Wednesday, March 9, 2016

ကြက်ဆီ ထမင်း



ယနေ့ညနေ Menu အတွက် ကြက်ဆီ ထမင်းချက်ပြီး ချက်နည်းလေး မမေ့ခင် ကမန်းကတန်း လာတင်ပါတယ်။ အန်တီဆွိရဲ့ ပိတ်သတ်တွေလဲ စမ်းချက်ကြည့်ချင် ချက်လို့ရတာပေါ့။

လူ ၅ယောက်စာလောက်အတွက် လိုတဲ့ ပစ္စည်းတွေကတော့

ကြက်ပြုတ်ရန်
ကြက် တစ်ကောင် (ကလီစာထုတ် သန့်ရှင်းပြီးသား)
ဂျင်း - တစ်လက်မခန့်ကို ပါးပါးလှီးထားပါ။
ကြက်သွန်မြိတ် - ၁၀ ပင်ခန့် (အမြစ်ဖက်က အရင်းပိုင်းတွေကို ၂ လက်မ အရွယ်လောက် ဖြတ်ထားပါ)
ကြက်သွန်နီ ဥကြီး တစ်ဥ ကို ၈စိပ်  စိပ်ထားပါ။

 ကြက်သား အကောင်လိုက်ကို အရေခွံတွေအပေါ် ဆားနုဲ့ ပွတ်ပြီး ရေဆေးပါ။ ပြီးရင် ဆား လဖက်ရည်ဇွန်း တစ်ဇွန်းခန့်နဲ့ ကြက်အကောင်လိုက်ကို နယ်ထားပါ။

ကြက်အကောင်ထဲကို အထက်က ဂျင်း၊ကြက်သွန်နီ၊ ကြက်သွန်မြိတ်တွေ အစာသွပ်ပြီး ရေဆူဆူထဲကို အကောင်လိုက် ထည့်ပြုတ်ပါ။ ကျန်တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကိုလဲ ထည့် ပြုတ်လိုက်ပါ။


  မီးအနေတော်လောက်နဲ့ နာရီဝက်- ၄၅ မိနစ်ခန့်ကြာရင် ကြက်သားကို ထုတ်လိုက်ပြီး ရေအေးအေးနဲ့ ဆေးချပါ.။ ရေခဲရေနဲ့ဆို ပိုကောင်းပါတယ်။ ရေခဲတုံးလေးတွေ ပစ်ထည့်ပြီးလည်း ထားနိူင်ပါတယ်။ ကြက်သားကို အပူနဲ့ ပျော့ပြဲမသွားပဲ တင်းတင်းလေး ဖြစ်အောင် ရေခဲရည်စိမ်ရတာပါ။ ပြီးရင် ရေစစ်ပြီး အအေးခံထားပါ။

 ကြက်ပြုတ်ရည်တွေကို တော့ ကြက်ဆီ ထမင်းချက်ရအောင် အဖတ်တွေ စစ်ပြီးသိမ်းထားပါ။

ကြက်သားကို အရိုးထုတ် အသားတွေကို ပုံမှာ ပြထားတဲ့ အတိုင်း bite size လေးတွေ လှီးပြီး ပန်ကန်ကြီး တစ်လုံးမှာ ထည့်ထားပါ။

အရိုးတွေကိုတော့ ရေရောပြီး ဟင်းချိုချက်ပါ။

ကြက်ဆီထမင်းချက်ရန်
ဂျင်းတက် တစ်လက်မခွဲခန့် - ပါးပါးလှီးပြီး ညက်နေအောင် ထောင်း/ ကြိတ်ထားပါ။
ကြက်သွန်ဖြူ  ၁၀မွှာ - ညက်နေအောင် ထောင်း/ကြိတ်ထားပါ။
ဆီ - စားပွဲဇွန်း ၇ ဇွန်းခန့် (ကြက်ထဲက ထွက်တဲ့ အဆီတွေရ ရင် ပိုကောင်းပါတယ်။ အိမ်မှာတော့ ကျန်းမာရေးအတွက် နေကြာဆီနဲ့ ပဲ ချက်လိုက်ပါတယ်)
ဆား - စားပွဲဇွန်းတစ်ဇွန်း
ဟင်းခတ်မှုန့် - သင့်သလို
သကြား - စားပွဲဇွန်း တစ်ဇွန်း
ကြက်ပြုတ်ရည် - ၈ခွက် (ဆန်ချင်ခွက်) စောစောက ကြက်ပြုတ်ပြီး သိမ်းထားတဲ့ ကြက်ပြုတ်ရည်ပါ။
ယိုးဒယားဆန် Jasmine rice - ၇ခွက်  (ဆန်ချင်ခွက်)

ဒယ်အိုးလေးထဲကို ဆီထည့်ပြီး ကြိတ်ထားတဲ့ ဂျင်း၊ ကြက်သွန်ဖြုတွေကို ဆီသတ်ပါ။ ဝါပြီး၊ ကြွပ်တဲ့ အထိမထားပဲ ခပ်ပျော့ပျော့မှာပဲ အနံ့လေးနဲနဲ မွှေးလာတယ်ဆို ရပါပြီ။

rice cooker အိုးထဲကို ဆန်ထည့်ဆေးပြီး  အပေါ်ကနေ ဆီသတ်ထားတာထည့်၊ ကျန်တဲ့ ingredient တွေထည့်ပြီး မွှေလိုက်ပါ။ ခလုပ်နှိပ်ပြီးတည်လိုက်ရင် ကြက်ဆီထမင်း ဂျင်းနံ့ သင်းသင်းလေး ရပါပြီ။

Sauce ပြင်ရန်
ဂျင်းတက် အနည်းငယ်- (ပါးပါးလှီးပြီး ညက်နေအောင် ကြိတ်ထားပါ- လက်ဖက်ရည် ဇွန်း တစ်ဇွန်းစာခန့်)
ကြက်သွန်ဖြူ  အနည်းငယ် - (ညက်နေအောင် ကြိတ်ထားပါ -လက်ဖက်ရည် ဇွန်း တစ်ဇွန်းစာခန့်)
သံပုရာရည် - လဖက်ရည်ဇွန်း ၂ဇွန်းခန့်
ပဲငံပြာရည် အကြည်ရည် - လက်ဖက်ရည် ဇွန်းဝက်ခန့်
သကြား  -  လက်ဖက်ရည် ဇွန်း တစ်ဇွန်း
ကြက်ပြုတ်ရေ- စားပွဲဇွန်း ၄ ဇွန်းခန့်
ဟင်းခတ်မှုန့် -  သင့်သလို
အပေါ်က ingredient တွေကို ရောသမ မွှေလိုက်ရင် sauce အဖြူုရပါပြီ။
sauce အနီရောင်(အစပ်) လိုချင်ရင်တော့ hot chili sauce   လက်ဖက်ရည် ဇွန်း တစ်ဇွန်း ထည့်လိုက်ပါ။

ကြာညို့ အချို အမဲရောင်ကိုလည်း ပန်းကန်တစ်လုံးထဲ ပြင်ထားပါ။

ကြက်သားအပေါ်က ဆမ်းဖို့   အချိုရည် အတွက် ပဲငံပြာရည် အကြည်ရည်၊ ဟင်းခတ်မှုန့်၊ ဟင်းချို၊ ရည်၊ သကြားတို့ ကို ရောမွှေပြီး စိတ်ကြိုက် အချိုအရသာရအောင် ပြင်ထားပါ။

အပေါ်က garnish လုပ်ဖို့ အတွက် 
သခွါးသီ ၂လုံးခန့် - ခပ်စောင်းစောင်းလေးတွေ ပါးပါးလှီးထားပါ။
ကြက်သွန်မြိတ်လေးတွေကို ၂လက်မလောက်ဖြတ် အမျှင်လေးတွေ ရအောင် ခွာထားပါ။
နံနံကို အပင်လေးတွေ ချွေထားပါ။

ပွဲပြင်ဖို့ အတွက်
ကြက်ဆီ ထမင်းပူပူနွေးနွေးကို ပန်းကန်လုံးလေးနဲ့ ပုံသွင်းပြီး ပန်းကန်ပြားချပ် အလည်မှ မှောက်ချလိုက်ပါ။ ဘေးပတ်လည်က သခွားသီး၊ ကြက်သားတို့ကို လှလှပပ ပြင်ဆင်ပါ။ ကြက်သားပေါ်က အချိုရည်ကို ဇွန်းလေးနဲ့ဖြန်းပေးပါ။ ကြက်သွန်မြိတ် ၊ နံနံတို့ကို အပေါ်က လှအောင် တင်လိုက်ရင် စားချင်စဖွယ် ကြက်ဆီထမင်းပွဲလေးရပါပြီ။ ဟင်းချိုကိုလည်း ကြက်သွန်မြိတ် လေးတွေ ထည့်ပြီး သုံးဆောင် နိူင်ပါပြီ.။











