Friday, August 12, 2011

နိုင်ငံတော်ကို ဘာကြောင့်စွန့်ခွါ ....

ဦးခြိမ့်မှ မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတစ်ပုဒ်ကို တုံ့ပြန်ရေးသားထားသော ပို့စ်ဖြစ်ပါသည်။ မြန်မာကျူးပစ်ဖိုရမ်မှ ကူးယူဖော်ပြပါသည်။

-------------------------------------------------------------------------------


မြန်မာလူမျိုးများ မြန်မာနိုင်ငံတွင် ပညာသင်ကြားပြီး အရွယ်ရောက်လာသောအခါ နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ ထိုမှတဆင့် သက်ဆိုင်ရာနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားကြသည်။ ထိုသို့ကူးပြောင်းကြသည်မှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကာ တခြားနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားကြသော်လည်း မြန်မာလူမျိုး (ဗမာ ရခိုင် ရှမ်း ကချင် ကရင် ချင်း စသည့် တိုင်းရင်းသားအားလုံး ) သည် မြန်မာနိုင်ငံကို ချစ်မြတ်နိုးတွယ်တာနေသောစိတ်မှာ မြန်မာနိုင်ငံတွင် နေထိုင်နေသောသူများကဲ့သို့ မလျှော့သောစိတ် အပြည့်ရှိနေသည်မှာ မေးခွန်ထုတ်စရာပင်မလိုအပ်ပါ။

သို့ပါသော်လည်း မြန်မာနိုင်ငံအတွင်း၌ရှိသော မြန်မာအစိုးရလူကြီးများ၊ ထိုအစိုးရအဖွဲ့ဝင်များကို အခွင့်အရေးရရှိရန် ဖားနေသူများ၊ မြန်မာအလင်းသတင်းစာတွင် မိမိအခွင့်အရေးရရန် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်သွားသူများကို လိုက်လံအပြစ်ဖို့ ပြောဆိုနေသည်များကို တွေ့ရှိရ၍ အလွန်အင်မတန် စိတ်မကောင်းဖြစ်မိပါသည်။

ထိုသို့ မြန်မာနိုင်ငံသားစွန့်လွှတ်သွားသူများကို လိုက်လံ အပြစ်ပြောနေမည့်အစား ဘာကြောင့် နိုင်ငံသားအဖြစ်သို့ စွန့်လွှတ်သွားကြတာလဲဆိုတဲ့ အရင်းအမြစ်ကို ရှာဖွေကာ နောက်ထပ် မြန်မာနိုင်ငံသားအဖြစ် တည်ရှိနေသေးသော မြန်မာနိုင်ငံသားများကို နိုင်ငံသားအဖြစ်မှ မစွန့်လွှတ်ရန် ဘယ်လိုကာကွယ်ကြမလဲဆိုသည့် အချက်အလက်ကို မစဉ်းစားကြသည့်အတွက်လည်း ပို၍ပင်စိတ်မကောင်းဖြစ်မိပါသည်။

မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားသို့ အလုပ်လုပ်ကိုင်ခြင်း၏ အကျိုးကျေးဇူးများ

ပထမဦးစွာ ဆွေးနွေးလိုသည်မှာ မြန်မာနိုင်ငံအတွင်းရှိ ဆောင်းပါးရေးသူ အမြင်ကျဉ်းကို စွဲကိုင်ထားသူများမှာ မြန်မာနိုင်ငံမှ ထွက်ခွာပြီး နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူများကို အပြစ်ဖို့ပြောဆိုခြင်းမှ စတင်ပါသည်။ မြန်မာနိုင်ငံသည် လက်ရှိအားဖြင့် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဟုဆိုသော်လည်း ခေတ်မမှီသော၊ တိုးတက်မှုမရှိသော လယ်ယာစိုက်ပျိုးရေးကိုသာ အခြေခံနေသော နိုင်ငံတစ်ခုဟုသာ ဆိုရပေမည်။ တိုင်းပြည်အတွင်းတွင် စိုက်ပျိုးရေးစနစ်ကို တိုးတက်ရန်အတွက် အလေးထားလေ့လာသော ကောင်းမွန်သော Research centre မရှိ၊ ရှိသည့်သုတေသနတွင်လည်း နားလည်တတ်ကျွမ်းသော ပညာရှင်မရှိ၊ အချိန်တန်လခရသည်ပဲဟု တစ်နေ့တစ်နေ့ လဘက်ရည်ဆိုင်ထိုင်၊ ချဲထိုး၊ နှစ်လုံးထီထိုးနေသော သံချေးတက် ပညာတတ်များသာရှိသည်။ ထို့အပြင် နိုင်ငံအစိုးရ တာဝန်ရှိသူများကလည်း ထိုကဲ့သို့ နည်းပညာများထွန်းကားရန် မြေတောက်မြှောက်လိုစိတ် အလျှင်းမရှိ၊ ထိုထိုသော အကြောင်းအချက်များကြောင့် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်မှာ အဆင့်မတန်းမမှီ၊ နိုင်ငံရပ်ခြားပို့သော်လည်း တိရိစ္ဆာန်တောင်မှ ကျွေးမွေး၍မရသော ထွက်ကုန်သာ ရှိသည်။

ထိုအပြင် စက်မှု လက်မှုတွင်လည်း ကျွန်တော်တို့နိုငံတွင် တိုးတက်သော စက်မှု၊လက်မှု အခြေအနေမဟုတ်၊ အသစ်တီထွင်နိုင်သော အခြေအနေ မပြောနှင့် တခြားနိုင်ငံများမှ ထွက်သောကုန်ပစ္စည်းများကို ပုံတူကူးချပြီး ပြန်လည်ထုတ်ယူနိုင်သော အခြေအနေပင် ကောင်းကောင်းမရှိပေ။ ထိုသို့ ပုံတူကူးချထုတ်လုပ်နိုင်သော ပြည်တွင်းအသေးစားလုပ်ငန်းတစ်ခုဖြစ်သည့် စိုးလျှပ်စစ်မှ ထုတ်လုပ်သော ဂျင်နရေတာ၊ ထရန်စဖော်မာ၊ မီးစက်တချို့ကိုသာတွေ့ဖူးသည်။

အထက်ပါကဲသို့ မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို ထောက်ပြနေသည်မှာ အပြစ်ပြောလို၍မဟုတ်ပါ။ မြန်မာနိုင်ငံသားအဖြစ်သို့ တည်ရှိနေသေးသော နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နိုင်ရန် ပတ်ဝန်းကျင်အခြေအနေတရပ်ကို ဖန်တီးနိုင်ဖို့ လိုအပ်ကြောင်းကို ထောက်ပြ ဆွေးနွေးခြင်းသာဖြစ်သည်။

တခြားသူများကို နမူနာ မပေး၊ မိမိကိုယ်ကိုသာ နမူနာအနေဖြင့် ပြောပြရမည်ဆိုလျင်၊ စက်မှုတက္ကသိုလ်မှဘွဲ့ရပြီး အစိုးရအလုပ် လုပ်ကိုင်ရန်ရည်ရွယ်ချက်ရှိသော်လည်း ဖခင်မှ အစိုးရအလုပ်လုပ်ကိုင်လည်း ပတ်ဝန်းကျင်မှ လာဘ်လာဘယူဆောင်ကြီးပွားမှုများကို ပါဝင်သွားကာ မတရားသော ကြီးပွားမှုမျိုး မလိုအပ်သောကြောင့် အစိုးရအလုပ်လုပ်ခြင်းကို တားမြစ်သည်။ ထိုကြောင့် ကျွန်တော်သည် ယာယီအသက်မွေးဝမ်းကျောင်းအဖြစ် ကျုရှင်ဆရာဘ၀ဖြင့် မိမိဝမ်းကို ကျောင်းခဲ့ရသည်။ သင်ကြားထားသော ပညာရပ်များကို မှန်ကန်စွာ အသုံးမချနိုင်ခဲ့။ ထိုမှတဆင့် မိမိ၏ကြိုးစားအားထုတ်မှုကြောင့် ဘွဲ့လွန်ကို နိုင်ငံခြား တက္ကသိုလ်တစ်ခုတွင် စကော်လားရှစ်ဖြင့် အခမဲ့ ပညာသင်ကြားနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်ပါက မည်သို့မျှ မသိနိုင်သည့် ပညာရပ်များကို နိုင်ငံခြားတိုင်းပြည်များတွင် လွယ်လင့်တကူလေ့လာနိုင်ခဲ့ပါသည်။

သို့သော် ထိုပညာရပ်များကို မိမိနိုင်ငံအတွက် ပြန်လည်အသုံးချနိုင်ရန် မြန်မာနိုင်ငံအတွင်း၌ ဖန်တီးထားသည့် အခြေအနေပတ်ဝန်းကျင်မရှိ၊ အကယ်၍ မိမိသည်မြန်မာနိုင်ငံကို ပြန်လည်ကျေးဇူးပြုလို၍ ပြန်လည်ရောက်ရှိပါက မိမိကျွမ်းကျင်သော လုပ်ငန်းရပ်များမရှိသဖြင့် ငယ်စဉ်က ပြုလုပ်ခဲ့သော ကျုရှင်ဆရာဘ၀ကို ပြန်လည်ရောက်ရှိကာ မိမိတတ်မြောက်ထားသော အတတ်ပညာရပ်များကို စတိုခန်းထဲ သိမ်းထားရသည့် ဘ၀သာ ပြန်လည်ရောက်ရှိနိုင်ပေသည်။

သို့ပေမဲ့လည်း နိုင်ငံခြားတွင် ထွက်၍လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအဖို့ မိမိကဲ့သို့ နိုင်ငံခြားတွင် ရေရှည်နေနိုင်သူများသာ မဟုတ်ပဲ ယာယီပါမစ်များဖြင့် နေထိုင်သူမှာ ၆၀-၈၀ ရာနှုန်းအထိရှိကာ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိပါက အောက်ပါ အကျိုးကျေးဇူးများလည်း မြန်မာနိုင်ငံသို့ ရရှိနိုင်ပါသည်။

(၁) အချိန်၏တန်ဖိုးကို နားလည်ခြင်းနှင့် အလုပ်ချိန်တွင် မိမိအား ပေးအပ်ထားသော အလုပ်ကို သေချာစွာလုပ်ကိုင်နိုင်ခြင်း။ (နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း အကျိုးကျေးဇူး )
မြန်မာနိုင်ငံတွင်းအရှိ အစိုးရအလုပ်အပါဝင် တချို့သော အလုပ်များမှာ အလုပ်ချိန် တစ်နေ့(နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း ) ၆နာရီခန့်အတွင်း ထမင်းစားချိန် လဘက်ရည်သောက်ချိန် များကို နှုတ်လိုက်ပါက ၄နာရီခန့်သာရှိသည်၊ ထို ၄နာရီအတွင်း လူတစ်ယောက်၏ အချိန်ဆွဲလုပ်ကိုင်မှုကြောင့် ၃ နာရီခန့်သာဖြစ်ပေလိမ့်မည်။ အလုပ်မပြီးစီးပါကလည်း နောက်တစ်နေ့ လုပ်လို့ရတာပဲဟု အချိန်ဆွဲလုပ်ကိုင်လိုစိတ်များ တာဝန်ယူမှုမရှိခြင်းများကို နေရာတော်တော်များများတွင် ၇၀-၈၀ ရာခိုင်နှုန်းခန့်တွေ့နေရသည်။

(၂) လူတစ်ဦးချင်းစီ၏ တာဝန်ယူမှု စိတ်ဓါတ်၊ ကတိစကား၏ တန်ဖိုးကို နားလည်သွားခြင်း။

(၃) နိုင်ငံရပ်ခြားမှ ရရှိလာသော အလုပ်ထဲမှ ပညာရပ်များ နှင့် စီမံခန့်ခွဲမှုများ။
အနည်းဆုံး မြန်မာနိုင်ငံတွင်း တေလေဂျပိုး၊ လဘက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းနေသူတစ်ယောက် နိုင်ငံခြားတွင် အလုပ်လုပ်ပြီး ပြန်လာပါက အနိမ့်ဆုံး ဂဟေတော့ ဆော်တတ်၊ အချိန်နှင့် ငွေကြေးအ၀င်အထွက်ကိုတော့ စီစစ်သွားတတ်ပါသည်။

(၄) နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူများမှာ မိမိနိုင်ငံသို့ ပြန်ပို့သော ငွေများပြန်လည်ရရှိ ခြင်း။
အရှေ့တောင် အာရှတွင် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် သူတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပင်းလူမျိုးတို့က အများဆုံးဖြစ်ပါသည်။ သူတို့တစ်တွေ သူတို့နိုင်ငံကို ပြန်လည်ပို့ဆောင်တဲ့ ငွေသည် တစ်နှစ်ကို ၁.၅ ဘီလိယန်စီ ရှိကြပါသည်။ ထိုနိုင်ငံများက တရားဝင်ငွေကြေး ပို့ဆောင်ရေးလုပ်ငန်းများရှိသောကြောင့် နိုင်ငံခြားတွင် လုပ်ကိုင်၍ရရှိသော ငွေများကို မိမိတို့မိသားစုများအတွက် ပြန်လည်ပို့ဆောင်ပေးနေကြသည်။ နိုင်ငံခြားသို့ ထွက်၍အလုပ်လုပ်ကိုင်သော မြန်မာများသည် ဖီလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများကဲ့သို့ တစ်နှစ်လျင် ၁.၅ ဘီလီယန်ခန့် မရှိသော်လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးခန့်ရှိမည်ဟု ခန့်မှန်းမိသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ခေတ်မမှီသော၊ နည်းလမ်းမမှန်သော ဘဏ်စနစ်များကြောင့် ထိုငွေများသည် တရားမ၀င်သောလမ်းကြောင်းသို့ ရောက်ရှိသွားသည်။

ထိုကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိုငွေများကို မှန်မှန်ကန်ကန် ဖြစ်အောင် ခိုင်မာသောလမ်းကြောင်းတစ်ခု တည်ဆောက်ရန် အမှန်အကန်လိုအပ်လျက်ရှိပါသည်။

ထိုအပြင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ မိမိမိသားစုဝင်များအား ထိုကဲ့သို့ ငွေကြေးများ ပြန်လည် ပို့ဆာင်မှုကြောင့် မြန်မာနိုင်ငံတွင်းရှိ မိသားစုဝင်များ၏ ၀င်ငွေတိုးပွားလာသည်။ ထိုသို့ ၀င်ငွေ တိုးပွားလာမှုကြောင့် ထိုမိသားစုဝင်များ၏ ငွေသုံးစွဲမှုကြောင့် မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်ကာ တိုင်းပြည်၏ စီးပွားရေးကို တဖက်တလမ်းမှာ တိုးတက်စေနိုင်သော အချက်အလက်တစ်ခုလဲ ဖြစ်ပါသည်။

(၄) နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ သက်ဆိုင်ရာသံရုံးများတွင် အခွန်ငွေများကို ပေးဆောင်ခြင်းဖြင့် နိုင်ငံ၏၀င်ငွေကို တိုးပွားစေခြင်း။
တကယ်တမ်း မြန်မာနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများရဲ့ အကြောင်းအရင်းထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ ထိုအချက်သည် အရေးကြီးပါသည်။ အခွန်နှစ်ထပ်ပေးဆောင်ခြင်း စာချုပ် ရေးထိုးထားသော နိုင်ငံဖြစ်သည်၊ မဖြစ်သည် ခဏထား စင်္ကာပူရောက်မြန်မာနိုင်ငံသားများ ပေးဆောင်သော အခွန်ငွေပမာဏမှာ တနှစ်လျင် အမေရိကန်ဒေါ်လာ သန်း၃၀မှ သန်း၅၀ အတွင်းရှိပါသည်။ ထိုငွေများသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတိုင်းအတာတခုအထိ လုပ်ဆောင်နိုင်သော ငွေကြေးပမာဏ တစ်ခုအနေနှင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော်လည်း ထိုငွေ သန်း ၃၀-၅၀ ငွေကြေးပမာဏသည် မြန်မာနိုင်ငံအတွက် အမှန်တကယ်ရောက်ရှိသွားသော ငွေကြေးပမာဏဖြစ်သည်လား မည်သူမှမသိ၊ နှစ်စဉ် အခွန်ဌာနမှလည်း မှန်ကန်သော စာရင်းကိုလည်း တင်ပြခြင်းမရှိ၊ အခွန်ဌာနနှင့် သံရုံး (နိုင်ငံခြားရေး ၀န်ကြီးဌာန) နှစ်ခုကြားတွင် ထိုငွေကြေးပမာဏသည် စက္ကူပါးလေထဲလွင့်သကဲသို့ ပျောက်ကွယ်သွားသည်လား မပြောတတ်ပေ။

