Thursday, August 9, 2012

အတ္တသမားကျနော် ...

တို့အိမ်က ရွှေဘ ... အဲလေ ဦးမောင်ခြိမ့်က သူရေးထားတဲ့ အက်ဆေးလေး တင်ပေးပါဆိုလို့။ အားပေးကြပါဦးနော်။ သူကတော့ လေးလေးနက်နက်တွေ တွေးတတ်ရေးတတ်တယ်။ အန်တီဆွိလိုတော့ ပေါတောတော ပေါက်တက်ကရ မဟုတ်ဘူးရယ်ဂျ။  ဖတ်ကြည့်ကြပါဦးနော်။ ....
--------------------------------------------------------------------------------------------

    အတ္တဆိုတဲ့ သဘောတရားကို ဗုဒ္ဓဘာသာထဲမှာတော့ အမြဲရှိခြင်း၊ အတ္တဆိုတာမရှိဘူး အနတ္တဆိုတာ မတည်မြဲခြင်းဆိုတဲ့တရားသဘော အနတ္တသာရှိတယ်လို့ ဗုဒ္ဓဘာသာ မီးကျိုးမောင်းပျက် ကျွန်တော်ကတော့ အဲဒီလောက်သာ မှတ်သားထားခဲ့ဖူးပါသည်။ အတ္တဆိုတာကို မြန်မာ့အဘိဓါန် မှာ လိုက်ရှာတော့ ””မိမိ သို့မဟုတ် ငါ”” ဆိုပြီး ပြောထားတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောလျင်တော့ ego လို့ ပြောဆိုလျင်ရနိုင်ပါသည်။ အတ္တကြီးမားသည်လို့ ဆိုလိုက်လျင် မိမိအကျိုးအတွက်သာ ကြည့်သောသူ၊ မိမိမှလွဲ၍ သူတပါးအကျိုးကို မငှဲ့ကွက်သူလို့ ဆိုရပါလိမ့်မည်။

    ကျွန်တော်ကိုယ်တိုင်ကကော တကယ့်ကိုပင် အတ္တသမားတစ်ယောက်ပါလားဆိုလျင် ဟုတ်ပါသည်လို့ဖြေလျင်လည်း ရသလို မဟုတ်ပါလို့ ဖြေလျင်လဲ မမှားပါ။ ကိုယ်ဖာသာကိုယ် ကောင်းတဲ့ဖက်ကိုပဲ လိုက်ကြည့်ရမည်ဆိုလျင် ကျွန်တော်သိတတ်သည်ကာလမှ စတင်ပြီး ယနေ့အထိ တစ်ပါးသူအခက်အခဲဖြစ်နေပါက ကျွန်တော်တတ်နိုင်သလောက် ကိုယ်ရောစိတ်ပါ နှစ်မြုပ်၍ ကျွန်တော်လိုက်လံကူညီဖြေရှင်းပေးတတ်သည်၊ အသိပညာ အတတ်ပညာ လိုအပ်ပါကလည်း ကိုယ်သိသလောက် မချွင်းမခြံ လိုက်လံ သင်ကြားပြသပေးတတ်ပါသည်။ အဖွဲ့အစည်းများတွင်လည်း ဒါနအဖွဲ့အစည်းများတွင် အားကျိုးမာန်တက် ၀င်ရောက်ကာ တတ်အားသမျှ လှုဒါန်းပါသည်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်ရှိ အသိမိတ်ဆွေများကတော့ ကျွန်တော်ကို အများအကျိုးဆောင်တတ်သူဟု ရာခိုင်နှုန်း တော်တော်များများက သတ်မှတ်ထားလိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။

    အမှန်တကယ်တော့ ကျွန်တော်က ““ငါ”” ဆိုတဲ့ အတ္တသမားကြီးမားသူ တစ်ယောက်ပဲ ဖြစ်ပါသည်။ ကျွန်တော်မိသားစုတွင် အဖေ အမေ၊ အဖေ အမေ မရှိတော့သည့်နောက် အမကြီး၊ အမလေး၊ အကိုကြီး အကိုလေး တို့နှင့် ကျွန်တော့်၏ တူတော်မောင်များကို ကျွန်တော် တော်တော်လေးကို သံယောဇဉ်ရှိပါသည်။ ထိုကဲ့သို့ မိဘမောင်ဖွား ဆွေမျိုးများကို ထိခိုက်စော်ကားလာလျင် ကျွန်တော်အား စော်ကားပြောဆိုသကဲ့သို့ ခံစားရပါသည်။ ထို့နောက် ကျွန်တော် အိမ်ထောင်ကျလာသောအခါ ဇနီးနှင့် သမီးပါ ပါဝင်လာပြန်ပါသည်။ ထိုအခါ ကျွန်တော့်ရဲ့ ငါပိုင်ဆိုင်သော စက်ဝိုင်း အနည်းငယ်ကြီးလာပါသည်။ ထိုမိဘမောင်ဖွားဆွေမျိုး များနှင့် ကျွန်တော်မိသာစု ဇနီးနဲ့ သမီးကို ထိပါးလာလျင် ကျွန်တော့်မှာ အလွန်အင်မတန် စိတ်ထိန်းသိမ်းနိုင်စွမ်းအား နည်းပါလှပါသည်။ ငါ့သမီးလေး၊ ငါဇနီး တစ်ခုခုဖြစ်မယ်၊ ငါ့သမီးလေး တော်တယ်။ ငါ့သမီးလေး လှတယ်။ စသဖြင့် ငါတွေ တိုးလာပြန်သည်။ ထိုနောက် ကျွန်တော် ဇနီး၏ မိဘ နှစ်ပါးကိုလည်း ကျွန်တော့်၏ အ၀န်းအ၀ိုင်းထဲသို့ ထည့်လိုက်ပါသည်။ ကျွန်တော့်ယောက်ခမ ကို ကျွန်တော်က တော်တော်ကိုချစ်ပါသည်။ ကျွန်တော့်၏ အဖေနှင့် အမေကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်သောကြောင့် မိဘအစားထို မိဘသဖွယ် ရိုသေမိပါသည်။ ထိုနည်းလည်းကောင်း ကျွန်တော်ယောက်ခမကလည်း တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို ကျွန်တော့်ကို တော်တော်လေး ချစ်ပါသည်။ ထိုအတွက် ကျွန်တော် ယောက်ခမများအတွက်ဆိုလျင်လည်း ငါ့ယောက်ခမက ရိုးတာ၊ ငါယောက်ခမ ဆိုသည် ငါတွေ လှိုင်လှိုင်ပေါ ခဲ့ရပြန်သည်။

    လူပုဂ္ဂိုလ်အပေါ်မှာ မက်မောတွယ်တာစွာ နေတတ်သည့် ကျွန်တော်၏ အတ္တသည် ဒီနေရာမှ မရပ်တန့်သွားသေးပဲ မှီတွယ်ရာ၌ အတ္တကြီးမားနေတတ်ပြန်ပါသေး၏။ ကျွန်တော်၏မွေးရပ်မြေ ပျဉ်းမနားကို ကျွန်တော် အလွန်ပင်တွယ်တာသူဖြစ်နေပြန်ပါသည်။ ပျဉ်းမနားမြို့က ဘယ်လောက်များ ချစ်စရာကောင်းနေလို့ တွယ်တာနေရသလဲဆိုလျင် ဘာမှ ထူးထူးခြားခြား ပြောပြစရာမရှိပါ။ ပထ၀ီသဘောတရားအရ ပဲခူးရိုးမအစွယ်နှင့် ရှမ်းကုန်းမြေမြင့်အကြား တည်ရှိသော ကျွန်တော်တို့ မြို့ကလေးသည် မိုးလေ၀သမှန်ကန်၍ ပူချိန်တန်လျင်ပူ၊ အေးချိန်တန်လျင်အေး၊ မိုးရွာချိန်တန်လျင် သင့်တင်စွာရွာသွန်းတတ်သည် ကျွန်တော့်မြို့လေးကို ကျွန်တော် အလိုလိုနေရင်းကို ချစ်ကြိုးသွယ်မိနေပါသည်။ အစိုးရ အဆက်ဆက် မြို့ရွာများ စည်ပင်သာယာအောင်လုပ်လျင်လည်း ပျဉ်းမနားမြို့လေးက အမြဲတမ်းကွက်ကျော် ကျန်ရစ်ခဲ့ရပါသည်။ ပြီးခဲ့သော စစ်အစိုးရလက်ထက် နေပြည်တော်ဆိုသည့် မြို့တော်ကြီး တည်ထောင်သည့်အခါတွင်လည်း ကျွန်တော်တို့ မြို့ကလေးမှာ ဘေးမှ ကွင်း၍ကျန်ခဲ့ရသည်။ အလွန်အင်မတန် မျက်နှာငယ်သည် မြို့ကလေး တမြို့သာ ဖြစ်ပါသည်။ တခါတရံ အွန်လိုင်းလောကက စစ်အစိုးရကို မုန်းတီးမှုဖြင့် နေပြည်တော်ကို အပြစ်ဖို့ ပြောဆိုရင်း ကျွန်တော်တို့ ပျဉ်းမနားမြို့ကလေးကို နင်ပဲငဆ ဆဲဆိုရွတ်နေပါက ကျွန်တော်နှလုံသားတွေကို တစစစီ မွှန်းနေသယောင် ကျွန်တော်ခံစားမိပါသည်။ ထိုကဲသို့ ပြောဆိုလာသူများကို တွေ့ပါကလည်း ထိုသူများသည် ကျွန်တော့် မိတ်ဆွေဘယ်တော့မှ မဖြစ်တော့ဟု စိတ်ထဲတွင် ငါ့မြို့ ငါ့မွေးရပ် ငါ့နေရာ ဆိုသည့် အတ္တကြီး၏ အမိုက်မှောင်က ကျွန်တော့်ကို ဖုံးလွမ်းနေပါတော့သည်။

    အရွယ်လေးရလာတော့ ရန်ကုန်မြို့က စက်မှုတက္ကသိုလ်ကြီးမှာ ကျောင်းတက် ၆ နှစ်၊ ကြာမြင့်ချိန် ၁၀နှစ် နီးပါးနေခဲ့တဲ့ တက္ကသိုလ်ကြီးကို သံယောဇဉ်တွေ တွယ်ငြိလာပြန်သည်။ ဘွဲ့တွေ ဒီဂရီတွေ ရရှိပြီး အလုပ်အကိုင်ထဲ ရောက်လာပြန်တော့လည်း ကိုယ့်တက္ကသိုလ်ကြီးဆိုပြီး ရန်ကုန်မြို့သို့ရောက်တိုင်း အလွမ်းဖြေရတာ ပျက်ကွက်တဲ့ အကြိမ်ရယ်လို့ မရှိပြန်ပါ။ စက်မှုတက္ကသိုလ်က ဘွဲ့ရတယ်ဆိုရင် ကြီးသူကိုရိုသေ ငယ်သူတွေကို လေးစား၊ ငယ်ရွယ်သူတွေ အခက်အခဲတွေ့ရင် ၀ိုင်းကာ သိုင်းကာ ကူညီဖြေရှင်းပေးမိတယ်။ တခါတလေများ ကိုယ်ကျောင်းထွက်တွေ ပေါက်တတ်ကရ လုပ်ကိုင်လို့ အများက ၀ိုင်းဝန်းကဲ့ရဲ့ရင် ကိုယ့်မှာ မျက်နှာတွေပူပြီး မနေတတ် မထိုင်တတ်တဲ့အထိ ဖြစ်ခဲ့မိပြန်သည်။ ဒေါက်တာချမ်းငြိမ်း စစ်အစိုးရနှင့် ပူးပေါင်းလို့ လူအများက ၀ိုင်းဝန်းအပြစ်တင်ရင် ငါ့ကိုများ ပြောလေသလား ဖြစ်ရတတ်သည်။ ဆရာဦးညီလှငယ်ရဲ့ ပညာတော်မှု ကျော်ကြားပြန်ရင်လည်း ငါတို့ ကျောင်းက ဆိုပြီး ရင်ကြီး ကော့ကာ ကော့ကာနဲ့ ငါဆိုတဲ့ အတ္တကြီးက တွဲပါနေပြန်ပါသည်။ အော်.. အတ္တ အတ္တ တွေလား ငါဆိုတဲ့ မာန်မာနတွေလား မခွဲခြားနိုင်ပြန်ပါဘူး။

    မိဘဆွေမျိုး အရပ်ဒေသ သင်ကြားရာ နေရာတွေမှာ ““ငါ”” ဆိုတဲ့ အတ္တစွဲတွေကြီးမားနေတဲ့ ကျွန်တော်က ကိုယ်တိုင်းပြည် ကိုယ့်နိုင်ငံနှင့် ပတ်သက်လာလျင်လည်း အစွဲအလန်းကြီးမားနေဆဲပဲဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ အထင်ကရများဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိသမ္မတ ဦးသိန်းစိန်တို့ ကမ္ဘာနိုင်ငံရေးဇာတ်ခုံအလယ်မှာ တင့်တောင့်တင့်တယ် အထင်ကရ ဖြစ်လာလျင်လည်း အဲဒါ ငါတို့ မြန်မာခေါင်းဆောင်၊ ငါတို့ သမ္မတကြီးလို့ လက်မလေး တစ်ထောင်ထောင် နဲ့ ကျွန်တော်ပဲဖြစ်နေပြန်ပါသည်။ လွန်ခဲ့သော ၂-၃ နှစ်ခန့်က ကမ္ဘာပေါ်တွင် နံပါတ် ၂ အာဏာရှင်ကြီး ရှိတဲ့ နိုင်ငံသည် မြန်မာနိုင်ငံ၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံထဲက မြန်မာနိုင်ငံဆိုတော့လည်း ကျွန်တော်မျက်နှာမှာ ဇီးရွက်လောက်နှင့် ကိုယ်မျက်နှာ ကိုယ်မဖော်ရဲလောက်အောင် ဖြစ်ရပြန်သည်။

    တကယ်တမ်း ပြန်တွေးကြီးတော့ ကျွန်တော့်ဆိုသည် သတ္တ၀ါသည် အတ္တတရားများနှင့် ပြည့်နှက်နေသော လူပုဂ္ဂိုလ်လေး တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်က နားထောင်ဖူးသည် ပလေးဘွိုင်သန်းနိုင်ရဲ့ အတ္တသမား ကျနော်ကို တိုးတိုးလေး ရွတ်ဆိုမိပါသည်။

    ““ ငါဆိုတဲ့ အတ္တအစွဲတွေ မကင်းခင် ငါကိုယ်တိုင် အမှားလုပ်မိမှာပဲ....xxxxxxxx မာန်မာနတက်တယ်၊ ထင်တာလေး လုပ်မယ်၊ မှန်တယ်လို့ ထင်သော်လည်းကွယ် ၀န်ခံဖို့ခက်တယ်... လူသားမှာ အမှားဝက္ကန္တနဲ့ အစဉ်ရှုပ်ထွေး အမှားများသမို့ ကျွန်တော်ဟာ အတ္တစိတ်လွန်ကဲလို့.... xxxxx  ဟေး ဗုဒ္ဓဘုရားဟောလေသည်မှာ မွန်မြတ်စိတ်ထားကြ၊ ကူညီခြင်း အလှ လူလူချင်း သွေးဆက်ပါ ””

    သေချာတာကတော့ ဒီဘ၀မှာ ကျွန်တော်ဟာ ကျွတ်တန်းဝင်ပြီး နိဗ္ဗာန်ကို မရောက်နိုင်သေးဘူးဆိုတာ သိနေတော့ အတ္တဆိုတာလေးကတော့ ဆက်လက်ပြီး ရှိနေအုန်းမှာပါပဲ။ သို့သော်လည်း အမျိုးကိုချစ်တဲ့ အတ္တတရားလေးပဲ ရှိပြီး လူလူချင်းလှည့်ပတ်ချင်း ကိုယ်ကျိုးကြည့်ချင်းကို နည်းပါးအောင်နေထိုင်ကြပြီး စိတ်ထား မွန်မွန်မြတ်မြတ်လေး နဲ့ အများအကျိုးလေးကို ထမ်းရွက်ဆောင်တယ်ဆိုရင်ကော ကျွန်တော်ဟာ အတ္တသမား ကျနော်လို့ ခေါ်ပါ့အုံးမလားလို့ မသိဆိုးဝါးစွာ ပြန်ပြီး မေးခွန်ထုတ်မိနေပြန်ပါတော့သည်။

    မောင်ခြိမ့်

Friday, August 3, 2012

GPS နဲ့ တို့အိမ်က ရွှေဘ

ရွှေဘအစစ်ပုံ (မမြင်ဖူးမှာစိုးလို့း)