Sunday, March 6, 2016

Mee Pok


  Mee Pok လုပ်နည်းလေး ရေးချင်လို့ ဘလော့ဂ်လေးကို ဖုန်လာခါပါတယ်။ ဘလော့ဂ်လေး တစ်ခုရှိတာ ဒီနေရကျ သိပ်ကို အသုံးဝင်ပါတယ်။ ကိုယ်ချက်စားတာလေးတွေ ကို အမှတ်တရ ရေးထား သိမ်းထား၊ ပြန်ချက်ချင်ရင် ပြန်ရှာ ချက်ရုံပဲ။ ဟင်းချက်နည်း မေးတဲ့ အန်တီဆွိရဲ့ ပိတ်သတ်တွေ အတွက်လဲ အဆင်တပြေ ကြည့်လို့ရတော့ ဒီမှာပဲ အမြဲလာရှယ် ဖြစ်ပါတယ်။
ခုအပတ်တော့ စောနက ပြောသလို  စင်္ကာပူမှာနေတုံးက အရမ်း ကြိုက်လို့ ဟော်ကာ စင်တာတွေ ရောက်တိုင်း အမြဲ စားဖြစ်တဲ့ Mee Pok လုပ်နည်းလေး ရေးပါဦးမယ်။



Mee Pok အတွက် လိုအပ်တာတွေက (လူ ၆ယောက်စာခန့်)

Soup (ဟင်းချိုရည်) အတွက်
(၁) ဝက်ရိုး ၅၀၀ ဂရမ်
(၂) ပဲပိစပ် (soya bean) လက် ၂ဆုတ်စာခန့်
(၃) ငါးနီတူု ငါးခြောက် (Iken Bilis) လက်တစ်ဆုတ်စာခန့်
(၄) ဂျင်း ပါးပါး ၂ပြားခန့်
(၅) ဆား သင့်သလို
(၆) ဟင်းခတ်မှန့် သင့်သလို
(၇)ရေ ၂လီတာ
အားလုံးကို ၂နာရီခန့် ကြိုပြီး ဆားအပေါ့အငံ အချို စိတ်ကြိုက်ပြင်ထားပါ။

Sauce အတွက် (ဟင်းတစ်ပွဲစာစီ)
(၁) ပဲငံပြာရည် အကြည်ရေ လဖက်ရည် တစ်ဇွန်း
(၂) ငါးငံပြာရည် လက်ဖက်ရည် ဇွန်းဝက်
(၃) ပဲငံပြာရည် အနောက်ရည် လဖက်ရည် တစ်ဇွန်း
(၄) ဝက်ဆီ စားပွဲဇွန်း တစ်ဇွန်း (ဝက်ဆီဖတ် ကို သေးသေးလေးတွေ လှီးပြီး ဆီနဲ့ ကြော်ပါ။ ဆီပေါက်တတ်လို့ အဖုံးအုပ် ကြော်ပါရန်။ ကြော်ပြီး ဝက်ဆီဖတ်လေးတွေ သတ်သတ်၊ ဝက်ဆီ သတ်သတ် ခွဲကော်ထားပါ)
(၅) မလေး ငပိကြော် ငရုပ်ဆီ ( Sambal Tumis ) စားပွဲဇွန်း တစ်ဇွန်း (ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ပုံမှာကြည့်ပါ ။ ဆိုင်တွေက ဆီနဲလို့ ကိုယ့်အိမ်မှာ ငရုပ်သီးအရောင်တင်ကို ဆီချက်ပြီး ရောထည့်ပါတယ်။ ဒါမှ အရောင်လှပါတယ်။)
(၆) Black vinegar လဖက်ရည် တစ်ဇွန်း
(၇) ကြက်သွန်ဖြူ ဆီချက် စားပွဲဇွန်း တစ်ဝက်

တခြား ingredient များ ပြင်ထားရန်
(၁) ခေါက်ဆွဲပြား (အစိုမရှိလျှင် အခြောက်ကို ပြုတ်ပြီး ရေစစ်ပါ။ အေးသွားလျှင် ဆီ အနည်းငယ် ဆမ်းပြီး နှံ့အောင် နယ်ထားပါ)
(၂) ဝက်သားအကြေ (ပဲငံပြာရည် အကြည်ရေ၊ ငရုပ်ကောင်း- white pepper တို့နဲ့့ နယ်ထားပါ)
(၃) ဝက် အသဲ (ပါးနိူင်သမျှ ပါးပါးလှီးပြီး ပဲငံပြာရည် အကြည်ရည်၊ ဂျင်းရည်၊ ငရုပ်ကောင်း တို့နဲ့့ နယ်ထားပါ)
(၄) တရုတ် မှိုခြောက် (Dried Shiitake Mushroom) ( ရေစိမ်၊ ပါးပါးလှီးပြီး ပဲငံပြာရည် အကြည်ရည်၊ အနောက်ရည်၊ နှမ်းဆီ၊ သကြား၊ ရေအနည်းငယ် ထည့်ပြီး၊ ရေခမ်းသည်အထိနာရီဝက်ခန့် ပြုတ်ထားပါ)
(၅) ဆလတ်ရွက်ထုပ် (Lettuce) ကို အရွက်လေးတွေ တစ်ခုချင်း ခွာထားပါ။
(၆) Fish ball လေးတွေကို ပါးပါး လှီးထားပါ။
(၇) ဝက်ဆီဖတ်ကြော်
(၈) ကြက်သွန်မြိတ်ကို ပါးပါး ရိတ်ရိတ်လေးတွေ လှီးထားပါ။

ဟင်းပွဲ ပြင်ရန်

ပန်းကန်ထဲကို အပေါ်က ပြောထားတဲ့ sauce  တစ်ပွဲစာ ထည့်ထားပါ။

 


ပြီးရင် ဆလတ်ရွက်လေးတွေကို ဘေးပတ်ပတ်လည်မှာ ထည့်ပြင်လိုက်ပါ။
စောနက ဟင်းချိုအိုး အကြီး ပွက်ပွက်ဆူတဲ့ အထဲကနေ (အသားတွေ ထည့် ပြုတ်မဲ့ ) အိုး အသေးလေးထဲကို ဟင်းချိုများ အိုးအပြည့်နီးပါး လောင်းထည့်ပါ။
မီးပြင်းပြင်းနဲ့ တည်ပြီး ပွက်လာရင် စကာထဲ ခေါက်ဆွဲ ထည့်ပြုတ်ပြီး ခေါက်ဆွဲကို စောနက ဟင်းပြင်တဲ့ ပန်းကန်ထဲ စစ်ထည့်ပါ။
နောက် တစ်ခါ စကာထဲ အသား အကြေ၊ fish ball၊ ဝက်အသည်းတို့ကို ကျက်အောင် ၃မိနစ်ခန့် ထည့်ပြုတ်ပြီး အပေါ်ကပြင်ထားတဲ့ ခေါက်ဆွဲပန်းကန်ထဲထည့်ပါ။
ဟင်းချိုရည် ၂ဇွန်းခန့်ကိုလည်း ထည့်ပါ။
မှိူ ၊ကြက်သွန်မြိတ်နဲ့ ဝက်ဆီဖတ်လေးတွေ အပေါ်က ဖြူးပြီးရင် စားဖို့ အဆင်သင့်ဖြစ်ပါပြီ။
ဟင်းချို အိုးကြီးထဲက ဟင်းရည်ကို ဟင်းချိုသောက် ပန်းကန် အသေးလေးထဲထည့် ကြက်သွန်မြိတ်လေး ဖြူးထည့်ရင် Mee Pok နဲ့ တွဲ စားဖို့ ဟင်းချိုလည်း အဆင်သင့် ဖြစ်ပါင်္ပြီ။
အားလုံး သုံးဆောင်နိူင်ကြပါပြီရှင်။



 