(၅) နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ လှူဒါန်းခြင်း။
မြန်မာလူမျိုးတော်တော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်အလျောက် အလှူအတန်းလုပ်ရာတွင် တခြားနိုင်ငံများကဲ့သို့ တွန့်ဆုတ်ခြင်းအလျဉ်းမရှိပဲ လှူဒါန်းကြပါသည်။ ဥပမာအားဖြင့် မြန်မာကျူးပစ်မင်ဘာများကိုယ်တိုင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်က ကျပ်သိန်း ၁၃၀ခန့်ကို မိမိတို့ချွေးနဲစာများမှ ခြစ်ခြုပ်လှူဒါန်းခြင်း၊ မြန်မာများအတွက် မြန်မာမှ ၂၀၁၀ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၁၅၀ခန့် ကျောင်းဆောင် ဆောက်လုပ်လှူဒန်းခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့သည်။ ကျူးပစ်မင်ဘာများ မြန်မာများအတွက် မြန်မာများကဲ့သို့ လူမှုရေးလှူဒါန်းမှုများသာမက တခြားသော လူမှုရေးအဖွဲ့အစည်းများ၊ အဖွဲ့များနှင့် မဟုတ်ပဲ သီးသန့်လှူဒါန်းမှုများမှာ တနှစ်လျင် အနည်းဆုံး ကျပ်ငွေ သိန်း ၁၀၀၀ မှ ၅၀၀၀ အတွင်း ခန့်ရှိပေသည်။ ထိုကဲ့သို့ နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ လှူဒါန်းမှုသည်လည်း တနည်းအားဖြင့် တိုင်းပြည်အတွင်း ငွေလည်ပတ်မှုများ၏ အထောက်အပံ့တခုအဖြစ် တည်ရှိလျက်ရှိနေပါသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းကို သေသေချာချာ စနစ်တကျ စီစစ်လေ့လာခြင်း အလျင်းမရှိ၊ ထိုကဲ့သို့ သိရန်လဲ ကြိုးစားအားထုတ်ရန်လည်း မစဉ်းစားသော တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ ၀န်ကြီးဌာနများတွင် မျက်နှာရရန် ဖား၍ သတင်းစာများတွင် ရေးသားလျက်ရှိသော အရည်အချင်းမရှိ ကော်လံစား ကလောင်ရှင်များကို ကျွန်တော်တို့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားစစ်စစ်များမှာ အလွန်အင်မတန် စက်ဆုပ်ရွံ့မုန်းမိပါသည်ဟုသာ ပြောကြားလိုပါသည်။

မောင်ခြိမ့်
၈၈၈၈ နှစ်ပတ်လည်နေ့ အမှတ်တရ။
======================================
ဆက်ရန်
မြန်မာနိုင်ငံသားများ နိုင်ငံသားစွန့်ပစ်ခြင်း အကြောင်းအရင်းနှင့် ခေတ်နောက်ပြန်ဆွဲ အတွေးပိုင်ရှင် ကော်လံစား သတင်းစာသမားများ
(ယနေ့ ၈၈၈၈ နှစ်ပတ်လည် ညနေတွင် ဆက်လက် ရေးသားပါမည်။)


ကျွန်တော်ဆက်လက်ရေးသားပြောဆိုမည့် အကြောင်းအရာများသည် လက်ရှိမြန်မာနိုင်ငံအစိုးရကို တိုက်ခိုက်လို၍ အကြောင်းမရှိ အပြစ်ရှာ ပြောဆိုနေခြင်းမဟုတ်ပါ။ တချို့သော ၀က်ဘ်ဆိုဒ်များတွင် လက်ရှိအစိုးရသာမက ပြီးခဲ့သော နအဖအဖွဲ့ကိုပါ ရိုင်းစိုင်းစွာ အ မနာပ ဆဲဆိုပုတ်ခတ်မှုများကိုလည်း တွေ့ရသည်။ ထိုအခါ ကျွန်တော်ကိုယ်တိုင် စိတ်ထဲမကောင်းခဲ့။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် ဗုဒ္ဓ၏အဆုံးအမအရ ဖရုဿဝါဆာ ညစ်ညမ်းသောစကားကို ဆိုခြင်းသည် ကျွန်တော်အတွက် သံသရာလည်းမကောင်း၊ ကိုယ်က ဆဲဆိုပုတ်ခတ်သော်လည်း ထိုသို့အပြောခံရသူက မေတ္တာနှင့်သော်လည်းကောင်း ဥပေက္ခာဖြင့်သော်လည်းကောင်း နေပါက ထိုသို့ ဆဲဆိုမှုသည် ကိုယ်တွင်ပြန်လည်၍ အကျိုးယုတ်စေမည်ဟု ယုံကြည်မိသည်။

နိုင်ငံတစ်နိုင်ငံ အုပ်ချုပ်သည်ဆိုရာ၌ မိသားစုတစ်စုအား အုပ်ချုပ်ခြင်းနှင့်မတူ၊ မိသားစု သိန်းပေါင်းများစွာကို အုပ်ချုပ်ရသည်။ အဖွဲ့အစည်းငယ်တစ်ခု အုပ်ချုပ်သည်နှင့်မတူ ခေါင်းဆောင်လုပ်သူမှာ ထိုအဖွဲ့အစည်းငယ်ကိုတာဝန်ခံရသည်။ ထိုကြောင့် လက်ရှိအစိုးရကို ဝေဖန်ရာတွင် အပြစ်တွေသာ ပြောဆိုခြင်းထက် အပြုသဘောဖြင့် အမှားကိုလဲ ထောက်ပြ အမှန်လမ်းကိုလည်း တာဝန်ရှိပြည်သူတစ်ယောက်အဖြစ် အကြံပြုခြင်းမျိုးကိုသာ အဓိက ဦးတည်ရေးသားပါသည်။

သို့သော်လည်း အဖွဲ့အစည်းငယ်ပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုပဲဖြစ်ဖြစ် အခွင့်အရေးလိုချင်၍ ဖားယားရေးခြင်း ပြုမူခြင်းမျိုးကိုတော့ ကျွန်တော် အလွန်အင်မတန်ရွံ့မုန်းမိသည်။ ထိုကဲသို့ ဖား၍နေထိုင်သူများ အလိုတော်ရိများသည် တကယ့်တကယ်တော့ အဖွဲ့အစည်းကို ဖျက်စီးသူ၊ နိုင်ငံကိုဖျက်စီးသူ၊ သစ္စာဖောက်များသာ အမှန်တကယ်ဖြစ်တော့သည်။

ယခင်ပို့စ်တွင် မြန်မာနိုင်ငံသား နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူများကြောင့် နိုင်ငံအတွက် အကျိုးကျေးဇူးများ ရှိနိုင်ကြောင်း အချက်အလက်တချို့ကို အကြမ်းဖျဉ်းအားဖြင့် ထောက်ပြခဲ့ပါသည်။ ကျွန်တော်ထောက်ပြဆွေးနွေးသော အချက်အလက်များထက် မလျော့တောင်မှ ပိုသော အကျိုးကျေးဇူးများ ရှိနိုင်ပါသေးသည်။ ယခုပို့စ်တွင် မြန်မာနိုင်ငံသားများ တခြားနိုင်ငံသားအဖြစ်သို့ မည်သည့်အတွက်ကြောင့် ပြောင်းလဲကြသည် ဆိုတာထက် မြန်မာနိုင်ငံသားအဖြစ်မှ တခြားနိုင်ငံသား အဖြစ်သို့ မပြောင်းလဲသေးသော ကျွန်တော်တို့အတွက် မြန်မာနိုင်ငံ အစိုးရနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံသားအဖြစ် ဆက်လက်တည်ရှိနေရန် မည်သို့လုပ်ကိုင်မည်လဲ၊ တခြားနိုင်ငံသားအဖြစ်သို့ ပြောင်းလဲမသွားရန် မည်သို့ ဆွဲဆောင်ကြမလဲဆိုတာကို အဓိက မီးမောင်းထိုးပြလိုပါသည်။

မြန်မာနိုင်ငံသားအဖြစ်မှ တခြားနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများကို တွေ့ကြုံရသလောက် မြန်မာနိုင်ငံသားအဖြစ်သို့ စွန့်ခွာသွားသူများကို မေးမြန်ကြည့်မိသော်လည်း နိုင်ငံရေးအမှန်တကယ်လုပ်သူများက မြန်မာနိုင်ငံသို့ ပြန်ပါက အဖမ်းအဆီးခံရမည်ကို စိုးရိမ်သူများမှာ ၇၀ ရာခိုင်နှုန်းနှင့် အထက်ရှိပါသည်။

တခြားအကြောင်းကြောင့် နိုင်ငံသားအဖြစ်သို့ ပြောင်းသွားသူများသည် မြန်မာနိုင်ငံကို မချစ်လို့ မဟုတ်၊ မုန်း၍လည်းမဟုတ် မိမိကျင်လည်ရာတွင် အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့်သာ နိုင်ငံသားအဖြစ်ကို စွန်ခွာခဲ့ကြသည်။ ထိုသူများကို ကြုံကြိုက်လို့မေးပါက မြန်မာနိုင်ငံသို့ ပြန်ချင်သူများသာဖြစ်ပါသည်။ နိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများ၏ တနှစ်တကြိမ်၊ နှစ်နှစ်တကြိမ် သူတို့၏ အားလပ်ရက်ကို အသုံးချရာနေရာကလည်း မြန်မာနိုင်ငံမှ လွဲ၍တခြားသော နိုင်ငံကို ရွေးချယ်မှုကနည်းပါသည်။

ထိုကြောင့် နိုင်ငံရပ်ခြားသို့ ရောက်နေသော မြန်မာလူမျိုးများအားလုံး မြန်မာနိုင်ငံကို ချစ်သူများသာ ဖြစ်ပါ၏၊ မြန်မာနိုင်ငံထဲနေမှ မြန်မာနိုင်ငံကို ချစ်သူများမဟုတ်၊ လိုအပ်ပါက မြန်မာနိုင်ငံအတွက် အသက်စွန့်ဝံသူများသာဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ်ရန် တပ်မတော်ထဲဝင်၍ အမှုထမ်းမှ နိုင်ငံကိုချစ်သူမဟုတ်၊ မြန်မာလူမျိုး ကြီးကြီးငယ်ငယ် နိုင်ငံကိုချစ်သူများသာဖြစ်ပါသည်။ နိုင်ငံတစ်ခုဆိုသည်မှာ အစိုးရသည်လည်း ပြည်သူအတွက် ပြည်သူ့အကျိုးကို ကြည့်၍ တာဝန်ထမ်းသလို နိုင်ငံဝန်ထမ်းသည်လည်း နိုင်ငံအတွက် တာဝန်ထမ်းသည်။ နိုင်ငံခြားတွင် အလုပ်လုပ်နေသူလည်း သူတတ်နိုင်သလောက် နိုင်ငံတာဝန်ထမ်းရွက်နေသူများသာ ဖြစ်ပါသည်။ တပ်မတော်လည်း တပ်မတော်အလျောက်၊ ပညာရှင်လည်း ပညာရှင်အလျောက်၊ အနုပညာရှင်လည်း အနုပညာရှင်အလျောက် နိုင်ငံတာဝန်ထမ်းသူများသာ ဖြစ်ပါသည်။ ထိုကြောင့် နိုင်ငံတွင်း၌ နေထိုင်သူအားလုံး မည်သူမျှ ပို၍ နိုင်ငံကိုပိုချစ်သည် မရှိ နိုင်ငံသားအားလုံး နိုင်ငံကိုချစ်မြတ်နိုးကြသည်ဟု ပထမဦးစွာ ပြောဆိုလိုပါသည်။


တကယ်တမ်းဆိုလျင် နိုင်ငံသားအဖြစ်တည်ရှိနေသူ၊ ပြောင်းလဲသွားသူ မြန်မာလူမျိုးများအားလုံး မြန်မာနိုင်ငံမှာမွေး မြန်မာသွေး မြန်မာရေသောက်သုံးခဲ့ဖူးခဲ့ကြသည်ဖြစ်သည်အလျောက် မြန်မာပြည်ကို ချစ်ကြသော လူများသာဖြစ်ကြပါသည်။ နိုင်ငံခြားတွင် နေထိုင်ခဲ့သော ၁၆နှစ်ကာလအတွင်း မြန်မာနိုင်ငံကို မုန်းသည်ဟု ပြောသူ မတွေ့ဖူးသလောက်ပင်။ ခေတ်အဆက်ဆက် အုပ်ချုပ်မှု ယိုယွင်းမှုကြောင့်သာ မြန်မာနိုင်ငံအတွက် အားမလိုအားမရဖြစ်မှုများ၊ အုပ်ချုပ်သူလူတန်းစားကို မကျေနပ်မှုများကိုသာ ကျွန်တော်တွေ့ခဲ့ရသည်။ မြန်မာလူမျိုးစစ်စစ် (တိုင်းရင်သားများအပါအ၀င်) မပြောနှင့်၊ ဧည့်နိုင်ငံသားမှတ်ပုံတင်ကိုင် မြန်မာတရုပ်များကိုယ်တိုင်ကလည်း မြန်မာပြည်ကို အလွန်အင်မတန်ချစ်ခင်ကြောင်းကို ကျွန်တော်တွေ့ခဲ့ရပါသည်။

နိုင်ငံသားအဖြစ်မှ စွန့်လွှတ်သူများကို ကျွန်တော်လေ့လာဆန်းစစ်မိသည်မှာ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာနိုင်ငံသံရုံးများသည် အဓိက တာဝန်ရှိသည်ဟု ပထမဦးဆုံးအနေဖြင့် မြင်ယောင်မိသည်။ အခွန်အခ ပေးဆောင်ရသည်ဆိုသည်ကို ခေတ္တခဏဘေးဖယ်ထားလိုက်ပါဦး။ ကျွန်တော်နားလည်ထားသည်မှာ မြန်မာသံရုံးဆိုသည်မှာ နိုင်ငံရပ်ခြားရောက်ပါက မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ဟု မှတ်ယူထားမိပါသည်။ ယနေ့ မြန်မာသံရုံးများ၏ မြန်မာနိုင်ငံသားများအပေါ် ဆက်ဆံမှုနှင့် တခြားနိုင်ငံသံရုံးများ သူတို့နိုင်ငံသားများအပေါ် ဆက်ဆံမှုကို နှိုင်းယှဉ်မိသည့်အခါ မြန်မာသံရုံးများ မြန်မာလူမျိုးများအပေါ် ထားရှိသည် သဘောထားမှာ အလွန်အင်မတန် အောက်တန်းကျ အဆင်နိမ့်လှသည်ဟု ရိုးရှင်းစွာ မှတ်ယူမိလိုက်ပါသည်။