အန်တီဆွိက တစ်ခါတစ်ခါ စဉ်းစားတယ်။ အော် ငါတို့တွေ ခုခေတ်မှာ လူဖြစ်ရတာ တော်တော်ကံကောင်းပါလားလို့။  ကိုယ် ကားမောင်းတဲ့အချိန်လဲရောက်ရော GPS တွေ ပေါ်လာတယ်။ လမ်းတွေ နေရာတွေ အမှတ်အသားအလွန်နည်းပြီး အင်မတန် မျက်စေ့လည်တတ်တဲ့သူက စင်္ကာပူလို၊ ဆစ်ဒ်နီလို မြို့ကြီးတွေမှာ GPS မပါပဲ ကားမောင်းဖို့ဆိုတာ တွေးတောင် မတွေးရဲဖူးကိုး။  အဲဒါတွေးမိရင် ဟိုးအရင်ကလူတွေ ဒီလောက် ကားလမ်းတွေ ရှုပ်ယှက်ခက်နေတာ ကိုယ်သွားချင်တဲ့နေရာ ဒီတိုင်းကြီး ဘယ်လိုများ ရှာသွားကြသလဲဆို စဉ်းစားရတာ ဥာဏ်တောင် မမှီဘူးရယ်။

အိမ်က GPS ကလေးကို အန်တီဆွိ ကားလိုင်စင်ရတဲ့ နေ့ကပဲ ၀ယ်ထားတာ။ ကားစမောင်းကတည်းက GPS လေးသုံးပြီး မောင်းနေကျဆိုတော့ အဲဒါမပါရင်ပဲ ကိုယ့်မှာ တစ်ခုခု လိုနေသလိုလို။ အဟက် ... အဲဒါလေးနဲ့ မောင်းတော့ သူပြောတဲ့အတိုင်း ဘယ်ကွေ့၊ ညာကွေ့၊ U- turn ၊ round about  နဲ့ နောက်ဆုံး Reach your destination ဆို ရောက်ကရောပဲ။ လမ်းမှားသွားလဲ  သူက ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး  ကိုယ်သွားချင်တဲ့နေရာ ရောက်အောင်တော့ ညွန်ပေးတာပဲ။ သုံးခဲ့တဲ့ ၃နှစ်အတွင်း တော်တော်များများတော့ reliable ဖြစ်တယ်ထင်တာပဲ။ 
  
reliable ဖြစ်တယ်ဆိုတာတောင် တစ်ခါတစ်လေတော့လဲ သူလဲ အူကြောင်ကျား ဖြစ်တတ်သေးတယ်။ တစ်ချို့ လမ်းအသစ်တွေ၊ လောလောလတ်လတ် လမ်းတွေ ပြင်ထားတာတို့၊ တိုးထားတာတို့၊ ပိတ်ထားတာတို့ဆို သူမသိဘူး။ အဲလိုကျ ဥပမာ သူက ညာချိုးပြောတယ်။ ကိုယ်ကလဲချိုးဖို့ ပြင်နေပြီ။ နေရာရောက်တော့ ချိုးမယ်အလုပ်မှာ ညာချိုးစရာ လမ်းမရှိဘူး။ ဟမ်)))) (လမ်းအလယ်မှာ ကွန်ကရစ်နဲ့ ပိတ်ပြီး ကာထားတာကိုး ...) အဲလိုမျိုးဆို  ကိုယ့်မှာ  ပြသနာကို ကမန်းကတမ်း ဖြေရှင်းရတယ်။ တစ်ခါတစ်လေလဲ ဘေးက ၀ိုင်းအားပေးကြတာ ကားဟွန်းသံတွေကို တစ်လမ်းလုံး ဆူညံသွားတာပဲ။ (ဟိဟိ ဂုတ်ကျားတွေ အစုလိုက် ၀ိုင်းဟောင်တဲ့ အတိုင်းပဲ... ) ကားဟွန်းသံလောက်ကတော့ အန်တီဆွိတို့က ဖြုံကို မဖြုံတော့ဘူးခင်ည။

မြို့ထဲ လမ်းတွေ တစ်ခုနဲ့ တစ်ခု အရမ်းနီးကပ်ပြီး ရှုပ်ထွေးပြီဆိုလဲ GPS က အူကြောင်ကြောင်ဖြစ်တတ်တယ်။ လမ်းတွေက အရမ်းနီးတော့ သူက တခြားလမ်းထင်ပြီး ညွှန်တော့ အကုန်တလွဲတွေ ဖြစ်ကုန်ရော။ အိမ်က ကိုကိုခြိမ့်ဆို GPS ကို တော်တော် ကောင်းချီးပေးတယ်။ အင်တာနက်ထဲမှာ ရှာကြည့်ရင် GPS ညွှန်လို့ဆို ကားတွေ တလွဲဖြစ်တာ ဟာသလုပ်ထားတဲ့ ပုံတွေမှ တစ်ပုံကြီးပဲ။

တစ်ခါလဲ မလက္ကာဖက်သွားတော့ ကိုကိုခြိမ့်တို့ သူငယ်ချင်းတွေ တစ်အုပ်ကြီးပေါ့။ ကားတွေ ၄-၅စီးနဲ့ စီတန်းသွားကြတာ။ GPS ပါတဲ့ ကိုကိုခြိမ့်က ရှေ့ဆုံးကမောင်းပေါ့။ အပြန်ကျ မြို့ထဲမှာ သွားချင်တဲ့ နေရာ လမ်းပျောက်နေတော့ GPS ခေါ်ရာ လိုက်ကြရော။ အိမ်တစ်အိမ်ရှေ့လဲရောက်ရော လမ်းမကိုဖြတ်ပြီး ဘုရားစောင်းတန်းတွေလို အ၀တ်ဖြူကြီးတွေနဲ့ မန်းတပ်ထိုးထားတာ တွေ့တော့ မဏပ်ထဲ ဖြတ်ရမလား မဖြတ်မလားမသိ။ GPS ကလည်း အဲဒီလမ်းကိုပဲ ကွေ့ခိုင်းနေတော့ စဉ်းစားချိန်က သိပ်မရ။ ဘာဖြစ်ဖြစ်ဟာဆို ... ကွေ့ဝင်လိုက်တာမှာ အိမ်ထဲ ခဏအကြည့်မယ် ဟမ်မလေး အသုဘ အလောင်းပြင်ထားတာဗျား။ လူက အထဲတောင် မရောက်သေးဘူး အပြင်ဖက်မှာ ပက်လက်ကြီး။  ဦးခြိမ့်တို့ သူငယ်ချင်းတွေ တန်းစီပြီးကို အဲဒီအိမ်က မဏပ်ထဲ ဖြတ်ကြတာ။ အိမ်ရှင်တွေကတော့ ဘယ်လိုထင်မယ်မသိ။  ခပ်တည်တည်နဲ့ တန်းစီပြီးတောင် ဖြတ်ဝင်ကြသကိုး။ ကိုယ်တွေတော့ အဲဒီတုံးက ရယ်လိုက်ရတာ အူတောင်နာတယ်။ တကယ့်ကို ငိုအားထက် ရယ်အားသန်ပဲ။

ဒီနေ့မနက်လဲ ဦးခြိမ့်ကား service ၀င်ရမှာဆိုတော့ မနက်စောစော ရုံးမသွားခင် သူ့ကားကို service center မှာ သွားအပ်ရမှာ။ အပြန်ကျ သူပြန်လို့ရအောင် သူသွားကထဲက အန်တီဆွိကလဲ ကိုယ့်ကားနဲ့ သူ့နောက်က လိုက်ပေါ့။  (ဒီမှာက Bus တွေ Taxi တွေ အားကိုးလို့မရဘူးဂျ) ပြီးတော့ သူက ကိုယ့်ကားကိုမောင်း ၂ယောက်အတူ အိမ်ပြန်၊ သမီးကို ခေါ်၊ ကျောင်းပို့၊ ပြီးရင် သူ့ရုံးလိုက်ပို့ အဲလို စီစဉ်ထားတာ။

 အဲဒါ service centre အသွားမှာ အန်တီဆွိက မျက်စေ့လည်တတ်တော့ သွားရမဲ့နေရာကို GPS key in လုပ်ပြီးသားအဆင်သင့် ကားမှာ တပ်ပေးထားတယ်။ သူကတော့ သူ့ ဟမ်းဖုန်းက မြေပုံလေးနဲ့ ရှေ့ကသွား ကိုယ်က သူ့ကားနောက်က ထပ်ချပ်မခွါလိုက်ပေါ့။ သူ့ကားပျောက်သွားတော့လဲ ဘာအရေးလဲ ။ ကိုယ့်မှာ GPS key in ပြီးသားကိုး။

အိမ်ကအထွက် မောင်းခါစရှိသေး။ GPS က power ကြိုးမတပ်ထားတာ သတိရလို့ ပြန်အတပ်မှာ touch screen ကို ထိမိတော့ တီ ... တီ ဆို အသံကြားရတယ်။ setting တစ်ခုခု ပြောင်းသွားတယ်ထင်လို့ ပိုသေချာအောင် ကိုယ်သွားမဲ့နေရာကို recently found ဆိုတဲ့ function က အပေါ်ဆုံးက လိပ်စာကို ရွေးပြီး ပြန် နှိပ်လိုက်တယ်။ ကိုယ်လဲ သွားရမဲ့လိပ်စာ သေချာတော့ မသိဘူး။ သူ key in လုပ်ပေးတာဆိုတော့ အပေါ်ဆုံးကဟာပဲ ဖြစ်မှာပါဆို ရမ်းနှိပ်လိုက်တာ။ ဒါက ပိုပိုလိုလိုပဲလေ။ သူ့ကားနောက်က လိုက်မှာပဲ။ ကိစ္စမရှိ။

ပြီးတော့ သူ့ကား နီညိုလေးနောက် ထပ်ချပ်မခွါ လိုက်တော့တာပဲ။ မနက်စောစောဆိုတော့ လမ်းကြားတွေမှာတော့ ကားက အရှင်းသားလား။ ချောလို့။ ဟော လမ်းမကြီးလဲ ရောက်ရော တွေ့ပါပြီ။ ကားတွေက traffic ဖြစ်နေပြီ။ ကိုကိုခြိမ့်က ကားမောင်းတာ မြန်တယ်။ ဆုံးဖြတ်တာလဲ မြန်တယ်။ အဲဒီနေရာမှာ ယောက်ျားတွေနဲ့ မိန်းမတွေ ကားမောင်းတာ မတူတာပဲ။ ကိုယ်တွေက အရမ်းစဉ်းစားတယ်။ ဆုံးဖြတ်တာလဲ နှေးတယ်။ ကြောက်လဲ ကြောက်တတ်တော့ မရဲဘူး။ ကားကိုလဲ သူ့လောက်တော့ အမြန်မမောင်းရဲဘူး။ ကိုယ်မောင်းနေကျ speed ထက်ကို ပိုပြီးမောင်းတာတောင် မှီအောင် မနဲလိုက်နေရတယ်။ မီးပွိုင့်တစ်ခု အရောက်မယ် မီးပွိုင့် ၀ါနေတာ သူဖြတ်ချသွားတယ်။ မဖြတ်လို့ မရဘူး။ သူက အရမ်းကပ်နေပြီ။ ကိုယ်ကျ ရပ်လို့ရသေးတယ်။ လိုက်မယ်ဆိုလဲ လိုက်လို့ရတယ်။ လိုက်ရင်ကောင်းမလား ဆုံးဖြတ်ချိန်တောင် မရလိုက်ဘူး။ ထုံးစံအတိုင်း ကြောက်တတ်သူဆိုတော့ ဘရိတ်အုပ်ပြီး ရပ်ပလိုက်တယ်။

မီးပွိုင့်လွှတ်တော့ ချက်ချင်းနောက်မီးပွှိုင့်တစ်ခု ထပ်မိပါရော။ ကိုကိုခြိမ့်ကား နီညိုရောင်လေးတော့ အစရှာမရတော့ပြီ။ ကဲ ... ဘာအရေးလဲဆို GPS လေး အားကိုးနဲ့ ကိုယ့်ဟာကိုယ် ဆက်မောင်းပေါ့ ... အဟက်။  ဟော မောင်းနေရင်းနဲ့ ...  GPS က ဟိုတစ်ပတ်က သွားထားတဲ့  Olympic park ထဲကိုပဲ ညွှန်ညွန်နေသဗျာ။ လူက မသင်္ကာချင်တော့။ ငါ စောနက လိပ်စာမသိပဲ ရမ်းရွေးလိုက်တာ မှားနေပြီနဲ့ တူတယ်ပေါ့။ အရင်တစ်ခါ ဆားဗစ်စင်တာကို သွားဖူးတာ အိုလမ်းပစ်ပတ်ခ်ထဲကို ဖြတ်မမောင်းရပါဘူးဆို လူက နဝေတိမ်တောင်ဖြစ်နေပြီ။ 

ဘာပဲဖြစ်ဖြစ် သူပြောတဲ့နောက်တော့ လိုက်မောင်းနေဆဲပဲ။ မီးပွှိုင့်  ခဏမိတော့ လိပ်စာကို သေချာအောင် ဖုန်းဆက်မေးဦးမှပါဆို အိပ်ထဲ ဖုန်းကို စမ်းတော့ ဖုန်းကလဲ စမ်းလို့မရ။
မနက်က ဘက်ထရီသွင်းထားတာဖြုတ်၊ သမီး အိုင်ပက်နဲ့ ပြောင်းတပ်တာတော့ သတိရတယ်။ ပြီးတော့ ယူလာမိလား၊ မယူလာမိလားလဲ သတိမရ။ ဖုန်းကတော့ရှာမတွေ့ပြီ။ အိမ်ကအထွက် အိပ်ထဲမထည့်ပဲ ဖိနပ်စင်ပေါ်များတင်မိသလား။ စိတ်ထဲမှာ တွေးနေတာ ... လမ်းကျ လမ်းကြားလေးတစ်ခုဝင်ပြီး ခဏရပ်၊ ဘေးက တွေ့တဲ့လူ ဖုန်း ခဏ ငှါးဆက်ရင် ကောင်းမလား။ အွန် ... ဖုန်းငှါးဆက်ရအောင်လဲ ဒီလိုချမ်းချမ်းစီးစီးမှာ ဘယ်သူမှလဲ အပြင်မှာ လမ်းလျှောက်မှာမဟုတ်။ လမ်းလျှောက်တဲ့သူ တွေ့ရင်တောင် ဘယ်မှာလဲ ကိုကိုခြိမ့်ဖုန်းနံပတ်။ ငါမှအလွတ်မရတာကို ...  အရေးကြီး ဖုန်းနံပတ်တွေ ရေးထားတဲ့ မှတ်စုစာအုပ်ကလဲ ပါမလာ ... ခဏပဲဆို အိပ်အသေးထဲ wallet ရယ် နေကာမျက်မှန်ရယ်ပဲ ကောက်ထည့်လာတာ။ ဘယ်လိုလုပ်ရမလဲ မသိတော့။ အတော် အကျပ်ရိုက်နေပြီ။ နောက်ဆုံးတော့ အင်း GPS ကို go home လုပ်ခိုင်းပြီး အိမ်ပြန်၊ အိမ်ကျမှ ကိုကိုခြိမ့်ကိုဖုန်းပြန်ဆက်၊ လိပ်စာမေး ဆားဗစ်စ်စင်တာ ပြန်သွား အဲလိုကျ အကုန်တလွဲတွေ ဖြစ်ပြီး သမီးကျောင်းပါ နောက်ကျကုန်တော့မှာပဲ ဆို ... ကားမောင်းရင်းနဲ့ စဉ်းစားနေတာ ဦးနှောက်တွေကို ခြောက်နေတာပဲဂျာ။

ကားကလဲ ဂျီပီအက်စ်ရဲ့ ခေါ်ဆောင်ရာ သွားနေမြဲပဲ။ တွေးနေရင်းး ... အတွေးတွေရှုပ်နေရင်းနဲ့  မောင်းနေတာ  ၅မိနစ် ၁၀မိနစ်ကျော်လောက်ရှိနေပြီ။  ဒီလိုနဲ့ သွားနေရင်းနဲ့ဗျာ အမှတ်တမဲ့အကြည့် ကိုယ့်ရှေ့တည့်တည့်မှာ နီညိုရောင် ကားလေးတစ်စီး။ ခပ်တည်တည်ပဲ ကိုယ့်ရှေ့မှာ။ နံပတ်ကြည့်လိုက်တော့ ဟမ်မလေး ကိုကိုခြိမ့်ကားပါကလား။  အန်တီဆွိတို့ ဖော်မပြတတ်အောင် ၀မ်းသာသွားတာများ။ ရုပ်ရှင်တွေထဲမှာ မင်းသမီး လူကြမ်းတွေနဲ့ ဒုက္ခရောက်လို့ ကြံရမရဖြစ်နေတုံး မင်းသားရွှေဘကို ရောက်လာသလိုပဲဂျာ။ အဲသလို တွေးမိတာရော၊ သူ့ကားတွေ့တော့ ပျော်သွားတာရော ကားမောင်းရင်း ပြုံးဖြီးဖြီးကြီးတောင်ဖြစ်လို့။ တော်သေးတာပေါ့။ လမ်းကတော့ မမှားဘူးပဲ။ ဘယ်အချိန်ကတည်းက အဲဒီ ရွေဘ ကိုယ့်ရှေ့ရောက်နေမှန်းမသိတာ။ ဒါနဲ့သူ့နောက်က ဆက်လိုက်ရင်း  ခဏနေတော့ ဆားဗစ်စင်တာ ရောက်ပါလေရောဂျာ။