Monday, October 19, 2015

အသဲကြားက မဲ ၂ပြားဖြစ်တော့မလို့ .. အဆက်


ဦးခြ်ိမ့်က ပါတ့်စ်ပို့စ် ပေးပါဆိုလို့ ပေးလိုက်ပြီး နောက် ဝင်ခဲ့တော့ ဆိုတော့ မဲရုံထဲ ရောက်သွားပါတယ်။ အထဲမှာ စားပွဲခုံ အရှည်တစ်ခုပေါ်မှာ စာရွက်စာတမ်းအချို့ တင်ထားပြီး အမျိုးသမီး ၃ယောက် ထိုင်နေပါတယ်။ ဘယ်အစွန်ဆုံး တစ်ယောက်က မဲရုံမှုး လက်မှတ်ထိုးဖို့ရန်ဖြစ်ပြီး အလယ် တစ်ယောက်က စာရင်းပါ မပါစစ်ဆေး၊ ညာအစွန်တစ်ယောက်က မဲပြားတွေ ရှာ ထုတ်ပေးရတဲ့ တာဝန်ယူပါတယ်။ တာဝန်တွေကိုလည်း စားပွဲပေါ်မှာ ကတ်ပြားလေးရေးပြီး ထောင်ထားတော့ မဆိုးပါဘူး စနစ်ကျသားလို့ ပေးလိုက်ပါတယ်၊ တစ်မှတ်။
ဒီမှာ အလယ်က မမက ကိုယ့်ပါ့ပို့စ်က အချက်အလက်တွေနဲ့ မဲစာရင်း တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်တယ်ဆိုတော့မှ ဘေးက တစ်ယောက်က သူ့ထိုင်ခုံနောက်မှာ ကြွပ်ကြွပ်အိပ်ကလေးတွေနဲ့ သနား စဖွယ် ထုတ်ပိုးထားချည်နှောင်ထားတဲ့ မဲပြားတွေကို မြို့နယ် အလိုက် လိုက်ရှာဖွေပါတော့တယ်။ မဲပြားထည့်ထားတဲ့ ကြွပ်ကြွပ်အိပ်ကတော့ဗျာ ဈေးထဲမှာ ဗယာကြော်ထုတ်တဲ့ ကြွပ်ကြွပ်အိပ်ထက်တောင် ပါးမလားမသိ။ ထုတ်ချင်းပေါက်မြင်ရတဲ့ အစိမ်းရောင် ပါးပါးလေး။ ထုတ်ထားတာလဲ အကြော်ထုတ်ထားတဲ့အတိုင်း အပေါ်ကနေ ထုံးပြီးချည်ထားလိုက်သေး ။ အွန် ဒါကျ ခန့်ခန့်ငြားငြား မရှိလိုက်တာ၊ နိူင်ငံတော် title နဲ့ လုပ်တဲ့ ရွေးကောက်ပွဲက မဲပြားထည့်တဲ့ ပလပ်စတစ်အိပ်တဲ့၊ မခန့်ချက်ဆို နှုတ် လိုက်ပါ ပြီ တစ်မှတ်။
Sweetee Cho Cho's photo.

မင်္ဂလာဒုံဆိုတဲ့ ကြွပ်ကြွပ်အိပ်အောက်က စာတန်းကိုမြင်တော့ ဘယ်ရပ်ကွက်လဲ မေးပြီး လိုက်ရှာတော့ ထွက်လာပါပြီ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက မဲပေးဖို့ လုံးပန်းခဲ့ရတဲ့ ရလာဒ်၊ မဲပြားလေးတွေ။ အဝါရောင် စာရွက် အရှည်လေးတွေပါ။ မဲပြားဆိုပေမဲ့ အများထင်ကြသလို ကတ်ပြားမဟုတ်ပဲ စောနကပြောသလို မဲစာရွက်ရှည်လေးတွေပါ။ ဒီမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဆို ၂စောင်ပဲ ထွက်လာပါတယ်။ ဟင် ညီမ ဒီမှာ ၂စောင်ပဲတွေ့တယ်၊ ညီမတို့ နေရာက ၂ခုပဲ ရှိတာနဲ့တူတယ်ဆိုတော့ ညကတည်းက ကိုယ့်မြို့နယ်မှာ လွှတ်တော် စုံမစုံ သေချာကြည့်ခဲ့ လို့ ဒီကိစ္စမှားမှာစိုးလို့ ကြိုတင် မောင်းတင်လာ သူ တီတီဆွိပဲ ဘယ်ရလိမ့်မလဲ။
အစ်မ ကျွန်မပေးရမဲ့ မဲဆန္ဒနယ်မြေက လွှတ်တော် ၃ခုလုံး ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ကျွန်မည ကတည်းက စစ်လာခဲ့တာပါ။ ၂ခုတည်းဆိုရင်တော့ ကျွန်မ မပေးနိူင်ပါဘူး။ ပေးရမယ်ဆိုရင်လည်း ကျန်တဲ့ တစ်ခုကို ဘယ်အချိန်ပေးရမလဲဆိုတာ တိတိကျကျ သိပါရစေဆိုတော့ အစ်မတို့လည်း ဟိုဖက်က ပေးတဲ့ အတိုင်းပဲ လုပ်ရတာဆိုတော့ ဘာမှလုပ်မပေးနိူင်ပါဘူး၊ မတတ်နိူင်ပါဘူးတဲ့ ဗျာတို့ရေ။
အခြေတင် ပြောဆိုနေတုံးမှာပဲ မဲပြား၊ အဲလေ မဲစာရွက် ရှာတဲ့ မမက ဟောတွေ့ပြီ၊ တွေ့ပြီ၊ တိုင်းဒေသကြီး ရေးထားတာ တိုက်ကြီးနဲ့ မှားဖတ်မိလို့ ဆိုပြီး နောက်ထပ် မဲတစ်ပြား ထပ်ရပါတယ်။ တော်သေးတာပေါ့။ နောက်မှို့ ဆို အသဲပြားက မဲ ၂ပြားပဲရတော့ မလို့။ နောက်ဆုံးတော့့စုစုပေါင်း မဲ၃ပြားရယ် မဲထည့်မဲ့ စာအိပ် ၃ခုရယ်ရခဲ့ပါတယ်။ မဲရုံမှုးက ကိုယ့်ရှေ့တင်ပဲ မဲပြားမှာ လက်မှတ်ထိုးပါတယ်။ မဲပြားတွေကို သက်ဆိုင်ရာ စာအိပ်တွေနဲ့ ပူးတွဲလို့ ထပ်ရှင်းပြပါသေးတယ်။ စာအိပ်တွေကို လွှတ်တော် နာမည်အလိုက် အရောင်တွေနဲ့ ထပ် ခွဲထားတာမှို့ တစ်ခု ခြစ် ပြီးတာနုဲ့ တစ်ခုကို တစ်ခါထဲ စာအိပ်ထဲထည့် လို့ သေချာ မှာလိုက်ပါသေးတယ်။ အဲဒါတော့ ကေးျဇူုးတင်ဖို့ကောင်းပါတယ်။ နောက်မှို့ စာအိပ်တွေမှားထည့်မိရင်လဲ ပယ်မဲ ဖြစ်သွားမှာလေ.။ ပေးလိုက်ပါပြီ။ တစ်မှတ်။ စေတနာလေးတွေ မဆိုးဘူး သေချာရှင်းပြတယ်ဆိုပြီးတော့။
ဒါနဲ့ မဲစာရွက်တွေယူ မဲပေးရမဲ့ ကန့်လန့်ကာလေးတွေ ကာထားတာ ၃နေရာက ညာဖက်အစွန်မှာ အားနေတာနဲ့ အဲဒီကိုသွား မဲစာရွက်မှာ ကိုယ်ပေးချင်တဲ့ပါတီကို အမှတ်ခြစ်ရပါတယ်။ အမှတ်ခြစ်ရာမှာလဲ ကြိုတင်သိထားတဲ့ အတိုင်း အပေါ်က အကောက်လေးမပါအောင် သေချာ ခြစ်ရသေးတယ်။ အဲဒါကို စောနက တချို့တွေ သိပ်မသိကြလို့ မဲရုံအဝင်ဝမှာ A4 စာရွက်မှာ နမူနာ ခြစ် ပြီးတောင် ပြခဲ့ရပါသေးတယ်။ ပြီးတော့ မဲစာရွက်ကို ခေါက်၊ သူနဲ့တွဲပါတဲ့ အိပ်ထဲ သေချာထည့်ပြီး တစ်ခါထဲ ကော်ကပ်ရပါတယ်။ ကော်ကပ်တော့ ကော်ဗူးက ကြီးနေတော့ တစ်ချို့က အထဲရောက်လိုရောက် အပြင်ထွက်လိုထွက်နဲ့ ပြန်သုပ်ရသေးတယ်။ ကျန်တဲ့ မဲနှစ်ရွက်လဲ ထိုနည်းအတိုင်းဆောင်ရွက်ပြီး၊ အပြင်မှာ ပေနေတဲ့ကော်တွေ ခြောက်အောင် ပါးစပ်နဲ့ မှုတ်ရပါသေးတယ်။ တော်နေ အထဲရောကိမှ အချင်းချင်းကပ်ကုန်ရင် ခွာမရပြုမရနဲ့ ပယ်မဲများ ဖြစ်ကုန်မလား စိုးရိန်လို့ပါ။ ပြီးတော့ မဲပုံးတွေထဲကို သေချာအောင် ထည့်ခဲ့ပါတယ်။ မဲပုံးကလဲ ၃ပုံးထောင်ထားပြီး အရောင် ၃မျိုး ခွဲထားတာမှို့ စာအိပ်ပေါ်က ရေးထားတဲ့ အရောင်နဲ့ ကိုက်ထည့်ရုံပဲ ဆိုတော့ လွယ်ကူသွားပါတယ်။
Sweetee Cho Cho's photo.