ကျွန်တော်တို့တတွေ တနှစ်တစ်ခါ သော်လည်းကောင်း၊ နှစ်ခါသော်လည်းကောင်း သံရုံးသို့ မဖြစ်မနေသွားရောက်ရသည့် အခြေအနေများဖြစ်ပေါ်လာတတ်ပါသည်။ အခွန်ငွေပေးသည့်အခါ၊ ပတ်စ်ပို့သက်တမ်းတိုးသည့်အခါ၊ ထောက်ခံစာသွားရောက်တောင်းဆိုသည့်အခါများတွင် သံရုံးကိုဆက်ဆံရပါသည်။ ကျွန်တော်တွေ့ဖူးသမျှ၊ ကျွန်တော်သွားဖူးသမျှ၊ ကြားဖူးသမျှ သံရုံးများသည် မြန်မာနိုင်ငံသားများကို လူကိုလူလို မဆက်ဆံကြ၊ သူတို့ကို အလုပ်ရှုပ်ရန် ဖန်တီးသူများ၊ ပြဿနာပေးသူများ၊ သူတို့ထက် အဆင့်နိမ့်ကျသူများကို ဆက်ဆံသလို ဆက်ဆံကြသည်။ စင်္ကာပူလို မြန်မာလူမျိုးများသောနိုင်ငံတွင် လူအများကို ကိုနေ့စဉ်နှင့်အမျှ အခွန်ငွေလက်ခံခြင်း၊ သက်တမ်းတိုးခြင်းစသည် လုပ်ငန်းများလုပ်ကိုင်သောကြောင့် လူသဘာဝအရ အလုပ်ရှုပ်၍ အလုပ်မှဖိအားကြောင့် စကားပြောအဆင်မပြေဖြစ်ခြင်းမဟုတ်၊ လူဦးရေ များစွာနှင့် မဆက်ဆံရသော သံရုံးများသည်လည်း မြန်မာနိုင်ငံသားများအပေါ် ဖိနှိပ်ကာဆက်ဆံတတ်ပါသည်။

မြန်မာသံရုံးများ ဆက်ဆံပုံက သူတို့သည် နိုင်ငံခြားရောက်မြန်မာများထက် မြင့်မြတ်သယောင်၊ အဆင့်ပိုရှိသယောင် ရာထူးဂုဏ်မောက် နှိမ့်ချပြောဆိုဆက်ဆံကြသည်။ ကျွန်တော်သိသလောက် အမှန်တကယ်ဆိုလျင် နိုင်ငံခြားရောက် မြန်မာများသည် မြန်မာသံရုံးဝန်ထမ်းများအတွက် ကျေးဇူးရှင်များသာ ဖြစ်ပါသည်။ ကောလဟလကြားဖူးသော စကားတစ်ခုရှိသည်၊ မြန်မာအစိုးရမှ သံရုံးဝန်ထမ်းများကို လခပေးရန် မြန်မာအစိုးရမှ ပေးအပ်ခြင်းမဟုတ်ပဲ နိုင်ငံခြားရောက်မြန်မာလူမျိုးများ ပေးအပ်သော အခွန်များကို ခွဲဝေ၍ လခပေးသည်ဟု သိရသည်။ ထိုကောလဟလ ဘယ်လောက်မှန်သည်ဟု မပြောတတ်ပါ။ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများတွင် အခွန်ပေးဆောင်သော မြန်မာများသည့်အတွက်ကြောင့် ထိုမှရရှိသောငွေများကို တစ်ကမ္ဘာလုံးမှ မြန်မာလူမျိုးမရှိသလောက် ၀င်ငွေနည်းသော သံရုံးများသို့ ခွဲဝေပေးကာ လခယူကြသည်ဟုလည်း ပြောဆိုကြသည်။

ထိုကောလာဟလ မမှန်ကန်သည်ဟုလည်း ထားလိုက်ပါ။ သံရုံးဝန်ထမ်းဆိုသည်မှာ ပြည်သူဝန်ထမ်းသာ ဖြစ်သင့်သည်။ ဖြစ်သည်။ ပြည်သူမှ ပေးသောလခစားတစ်ယောက်ဖြစ်သောကြောင့် ပြည်သူအပေါ် မတူသလို မတန်သလို ပြည်သူကို နိမ်ချ မဆက်ဆံသင့်ပေ။ ကျွန်တော် မြန်မာသံရုံးသို့သွားတိုင်း အခွန်းပေးခြင်းသဘောတရားကို နားမလည်သော work permit လုပ်ကိုင်သော လူငယ်လေးများ သံဝန်ထမ်းမှာ ငေါက်ငန်းပြောဆိုနေသည်မှာ တိရိစ္ဆာန်၊ခွေးကို ငေါက်သည်ထက် မလျော့သော လေသံဖြင့် ပြောဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည်မှာ အကြိမ်ပေါင်းများစွာပင်ဖြစ်ပါသည်။

ထိုကြောင့် နိုင်ငံသားအဖြစ်သို့ မကူးပြောင်းသေးသော မြန်မာနိုင်ငံသားများကို ဆွဲဆောင်မှု တစ်ခုအနေဖြင့် ပထမဦးစွာ ပြုလုပ်ရမည်မှာ နိုင်ငံတိုင်းတွင်ရှိ မြန်မာသံရုံးမှ ၀န်ထမ်းများကို မြန်မာလူမျိုးများအား လူကိုလူလို ဆက်ဆံရန် အလွန်အရေးကြီးသော အချက်တစ်ခုအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လုပ်ကိုင်ရမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် အခွန်ပေးဆောင်ခြင်း။ ကျွန်တော်ပြောမည့်အချက်များသည် အခွန်မပေးဆောင်လို၍ ပြောဆိုခြင်းမဟုတ်၊ မှန်ကန်သော အခွန် (သို့မဟုတ်) သင်တင့်သောအခွန်ကို မြန်မာလူမျိုးအားလုံး ပေးဆောင်လိုပါသည်။ နိုင်ငံတစ်ခုရပ်တည်ရန် အခွန်သည် မည်မျှအရေးကြီးကြောင်း ကျွန်တော်တို့ သိပါသည်။ သို့သော် မြန်မာနိုင်ငံသားများအပေါ် ကောက်ခံနေသောအခွန်မှာ စနစ်မကျဟု ထင်မိပါသည်။
ဥပမာပြောရလျင် စင်္ကာပူတွင် အလုပ်လုပ်ကိုင်သောကြောင့် စင်္ကာပူနိုင်ငံသို့ အခွန်ပေးရသည်။ စင်္ကာပူအစိုးရသည် အခွန်ကို ပြီးစလွယ်မကောက်၊ တနှစ်တာအတွင်း မိမိရရှိသော ငွေများထဲမှ မိမိအတွက်၊ မိသားစုအတွက်၊ သားသမီးအတွက်၊ မိဘအတွက် စသည်ခံစားခွင့်များကို ဖယ်၍ ကျန်ရှိနေသော ပမာဏ ကို အခွန်ပေးဆောင်ရန်ဝင်ငွေ (Taxable income) ဟု သတ်မှတ်သည်။ ထိုဝင်ငွေမှာ ၀င်ငွေ ၂သောင်းအောက် လျော့နည်းသူကို အခွန်ကင်းလွတ်၊ ၂သောင်းမှ ၃သောင်းအတွင်း ၃.၇၅ ရာနှုန်း စသည်ဖြင့် စနစ်တကျ သတ်မှတ်ကာ အခွန်ငွေ ပေးရသည်။ တနှစ် စုစုပေါင်းဝင်ငွေ ၅သောင်းရသောသူမှာ အခွန်ပေးရန်ဝင်ငွေမှာ ၄သောင်းခန့်ကျန်၍ ထိုသူပေးရသောငွေမှာ တနှစ်လုံးအတွက် ဒေါ်လာ တစ်ထောင်ကျော်ရုံသာရှိသည်။ ၾသစေတ်းလ် ဆိုလျင်လည်း သူတွင် သတ်မှတ်ထားသော နည်းလမ်းအတိုင်းကောက်ခံသည်။ ထိုကြောင့် နိုင်ငံခြားရောက် မြန်မာများသာမက မြန်မာပြည်တွင်းရှိ ပြည်သူများကို အခွန်ကောက်ခံရာတွင်လည်း အများပြည်သူသိရန် အခွန်ဥပဒေကို ကြေငြာ၍ ပြည်သူများကို သေချာစွာရှင်းပြကာ ကောက်ခံသင့်သည်ဟု ရိုးရှင်းစွာ မြင်မိသည်။ ထိုသို့လုပ်ရာ၌လည်း အခွန်ဦးစီးမှုးများ၊ သံဝန်ထမ်းများ လာဘ်စားမှုကင်းရှင်းရန် အလွန်လိုအပ်လှပါသည်။

ထားလိုက်ပါတော့။ ဆက်ပြီးရေးရလျင် အချက်အလက်များ ဒီထက်ပိုများစွားရေးသားနိုင်ပါသေးသည်။ ဆက်လက်ဆွေးနွေးလိုသည်မှာ ရိုင်းရိုင်းပြောရလျင် ချေးခြောက်ရေနှူး၊ ကပ်ဖားများအတွက် ပြောလိုပါသေးသည်။ မြန်မာလူမျိုးများသည် တချိန်က သာမန်အောင်မြင်မှုမျိုးကို ပြန်လည်တမ်းတကာ အရင်တုန်းက ဘာဖြစ်တယ်ညာဖြစ်တယ်ဆို၍ တမ်းတခါ လက်ရှိကာလတွင် တွေးငေးမှိုင်းမိနေတတ်သည်။ ငါတို့ မြန်မာလူမျိုးဆိုတာ ရွှေထီးဆောင်းခဲ့တာ၊ ကိုယ်ထီးကိုယ့်နန်း ကိုယ်ကြငန်းနှင့် နေခဲ့ကြတာများကို ပြန်တွေးကာ လက်ရှိတွင် တိုးတက်ရန် မကြိုးစား အတိတ်ကို ပြန်တမ်းတနေသူများဟု ပြောလျင် မလွန်လှပါ။ တကယ်တမ်း ပြောရလျင် ထိုရွှေထီးဆောင်းခဲ့သူများကြောင့် မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ နင်းပြားဘ၀မှ မတက်နိုင်ခဲ့။ ထိုရွှေထီးဆောင်းသူများ နှိပ်စက်မှုကြောင့် ပြည်သူများ ဘ၀နိမ့်ပါးခဲ့ရသည်၊ နိုင်ငံတကာအလယ်တွင် မျက်နှာငယ်နှင့် ကျင်လှည်နေခဲ့ရသည်မှာ အမှန်ဟုသာ ဆိုချင်ပါသည်။

မြန်မာသမိုင်းကို ပြန်ကြည့်လိုက်ရင်လည်း အဖကို သားကသတ်၊ အကိုကို ညီကသတ်၊ ဦးရီးတော်ကို တူကသတ်ခါ နန်းလုခဲ့ကြသည်။ မြန်မာသမိုင်းကို လေ့လာလိုက်သောအခါ ၈၀ရာနှုန်းမှာ မှန်ကန်သော ထီးနန်းအပြောင်းအလဲတစ်ခုမှ မဖြစ်ခဲ့။ ဆိုးဝါးလှသော လူရေပေါ်ဆီ လူတန်းစား၏ မဟုတ်မှန်သော လုပ်ရပ်များနှင့် ပြည့်နေသည့် သမိုင်းသာဖြစ်နေသည်။ အလွန်အင်မတန် ရုပ်ဆိုးလှသည်။ ပြည်သူ့အတွက် ပြည်သူကို ငဲ့ညာသည်ထက် ငါ့ဆွေမျိုး ငါ ဆိုသည် အတ္တများပြည့်နေသော ရွှေထီးဆောင်း ရေပေါ်ဆီများသာဖြစ်သည်။

ထိုကြောင့် သမိုင်းတွေ အတိတ်တွေကို အတိတ်မှာထားခဲ့ကာ လက်ရှိ မြန်မာနိုင်ငံအတွက် တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်မှုကင်းပြီး တစ်ယောက်လိုအပ်ချက် တစ်ယောက်ဖြည့်ဆည်းခါ မြန်မာနိုင်ငံအတွက် လုပ်ဆောင်ရမည့် အချိန်အခါလည်း ဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိသည်။

မြန်မာအလင်းသတင်းစာတွင် မောင်တင်အေး (ရွှေဘို) က မြန်မာအစိုးရထံ အကြံပေးစာတစ်စောင် ရေးသားပေးပို့ဖူးပါသလော၊ ရိုးသားစွာ ဝေဖန်ထောက်ပြဖူးပါသလောဟု မေးခွန်းမေးလာခဲ့သည်။ ဟုတ်ကဲ့ ရေးသားခဲ့ဖူးပါသည်။ ထောက်ပြခဲ့ဖူးပါသည်။ ၂၀၀၈ ခုနှစ်တွင် စင်္ကာပူ မြန်မာ အခွန်နှစ်ထပ် ပေးဆောင်ခြင်းနှင့် ပတ်သက်၍ ခေါင်းဆောင်သူတစ်ယောက်မှ ဦးဆောင်၍ နောက်လိုက်ကောင်းအဖြစ်ရပ်တည်ကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ ဘဏ္ဍာရေးဝန်ကြီး မြန်မာသံရုံးတို့ကို လိပ်မူ၍ စင်္ကာပူ မြန်မာ အခွန်နှစ်ထပ် စာချုပ်ပါ အချက်အလက်များကို ထောက်ပြကာ အခွန်ပေးဆောင်ခြင်းအား ပြန်လည် စီစစ်ရန်၊ နာမည်အမှန်ထိုးကာ လက်မှတ်ထိုး၍ ပေးအပ်ခဲ့ဖူးပါသည်။ ထိုစာမှာလည်း လိပ်မူတပ်ထားသော ပုဂ္ဂိုလ်များ ဖတ်သည် မဖတ်သည် မပြောတတ်ပါ။ ဗျုရိုကရက် ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်ဟောင်းသမားများလက်ထဲ ပျောက်ပျက်သွားသည်လား မပြောတတ်။ တစ်စောင်မဟုတ် နှစ်စောင် ရေးပြန်သော်လည်း အကြောင်းမကြား။ ရှိသည်ဟု မသတ်မှတ် အလေးမထားမှုများကိုသာ ခံစားလိုက်ရပါသည်။

နိုင်ငံအတွက် လိုအပ်သော အခွန်ကို လွန်ခဲ့သော ၁၈နှစ် ၀င်ငွေရှိသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ကျေပွန်စွာပေးအပ်နေသော၊ မြန်မာနိုင်ငံအတွင်း၌ လိုအပ်သော လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ကိုင်ပေးခဲ့သော၊ မြန်မာနိုင်ငံ သဘာဝဘေးဒါဏ်များကြုံကြိုက်ပါက ယနေ့အထိ မိမိကိုယ်တိုင် လှူဒါန်းရုံသာမက၊ မိမိဝန်းကျင်ကိုပါ စည်းရုံး၍ သိန်းပေါင်းများစွာ ရရှိရန် လုပ်ကိုင်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသားအဖြစ်တည်ရှိလျက် မြန်မာနိုင်ငံသား ကျွန်တော့်ကို နိုင်ငံသားအဖြစ်မှ မစွန့်လွှတ်ရန် ကျွန်တော်ကဲ့သို့သော လက်ရှိမြန်မာနိုင်ငံသားများအားလုံး မြန်မာနိုင်ငံသားအဖြစ် မစွန့်လွှတ်ရန် လက်ရှိအစိုးရနှင့် တာဝန်ရှိသူများ ကြိုးစားကြပါဟုတိုက်တွန်းရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ပါသည်။

မောင်ခြိမ့်
================

မှတ်ချက်။ ဤဆောင်းပါး (ပို့စ် ၂ခု) သည် မည်သည် မြေအောက်အဖွဲ့အစည်း၊ အတိုက်အခံ ဆန်ကျင်ဖက် နိုင်ငံရေးလှုပ်ရှားသူများ၏ တိုက်တွန်းချက်ဖြင့် ရေးသားခြင်းမဟုတ်ပဲ ပြည်သူထဲမှ ပြည်သူတစ်ယောက်အနေဖြင့် ခံစားနားလည်မှုများကို စာလုံးများဖြင့် ဖန်တီးရေးသားခြင်းသာဖြစ်ပါသည်။

Thursday, August 11, 2011

အန်တီဆွိနှင့် Recession phobias




Obama warns of recession

အမေရိကန် ကြွေးမြီ ကိစ္စတွင် သမ္မတ အိုဘားမားနှင့် လွှတ်တော် ခေါင်းဆောင်များ သဘော တူညီချက် ရရှိ

ကြွေးမြီ ယုံကြည်ရမှု တွင် အမေရိကန် A သုံးလုံး အဆင့်မှ ပြုတ်ကျ

ကမ္ဘာ တစ်ဝှမ်း က စတော့ ဈေးကွက် တွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်၊

