ coke ဗူးလေးပါ အဆစ်ပါသေးတယ်။

ခုတစ်ခါ ကြော်တာကတော့ KFC  က ကြက်တောင်ပံ ကြော်နဲ့ အနံ့ရော အရသာရော တော်တော်လေးကို ဆင်တူလို့ ရှယ်ပေးလိုက်တာပါ။ တူဆို သူက Kentucky အကြော်မှုန့်နဲ့ ကြော်တာကိုး။ အရသာလဲ တော်တော်လေးကို ကောင်းတယ်။ ပြီးတော့ ကြော်ရတာလဲလွယ်လိုက်တာ။

အရင်က အမှုန့်ပေါင်းစုံ၊ နည်းမျိုးစုံနဲ့ ကြော်ဖူးတယ်။ ဒီတစ်ခါလောက် တစ်ခါမှကို အရသာ ရှိရှိ အဆင်ပြေပြေ မရှိလှဘူး။  အန်တီဆွိကလဲ အစားကောင်း အသောက်ကောင်း စားရရင် ကိုယ့်မိတ်ဆွေတွေ သတိရဆိုသလို ကိုယ့်ပရိတ်သတ်တွေ သူငယ်ချင်းတွေ သိရအောင် ရှယ်ပေးချင်နေတော့တာပဲ။



ကြက်တောင်ပံ (Chicken mid wing) 1kg
ကြက်သားမှုန့်  2 tea spoon
ဆား  1/3 tea spoon
ဆနွင်းမှုန့် 1/3 tea spoon
Unifood Kentucky seasoning အကြော်မှုန်တစ်ထုပ်
ဆီ ( ကြက်သားကြော်ရန်)

ပထမဆုံး  ကြက်တောင်ပံ အလယ်ရိုးလေးတွေကို ကြက်သားမှုန့် ဆား၊ ဆနွင်းမှုန့်  တို့နဲ့ နယ်ထားပြီး ရေခဲသေတ္တာ အောက်ခန်းထဲ နေ့ဝက်ခန့်နှပ်ထားပါ။

ကြော်ခါနီးရင် ပန်းကန် တစ်လုံးထဲ ကြက်ဥ အကာရည်တစ်လုံးစာ ထည့်ပါ။
နောက်ပန်းကန်တစ်လုံးထဲ Kentucky အကြော်မှုန့် ၁၀ဇွန်းစာခန့် ထည့်ထားပါ။

ကြော်မဲ့ ဒယ်အိုးထဲ ဆီတွေကို ကြက်တောင်ပံ မျြုတ်အောင်ထည့်ပါ။ ဆီပူလာရင် ကြက်တောင်ပံတစ်ခုချင်းစီကို ကြက်ဥ အကာထဲ အရင်နှစ်။ ပြီးမှ အကြော်မှုန့်ကို နှံ့အောင်လူးပြီး ဆီထဲ အသာထည့်ပေးပါ။ အမှုန့်တွေ သိပ်ထူဖို့ မလိုပါဘူး။ မီးကိုလဲ အရမ်းမပျင်းစေပဲ medium မှာထားပါ။ မီးအရမ်းပျင်းရင် ကြက်တောင်ပံ အထဲက မကျက်ပဲ အပေါ်ကတူးကုန်မှာ စိုးလို့ပါ။ ကြက်တောင်ပံလေးတွေ ကြွပ်လာသည်အထိ (၁၂ မိနစ်ခန့်) ကြော်ပြီးရင် ဆီစစ်ပြီး စားလို့ရပါပြီ။ ထမင်းမပါပဲ  ဒီတိုင်းလေး အပျော်စားလဲ ကောင်းတာပဲ။ အကြော်မှုန့်ကိုယ်တိုင်က အနံ့အရသာနဲ့ ပြည့်ပြီးသားမှို့ ကြက်သားကြော်ကလဲ တော်တော်လေးကို အရသာ ရှိလှပါတယ်။








Sunday, July 27, 2014

အော ... ရှင်တို့က ..

တီတီဆွိသည် စိတ် အလွန်မြန်၏။ ထို့ကြောင့် ကားကို အမြန်မောင်းရာ တစ်နေ့တွင် ရဲ အလိုက် ခံရလေသည်။ ၅၀ လမ်းကို ၇၉နှင့် မောင်း၍ဖြစ်သည်။ ထိုနေ့က အိပ်ထဲမှ ဖွတ်ကလိ ဒင်္ဂါးအတော်များများ ခုန်ဆင်းသွားကြသည်။ Demerit ပွိုင့်များလဲ ဖြတ်ခံလိုက်ရသည်။ ကိုရွှေရဲက ၇၉ထက် တစ်ကီလိုမီတာ ပိုပါက လိုင်စင်ပါ အသိမ်းခံရမည်ဟု ပြောသွားသေးသည်။

ထိုမှ စ ကာ ရဲမြင်တိုင်း မျက်ရည်ဝိုင်းနေသော တီတီဆွိသည် ကားမောင်းလျှင် သတ်မှတ်မိုင်နှုံးနှင့်သာ မောင်းတော့သည်။ အိမ်ကလူကိုလဲ သတ်မှတ်မိုင်နှုံးထက် ပိုမမောင်းရန်၊ လမ်းစည်းကမ်း လိုက်နာရန် အားတိုင်း briefing ပေးတော့သည်။ သတ်မှတ်မိုင်နှုံးအတိုင်းမောင်းရင် ကိုယ့်ဖက်က အမြဲ safe ဖြစ်တယ်။ ဘယ်လောက်မှလဲ နောက်ကျတာ မဟုတ်၊ ဘယ်ကင်မရာမှလဲ ကြည့်စရာမလို၊ ဘာရဲမှလဲ ဂရုစိုက်စရာ မလို ဟု ကားမောင်းတိုင်း ဘေးမှ တတွတ်တွတ် ရွတ်လေသည်။ ဂရုစိုက်စရာ မလိုဟုသာပြောသည်။ ရဲတွေ့တိုင်း " ဟိုမှာ ရဲ ... ရဲ ... " " police ... police .. " ဆိုကာ ကြောင်တွေ့သည့် ကြွက်လို ကြောက်နေသူက သူမပင်ဖြစ်သည်။ 