ဒါနဲ့ အောင်မြင်စွာ မဲပေးပြီးလို့ သံရုံးကနေ မနက် ၁၀ နာရီခွဲလောက်မှာ ဓာတ်ပုံရိုက်ခွင့် မရှိုဆိုတဲ့ စာရွက် ကပ်ထားတဲ့ နေရာနားမှာပဲ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ဦးခြိမ့်က သံရုံး အဖွဲ့တွေဆီကို တစ်ခါမှ သံရုံးမရောက်ဖူးလို့ အမှတ်တရ ရိုက်ပါရစေလို့ ခွင့်တောင်းပြီး ရိုက်ခဲ့ကြတာပါ။ မဲလ်ဘန်း အဖွဲ့့ကတော့ အထဲမှာ မဲပေးပြီး ကျန်ခဲ့ကြပါတယ်။ တီတီဆွိတို့ ဆစ်ဒနီ အဖွဲ့ကတော့ မဲလဘန်းမှ ကိုယ်စားလှယ်တော်ကြီးများကို နှုတ်ဆက်ပြီးသကာလ နောက်တစ်နေရာကို ခရီးဆက်ခဲ့ကြပါတော့တယ်။
ဒါကတော့ တီတီဆွိရဲ့ သမိုင်းဝင် ပထမဆုံး မဲပေးတဲ့ အတွေ့ အကြုံပါ။ ကိုယ့်အတွက်တော့ အစစ အရာရာ အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, October 18, 2015

အသဲကြားက မဲ ၂ပြားဖြစ်တော့မလို့ ..



တီတီတီတီ ... ဒေါင်ဒေါင် .. တီတီတီတီ ... ဒေါင်ဒေါင် ..
မနက်စောစောစီးစီး အိပ်လို့ ကောင်းတုံး နာရီနိူးစက်က ထမြည်ပါတော့တယ်။
မနက် ၅နာရီ Alarm..
ခါတိုင်းဆိုရင်ဖြင့် နာရီနှိုးစက်သံကို အင်မတန်မှ မြင်ပြင်းကပ်တဲ့ တီတီဆွိဟာ ဒီနေ့တော့ အော် .. မဲပေးရမဲ့နေ့ပါလားဆို ချက်ချင်းသတိရ၊ ငေါက်ကနဲ ထထိုင်ပြီး ရေချိုးခန်းထဲ အပြေးဝင် ရေချိုးသန့်စင် ပါတော့တယ်။ ခါတိုင်း အလုပ်သွားမဲ့နေ့ဆို အိပ်ရာက မထချင်တာနဲ့ အီလေးဆွဲနေတဲ့သူက ဒီကနေ့ သွက်ချက် မြန်ချက်ကတော့၊ စိတ်တွေကလဲ ကြည်လင်လို့ ရေချိုးရင်းနဲ့ သီချင်း လေးတောင်ဆိုလိုက်သေး။ ငယ်ငယ်က ကြားဖူးနား၀ အောင်ကိုလတ်ရဲ့ သီချင်း "မဲရုံ .. မဲရုံ ကိုလာ ... တပြည်လုံးပဲ မဲပေးကြမယ် ...တရွာလုံးပဲ မဲပေးကြမယ်" ...
ရေချိုးပြီးတာနဲ့ ဖီလိမ်းပြင်ဆင်၊ သမီးကိုနှိုး၊ ဟိုဖက်ခန်းက င်္ဦးခြိမ့်ဆီကလဲ တချွတ်ချွတ်နဲ့ အသံတွေ ကြားနေရပါပြီ။ သမီးလေးကလဲ င်္ဒီနေ့တော့ သိပ်မနှိုးလိုက်ရပဲ မျက်နှာသစ် အဝတ်အစားလဲ မြန်မှမြန်။ သားအမိ သားအဖတွေ အားလုံးပြင်ဆင်ပြီးကြတော့ ကားပေါ် လိုတာတွေတင်ကြ၊ အနွေးအကျီ၊ လမ်းမှာ သောက်ဖို့ အအေးဗူး၊ ကျွဲရိုင်းဗူး၊ သွားရေစာ စားစရာတွေ ထည့်၊ ပြီးတော့ ဦးခြ်ိမ့်ကို ညကထဲက ပြင်ဆင်ထားတဲ့ ပတ်စ်ပို့စ်၊ မဲစာရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ ထည့်ထားတဲ့ ဖိုင်အပြာ ပါရဲ့လားမေးတော့မှ သူမေ့နေဟန်တူပါတယ်။ အိမ်ထဲ အပြေးပြန်ယူရတယ်။ ကံကောင်းလို့ အဲဒီဖိုင်ကျန်ခဲ့ရင်တော့ ဟိုရောက်မှ တပ်ခေါက် ပြန်ရုံပဲ ရှိတော့မှာ၊ အတိုချုံးသော် လိုတာ အကုန်တင်ပြီး မဲပေးဖို့ ၂၇၅ ကီလို ခရီးကို စခဲ့ကြပါတော့တယ်။

အိမ်ကထွက်တော့ မနက် ၆နာရီ။
လမ်းရောက်တော့ သူငယ်ချင်းတွေနဲ့ ခရီးအစ မက်ဒေါ်နယ်မှာ ဘရိတ်ဖက်စ် ဝင်စားဖို့ ချိန်းကြတယ်။ ဘရိတ်ဖက်စ်ဆိုင်မှာဆုံကြ စားကြသောက်ကြပြီးလို့ ပြန်ထွက်မယ်အလုပ် သူငယ်ချင်း တစ်ယောက်ရဲ့ကားက ရုတ်တရက်ကြီးထပျက်လို့ နှိုးမရပြုမရဖြစ်နေတာနဲ့ ကား၃ စီး အတူသွားကြဖို့ရာ တစ်စီးက နေခဲ့ရတော့တယ်။ အန်တီဆွိတို့မှာ ရှင်နည်းရာ အဂ လူထွက်ဆိုသလို စ စီစဉ်တုံးက လူအယောက် ၂၀၊ ကား၄စီးလောက် စီစဉ်ထားရာကနေ မဲစာရင်းမပါလို့ ကျန်ခဲ့သူ၊ အကြောင်းကြောင်းကြောင့် မလိုက်ဖြစ်သူနဲ့ နောက်ဆုံး ကား၃စီး လူ ၈ ယောက် ကနေ ခုတော့ ကား၂စီး လူ ၅ယောက်သာ ကျန်ပါတော့တယ်။ ဒီမှာက မြန်မာတွေ ရှိပေမဲ့ အတော်များများဟာ အော်ဇီန်ိူင်ငံသားဘ၀ရောက်သွားကြပြီမှို့ မဲပေးဖို့ အခွင့်အရေးရှိသူ နည်းရတဲ့ ကြားထဲမှာ မဲစာရင်းမပါသူတွေကလဲရှိနေသေးတော့ မဲတကယ်လာပေးတဲ့့ဦးရေဟာ တော်တော်ကို နည်းသွားပါတော့တယ်။
ဒါနဲ့ ကား၂စီး မနက် ၆နာရီ ၄၅ လောက်မှာ ဆက်ထွက်လာကြပြီး လမ်းမှာ ဦးခြိမ့်က မဲလ်ဘန်းက လာမဲ့ သူ့သူငယ်ချင်းမိသားစုကို ဖုန်းဆက် အကျိုးအကြောင်းမေး၊ ဟိုမှာဆုံဖို့ ချိန်းကြပါတယ်။ အဲဒီသူငယ်ချင်းက သူ့သမီးကျောင်းနှုတ်ဆက်ပွဲ ည ၁၂ နာရီမှ ပြီးတာကို မနက် ၃နာရီခွဲ ထ ကားမောင်းထွက်ခဲ့သူပါ။ ကီလို ၇၀၀ ခရီးကို ၈နာရီ လောက် မောင်းရမှာမှို့ ဦးခြ်ိမ့်က စိတ်ပူပြီး သူ့သူငယ်ချင်း အိပ်ငိုက်မှာစိုးလို့ alert ဖြစ်အောင် တစ်လမ်းလုံး ဖုံးခဏခဏ ဆက်နေပါတော့တယ်။ လမ်းရောက်မှ နောက်ကျန်ခဲ့တဲ့ ကားကလည်း သူ့အလိုလို စက်က ပြန်ကောင်းလာပြီး နောက်က လိုက်ခဲ့တယ်လို့ သတင်းပို့ပါတယ်။ ဒီလိုပဲ လမ်းမှာ မထင်မှတ်တဲ့ အနှောက်အယှက်ကလေးတွေက ဝင်တတ်လို့့သူငယ်ချင်းကို အေးဆေး သာ မောင်းပြီး လိုက်ခဲ့ပါလို့သာ ပြောလိုက်ပါတော့တယ်။