အမေရိကန် စူပါပါဝါကြီး အကြွေးပြန်ဆပ်နိုင်ပါ့မလား

အန်တီဆွိသည် တစ်ခါတစ်ရံ Kiasu ဖြစ်သည်။ အထက်က သတင်းတွေ ဖတ်ပြီး recession ဟူသော အသံကိုကြားရသည်နှင့် ရင်တုန်ချင်သလိုလို၊ ပန်းတုန်ချင်သလိုလို၊ ခေါင်းပဲနောက်လာသလိုလို အခုပဲ အဘထ ရှူဆေးလေးပဲ ထရှူရမလို ဖြစ်လာတော့သည်။ မဖြစ်ပဲ နေရိုးလား။ ပြီးခဲ့သည့် ၂၀၀၇-၂၀၀၈ recession က ရင်တထိတ်ထိတ်နှင့် recession ၏ အရသာကို ခံစားခဲ့ဖူး၍ ဖြစ်ပေသည်။

အော် အန်တီဆွိနှယ် ပူတတ်ရန်ကော။ ”ညောင်ဦး ကမ်းပါးပြိုတာနဲ့ စံပ္မနဂိုရ် က နွားမပေါင်ကျိုး” ဆိုသလို အမေရိကန်က သမတ အိုဘားမား ကြွေးမြီပြသနာ မဖြေရှင်းနိုင်တာနဲ့ အန်တီဆွိခေါင်းကိုက်တာ ဘာဆိုဘာမှ မပတ်သတ်ဘူးလို့ မပြောပါနှင့်။ ဆိုင်သမှ ဆိုင် ဆိုင် ဆိုင် လို့ပင် ပြောချင်ပါသည်။

အန်တီဆွိတို့၊ ဦခြိမ့်တို့လို menufacturing center၊ Research centre တွင် အလုပ်လုပ်နေသူများသည် ကမ္ဘာ့ စီးပွား ကမောက်ကမဖြစ်လျှင် ပထမဆုံး ထိသူများဖြစ်သည်။ လူတွေစီးပွားပျက်တော့ ကုန်ပစ္စည်းတွေ ၀ယ်မသုံးနိုင်ကြ။ ၀ယ်မသုံးတော့ ကုန်ပစ္စည်း ၀ယ်လိုမှုအား demand ကျသည်။ customer တွေထံက ပစ္စည်းအသစ်တွေ မမှာတော့ ကုန်ပစ္စည်းထုတ်လုပ်မှုအားကျသည်။ ဒီတော့ကုမ္ပဏီ စီးပွါးကျသည်။ ဒီတော့ လစာတွေ ဖြတ်တာမျိုး retrench အလုပ်ဖြုတ်တာမျိုးတွေ ကြုံရမည်။ အန်တီဆွိတို့ဒုက္ခရောက်လျှင် လစဉ် ထောက်ပံ့ပေးနေသော မြန်မာနိုင်ငံမှ ၂ဖက် မိဘဆွေမျိုးများလည်း ဒုက္ခရောက်တော့မည်။

ခုအန်တီဆွိ အလုပ်မလုပ်တော့ ပိုဆိုးမည်။ ယခင်က တစ်ယောက် အလုပ်ပြုတ် တစ်ယောက်က ကျားကန်နိုင်သေးသည်။ ခုတော့ အိမ်ရဲ့ ၀င်ငွေအတွက် ဦးခြိမ့်တစ်ယောက်တည်း ရုန်းနေရသည်မှို့ ပို၍ပင်စိတ်ပူမိပါသည်။ ပြီးခဲ့သည့် recession က hire and fire မူကို လက်ကိုင်ထားသည်ဟု နာမည်ကြီးသော ဦးခြိမ့်တို့ ကုမ္ပဏီက ထီကနဲဆို retrench တွေ စတင်သူဖြစ်နေသည်။ ကံကောင်းထောက်မ၍ ဦးခြိမ့်သည် retrench list ထဲ မပါခဲ့။ အလုပ်ဖြုတ်ခံရသူ အများစုမှာ ကော်လံပြာ အလုပ်သမား operator လေးများဖြစ်၍ စိတ်တော့ မကောင်း။ သို့ပေမဲ့ pay cut 20% ထိကာ recession မကျော်မချင်း ထို pay cut ကို ၈လမျှလောက် ခံစားခဲ့ရသည်။ ကုမ္ပဏီက pay cut ပေမဲ့ မဆွိတီတို့ကတော့ မိဘများကို pay cut မလုပ်ခဲ့ပါပေ။ မလုပ်ရက်ခဲ့ပါပေ။

မဆွိတီတို့ ကုမ္ပဏီရော ဘာထူးသနည်း။ ထိုနှစ်က ဘော့စ်အသစ် ရောက်လာခဲ့သည်။ တစ်နှစ်လုံး ကုံးရုန်းလုပ်၊ ခွင့်ရက်တွေစုကာ မြန်မာပြည်ပြန်မည်ဟု အားခဲထားသောနှစ်ဖြစ်သည်။ ကိုယ်က ခွင့်မယူသည့်အပြင် သူများတွေ ဟောလီးဒေးဆိုကာ ခွင့်ရက်ရှည်ခရီးထွက်လျှင် သူတို့အလုပ်များကို တာဝန်ယူပြီး ကူညီပေးခဲ့သေးသည်။ ကိုယ် holiday ထွက်မည်ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင် ပရောဂျက်က peak အချိန်၊ အလွန် အရေးကြီးသော အချိန်ဖြစ်နေသည်။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် ကိုယ်သွားမည့် ဒီဇင်ဘာရက်များသည် ကိုယ့် product ကို mass production စ run ရမည့် အချိန်ဖြစ်နေသည်။

ဘော့စ်က ရောက်ခါစ၊ သူလဲ သိပ်နားမလည်သေး၍ မသွားစေချင်။ အမျိုးမျိုး တားသည်။ မဆွိတီကလည်း လေယာဉ်လက်မှတ်ကို ၅လခန့်ကြိုဝယ်ထားရာ လက်မှတ်ဝယ်ပြီးသားဖြစ်သည်ကို အကြောင်းပြသည်။ သွားချင်သည်။ အသက်ကြီးလှပြီဖြစ်သော အဘွားကို တွေ့ချင်သည်။ အမေတို့၊ အဖေတို့နှင့် မတွေ့ရတာကြာပြီ။ ကိုယ့်တုံးက သူတို့ဟောလီးဒေးကြိုက်သလို ထွက်ချိန်က ကူညီပေးခဲ့သူများ ဘယ်ရောက်သွားပြီလဲ။ တစ်ယောက်ယောက်မှ ကူမလုပ်ပေးနိုင်တော့ဘူးတဲ့လား။ ခေါင်းမာသော မဆွိသည်သည် ခရီးစဉ်ကို မဖျက်၊ စီစဉ်စရာရှိသည်များကို စီစဉ်ကာ မွေးရပ်မြေသို့ပြန်ခဲ့လေသည်။

မြန်မာပြည်ခရီးမှ ပြန်လာသောအခါ မဆွိတီကို ဆက်ဆံသော ဘော့စ်၏ ပုံစံအချိုး တော်တော်ပြောင်းသွားသည်။ ယခင်က လုပ်စရာရှိလျှင် ကိုယ့်ကို ပထမဆုံးခိုင်းတတ်သူသည် မဆွိတီထံမလာတော့။( မဆွိတီသည် ဋ္ဌာနတွင် productive ဖြစ်သည်ဟု နာမည်ကြီးပါသည်)။ ရောက်စရက်များက အလုပ်လဲ သိပ်လုပ်စရာမရှိ၍ တော်တော်ကို အူကြောင်ကြောင်ဖြစ်နေသည်။ စီးပွားကျနေချိန်ဖြစ်၍ retrench လုပ်မည်ဆိုသော ကောလဟလများကလည်း မကြားချင်မှ အဆုံး။ ထိုအချိန်များက အလုပ်တွင် လူတွေကလည်း အလုပ်ပြုတ်မှာကြောက်၍ ရှိရာ အလုပ်ကို ကြိုးစားပမ်းစား ကြုံးလုပ်နေကြရာ ရုံးတစ်ခုလုံးလဲ တိတ်ဆိတ်နေသည်။ recession ကာလကား ခြောက်ခြားစရာကောင်းလှပါပေသည်။

ထိုအချိန်က မဆွိတီနှင့် ပရောဂျက်ကို အတူတွဲလုပ်နေသူက မလေးရှား တရုတ်လူမျိုး Jason ဆိုသူဖြစ်သည်။ ဂျေဆင်ကား ဤကုမ္ပဏီတွင် ၁၀နှစ်ကြာအလုပ်လုပ်ခဲ့သူဖြစ်သည်။ စကားနည်း၍ အလုပ်အတွေ့ အကြုံအတော်များကာ အလုပ်လုပ်ရာတွင်လည်း တော်သည်။ သို့သော် old folks တို့၏ ထုံးစံ အလုပ်တွင် ရေသာခိုချင်သည်။ အလုပ်တွေများလာလျှင် သူက ၃၀%ခန့်၊ ကိုယ်က ၇၀%ခန့် လုပ်ရလေ့ရှိသည်။ နေ့ခင်းတွင် အင်တာနက်ဝင်ကာ surf လုပ်နေသည်။ ညနေတွင် ၅နာရီခွဲ ဒေါင် ဆိုတာနှင့် ကျောပိုးအိပ်လေး လွယ်ကာ ပြန်တော့သည်။ သူ့တွင် အိမ်ထောင်ရေးပြသနာအနည်းငယ်ရှိရာ ယခုလက်ထပ်ထားသူသည် ဒုတိယမြောက် အိမ်ထောင်ဖြစ်သည်။ အတင်းအဖျင်းများအရ မိန်းမငယ်ငယ်လေးကို ယူထားရာ အလွန်အလိုလိုက်ရသည်ဟူ၏။ အမျိုးသမီးလေးက နောက်ကျသည့်နေ့များတွင် ရန်လုပ်တတ်သောကြောင့် နေ့စဉ် ၅နာရီခွဲသည်နှင့် ပြန်သည် ဖြစ်ရလေသတဲ့။

မဆွိတီတို့အလုပ်သည် တစ်ခါတစ်ရံလဲ အလုပ်ပါးသည်။ တစ်ခါတရံ အလုပ်များလာပြီဆို အလုပ်တွေ မနိုင်မနင်းဖြစ်ရသည်။ တစ်ရက်တွင် assembly drawing များကို စစ်ဆေးပြီး ပြင်ရမည်ဖြစ်ရာ ရာပေါင်းချီနေသော drawing များကို ၃ရက်အတွင်း အပြီးအစီး issue လုပ်ရန်ဖြစ်လာသည်။ မဆွိတီသည်ကား assiatant engineer လေးနှင့် ၂ယောက်အတူ ပုံများကို ပြင်လျက်ရှိရာ ဂျေဆင်ကား အလုပ်အားလုံးကို ကိုယ်နှင့်လွှဲကာ အင်တာနက်သာ surf လုပ်လျက်ရှိချေတော့သည်။ ထို့အပြင် တစ်ခါတစ်ရံ အရေးပေါ် ဒီဇိုင်းနှင့်ပတ်သတ်၍ ပြင်စရာများရှိရာ ၅နာရီခွဲသည်နှင့် အလုပ်မပြီးပြတ်ပဲ ပြန်သွားလေသည်။ ထိုအခါ ဘော့စ်မှာ သူကျန်ခဲ့သည့်အလုပ်များကို မဆွိတီအား ညပိုင်းအထိ ခိုင်းလေတော့သည်။ အလုပ် schedule ကျပ်သည့် ကာလများတွင် ဘော့စ်သည်ကား ဂျေဆင်ကို တော်တော်ကို မကျေမနပ်ဖြစ်လျက်ရှိသည်။

မဆွိတီတို့ရုံးက ကုမ္ပဏီ D&D သည် မတ်ခ်ျလ ထဲမှာလုပ်လေ့ရှိရာ မှတ်မှတ်ရရ ထိုနေ့က သောကြာနေ့ ဟိုတယ်တစ်ခုတွင် ကုမ္ပဏီ ညစာစားပွဲကို ပျော်ရွှင်စွာကျင်းပခဲ့ပါသည်။ MD မှ မိန့်ခွန်းတွင် ဒီနှစ် recession ကြောင့် ဘောနပ်စ်ကို ပေးနိုင်တော့မည် မဟုတ်ကြောင်း၊ အလုပ်ကို ကြိုးစားလုပ်ဖို့ ပြောသွားသည်။ သို့နှင့် တနင်္လာနေ့ ရုံးပြန်တက်၊ အင်္ဂါနေ့တွင် မဆွိတီ ဗိုက်အောင့်ပြီး နေမကောင်း၍ ဘော့စ်ကို SMS ပို့ကာ အိပ်ရာပေါ်တွင် မှိန်းနေရသည်။ နေ့ခင်းဖက် အိပ်ပျော်နေစဉ် ဖုံးမြည်လာသည်။

မဆွိသည်ကား အိပ်မပျော်နိုးတစ်ဝက်နှင့် ဖုံးကို စိတ်မပါ လက်မပါကောက်ကိုင်လိုက်သည်။ ဖုန်းဆက်သည်ကား မဆွိတီတို့ဋ္ဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်။ ဆေးသောက်ထား၍ အိပ်ချင်မူးတူးမှို့ သူပြောနေသည်များက အိမ်မက်လေလား တကယ်လားပင် ခွဲခြားမရဖြစ်နေသည်။ ဒီနေ့ရုံးမှာ Retrechment list တွေ ထွက်လာသည်တဲ့။ မနက်က MD က တစ်ရုံးလုံးကို အစည်းအဝေးခေါ်ကာ ကုမ္ပဏီ စီးပွားကျသောကြောင့် မဖြစ်မနေလုပ်လိုက်ရကြောင်း၊ ဆုံးဖြတ်ချက်မှာ မည်သည့် section မန်နေဂျာမှ မပါပဲ သူနှင့် HR ဒါရိုက်တာ ၂ဦးတည်း၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်းပြောသည် ဆိုသည်။

မဆွိတီကား ရင်များ တထိတ်ထိတ်ခုန်လျက်ရှိသည်။ ဘယ်သူတွေပါသွားလဲ ... ငါရောပါလား ...နင်ရော ဘယ်လိုလဲဆိုကာ မေးမိသည်။ ဖုန်းဆက်သူက ကိုယ်တို့ဋ္ဌာနမှ သူရယ်၊ ဂျေဆင်ရယ် ထိသွားသည်ဆိုသည်။ မဆွိတီကား သေချာအောင်မေးပြန်သည်။ မဆွိတီတို့ R&D တွင် စုစုပေါင်း လူ၇၁ ယောက်ရှိရာ ၂၉ ယောက် retrench ထဲပါသွားသည်။ သို့သော်လည်း အချို့မှာ ဒီလကုန်၊ အချို့မှာ နောက် ၂လကြာမှ၊ အချို့မှာ နောက်၃လကြာမှ ထွက်ရမည်ဖြစ်သည်။ ခံစားခွင့်ကလည်း တစ်နှစ်လုပ်သက်အတွက် တစ်လစာ အပြည့် ခံစားခွင့်ပေးမည်ဆို၍ သိပ်တော့ မဆိုးလှဟုဆိုနို်င်သည်။ နောက်ဆုံးတွင် ဖုန်းဆက်သူအား စိတ်မကောင်းပါကြောင်းပြော၍ မဆွိတီကား သက်ပြင်းမောကြီးကို အခါခါ ချမိပါတော့သည်။