ကိစ္စ၀ိစ္စတွေပြီး၊ အပြန်ကျ သူက ကားမောင်း ကိုယ်က သူ့ဘေးမှာ (မင်းတမီးပေါ့ဂျာ) ထိုင်ရင်း စောနက အဖြစ်ကို ပြန်ပြောပြတယ်။ ကိုကိုခြိမ့်ရယ် ... ဆွိလေး ကိုကိုခြိမ့်ကားတွေ့တော့ ၀မ်းသာချက်တော် ... ရုပ်ရှင်တွေထဲ မင်းသမီး ဒုက္ခရောက်နေတုံး မင်းသား ရွှေဘ ရောက်လာသလိုပဲဆို ပြောတော့ "ဟင် ညည်းက ဒီနားကျမှ ငါ့တွေ့တာလား .." တဲ့။ "ငါက ညည်းရှေ့က မောင်းတာ ... ဟိုးအိုလမ်ပစ်ပတ်ခ် အထွက်ကတည်းကပဲ..." " ငါ့မှာ ညည်းကို စောင့်ခေါ်နေတော့ နှေးနေတာနဲ့ နောက်ကားတွေ ကျော်တက် ဘုကြည့်ကြည့်တာခံရတယ် " တဲ့။

 ကြည့်ဦး ကိုယ့်ရှေ့ ရွှေဘကြီးတစ်ယောက်လုံး တစ်ချိန်လုံးရှိနေတာကို လူကပြာယာခတ်နေတော့ မမြင်တာဗျား။ ။

ကိုယ့်အိမ်က ရွေဘ တွေလဲ နောက်ဆုံးတော့ ရွှေဘက ရွှေဘ ပါပဲဂျာ။  ။

တို့အိမ်က ရွှေဘ ။




Monday, July 23, 2012

အာဂျီနိုမိုတို (သို့) အချိုမှုန့် (သို့) MSG (သို့) 621 ရှာပုံတော်


အန်တီဆွိနဲ့ အချိုမှုန့်
မဆွိတီတို့ ၉တန်း၁၀တန်းလောက်ပေါ့။ တစ်ရက် အမေ မုန့်ဟင်းခါးချက်တော့ မုန့်ဟင်းခါးထဲ ငါးတွေ များပါရက်နဲ့ အချိုမှုန့်တွေ အများကြီးထည့်တာ တွေ့တယ်။ စိတ်ထဲမှာ အမေအချိုမှုန့်တွေ သုံးတာ များလိုက်တာလို့။ မုန့်ဟင်းခါးတင်မဟုတ်၊ လဖ္ဘက်ဆိုလည်း အချိုမှုန့် နိုင်းချင်းနဲ့ နယ်လိုက်တာပဲ။ ငါးခြောက်ဖုတ်ဆိုလဲ ဆီထဲမှာ အချိုမှုန့်အချောင်းလေးတွေတောင် မြင်ရတယ်။  အမေရယ် အချိုမှုန့်တွေ သုံးတာ များလိုက်တာဆိုတော့ သူတို့လျှာက စွဲနေပြီတဲ့။ အချိုမှုန့်မပါရင် အရသာမရှိတော့ဘူးတဲ့။ ပြီးတော့ အချိုမှုန့်က ပလောပီနံကနေ လုပ်ထားတာဆိုတော့ သိပ်အန္တရာယ်မရှိပါဘူးတဲ့ ပြောသေးတယ်။ ခုနောက်ပိုင်းတော့ အမေလဲ အသက်ကြီးလာတော့ ကင်ဆာတွေဘာတွေ ဖြစ်မှာကြောက်လို့ထင်ပါရဲ့ ဟိုတစ်ခေါက်ပြန်တော့ အချိုမှုန့်တော်တော်လျှော့သုံးလာတာတွေ့ရတယ်။
ကိုယ်လဲ ဦးခြိမ့်နဲ့ အိမ်ထောင်ကျတော့ အချိုမှုန့် အနည်းငယ်တော့ သုံးမိတယ် ထင်တာပဲ။ သေချာ မမှတ်မိတော့ပါ။ နောက်သမီးလေးမွေး၊ ကြီးတော်ရောက်လာတော့ စာအုပ်တွေ၊ အင်တာနက်တွေထဲ အချိုမှုန့် ဘာပြုတယ်၊ ညာပြုတယ်ဆိုတာနဲ့ အိမ်မှာ အချိုမှုန့် လုံးဝမသုံးရလို့ အမိန့်ထုတ်ထားတယ်။ အချိုမှုန့်အစား သကြားတို့၊  ငါးငံပြာရည်၊ ပဲငံပြာရည်၊ ပုဇွန်ခြောက်မှုန့် အစရှိသဖြင့် အစားထိုးသုံးတယ်။ ဟင်းချိုတွေ ဟင်းခါးတွေချက်ရင်တော့ တစ်ခါတစ်ရံ ခနော (Knorr) လို့ ခေါ်တဲ့ ကြက်သားမှုန့်အတုံးလေးတွေ ပစ်ပစ်ထည့်ပြီး ဟင်းကို ပိုချိုအောင် လုပ်ကြတယ်။

ကြက်သားမှုန့်အစ
တစ်ရက်တော့ အိမ်မှာအတူနေတဲ့ အိမ်ငှါး ညီအစ်ကို ကိုက်လံကြော်ကြတော့ အနံ့ကလဲ အတော်မွှေးတာနဲ့  ဒီလိုမွှေးအောင် ဘာနဲ့များ ကြော်ကြလဲဆို မြည်းကြည့်ရာမှာ အိမ်မှာ ကြီးတော် အမြဲကြော်တဲ့ ကိုက်လံကြော်နဲ့ မတူ၊ အရသာကလဲကောင်း၊ အနံ့ကလဲမွှေး တော်တော်အရသာ ရှိပါလားဆို သူတို့က ကြက်သားမှုန့်နဲ့ ကြော်တာတဲ့ဗျ။ အဲဒီကြက်သားမှုန့်က ငရုပ်ကောင်းတွေ ဘာတွေနဲ့ seasoning powder လို သေချာမွှေးအောင် လုပ်ထားတာကိုး။ သူတို့သုံးတဲ့ ကြက်သားမှုန့်လေး တံဆိတ်မှတ်ထားပြီး နောက်ပိုင်းတော့ ဟင်းရွက်ကြော်ရင် အဲဒီကြက်သားမှုန့်လေးနဲ့ ကြော်တာ တရုတ်ဆိုင်က ကြော်တဲ့အရသာအတိုင်း တော်တော်ကောင်းတယ်ဆိုတာ သတိထားမိတယ်။

အဲဒီကထဲက ကြက်သားမှုန့်ပဲလေဆို စိတ်ချလက်ချနဲ့ သုံးလာတာ ခုအော်ဇီရောက်တဲ့ အထိပဲ။ ဒီရောက်တော့ ကိုယ်တိုင်ချက်တော့ ပိုတောင်ဆိုးသေး။ ဟင်းအရသာလေး ပိုကောင်းအောင်ဆို အသားငါးတွေဆို ဆားတောင်သိပ်မသုံးဖြစ်ပဲ ငံပြာရည်နဲ့ အဲဒီကြက်သားမှုန့်နဲ့ နယ်လိုက်တာပဲ။ မှတ်မှတ်ရရ ရောက်ကတည်းက ဆားတစ်ထုတ်ဝယ်ထားတာ ခုထိ ကျန်နေသေးတယ်။ ဒါတောင် ၀က်အူတွေ၊ ကလီစာတွေချက်ရင် ဆားနဲ့ ပွတ်ပွတ်ဆေးလို့ ဆားက လျော့သွားတာ။ နောက်မှို့ အထုတ်တောင် ပျက်မယ်မထင်ဘူး။

ဖေ့စ်ဘွတ်ခ်က ဆောင်းပါးနဲ့ 621
တစ်နေ့ကပဲ ဖေ့စ်ဘွတ်မယ် အချိုမှုန့် ဘာရောဂါဖြစ်မယ်၊ ညာရောဂါဖြစ်မယ်ဆို ဆောင်းပါးတစ်ပုဒ် ဖတ်ရပြန်ပါရော။ အဲဒီမှာ ကွန်မန့်တွေမှာ မေးထားတာ အချိုမှုန့်ကတော့ ဟုတ်ပါပြီ။ ကြက်သားမှုန့်ကရော ဘယ်လိုလဲ၊ ဘာလဲဆိုတော့ ကြက်သားမှုန့် အင်မတန်သုံးတဲ့ အန်တီဆွိလဲ သိချင်လာတယ်။ ကြက်သားမှုန့်မှာရော အချိုမှုန့်ပါသလား။ ကြက်သားမှုန့်သုံးရင်ကော safe ဖြစ်သလား။ ထုံးစံအတိုင်း ဂူဂဲလ်ထဲ၊ ၀ီကီထဲ မွှေနှောက်ရှာ..  အားလားမား .. ပါလိုက်တာမှ အန်တီဆွိသုံးတဲ့ ကြက်သားမှုန့်ထုတ်ရဲ့ Ingredient ထဲမှာ 621 ဆိုတာ ပြူးနေတာပဲ ခင်ဗျာ။


အဲဒီ 621 ဆိုတာ Monosodium L-glutamate (MSG) ကိုပဲ Flavour enhancer No 621 ဆို အမည်ပေးထားတာပါပဲ။ အော်ဇီမှာတော့ MSG ကို 621 ခေါ်ပြီး အခြားဥရောပနိုင်ငံတွေမှာတော့ E621 (ရှေ့က E တစ်လုံးပေါင်းထည့်ပြီး) ခေါ်ပါတယ်။ MSG မှ မဟုတ်ပါဘူး၊ အချိုမှုန့်ကဲ့သို့ အစားအသောက်တွေရဲ့ အရသာကို ကောင်းမွန်ပြီး၊ စွဲတတ်တဲ့ ဓာတ်ပေါင်းတွေအားလုံးကို အဲလို Flavour enhancer number တွေ 620 ကနေ 640 အထိပေးထားပါတယ်။ အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။

FLAVOUR ENHANCERS (620-640)


MSG by any other name .......
In Japan, MSG is labeled as 味の素 or Ajinomoto
In China, MSG = wie jing
In the Phillipines,  MSG = Vetsin
In Thailand, MSG =
phong churot
In Germany, MSG =
Natriumglutaminat
In Europe - MSG = E621,  but avoid E620-625  as they also contain glutamate
In the US - "umami", MSG, glutamate, free glutamic acid

List of the way msg is hidden ...

hvp (hydrolyzed vegetable protein), glutamate or glutomic acid, modified enzymes, natural flavor (ings), yeast extract or autolized yeast, caseanate, contains maltodextrin, soy concentrate, isolate or soy protein, protein isolates.


ပါမောက္ခ  Kikunae Ikeda

နောက်ပိုင်းတော့ ပရောဖက်ဆာ အီကဲဒါးနဲ့ သူ့ပါတနာတွေဟာ ဒီ glutamate ရဖို့ ရေညှိလို သဘာဝပစ္စည်းကနေ ထုတ်နိုင်ရုံတင်မက တခြားသော beet တို့၊ ပလောပီနံတို့၊ ဂျုံ၊ ကြံရိုးတို့ အစရှိတဲ့ သဘာဝပစ္စည်းတွေကလဲ ထုတ်နိုင်တယ်ဆိုတာ သိလာတယ်။ ၁၉၀၉ ခုမှာ ဒေါက်တာ အီကဲဒါးဟာ လူတွေခန္ဒာကိုယ်မှာ၊ အသားတွေ နို့တွေမှာ အဲဒီသဘာဝအတိုင်းတွေ့နိုင်တဲ့ glutamic acid နဲ့ ကယ်မီကယ် ဓာတ်ပေါင်းချင်း ဆင်တူတဲ့  molecular formula C5H9NO4 ကို ဖော်ထုတ်ပြခဲ့ပါတယ်။

 နောက်ဆုံး MSG ထုတ်လုပ်ပုံကတော့ ပရိုတင်း ထဲမှာပါတဲ့ glutamic acid ကို bacterial fermentation လုပ်ခြင်းဖြင့်  glutamate ဆိုတဲ့ ဓာတ်ကို ပထမထုတ်လုပ်ပါတယ်။ အမှန်က glutamate ဆိုတာ သူ့ချည်းဆို ဘာမှ အရသာမရှိပါဘူးတဲ့။ နောက်တော့ sodium ဆားနဲ့ ရောပြီးမှသာ အရသာကို ပိုတက်စေတာအပြင် ဆားက  crystal ပုံပြောင်းဖို့လွယ်တော့ ဆားနဲ့ပေါင်းပြီး Mono-sodium glutamate (MSG) ဆိုပြီး ထုတ်ပါတယ်။ trade name ကတော့ အများသိကြတဲ့ You are sure ... it is pure ... အာဂျီနိုမိုတို ပေါ့ ခင်ဗျား ...


MSG မှာ ဆား (ဆိုဒီယမ်) ၁၃% ပါပြီး အိမ်သုံးဆား(ဆိုဒီယမ်ကလိုရိုက်) မှာတော့ ဆိုဒီယမ် ၄၀% ပါပါတယ်။ ဒါကြောင့် အချိုမှုန့်သုံးရင် ဆိုဒီယမ် လျှော့ချသလို ဖြစ်သွားပါတယ်။
5th taste Umami အရသာ
တစ်ချိန်တည်းမှာပဲ ပါမောက္ခ အီခဲဒါးဟာ လူတွေမှာ  ချို၊ ချဉ်၊ ငံ၊ ခါး ဆိုတဲ့ အရသာ ၄မျိုးသာ သတ်မှတ်ခဲ့ရာမှ umami လို့ခေါ်တဲ့  ၅ခုမြောက်အရသာ (မြန်မာလိုဆို ဟင်းချိုတွေ ချိုသလို အရသာမျိုး၊ အင်္ဂလိပ်လိုဆို savoury) တစ်ခုကိုပါ ထပ်တိုးပြီး ထိုအရသာဟာ သဘာဝအားဖြင့်တော့ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေ တော်တော်များများမှာ ပါရှိတဲ့ အကြောင်း ရှင်းပြထားပါတယ်။ umami အရာသာရှိတဲ့ glutamate ဟာ အများအားဖြင့် cheese၊ ခရမ်းချဉ်သီး၊ အသား၊ နွားနို့၊ မှို အစရှိသည်တို့မှာ သဘာဝအတိုင်းရှိပြီးသားဖြစ်ပါတယ်တဲ့။ ခလေးတွေ သောက်သုံးတဲ့ လူတွေရဲ့ နို့မှာ သကြားဓာတ်အပြင် အဲဒီ glutamate ဓာတ် အတော်များများပါပါတယ်။ ဒါကြောင့် ခလေးတွေဟာ အမေနို့ကို စွဲစွဲမက်မက် သောက်ကြတယ်လိုလဲ ဆိုပါတယ်။

 အောက်က ဇယားကတော့ အစားအသောက် ၁၀၀ဂရမ်မှာပါတဲ့ Bound glutamate  နဲ့  Free glutamate ရဲ့  မီလီဂရမ် အလေးချိန်တွေဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းဖြင့် အချိုမှုန့်မစားလဲ သူ့သဘာဝအလျှောက် အဲဒီ ဂလူမိတ်ဓာတ်ကို အောက်ပါ အစားအသောက်တွေကနေ ရနေတာ သိရပါတယ်။  အမေနို့ ၁၀၀ဂရမ် မှာ glutamate ၂၂မီလီဂရမ် ပါပြီး နွားနို့ကျ ၂ မီလီဂရမ်ပဲ ပါပါတယ်။ လူတစ်ယောက်ရဲ့ အစားအသောက်တွေမှာ  ပျမ်းမျှ bound glutamate ၁၀ ဂရမ်ကနေ -၂၀ ဂရမ်အထိပါပြီး၊ Free glutamate ကတော့ ၁ ဂရမ်ခန့်ပါပါတယ်တဲ့။



                                                mg/100g
( bound glutamate ဆိုတာ ပရိုတင်းနဲ့ ရောနေတဲ့ glutamate ဖြစ်ပါတယ်။)

ခရမ်းချဉ်သီးဟာ မထင်မှတ်ရပဲ အဲဒီ အချိုမှုန့်ဓာတ် အတော်ပါတာ ထူးဆန်းစွာတွေ့ရပါတယ်။ ဒါကြောင့်ထင်ပါရဲ့၊ ငယ်ငယ်က အိမ်မှာငပိရည်ကြိုတော့ စာတစ်လုံးမှ မတတ်တဲ့ အဖွားဟာ ခရမ်းချဉ်သီးလေးပစ်ထည့်ပြီး ကျေနေအောင် ကျိုလိုက်ရင် ငပိရည်က တော်တော် ချိုသွားတယ်လို့ ပြောပြဖူးပါတယ်။  နောက်ပြီး မုန့်ဟင်းခါးတွေ ဘာတွေချက်ရင် ကုလားပဲအရည်ကို ထည့်တာ ပိုချိုအောင်ဆိုတာ အဲဒီပဲမှာ ဂလူမိတ်ဓာတ်တွေ အများကြီးပါနေတာကြောင့်ဖြစ်ပါတယ်။ စင်္ကာပူမှာဆို Yong tofu လို့ခေါ်တဲ့ soup ရောင်းတဲ့ ဆိုင်တွေက ဟင်းချိုကို ချိုအောင် ပိပိစပ် (soy bean) ကို ပြုတ်ပြီး အဲဒီကရတဲ့ အချိုရည်နဲ့ တခြား ကြက်ရိုးဝက်ရိုးတွေကရတဲ့ အချိုရည်ကို ပေါင်းပြီး ဟင်းချိုအောင် စီမံပါတယ်။ တစ်ခါတရံ ယောင်တို့ဟူးဟင်းချိုရည်မှာ ပဲပိစပ်အလုံးလေးတွေ တွေ့ရတတ်ပါတယ်။ 

 အချိုမှုန့် safe ဖြစ်သလား ...