မနေ့ က ခလေး ကျောင်းပို့ အပြန် အိမ်ကလူ ကားမောင်းသည်။ သူ့ရှေ့တွင် ရဲကားတစ်စီး ကပ်လျက် လှမ်းမြင်လိုက်ရာ ရှေ့မှာ ရဲနော် .. ၆၀ ... ၆၀ ဟု သတိပေးလိုက်သည်။ အိမ်ကလူက သိပါတယ်ကွာ ... ၆၀နဲ့ပဲ မောင်းနေတာပါဟု ပြောသည်။ ကြည့်နေရင်းနှင့် ရှေ့မှ ရဲကားသည်အဝေးကြီး ရောက်သွားရာ မြင်လား ... သူကတောင် မိုင် ပို မောင်းနေတာ ... ဆိုမှ အွန်လိုင်းမှာ သူငယ်ချင်းတွေ နောက်ပြောင် ပြောနေကျ စကားကို သတိရသွားကာ ပြုံးမိလေသည်။

ဒီတစ်ခါပဲ ဒီစကားကို နေရာမှန် လူမှန် သုံးဖူးသည်။

" အော ... ရှင်တို့က ရဲတွေကိုး ..... လုပ်ကြပေါ့ ...."

Friday, June 20, 2014

ရန်ကုန်စတိုင် ဒန်ပေါက်ချက်နည်း ...


ဒီင်္ ဒန်ပေါက်ချက်နည်းကတော့ အကြွေးပို့စ်လေးပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က တင်ခဲ့ပြီး ခုတစ်ဖန် ပြန်ချက်စားတော့ အကြွေးတင်နေတာလေး သတိရတာနဲ့ ရေးလိုက်တာပါ။ အဲဒီတုံးက ချက်နည်းရေးပေးဖို့ တောင်းဆိုထားသူတွေတော့ မေ့လောက်ပြီ။

 စာမရေးတာကြာတော့ ဒန်ပေါက်ချက်နည်း ရေးတာတောင် ဘယ်လိုရေးရမှန်း မသိတော့ပါဘူးဗျာ။ ဒန်ပေါက် ဆို မြန်မာနိုင်ငံကလွဲလို့ ဘယ်နိုင်ငံမှာစားစား မြန်မာပြည်က ကြက်လျှာစွန်းတို့၊ ရွှေညောင်ပင်တို့လို အရသာမျိုး ရှာမရလို့ ကိုယ့်ဟာကိုယ် တူအောင် ချက်စားပါသည်။ ဦးခြိမ့်ကတော့ တူတယ်လို့ ပြောပါသည်။ အားပေးကြပါဦး။

http://auntysweet.blogspot.com.au/2012/10/blog-post_17.html

ပထမဆုံး ဒန်ပေါက်ချက်ဖို့ လိုတဲ့ ပစ္စည်းတွေ စုဆောင်းပါမယ်။ အန်တီဆွိကတော့ ဟင်းခတ် အမွှေးအကြိုင်တွေ တော်တော်များများ ၀ယ်ထားပြီး ပုလင်းလေးတွေထဲ ထည့်ထားပါတယ်။ အဲဒါတွေ ထပ်ဝယ်စရာမလိုတော့ တော်တော် သက်သာပါတယ်။

ဒန်ပေါက် ၄ ယောက်စာ အတွက်

သစ်ဂျပိုးခေါက် (cinnamon)
ကရဝေးရွက် (bay leaves)
လေးညှင်း (cloves)
နာနတ် ပွင့် (star anise)

ဖာလာစေ့ (cardamon)
ငရုပ်ကောင်းစေ့ (black pepper) ( ပုံမှာ ပြထားတာ များပါတယ်။ ငရုပ်ကောင်းက ပူလို့ ပုံမှာထက် တစ်ဝက်လောက်လျှော့ထည့်ပါ)
ကြက်သွန်နီ ဥကြီး ၅ဥခန့်
ကြက်သွန်ဖြူ  (ပုံမှာပြထားတာ များပါတယ်။ တစ်ဝက်လောက်ပဲ ထည့်ပါ)

ဂျင်း



ငရုပ်သီး အရောင်တင်မှုန့် - 1 table spoon
ကြက်သားမှုန့် အနည်းငယ် ( chicken powder)
မဆလာ ( Shan chicken masala ) - 2 table spoon
ပျဉ်းတော်သိမ် ( curry leaf)
ဒိန်ချဉ်  (yogurt - 170 gram)
ထောပတ် (ghee) 12 table spoon
ဆီ (cooking oil)   10 table Spoon
ဆား half table spoon
သကြား 6 table spoon
နနွင်းမှုန့်1/2 table spoon
သီဟိုစေ့
စပျစ်သီးခြောက်  (Raisin )
နွားနို့ 10 table spoon ခန့်
အရောင်ဆိုးဆေး အင်္နီရောင်  (အနည်းငယ်ကို ရေနဲနဲနှင့် ဖျော်ထားပါ) အင်္ဂလိပ်လို Saffron  လို့ခေါ်ပါတယ်။
 



ဘာစမာတီ ဆန် ၄လုံးကို မချက်မီ နာရီဝက်ခန့် ရေကြို စိမ်ထားပါ။ ပြီးရင် ရေစစ်ထားပါ။
(basmati rice, Indian Gate Classic ကို သုံးပါတယ်။ သူက အနံ့ မထွက်ပါ)


ကြက်ပေါင်သား၂ခု ( Chicken maryland) ၊ ရင်ပုံသား ၂ခု (Chicken breast meat)

ကြွေရည်သုတ် မြေလင်ပန်း တစ်ချပ် (ဒန်ပေါက် ထည့်ဖောက်ရန်- oven ထဲ အပေါ်မီး အောက်မီးပေးရန်)
Aluminum foil ( အပေါ်က အုပ်ရန်)

အချဉ်အတွက်
ဂေါ်််ဖီ
ကြက်သွန်နီ
သခွါး သီး
ပူတီနာ

တစ်ချို့တွေကတော့ အချဉ်အတွက် ဒိန်ချဉ်နဲ့ နယ်ကြပါတယ်။
အန်တီဆွိကတော့ ဒိန်ချဉ်မကြိုက်လို့ သံပရာသီးနဲ့ ပဲနယ်ပါတယ်။ အပေါ်က အသီးအနှ့တွေကို ပါးပါးလှီးပြီး သံပုရာရည်ညှစ်၊ ကြက်သားမှုန့်လေး နဲနဲ ဖြူးပါတယ်။

