ဖာလူဒါ လုပ်နည်းလေး မေ့သွားမှာစိုးလို့ ဒီမှာ လာမှတ်ထားလိုက်ပါတယ်။
တီဆွိရဲ့ ပိတ်သတ်တွေလဲ လုပ်နည်းလေးသိတော့ လုပ်စားလို့ရတာပေါ့။
လူ ၇၀ စာ ဖာလူဒါ အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ မုန့်လက်ဆောင်းဖတ်
၂။ ဘေဆယ်စေ့ (သို့) ပင်ပွား
၃။ သာကူစေ့
၄။ ကျောက်ကျောချောင်း ရောင်စုံများ
၅။ ကြက်ဥပူတင်း
၆။ နှားနို့
၇။ သကြားရည်
၈။ နိူ့စိမ်း (သို့) thick cream
၉။ vanilla ရေခဲမုန့်
၁။ မုန့်လက်ဆောင်းဖတ်လုပ်နည်း
အောက်ပါ youtube ကနေ reference ယူပါတယ်။
https://www.youtube.com/watch?v=gVF4nZxpzWA
ဆန်မှုန့် ဆန်ချင်ခွက် ၃ခွက်၊ tapioca အမှုန့် စားပွဲဇွန်း ၄ဇွန်းမောက်မောက်၊ pandan essence အရည် လဖက်စားဇွန်း ၂ ဇွန်းခန့်၊ ထုံးရည်ကြည် 500 ml တို့ကို ရောမွှေပြီး မီးဖိုပေါ် မီး medium နဲ့တည်ပါ။ အဆက်မပျက် မွှေပေးနေရပါတယ်။ မွှေနေရင်းနဲ့ ပျစ်လာရင် ရေအနည်းငယ်စီ လောင်းထည့်လိုက်၊ မွှေလိုက်နဲ့ မုန့်တွေ ပြောင်ချောလာပြီး ညောင်စေးကျလာရင်၊ sandal maker နဲ့ ရေခဲထည့်ထားတဲ့ ရေဇလုံထဲ ညှစ်ချပါ။ ရလာတဲ့ မုန့်လက်ဆောင်းဖတ်တွေကို ရေရောပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားပါ။
၂။ ဘေဆယ်စေ့ (သို့) ပင်ပွား
sweet basil စေ့ အထုတ်ကို (ဆန်ချင်ခွက် တစ်ဝက်ခန့်) ဝယ်ပြီး ရေမြုတ်အောင် စိမ်ပါ။ ၅မိနစ်လောက်ကြာလို့ အစေ့လေးတွေက ပင်ပွားလေးတွေ ဖြစ်လာရင် အစိမ်းရောင် အရောင်ဆိုးဆေး လဖက်ရည်ဇွန်းဝက်ခန့် ထည့်ပြီး ခဏစိမ်ထားပါ။ ပြီးရင် အစိမ်းရောင်ဆိုးဆေးအရည်တွေကို ဆေးချ ၊ စစ်ချပြီး အစိမ်းရောင် ပင်ပွားလေးတွေကို ရေရောကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။
၃။ သာကူစေ့
ရေနွေးကို ပွက်ပွက်ဆူအောင် ကျိုလိုက်ပါ။ ဆူလာရင် မီးကို medium ကို လျှော့လိုက်ပြီး သာကူစေ့ ဆန်ချင်ခွက် နှစ်ခွက် လောင်းထည့်၊ အောက်မှာ မကပ်အောင် အဆက်မပျက်မွှေပေးပါ။ မွှေတဲ့အခါ သံဇွန်းဆိုပိုကောင်းပါတယ်။ အရည်က အရမ်းစေးကပ်ပြီး ပျစ်နေတယ်ဆို ရေနွေးကို နည်းနည်းချင်းလောင်းထည့်ပြီး ကျဲသွားအောင် ပြုလုပ်ပါ။ မွှေနေရင်းနဲ့ သာကူစေ့တွေ အဆံပျောက်ရင် စကာနဲ့ စစ်ပြီး ရေအေးနဲ့ လောင်းချပါ။ ရေအေးအေးနဲ့ ၂ထပ်ခန့် ဆေးချပါ။ သာကူစေ့တွေ အေးသွားပြီဆိုရင် အနီရောင် အရောင်ဆိုးဆေး လဖက်ရည် တစ်ဇွန်းခန့်ထည့်ပြီး ခဏ စိမ်ထားပါ။ ပြီးရင် အနီရောင်ဆိုးဆေးအရည်တွေကို ဆေးချ ၊ စစ်ချပြီး သာကူတွေကို ရေမြုတ်အောင်ရောကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။
၄။ ကျောက်ကျောချောင်း ရောင်စုံများ
ကျောက်ကျောချောင်း ၂ထုတ် (70 gm ခန့်) ကို ရေ ဆန်ချင်ခွက် ၂၄ခွက်နဲ့ ရောကျိုပါ၊ သကြား ဆန်ချင်ခွက် တစ်ခွက်ထည့်ပါ။
ကျောက်ကျောကျိုနေစဉ် ကျာက်ကျော အရောင် ၃မျိုးအတွက် အအေးခံမည့် baking tray (သို့) လင်ပန်း ၃ခုကို အဆင်သင့်ပြင်ထားပါ။ အရောင်ဆိုးဆေး အစိမ်း၊ အနီ၊ အဝါ အဆင်သင့်ပြင်ထားပါ။