 အချိုမှုန့် safe ဖြစ်သလား မဖြစ်လားဆိုတောတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံတွေက တရားဝင် ကျမ်းမာရေး အဖွဲ့အစည်းတွေနဲ့ MSG ကို တသီးပုဂ္ဂလ သုသေသနပြုနေတဲ့ အဖွဲ့တွေ ငြင်းခုန်နေကြဆဲပါ။ ၀ီကီမှာဖတ်ကြည့်ရင် အမေရိကန် အစားအသောက်နဲ့ မူးယစ်ဆေး ကွပ်ကဲမှု အဖွဲ့ (FDA) ကတော့ "Generally recognized as safe (GRAS)" ဆိုပြီး သတ်မှတ်ပါတယ်။ ဥရောပ သမဂ္ဂ ကတော့ စွဲစေတတ်သော အစားအသောက် "Food additive" အနေနဲ့ သတ်မှတ်ပြီး အော်ဇီနဲ့ နယူးဇီလန် အစားအသောက်ဆိုင်ရာအဖွဲ့ကတော့ MSG ကို "safe for the general population" အနေနဲ့ သတ်မှတ်ပါတယ်။ FAO နဲ့  WHO တို့ပေါင်းထားတဲ့ သုသေသန ကော်မတီအဖွဲံ့သစ်  Joint FAO/WHO Expert Committee on Food Additives (JECFA) က MSG ကို safe ဖြစ်လွန်းလို့ သူ့မှာ ADI လို့ ခေါ်တဲ့ "Acceptable Daily Intake" တောင် သတ်မှတ်ထားတာ မရှိပါဘူး။

http://www.ajinomoto.com/features/aji-no-moto/en/truth/index.html

(အော်ဇီမှာ အချိုမှုန့်ဟာ safe ဖြစ်တယ်လို့ ယူဆထားတာကြောင့် ရက်စ်တောရန့်တွေ၊ ကော်ဖီဆိုင်တွေမှာ MSG သုံးတယ် မသုံးဘူးဆိုတာ ကြော်ငြာစရာမလိုပါဘူးတဲ့။ ကိုယ်က MSG sensitive ဖြစ်တဲ့သူဆိုမှသာ သူတို့ကို သုံးမသုံးမေးနိုင်ပါတယ်တဲ့။)

အထက်ပါ သတ်မှတ်ချက်တွေ ဖတ်ပြီး အံ့သြမိတာက အွန်လိုင်းမှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရေးထားကြတဲ့ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေ၊ ရောဂါတွေ ဖတ်ရပါများလို့ အလွတ်တောင်ရနေရာကနေ ခုလို အချိုမှုန့်ဟာ သဘာဝအတိုင်းတွေ့ရတဲ့ ဓာတ်ပေါင်းတစ်ခုနဲ့ ထပ်တူညီတဲ့ ပစ္စည်း တစ်ခု (chemically exactly same) ဖြစ်တာအပြင်၊ နှစ်ပေါင်း ၁၀၀ကျော် သုံးစွဲလာခဲ့တဲ့ပစ္စည်း၊ နှစ်ပေါင်း ၄၀ကျော် သုသေသနတွေကနေ ရတဲ့ ရလာဒ်ပေါ် အခြေခံပြီး Safe ဖြစ်တယ်လို့ ထုတ်ပြန်တာဖြစ်တယ်။  အော်ဇီလို အစားအသောက် safety ဖက်မှာ အင်မတန် sensitive ဖြစ်တဲ့ နိုင်ငံတွေကပါ MSG ဟာ safe ဖြစ်ပါတယ်ဆိုတော့ အင်မတန် အံ့သြရပါတယ်။

တစ်ချိန်တည်းမှာပဲ တခြားသုသေသန အဖွဲ့တွေက ကြွက်တွေ၊ တိရိစ္ဆာန်ငယ်လေးတွေသုံးပြီး အဆက်မပြတ် သုသေသနပြုရာကနေ ရလာဒ်တွေကို အထောက်အထားတွေ ခိုင်ခိုင်လုံလုံနဲ့ အချိုမှုန့်ကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေရဲ့ ဆိုးကျိုးတွေကို ဖော်ပြထားပြန်ပါတယ်။ 

 "Chinese restaurant syndrome"
ပထမဆုံး အချိုမှုန့်ရဲ့ အန္တရာယ်ကို စတင်ဖော်ထုတ်ခဲ့သူကတော့ (၁၉၆၈ ခုနှစ်မှာ)  Robert Ho Man Kwok ဆိုသူ အမေရိကန်လူမျိုးဖြစ်ပါတယ်။ သူဟာ တရုတ်ဆိုင်တွေမှာ တရုတ်အစားအသောက်တွေ စားပြီးတိုင်း ၁၅မိနစ်-မိနစ်၂၀အတွင်း သူ့လည်ပင်း နမ့်ဗ်ကြောတွေ ထုံကျင်ပြီး နောက်တော့ လက်မောင်းတွေ၊ နောက်ကြောတွေအထိပါ ထုံကျင်မှုတွေ ဖြစ်တယ်၊ ဒီဝေဒနာကို ၂နာရီကြာမျှခံစားရတယ် အစရှိသဖြင့် အင်္ဂလိပ်ဆေးပညာစာစောင်တစ်ခုကို တိုင်ကြားစာရေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ "Chinese restaurant syndrome" ဆိုတဲ့ စကားကို စတင်သုံးစွဲခဲ့ပြီး တရုတ်ဆိုင်တွေမှာ အသုံးများတဲ့ MSG ကြောင့်ဖြစ်ရတယ်လို့ ကောက်ချက်ချပါတယ်။ အထက်ပါ နာမ့်ကြောထုံကျင်မှုအပြင် ရင်ဘတ်အောင့်ခြင်း၊ မျက်နှာ အကြောတင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း၊ ပူရှိန်းရှိန်း ခံစားရခြင်းတွေလဲ ဖြစ်တတ်ပါသေးတယ်။ ထိုလက္ခဏာများကို နောက်ပိုင်းတော့ " MSG Syndrome " လို့လဲ ခေါ်ကြပါတယ်။

MSG သုသေသန
အဲဒီတိုင်ကြားမှုနောက်ပိုင်း MSG နဲ့ပတ်သတ်လို့ နိုင်ငံပေါင်းစုံက ကျမ်းမာရေးသုသေသန အဖွဲ့တွေ သုသေသနပေါင်း ရာချီပြီး ဆောင်ရွက်ခဲ့ကြရာမှာ ကမ္ဘာအရပ်ရပ်က တရားဝင် ကျမ်းမာရေးအဖွဲ့အစည်းတွေ ကောက်ချက်ချတာကတော့ ထို ရောဂါလက္ခဏာများဟာ MSG နဲ့ ပတ်သတ်မှုမရှိလို့ အဖြေထွက်ပြီး သတ်မှတ်ချက်တွေကတော့ အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း safe ဖြစ်ပါတယ်တဲ့။ ဒီလိုနဲ့ ဆက်လက်သုသေသနပြုလာရာမှာ ၁၉၉၅ခုနှစ်မှာတော့ အမေရိကန် FDA ကနေ ရာနှုံးအတိအကျ မသိတဲ့ လူဦးရေ အနည်းစုမှာ MSG ကို တစ်ချိန်တည်း ၃ဂရမ်ထက်ပိုစားမိရင် အဲဒီ MSG  အလာဂျီ ဖြစ်တဲ့ အထက်ပါဝေဒနာများကို ခံစားရနိုင်ပါတယ်လို့ ထုတ်ဖော်အတည်ပြုခဲ့ပါတယ်။

MSG နဲ့ပတ်သတ်လို့ အဆိုးမြင်သူများဖက်ကလည်း သုသေသနတွေ ခိုင်ခိုင်လုံလုံ အထောက်အထားတွေနဲ့ MSG ကြောင့် ဦးနှောက်နာမ့်ကြောတွေ သေစေတယ်၊ အ၀လွန်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ရင်ဘတ်အောက်ခြင်း၊ စိတ်ကျရောဂါ၊ Parkinson's diseases အစရှိတဲ့ ရောဂါလက္ခဏာတွေဖြစ်စေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ခလေးတွေမှာဆိုလဲ မာမီးမွန်းစတား ခေါက်ဆွဲခြောက်လို၊ အာလူးကြော်လို MSG ပါတဲ့ အစားတွေစားပြီး အပြုအမူပိုင်းဆိုင်ရာ ပြသနာ၊ hyperactive ဖြစ်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတဲ့ အကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

 MSG ကို safe ဖြစ်တယ်လို့ အတည်ပြုခဲ့တဲ့ အဖွဲ့အစည်းများဟာလည်း တကယ်တော့ MSG ထုတ်လုပ်တဲ့ အာဂျီနိုမိုတိုလို ကုမ္ပဏီတွေ၊ MSG မှ မသုံးရင် ရောင်းမစွံတော့မယ့်  ခေါက်ဆွဲခြောက်လို၊ chicken stock လို စားအသောက်ကုမ္ပဏီကြီးတွေ၊ ဆေးကုမ္ပဏီကြီးတွေကနေ ကျောထောက်နောက်ခံ ထောက်ပံ့ထားတဲ့ သုသေသနသမားတွေ၊ research scientist အဖွဲ့တွေကနေ အတည်ပြုထားတာမှို့ မှန်ကန်မှုမရှိဘူးလို့ MSG အဆိုးမြင်သူများဖက်က စွတ်စွဲထားပါသေးတယ်။

ကိုယ်တိုင် အတွေ့အကြုံ
မိမိကိုယ်တိုင်ဖြစ်ဖူးတဲ့ လက္ခဏာအရပြောရရင် တရုတ်ဆိုင်က တရုတ်စာ၊ ဗမာဆိုင်က ဗမာအစားအသောက်တွေ စားပြီး နောက်ပိုင်း ရေအလွန်ငတ်ပြီး သောက်လေ သောက်လေ ငတ်မပြေဆိုသလို ရေသောက်လို့ အင်မတန်ကောင်းပါတယ်။ နောက်ပြီး မျက်လုံးအောက်မှာရှိတဲ့ eye bag ဟာ အဲလိုအစားအသောက်တွေစားပြီး သိသိသာသာ ယောင်ရမ်းပါတယ်။ ဒါဟာ MSG ကြောင့်သာမက အစားအသောက်တွေမှာပါတဲ့ ဆိုဒီယမ် ဆားပမာဏတွေများလို့ဆိုတာလဲ ကောက်ချက်ချနိုင်ပါတယ်။ တချို့လဲ ချွေးထွက်လွန်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ ည အိပ်မပျော်ခြင်း စတာတွေ ခံစားရကြောင်း ကြားဖူးပါတယ်။

အချိုမှုန့် စွဲသူများ
အိမ်မှာ အချိုမှုန့်စွဲသူတွေ လဲ ရှိပါတယ်။ ရက်စ်တောရန့်တွေမှာ စားပြီးရင် အိမ်မှာချက်တဲ့ဟင်းမှာ တစ်ခုခုလိုနေသလို ခံစားရတယ်၊ တော်ရုံနဲ့ ဟင်းဆို ချိုတယ်မထင်ဘူး။ ရက်စ်တောရန့်က အချိုမှုန့်နိုင်းချင်းနဲ့ ချက်ထားတဲ့ အစားအသောက်တွေကို လျှာစွဲ နေသူကတော့ အိမ်က ဦးမောင်ခြိမ့်ပါပဲ။ သူကတော့ အချိုမှုန့်ကို safe ဖြစ်တယ်ဆိုပြီး သုံးချင်သူပါ။ တစ်ခါတရံ ကိုယ်ချက်ထားတာ ကောင်းနေပြီထင်တာ သူဝင်မြည်းပြီးရင် ဟင်းက မချိုဘူးဆိုပြီး ဖွက်ထားတဲ့ ဟင်းချိုမှုန့်ကို ခိုးထည့်တတ်သူပါ။ အိမ်ကသမီးကလည်း KFC က chicken pop pop ကြိုက်တယ်ဆို အမေက အိမ်မှာ လုပ်ကျွေးတော့ အမေလုပ်တဲ့ဟာက ဆိုင်ကဟာလောက် မကောင်းပါဘူးတဲ့။ အမေကတော့ ဆိုင်တွေမှာလို အချိုမှုန့်မသုံးတော့ ဆိုင်တွေကဟာ ပါးစပ်စွဲနေတဲ့ သမီးကို အချိုမှုန့်ဟာ ကျမ်းမာရေးအတွက် မကောင်းစေကြောင်းရှင်းပြရပါတယ်။

စင်္ကာပူမှာနေစဉ်က အိမ်မှာနေတဲ့ ညီအစ်ကို ခေါက်ဆွဲခြောက်ထုတ်တွေစားရင် အိမ်ကသမီးဟာ ၀င်မြည်းကြည့်ရင်းနဲ့ အဲဒီခေါက်ဆွဲခြောက်က အချိုအရသာကို စွဲပါတယ်။ နောက်ပိုင်း သူ့အတွက်ဝေစုဆို သူတို့စားတိုင်း အမျှော်ပြေ ပန်းကန်အသေးလေး တစ်လုံးစာလောက် သူစားပါတယ်။ အမေက ကြက်ရိုးတွေအများကြီးနဲ့ ချိုအောင် ခေါက်ဆွဲပြုတ်ပေးလဲ မေမေပြုတ်တာက ဟိုခေါက်ဆွဲပြုတ်လောက်မကောင်းဘူးဆို ကွန်ပလိမ့်တက်တာ ခံရဖူးပါတယ်။ အချိုမှုန့်အရသာဟာ ခလေးသူငယ်တွေကို လျှာစွဲစေတာကတော့ အမှန်ပါ၊ နောက်ပိုင်းတော့ သူလဲ ခေါက်ဆွဲခြောက်ထုတ် လုံးဝမစားရတော့ အမေလုပ်တာ စားလို့ရသွားပါတယ်။ အမေကတော့ ကြက်သားမှုန့်လေးနဲနဲတော့ ထည့်တာပေါ့။  အဲဒီခေါက်ဆွဲခြောက် (instant noodle) တွေဟာ အချိုမှုန့်ကို မတော်မတရား၊ အလွန်အကျွံသုံးထားတာကြောင့် စားကြည့်လိုက်ရင် အချိုမှုန့်ချိုသလို ချိုရဲပြီး လျှာပေါ်အလွန်စွဲပါတယ်။ အချိုမှုန့်စားကျင့် မရှိသူတွေဆို အတော်သိသာပါတယ်။