နောက်နေ့ရုံးရောက်တော့ ဂျေဆင်ကို မတွေ့ရတော့ပါ။ ဂျေဆင်သည်ကား အကြီးအကျယ် စိတ်ဆိုးကာ ခုချက်ချင်းပင် အလုပ်မှ ထွက်မည်ဆိုကာ ထွက်သွားခြင်းဖြစ်သည်။ သူ့ခံစားခွင် package ကိုတော့ ကုမ္ပဏီမှ အပြည့်ပေးလိုက်သည် ဆိုပါသည်။ အလုပ်ပြုတ်သည့်ထဲတွင် ကိုယ်နှင့်အလုပ်စ၀င်ကထဲက ပရောဂျက်အတူတွဲလုပ်ခဲ့ဖူးသော ပြင်သစ်လူမျိုးတစ်ဦးလဲပါရာ (ကွန်ဒိုမှာငှါးနေသည် ခလေးတစ်ယောက်။ မိန်းမ အလုပ်မလုပ်ပါ။) သူသည် ထိုနေ့မှစ၍ သိသိသာသာ မှိုင်တွေနေပါသည်။ အလုပ်လဲ မလုပ်တော့ပါ။ retrench ထိသည့်သူ အများစုသည် အလုပ်တွင် motivation မရှိတော့၊ မျှော်လင့်ချက်မရှိတော့၍ အမြဲပင် မှိုင်ပြကာ အလုပ်မလုပ်ပဲ ယောင်တောင်ပေါင်တောင်နှင့် တစ်နေကုန် အချိန်တွေ ကုန်နေတာ များပါသည်။ recession အချိန်ဖြစ်၍ နောက်ထပ်အလုပ်ပြန်ရှာလျင်လည်း ချက်ချင်းရဖို့မလွယ်ကူရာ သူတို့လဲ မိသားစုစားဝတ်နေရေးအတွက် ပူပန်မိပေမည်။ သူတို့၏အပူကို ကိုယ်ချင်းစာမိသော်လည်း သက်သာအောင် မည်သို့ အားပေးရမည်လဲ စကားလုံးများ ရှာမရခဲ့ပါ။

ထို့အပြင် အလုပ်ပြုတ်သည်ဆိုရာဝယ် စားဝတ်နေရေး ငွေရေးကြေးရေး ကိစ္စတစ်ခုတည်းမဟုတ်ပါ။ လူတစ်ယောက်၏ pride ဂုဏ်၊ မာန၊ သိ့က္ခာ စသည်များလည်း ရောနှောပါဝင်နေပါသည်။ ယခုအလုပ်ဖြုတ်သည့်စာရင်းတွင် ဋ္ဌာနတစ်ခုမှ အလွန်ပင် အလုပ်ကြိုးစားသူတစ်ဦးလည်း ပါသည်။ သူ့ကား သူမောင်းကာ စနေ၊ တနင်္ဂနွေတွေပါ သူလာလာ လုပ်သည်။ သူသည် အလုပ်ကြိုးစားလွန်း၍ သူ့အလုပ်ကို serious ထားလွန်းရာ၊ တခြားဋ္ဌာနမှ လူများနှင့်မကြာခဏ ပြသနာတက်တတ်ပါသည်။ ယခုသူ့နာမည် စာရင်းထဲပါရာ သူသည် မယုံနိုင်အောင်ဖြစ်နေသည်။ သူအင်မတန် အလုပ်ကြိုးစားခြင်း၏ ရလာဒ်ပေလောဟု လောကကြီးအားမယုံနိုင်ဖြစ်နေသလို စိတ်ဓာတ်အကြီးအကျယ်ကျကာ ငေးမှိုင်လျက်သာ ရှိလေတော့သည်။

ကုမ္ပဏီမှ retrench လုပ်တော့မည်ဆို အထက်မှ မန်နေဂျာသည် မိမိဋ္ဌာနမှ weakest point ရှိမည့် ၀န်ထမ်းကို ရှာဖွေမည်ဖြစ်သည်။ မဆွိတီ ထင်ထားသည်ကား ဒီဇင်ဘာတွင် အလုပ်တွေ peak ဖြစ်သည့်အချိန်ကိုပင် ဂရုမစိုက်ပဲ ဒီတိုင်းထားခဲ့သည့် မဆွိတီသည် ပထမ weakest point ဖြစ်နေနိုင်သည်။ သို့ပေမဲ့ နောက်ပိုင်းတွင် ဂျေဆင်မှ အခြေအနေ၊ အချိန်အခါကို နားမလည်ပဲ အလုပ်ချိန်တွင် သိသိသာသာ အင်တာနက် surfing လုပ်နေခြင်း၊ အများသူငါ နောက်ကျမှ ပြန်ချိန်တွင် သူက စောပြန်ခြင်း၊ စနေ-တနင်္ဂနွေ လိုအပ်သောအချိန်များတွင် ကုမ္ပဏီအတွက် လာရောက်လုပ်ကိုင်မပေးခြင်းမှာ သူ့အတွက် weakest point ဖြစ်သွားကာ retrench list ထဲတွင် ထိပ်ဆုံးမှ ပါသွားခြင်းဖြစ်မည်ဟု ဆင်ခြင်မိပါသည်။ ထို့ကြောင့် ယခုလို recession ဟူသောစကား တစ်စွန်းတစ်စ ကြားရသော အချိန်မှစ၍ မိမိ၏အလုပ်ကို မခိုမကပ်ပဲ ကြိုကြိုးစားစား လုပ်ကြစေရန် တိုက်တွန်းချင်ပါသည်။ မိမိ အထက်မှ အရာရှိများသည် ကိုယ့်လုပ်ရည်ကိုင်ရည်ကို အမြဲပင် ကြည့်နေကြသူများဖြစ်သည်။

ယခုတော့ မဆွိတီလဲ Recession ဆိုသော်လည်း အလုပ်ပင်မရှိ၍ ကြိုးစားပမ်းစား လုပ်စရာမရှိ။ သို့ပေမဲ့ အိမ်ရှင်မတစ်ယောက်အနေနှင့် ကိုယ်လုပ်နိုင်သော တတ်နိုင်သလောက်တော့ ကြိုတင်ကာကွယ်ထားချင်သည်။ မဆွိတီတို့ ဒီမှာ ယနေ့ ကြာသပတေးနေ့သည် ဈေးနေ့ဖြစ်သည်။ ကြာသပတေးနေ့တွင် ဈေးတွေ၊ super market တွေ ည ၈နာရီ ၁၀နာရီအထိ ဖွင့်ပေးသည်။ ခါတိုင်း ၅နာရီခွဲ ဒေါင်ဆိုတာနှင့်ပိတ်သော Aldi တို့လို့ super market တွေက ထိုနေ့မှာ ပစ္စည်းအသစ်တွေတင်ကာ ရောင်းချပေးသည်။

ကြာသပတေးနေ့တိုင်း ဦးခြိမ့် ညနေ ရုံးကပြန်လျှင် Aldi သို့သွားကာ ဈေးဝယ်နေကျဖြစ်သည်။ အအေးဘူးလို၊ ချိစ်လို၊ ဟမ်းမ် လို မနက်စာ ဗိုလ်စာတွေအပြင် အိမ်သုံးပစ္စည်း၊ ပေါချောင်ကောင်းလေးများလည်း ရတတ်သည်။ ၀ယ်စရာရှိရှိ၊ မရှိရှိ shopping ကို entertainment သဘောမျိုးထားကာ သွားလေ့ရှိသည်။ Aldi မှ လူသုံးကုန်ပစ္စည်းအချို့သည် အိမ်မှာ မရှိလဲဖြစ်၊ ရှိရင်လဲ အင်မတန် အသုံးကျသော ပစ္စည်းများဖြစ်ရာ တစ်ခါသွားလျှင် ၅၀ဘိုး-၁၀၀ဘိုး ၀ယ်မိသည်ချည်းဖြစ်သည်။ ဒီအပတ်တော့ အိမ်မှာ ထူးထူးထွေထွေ ၀ယ်စရာလဲမရှိ၊ ချွေတာရာလဲရောက်အောင်
" ယောက်ျားရေ ... ဒီနေ့ညနေ စောမပြန်လဲရတယ် ... သိလား... ဈေးမသွားတော့ဘူး။ စနေမှပဲ ၀ယ်စရာရှိတာလေးတွေ ရောဝယ်ရအောင်နော်..." ဆို မနက်ကတည်းက TV မှလာသော ကြွေးမြီသတင်း နားထောင်ရင်းနဲ့ ပြောပြီးသားဖြစ်နေပြီ။

Kiasu အန်တီဆွိ (သို့) Recession Phobias ဖြစ်နေသော အန်တီဆွိဖြစ်ပါသည်။ ။

ပုံကို နေရာမှ ယူပါသည်။ Credit to original uploader.

Tuesday, August 9, 2011

တိုင်ကပ် Vs အိုင်ပတ်


မဆွိတီတို့ စလုံးကနေ ဒီဖက်ပြောင်းလာတော့ တိုင်ကပ်နာရီကြီး အိမ်မှာ မေ့ကျန်နေရစ်ခဲ့တယ်။ ဒီဖက်ရောက်တော့ အိမ်မှာရှိတဲ့ စားပွဲတင်နာရီက သေးသေးလေး။ ပြီးတော့ နာရီနောက်ခံက ခလေးစာသင်နေတဲ့ ကာတွန်းရုပ်လေးနဲ့။ အဲဒီမှာ ကျောက်သင်ပုန်း အနက်ရောင်ပုံလေးလဲပါတော့ ၂နာရီနဲ့ ၄နာရီကြားရောက်ရင် နာရီလက်တံနဲ့ထပ်ပြီး ဘယ်နှစ်နာရီလဲ သေချာမမြင်ရတော့ဘူးဗျ။ သမီးကို ကျောင်းကြိုရမဲ့ အချိန်ကလဲ ၃နာရီလောက်ဆိုတော့ ကိုယ်က ချက်ရင်းပြုတ်ရင်း ကမန်းကတန်းကြည့်ရင် သေချာမမြင်ရဘူး။ ခလေးကျောင်းကြိုရမှာဆိုတော မှားများကြည့်မိရင် ငါးပါးမှောက်။

ဒါနဲ့ နာရီတစ်လုံးတော့ ၀ယ်မှဖြစ်တော့မယ်ဆို တိုင်ကပ်နာရီတစ်လုံးဝယ်ဖို့ ရှာကြတယ်ပေါ့။ အိမ်ကလဲ ငှါးနေတဲ့အိမ်ဆိုတော့ သိပ်အကောင်းစားကြီးတော့ မ၀ယ်သေးဘူးပေါ့။ နောက်အိမ်တွေဘာတွေ ၀ယ်မှပဲ အဲ့အိမ်နဲ့ လိုက်ဖက်တဲ့ ကောင်းတာလေးဝယ်မယ်ပေါ့။ ဒီလိုနဲ့ အော်ဇီက ပေါချောင်ကောင်းလေးတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ တိုင်ကပ်နာရီ ၈ကျပ်တန်တစ်လုံးရလို့ ၀ယ်လာခဲ့တယ်။ ၈ကျပ်တန်ဆိုလို့လဲ အထင်မသေးနဲ့ဦး အရပ်ကတို့။ နာရီက ရှင်းလင်းပီသလို့၊ ကြည့်လိုက်တာနဲ့ ကွက်ကွက်ကွင်းကွင်းမြင်ရမဲ့ နာရီမျိုး ရွေးဝယ်လာခဲ့တာ။ နောက်ခံပန်းချီကားနဲ့ လှတပတတွေ အများကြီးရှိပေမဲ့ ပုံတုံးရင် တုံးပလေ့စေ။ နာရီရှင်းရှင်း မြင်ရဖို့ အရေးကြီးတယ်ဆိုပြီး ၀ယ်လာခဲ့တာ။

အိမ်ရောက်တော့ ဦးခြိမ့်က နာရီကို သူ့ကွန်ပြူတာက အချိန်နဲ့ တိုက်ထားလိုက်တာ။ အိမ်နောက်ဖေးမှာ ချိတ်ဖို့ နောက်တစ်လုံးတောင်ထပ်လိုချင်တာ၊ အင်း ဒီတစ်လုံးအရင် စမ်းကြည့်ဦးမယ်၊ အချိန်မှန်တယ်ဆိုမှ နောက်တစ်လုံး ထပ်ဝယ်ကြတာပေါ့ဆို အိမ်ရှေ့မှာ အကျအန ချိတ်ထားလိုက်ကြတယ်။

ခုတလော ရာသီဥတုကအရမ်းအေးတော့ ဂျူဂျူလေးဟာ စောစောစီးစီး ကျောင်းသွားဖို့နှိုးရတာ တော်တော် ဒုက္ခရောက်တယ်။ သမီးလေးရေ ... ထတော့ဟေ့ ... ကျောင်းသွားရတော့မယ်ဟေ့ဆို ... မအေလုပ်သူက သူ့စောင်ခြုံထဲဝင်၊ သူ့ကို ဖက် ... ကြောင်သံ၊ ခွေးသံတွေလုပ်ပြီး သီချင်းဆိုပြရ၊ ရယ်စရာတွေလျှောက်ပြော ... အဲလိုတွေ လုပ်ပြီးနှိုးနေရတာ။ ဒါတောင် သူက ထခါနီး မျက်လုံးက ဖွင့်လို့မရဘူးဆို ဂျီကျချင်သေးတာ။ ဒါနဲ့ နောက်ပိုင်းသူနိုးချိန်ဆို ipad လးဖွင့် ယူကျူ့ကနေ Jungle book တို့လို ကာတွန်းကားလေးတွေ ၊ Just for laugh လို ဟာသလေးတွေ ပြပြီး နှိုးရပြန်တယ်။ အိုင်ပတ်ဖွင့်ရင်းလဲ သမီးထရမဲ့ အချိန်ကို အိုင်ပတ်မှာပေါ်တဲ့ နာရီလေးပြပြီး remind လုပ်ရသေးတယ်။

သမီးလေးဟာ ခါတိုင်း မနက် ၈နာရီခွဲဆို အိပ်ရာက ထနေရာကနေ ငပျင်းတစ်ပြီး ခုဆို ၈နာရီ-၃၅-၄၀လောက်မှ အိပ်ရာက ထတယ်။ အိုင်ပက်က နာရီလေးကြည့်ပြီး ထကြတာပဲ။ ဒါပေမဲ့ မဆွိတီ သတိထားမိတာက သမီး အိမ်သာဝင်၊ မျက်နှာသစ် အ၀တ်အစားလဲပြီးထွက်လာ၊ အိမ်ရှေ့ကတိုင်ကပ် နာရီကိုကြည့်လိုက်လဲ နာရီက ၈နာရီ ၃၅ပဲရှိသေးတယ်။ ဒီတော့ စိတ်ထဲမှာ ကောက်ချက်ချတာပေါ့လေ။ အင်း ... တိုင်ကပ်နာရီ ဈေးပေါပေါနဲ့ဝယ်မိတာတော့ မှားပြီပေါ့။ ခုမှ ၀ယ်တာ တစ်ပတ်မပြည့်သေးဘူး နာရီက ၁၀မိနစ်နောက်ကျနေပြီ၊ ဒီလိုသာဆက်နောက်ကျနေရင် ခက်ရချေရဲ့။ နာရီကို တစ်ပတ်တစ်ခါလောက်ပြန်တိုက်နေရမှာ မနိပ်ဘူးပေါ့။ စတိဂျော့ခ်ျရဲ့ အိုင်ပတ်ကြီးကိုတော့ စိတ်နဲ့တောင် မပြစ်မှားဘူး။ စိတ်ထဲက လုံးဝစိတ်ချယုံကြည်ထားတယ်။ ဘာဘရန်းမှန်းမသိ ဈေးထဲက ၈ကျပ်တန် အပေါစားနာရီကိုသာ မဲ အပြစ်တင်နေတော့တယ်။

ဒါပေမဲ့ အဲဒီတိုင်ကပ်နာရီနဲ့ပဲ ဆက်ပြီး ကျောင်းသွားပို့ ပြန်လာတော့လဲ ကျောင်းနောက်ကျတယ် ဘာရယ်မရှိဘူးဗျ။ အရင်အတိုင်း ပုံမှန် အချိန်မှန်ပဲ။ ဒါနဲ့ ၃-၄ ရက်လောက် ဒီလိုပဲဖြစ်နေမှ သတိထားမိပြီး စတိဂျော့ခ်ျကြီးရဲ့ အိုင်ပတ်ကို သေချာစစ်ကြည့်မှ လားလား သူ့ဟာက ၁၀မိနစ် မြန်နေပါပေါ့လား။ တစ်ချိန်လုံး တိုင်ကပ်နာရီကြီး မှားတယ်ထင်နေတာ။ ဒါကြောင့် လူတွေက မရှိခိုးနိုး၊ မလှစုန်းယိုးတို့ ဘာတို့ စကားပုံတွေဘာတွေ ထားခဲ့တာ။ ဈေးပေါတော့ မကောင်းဘူးချည်းထင်နေကြတာပေါ့ဗျာ။ လောကမှာ ပေါပေါလေးနဲ့ ကောင်းတဲ့ ပစ္စည်းလေးတွေလဲ ရှိတတ်ပါတယ်ဂျ။ ရှားတော့ ရှားမယ်ပေါ့ဗျာ။