ကျောက်ကျော ချောင်းများအားလုံး အရည်ပျော်သွားလျှင် အေးခဲမည့် လင်ပန်းတစ်ခုချင်းဆီမှာ ဆတူလောင်းထည့်ပြီး အရောင် တစ်မျိုးစီထည့်ပြီးမွှေပေးပါ။ အေးခဲသွားလျှင် ကျောက်ကျောကို အချောင်းသေးသေးရှည်ရှည်လေးတွေ လှီးထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။
၅။ ကြက်ဥပူတင်း
https://www.youtube.com/watch?v=AdhxJ9XcamM မုန့်ဖုတ်မည့် လင်ပန်းထဲသို့ သကြား ၅ဇွန်းမောက်မောက်ခန့် နှင့် ရေ ၁၀ ဇွန်းခန့်ထည့်ပြီး သကြားရည် ပျော်ဝင်သွားအောင်အရင်တည်လိုက်ပါ။ သကြားများ နီညိုရောင်သန်းလာပြီး အိုးမှာ ကပ်အောင် မီးအနည်းဆုံးနဲ့ တည်ပြီး အအေးခံထားပါ။
ကြက်ဥ ၂၄ လုံး၊ နွားနို့ ဆန်ချင်ခွက် ၆ခွက်၊ နိူ့စိမ်း နှစ်ဗူး ၊ သကြား ဆန်ချင်ခွက် လေးပုံ၃ပုံ၊ vanilla အနံ့ အမွှေးရည် လဖက်ရည် ဇွန်း ၄ ဇွန်း ခန့်တို့ကို အားလုံးသမသွားအောင် စက်နဲ့ ၁၀ မိနစ်ခန့် မွှေပေးပါ။ ပြီးရင် မုန့်ဖုတ်မဲ့ လင်ပန်းထဲ လောင်းထည့်ပါ။ လင်ပန်း ၂ခုခန့်လိုမည်။ လင်ပန်းအကြီးထဲမှာ ရေတစ်ဝက်ခန့်မြှုတ်အောင်ထည့်ပြီး မုန့်ဖုတ်မည့်လင်ပန်းကို တင် အပူချိန် ၁၇၀ ဒီဂရီ စင်တီဂရိတ်နှင့် နာရီဝက်ခန့်ဖုတ်လျှင် ချိုမွှေးဆိမ့် အရသာရှိတဲ့ ပူတင်းရပါပြီ။ ပူတင်းတွေကို ဒါးဖြင့် လေးထောင့် အတုံးလေးတွေ လှီဖြတ်ပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားပါ။
၆။ နှားနို့မှှေး
နွားနိူ့ ၂လီတာဗူး နှစ်ဗူးကို ဆူပွက်အောင်တည်ပြီး အအေးခံထားပါ။ အေးသွားလျှင် နှင်းဆီရည် (rose essence) လဖက်ရည်ဇွန်း ၄ဇွန်းခန့် ထည့်ပြီး မွှေပေးပါ။ ရေခဲသေတ္တာထဲ အအေးခံပြီး သိမ်းဆည်းထားပါ။
၇။ သကြားရည်
သကြား တစ်ကေဂျီထုတ် တစ်ထုတ်ကို ရေ 500 ml နဲ့ ရောကျိုပါ။ သကြား အရည်ပျော်သွားလျှင် နှင်းဆီရည် (rose essence) လဖက်ရည်ဇွန်း ၃ဇွန်း၊ အနီရောင် အရောင်ဆိုးဆေး လဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး သမအောင်မွှေကာ ရေခဲသေတ္တာထဲထည့်ကာ အအေးခံထားပါ။
၈။ နိူ့စိမ်း (သို့) thick cream
Thick cream ဗူးကြီး ၂ဗူးခန့်ဝယ်ထားပါ။ ( ဒီမှာတော့ Bulla တံဆိတ်က အကောင်းဆုံးပါ)
၉။ vanilla ရေခဲမုန့်
vanillaရေခဲမုန့် 2 litre ၃ဗူးခန့် ဝယ်ထားပါ။ (ဒီမှာတော့ Blue ribbon တံဆိတ်က အကောင်းဆုံးနဲ့ ဈေးအတော်ဆုံးပါပဲ)
ရေခဲမုန့်ပွဲပြင်ခြင်း
မတ်ခွက်လောက်ရှိတဲ့ အလှဖန်ခွက်ထဲကို ပထမဆုံး သကြား အနီရောင် အရည် စားပွဲဇွန်း ၂ဇွန်းထည့်ပါ။
ပြီးရင် နွားနို့ စားပွဲဇွန်း ၄ဇွန်းထည့်ပါ။ ကျန်တဲ့ ingredient တွေဖြစ်တဲ့ မုန့်လက်ဆောင်းဖတ်၊ ဘေဆယ်စေ့ (သို့) ပင်ပွား၊ သာကူစေ့၊ ကျောက်ကျောချောင်း ရောင်စုံများ ကို စားပွဲဇွန်း တစ်ဇွန်းဆီထည့်ပါ။ နို့စိမ်းကိုလည်း စားပွဲဇွန်းတစ်ဇွန်းထည့်ပါ။ ပူတင်း တစ်တုံး၊ ရေခဲမုန့် 1 scoop ကို အပေါ်ဆုံးကထည့်လိုက်ရင် စားချင့်စဖွယ် ဖာလူဒါ ရပါပြီ။


No comments:
Post a Comment