ပစ္စည်းတွေ စုဆောင်းပြီးရင် စချက်ပါတော့မယ်။

ကြက်သားချက်ရန်အတွက်

ပထမဆုံး ကြက်သားကို စချက်ပါမယ်။ ကြက်သားက ဒန်ပေါက်ထဲ အစိမ်းထည့်ရင် ထမင်းက အရင်ကျက်သွားလို့ ကြက်သားကို ကျက်အောင်အရင် ချက်ပါမယ်။ ကြက်သားတွေကို ဒိန်ချဉ်၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ သကြား၊ ကြက်သားမဆလာ အစရှိသည်တို့နှင့် နယ်ပြီး တစ်နာရီခန့်နှပ်ထားပါ။

ကြက်သားနယ်ထားတုံး ကြက်သွန်နီတွေထဲက ၄လုံးကို ပါးပါးလှီးပြီး ဆီနဲ့ ကြွပ်နေအောင် ကြော်၊ ဆီစစ်ထားပါ။




အေးသွားရင် လက်ကို လက်အိပ်လေးစွတ်ပြီး ကြေနေအာင် ချေပေးထားပါ။  ကြက်သားမှုန့် 1 table spoon သကြား 6 table spoon လောက်ထည့်ပြီး နယ်ထားပါ။




ကျန်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတွေကို ငရုပ်ဆုံနဲ့ ထောင်းချင်ထောင်း၊ ဘလန်ဒါနဲ့ ကြိတ်ချင် ကြိတ်ထားပါ။

ကြက်သားချက်ရန်အတွက် ဒယ်အိုးထဲကို စောနက ကြက်သွန်ကြော်ထားတဲ့ဆီ ၁၀ဇွန်းနဲ့ ထောပတ် ၁၂ဇွန်း ထည့်ပြီး ပထမဆုံး သစ်ဂျပိုးခေါက်၊ ကရဝေးရွက် အနည်းငယ်၊ ဖာလာစေ့အနည်းငယ်ကို ထည့်ကြော်ပါ။ အနံ့မွှေးလာရင် ပျဉ်းတော်သိမ်၊ ကြက်သွန်ဖြူနီ၊ ဂျင်း ထောင်းထားတာတွေရောပြီး ဆီသတ်ပါ။ မွှေးလာရင် ကြက်သားနယ်ထားတာ ထည့် (ဒိန်ချဉ်အနှစ်တွေရော အကုန်ထည့်ရပါမယ်)၊ အရောင်တင်မှုန့်၊ မဆလာထည့်ပြီး အတန်ကြာအောင် မွှေပေးပါ။ ဆီတွေ ကပ်လာပြီဆိုမှ ရေ အနည်းထည့်ပြီး အဖုံးအုပ် ဆီပြန်ပြီး ကြက်သားကျက်သည်အထိချက်ပါ။


ဒန်ပေါက်စချက်တော့မည်။

ဒန်အိုးခပ်ကြီးကြီး ဇောက်နက်နက်ထဲမှာ ရေတစ်ဝက်ခန့်ထည့် ဆူပွက်သည်အထိတည်ပါ။ ဆူပွက်လာပါက အပေါ်က ဟင်းခတ် အမွှေးအကြိုင် ၆မျိုးကို ထည့်ပြုတ်ပါ။

 
၂မိနစ်ခန့် ထည့်ပြုတ်ပြီးလျှင် ရေစစ်ထားတဲ့ ဆန်ကိုထည့်ပြီး ပြုတ်ပါ။ အဲဒီအချိန်မှာ ဒန်ပေါက်နံ့ အတော်ထွက်လာပါပြီ။ ဆန်တွေ မကပ်အောင်၊ မဝေအောင်  ယောင်းမလေးနဲ့ မကြာခဏ မွှေပေးပါ။



ဒန်ပေါက်ဆန်လေးတွေ ဆန့်ထွက်လာပြီ ရှည်ထွက်လာပြီဆို ထမင်းဖြစ်လက်စ ဆန်တွေကို စစ်ပြီး ဒန်ပေါက်ဖောက်မဲ့ မြေလင်ပန်းထဲ ပြောင်းထည့်ပြီး အပေါ်မီးအောက်မီး ပေးဖို့ အတွက် ပြင်ပါတော့မယ်.။ အိမ်မှာတော့ ထမင်းတွေကို သံဇကာ ခပ်ကြီးကြီးနဲ့ တစ်ခါထဲ စစ်ပြီး တစ်ခါထဲ ထည့်ခင်းလိုက်ပါတယ်။


ပထမဆုံး အောက်က ထမင်းတစ်ထပ် ခံပါမယ်။ 

ပြီးရင် အပေါ်ကနေ ကြက်ပေါင်၂ခု ခင်းထည့်ပြီး ဟင်းက ဆီတွေ အနှစ်တွေပါ  4 Table spoon လောက် ထည့်ပါ။ နွားနို့ 3 table spoon လောက် အပေါ်က ဖြန်းပါ။ ကြက်သွန်နီအနှစ်ချေထားတာလဲ 3 table spoon ခန့် ဖြူးပါ။ သီဟိုစေ့၊ စပျစ်သီးခြောက်၊ အရောင်ဆိုးဆေး တို့ကိုလဲ ၃-၄ထပ်စာ သင့်သော်သလိုခွဲပြီး ဖြူးပေးပါ။ ဆား၊ ကြက်သားမှုန့် တို့ကိုလည်း လိုအပ်သလိုဖြူးပါ။ အချိုကြိုက်ရင်၊ အချိုပိုလေးစေချင်ရင်တော့ သကြားကို 1 table spoon လောက်စီ အထပ်တိုင်းမှာ ဖြူးပေးပါ။

ပြီးတော့ နောက်ထမင်းတစ်ထပ်ခင်းပြီး အပေါ်ကနေ အစာတွေ၊ ကြက်သားတွေ ကို ခုနက ပြောတဲ့ အတိုင်း ထပ်ခင်းပါ။


အဲဒါမျိုး ၃ထပ်လောက်ခင်းပြီးရင် အပေါ်ကနေ Aluminum foil နဲ့ လုံနေအောင်အုပ်ပြီး Oven ထဲမှာ 250 ဒီဂရီ စင်တီဂရိတ်နဲ့ နာရီဝက်ခန့် အပေါ်မီးအောက်မီးနဲ့ ထည့်ဖုတ်ရပါတယ်။


 နာရီဝက်၊ ၄၅ မိနစ်ခန့်ကြာလို့ oven ထဲက ထုတ်ပြီး foil ကို ဖွင့်ကြည့်လိုက်သော အခါ ..