စောနက စတိဂျော့ခ်ျရဲ့ အိုင်ပတ်ကြီး အချိန်မှားနေတယ်ဆိုလို့ စတိဂျော့ခ်ျလဲ ဆူဆိုက်လုပ်သွားမှာ စိုးရိန်ရသေး။ အမှန်က နာရီက စတိုက်ကတည်းက မှားနေတာလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဂျူဂျူပဲဖြစ်ဖြစ် ဆော့ရင်းနဲ့ နာရီကို သွားပြင်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ စတိဂျော့ခ်ျကတော့ မမှားနိုင်ပါဘူးလို့ ခုထိယုံနေတုံးပဲ။


Monday, August 8, 2011

ကြွပ်တယ်၊ ရွတယ်၊ လှတယ် ... ပဲကြော်



မဆွိတီတို့အိမ်မှာ မုန့်ဟင်းခါးစားရင် ဘူးသီးကြော်နဲ့ပဲ စားလေ့ရှိတယ်။ မုန့်ဟင်းခါးကိုမှ မုန့်ဖတ်များများ၊ ပဲသီးတို့၊ ပူတီနာတို့၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်တွေနဲ့ ငရုပ်သီးမှုန့်များများထည့် ဆီချက်ပါထည့်ပြီး သုတ်သလို နယ်ဖတ်စားလေ့ရှိတယ်။ စလုံးမှာတုံးကတော့ ဘူးသီးက ပေါတော့ မုန့်ဟင်းခါးချက်တဲ့နေ့ဆို ဘူးသီးကို ယိုးဒယား အကြော်မှုန့်လေးနဲ့နယ် လတ်လတ်ဆတ်ဆတ်ကြော်စားကြတယ်။


အိမ်မှာဦးခြ်ိမ့်က ဘူးသီးကြော် စပါယ်ရှယ်လစ်စ်။ သူက ဘူးသီးကြော်ကို မုန့်နှစ်တွေအများကြီးထည့် ကြက်သွန်ဖြူ၊ ဂျင်းလေးထောင်းထည့်၊ အချိုမှုန့် ဆိုဒါလေးပါ ထပ်ထည့်ပြီးကြော်တော့ အကြော်က ကြွပ်ရွနေတာပဲ။ ဒါပေမဲ့ဗျာ။ စလုံးက ဘူးသီးကြော် ဘယ်လောက်ကောင်းအောင်ကြော်ကြော် မဆွိတီတို့ ငယ်ငယ်က ခေါင်းပေါ်ဗန်းရွက်ပြီး လည်ရောင်းတဲ့ လက်တစ်ဝါးလောက်ရှိတဲ့ ဘူးသီးပေါင်းကြော်လောက်တော့ မချိုတာ အမှန်ပဲ။ ခုခေတ်ဘူးသီးတွေက ဓာတ်မြေသြဇာတွေနဲ့ကြီးလို့လားမသိဘူး။ ချိုကို မချိုဘူး။ ပေါ့ရွှတ်ရွှတ်နဲ့ဗျ။ ဘူးသီးကိုက အရသာမတူတာပါ။

ဦးခြိမ့်ကြော်တဲ့ ဘူးသီးကြော်

ဒီဖက်ရောက်တော့ ဘူးသီးကရှားတော့ မုန့်ဟင်းခါးကို ပဲကပ်ကြော်လေးနဲ့ပဲ စားရတော့တယ်။ အရင်ကတော့ မှတ်မှတ်သားသားမရှိပါဘူး။ ဒီလိုပဲ ကြော်စားလိုက်တာပဲ။ ဒီမှာ ခဏခဏကြော်နေရတော့ အချိုးအဆလေးကို မှတ်ထားလိုက်တယ်။ ပဲကပ်ကြော်ကြော်တာ မဖြစ်ဘူး၊ ကြေကုန်တယ်၊ တူးကုန်တယ်၊ ပျော့ကုန်တယ်ဆိုတဲ့ မမတွေအတွက် ကြော်နည်းလေး ရှယ်ပေးလိုက်ပါတယ်။

ပဲကပ်ကြော်က ရေနဲ့ အကြော်မှုန့်စပ်တဲ့ အချိုးက သိပ်အရေးကြီးတယ်။ တည်တဲ့ ဒယ်အိုးကလဲ non-sticker ဒယ်အိုး အောက်က ပြားနေမှ ကောင်းပါတယ်။ နောက်ပြီး အရေးကြီးတာက ဆီ အရမ်းကျက်မှ ထည့်ရင် မုန့်နှစ်က ကျဲတော့ အချပ်လိုက်မဖြစ်ပဲ အကုန်လုံးကျက်ပြီး မွစိကျဲကုန်ပါတယ်။ ကြော်တဲ့နေရာမှာ စိတ်ရှည်ဖို့လဲ လိုပါတယ်။

ပထမဆုံး ကုလားပဲကို တစ်ရက် (၂၄ နာရီ) လောက် ရေစိမ်ရပါတယ်။ ပဲက ရေစိမ်ပြီး ရေမလဲရင် ပုတ်အက်အက်အနံ့ထွက်လို့ ကြော်ခါနီး ရေနဲ့သေချာပြောင်အောင်ဆေးပြီး စကာနဲ့ စစ်ထားပါ။ လုပ်တဲ့ အမှုန့်က ယိုးဒယားမယ်အကြော်မှုန့်လို ဘယ်အကြော်မှုန့်မဆို ကြော်လို့ရနိူင်ပါတယ်။

အန်တီဆွိသုံးတဲ့ အကြော်မှုန့်ဖြစ်ပါတယ်။ အကြော်မှုန့်တွေက အချိုမှုန့်တို့၊ ကြက်သားမှုန့်တို့၊ ငရုပ်ကောင်း ဆော်ဒါ အကုန်ပါပြီးသားမှို့ ဘာမှထပ်ထည့်စရာမလိုပါ။


ရေ ၈၀ ml ကို ပုံမှာပြထားတဲ့ အတိုင်း အကြော်မှုန့် စားပွဲဇွန်း ၂ဇွန်းလောက် (အရမ်းမမောက်ပါ) ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ဆန်ခြင်တဲ့ခွက်ကလေးတွေက အမှတ်အသားပါပါတယ်။ ပြီးတော့ ပဲစိမ်ထားတာ လက်တွင်းတစ်ဆုတ်စာလောက် နည်းနည်းထည့်မွှေပါ။ အထက်က အတိုင်းအတာက ပဲကပ်ကြော်တစ်ခုစာ ကွက်တိပါပဲ။ တစ်ခုစာလုပ်ရတဲ့ ရည်ရွယ်ချက်က ပဲကပ်ကြော်က မုန့်နှစ်များရင်၊ နဲရင်၊ ထူတာ၊ ပါးတာ၊ မကျက်တာတွေ ဖြစ်တတ်လို့ပါ။ (များများကြော်ချင်ရင် ကိုယ့်ဟာကိုယ် အချိုးအစားတွက်ကြည့်ပြီး တစ်ခါထဲ များများဖျော်ထားသင့်ပါတယ်။ ဒါပေမဲ့ တစ်ခုစာကတော့ မုန့်ဖျော်ပြီးသား ၈၀-၈၅ ml လောက်ပဲ ဆိုတာ မှတ်သားထားရပါမယ်၊ ဒယ်အိုးအဝိုင်းက အချင်း ၈လက်မရှိပါတယ်။)







ဒယ်အိုးကို မီး အနေတော် (medium) ထား၊ ဆီကို အကြော်မြုတ်ရုံလောက်ထည့်ပါ။ ဆီအရမ်းမကျက်ခင် တစ်မိနစ်လောက်မှာ မုန်နဲ့ပဲ အတူရောဖျော်ထားတာကို ထည့်ပါ။ မုန့်နှစ်တွေကို ဒယ်အိုး အဝိုင်းပုံအတိုင်းပြန့်သွားအောင် ဒယ်အိုးကို စကောဝိုင်းလိုလေး လှည့်ပေးပါ။


မုန့်က ထည့်ပြီး အတော်ကြာတဲ့အထိ မုန့်ပြားသလက် အပြားစားလို ခပ်ပျော့ပျော့ပါပဲ။ ပဲကပ်ကြော်လို ကြွပ်ရွလာလိမ့်မယ်လို့တောင် မထင်ရဘူး။ ဒါပေမဲ့ စိတ်ရှည်ရှည်ထားပြီး မီးအနေတော်လောက်နဲ့ ဖြေးဖြေးသာကြော်ပါ။ တစ်ချိန်မှာ အောက်ပိုင်းက အနည်းငယ်မာလာပြီး အချပ်လိုက်လေး ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် တစ်ဖက်ကို လှန်ပေးရပါမယ်။ တဖက်ကို လှန်အပြီးပုံပါ။

ဒီလိုပဲ ဟိုဖက်ဒီဖက် ၂ခါလောက်စီ လှန်ပေးပြီး ကြွပ်ရွလာပြီ၊ အကျက်ညီလာပြီဆို ဆယ်လို့ရပါပြီ။ မီးအေးအေးနဲ့ စိတ်ရှည်လက်ရှည်သာ ကြော်ပါ။ မီးပြင်းရင် အကျက်မညီတတ်ပါဘူး။ တူးနံ့ထွက်မှာစိုးလို့ အရောင် အရမ်းမညိုခင်ချပါ။


ပဲကပ်ကြော်က ဒီတိုင်းထားတာတောင် တော်ရုံနဲ့ မပျော့ပါဘူး။ ဗူးတစ်ခုထဲမှာ လေလုံအောင်ပိတ်ထားရင် အကြာကြီး အထားခံပါတယ်။ အသုတ်ထဲမှာပဲထည့်ထည့်၊ မုန့်ဟင်းခါးနဲ့ပဲစားစား အရသာရှိလှတဲ့ ပဲကပ်ကြော်ပါ။

Thursday, August 4, 2011

ဟင်းကျန်စားသူများ အကြောင်း



မဆွိတီတို့ ငယ်ငယ်က အဘွားနဲ့နေရတာဗျ။ အဘွားဆိုတာ အမေ့ရဲ့ အမေ။ ဟိုး အညာ မိထ္ထီလာဖက်က ခုချိန်ထိ မီးမရသေးတဲ့ ရွာလေးတစ်ရွာမှာနေခဲ့တာ။ အဘွားက စာမတတ် ပေမတတ်၊ ၀လုံးတောင် ပုပ်လောက်ရေးပြလို့ ဘာမှန်းမသိပေမဲ့ ယူထားတဲ့ယောက်ျားကျ ခေတ်ပညာတတ် ရုံးစာရေးကြီး။ ကွန်မြူနစ်တွေ ခေတ်စားလာတော့ အဘိုးလဲ နိုင်ငံရေးလုပ်တယ်ဆိုပြီး ကွန်မြူနစ်ထဲ ၀င်သွားတာမှာ တစ်နေ့တော့ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲမှာ ကျသွားတယ်။ အဘွားက အဲ့သဟာတွေ မလုပ်ပါနဲ့ဆို တစာစာပြောတဲ့ကြားက တားမရတဲ့ အဘိုးကို စိတ်နာလွန်းလို့ အလောင်းတောင် သွားမကောက်ဘူးဆိုပဲ။

အဘိုးသေတော့ အဘွားက အသက်အစိတ်။ အရွယ်ကောင်းတုံး။ အဘွားများ သနပ်ခါးလေး ခြေဆုံးခေါင်းဆုံးလိမ်းပြီး အိမ်လည်ထွက်ပြီဆို ရွာက ကာလသားတွေ ငေးကြည့်ရဆိုပဲ။ အဘွားက တရုတ်သွေးပါတော့ အသားဖြူဖြူ၊ ဒေါင်ကောင်းကောင်းနဲ့ ကြည့်ကောင်းသကိုး။ အဲဒီအချိန်ကစပြီး မုဆိုးမ ပူပူနွေးနွေး အဘွားလဲ ခလေး ၃ယောက် လက်ဆွဲပြီး စီးပွားရေးအတွက် ရုန်းရတော့တာပဲ။ ရွာမှာ သူတို့အခေါ် စောင်ချတယ်။ ပဲစင်းငုံစိုက်တယ်၊ ၀ါစိုက်တယ်၊ ထန်းလျှက်ဖိုလုပ်တယ် အစရှိသဖြင့်ပေါ့။ မုဆိုးမဘ၀နဲ့ ဘ၀ကို အပင်ပမ်းခံ ရုန်းခဲ့ရလို့လား မသိ။ အဘွားဟာ အစစအရာရာမှာ အင်မတန် ကပ်စေးနဲ၊ နှမြောတတ်တယ်။

ဒီလိုနဲ့ သမီးအကြီးဆုံးဖြစ်တဲ့ မဆွိတီတို့အမေလဲ အရွယ်ရောက်၊ အစိုးရအလုပ်ဝင်၊ အိမ်ထောင်ကျတော့ ယောက်ျားလုပ်သူ တာဝန်ကျရာ ရန်ကုန်ဖက်ပြောင်းလာရတယ်။ မဆွိတီတို့ အကိုကြီးဆုံးကိုမွေးတော့ အဘွားက သူ့မြေးဦးလေး လာကြည့်မယ်ဆို လာလည်တာမှာ မြေးမျက်နှာလဲ မြင်ရော၊ မြေးသံယောဇဉ်နဲ့ အဘွားမပြန်နိုင်ဖြစ်ရတယ်။ ဒီလို့နဲ့ အဘွားဟာ သမီးဖြစ်သူနဲ့ အတူနေလာလိုက်တာ မြေးတွေတင်မ၊ မြစ်တွေပါ ထိမ်းရတဲ့ အရွယ်ထိပဲ။ နောက်နှစ်ဆိုရင်ပဲ အဘွား အသက်၉၀ ပြည့်တော့မယ်။ အဲဒီအချိန်ကတော့ အဘွားဟာ သူ့ဟိုမှာ လုပ်နေတဲ့ စီးပွားတွေ အကုန်ပစ်ပြီး သမီးနဲ့ အတူလာနေခဲ့တာ။ မဆွိတီတို့အမေကလဲ ရုံးဝန်ထမ်းဆိုတော့ သူမှမနေရင် ဒီမြေးလေးတွေ ဘယ်သူထိမ်းမှာလဲဆို သူ့သမီး ကသီလင်တဖြစ်မှာလဲ ကြောက်ဟန်တူပါရဲ့။

မုဆိုးမသာဆိုတယ်၊ အဘွားလာတော့ ပါလာတာ၊ အမေ့အတွက် လက်ဝတ်ရတနာ နီလာလို အပြာရောင် တစ်ဆင်စာ၊ ရွှေမှ အခေါက်ရွှေ၊ ၀ါဝင်း အိနေတာ။ (နောက်ပိုင်း မဆွိတီအပျိုဖြစ်တော့ လက်ကျန် ဘယက်ကလေး ယူယူဆွဲနေလို့။ မြင်ဘူးနေတာ။) နောက်လူကြီးခြေမလောက်တုတ်တဲ့ ရွှေခြေကျင်းကြီး တစ်စုံလဲ ပါလာသေးတယ်။ နောက်ပိုင်းတော့ အဘွားပိုင်တာတွေလဲ မဆွိတီတို့ မောင်နှမတွေကျောင်းစံရိတ် ဘာညာ သုံးတာနဲ့ ကုန်ရတာပါပဲ။ အဘွားဟာ မီးမလာ၊ ရေရှားတဲ့ ခပ်ခေါင်ခေါင် တောရွာလေးမှာ မုဆိုးမဘ၀နဲ့ ဒီလိုအခြေအနေရောက်အာင် ဘယ်လောက်တောင် ခြစ်ခြုတ်စုဆောင်းခဲ့ရလဲဆိုတာ မဆွိတီတို့ ငယ်သေးတော့ မတွေးမိခဲ့ဘူး။