လမ်းမှာ နောက်ထပ် မက်ဒေါ်နယ် ဆိုင်မှာ ဝင်နားဖို့ ပြောထားကြပေမဲ့ ဟိုရောက်ပြီး မဲပေးဖို့သာ စိတ်ထက်သန်နေကြတော့ ကားနှစ်စီးဟာ ၁၁၀ မောင်းရတဲ့လမ်းကို ၃နာရီခရီးဆက်တိုက် တစ်စက်ကလေးမှ မနားတော့ပဲ ကမ်ဘာရာမြို့ကို စ ဝင်လာပါတော့တယ်။ ကမ်ဘာရာလမ်းဟာ လမ်းဖြောင့်ဖြစ်ပြီး အင်မတန်မှ မောင်းရလွယ်ပါတယ်။ လမ်းက ဖြောင့်လွန်းတော့ ဦးခြ်ိမ့်က Cruse နဲ့ လီဗာနင်းစရာမလိုပဲ တစ်လမ်းလုံးမောင်းလာတော့ သက်သာတယ်ပြောပါတယ်။ ဒါပေမဲ့ အိပ်ငိုက်မှာ ကြောက်လို့ ပြိုင်ပွဲဝင်ကစားသမားတွေလို ရေတိုက်လိုက်၊ ကျွဲရိုင်းတိုက်နဲ့ တစ်လမ်းလုံး စကားတွေ အမျှင်မပျက်အောင်လဲ ပြောရပါသေးတယ်။
ဒါတောင် တီတီဆွိဟာ လမ်းမှာ ဓာတ်ပုံတွေ ရိုက် Face Book ကိုလဲ status တွေ တင်ပြီး chat box ကနေလည်း သူငယ်ချင်းတွေနဲ့ chatting လဲ လုပေ်နသေးတယ်။ အဲဒီမှာ ညီမတစ်ယောက်ဆီကနေ မနက် ၄နာရီကလာတာ သူ့ရှေ့မှာ ၂ကီလို တန်းရှိတယ်ဆိုလား ပို့လာတော့ ဟင် တို့အော်စီလဲ စင်ကာပူလိုပဲ အစောကြီး တန်းတဲ့့သူတွေ ရှ်ိပါလား၊ တို့ရောက်ရင်တော့ ကားရပ်ဖို့တောင် နေရာရှိပါ့မလား စိတ်ပူနေရတယ်။ နောက်မှ သူက စင်္ကာပူက အကြောင်းပြောတာဖြစ်မှပါဆို သို့လောသို့လောနဲ့ပဲ ခရီးဆက်ခဲ့ကြပါတော့တယ်။


ဒီလိုနဲ့ ကားလေး၂စင်းဟာ မြန်မာသံရုံးရှိရာ ကမ်ဘာရာမြို့့ကို စ ဝင်လာပါတယ်။ ၂ ကီလိုမီတာလောက်မောင်းပြီး သံရုံးရှေ့ရောက်တော့ လူသူလဲ မတွေ့၊ ကားပတ်ကင်မှာလဲ အချောင်ကြီး ဖြစ်နေတာနဲ့ ဝမ်းသာအားရ ကားတွေ ပတ်ထားခဲ့ပြီး ရှေ့တင် သံရုံးကို လှမ်းမြင်နေရပါပြီ။ သံရုံး အထဲမှာ လူလေး တွေ ရုတ်စီရုတ်စီ မြင်နေရပါတယ်။ သံရုံးထဲက ထွက်လာတဲ့ အမျိုးသမီး ၃-၄ ယောက်က "သူတို့ အဆင်ပြေအောင် တော်တော် လုပ်ပေးထားတာပဲ မဆိုးပါဘူး" ဆို နားစွန်နားဖျား ကြားလိုက်ရပါသေးတယ်။ စိတ်ထဲမှာ ထင်ထားသလို လူတန်းရှည်ကြီးလဲ မရှိ၊ သံရုံးထိပ်မှာတော့ ဓာတ်ပုံမရိုက်ရဆိုတဲ့ စာရွက်လေး ကပ်ထားလို့ ဓာတ်ပုံရိုက်ပြီး တင်ချင်တဲ့သူက ရွံ့တွန့်တွန့် ဖြစ်သွားပါတယ်။


သံရုံးအဆောက်အဦထဲ ဝင်မယ်လုပ်တော့ အထဲမှာတော့ လူတွေက အပြည့်ဖြစ်နေပါပြီ။ ဒါပေမဲ့ တန်းစီထားတာမဟုတ်ပဲ အခန်းကျဉ်းလေးထဲမှာ လူ ၂၀- အစိတ်လောက် တော်တော်လေးကို ဖရိုဖရဲ နေရာယူထားကြသလို ဖြစ်နေတော့ ကိုယ်တွေက ရုတ်တရက် ဟင် ဘာလို့ တန်းမစီကြတာလဲ ဆို မေးလိုက်တော့ သူတို့က မြို့နာမည် ခေါ်တာကို သွားရတာပါလို့ ပြောပါတယ်။
နောက်မှ သိရတာက ထိုအဖွဲ့ဟာ ည ၁၂ နာရီထဲကနေ ဘတ်စ်ကား စင်းလုံးငှါးပြီးလာတဲ့ မဲလ်ဘန်းက၂၄ ယောက် အဖွဲ့ဖြစ်နေပါတယ်။ မဲဘန်းက ကိုယ်စားလှယ်ကြီးများ ပေါ့ ခင်ဗျာ ။ လူငယ်တွေများပြီး တစ်ယောက်နဲ့ တစ်ယောက် စ ကြ နောက်ကြနဲ့ ပျော်စရာကြီးပါ။ သူတို့ထဲက ညီမလေးတွေက အန်တီဆွိဆို မိတ်ဆက်လာလို့ သူုတို့နဲ့လဲ ခင်မင်ခွင့်ရခဲ့ပါတယ်။ သူတို့တွေ ပြောဆိုနေတုံး ကိုယ်တွေက ဝင်တန်းစီလိုက်တော့ သံရုံးက အဲဒီကျမှ တန်းစီ စနစ်ကို စတင်ပါတယ်။ အဲဒီတော့ တီတီဆွိတို့ ဆစ်ဒနီက ၅ယောက်အဖွဲ့က နောက်မှ လာပြီး တန်းထဲ ရှေ့ဆုံးကရောက်သွားပါတော့တယ်။ မဲလ်ဘန်းက အဖွဲ့ကို အရင်ဝင်ပါဆိုတော့ သူတို့့က ကီလို ၇၀၀ ည၁၂ ထဲက မောင်းလာရတဲ့သူတွေဆိုတော့ ဆစ်ဒနီက ကိုယ်စားလှ.ယ်ကြီးများကို ဦးစားပေးတယ်လို့ နောက်ပါတယ်။