 MSG ထုတ်လုပ်မှု နဲ့ စားသုံးမှု
၂၀၀၉ ကိန်းဂဏန်းများအရ ကမ္ဘာမှာ MSG အများဆုံး ထုတ်လုပ်တင်ပို့ပြီး စားသုံးမှု အများဆုံးနိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ MSG ကို အာရှနိုင်ငံ တွေကသာ အသုံးများပြီး ဥရောပနဲ့ အမေရိကမှာတော့ သုံးစွဲမှု အလွန်နည်းပါတယ်လို့ဆိုပါတယ်။  အာဂျီနိုမိုတိုကို ပထမဆုံး တီထွင်ခဲ့တဲ့ ဂျပန်ကတော့ အာရှနိုင်ငံတွေထဲမှာ သုံးစွဲမှု အနည်းဆုံးပါ။ ကမ္ဘာ့ MSG ထုတ်လုပ်မှုရဲ့ ၈၉ရာနှုန်းကို (ဂျပန်မပါ) အာရှနိုင်ငံတွေက စားသုံးပါတယ်။

အချိုမှုန့် သိပ်မစားဘူးဆိုတဲ့ အမေရိကမှာတောင် နောက်ပိုင်း အချိုမှုန့်စားသုံးမှု မြင့်တက်လာပြီး ပျမ်းမျှ တစ်နေ့ ဂရမ် တစ်ဝက် (half gram) ခန့် စားပါတယ်။ ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတွေမှာ တော့ ခန့်မှန်းခြေ တစ်နေ့ ၁၀ဂရမ်ခန့် စားပါသတဲ့။ မြန်မာနိုင်ငံလို၊ တရုတ်နိုင်ငံလို ယိုးဒယားလို အချိုမှုန့်စားသုံးပါတယ်ဆိုတဲ့ နိုင်ငံတွေက ဒီထက်တော့ ပိုမှာသေချာပါတယ်။

မည်သို့ပင်ဆိုစေ ..
 MSG ကို ကမ္ဘာ့နိုင်ငံတကာ ကျမ်းမာရေးအဖွဲ့တွေက မည်သို့ပင် safe ဖြစ်တယ်ဆိုစေကာမူ မိမိကိုယ်ပိုင် ယုံကြည်ချက်အနေနဲ့ ( ရှေးက စွဲလာတဲ့ အချိုမှုန့်ဟာ ကျမ်းမာရေးအတွက် မကောင်းဘူးဆိုတဲ့ အစွဲတွေကြောင့်ပါ ) ၁၀၀% လုံးတော့ ယုံကြည်မှုမရှိပါ။ စိတ်ချလက်ချ စိတ်ထင်သလို သုံးစွဲစားသောက်ဖို့ရာတော့ မရဲသေးပါ။ သို့ပေမဲ့လည်း အရင်ကလောက်တော့ MSG စားရင်ပဲ ရောဂါပေါင်းစုံရတော့မလို သံတယရှိနေရာကနေ ဒီလောက်ကြီးတော့လဲ ကျမ်းမာရေးကို မထိခိုက်စေပါလားလို့ ရောနိသောမနသီကာယ အသင့်အသင့်နှလုံးသွင်းနိုင်ပြီး စိုးရိမ်မှု လျှော့ပါးသွားပါတယ်။

 တစ်ဖက်ကလည်း သုသေသနစာတန်းတွေ လက်တွေ့လုပ်ဆောင်ပြီး  အထက်မှာ ဖော်ပြထားသလို MSG ကနေ ရောဂါများစွာကို ဖြစ်စေတယ်လို့ ဆိုထားတာကြောင့် မပြေးသော်လည်း ကန်ရာရှိ MSG ကို တတ်နိုင်သမျှတော့ ဆက်လက်ပြီး ရှောင်ရှားသွားပါမယ်။ တချို့သော ကြက်သားမှုန့်တွေမှာ MSG free ဆို ရေးထားတာတွေ့တော့ 621 ပါတယ်လို့ Ingredient မှာ တရားဝင်ဖော်ပြထားတာနဲ့စာရင်တော့ MSG ရာနှုန်းပြည့် free မဖြစ်ရင်တောင် ပိုသက်သာနိုင်တယ်လို့ ယူဆပြီး အဲဒီ ပစ္စည်းတွေကိုပဲ သုံးပါမယ်။ နောက် " organic" လို့ စာတမ်းပါတဲ့ အစားအသောက်တွေကလဲ MSG ပါဝင်မှု လျော့ပါးနိုင်ပြီး ပုံမှန် အစားအသောက်တွေထက်တော့ ကျမ်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ အကြောင်းရေးရင်း နိဂုံးချုပ်ပါတယ်။   ။
ကိုးကားစာရင်း





Friday, July 20, 2012

အီး လန့် သံချောင်း ...

အန်တီဆွိတစ်ယောက်လဲ ဘလော့ဂ် တိုက်တယ်ဘားပေါ်မှာ " ဟင်းချက်နည်းလေးတွေ ရှယ်ပေးမယ်။ ရယ်စရာလေးတွေရှိရင် လာပြောပြမယ်။" ဆိုပြီး ဟင်းချက်နည်းတွေလဲ မရှယ်နိုင်၊ ရယ်စရာတွေလဲ မပြောနိုင်ပဲ ဘ၀ဇာတ်ခုံပေါ် ဇာတ်ဆရာအလိုကျ ကပြနေရတော့ (ရလဲ့ ...)  ဘယ်အချိန် အလွမ်းခန်းရောက်မလဲ၊ ပျော်စရာအခန်းရောက်မလဲဆိုတာ မခန့်မှန်းနိုင်တော့ အပေါ်က တိုက်တယ်ဘားကိုပဲ ပြင်ရမလိုဖြစ်နေပြီ။ 


ကဲပါလေ... တိုက်တယ်လေးနဲ့ နဲနဲညီအောင် ရယ်စရာတွေလဲ မရေးရတာကြာပြီဆိုတော့ ရေးလိုက်ပါဦးမယ် ...မရယ်ရတောင် ပြုံးတော့ ပြုံးနိုင်ကြမှာပါ။ စလုံးကလူတွေ (ထမင်းစားချိန် ပို့စ်တင်မိလို့) ထမင်းစားရင်း ဒီပို့စ်မဖတ်ကြနဲ့နော် ။
-------------------------------------------------------------------------------------

အီးလန့် သံချောင်း

မနေ့ညကပေါ့ဂျာ။ ထုံးစံအတိုင်း မိသားစုဆုံတဲ့ အချိန် အိမ်ရှေ့က စားပွဲနားမှာ တီဗီကြည့်ရင်း မိသားစုတွေ စုထိုင်နေကြတာ။ 

ဂျူဂျူ့ အဖေက စားပွဲအောက်မှာ ခုံပုလေးနဲ့ထိုင် သူ့ လက်ပ်တော့ကြီး ရှေ့ချပြီး ဖေ့စ်ဘွတ်ကလေးကြည့်လိုက်၊ ဖိုရမ်လေးဝင်ဖတ်လိုက်၊ သတင်းတွေကြည့်လိုက်၊ ဂျီတော့မှာ လေပွားလိုက်နဲ့ တီဗွီကလာတဲ့ Master Chef လဲ မလွတ်စေရဘူး။ ကြည့်နေရင်း သားအဖ၂ယောက် ဘယ်သူပြုတ်မယ်၊ ဘယ်သူတက်မယ်၊ ငြင်းရတာလဲ အမော။ ဂျူဂျူလေးကတော့ အိမ်စာလုပ်ရင်း တီဗွီကြည့်။ ဂျူဂျူတို့ အမေကတော့ ဆိုဖာပေါ်ထိုင်ပြီး မကြီးမငယ်နဲ့ အိုင်ပက်က Fruit Link ဆိုတဲ့ ဂိမ်းဆော့နေတယ်။ အသီးဆင်တူတာလေးတွေ ရှာပြီးနှိပ်ရတာ။ ပျော်စာကြီး ... ဟီးဟီး။

သားအမိ သားအဖတွေ အာရုံကိုယ်စီနဲ့ အားလုံးငြိမ်နေရာကနေ ဂျူဂျူ က ရုတ်တရက်ကြီး  ...

" ဖေဖေ ... ဖေဖေ ... ဖေဖေ အီးပေါက်လိုက်တယ် မှုတ်လား " တဲ့ ...

ပထမတော့ ဂျူဂျူတို့ အဖေ အင်းမလုပ် ... အဲ မလုပ် ၊ မကြားတာလား၊ မကြားချင်ယောင်ဆောင်တာလား  ... ငြိမ်နေတယ် ... အဲဒါ သူတစ်ခုခု အမှားလုပ်ပြီးရင် အမြဲလုပ်နေကျ အကျင့်။

သမီးက ထပ်မေးမှ ခေါင်းငြိမ့်ပြီး မပြောချင် ပြောချင်နဲ့ အီလေးဆွဲပြီး  "အင်း .. " တဲ့လေ ... 
ကဲ ...

သူ့အဖေက " အင်း .." လဲ ဆိုရော ဂျူဂျူတို့ နှာခေါင်းပိတ်ပြီး ပြေးပါလေရော ... ပြီးတော့ အော်သေးတယ်။

" နံတယ် ... နံတယ် ...ဖေဖေ အီးပေါက်တာ နံတယ် "  ဆိုပြီး ..

သားအဖ ၂ယောက် ဖြစ်နေပုံကိုကြည့်ပြီး ဆိုဖာပေါ်က အန်တီဆွိက အသာလေး ပြုံးနေတယ်။ သူ့ကိုယ်သူ မေသန်းနုပဲ လိုလို ။ ပြုံးနေတဲ့အန်တီဆွိလဲ မကြာပါဘူး၊ ဦးမောင်ခြိမ့်ရဲ့ လျက်တပျက် လေပုပ်သိုင်းကွက်ကို မခံနိုင်ရှာ ... ရုတ်တရက် ပါးစပ်ထဲ ၀င်လာတဲ့ အနံ့ဆိုးကြောင့် ရှေ့ဆက်မပြုံးနိုင်တော့ပဲ နှာခေါင်းနဲ့ ပါးစပ်ကို အမြန်ပိတ်လိုက်ရတော့တယ်။ စောနက ပြုံးနေတဲ့ မေသန်းနုစတိုင်ကနေ  ချက်ချင်း ခင်မို့မို့အေး ဖြစ်သွားတယ်။

 " ဟမ်မလေးဟယ် ... ဆိုးလိုက်တဲ့ အနံ့ရယ် ... နံချက်တော့ ... " 

ပါးစပ်ထဲထိ အနံ့ကရောက်သွားတော့ အန်တီဆွိ တော်တော် စိတ်ဆိုးသွားတယ်။ သူ့အဖေထိုင်တဲ့နေရာနဲ့ အတော်ဝေးတော့ ဒီအထိတော့ အနံ့က ရောက်မယ်မထင်။ စောနက ပြုံးတောင်ပြုံးနေသေး။ ဂျူဂျူလေးလို အနားကပ်ထိုင်နေသူ ဘယ်လောက်များ နံလိုက်မလဲ ....

 မိန်းမတွေများ အင်မတန်ခက်သည်။ အဲသလောက်နံနေတာကို  ပြောချင်ဆိုချင်စိတ်က ထိမ်းမရတော့ ... အီးမုန်တိုင်းကြားမှာ နံနံနှင့်ပင် ...

" တော့ ... ကမောင်ခြိမ့် ... တော် အီးပေါက်မယ်ဆို ကျုပ်တို့သားအမိကို နဲနဲတော့ ကြိုတင် သတိပေးသင့်တယ် ထင်တာပဲ ... "
 
" ကျုပ်အရင်ကလဲ ပြောဖူးတယ် ... တော် အီးပေါက်တော့မယ်ဆို  အီးပေါက်တော့မယ်ဟေ့ ... နှာခေါင်းတွေ ပိတ်ထားကြ ... အစရှိသဖြင့်ပေါ့ ... ခုဟာက ပေါက်ပြီးငြိမ်နေတယ် ... ဒါကောင်းလားတော်  ..." 

" သမီးတောင် သူအီးအီးပေါက်ရင် ဟိုးဖိနပ်စင်နဲ့ တံခါးထောင့်နား ပြေးပြေးပေါက်တာ တော်သိသားပဲ .... ခလေးကတောင် သိတတ်သေးတယ် ...ဟင်း ... " 

ဟုတ်တယ်၊ ဂျူဂျူလေးက အင်မတန် သန္ဓေကောင်းတာ။ ငယ်ငယ်ကတည်းက သင်ထားတော့ သူအီးပေါက်မယ်ဆို ပြေးပြေးထွက်သွားပြီး တံခါးထောင့်နားရာက်ရင် ဖင်လေးပစ်ပစ်ပြီး ပေါက်တာ။ အရင်ကမသိတော့ ဟဲ့သမီး ဘာလုပ်နေတာလဲဆို မေးရတယ်။ သူဖင်လေးပစ်နေပုံကြည့်ပြီး ရယ်တောင်ရယ်ရတယ်။ ချစ်ဖို့လဲကောင်းတယ်။ အဲဒီတံခါးထောင့်လေးကို အန်တီဆွိက ချစ်စနိုး "အီးပေါက်ကော်နာ (Farting corner)"  လို့တောင် နာမည်ပေးထားတာ။

ခါတိုင်းတော့လဲ သူအဖေလဲ အပြင်ထွက်ထွက်သွားတာပါ။ ဒီနေ့ကျမှ ရာသီဥတုကလဲအေးတော့ အပြင်ဖက်ထွက်ရမှာ ပျင်းတယ်နဲ့ တူပါရဲ့။ 
ဂျူဂျူရဲ့ အီးပေါက်ကော်နာနား သူ့အဖေ ဘာလုပ်နေလဲမသိ။

၂၂ရက်မွေး၊ ဗုဒ္ဒဟူးသား - ၄ ဂဏန်းသမား ဘုဂလန့် ဦးမောင်ခြိမ့်ဟာ အင်မတန်ခေါင်းမာပြီး "ငါသေမှ လက်နက်ချမယ် ..." ဆိုတဲ့ စတိုင်နဲ့ ပြန် ပြောလိုက်တာက ...

" ဟေ့ ... ဒီမှာ ... အကုန်ကြားအောင် ဘူ လို့ အသံထွက်ပေါက်တာတောင် အီးပေါက်တော့မယ်ဆိုတာ သတိပေးရဦးမှာလားကွ ... "

ဟမ်မလေး သူပြောမှပဲ အန်တီဆွိမှာ ငိုရမလား ရယ်ရမလား ဘာပြန်ပြောရမှန်းတောင် မသိတော့ ... ပထမတော့ ထုံးစံအတိုင်း ပါးစပ်အဟောင်းသားကြီးနဲ့ ... 

ဒါပေမဲ့ အန်တီဆွိကလဲ ... သေရင်တောင် လက်နက်မချဘူးဆိုတဲ့ အစားထဲကဆိုတော့ကာ ....


" အော် ... အဲဒီတော့ တော် ဆိုလိုတာက တော်က ဘူ ဆိုတာနဲ့ ကျုပ်တို့ သားအမိ၂ယောက် ဟို မီးလန့်သံချောင်းခေါက်သလို အထုပ်ပိုက်ပြီး ... အဲလေ ... နှာခေါင်းပိတ်ပြီး ထွက်ပြေးရမှာပေါ့။ ဟုတ်လား .... ဖြစ်မှဖြစ်ရလေ ... "


" နောက်ပြီး ခု တော်ကသာ ဘူ ကနဲမြည်တယ်ပြောတာ ... ကျမတော့ မကြားပေါင်တော် ... ကဲ သမီးရောကြားလား ... "

" ဂျူဂျူလဲ ကြားဘူးမေမေ ... "

"ငါသေမှ လက်နက်ချမယ့် လူကြီး ... နောက်ခါကျ ကျုပ်တို့ သားအမိ သနားသောအားဖြင့် ရှူးပဲ ဖြစ်ဖြစ် ... ဘူပဲ ဖြစ်ဖြစ် ... သတိလေးတော့ ပေးပါတော် ... တော့ အီးလန့်သံချောင်းသံကြီးတော့ နားမစွင့်ပါရစေနဲ့ .... "


 (အန်တီဆွိတစ်ယောက် အီးပေါက်တဲ့ အကြောင်းတောင် ဘလော့ဂ်ရေးနိုင်ပြီဆိုတော့ကာ အခြေအနေပြန်လည်ကောင်းလာပြီဆိုတဲ့ သဘော (ဒါမှ မဟုတ် ဟီးဟီး ... အခြေအနေ အလွန်ဆိုးနေပြီဆိုတဲ့ သဘော) ပေါ့ဂျာ ...)