 စားချင်စဖွယ် ကြက်သား ဒန်ပေါက်ကို ရပါတယ်။ ရန်ကုန်က ကြက်လျှာစွန်းတို့ ရွှေညောင်ပင်တို့နဲ့ အနံ့အရသာရော texture ပါ တော်တော်လေးကို တူပါတယ်။  ကြက်သားကလဲ ချက်ထားတာကို မှ ထပ်ပေါင်းထားတော့ နူးအိနေပါတယ်။ နယ်ပြီး ဆီသတ်ချက်ပြီးသား ဆိုတော့ ဆားပြားလဲ အထဲဝင်ပါတယ်။
 ဂေါ်ဖီကြက်သွန်ချဉ်ရယ်၊ ပုဇွန်ခြောက် ငရုပ်သီးကြော်ရယ် နဲ့ စားပါတယ်။ ချဉ်ပေါင်ရွက် မရတော့လို့ မန်ကျည်းရွက်ချဉ်ဘူးထဲက မကျည်းရွက်နဲ့ အရည်သောက်ဟင်းချက်တာ ပုံထဲတော့ မပါတော့ပါဘူး။
some important tips
- ကြက်သားကို ဒိန်ချဉ်နဲ့ နယ်ရပါမယ်။ ဒါမှ ကြက်သားက မီးဖိုထဲ ကင်တဲ့အခါ နူးအိပြီး အရသာ ပိုရှိပါတယ်။ ဒိန်ချဉ်က ချက်လိုက်ရင် အနှစ်လဲရတော့ ထမင်းထဲလဲ စိမ့်ဝင်သွားပြီး အရသာ ပိုရှိစေပါတယ်။

- အပေါ်မီး အောက်မီးပေးမဲ့ မြေအိုးက ခပ်ပြားပြားဆို ကောင်းပါတယ်။ ဆန်ကိုလည်း ၃-၄ ထပ်ထက် ပိုခင်းရင် မကောင်းပါဘူး။ အရမ်းမြင့်တဲ့ အိုးဆို အပေါ်က အလေးဖိအားတွေကြောင့် ဒန်ပေါက်ထမင်းလုံးတွေက ပိပြားပြီး မလှတော့ပါဘူး။ အပေါ်က ဖိထားတာ မခံရပဲ ဒန်ပေါက်ဆန် ရှည်ရှည်လေးတွေ တစ်လုံးချင်းဆိုမှ အမြင်လှပါတယ်။

- အရောင်တွေ အရမ်းမများအောင် အရောင်ဆိုးဆေးကို တစ်လွှာမှာ ၂စက် ၃စက်လောက်ပဲ ချရင် လုံလောက်ပါတယ်။ ၀ါလွန်းနေရင် မလှပါဘူး။ ဒန်ပေါက်က ထမင်းအဖြူရယ်၊ ကြက်သွန်နီကြော်နဲ့ ရောတဲ့ အညိုရယ်၊ အရောင်ဆိုးထားတဲ့ လိမ္မော်ရောင် ၃ ရောင်ပေါင်းနေမှ လှပါတယ်။ ထမင်းပွဲပြင်ရင် တစ်နေရာထဲက မဟုတ်ပဲ ၃မျိုးပေါင်းပြီး ခူးရပါတယ်။

-  အလွှာတိုင်းအမှာ နွားနို့ထည့်ဖြန်းရပါတယ်။ ထမင်းက ရေကို စစ်ထားတော့ ထပ်ပေါင်းတဲ့  အခါ  ရေမရှိတော့ပါဘူး။ ရေထည့်ရင်ရပေမဲ့ နွားနို့ကတော့ ပိုစိမ့်ပါတယ်။

- စားတဲ့အခါမှ spice တွေတော့ နဲနဲဖယ်စားရပါတယ်။ ပွဲပြင်ကထဲက တွေ့တာလေးတွေ ဖယ်ထားလိုက်ပါတယ်။ spice တွေကို မရောအောင် ပိုက်ကွန်လို အ၀တ်နဲ့ချည်ပြီး ချက်ရင်တော့ ရပါမယ်။ ဒါပေမဲ့ အနံ့က အပြင်ရောက်ဖို့ ခက်တော့ spice တွေ ၂ဆလောက် ထည့်ရမယ်နဲ့တူပါတယ်။


Monday, February 24, 2014

ဆိုဖာပေါ်မှ ဟာသများ

ဂျူဂျူလေး နွေရာသီကျောင်းပိတ်ရက်မှာ သူ့အမေက မြန်မာစာသင်ပေးတယ်။ အပျော်သင်တာဆိုတော့ အရင်ကျောင်းပိတ်ရက်က သင်ထားတာတွေ ပြန်နွှေးနေတာနဲ့ပဲ သင်ခန်းစာက ရှေ့မတက်နိုင်ဘူး။ 

ဒီနေ့သင်ခန်းစာကတော့ ယပင့်နဲ့ ရရစ်ကို သင်တဲ့သင်ခန်းစာ။ အိမ်ရှေ့က ဆိုဖာပေါ်မှာ သားအမိသားအဖ ၃ယောက်  တီဗီကြည့်နေရင်း သမီးက စာအံနေတယ်။


ဆရာမ စာပြသည်။
မြေဖြူ ယူလာသည်။
မိမိနေရာ နေကြပါ။
စကားကျယ်ကျယ် မပြောရ။

ခလေး စာဖတ်နေတုံး အမေလုပ်သူက မီးဖိုထဲ ဟင်းအိုး တည်ထားတာ သတိရတာနဲ့ ...