မဆွိတီတို့ အမေရုံးသွားပြီဆို အဘွားက ဈေးကားကြီးနဲ့ ဈေးလိုက်၊ ချက်ပြုတ်၊ ပြင်ဆင်၊ မြေးတွေကို ကျောင်းပို့၊ အကုန်လုပ်ရသကိုး။ ခလေးတွေ နေမကောင်းရင်လဲ ဆေးရုံလိုက်ပို့ရသေးတယ်။ စာမတတ်၊ ပေမတတ်ဆိုတော့ ဆရာဝန်တွေက ငေါက်လိုက် နပ်စ်မတွေက ငေါက်လိုက်နဲ့ အဘွားဟာ အလွန်အင်မတန် သနားစရာကောင်းလှတယ်။ ဒီကြားထဲ မြေးတွေကလဲ ပြောစကားနားမထောင်၊ မလိမ္မာဆိုတော့ အဘွားမယ် သမီးချစ်လို့ ဒုက္ခတောထဲ ခုန်ဆင်း သလိုဖြစ်နေတယ်။

ဒါတင်မက အဘွားဟာ အိမ်မှာ ထမင်းဟင်းတွေ ချက်ပြီဆိုရင် သူဟာ အိမ်မှာအကြီးဆုံးဆိုပြီး စားဦး၊ စားဖျား စားတယ်မရှိ။ မြေးတွေ၊ သမက်တွေ၊ သမီးတွေ မစားချင်လို့ ကျန်မှ နှမြောလို့ဆို အိုးလူးခွက်လူးလေးနဲ့ စားလေ့ရှိတယ်။ သမီးလုပ်သူက "အမေရယ် အဲလောက်လဲ နှမြောမနေပါနဲ့၊ စားပါအမေ။ ကျွန်မတို့ ဒီလောက်မဆင်းရဲပါဘူး"ဆို ကောင်းတာတွေ ၀ယ်ကျွေးလဲ အနားမှာဝိုင်းနေတဲ့ မြေးလေးတွေကိုကျွေး၊ ပိုမှ၊ ကျန်မှ၊ မကောင်းမှ သူက စားတယ်။ အကျန်တွေ မစားပါနဲ့ပြောလဲ "အို ... လွှင့်မပစ်နိုင်ပါဘူးအေ။ ပိုက်ဆံရှာရ ဘယ်လောက်ခက်လဲ။ ငါးပြားလဲ ငါးပြားဖိုး ဆယ်ပြားလဲ ဆယ်ပြားဖိုး တန်ဖိုးရှိတာပဲအေ့"ဆို ပြောလေ့ရှိတယ်။

အဘွားအပြင်သွားရင်လဲ တောရွာဓလေ့ ချည်ကြမ်း တဘက်ကလေး ခေါင်းပေါ်တင်လို့ "ငါ အိမ်လည်ထွက်ဦးမယ်အေ ... " ဆိုပြီး နေပူကြီးထဲ ထွက်သွားတော့တာပဲ။ အဲ ပြန်လာရင် လမ်းက သစ်ပင်အောက်က ကျနေတဲ့ ဒုတ်ချောင်း၊ သစ်ကိုင်းခြောက်တွေ အကုန်ကောက်လာတော့တာပဲ၊ (သူကတော့ ဒုတ်ခနောင်းခေါ်သဗျ။) အိမ်မှာ မီးမွှေးဖို့ ထင်းရတယ်တဲ့။ အိမ်မှာရှိတဲ့ အ၀တ်အစားတွေဆိုလဲ လွှင့်မပစ်ဘူး။ အဟောင်းတွေကို အပ်ချည်တွေနဲ့ သူ့ဟာသူချုပ်ပြီး ၀တ်နေတာပဲ။ မဆွိတီတို့ ကြီးလာတော့ အဲဒါတွေ လွှင့်ပစ်မယ်ဆို အဘွားနဲ့ ရန်ဖြစ်ရတာ ခဏခဏပဲ။ မဆွိတီတို့ ခုဒီအိမ်ပြောင်းတော့ စလုံးမှာ လွှင့်ပစ်ခဲ့ရတာတွေများ မြင်ရင် တက်များသေသွားမလား မသိဘူး။

အဘွားဘယ်လောက် ကပ်စေးနဲလဲဆို အမှတ်ရတာလေးတစ်ခု ပြောဦးမယ်။ (ဒီနားကစပြီး ထမင်းစားနေတုံး မဖတ်ပါနဲ့။ ;)ALERT !!!)မဆွိတီတို့ အကိုကြီး ငယ်ငယ် တစ်တန်းလောက်ကပေါ့။ အကိုကြီးဟာ ငယ်ငယ်က အင်မတန် ဆပ်ဆော့တယ်။ သူ့သူငယ်ချင်းတစ်ယောက် ပိုက်ဆံငါးပြားစေ့လေး ပါးစောင်ထဲထည့်၊ ရေသောက်ပြ၊ ပိုက်ဆံပြန်ထုတ်ပြ လုပ်နေတာကို၊ သူကလဲအားကျမခံ ပိုက်ဆံ ၁၀ပြားစေ့ထည့်ပြီး ရေသောက်ပြသတဲ့။ နောက်တော့ ပိုက်ဆံက ဗိုက်ထဲဝင်သွားရော။ အမေတို့မှာ စိတ်ပူပြီး ဆရာဝန်ပြ။ ဆရာဝန်က အင်အင်းပါတဲ့အချိန် စောင့်ကြည့်ပါဆိုတော့ အဲဒီအချိန်ဆို အိမ်နောက်ဖေးမယ် သတင်းစားလေးခင်းပြီး အကိုကြီး အင်အင်းပါတာကို မဆွိတီတို့ တစ်မိသားစုလုံး ငုတ်တုတ်ထိုင် စောင့်ကြည့်ကြတယ်။ မဆွိတီတို့ ခလေးတွေကလဲ တယ်စပ်စုသကိုး။ အဲဒါ အင်အင်း ပါပြီးရင်လဲ ဆယ်ပြားစေ့ ထွက်ပြီလားဆို တုတ်ကလေးနဲ့ မွှေနှောက် ရှာကြည့်ရသေးတယ်။ ပထမတစ်ရက်လဲမပါ၊ ဒုတိယတစ်ရက်လဲ မပါပေါ့။ အမေတို့လဲ စိတ်ပူနေပြီ။ နောက်ဆုံးတစ်ရက်တော့ အဲဒီဆယ်ပြားစေ့ ပါလာတယ်။ အဲသမှာဗျာ အဘွားလုပ်သူက မြန်ချက်။ ဖြတ်ဆို အဲ့ဆယ်ပြားစေ့လေး တုတ်ကလေးနဲ့ကော် သတင်းစာစက္ကူလေးနဲ့ အသာပတ်၊ ရေဘုံဘိုင်ဖက်ယူသွားပြီး ရေဆေးနေတယ်။ မဆွိတီတို့အမေက "အမေ့ ဘာလုပ်တာလဲ လွှင့်ပစ်လိုက်ပါ " ဆိုတော့ " အမလေး ပိုက်ဆံ ဆယ်ပြားလဲ ဆယ်ပြားပဲ လွှင့်မပစ်နိုင်ပါဘူးအေ ... သုံးလို့ရတယ် " ဆိုပြီး ရေသေချာပြောင်အောင်ဆေးပြီင်္း သိမ်းသွားလေရဲ့။ ဘယ်မှာများ သွားသုံးလဲတော့ မသိဘူးဂျာ။ ဒါကတော့ အထက်က ခေါင်းစဉ်နဲ့ မဆိုင်ပေမဲ့၊ အဘွားကပ်စေးနဲပုံလေး ကြုံတုံးလေးပါ။ (ကြုံတာတွေ သိပ်များနေပြီး)

ရှေ့ဆက်ရရင် နောက်ပိုင်း အဘွားလဲ အသက်ကြီးလာ၊ ဟင်းတွေဘာတွေလဲ မချက်နိုင်တော့ အမေပဲ ရုံးတစ်ဖက်နဲ့ ချက်ရတယ်။ မဆွိတီတို့လဲ ကျောင်းပိတ်ရက်ဆို ကူ ညီ ညာလုပ်ပေးပေါ့။ အဲဒီအချိန်ကျ အဲဒီဟင်းအကျန်တွေ စားသူဟာ ဟင်းချက်သူ မဆွိတီတို့ အမေပဲဖြစ်မယ်နဲ့တူတယ်။ မနက်မနက်ဆို ရုံးသွားခါနီး ကမန်းကတမ်း ဟင်းအကျန်လေးတွေနဲ့ စားစားနေတာ တွေ့ရတာပဲ။

မဆွိတီလေးလဲ အချိန်တန် အရွယ်ရောက် ခြင်္သေ့ကျွန်းမှာ အိမ်ထောင်ကျပြီး အခြေကျနေထိုင်ကြ၊ သမီးလေးရလာတော့ သမီးလေး ထိန်းရအောင်ဆို သမီးကြီးတော်ကိုအိမ်မှာ ခေါ်ထားတယ်။ ထမင်း၊ဟင်းချက် အိမ်ရဲ့ အိမ်မှုကိစ္စအ၀၀ကို သမီးရဲ့ ကြီးတော်ကပဲ တာဝန်ယူ လုပ်ပေးတယ်ပေါ့။ အဲ့သမှာလဲ ဟင်းတွေဘာတွေ ချက်ရင် ထမင်းကျန်၊ ဟင်းကျန်တွေ ပိုတာတွေ ရှိမှာပဲ။ မဆွိတီတို့ကတော့ ရုံးကနေ အိမ်ပြန်လာ၊ စားသောက် ဆေးကြောပြီး ပြီးသွားတာပဲ။ အဲဒီအကျန်တွေလဲ စိတ်ထဲ လဲမရှိခဲ့ဘူး။ ခုမှစဉ်းစားမိတာက အဲ့လို အကျန်တွေကို ကြီးတော်ကြီး စားပဲ စားပစ်လား။ လွှင့်ပဲ လွှင့်ပစ်လား။ ကြီးတော်က သိပ်တော့နှမြောတဲ့သူ မဟုတ်တော့ ကိုယ်လဲ သေချာမသိဘူးရယ်လေ။

မဆွိတီ ဒီဖက် ကျွန်းကြီးဖက်ရောက်တော့ ကြီးတော်ကြီး ပါမလာတော့ဘူး။ ခေါ်ချင်တိုင်းလဲ ခေါ်လို့မရတဲ့ သွေးကြီးလှတဲ့ ကျွန်းကြီးကိုး။ ဒီတော့ မဆွိတီမယ် အိမ်မှုကိစ္စအ၀၀ လုပ်ရကိုင်ရတော့တယ်။ စလုံးမှာတုံးက အလုပ်ကထွက်တော့မယ်၊ full time house wife လုပ်တော့မယ်ဆိုတော့ stress အင်မတန် များလှတဲ့ ရုံးကလူတွေက မဆွိတီကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ good life, good place ဆိုပြီး ကွန်ဂရပ်ကြတယ်။ Sweet ကတော့ Tai Tai ဖြစ်ပြီဆိုပြီး စကြတယ်။ မဆွိတီကတော့ Tai Tai တော့မဟုတ် full time maid ဖြစ်သွားတာပါဆို ပြောရတယ်။ တကယ်လည်း မှန်ပါသဗျာ။ ချက်တာ၊ ပြုတ်တာတင်မက အိမ်သာဆေးတာ၊ ကြမ်းတိုက်တာကအစ လုပ်ရတယ်။ အိမ်အလုပ်ဆိုတာမယ် ပြီးတယ်ရယ်လို့မရှိ၊ ရှာလုပ် အလုပ်ကတော့ ရှိနေတာပါပဲ။ အိမ်ထောင်ရှင်မရဲ့ တာဝန်တွေ ခံစားချက်တွေကိုလဲ သိလာရတယ်။

နောက်တစ်ခုက မဆွိတီ ခုတစ်လော အသက်ကြီးလာလို့လားမသိ၊ ကပ်စေးနဲလာတယ် ပြောမလား၊ နှမြောတတ်လာတယ်။ ဘာကိုမှ အလဟသ မဖြစ်စေချင်ဘူး။ ဟင်းတွေ ထမင်းတွေ ချက်ပြုတ် စားသောက်ပြီး ပိုလာပြီဆို၊ အကောင်းကြီးတွေပဲဆို လွှင့်မပစ်ရက်ဘူး။ ဦးခြိမ့်ကလဲ ဟင်းကျန် မရွံတတ်ပါဘူး။ ကူစားပေးပါတယ်။ ဒါပေမဲ့ အိမ်ရှင်မဖြစ်တဲ့ မဆွိတီကပဲ အဲဒါတွေကို အများဆုံး စားရတဲ့သူဖြစ်လိမ့်မယ်။ ဒီနေ့မနက်ပဲကြည့် ။ ဦးခြိမ့်အတွက် မနက်စာ။ ပလာတာနဲ့ ပဲပြုတ်။ ဂျူဂျူလေးများ စားမလားလို့ ပဲပြုတ်လေး ပိုကြော်ပြီး ချန်ထားတယ်။ မယ်မင်းကြီးမလေးက နိုးလာတော့ အဲဒါမစားချင်ဘူးတဲ့။ egg scramble လုပ်ပေးပါတဲ့ဆို လုပ်ပေးရတယ်။ ဒါတင်မပြီးသေးဘူး egg pamphlet နဲ့ လိပ်ပေးပါဦးဆို လုပ်ပေးရပြန်တယ်။ ကြက်ဥက ၂လုံးတောင်ဆိုတော့ ကျောင်းသွားခါနီး ကမန်းကတန်းနဲ့ စားလို့ဘယ်ကုန်မလဲဗျာ။ သမီးကျန်တဲ့ ဟာတွေက စားပွဲပေါ်မှာ ပိုးလို့ ပက်လက်။

သမီးကို ကျောင်းပို့ပြန်လာတော့ ချက်ဖို့၊ ပြုတ်ဖို့မလုပ်ခင် မနက်က သားအဖ၂ယောက် စားသွားတဲ့ ပန်းကန်တွေ ဆေးဖို့လုပ်ရင်း အဖေကျန်တဲ့ ပဲပြုတ်ကြော်ရယ်၊ သမီးကျန်တဲ့ ကြက်ဥလိပ်အကျန်တွေကို ပါးစပ်ထဲ ပစ် ပစ်ထည့်ရင်း အော် ငါတော့ တကယ့်ကို ဟင်းကျန်စားသူဘ၀ ရောက်ပါပေါ့လား ဆို အဘွားလုပ်သူကိုပင် သတိရမိသွားပါကြောင်း။ ။


မဆွိတီတို့အဘွား၊ အသက် ၈၉နှစ်ရှိပါပြီ။


အဖွင့်ပုံကို ဒီ နေရာမှ ယူပါသည်။ Credit to original uploader.