ပထမတန်းစီတဲ့လူကို ခေါ်နေရင်းနဲ့မှ သံရုံးမှ မမ တစ်ယောက်ကနေ အဲဒီလူနဲ့ မြို့နယ်တူသူကိုလည်း အပြင်ထွက်ပြီး တစ်ခါထဲ ခေါ်ပါတယ်။ မဲစာရွက်အထုတ်တွေ တစ်ခါထဲ ဖောက်ပြီးသားဆိုတော့ လွယ်အောင်ထင်ပါတယ်။ ဥပမာ ကျောက်တံတား ရှိလားဆို အကုန်လုံး ကျောက်တံတားဆို ဝိုင်းကူအော်ပေးကြနဲ့ ပျော်စရာကြီးပေါ့ခင်ဗျာ။
ဒီအချိန်မှာပဲ မဲပေးပြီး ပြန်ထွက်လာတဲ့ အထဲက အရပ်ရှည်ရှည်နဲ့ အသက် ၃၀လောက် ကောင်လေးတစ်ယောက်က သူ ၂မဲ ပဲ ထည့်ခဲ့ရတယ်.။ သူ့မြို့နယ်က တိုင်းဒေသကြီး မပါလို့ဆို တစ်ယောက်ကနေ သူ့ ဖုံးနဲ့ စစ်ပေးတော့ ၃မဲ ဖြစ်ရမှာသေချာနေပါတယ်။ ပထမတော့ သူလဲ မသေချာတော့ မပြောရဲလို့ ပြန်ထွက်လာခဲ့တာ။ ခု သေချာတော့ သံရုံးက အစ်မတစ်ယောက်ကို ခေါ်ပြီး မဲ ၃မဲမှာ ၂မဲပဲ ပေးခဲ့ရလို့ နောက်တစ်မဲ ပေးခွင့်ရအောင် စီစဉ်ပေးပါဆိုတော့ အဲဒီမမကပဲ တောင်းတောင်းပန်ပန်နဲ့ သူတို့လဲ ဟိုက ပို့ပေးလာတဲ့ အတိုင်းပဲ ဆောင်ရွက်ရတဲ့ အတွက် ဘာမှ မတတ်နိူင်ကြောင်းပြောလို့ ၁၀ မိနစ်လောက် အခြေတင် ပြောဆိုနေကြပါတယ်။
အဲဒီအချိန်မှာပဲ ဦးခြိမ့်ဝင်ပြီးသွားလို့ အန်တီဆွိ ပေးရမဲ့ အလှည့်ရောက်ပါတော့တယ်ခင်ဗျာ။
(စာရှည်သွားလို့ မနက်ဖြန်မှ ဆက်ရေးပါတော့မည်။ မှတ်တမ်းအနေနဲ့ ရေးတာမှို့ ခွင့်လွှတ်ကြပါကုန်)

Wednesday, July 29, 2015

ဝက်သား ကောက်ညှင်းပေါင်း



ပြီးခဲ့တဲ့ Sunday က အန်တီဆွိတို့ အိမ်မှာ မနက်စာ ဝက်သား ကောက်ညှင်းပေါင်း လုပ်စားပါတယ်။ စင်္ကာပူမှာတုံးကတော့ ဆိုင်မှာ အဲဒါလေးပေးပါဆို လက်ညှိုးလေးထိုး ဝယ်စားရုံပါပဲ။ ဒီရောက်တော့ စားချင်းလွန်းတော့ ကိုယ့်အားကိုယ်ကိုးမှပဲ စားရတော့တယ်။

ကောက်ညှင်းထုတ် ၅ ထုတ်စာလောက်အတွက် လိုတဲ့ ပစ္စည်းများ

ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ဗူး
ဝက်သား အဆီအသား 300 gram
Dried shiitake mushroom - မှို ခြောက် ၃ -၄ ပွင့် (ရေစိမ်ပြီး ပျော့လာရင် ပါးပါးလေးတွေ လှီးထားပါ)
Lap Xoung- တရုတ် ဝက်အူချောင်း ၃ ချောင်း (ပါးပါးလေးတွေ အစောင်းလိုက် လှီးထားပါ)
Five spices powder - တရုတ်မဆလာ
တရုတ် ဟင်းချက်ဝိုင်
ပဲငံပြာရည် အကြည်ရည် ( Lee Kum Kee - Premium Soy Sauce)
ပဲငံပြာရည် အနောက်ရည် (ABC - Sweet Soy Sauce)
ငရုပ်ကောင်းမှုန့် white papper

ကြက်သွန်ဖြူ  ၈ မွှာခန့်  (နုတ်နုတ်စင်းထားပြီး တစ်ဝက်ကို နှမ်းဆီ စားပွဲဇွန်း ၂ဇွန်း၊ ပဲဆီ စားပွဲဇွန်း ၃ဇွန်းနဲ့ မိုက်ခရိုဝေ့ထဲ 80 sec လောက် ထည့်ပြီး ဆီချက်ထားပါ)
ပြောင်းမှုန့် (corn stretch) လဖက်ရည်ဇွန်း ၂ ဇွန်းခန့် ( ရေနဲ့ ဖျော်ထားပါ)
ပဲငံပြာရည် အကြည်ရည်၊ သူလဲ သုံးဖူးသမျှထဲမှာ အကောင်းဆုံးပါ။
ပဲငံပြာရည် အနောက်ရည် အချိုပါပါတယ်။ ရိုးရိုး ပဲငံပြည်ရည်ပဲ သုံးမယ်ဆို သကြားထည့်ချက်မှ ချိုတဲ့ အရသာ ရပါမယ်။

တရုတ်မဆလာ - သုံးဖူးသမျှထဲမှာ အကောင်းဆုံး brand ပါ)

တရုတ်ဝက်အူချောင်း


Dried shiitake mushroom - မှို ခြောက်




ပထမဆုံး ကောက်ညှင်းနဲ့ မှိုတွေကို ညကတည်းက ရေစိမ်ထားပါ။

မနက် လင်းတော့ ကောက်ညှင်းကို ရေစစ်၊ ရေတစ်ထပ်ဆေးပြီး  ဇလုံထဲမှာ ထည့်၊ အပေါ်က ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည် အကြည်ရည် ၂ဇွန်း၊ အနောက်ရည် နှစ်ဇွန်း၊ ဆား  ဇွန်းတစ်ဝက်၊ တရုတ် မဆလာ ဇွန်းဝက်၊ ငရုပ်ကောင်းမှုန့် ဇွန်းဖျားခန့် ထည့်ပြီးနယ်ပါ။ ပြီးရင် ပေါင်းအိုးထဲကို နာရီဝက်ထည့်ပေါင်းပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း) (အိမ်မှာတော့ ထမင်းပေါင်းအိုးနဲ့ ပေါင်းပါတယ်။ သူနဲ့ အတူပါလာတဲ့ ဇကာလေးနဲ့ ထည့်ပေါင်းပါတယ်။ လေလုံတော့ အတော်ကို ပေါင်းလို့ အဆင်ပြေပါတယ်)

ကောက်ညှင်းပေါင်းနေတုံး ဝက်သားလေးတွေကို ပါးပါးလှီးပြီး တရုတ်ဟင်းချက်ဝိုင်  တစ်ဇွန်း၊ ပဲငံပြာရည် အကြည်အနောက် ၂ ဇွန်းစီခန့်၊ ဟင်းခပ်မှုန့်၊ တရုတ်မဆလာ ဇွန်း တစ်ဝက်ခန့် ထည့်ပြီး နယ်ထားပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း)

ပြီးရင် ဒန်အိုး တစ်လုံးထဲကို ဝက်အူချောင်းတွေ ၂ မိနစ်ခန့် ထည့် လှော်ပြီး ပန်ကန်နဲ့ ကော်ထားပါ။ သူက ဆီပါပြီးသားဆိုတော့ ဆီ မထည့်ရပါ။