" တော့ ....ကမောင်ခြိမ့် ... ကျုပ် ဟင်းအိုးသွားကြည့်ဦးမတော် ... တော် ခလေးစာ အံတာ သေချာနားထောင်ပြီး ကြည့်ပေးလိုက်ပါဦး ... " ဆို သားအဖ၂ယောက် တည်း ထားပခဲ့တယ်။

ဟင်းအိုးကိစ္စ ၀ိစ္စပြီးလို့ ဆိုဖာပေါ်ပြန်ရောက်တော့ သမီးက စာအံလို့ ကောင်းတုံးရှိသေး။

အမေကြီးက တီဗီတောင်မကြည့်နိုင်၊ အိုင်ပက်တစ်လုံးနဲ့ ဖေ့ဘွတ်ထဲ မဲကြည့်နေရင်းနဲ့ ခလေး စာအံသံက မကြားတစ်ချက် ကြားတစ်ချက် ...

တစ်ခါကျ သူ့အဖေက

" ဟဲ့ ကောင်မလေး ... ကျားကြီး ခြေရာကြီး ...ဟ ...." ဆို ကြားလိုက်တော့မှ အွန်လိုင်းကမ္ဘာကနေ  လက်ရှိ ပစက္ခအခြေအနေကို  ပြန်ရောက်သွားတယ်။

ဒါနဲ့ သမီးက ဘယ်လို ဆိုလိုက်လို့တုန်းလို့ မေးတော့

" ညည့် သမီး ဆိုနေတာ ကျားကြီး ... ခြေထောက်ကြီး ... ဆိုပြီး ဆိုနေတာဟ" ဆိုတော့

ရီကြတာ သားအမိသားအဖ ၃ယောက်လုံး တဟားဟားနဲ့။ ဂျူဂျူက အဲလိုပဲ တစ်ခါတစ်လေ သူမသိတာဆို ၀ါးချတာ ။  တကယ်တော့ သူဆိုတာလဲ မှားမှ မမှားပဲကိုး။

-------------------------------------------------------------

ဒီနေ့တော့ ဂျူဂျူလေး ကျောင်းမှာ camping ရှိတာနဲ့ အိမ်မှာ တိတ်ဆိတ် ခြောက်ကပ်လို့နေသည်။ အိမ်ရှေ့က ဆိုဖာမှာ ဦးမောင်ခြိမ့်တစ်ယောက်တည်း ထိုင်နေရင်း တကျီကျီအော်နေသည်။ အိမ်ရှေ့ကို လာခဲ့ပါ။ တစ်ယောက်ထဲ ပျင်းလို့ပါတဲ့။

ကိုယ်ကလဲ တီဗီကြည့်တာ ၀ါသနာက မပါ။ ခါတိုင်းလဲ သမီးက အတင်းခေါ်လို့သာ သူတို့သားအဖ နှစ်ယောက်ကြား ၀င်ထိုင်လိုက်ရသည်။  သူတို့ ပြောတာတွေ နားထောင် လိုက်ရသည်။ စိတ်ကတော့ သိပ်ပါလှသည်မဟုတ်။ ခဏနေတော့ အိုင်ပက်ကလေး ကောက်ကိုင်ကာ အွန်လိုင်းတက်နေလိုက်သည်။ သူတို့ သားအဖကတော့ အင်မတန် ကီးကိုက်သည်။ ၂ယောက်လုံး တီဗီ သူရဲတွေကိုး။

ခုလဲ တီဗီမှာ လာနေသည်က MKR လို့ခေါ်တဲ့ My Kitchen Rules. ၂ ယောက်တွဲ အဖွဲ့လေးတွေ ၁၀ဖွဲ့လောက် တစ်ဖွဲ့ချင်းစီ အိမ်မှာ ချက်ပြီး ထမင်းဖိတ်ကျွေး၊ ဒိုင်တွေက အမှတ်ပေး၊ အမှတ်အနဲဆုံးလူတွေ တစ်ဖွဲ့ချင်း ပြုတ်သည့် အစီအစဉ်။ ဂျူဂျူကတော့ အင်မတန်ကြိုက်သည်။ သူကြိုက်တာနဲ့ သူ့အမေကြီးလဲ ဒီစီးရီးစ်နဲ့ဆို ၂ခု -၃ခုလောက် ရှိပြီထင်သည် ကြည့်ဖူးတာ။ လူတွေ စိတ်ဝင်စားအောင် အထဲမှာလဲ character အမျိုးမျိုးရှိသည့် အဖွဲ့တွေ နှင့် ဆိုတော့ စီးရီစ်က အထိုက်အလျှောက်တော့ နာမည်ကြီးပါသည်။ ဘယ်လောက်ပင်နာမည်ကြီးကြီး တီတီဆွိကတော့ မကြိုက်ရေးချမကြိုက်ပါ။ စိတ်လဲ မ၀င်စားပါ။

သူ့အဖေဘေးမှာ ၀င်ထိုင် ကြည့်နေရင်း သူက ရှင်းပြနေသည်။ ဒီနေ့တော့ လူသစ်တွေ ပါသည့် အစီအစဉ်တဲ့။ လူသစ်တွေကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြနေသည်။ ခါတိုင်းတွေ့နေကျ လူတွေမဟုတ် တော့ ပိုလို့ပင် ပျင်းစရာ ကောင်းသေးသည်။ မျက်နှာစိမ်းတွေမှန်းတော့ သိသည်။ သူတို့ ဘယ်မြို့ကလာသည်။ သူတို့နာမည်တွေ နှင့်  တစ်ဖွဲ့ပြီး တစ်ဖွဲ့ မိတ်ဆက်ပေးနေသည်။ ဒီနေ့အစီအစဉ်မှာလည်း ထိုလူသစ်အဖွဲ့ထဲက တစ်ဖွဲ့က ချက်မည်တဲ့။

ဟော လူသစ်တွေ  ပြနေရင်းနဲ့ ဖြတ်ဆို လူ၂ယောက်ေ တ်ာတော် ရင်းရင်းနှီးနှီးကြည့်ဖူးသည့် ၂ယောက်ပါ။ ... ငါ သူတို့တွေတော့ အရင် တုံးက ကြည့်ဖူးသားဟ။ ဆို ၀မ်းသာ အားရနဲ့  လူဟောင်းတွေ ပြန်လာ ပြီဆို ပြောတော့ ဦးခြိမ့်က