Sunday, June 24, 2012

အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပိုင်း (၃)

ထိုနေ့မနက်က ဂျုဂျူလေးကို ကျောင်းပို့မှအပြန် ၃၀ ကီလိုဝေးသော အင်တာဗျူးရာနေရာကို ကားမောင်းသွားပါသည်။ ကိုကိုခြိမ့်က မြို့ထဲမှာ ကားပါ့ကင် ခက်သည်ဆိုကာ ရထားဖြင့်ပင် သွားခိုင်းနေရာ ရထားကို တစ်ခါမျှပင် တစ်ယောက်တည်း မစီးဖူးသူက ရထား ၂ဆင့်စီးရမည်ကို မစီးတတ်၍ GPS အကူအညီဖြင့် သွားရာ အလွန်အဆင်ပြေပါသည်။ ကားပါ့ကင်လည်း ထင်သလောက် မခက်ပါ။ အင်တာဗျူးသူက Product Engineering မှ ဒါရိုက်တာဆိုသူ အသက် ၄၀ကျော်ခန့် အော်ဇီလူမျိုးဖြစ်ပါသည်။ gentleman ပုံသဏ္ဌာန်၊ စကားပြောရာမှာ ပညာတတ်ပုံပေါက်ပြီး အေးအေးဆေးဆေး ရှိလှသည်။ အလုပ်ကတော့ အလွန်များသည့်ပုံပေါက်ပြီး ကိုယ်ရောက်သွားတော့ သူအင်ဂျင်နီယာတွေကြားထဲ့မှာ discussion လုပ်နေသည်။

သူမေးသည့်မေးခွန်းအချို့ကို ဖြေနိုင်သည်လည်းရှိသည်။ တစ်ချို့လဲ တော်တော်များများ မဖြေနိုင်။ ကိုယ်ပိုင်သည့် အပိုင်းများကျ ချဲ့ကားပြောနေသည်။ အင်တာဗျူးရာတွင် လက်ရှိအလုပ်လုပ်နေသူနှင့် အလုပ်မလုပ်ပဲ တစ်နှစ်လောက် အဆက်အသွယ်ပြတ်နေသူ မတူနိုင်ပါ။ ထို့ပြင် အန်တီဆွိမှာ နဂိုက သတိမေ့တတ်သူဖြစ်ရာ ဟိုးအရင်က လုပ်ခဲ့ဖူးသော technical terms များ ပါးစပ်ဖျားတွင် မေ့နေသည်။  ပြောရလျှင် အင်တာဗျူးကို လုံးဝ အားမရပါ။ ၅၀% လောက်သာ ဖြေနိုင်ပါသည်။ မေးသူကိုပင် အားနာနေမိသည်။ ကိုယ်လုပ်ခဲ့ဖူးသည့် product များအားလုံးကို စုပေါင်း၍ ပရင့်အောက်ထုတ်ထားသည်ကို ရှင်းပြရာတွင်တော့ အလွန်စိတ်ဝင်စားဟန်ပြပါသည်။

စိတ်ပျက်နေသည့် အင်တာဗျူဝါ ...
 နောက်ဆုံး အင်တာဗျူးပြီးခါနီး၍ ကိုယ့်ဖက်မှ မေးလိုသည်များ မေးပါဆိုရာ ကိုယ်အကယ်၍ အလုပ်ရလျှင် လုပ်ရမည့် product ၏ အမည်နှင့် ၄င်းနှင့်ပတ်သတ်သည့် အကြောင်းအရာကို အနည်းငယ်ချဲ့မေးလိုက်ပါသည်။ ကုမ္ပဏီအကြောင်း မေးရာ သူတို့ကုမ္ပဏီသည် R&D ရော၊ production ပါ under one roof မှာ လုပ်နေသည့်  world wide အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးအောက်မှ အခွဲဖြစ်ကြောင်း ရှင်းပြပါသည်။ (အန်တီဆွိမှာ ကုမ္ပဏီအကြောင်း ဂူဂဲလ်ပြီး၍ အားလုံး သိပြီးဖြစ်ပါသည်) နောက်ပြီး သူက အလုပ်ကို Part time အနေနှင့် လုပ်ဖို့ရော စိတ်ဝင်စားပါသလား မေးရာ အန်တီဆွိမှာ part time ရလျှင် ပို၍ပင် အဆင်ပြေပါကြောင်း ၀မ်းသာအားရ ပြန်ပြောလိုက်ပါသည်။

 နောက်ဆုံး အင်တာဗျူးပြီးသောအခါ ကိုယ့်ကို တံခါးဝနားအထိလိုက်ပို့ကာ သူသည် လက်ဆွဲနှုတ်ဆက်ကာ သက်ပျင်းတစ်ချက်ချသလိုပုံစံမျိုး ကိုယ့်စိတ်ထဲမှာထင်လိုက်သည်။ ပြီးတော့ ကိုယ်ထွက်သွားသည့်ဖက်နှင့် ဆန့်ကျင်ဖက် လမ်းမဘေးထွက်ကာ အဖော်တစ်ယောက်နှင့်  ဆေးလိပ်သောက်နေသည်။ သူ့ပုံစံကို ကြည့်၍ ကိုယ်စိတ်က ထင်သည်မှာ အင်တာဗျူးလာသူသည် သူထင်ထားသလို မှန်းချက်နှင့် နှမ်းထွက်မကိုက်၍ စိတ်ပျက်နေသလို ပုံစံမျိုး။  (ဟုတ်ချင်မှလည်း ဟုတ်မည်။)

စိတ်ပျက်နေသည့် အင်တာဗျူဝီး ...
အင်တာ ဗျူးမှပြန်လာပြီး အန်တီဆွိသည် ပို၍ပင် စိတ်ပျက်လက်လျှော့မိပါသည်။ စိတ်ကို ဒုံးဒုံးချကာ ဒီအလုပ်တော့ မရနိုင်ဆိုကာ ကိုကိုခြိမ့်ကိုလဲ အင်တာဗျူးမှာ မေးတာတွေ သေချာ မဖြေနိုင်ခဲ့ဘူး။ စိတ်ကလျှော့ထားတော့ ဘာမှ သေချာ ပြန်မကြည့်သွားတော့ technical terms တွေလဲ မေ့နေတယ်။ မရနိုင်ပါဘူး ယောက်ျားရယ်ဆိုကာ on line မှာ Jewelery ဆိုင်တွေ သွားကြည့်ကာ လုပ်ငန်းဘယ်လို စရမည်လဲဆိုတာသာ  လေ့လာနေပါတော့သည်။ 

 Catalog distributor job
ဤသို့နှင့်၂ပတ်ခန့်ကြာသောအခါ အန်တီဆွိ၏ email ထဲ လူတစ်ယောက်က အကြောင်းကြားလာသည်။ ကတ်တလော့တွေ ဖြန့်ဝေသည့် အလုပ်အတွက် သင်၏ နေရာ၊ ရပ်ကွက်တွင် Vacancy ရှိနေသည်။  သင်ယခင်က catalog distributor အနေဖြင့် လျှောက်ထားရာ ယခုစိတ်ဝင်စားလျှင် အကြောင်းပြန်ပါ ဟူသတည်း။ ကိုယ်ဖြန့်ဝေရမည့်  ရပ်ကွက် ဧရိယာကိုလည်း စာထဲတွင် မြေပုံဖြင့် ဖော်ပြထားပါသည်။ အန်တီဆွိတို့နေရာနှင့် ကပ်ရပ် ရပ်ကွက်မြေပုံ ဖြစ်ပါသည်။

အန်တီဆွိတစ်ယောက် ဘယ်အချိန်က ဘယ်လိုလျှောက်ထားသည့် အလုပ်မှန်း သေချာပင် သတိမရပါ။ သို့ပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ၊့ ခုချိန်မှာ ကိုယ်က အလုပ်လုပ်တော့မည်ဆိုကတည်းက အိမ်မှာ နေရတဲ့ ဘ၀ကို ပျင်းနေပြီ၊ ငြီးငွေ့နေပြီ၊ အတွေ့အကြုံပဲရရ၊ ဗော်လန်တီယာပဲ လုပ်ရ လုပ်ရ  ငွေရေးကြေးရေး အဓိက မဟုတ်၊ အလုပ်သာ လုပ်ချင်နေသည်။ ဘယ်လိုအလုပ်မျိုးလဲ ဂူဂဲလ်ကြည့်တော့ မိမိတို့ရပ်ကွက် ပတ်ဝန်းကျင်မှ အိမ်များ၏ စာတိုက်ပုံးများကို စူပါမားကတ်၊ စတိုးဆိုင်၊ စာသောက်ဆိုင်၊ အစရှိသည်တို့မှ ကတ်တလော့ဂ်များ၊ ကြော်ငြာများကို အိမ်ပေါက်စေ့ လိုက်ပို့ရသော အလုပ်ဖြစ်ပါသည်။ သူပြထားသည့်မြေပုံမှာ အိမ်ခြေ ၄၀၀-၅၀၀ ခန့်ရှိပြီး ငွေဘယ်လောက်ပေးမည်လဲ၊ ဘာလဲ ဆိုတာတော့ စာထဲမှာ ဘာမှ ရေးမထားပါ။

 ယဉ်ကျေးသော Area Representative
သို့နှင့် စုံစမ်းတော့ကြည့်မည်ဆိုကာ စာပို့သူထံ ဖုန်းခေါ်၍ သူချိန်းဆိုရာ နေရာရောက်သွားပါသည်။ သူသည် အင်မတန် ယဉ်ကျေးသိမ်မွေ့သော အိန္ဒိယ  (သို့) သီရိလင်္ကာ  အမျိုးသား အသက် ၄၀ကျော်ခန့်ပင်ဖြစ်ပါသည်။ သူက ဒီ ဧရိယာ အတွက် Area representative ဖြစ်သည်ဟု မိတ်ဆက်လာသည်။ အကောင့်တန့် ကော်န်မန့်စ်ဖြင့်ကျောင်းပြီးပြီး၊ အိမ်မှာပင် ကွန်ပြူတာတစ်လုံး စားပွဲပေါ်တင်ကာ အလုပ်လုပ်နေခြင်းဖြစ်ပါသည်။ လူကို သေသေချာချာ လေးလေးစားစား နှုတ်ဆက်၍၊ မိတ်ဆက်ကြကာ လုပ်ရမည့်အလုပ်ကို ရှင်းပြပါသည်။ တစ်ပတ်မှာ ၂ရက်သာ လုပ်ရမည်။ ကတ်တလော့တွေကို ၂ရက်အတွင်း ပြီးအောင် လိုက်ဖြန့်ဝေရမည်။ လုပ်ခက အားလုံးအပြီးအစီး ပုပ်ပြတ် ဒေါ်လာ ၉၀ ရမည်။ အိမ်ခြေရပ်ကွက်ပေါ်၊ ဝေရမည့် ကတ်တလော့ဂ် အရေအတွက်ပေါ်တည်၍ ၀င်ငွေက အနည်းငယ်စီ ကွာခြားမည်။ အိမ်ခြေ ၄၅၀ခန့်ရှိသောရပ်ကွက်ကို ကိုယ်က ရွေးလိုက်ရာ လုပ်နိုင်ပါမည်လားမေးသည်။ " Why not ... " ဟု ပြန်ဖြေကာ လက်မှတ်ထိုးစရာရှိတာတွေထိုးကာ ပြန်ဖို့ လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။ နောက် အပတ် Tuesday မှ အလုပ်စမည်ဆိုကာ ကတ်တလော့ဂ်တွေ လာယူရန်ပင် ချိန်းလိုက်ပါသေးသည်။

 ထွက်ခါနီးမှ ကတ်တလော့ဂ်တွေ နမူနာပြမည်ဆိုကာ သူ့ကားဂိုထောင်ထဲ ခေါ်သွားကာ လူတစ်ရပ်လောက်ရှိသည့် ကတ်တလော့ဂ်အပုံကြီးတွေကို ပြပါသည်။ နောက်ပြန်ခါနီးကားပေါ်တက်ခါနီးတော့ ကိုယ်မောင်းလာသည့် Mini Cooper ကိုကြည့်ကာ Wow !!...  your car is so beautiful !! ဆိုကာ ကားကလဲ တော်တော်သစ်နေတော့  ဒီကားမျိုးစီးပြီး စာတိုက်ပုံးမှာ ကတ်တလော့ဂ်ဖြန့်ဝေမည့် သူကို နားမလည်နိုင်စွာ ကြည့်ရင်း ကျန်ရစ်ပါသည်။


တစ်နာရီ ၅ကျပ် အလုပ် ...
နောက်ပိုင်းမှ ဖိုရမ်တွေဖတ်ရင်း သိရသည်မှာ ထိုလူတစ်ရပ်မြင့်သည့် ကပ်တလော့မျိုးစုံကို တစ်ရွက်ခြင်းစီထပ်ခြင်း၊ ရွေးခြင်းကပင် နာရီပေါင်းများစွာ ခါးကိုက်အောင်လုပ်ရသည်ဆိုပါသည်။ အန်တီဆွိ ဘုမသိဘမသိနှင့် အလုပ်လုပ်ချင်တာ တစ်ခုတည်းသာ သိ၍ လက်မှတ်ထိုးလာခဲ့သော အလုပ်မှာ အော်ဇီလိုနိုင်ငံမျိုးတွင် လုပ်ခ အနည်းဆုံး တွက်ကြည့်လျှင် တစ်နာရီ ၅ကျပ်မျှသာ ရသော အလုပ်ဖြစ်နေလေသတည်း၊ ( အော်ဇီတွင် ပုံမှန် ဘာအလုပ်ပဲဖြစ်ဖြစ် တစ်နာရီ အနည်းဆုံး ၁၅ကျပ် သတ်မှတ်ထားပါသည်။) နေပူမိုးရွာ မရှောင် တစ်အိမ်တက်ဆင်း လိုက်ပို့ရမည့်ခရီးမှာလည်း ကီလိုမီတာပေါင်းများစွာရှိပါသည်။ ဖိုရမ်တစ်ခုတွင်ရေးထားရာ အိမ်ခြေ တစ်ထောင်ရှိသောရပ်ကွက်ကို သူပို့ရာ  တစ်နေ့တည်း  ၃၅ ကီလိုကို လမ်းလျှောက်ရသည်တဲ့။ မည်သို့ တွက်သည်ကိုတော့ မသိပါ။ ထိုအလုပ်သည်ကား မတော်မတရား လူတစ်ယောက်၏ လုပ်အားခကို နှိမ်ကာခိုင်းသော အလုပ်မျိုးမှန်း သဘောပေါက်လိုက်ပါသည်.။ အများအားဖြင့် မုန့်ဖိုးအပိုဝင်ငွေရလိုသော ခလေးသူငယ်များ၊ ကျန်းမာရေး လိုက်စားလိုသော retired သက်ကြီးရွယ်အိုများ၊ အလုပ်ရှာရခက်သော ကျောင်းသားများ လုပ်သောအလုပ်ဖြစ်ပါသည်။

အန်တီဆွိမှာ လက်မှတ်ထိုးခဲ့ပြီဖြစ်ရာ ပထမဆုံးတစ်ခေါက်တော့ ကိစ္စမရှိ လုပ်လိုက်မည် စိတ်ဒုံးဒုံးချထားသည်။ လမ်းလျှောက်တာ လူတောင် ကျန်းမာသေး။ လူက ပိန်ချင်တာအတော်ပဲဆို စဉ်းစားနေသေးသည်။

2 miss call

ထိုနေ့ နေ့ခင်း သမီးသွားကြိုရန် ကျောင်းသို့ လမ်းလျှောက်နေစဉ် အချိန်သိချင်၍ ဖုန်းကိုကြည့်ရာ ဖုန်းမှ miss call ၂ခုပေါ်နေသည်။ အန်တီဆွိ ရေချိုးနေစဉ် ၀င်လာတာဖြစ်မည်။ ပြန်ခေါ်ကြည့်တော့ မည်သူမျှမကိုင်။ နောက် လမ်းလျှောက်နေရင်းဖြင့် Road work လုပ်နေသည်အနား ဆူဆူညံညံကျ မှ ဖုန်းက မြည်လာပြန်သည်။ ကိုင်လိုက်တော့ အမျိုးသားတစ်ယောက် ထုံးစံအတိုင်း အလုပ်အေးဂျင့် ဖြစ်မည်ထင်သည်။ သူပြောသည်ကို မကြားတစ်ချက်၊ ကြားတစ်ချက်။ သူက HR နဲ့ တွေ့ပါချည်း စွတ်ပြောနေသည်။ အင်တာဗျူးလာဖို့ ချိန်းသည်လဲ မဟုတ်။ သို့နှင့် အန်တီဆွိမှ အခုခေါ်တာ အလုပ် အေးဂျင့် ကုမ္ပဏီက မဟုတ်လား၊ အင်တာဗျူးချင်လို့လားမေးမှ၊  အင်တာဗျူး က technically ok, but you have to contact with  HR ဆိုမှ  သဘောပေါက်သည်။ ဟိုးလွန်ခဲ့သည့် ၂ပတ်က အင်တာဗျူးခဲ့သူမှ HR နှင့် အလုပ်ကိစ္စဆွေးနွေးဖို့ ပြန်ခေါ်နေခြင်းဖြစ်ပါသည်။ Road work နှင့် သူပြောတာတွေ သေချာ မကြားရ၊ email သာ ပို့ပါဆိုကာ ပြန်ပြောလိုက်ပြီး ကျေးဇူးတင်ကြောင်း သေချာ ပြောကာ ဖုန်းချလိုက်သည်။