 နောက် ဝက်သားနဲ့ မှိုကို အချိုချက်ပါမယ်။
ဒယ်အိုးထဲကို ဆီ ၂ ဇွန်းခန့်ထည့် ကြက်သွန်ဖြူဆီသတ်ပါ။ ကြက်သွန်ဖြူ  ရွှေဝါရောင်လေးသန်းလာရင် စောနက နယ်ထားတဲ့ ဝက်သားတွေနဲ့ ပါးပါးလှီးထားတဲ့ မှိုတွေကို  ထည့် ဆီသတ်ပါ။ မွှေးလာရင် ပဲငံပြာရည် အနောက်ရည် တစ်ဇွန်းခွဲခန့် ထည့်မွှေပါ။
မှိုတွေရော ဝက်သားတွေရော ၅မိနစ်ခန့် ကျက်အောင် တည်ပြီးရင် ပြောင်းမှုန့်ကို ရေဖျော်ပြီး အနှစ်လေးနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ၅ မိနစ်လောက် ထပ်တည်ထားပါ။ မကပ်အောင် ရေကို လိုလျှင် ထပ်ထည့်ပါ။



 ကောက်ညှင်းပေါင်းထားတာ ကျက်ပြီး၊ ingredientတွေ အားလုံးပြင်ဆင်ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ပန်းကန်လုံးလေးတွေ အောက်ခြေမှာ ဝက်အူချောင်းရယ် ဝက်သားနဲ့မှို အနှစ် ချက်ထားတာရယ်ကို စီပြီး ခင်းလိုက်ပါ။

 အပေါ်ကနေ ကောက်ညှင်း ပေါင်းထားတာကို ပန်းကန်းလုံး ပြည့်အောင် ထည့်လိုက်ပါ။  အဲဒါမျိုးလေးတွေ ၅လုံးခန့်လောက် ရပါမယ်။ကောက်ညှင်းထုတ်ဖို့ ဝါးရွက်မရှိတော့ အဲလို ပန်းကန်လုံးလေးတွေနဲ့ လုပ်တဲ့ သဘောပါပဲ။
 ကောက်ညှင်းကို ပြန်ပေါင်းဖို့  sauce အတွက် ပဲငံပြာရည် အကြည်အနောက် ၂ဇွန်းစီ၊ ရေ ၂ ဇွန်း ခန့်ရောပြီး အပေါ်ကနေ ဇွန်းလေးနဲ့ တစ်ဇွန်းခန့်စီခန့် နှံ့ အောင် လောင်းချပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း)


  ပြီးရင် ပန်းကန်လုံးလေးတွေကို ပေါင်းအိုးထဲမှာ စီပြီး ၁၀ မိနစ်ခန့်ပြန်ပေါင်းရင် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဝက်သား ကောက်ညှင်းပေါင်း ရပါပြီ။

ပွဲ ပြင်ဖို့ အတွက်ကတော့ ပေါင်းထားတဲ့ ပန်းကန်လုံးလေးတွေကို ဒါးလေးနဲ့ ပတ်ပတ်လည် ကော်ပြီး စားမည့် ပန်းကန်ပြားထဲ မှောက်ချလိုက်ရင် အပေါ်က Ingredient လေးတွေနဲ့ စားချင်စဖွယ် မွှေးကြိုင်နေတဲ့ ဝက်သားကောက်ညှင်းပေါင်းကို စားနိုင်ပါပြီရှင်။





အန်တီဆွိ သုံးတဲ့ ပစ္စည်းလေးတွေကို တမင် ဓာတ်ပုံရိုက်ပြီး ပြထားပါတယ်။ တခြား ပစ္စည်းတွေ သုံးရင်တော့ ဒီလောက် အရသာ ကောင်းပါ့မလားလို့ ထင်မိလို့ ဖော်ပြပေးလိုက်တာပါ။




Wednesday, July 22, 2015

Hokkien Prawn Mee



Hokkien Prawn Mee ကို အိမ်မှာကြော်စားတာ ခဏခဏ ရှိနေလို့ ချက်နည်းက အလွတ်ရနေပါပြီ။ ဒါပေမဲ့ ချက်နည်းကိုတော့ တစ် ခါမှ မရေးဖူး၊ မရှယ်ဖူးသေးပါဘူး။ ဘာလို့လဲဆိုတော့ အန်တီဆွိ ရေးတာတွေဟာ မြန်မာလူမျိုး အများစု အတွက်ပဲ ရည်ရွယ်တာဆိုတော့ local က မြန်မာတွေက ဒီတရုတ်စာကို ကြားတောင် မကြားဖူးပါဘူး၊  စင်္ကာပူမှာ နေဖူးတဲ့ ဗမာတွေသာ ကောင်းကောင်းသိကြ စားဖူးကြမှာမှို့ လူကြိုက်နည်းတဲ့ အစာဆိုပြီး မရေးဖြစ်တာပါ။ ဒါပေမဲ့ အဲဒါလေး ဒီနေ့ချက်ပြီး ပုံလေး Face book မှာ တင်လိုက်တော့ တောင်းဆိုသူတွေ ရှိနေလို့ ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။

Hokkien Prawn Mee ကို ပထမဆုံး စ စားဖူးတော့ အနံ့သင်းသင်းလေးနဲ့ အနှစ်ကလေးကလဲ အဖြူရောင် ပျစ်ပျစ်လေးဆိုတော့ အုန်းနို့နဲ့ ချက်ထားတာလို့ ထင်လိုက်တာ။ တကယ်တော့ ပုဇွန်က အချိုရည် (prawn broth) နဲ့ နန်းလတ် ခေါက်ဆွဲဖတ်က ထွက်တဲ့ အဖြူုရောင်အရည်နဲ့ ရောသွားတော့ အုန့်နိူ့လို ခပ်ပျစ်ပျစ်လေးဖြစ်သွားတာပါ။ အဓိက အချိုရည်က ပုဇွန် ခွံတွေ၊ ခေါင်းတွေက ပြုတ်ပြီးရတဲ့ အရည်ကနေ ယူတာဆိုတာ နောက်မှ သိရပါတယ်။

လူ ၃-၄  ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ

ပုဇွန် အကောင်ကြီးကြီး ၁၀ ကောင်ခန့် (သို့) 400 gram (Tiger prawn ဆို ပိုကောင်းပါတယ် )
ဝက်သား သုံးထပ်သား 300 gm (အတုံး ကြီးကြီး ၃တုံးခန့် တုံးပြီး ဆားနဲ့နယ်ထားပါ)
ဝက်ဆီဖတ် 200  gm, အတုံးသေးသေးလေးတွေတုံးပြီး ကြွပ်နေအောင် ကြော်ထားပါ။ ဆီကိုလည်း ကြော်ရအောင် သိမ်းထားပါ
Squid 250 gm, သန့်စင်ပြီး အကွင်းလိုက်လေးတွေ လှီးထားပါ။
 Fish cake အပြား ၃ခုခန့်  - ပါးပါးလေးတွေ လှီးထားပါ။
ပဲပင်ပေါက် အထုတ် တစ်ဝက်ခန့်
Chives တစ်စည်း ၂လက်မခန့် ရှည်ရှည်လေးတွေ ဖြတ်ထားပါ။
သံပယိုသီး (သို့) သံပုရာသီး တစ်ခြမ်း ၄စိတ်စိတ်ထားပါ။ 

(သံပုရာသီးအစား Calamansi သီးလေးတွေရရင် ပိုကောင်းပါတယ်။)

Hokkien mee ( ဂျုံခေါက်ဆွဲ အဝါ) 500 gm
နန်းလတ် ( ဆန်ခေါက်ဆွဲ) 300 gm
ကြက်ဥ ၃ လုံး
ကြက်သွန်ဖြူ  ၅ မွှာခန့် နှုတ်နှုတ် စင်းထားပါ။
ငါးငံပြာရည် သင့်သလို
ကြက်သားမှုန့်
Singlong တံဆိပ် Sambal Chilli Prawn  မလေးရှား ငပိ အစပ်ကြော်

ပထမဆုံး ပုဇွန်တွေကို အမြီးပိုင်းထိပ် အခွံလေးပဲ ကျန်အောင် အခွံခွာသန့်စင်ပြီး ခေါင်းတွေရော အခွံတွေရော ရောပြီး အိုးတစ်လုံးထဲ ရေထည့် ရေမြုတ်အောင်ပြုတ်ပါ။ ဟင်းချိုရည် 300 ml ခန့်ရအောင် မိနစ် ၂၀ ခန့် ပြုတ်ပါ။ ဝက်သားတုံးတွေကိုလည်း ထည့်ပြုတ်ပါ၊  ပြီးရင် အရည်ကို စစ်ပြီး ခွက်တစ်ခုနဲ့ ဖယ်ထားပါ။ ဝက်သားပြုတ်တွေကို ပါးပါးလှီးထားပါ။
လှ