ဟဲ့ အဲဒါ ဒိုင်တွေဟဲ့ ... ဒိုင်တွေ ဆို ပြောပြီး ၂ယောက်သား ရီကြတာ ။  အမှန်က လူဟောင်းဆိုတာ အရင် စီးရီးစ်မှာကြည့်ဖူးတဲ့ ပြိုင်ပွဲဝင်အဟောင်းတွေမှတ်လို့၊  ဒီတစ်ခါတော့ ငါသိ ပဟဆို အော်လိုက်တာ။ စီးရီးစ်တိုင်း ၃နှစ်ဆက်တိုက်ပါသည့် ဒိုင်တွေ ဖြစ်နေလေသတည်း။

ကဲ အန်တီဆွိ တီဗီကို ဘယ်လောက် စိတ်ဝင်စားလဲ ဆိုတာ ... သဘောပေါက်။းo)














Monday, February 17, 2014

1st School Camping

ဒီနေ့ သမီးရဲ့ ဘ၀မှာ ပထမဆုံး School Camping ထွက်တဲ့နေ့။ သမီးလေးဟာ သူ့ရဲ့ အဖေ အမေတွေ မပါပဲ သွားရမဲ့ ညအိပ်ခရီးအတွက် သိပ်ကို စိတ်လှုပ်ရှားနေခဲ့တယ်။ ကျောင်းကနေ notice စာရွက်ထွက်ကတည်းက (တစ်ပတ်လောက်ကြိုပြီး) camping အတွက် ယူသွားရမဲ့ ပစ္စည်းတွေကို သူ့ဟာသူ ပြင်ဆင်နေခဲ့တယ်။ ခါတိုင်းတော့ သူ့အမေက အားလုံးပြင်ဆင်ပေးပေမဲ့ ဒီတစ်ခါတော့ သူ့ဟာသူ စီစဉ်လုပ်ကိုင်တတ်အောင် သူ့အမေက ဒီတိုင်းပဲ ကြည့်နေလိုက်တယ်။


မနက်သွားခါနီးတော့ မိုးကလဲ တစ်ပေါက် နှစ်ပေါက် ကျစပြုပြီ၊ ရာသီဥတုကလဲ အေးနေတာနဲ့ သမီးဝတ်မဲ့ ဂျင်းဘောင်းဘီ အတိုကို ဘောင်းဘီအရှည်နဲ့ လဲဝတ်ဖို့ ပြောပေမဲ့၊ ဆရာမက ဘောင်းဘီအတိုပဲ ၀တ်ခိုင်းတာဆို ခေါင်းမာစွာနဲ့ ငြင်းဆိုခဲ့တယ်။ အနွေးထည်လေးတော့ သူဝတ်ပါမယ်ပြောတယ်။ သူလဲ စဉ်းစားတွေးခေါ်နိုင်တဲ့ အရွယ်ရောက်ပြီမှို့ လွတ်လပ်ခွင့် ပေးထားပါတယ်။ ဘောင်းဘီအရှည်ကို ပြောင်းဝတ်ဖို့ သားအမိ၂ယောက် အခြေတင် အတော်ကြာပြောနေကြပေမဲ့ အမိန့်အာဏာလိုမျိုး အတင်းအကျပ်တော့ မတောင်းဆိုခဲ့ပါဘူး။

ကျောင်းရောက်တော့ သူ့သူငယ်ချင်း မိန်းခလေးတော်တော်များများဟာ ဘောင်းဘီအရှည်တွေနဲ့ ဖြစ်နေကြပြီး သူတစ်ယောက်တည်း အတိုလေး ဖြစ်နေတော့ သူ့ဟာသူ သဘောပေါက်သွားတယ်။ နောက်ကို အမေပြောတာ နားထောင်မှာလားဆိုတော့ ခေါင်းငြိမ့်ပြတယ်။

ကားလာတော့ ကားကလဲ ကြည့်ရတာ air-con နဲ့ အတော်အေးမဲ့ ကားမျိုး။ သမီးတော့ တစ်လမ်းလုံး အေးနေတော့မှာပဲလို့ စိတ်ပူမိတယ်။ အမေစကားနားမထောင်တဲ့ သမီးလေး သူ့ဟာသူ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ပြီး အတွေ့ အကြုံတွေကနေ သင်ယူနိုင်ပါစေလို့။





Sunday, February 16, 2014

မွေးနေ့ မှတ်စု (သို့) မိတ်ကပ်မှတ်စု ...

တီတီဆွိသည် နေရာတော်တော်များများမှာ flexible ဖြစ်ပေမဲ့ တစ်ချို့နေရာတွေမှာတော့အစွဲအလန်းကြီးသည် ပြောရမလား။ ဥပမာ အစားအသောက်ဆို စင်္ကာပူရောက်စက ကြက်ဆီထမင်း။ စ စားတော့ ဘာမှန်းမသိ။ နောက်ပိုင်းစားရင်းနှင့် ကြိုက်လာတော့ ဘယ်ဟော်ကာ၊ ဘယ် food court သွားသွား ကြက်ဆီထမင်းသာ မှာတော့တာပဲ။ နောက်ပိုင်းကျ အိမ်ကလူက ဒုတ်တပြတ် ဓားတစ်ပြတ်နှင့် တခြားစားစရာတွေ အတင်းကျွေးမှပဲ စားတတ်လာသည်။ ဒါတောင် ကြက်ဆီထမင်းပြီး Mee pok ဆိုတာနှင့် မိတ်ဆက်ပေးတော့ ဒါကြီးပဲ ဆက်တိုက် စားနေရာ နောက်တစ်ခါ ဒုတ်တပြတ် ဓားတစ်ပြတ်တွေ ဖြစ်ကြပြန်သည်။