Wednesday, August 3, 2011

black bean sauce- ရွှေပဲသီးကြော်

မဆွိတီတို့ ဒီကျွန်းကြီးဖက်ရောက်တော့ ဈေးဝယ်ရတာ တော်တော်ဒုက္ခရောက်သဗျ။ အကြောင်းကတော့ သူတို့ရဲ့ package တွေက အရမ်းကြီးလို့ပါပဲ။ အသီးအနှံတို့၊ ဟင်းသီးဟင်းရွက်တို့ ဝယ်မယ်ဆို တစ်ကေဂျီ-၂ကေဂျီ ထုတ်ပြီးသားတွေပဲ ရောင်းတာ။ မိသားစုများတဲ့သူတွေအတွက် ကောင်းပေမဲ့ မဆွိတီတို့လို မိသားစုနည်းသူတွေကျတော့ အဲဒါတွေကို ရေခဲသေတ္တာထဲထည့်၊ မကုန်မချင်းစားပေရော့ပဲ။ ရေခဲသေတ္တာထဲလဲ အထုတ်ကြီးတွေနဲ့ ပြည့်သိပ်နေတာပဲ။ အသီးအရွက်တွေက ၂ပတ်-၃ပတ်ထက် ပိုထားလို့လဲ မကောင်း၊ လွှင့်လဲ မပစ်ချင်တော့၊ ဟင်းတွေက ထပ် ထပ်လာတယ်။ တစ်ခါလာလဲ အစိမ်းကြော်၊ တစ်ခါလာလဲ ပဲသီးကြော်၊ တစ်ခါလာလဲ ပန်းပွင့်ကြော် ဆိုတော့ ဦးခြ်ိမ့်ခမြာ "ရွှေချဉ်ပေါင်တုံးကာမှ မောင်ဖုန်းပြန်ခဲ့မယ် " ဆိုသလိုဖြစ်နေတယ်။ (ရွှေချဉ်ပေါင်ဆိုမှ သတိရသွားတယ်ဂျာ။ ဒီမှာ ချဉ်ပေါင်ရွက် ရှာမရလို့ ရှိသူများ သတင်းပေးကြပါဦးနော်၊ ဘယ်မှာရနိူင်မလဲဆိုတာ၊ အပင်နော် ... အရွက်ခြောက် မဟုတ်)
အသားငါးတော့ ကြိုက်သလို ချိန်ဝယ်လို့ရလို့ တော်သေးတယ်။ ဒီမှာ အသားက စလုံးမှာထက် ဈေးပိုချိုတယ်။ အသီးအနှံတော့ နဲနဲပိုဈေးကြီးတယ်ထင်တာပဲ။

အစားအသောက်တွေ ရောင်းတာလဲ အဲ့လိုပဲ။ သြော်ဇီမှာတဲ့ အပြင်မှာ ဝယ်စား သိပ်ဈေးကြီးတယ်တဲ့ ပြောကြတယ်။ ဈေးကြီးတာလဲ မပြောနဲ့ဦး။ တရုတ်ဆိုင်တွေမှာ ဟင်းတစ်ပွဲ ၈ကျပ် ၁၀ ဝယ်စားရင် ချလာတာ ဇလုံကြီး၊ ပန်းကန်အကြီးကြီးတွေနဲ့ မနိူင်မနင်းပဲ။ သြော်ဇီတွေက သူတို့ရဲ့ ခန္ဒာကိုယ်ကလည်းကြီးတော့ စိတ်ကြီးတယ်နဲ့တူတယ်း) သူတို့စားတဲ့ ပမာနကလဲ အများကြီးပဲ။ ကိုယ်လို အာရှကလာတဲ့သူတွေ၊ လူကောင်သေးသူတွေကတော့ တစ်ပွဲကို ဘယ်လိုမှ မကုန်နိူင်ဘူး။ ၃ယောက်စားရင် ၂မျိုးမှာပြီးစားမှ အတော်လောက်ပဲ။ ဒါတောင်ကိုယ်တွေက လူကောင်သိပ်သေးသူတွေ မဟုတ်ဘူးနော်။ စစ်ကိုင်းမျိုးကွး)

စကားကို လိုရင်းဆက်ရရင် ဒီအပတ်လဲ Eastwood ဖက် ဈေးဝယ်ထွက်တာ ပဲသီးလေးစားချင်လို့ဝယ်တာ တစ်ကေဂျီ အထုတ်လိုက်ကြီး ၃ကျပ်တဲ့ ဆို ဝယ်လာရတယ်။ ဒါကို ဒီတိုင်းအစိမ်းကြော်လေးကြော်စားလိုက်၊ မြန်မာလို ရိုးရိုးပဲသီးကြော်လေး ကြော်စားလိုက်ဆို ကုန်နိူင်ဖွယ်မမြင်ဘူး။ ဒါချည်းနေ့တိုင်းကြော်မယ်ဆိုလည်း ဦးခြ်ိမ့် အိမ်ပေါ်ကဆင်းသွားလိမ့်မယ်။ ဒါနဲ့ နေ့ခင်းဖက်တွေမှာ မဆွိတီ ထမင်းလေးနဲ့ အဆာပြေစားရအောင်ဆို black bean sauce လေးနဲ့ ကြော်ကြော်စားတာ တော်တော်အရသာရှိသဗျ။ လွယ်လဲလွယ်တယ်။ စားလို့လဲ ကောင်းတဲ့ ပဲသီးကြော်မှို့ ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။




ပဲသီးကို ၂လက်မလောက်အရှည်ဖြစ်ဖြစ် ဖြတ်ထားပါ။ အတောင့်လိုက် အရှည်လေးတွေအတိုင်း ကြော်လဲ ကောင်းတာပဲ။



Spicy Black bean sauce အဆင်သင့်ပြင်ထားပါ။
ဝက်သားအကြေ လက်တစ်ဆုတ်လောက် အသင့်ပြင်ထားပါ။ (မပါရင်လဲ စားလို့ကောင်းပါတယ်)



ကြက်သွန်ဖြူ တစ်မွှာ နုတ်နုတ်စင်းထားပါ။ အန်တီဆွိကတော့ အလွယ် ready made garlic paste ကို သုံးပါတယ်။



ဒယ်အိုးထဲကို ဆီစားပွဲဇွန်းတစ်ဇွန်းထည့် မီးပြင်းပြင်းနဲ့ ပဲသီးတွေကို ကြွပ်ခါနီးအထိကြော်ပါ။ အစိမ်းရောင်မပျက်ပါစေနှင့်။ ကြက်သားမှုန့်လေး အနည်းငယ်ထည့်ကြော်ပါ။



ပဲသီး အထဲကပါကျက်ရင် ကြက်သွန်ဖြူ၊ ဝက်သားအကြေထည့်ကြော်ပါ။



ဝက်သားကျက်ရင် မီးပိတ်၊ ပူနေတုံးမှာ black bean sauce စားပွဲဇွန်း တစ်ဇွန်းမောက်မောက်ထည့်ပြီး မွှေပေးပါ။




ကဲ ... မလွယ်ဘူးလား။ ထမင်းဖြူ ပူပူလေးနဲ့ လိုက်မှလိုက်။

Tuesday, August 2, 2011

ကြိုက်တယ် ... ကြိုက်ဘူး .. မကြိုက်တကြိုက် ... အရမ်းကြိုက်

မဆွိတီ ဒီတက်ဂ်ပို့စ်လေးကို မရေးခင် "ဂျူဂျူးလေးတို့ စာသင်ကျောင်း" ဆိုပြီး ပို့စ်တစ်ပုဒ် ရေးနေတာ။ မနေ့က တစ်ဝက်၊ ဒီနေ့တော့ အပြီးရေးပြီး တင်တော့မယ်ဆို အင်တိုက်အားတိုက်ရေးနေတာ။ လက်တော့မှာ စာရိုက်နေတာကိုက တစ်ဂျောင်းဂျောင်းနဲ့ အသံထွက်တာ။ ပြီးခါနီးလဲကျရော ဘာခလုပ်မှားနှိပ်မိလဲ သိဘူးဂျာ။ ပို့စ်တစ်ခုလုံး ပျက်သွားတယ်။ ဘလော့ဂ်က auto save ဆိုတော့ ဘာမှမရှိတာကို အော်တိုဆေ့ပ် လိုက်တော့ ရေးထားသမျှ ဘာဆို ဘာ .. ဘာ.. ဘာမှ မကျန်တော့ပါဘူး။ ပြန်ရမလားလို့ ကြိုးစားပေမဲ့ မရတော့ လူလဲ အရုပ်ကြိုးပြတ်ကို ဖြစ်သွားတယ်။ အကြီးအကျယ်ကို စိတ်ပျက်သွားတယ်။ ဘယ့်နှယ်ဗျာ။ ကိုယ် စိတ်အား၊ ဥာဏ်အားနဲ့ ကြိုးစားပမ်းစား ရိုက်ထားတာလေး၊ အစကပြန်ရေးရမှာ ဆိုတော့လေ ...

အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကွန်မန့်မှာ အိမ်မက်စေရာ ဆိုတဲ့ ဘလော့ဂ်က ညီမလေးက ခုပို့စ်လေးကို ရေးပေးဖို့ တက်ဂ်ထားတာတွေ့တော့ စိတ်ညစ်တာလဲ နဲနဲပျောက်သွားအောင် စိတ်ပြေလက်ပျောက်ပို့စ်လေး ရေးလိုက်ပါတယ်။ ကျေးဇူးပါ ညီမလေး။
( အမှန်က မဆွိတီကို သူငယ်ချင်း အန်တီသက်ဝေက တက်ဂ်ထားတာ ကြာပြီခင်ည။ အရင်းကြီးတွေဆိုတော့ စိတ်မဆိုးလောက်ပါဘူးဆိုပြီး မရေးပဲ မသိချင်ထောင် ထောင်နေတာ။ ခုရေးလိုက်ပါပြီ။ ၂ခါပြန်တက်ဂ်ပို့စ်ကိုး))

မကြိုက်ခြင်းကစ ရေးရမယ်ဆိုရင်တော့ အဲ့သလို အဲ့သလို ပို့စ်တွေ ရေးပြီးမှ ပျောက်သွားတာ အလွန်အင်မတန်ကို မုန်းပါတယ် ခင်ည။ မီကြိုက်ပါဘူးခင်ည။


မှတ်မှတ်ရရ မကြိုက်တာတွေ၊ ကြိုက်တာတွေကို စိတ်ထဲ ရှိသလို ချရေးလိုက်ပါတယ်။



လှေခါးထစ်တွေ တက်ရတာကို အင်မတန်မုန်းတယ်။

လေယာဉ်စီးရတာကို မကြိုက်ဘူး။ လေယာဉ်ကြောက်တတ်တဲ့ ရောဂါရှိလို့။ Tour ကားကြီးတွေနဲ့ အိပ်ပြီး ခရီးသွားရတာ အရမ်းကြိုက်။ လမ်းခရီးမှာ ဆိုင်တွေဝင် စားသောက်ရတာ အရမ်းကြိုက်။

မပြီးစီးနိုင်သော အိမ်အလုပ်တွေကို နိစ္စဓူဝ လုပ်နေရတာလဲ ကြိုက်ဘူး။
အိမ်မှာလုပ်ပေးမဲ့သူ အဖော်နဲ့နေရတာ ကြိုက်တယ်။

Stress များတဲ့အလုပ် ဘာအလုပ်မဆို မုန်းတယ်။

တစ်ချိန်လုံးကြီး အေးစက်နေတဲ့ ရာသီဥတုကို မကြိုက်ဘူး။

ခြောက်သွေ့တဲ့ ရာသီဥတုကိုလဲ မကြိုက်ဘူး။

မျက်နှာတွေမှာ အသားတွေ ခြောက်ပြီး ရုပ်ဆိုးနေတာ အင်မတန်မုန်းသည်။ (မခြောက်ရင်တော့ ရုပ်က လှသကိုးး))

အင်္ကျီတွေ အထပ်ထပ်ဝတ်နေ ချွတ်နေရတာ မကြိုက်ဘူး။

ဟင်းအဟောင်းတွေ ရေခဲသေတ္တာထဲမှာ စုပြုံနေတာ မကြိုက်ဘူး။
ဟင်းတွေ လတ်လတ်ဆတ်ဆတ် ချက်စားရတာ ပိုကြိုက်တယ်။

အိမ်မှာ အသုံးမလိုတဲ့ ပစ္စည်းတွေ ရှုပ်နေတာလည်း မကြိုက်ဘူး။

မပွင့်မလင်းနဲ့ မြုံစိစိလူတွေကို မကြိုက်ဘူး။
ပွင့်ပွင့်လင်းလင်း စိတ်ရှင်းရှင်းလူတွေကို သဘောကျတယ်။

Sensitive ဖြစ်တဲ့သူတွေကို မကြိုက်ဘူး။

ရယ်စရာပြောတတ်တဲ့ သူတွေကို အရမ်း သဘောကျတယ်။

သရဲကား၊ ထိတ်လန့်သည်းဖိုကား မကြိုက်ဘူး။
ကိုရီးယား ဒရာမာကားလေးတွေ ကြိုက်တယ်။
ဟာသကား ဘာကားဖြစ်ဖြစ်ကြိုက်တယ်။

3D ရုပ်ရှင်တွေ အရမ်းကြိုက်တယ်။


ညစောစောအိပ်ရတာကို မကြိုက်ဘူး။


သမီးလေးနဲ့ နေရတဲ့အချိန်ကို သဘောကျတယ်။

အေးစက်ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို မကြိုက်ဘူး။
လူတွေနဲ့ စည်စည်ကားကား မြို့ပြကို ကြိုက်တယ်။

ရှော့ပင်ထွက်ရတာ အင်မတန်ကြိုက်။ window shopping ပဲဖြစ်ဖြစ်။

ရှော့ပင်ထွက်တိုင်း မ၀ယ်ရမနေနိုင် ၀ယ်မိတာ၊ ပိုက်ပိုက်ကုန်တာမကြိုက်ပါ။

အိမ်မှာ အေးအေးလူလူ ဖိုရမ်လေးဝင်လိုက်၊ ဘလော့ဂ်လေးဖတ်လိုက် အွန်လိုင်းတက်နေရတာလည်း ကြိုက်ပါ၏။

ရေချိုးပျင်းပေမဲ့ ရေမိုးချိုးခေါင်းလျှော်ပြီး သန့်သန့်ရှင်းရှင်း လှလှပပ နေရတာ အလွန်ကြိုက်သည်။

ခေတ်မီမီ ၀တ်စားဆင်ယဉ်ရတာ ကြိုက်တယ်။

ဂျင်းဘောင်းဘီ ၀တ်ရတာ ကြိုက်တယ်။

ခေါင်းမလျှော်တာကြာလို့ ဆံပင်တွေ ကပ်စေး ကပ်စေးဖြစ်နေရင် အလွန်မုန်းသည်။

ဆံပင်တွေ အရွယ်မတိုင်မီ ဖြူနေတာ အလွန်မုန်းသည်။

ဆံပင်ဆေးဆိုးပြီးခါစ ဆံပင်လေးတွေကို ကြိုက်သည်။

ဆံပင်ဆိုးပေးတဲ့ လူကြီးလည်း ကြိုက်သည်။

မိတ်ကပ်လေးလိမ်းပြီး လှတပတနေရတာကို ကြိုက်တယ်။

ခိုင်သင်းကြည်လို 3 step ဆံပင်ပုံစံကို ကြိုက်ပါသည်။

ဆံပင်လုံးဝ နက်မှောင်နေသည်ထက် ဆံပင်ညိုတိုတိုလေးကို ကြိုက်ပါသည်။

အသားဟင်းတွေထက် ငါး၊ အသီးအရွက်ကြော်တွေကို ပိုကြိုက်သည်။

ချိစ်တွေ ထောပတ်တွေနဲ့ချက်ထားတဲ့ ဥရောပအစာတွေကို မကြိုက်ဘူး။

တရုတ်စာကြိုက်တယ်။ ကုလားစာ မကြိုက်တကြိုက်။

solid wood သစ်သားအစစ် ပရိဘောဂတွေ ကြိုက်တယ်။

အင်တာနက်က ဟင်းချက်နည်းတွေကို စမ်းချက်ရတာ ကြိုက်သည်။

ခလေးတွေကို ကျောင်းစာအတွက် pressure ပေးရတာ မကြိုက်ပါ။

လျှာအရိုးမရှိတိုင်း ပြောတတ်သူ၊ လိမ်ညာတတ်သူများကို အလွန်အင်မတန် မုန်းပါသည်။

ထက်မြက်သော မိန်းခလေးများ၊ ထက်မြက်သော အမျိုးသမီးများကို သဘောကျတယ်။ လေးစားတယ်။

လှတဲ့ကောင်မလေးတွေလဲ ကြိုက်တယ်။

ကိုယ်ကိုယ်တိုင်ကတော့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါးပဲ နေရတာ ကြိုက်တယ်။

တစ်ဦးတည်းသော သမီးမှို့လားမသိ။ အဆောင်လို မိန်းခလေး၊ သူငယ်ချင်းဖော်များနှင့်အတူနေရသည်ကို အလွန်ကြိုက်ပါသည်။

ဘ၀မှာ လက်တွဲဖော်၊ တိုင်ပင်ဖော်၊ ရန်ဖြစ်ဖော်၊ အနိုင်ကျင့်ဖော်၊ စိတ်ကောက်ဖော် အဖော်တစ်ယောက်ရှိနေတာလဲ ကြိုက်ပါသည်။ (သူငယ်ချင်း အပျိုကြီးများ ငါ့ကိုသာသတ်ကြပါတော့း))


ရေးတာလဲ တော်တော်များသွားပြီ။ ဒီလောက်ပါပဲ။