Sunday, March 22, 2026

ကြက်ဆီ ထမင်း ထမင်းပေါင်းအိုး ချက်နည်း





Last week က ကြက်ဆီ ထမင်းချက်စားတယ်။
ဒီတစ်ခါတော့ ခါတိုင်းလို ကြက်သားကို သပ်သပ် မပြုတ်ပဲ rice cooker ထဲ ထမင်းနဲ့ အတူ ထည့်ချက် လိုက်တာ အရမ်းကို အဆင်ပြေပါတယ်။
ခါတိုင်းလို အလုပ်တွေ မရှုပ်တော့တဲ့ အပြင် ကြက်ဆီထမင်းက ကြက်ကောက်ညှင်းလိုလေး ပို အရသာရှိသွားပါတယ်။
ကြက်သားက ကြက်ပေါင်သားကို ထွင်ပြီး အသားလေးတွေချည်းပဲ ထည့်ချက်ထားလို့ အလွန်နူးညံ့ပြီး ချိုနေတာပဲ။
..

ချက်နည်းလေးကတော့

ကြက်ပေါင် ၆ခုလောက်ကို အသားအပြားလိုက်ရအောင် အသားထွင်ယူထားပြီး အရိုးတွေကို ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် အရင်းပိုင်း၊ နံနံမြစ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့် တို့နှင့် ရေ များများ ထည့် ပြုတ်ထားပါ။

ကြက်ပေါင်သားတွေကိုလည်း ဆား၊ ပဲငံပြာရည် အကြည်၊ အနောက်၊ ခရုဆီ၊ နှမ်းဆီ၊ ဟင်းခတ်မှုန့်၊ ငရုပ်ကောင်း၊ သကြား၊ တရုတ်ဟင်းချက်ဝိုင် စသည်တို့နှင့် နယ်နှပ်ထားပါ၊

ကြက်ဆီထမင်းချက်ရန် ကြက်သွန်ဖြူ နှင့် ဂျင်းတို့ကို ညက်ညက်ထောင်းပြီး ဆီအနည်းငယ်နှင့် ဆီသတ်ထားပါ။

ဟင်းချိုက ၄၅မိနစ်ခန့်တည်ပြီး အချိုရည် ထွက်လာပြီဆို ဆန် ၄လုံးလောက် ရေဆေးပြီး အဲ့ထဲကို ဂျင်း၊ ကြက်သွန်ဖြူဆီသတ်ရယ်၊ ဟင်းချိုရည်ရယ်အရင် ထည့်ပါ။ ပြီးရင် ကြက်သွန်မြိတ် အရင်းပိုင်းတွေရယ်၊ ဆွမ်းမွှေးရွက် တွေကို အောက်က အရင်ခံပြီး စောနက ကြက်ပေါင်သားနယ်ထားတာတွေကို အပေါ်ကနေ စီထည့်ပါ။

ပုံမှန်ထမင်းချက်တဲ့ အတိုင်း ချက်လိုက်ရင် အလွန်မွှေးကြိုင်ပြီး အရသာ ရှိလှပါသော ကြက်ဆီ ထမင်း ရပါပြီရှင်။







2 comments:

  1. ချက်ကြည့်ဦးမယ် ရေအစား ကြက်ပြုတ်ရည် ထည့်တာပေါ့နော်... ဆန်တစ်ဘူး ရေ တစ်ဘူးခွဲ အချိုးပဲလား...

    ReplyDelete
  2. ချက်စားဦးမယ် အမဆွိ။ တခုခု ချက်ချင်ရင် အမဆွိဘ​လော့ လာလာကြည့်ရတာ update ​တွေ တင်​နေတာ မသိလိုက်ဘူး 🥰

    ReplyDelete