ရမဲ့ ရတော့ Consultant post
အိမ်ရောက်တော့ အီးမေးလ်စစ်ကြည့်ရာ ဟိုတစ်လောက အင်တာဗျူးခဲ့သော ဒါရိုက်တာက အင်တာဗျူး successful ဖြစ်သောကြောင့် ကုမ္ပဏီမှာ Consultant အနေနှင့် အလုပ်ခန့်မည်ဖြစ်ကြောင်း၊ လစာကိစ္စ၊ အလုပ်ချိန်ကိစ္စတွေကို HR ကို ဖုန်းဆက်မေးပါဆိုကာ သူ့ရုံးမှ HR နှင့် မိတ်ဆက်ပေးထားသည်။ HRကို ဖုန်းဆက်ကြည့်ရာ part time အနေနှင့် တစ်ပတ်ကို အင်္ဂါနေ့ ၁ရက်သာ လုပ်ရမည်။ သို့ပေမဲ့ အရေးပေါ်လာလျှင်လည်း ထိုထက် ပိုလုပ်နိုင်ရမည်။  လုပ်ခ ဘယ်လောက်လိုချင်လဲမေးရာ လုပ်ခနှင့်ပတ်သတ်၍ consultant တစ်ယောက် လခ ဘယ်လောက်ရလဲ ကိုယ်တကယ်ပင် မသိရာ ကုမ္ပဏီမှ အော်ဖာ လုပ်ပါဟုပင် ပြောလိုက်ပါသည်။  သူက အထက်မှ ဘော့စ်နှင့် တိုင်ပင် ၍ ဖုန်းပြန်ခေါ်ရာ တစ်နာရီ ဒေါ်လာ ၇၀ ပေးမည်ဆိုပါသည်။

ပညာတတ်အလုပ်၊ သာမန် အလုပ် 
 ဒီနေရာမှာ ငွေရရ မရရ အလုပ်တစ်ခု အစပျိုးဖို့ ဗော်လန်တီယာရလျင်ပင်  လုပ်ဖို့ရည်ရွယ်ထားရာ တစ်နာရီ ၇၀ မှာ ကိုယ့် အတွက် မထင်မှတ်နိုင်အောင် များလွန်းနေပါပြီ။ ယနေ့ပဲ တစ်နာရီ ၅ကျပ်မျှရသော အလုပ်ကို  " Why not ... " ဆိုကာ လက်မှတ်ထိုးခဲ့ပြီ မဟုတ်ပါလား။ ဒီနေရာမှာ ပညာနှင့်လုပ်သော အလုပ်နှင့် ပညာမတတ် သာမာန် မည်သူမဆို ၀င်လုပ်နိုင်သော အလုပ်တို့၏ ကွာခြားပုံကို ကောင်းကောင်းကြီး သိလိုက်ရပါသည်။ ဤ အလုပ်တွေ လျှောက်ရာမှ ဘ၀အတွက် အသိ၊ သင်္ခန်းစာ၊ အတွေ့ အကြုံတွေ များစွာ ရခဲ့ပါသည်။ မိမိအား ဤပညာများတတ်အောင် ကျောင်းထားပေးသော မိဖများ၊ သင်ကြားပေးသော ဆရာများ၊ ကျောင်းတော်ကြီးများ၊ အတွေ့အကြုံများ သင်ပေးခဲ့သည့် ကုမ္ပဏီများ၊ အလုပ်ထဲမှ စီနီယာများအား အလွန်ကျေးဇူးတင်မိပါသည်။ ပညာတတ်သူနှင့် မတတ်သူ၏ ၀င်ငွေကွာခြားပုံ၊ သက်တောင့်သက်သာနှင့် အပင်ပမ်းခံ လုပ်ရပုံ၊ အသုံးကျပုံ၊ ကွာခြားပုံကို တစ်ရက်တည်းပင် တိုက်တိုက်ဆိုင်ဆိုင် ဆန့်ကျင်ဖက် အော်ဖာ ၂ခုရကာ သိလိုက်ရပါသည်။

 တစ်ချိန်တည်းမှာပဲ catalog distributor job မှ အိန္ဒိယအမျိုးသားထံ ဖုန်းဆက်ကာ အခြားအလုပ်အော်ဖာရ၍ မလုပ်နိုင်တော့ကြောင်း အင်မတန် ယဉ်ကျေးစွာဖြင့်  တောင်းပန်ပြောလိုက်ရပါသည်။ သဘောကောင်းသော representative က ကိစ္စမရှိပါဟု ပြောပါသည်။

 ဆန်းဆန်းတင့် အချိန်
အန်တီဆွိမှာ ပြောခဲ့ဖူးသည့် အတိုင်း အလုပ်နှင့် အဆက်အသွယ် ၁နှစ်ကျော် ပြတ်နေရာ ယခုလို ရာထူးမျိုးနှင့် ဘာသာစကားအခက်အခဲရှိရာ နေရာ အသစ်၊ ကုမ္ပဏီအသစ်မှာ လုပ်ရမည်ဆိုတော့ အနည်းငယ်ကြောက်ရွံ့မိပြန်ပါသည်။ အမှန်အတိုင်းဝန်ခံရရင် ဤမျှလောက် ရာထူးလဲ မလိုချင်ပါ၊ လုပ်ခလဲ မလိုချင်ပါ။ stress လဲ မလိုချင်ပါ။ တစ်ပတ်၁ရက်အစား ၂ရက်လောက်ဖြင့် လုပ်ခငွေ တစ်ဝက်လျှော့ကာ လုပ်ချင်လည်း ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ သိပ် sensitive ဖြစ်သည့် အလုပ် offer ချိန်မှာ ကိုယ့်ကို အထင်သေးမှာမျိုး မလိုလား၍ ကိုယ်ဖြစ်ချင်သည်ကို စိတ်ထဲတွင်အသာထားကာ offer letter ကို email မှသာ ပို့ပေးရန်တောင်းဆိုလိုက်ပါတော့သည်။

 offer letter  ရပြီ။
offer letter ကို  US အထိ ပို့ကာ ခွင့်ပြုချက်ယူ လက်မှတ်ထိုးနေရသောကြောင့် နောက် တစ်ပတ်ကျော်မှ offer letter ရပါသည်။ သူတို့သည် ကိုယ့်စိတ်ကို သိနေသည့်အလား။ offer letter ရသောအခါ သာမာန် Engineer ရာထူးဖြင့် တစ်နာရီလုပ်ခလည်း အရင်ကထက်  လျှော့ကာ တစ်ပတ်ကို ၂ရက် ပုံမှန် လုပ်ရမည်ဆိုပါသည်။ အိမ်ရှင်မတစ်ယောက်အတွက် တစ်ပတ် ၂ရက်သာ အလုပ်လုပ်ခြင်းသည် အလွန်သင့်လျှော်ကာ အန်တီဆွိလိုချင်သော အခြေ အနေများနှင့်  ကွက်တိဖြစ်နေရာ အန်တီဆွိ၏ အလုပ် ကံကြမ္မာကို ကိုကိုခြိမ့်မှ ထုံးစံအတိုင်း အံ့သြ ချီးမွန်း၍သာ နေပါတော့သတည်း။

အလုပ်ရှာရင်းမှ သင်္ခန်းစာ ..
ဤအလုပ်ကလေးရသည်ကို ငွေရေးကြေးရေး၊ တခြားကိစ္စများထက် စိတ်ထဲမှာ စိတ်ဓာတ်ရေးရာ အရ မျှင့်တင်ပေး၍ ကျေးဇူးတင်နေမိပါသည်။ အကြောင်းမှာ အန်တီဆွိသည် ထိုအလုပ်မရခင်က အလုပ်ရလိုဇောဖြင့် စိတ်ထဲရှိသမျှ၊ မြင်သမျှ အလုပ်မှန်သမျှကို မဆီမဆိုင်လျှောက်ကာ မရတော့ အလကားနေရင်း စိတ်ဓာတ်ကျနေသည်။ အမှန်မှာ ၂လ-၃လလောက်ရှာရုံနှင့် အလုပ်မရသည်ကို စိတ်ဓာတ်ကျစရာမလိုပါ။ သံချေးတက်နေသော ကိုယ့်အရည်အချင်းများကို နေ့စဉ် ဖတ်ရှု လေ့လာခြင်းအားဖြင့် ထက်မြက်လာအောင်သွေးနေရင်း ၁၀နှစ်ကျော် အတွေ့အကြုံရှိသော မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကိုသာ အားစိုက် ရှာသင့်ပါသည် ဟုသာ နောက်ဆုံး အသိတစ်ခုရခဲ့ပါသည်။

အသိပညာ ၊ အတတ်ပညာ စုဆောင်းခြင်း-  (Mechanical R&D knowledge Bank )
အန်တီဆွိမှာ ထိုနေ့မှစ၍ မနက်ခင်း ဂျူဂျူကျောင်းပို့ချိန်မှ ပြန်ချိန်အထိ အိမ်မှာ တစ်ယောက်တည်း အလုပ်ဆင်းသကဲ့သို့ စားပွဲတစ်လုံးချ၊ ကွန်ပြူတာတစ်လုံး ချကာ အလုပ်နှင့် ပတ်သတ်ရာ၊ မိမိပညာနှင့် ပတ်သတ်ရာ၊ ဘာသာစကားနှင့်ပတ်သတ်ရာ တိုးတက်ရာ တိုးတက်ကြောင်းတွေသာ လုပ်ပါတော့သည်။ သံချေးတက်ကာ တုံးလုတုံးခင်ဖြစ်နေသာ ဓားကို စတင်သွေးနေပါပြီ။ folder တစ်ခုနှင့် Excel file တစ်ခုဖွင့်ကာ ပြန့်ကျဲနေသော (မိမိ စတင်အလုပ်လုပ်ခဲ့ရာမှ နောက်ဆုံးအထိအတွေ့ အကြုံ) technical ပိုင်းဆိုင်ရာများကို အားလုံး ချရေးကာ စုစည်းနေပါသည်။ အလုပ်တွင် သုံးရမည့်ဆော့ဖ်ဝဲများကိုလဲ အိမ်မှာပင် ဒေါင်းလုပ်လုပ်ခါ လေ့ကျင့်နေပါသည်။

ကြီးကြီးကျယ်ကျယ် ပြောရလျင် အန်တီဆွိ ယခုအချိန်မှာ အကြောက်ဆုံးမှာ မိမိသိထားသော အသိပညာများ၊ အတတ်ပညာများ၊  မည်သူ့ကိုမျှ မဖြန့်ဝေပဲ အလုပ်မလုပ်တာကြာ၍ မေ့လျှော့ကာ လွင့်ပျောက်ေ၀၀ါးသွားမှာ  ကြောက်နေပါသည်။ နောင်တွင် အသက်ကြီး၍ မြန်မာပြည်ပြန်ပါကလည်း ကိုယ်သိသည့် ပညာကို ဖြန့်ဝေပေးရန် ရည်ရွယ်ထားရကား ထို excel sheet နှင့် အလုပ်ဟောင်းများမှ စုဆောင်းထားသော စာရွက်စာတမ်းများအားလုံးကို တစ်နေရာထဲ တွင်သေချာ သိမ်းဆည်းကာ စတင်ပြုစုနေပါပြီ။ ယခု အလုပ်မှ ကန်ထရိုက်ကာလပြီးဆုံး၍ နောက်အလုပ်ရှာလျှင်လည်း ယခုလို ၀ရုန်းသုန်းကားမဟုတ်ပဲ နေရာတစ်ခုထဲမှာ အားလုံး သပ်သပ်ရပ်ရပ် စုစုစည်းစည်းဖြစ်အောင် ပြင်ဆင်နေပါပြီ။  ...။

အလုပ်ရဖို့ probability ...
နောက်တစ်ခုပြောလိုသည်မှာ အရာရာတိုင်းတွင် probability ဆိုတာရှိရာ လူတစ်ယောက် အလုပ်ရှာလျှင် ရနိုင်ချေ  probability တစ်ခုတော့ ရှိနိုင်သည်ချည်းဖြစ်ပါသည်။ အန်တီဆွိလို လျှောက်တိုင်း အင်တာဗျူး ရသူဆို ပိုရဖို့ အခွင့်အရေးများပါသည်။ ရှေ့က အင်တာဗျူးများ အတွေ့အကြုံဖြင့် ဒီတစ်သက်တော့ အလုပ်မရနိုင်တော့ပြီဆိုသည်မှာ မမှန်ပါ။ ယခုကုမ္ပဏီဆိုလျှင် အင်တာဗျူးပင် ကောင်းစွာ မဖြေနိုင်ပါ။ ဒီလိုအခြေအနေမျိုးမှာလည်း consultant လို ရာထူးမျိုးပင် ခန့်ဖို့ ရှိရာ တစ်ခါတရံ ကံအကြောင်းများတိုက်ဆိုင်ပါကလည်း အလုပ်ရဖို့ အခွင့်အရေးက ရှိနေပြန်ပါသည်။ နောက်မှ ထိုကုမ္ပဏီကို Linkin မှ ရှာကြည့်ရာ သူတို့ထဲမှာ အေရှန်းတွေ အတော်များများရှိရာ ကိုယ့်လောက် language အခြေအနေနှင့် နေသားကျသော ကုမ္ပဏီနှင့်တွေ့ပါက သူတို့အတွက် ဘာသာစကားအားနည်းသော အေရှန်းတစ်ယောက်ကို ခန့်ရန် မထူးဆန်းပါ။ (ယခုတော့လဲ language တော်တော်တိုးတက်လာပါပြီ)  ထို့ကြောင့် နောင်အလုပ်ရှာလျှင် စိတ်ဓာတ်မကျပဲ စိတ်အေးအေးထား ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထား၊ အရည်အသွေးကို ထက်သထက်ထက်အောင်သွေးရင်းဖြင့် အလုပ်ရဖို့ရာ ဖြစ်နိုင်ပါကြောင်း ကိုယ့်ကိုယ်ကိုလဲ အားပေးရင်း၊ တိုက်ဆိုင်မှုရှိသော ပိတ်သတ်တွေကိုလည်း အားပေးရင်းဖြင့် ....