မွေးနေ့မှာ ဘုန်းဘုန်းကို မန်းလေး မုန့်တီ ကပ်ပါတယ်။


နောက် သူနေ့စဉ် သုံးစွဲနေတဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ရေမွှေး အစရှိတာတွေလည်း အပြောင်းအလဲမရှိ။ အသစ်အဆန်း စမ်းသုံးခြင်းမရှိ။ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေး တွေသာ နှစ်ပေါင်းများစွာ စွဲသုံးခဲ့သည်။ ဒီဖက်ကျွန်းကြီးပြောင်းလာတော့ သူ့အကြောင်း သူသိလို့ သုံးနေကျ မိတ်ကပ်ဗူးတွေကို ၄-၅ဗူး ၀ယ်ချလာခဲ့သည်။ ဟိုဖက်ရောက်လျှင် ဘာမှန်းမသိ။ ၀ယ်လို့မရလျှင် ဒုက္ခရောက်လှချည့်ပေါ့။ ခု ၃နှစ်လောက်ကြာတော့ ကိုယ်ဝယ်လာတာလေးတွေလဲ တဖြေးဖြေးကုန်လုပြီ။ အထူးသဖြင့် Foundation ဟုခေါ်သည့် မိတ်ကပ် အစိုလိမ်းပြီး အပေါ်က အသာ ပုတ်ရသည့် ပေါင်ဒါဖြစ်သည်။ ဟိုမှာတုံးက ရှော့ပင်းစင်တာကြီးတစ်ခုမှာ sale ချလို့ ၀ယ်ရာမှအစ စမ်းသုံးကြည့်ရာ မထင်မှတ်ပဲ အလွန်ကောင်းသည့် မိတ်ကပ်ဖြစ်နေလေသည်။ ပြီးတော့ မိတ်ကပ်တွင် အသားအရောင်အလိုက် နံပတ်များရှိရာ သုံးသည်က အရောင်က အနည်းငယ်ရင့်သော ညိုသည့် သူ့အသားနှင့် လိုက်ဖက်သော Medium 2 ဆိုသော နံပတ် ဖြစ်သည်။ တီတီဆွိသည် ကမ္ဘာပေါ်တွင် ထိုမိတ်ကပ်မှလွဲ၍ တခြားမိတ်ကပ်များ မရှိတော့သည့်အလား ထိုမိတ်ကပ်တစ်မျိုးတည်းသာ စွဲသုံးခဲ့ပါသည်။


 
 တစ်ရက်တော့ ၀ယ်လာသည့် မိတ်ကပ် re-fill ဗူးတွေ ကုန်တော့ အင်တာနက်ထဲ ဟိုဟိုဒီဒီ လိုက်ရှာကြည့်ရာ ထိုမိတ်ကပ်သည် ဆစ်ဒနီမပြောနှင့်၊ တကမ္ဘာလုံး ဘယ်နေရာမှ ရှာမရ။ အတော်ထူးဆန်းလှချေတကား။ အားနာတတ်သော တီတီဆွိသည် စင်္ကာပူမှာ သူငယ်ချင်းတွေ မှိုလို ပေါပေ့မယ့် မမှာရက်။ ဒါလေးနဲ့တော့ ဒီလောက်ဒုက္ခမခံဆိုကာ အစားထိုး မိတ်ကပ်ဗူးတွေ ကို ဘရန်း ၃-၄မျိုးလောက် လိုက်ရှာဝယ်လေသည်။ ဒါလေး ကောင်းနိုးနိုး၊ ဟိုဟာလေး အဆင်ပြေနိုးနိုးနှင့် စမ်းသုံးကြည့်ရာ စိတ်ကြိုက်ကတော့ မတွေ့လှပေ။ သို့ပေမဲ့ ဝယ်ပြီးပြီဆိုတော့လဲ မလွှင့်ပစ်ရက် ။ ဒါတွေသာ သည်းခံသုံးရလေသည်။ ထိုထဲမှ မိတ်ကပ်တစ်ဗူးသည် အရောင်ကို ဖြူသည့်ဖက်ရွေးမိရာ ထိုမိတ်ကပ်လိမ်းမိပါက မျက်နှာတစ်ခုလုံး ပေါင်ဒါဗူးထဲပဲ ပြုတ်ကျသလိုလို၊ မျက်နှာပဲ မှိုတက်နေသလိုလို ရီချင်စရာကောင်းလှသည်။ အနည်းငယ်ကြိုက်သည်ဆိုသော မိတ်ကပ်ဗူးသည် texture အနေနှင့် တော့ အလွန်ကောင်းပါသည်။သို့ပေသိ အရောင် အရင့်ဆုံးကို ရွေးမိလိုက်ရာ သူက အညိုတင်မက အနီရောင်ပင် ရောစပ်နေရာ ထိုမိတ်ကပ်လိမ်းလိုက်လျှင် မျက်နှာသည် ပါးနီလိမ်းစရာမလိုပဲ နီနေ၏။ သို့ပေမဲ့ နှမြောတော့ ကိုယ့်စိတ်ကို ဖြေကာ အဲသလောက်တော့လဲ မဆိုးပါဘူးဆိုကာ ကြိတ်မှိတ်လိမ်းလေသည်။

ဒီနေ့မနက် မွေးနေ့ဆိုတော့ သွားနေကျ ဘုန်းကြီးကျောင်းတွင် အာရုံဆွမ်း သွားကပ်ရန် စောစောထကာ လှတပတ ပြင်တော့သည်။ မွေးနေ့ရှင်ကြီးဆိုသော အထူးအခွင့်အရေးကိုသုံးကာ မိတ်ကပ်ကို ခါတိုင်းထက် ထူထူလိမ်းသည်။  အကျီအသစ်ဆုံးကို ၀တ်သည်။ ပြီးလျှင် ဦးခြိမ့်ကို မွေးနေ့အမှတ်တရဆိုကာ ဓာတ်ပုံရိုက်ခိုင်းရဦးမည် မဟုတ်လား။ မနက် ၄နာရီပဲ ရှိသေးရာ အပြင်တွင် အလင်းရောင် မထွက်သေး။ ဆစ်ဒနီနံနက်ခင်း ငှက်ကလေးများ၏  တေးသံကို ပင်မကြားရသေးရာ  သူကိုယ်တိုင် တေးညည်းကာ အလှပြင်နေလေသည်။