  အပေါ်ကပြောတဲ့ အတိုင်း Ingredient တွေအားလုံး အဆင်သင့်ဖြစ်ရင် စ ကြော်ပါတော့မယ်။

တရုတ်ဆိုင်က ဆီ၀နေတဲ့ ဒယ်အိုး သို့ non sticker ဒယ်အိုး ခပ်ကြီးကြီး ထဲကို စောနက ဝက်ဆီဖတ်ကြော်ထားတဲ့ ဆီ Table spoon ၅ ဇွန်းခန့် ကိုထည့် ပထမဆုံး ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာ ကြော်လိုက်ပါ။ မီးကို အပြင်းဆုံးမှာ ထားပါ။
မွှေးလာရင် ပုဇွန်နဲ့ squid ထည့်ကြော်ပါ။
အားလုံး မွှေးလာရင် ကြော်ထားတာတွေ ဘေးပတ်ပတ်လည်ကို  အသာပို့ပြီး အလယ်ခေါင် ဆီစုနေတဲ့နေရာမှာ  ကြက်ဥ ၃လုံးဖောက်ိထည့်ပြီး ကြော်ပါ။ ကြက်ဥတွေ အနည်းငယ်ကြေသွားအောင် မွှေပေးပါ။
ကြက်ဥကြော်တာ ကျက်ရင် ဘေးက အသားတွေနဲ့ ရောမွှေလို့ရပါပြီ။
ခဏ မွှေပြီးရင် ဝက်သားပြုတ်ထားတာနဲ့ fish cake လှီးထားတာတွေကို ထည့်ကြော်ပါ။ ပြီးရင် ပဲပင်ပေါက်၊ ခေါက်ဆွဲ အဝါ၊ အဖြူ အားလုံးထည့်ကြော်ပါ။
ငါး ငံပြာရည်၊ ကြက်သားမှုန့် သင့်သလို ထည့်ပါ။
အောက်က နဲနဲ ကပ်လာပြီဆို ပုဇွန်ပြုတ်ရည် ၃- ၄ဇွန်းလောက် ထည့်ပြီး အသာလေး မွှေပေးပါ။
အဲလိုပဲ ပုဇွန်ပြုတ်ရည်နဲနဲချင်းထည့်ကာ ခေါက်ဆွဲတွေ ပျော့လာ အိလာရင် ဝက်ဆီဖတ်ကြော်ထည့်၊ Chives လေးတွေထည့်ကြော် အရည် ရွှဲရွှဲလေးနဲ့ အပေါ့ အငံမြည်းကာ ချလို့ရပါပြီ။

ပွဲပြင်ဖို့ကတော့ ပန်းကန်ပြားထဲ ကို ပူပူနွေးနွေး ခေါက်ဆွဲကြော်ကို ထည့် ဘေးက သံပုရာသီး တစ်စိတ်နဲ့ ငပိအကြေ အစပ်ကြော် လေး ဘေးက ပုံလိုက်ရင် စားလို့ရပါပြီ။ အလွန် အနံ့ အရသာနှင့် ပြည့်စုံသော Hokkien Prawn Mee ဖြစ်ပါတယ်။ အာဂ ပါးစပ် လူဖြစ်ကျိုး နပ်လောက်ရဲ့ ဆိုတာ တကယ်ပါပဲ။

Friday, May 8, 2015

ကြက်ဥ ပူတင်း

အန်တီဆွိ ကြက်ဥပူတင်း လုပ်စားပေါင်း များလှပါပြီ။ တစ်ခါမှ recipe ကို မှတ်ထားတယ် မရှိလို့ လုပ်ခါနီးမှ ကမန်းကတမ်း ဂူဂဲမှာရှာ၊ အချိုးအစားပြန်ကြည့်ရတယ်။ ဒီတစ်ခါတော့ ဘယ်ရမလဲ။ မှတ်နေကျ ဘလော့ဂ် စာမျက်နှာလေးမှာ လာမှတ်ထားလ်ိုက်ပါပြီ။ အန်တီဆွိရဲ့ ပိတ်သတ်တွေလဲ အချိုပွဲလေး စားချင်ရင် လုပ်စားလို့ရတာပေါ့။ လုပ်ရတာ လွယ်ကူပြီး စားလို့လဲ သိပ်ကို အရသာရှိတဲ့ ကြက်ဥ ပူတင်းလေးပါ။

ကြက်ဥ ပူတင်း ၆ခုစာ အတွက် လိုတဲ့ ingredient တွေကတော့ ....

ကြက်ဥ ၅လုံး
နွားနို့ ၅၅၀ ml
သကြား ၈၀ ဂရမ်
Vanilla Essence 2 tea spoon
Bread Crumb ပေါင်မုန့် ၂ချပ်စာခန့် ( ပေါင်မုန့် ၂ချပ် ကို bread crumb  လို ဖြစ်အောင် blender နဲ့ မွှေလိုက်ရင်လဲ ရပါတယ်။)
ဆား 1/4 tea spoon
----------------------------------------------------------------
သကြား 8 table spoon (for caramel)

ပထမဆုံး oven ကို 200 deg C အပေါ်မီး၊ အောက်မီးနဲ့ pre-heat လုပ်ထားပါ။

အပေါ်က ingredient ၆ မျိုးကို mixing bowl ထဲကို ထည့်ပြီး မွှေစက် (mixer) ထဲကို အားလုံးသမသွားအောင် ၂ မိနစ်ခန့် မွှေပေးပါ။
Caramel အတွက် သကြား ၈ ဇွန်းကို ရေ ၃ ဇွန်းခန့်ထည့်ပြီး ညောင်စေးကျပြီး ရွှေဝါရောင်လေး ရသည်အထိ ကျိုလိုက်ပါ။ မီးအနေတော် medium နဲ့ ကျိုပါ။ ကျိုပြီးပြီးချင်း caramel အရည်ပျစ်ပျစ်လေးကို ပူတင်းမုန့်လေးတွေ ဖုတ်မဲ့ ပန်းကန်လုံးလေးတွေထဲကို စားပွဲဇွန်း တစ်ဇွန်းခန့်စီထည့်ပါ။ ပန်းကန်လုံး အောက်ခြေ မျက်နှာပြင်မှာ ညီသွားအောင် ပန်းကန်လုံးကို လက်ကလေးနဲ့ လှည့်ပေးပါ။ Caramel တွေက ချက်ချင်းခဲသွားတတ်လို့ အမြန်လုပ်ရပါမယ်။

ပန်းကန် ၆လုံး စလုံး အောက်ခြေမှာ caramel လေးတွေခဲသွားမှ အပေါ်ကနေ စောနက မွှေထားတဲ့ မုန့်နှစ်ရည် လောင်းထည့်ပါ။ ပန်းကန်လုံးရဲ့ လေးပုံ သုံးပုံခန့် ပြည့်အောင် မုန့်နှစ်ရည်တွေ လောင်းထည့်ရပါမယ်။ ကြက်ဥပူတင်းက ဖုတ်လိုက်ရင် ပွပြီး အပေါ်တက်လာလို့ နေရာ ချန်ထားရပါတယ်။ ပန်းကန်လုံး ၆လုံး စလုံး မုန့်နှစ်ဖြည့်ပြီးရင် မုန့်ဖုတ်တဲ့ သံလင်ပန်း ဇောက်နက်နက်ထဲကို ရေ တစ်စင်တီမီတာ အနက်ခန့် ထည့်၊ မုန့်ပန်းကန် ၆လုံးကို စီထည့်င်္ပြီး oven ထဲထည့် အပူပေးရပါမယ်။ မိနစ် ၄၀လောက်ဆိုရင် ပူတင်းကျက်ပါပြီ။ ပူတင်းကို မကြာခဏ စစ်ပေးပါ။ oven တစ်ခုနဲ့ တစ်ခု သိပ်မတူတတ်လို့ တူးသွားမှာ ကြောက်လို့ပါ။

ပူတင်းကို နည်းနည်း အအေးခံပြီး ခပ်နွေးနွေး အနေအထားကျရင် ပူတင်းလေးတွေကို ဓားအချွန်လေးနဲ့ အသာလှည့်ထုတ်ပြီး ပန်းကန်ပြားထဲထည့်ကာ စားနိူင်ပါပြီ။ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ စားချင်စဖွယ် ကြက်ဥ
 ပူတင်း ရပါပြီ။
ဒီလငျ့ချ လေး အတိုငျး လုပျရငျလဲ ရပါတယျ။ https://www.youtube.com/watch?v=AdhxJ9XcamM