 
 အားလုံးပြီးတော့ မှန်ထဲ သေချာကြည့်လိုက်ရာ သူမ၏မျက်နှာသည် ထူထူလိမ်းထားသည့် မိတ်ကပ် အနီရောင်ကြောင့် အမှတ်တမဲ့ လန့်ပင်သွားလေသည်။ မျက်နှာတစ်ခုလုံး နီရဲလျက်ရှိရာ ငန်းမန်းထနေသည့် လူမမာပမာဖြစ်နေလေရာ ရီစရာပင်ကောင်းနေသေးသည်။ ပြန်ပြင်ဖို့လည်း အချိန်မရှိတော့ပြီ။ ဘုန်းဘုန်းဆွမ်းကပ်ဖို့ အချိုပွဲတည်းဖို့၊ သမီးနှိုးဖို့၊ အိမ်ကလူကို ဆော်သြဖို့ ပြင်ရဆင်ရဦးမည်။ သို့နှင့် ဒီအတိုင်း ငမ်းမန်းထသည့် အနီရောင် မျက်နှာနှင့်ပင် ဘုန်းဘုန်းကျောင်းသို့ သွားကာ မွေးနေ့ နံနက် အာရုံဆွမ်းကပ်ခဲ့ပါသည်။ ဦးဇဉ်းက ဒကာမကြီး နေမကောင်းဘူးလားဟု မမေးသည်မှာ ကံကောင်း။ ။

Monday, January 20, 2014

Chinese Wok

ဟိုနေ့က ဆတ်ဆော့ပြီး Chinese wok တစ်လုံးဝယ်လာတယ်။ တရုတ်ဆိုင်မှာ ကြာဆံကြော်တို့ ထမင်းကြော်တို့ ကြော်ရင် သံဇွန်းကြီးနဲ့ တဂွက်ဂွက်ခေါက်ပြီး မီးတွေတောက်အောင် ကြော်တဲ့ သံဒယ်အိုးပေါ့ဗျာ။

အိမ်မှာလဲ စင်္ကာပူက အစာတွေ ငတ်တိုင်း၊ ဗမာပြည်က ဟင်းတွေ ငတ်တိုင်း ကြော်စား၊ ချက်စားနေကျဆိုတော့ တရုတ်ဆိုင်တွေလို ဒယ်အိုးကပ်နံ့ သင်းသင်းလေးနဲ့ ကြာဆံကြော်တို့၊ ထမင်းကြော်တို့ ကြော်စားချင်တာ။ လက်တည့် စမ်းချင်တာ အဓိကပေါ့။

ဒါနဲ့ အဲလိုဒယ်အိုးတွေက စစချင်း ဆီဝပြီးကြော်လို့ကောင်းအောင် seasoning ဆိုတာလုပ်ရတယ်ဆိုတာ ကြားဖူးတော့ ဂူဂဲထဲရှာဖတ်ပြီး သူတို့ပြောသလို ဒယ်အိုး ဆပ်ပြာရည်နဲ့ဆေး၊ အ၀တ်နဲ့သုတ်၊ ဆီသုတ်ပြီး မီးပြင်းပြင်းနဲ့ တည်ဆို လုပ်နေတုံးရှိသေး ဦးခြိမ့်က ဒယ်အိုးနဲ့ ပါလာတဲ့ အညွှန်းကို ပြပါလေရော။ အဲဒီကျ ကြည့်လိုက်တော့ သူက ပိုလို့တောင် ရှုပ်သေး။ Repeat လုပ်ရတဲ့ အဆင့် ပါ ထည့်တွက်ရင် အဆင့် က ၁၇ဆင့်လောက်ဖြစ်နေပြီ။ အပေါ်က ဆားနဲ့ လုပ်တဲ့ အဆင့်တွေက ပြန်လုပ်လို့ မရတော့ အဲဒါတွေ ကျော်ပြီး ဆီသုတ်ပြီး ၁၀မိနစ်စီ မီးပြင်းတိုက်တဲ့ အဆင့်ပဲ ဆက်လုပ်ရတော့တယ်။

အိမ်ထဲ မီးခိုးတွေ ရိုက်မှာစိုးလို့ အပြင်က barbecue burner မှာ သွားပြီး ဆီသုတ်လိုက် ကင်လိုက် ဒယ်အိုးအပူကြီးက အမဲအမှုန်တွေ သုတ်လိုက်နဲ့ ၃ခါလောက်ဆိုတော့ လူတွေလဲ တော်တော်မောနေပြီ။ ဟမ်မလေး ဒယ်အိုးလေး သုံးရပါမဲ့ အရေး ဒီလောက် အပင်ပမ်းခံရလား ဆို ငြီးတွားနေကြပြီ။

အားလုံး အဆင့်တွေပြီးတော့ လူက မနေနိုင် စမ်းသပ်ကြည့်ချင်တာနဲ့ မနက်စာ ထမင်လေး ထကြော်တယ်။ ဆိုးတော့ မဆိုးဘူးပေါ့။ non sticker လိုပဲ မကပ်ဘူးပေါ့။ ပြီးတော့ တရုတ်တွေ ကြော်တဲ့ ဇွန်းကြီး တဂွက်ဂွက်နဲ့ မာန်ပါပါနဲ့ ကြော်နေတာ။ ထမင်းကြော်လေး မွှစိနှောက်ကို။ မဆိုးပါဘူး။ ပုံမှန်ကြော်တာထက် တရုတ်ဆိုင်ကြော်နဲ့ တော်တော်တူတယ်ဆို တွေးပြီးကျေနပ်နေတာ။

ထမင်းကြော်စားပြီးသကာလ ... မည်သို့မည်ပုံ ဆေးကြောရမည်လဲဆိုတာ မသိလို့ အညွှန်း ပြေးဖတ်ကာမှ ဒေါ်ဆွိတီတစ်ယောက် ပုံလဲကျမတတ် ဖြစ်သွားရတယ်။

ဒယ်အိုးကို ဆပ်ပြာရည်နဲ့ အသာဆေးပြီး အပေါ်က လုပ်ခဲ့ တဲ့ (မီးကင်တဲ့) အဆင့် ၃ဆင့်ကို repeat ပြန်လုပ်ပြီးမှ သိမ်းပါတဲ့ခင်ဗျား။
ဂစ် ... ဂစ် ...