နောက်အပတ်တွင် အလုပ်စဆင်းရမည်ဖြစ်ပါသည်။ အစစ အရာရာ အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။



 ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။





အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပိုင်း (၂)

ကော်ဖီဆိုင်တွေ့ပြီ ....
အန်တီဆွိတို့သည် ညဆို ကော်ဖီဆိုင်လိုက်ရှာ၊ မနက်ဆို အေးဂျင့်အား ဖုံးဆက်၊ လိပ်စာမေးကာ ကားတစ်စီးဖြင့် ကော်ဖီဆိုင် အခြေအနေကို ထောက်လှမ်းစုံစမ်းကြတော့သည်။ လူလာမလာ၊ နေရာကောင်းမကောင်း၊ ပြိုင်ဖက်ရှိမရှိ၊ အလားအလာရှိမရှိ၊ အလုပ်သမား ဘယ်နှစ်ယောက်၊ သူတို့ပြောသည့် စာရင်းဇယားတွေအတိုင်း အမြတ်ကျန်သည်မှာ မှန်သလား၊ အကြမ်းဖျင်း တွက်ချက်ကြသည်။ ဤသို့ဖြင့် ဆိုင်ခန်းပေါင်း ၃၀-၄၀ ခန့် ကြည့်ရှူ စုံစမ်း အပြီးတွင် စိတ်ကြိုက်ဆိုင်လေးတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ ဆိုင်ကလေးသည် သေးပေမဲ့ သပ်ရပ်သည်။ မြို့ငယ်လေး၏ဈေးအနီး လူနေရပ်ကွက်ထိပ်ကလေးတွင်ရှိရာ မြို့ငယ်လေးမှ လူထုသည် ထိုဆိုင်လေးကို တော်တော်အားပေးကြသည်။ ဆိုင်ပိုင်ရှင်သည် ကိုယ်တိုင် ကော်ဖီဖျော်ကာ အလွန်ဖော်ရွေ ဆက်ဆံရေးကောင်းသောသူအဖြစ် မြို့ကလေးတွင် လူသိများသူဖြစ်သည်။ ကြည့်သမျှဆိုင်များထဲတွင် လူအလာဆုံး၊ လူအကျဆုံး၊ ဆိုင်ခန်းငှါးခ အနည်းဆုံး ဆိုင်လေးဖြစ်ပါသည်။ ဘဏ်မှ ငွေချေးစရာမလိုပဲ ကိုယ်ဝယ်နိုင်သော ဘက်ဂျက် ထဲမှာရှိပါသည်။ တစ်လ အနည်းဆုံး ဒေါ်လာ  ၅ထောင် -၆ ထောင် ခန့်  အမြတ် ကျန်နိုင်သော ဆိုင်ဖြစ်ပါသည်။

တွက်ရေးက စက်သုဋ္ဌေး  ...
ဆိုင်လေးသဘောကျနေ၍ နောက်တဆင့်တက် ဆိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သော အချက်အလက်များ၊ စာရွက်စာတမ်းများကို မှန်မမှန်စစ်ဆေးရန် အေးဂျင့်ကို ခွင့်တောင်းကာ ဆိုင်ရှင်နှင့် သွားတွေ့ကြပါသည်။ ဆိုင်ရှင်သည် အီတာလျှံလို ရုပ်မျိုး ကော့ကေးရှန်းဖြစ်သည်။ စကားပြောအလွန်ကောင်းသည်။ ဆိုင်ရှင်မှပြောပြသည့် အချက်အလက်များ၊ စာရွက်စာတမ်းများမှာ တစ်ချို့နေရာတွေမှာ ထင်ထားသည်ထက်ပင် အားရကျေနပ်စရာကောင်းပါသည်။ အတိုချုပ်ဆိုသော် ဆိုင်ကလေးသည် အမှန်ပင် ၀ယ်ချင့်စဖွယ်ဖြစ်နေပါသည်။ ဆိုင်ကိုသွားသည့်နေ့က ဆိုင်မှာ လူကျနေရာ ထိုင်စရာပင်မရှိ တန်းစီနေသည့် လူအုပ်ကိုကြည့်ကာ ဆိုင်ဝယ်မည့် လင်မယားမှာ ၀မ်းသာနေပါသည်။ ဆိုင်ဝယ်ဖြစ်ပါက စီစဉ်ထားသည်မှာ ကိုကိုခြိမ့်က ဆိုင်ရှင်နေရာ ၀င်ယူကာ ကော်ဖီဖျော် (Barista) လုပ်ရင်း cashier လုပ်မည်။ ဆိုင်က နဂိုရ်ရှိပြီးသား chef ကောင်လေးကို ဆက်ခန့်ထားမည်။ ဂျူဂျူလေး ကျောင်းပို့အပြန် အန်တီဆွိက ကော်ဖီဆိုင်ဝင်ကာ လက်တိုလက်တောင်း လိုတာ ၀င်ကူလုပ်မည် ဟူ၏။

 တွက်ရေးကတော့ စက်သူဋ္ဌေးဖြစ်နေပါပြီကော။ အရာရာ ချောမွေ့ အဆင်ပြေနေသည်။

သတင်းကောင်းလေး တစ်ခု ...
ကော်ဖီဆိုင်လေး တေ့တေ့ဆိုင်ဆိုင် ၀ယ်ခါနီး ကိုကိုခြိမ့်သည် အလုပ်ဟောင်းမှ အရာရှိနှင့် အဆက်အသွယ်မပျက်ရှိရာ သူတို့ force to leave ယူပြီး ရုံးပြန်တက်ရမည်ဟုပြောသောရက် ၂ရက်အလိုတွင် သတင်းကောင်းတစ်ခုပို့လာသည်။ သူတို့လို termination letter ရထားသူများလဲ ရုံးကိုလာကြပါ။ ကုမဏီ အသစ်မှ HR ဒါရိုက်တာလာကာ စကားပြောမည်။ အလုပ်သမားများ၏ ပြသနာများကို  ၀ိုင်းဝန်းအဖြေရှာ ဆွေးနွေးကာ warming up  section ခေါ်မည် ဆိုသည်။ ကိုကိုခြိမ့်ကဲ့သို့  သူတို့သဘောကျသူ၊ key performer တွေကို ပြန်ခေါ်ဖို့ အခွင့်အလမ်းတွေရှိနိုင်သည်၊ သေတော့ မသေချာဟုပြောလာသည်။ သူကိုယ်တိုင်ကတော့ ကိုကိုခြိမ့် အလုပ်ပြန်ရစေရေးအတွက် ဟိုဖက်က မန်နေဂျာကို တိုက်တွန်း စကားပြောပြီး ဖြစ်သည် ဆိုပါသည်။

အန်တီဆွိမှာ  ထိုကိစ္စကို ယုံကို မယုံနိုင်ပါ။ termination letter ရပြီးသားလူကို အလုပ်ပြန်ခန့်မည်တဲ့၊ ဖြစ်နိုင်ပါမည်လော။ ယုံတမ်းစကားသာဖြစ်မည်။ လောကတွင် မကောင်းသတင်း၊ အဖြစ်အပျက်များသာ ဖြစ်ပျက်နေရာ ထိုကိစ္စကို တကယ်ဖြစ်လာမည်ဟု လုံးဝ မယုံကြည်ခဲ့ပါပေ။

ရင် တထိတ်ထိတ်  ...
ထိုနေ့က ကိုကိုခြိမ့် ဘုရားစင်ရှေ့မှာ အကြာကြီး ဘုရားရှိခိုးပြီးမှ အလုပ်သွားသည်။ အန်တီဆွိလည်း စိတ်လှုပ်ရှားစွာဖြင့် ကိုကိုခြိမ့်ထံမှ ဖုန်းအလာကို စောင့်နေသည်။ နေ့လည် ၁၁နာရီအထိ ဘာသတင်းမှမကြားရ။ နေ့လည်စာစားချိန် နီးတော့ ဖုန်းဝင်လာသည်။ အရင်ကုမဏီက အရင် အလုပ်သမားတွေနဲ့ ပတ်သတ်လို့ စီစဉ်ထားခဲ့သည်ကို ယခုလက်ရှိကုမဏီက လက်မခံပါတဲ့။ ခုသူတို့ စိတ်ကြိုက်လူတွေကို ပြန်ခေါ်ပြီး စာအိပ်တွေ (offer letter)  ပေးပြန်ပါသည်တဲ့။ အော်သူတို့တွေ အဖြစ်မှာ ငိုအားထက် ရယ်အားသန်ဖြစ်နေပါပြီကော။ စာအိပ်တွေ ရလိုက်၊ မဟုတ်ဘူးဆိုက ပြန်ဖျက်လိုက်၊ ပြန်ရလိုက်နှင့် လူတွေ ဘ၀တွေလဲ ဇကောထဲထည့်ကာလှဲ့သည့် ဇီးဖြူသီးတွေလို ပရမ်းပတာရှိလှသည်။ တော်တော်ခံစားကြရမည်။

ကိုကိုခြိမ့် စာအိပ်ရလားဆိုတော့ ရဖို့ chance တော့ရှိတယ် ထင်တာပဲတဲ့။ ခုချိန်ထိတော့ မရသေးဘူး တဲ့။ အလုပ်သမား ၄၀၀လောက်ရှိရာ စာအိပ်တွေကို တန်းစီပြီး ယူနေရပါသည်တဲ့ ။ သူ့အလှည့်ရောက်ခါနီးပြီမှို့ ဆုတောင်းပေးပါ ဆိုလာသည်။ အန်တီဆွိလည်း ဟင်းချက်နေရာကနေ ဘုရားစင်ရှေ့ပြေး သစ္စာ အဓိဋ္ဌာန်တွေ၊ ဘာတွေပြုကာ ဆုတောင်းပေးလိုက်ပါသည်။ ၅မိနစ်နေတော့ ဖုန်းထပ်ခေါ်ပြီင်္း သူ offer letter ပြန်ရပြီ ဆိုသည့်အကြောင်း ၀မ်းသာအားရ လေသံနှင့်ပြောပါသည်။ အန်တီဆွိကား အိပ်မက်တစ်ခု ထပ်မက်နေသည်လား၊ အိမ်မက်ဆိုးတစ်ခုမှ နိုးထခဲ့ပြီလား မသေချာ၊ တကယ်ဖြစ်ပျက်နေသည်လား ဆန်းစစ်ကြည့်နေရသည့် အခြေအနေ ရောက်နေသည်။ ညနေ ကိုကိုခြိမ့်ပြန်ရောက်တော့ ယခင် မြင်တွေ့နေကျ ကိုကိုခြိမ့်၊ တက်ကျွလန်းဆမ်းနေသော ကိုကိုခြိမ့်ကို ပြန်လည်တွေ့ရှိရပါသည်။

တစ်ချို့လဲ ဒီတစ်ခေါက်မရ ...
ယခုတစ်ခေါက်လည်း offer မရသူ ၁၀၀ခန့်ရှိရာ အန်တီဆွိတို့မှာ ကိုယ့်အတွက် ၀မ်းသာရသော်လည်း ထို အဖြစ်အပျက်မျိုးခံစားဖူး၍  offer မရသူများအတွက် ကိုယ်ချင်းစာ စိတ်မကောင်းအမှန်ပင် ဖြစ်မိပါသည်။ ကိုကိုခြိမ့် ပထမတစ်ခေါက် terminate လုပ်ခံရစဉ်က အမြဲဖုန်းဆက် အားပေးသောသူသည် ယခုတစ်ခေါက်တွင် အော်ဖာလက်တာမရခဲ့ပါ။ သူကကံကောင်းသည်မှာ သူ့ အမျိုးသမီးက အလုပ်လုပ်၍  ကိုယ်တွေလောက်မဆိုး၊ နေသာထိုင်သာ အနည်းငယ်ရှိသည် ဆိုရမည်။

ကော်ဖီဆိုင် ဘာဆက်လုပ်မည်လဲ ....
ကိုကိုခြိမ့် အလုပ်သွားနေရင်းဖြင့်ပင် စုံစမ်းလက်စ ကော်ဖီဆိုင်ကလေးကိုလဲ ဆက်လက် စုံစမ်း လေ့လာနေကြဆဲဖြစ်သည်။ အကြောင်းမှာ ကိုကိုခြိမ့်သည် ယခုအလုပ်ကလဲ ဘယ်လောက် မြဲမှာလဲ၊ သေချာရေရာ ဘာမှ မပြောနိုင်သည့် အခြေအနေဖြစ်ရာ ကော်ဖီဆိုင်လေးကို ဆက်ဖွင့်ကြမည်။ အန်တီဆွိမှ ဦးဆောင်ကာ ကော်ဖီဖျော်သူ (barista) တစ်ယောက်၊ ချက်ပြုတ်သူ (chef) တစ်ယောက်ငှါးကာ ကိုယ်က ဆိုင်ပိုင်ရှင်အနေဖြင့်၊  ကျရာ ကူညီလုပ်ရင်းဖြင့် ၀င်ငွေမရလဲ ကိစ္စမရှိ အတွေ့အကြုံရအောင်ယူမည်ဆိုကာ ဆက်ဖွင့်မည် စိတ်ကူးသည်။

chef က အလုပ်ထွက်ပြီ ...
နောက်ဆုံးတစ်ခေါက် ဆိုင်သွားကြည့်ကြသည့်နေ့ကတော့  ဆိုင်ပိတ်ချိန်မှို့ အေးအေးဆေးဆေးရှိလှသည်။ ကိုယ်မေးလိုသော မေးခွန်းများကို အပြန်အလှန်မေးကာ ဆိုင်ရှင်နှင့် စကားစမြည်ပြောကြသည်။ ဤတွင် ဆိုင်ရှင်ထံမှ ယခုလုပ်နေသော chef ကောင်လေးသည် ဆိုင်ရောင်းမည်ဆိုသည်နှင့် အလုပ်မှ ထွက်သွားပြီဆိုသည်။ သူသည် အလွန်ရှက်တတ်ရာ (very shy guy ဟုဆိုသည်)  အလုပ်ရှင် အသစ်နှင့် မနေလိုဟု အကြောင်းပြချက်ပေးသည်တဲ့။ အန်တီဆွိတို့လည်း အတော်အားလျော့သွားသည်။ ကိုယ်ဖွင့်မည့်ဆိုင်သည် သူတို့ အော်ဇီ အဖြူတွေဖက်ကကြည့်လျှင် ဆိုင်ပိုင်ရှင် အသစ်က အေရှန်းတွေ ၊ပြီးတော့ ... ရင်းနှီးပြီးသား အရင်လက်ဟောင်းလူ တစ်ယောက်မှမကျန်တော့၊ ဘယ်ရီစ်တာအသစ်၊ ချက်ဖ် အသစ်နှင့် အားလုံးအသစ်တွေ၊ ယခင်လက်ရာ မှီပါ့မလား။ အေရှန်တွေက ယခင်လို ဆက်ဆံရေး အဆင်ပြေပါ့မလား ... စဉ်းစားမည်။ အဆုံးစွန် အေရှန်ဆိုင် အားမပေးဆိုကာ နောက်ဆိုင် ပြောင်းသောက်တာမျိုးလဲ ဖြစ်နိုင်ပါသည်။

ကော်ဖီဆိုင် အနာဂတ် ဘာလဲ၊ ဘယ်လဲ ...
နောက်ပြီး ကော်ဖီဆိုင်ဖွင့်သူကလဲ တစ်ခါမှ အတွေ့အကြုံရှိသူမဟုတ်၊ ကော်ဖီမှာလို့မှ အော်ဇီဘာသာစကားကိုပင် ကောင်းကောင်းနားမလည်သော
 အေးရှန်းပိုင်ရှင်။ အစရှိသည်တို့ကိုတွေးကာ အန်တီဆွိမှာ ကြောက်လာပါသည်။ သတ္တိမရှိပါ။ မစွန့်စားရဲပါ။ ထို့အပြင် ကော်ဖီဆိုင်သည် မနက်၆နာရီဆိုင်ဖွင့်ဖို့ အရေး မနက်၅နာရီ အိပ်ရာက ထလာရမည်။ ဂျူဂျူလေးကို ကျောင်းကြိုကျောင်းပို့ child care ထားရမည့်တာဝန်၊ ဆိုင်မှာလည်း သန့်ရှင်းရေးကအစ အောက်ခြေသိမ်းလုပ်မှ ၀င်ငွေမရ၊ အတွေ့အကြုံသာ ရနိုင်သောအခြေအနေ ( ကော်ဖီဖျော် ၁၊ chef ၁ယောက် ငှါးပါက အလုပ်သမား စရိတ်ထောင်းကာ အမြတ်ကျန်ဖို့ မလွယ်ပါ)၊ ဆိုင်၏ တိုးတက်နိုင်မှုကို သံတယရှိလာသည့် အခြေအနေ၊ ကိုယ့်လက်ထဲရောက်မှ ဆိုင်က ဘယ်လိုအခြေအနေဖြစ်မည်လဲ ကြိုတင်မခန့်မှန်းနိုင်သည့် အချက်၊  ငွေတွေအရင်းအနှီးကြီးကြီးရင်းပြီးမှ ဆိုင် မအောင်မြင်၍ မဖွင့်လိုက ပြန်ရောင်းထွက်ဖို့ရာ ခက်သည့် အခြေအနေ`၊ နောက်ဆုံးရသည့်ဈေးနှင့် ရောင်းလိုက်ရမည့် အခြေအနေထိဖြစ်နိုင်ရာ အားလုံးကို  တွက်ချက်၊ ဆန်းစစ်ပြီး အန်တီဆွိမှာ ကိုကိုခြိမ့်ကို ဆိုင်ဖွင့်ဖို့ကိစ္စကို ပြန်စဉ်းစားကြရန် တိုင်ပင်ကြသည်။ ရင်းထားသည့် ငွေကြေးအတွက် အလွန် risk များလွန်းသည်ဟု တွက်မိကြသည်။

Risk မယူရဲတော့ ...
နောက်ဆုံးတော risk မယူရဲသည့် အန်တီဆွိလည်း သူငှေးဖြစ်မည့် ကံမပါလာတော့ ကော်ဖီဆိုင် ပိုင်ရှင်-အကူဘ၀မှ စိတ်ဒုံးဒုံးချကာ ကော်ဖီဆိုင်က ရသလောက် ငါအပြင်မှာရှာလည်း ရတာပဲ။. ငွေ တစ်သိန်းရင်းပြီးတော့ဖြင့် ဒီလောက်ငွေ ရှာဖို့မလိုဟု စိတ်ပိုင်းဖြတ်ကာ ကော်ဖီဆိုင်အလုပ် ဤတွင် ဓိဋ္ဌိတံလေသည်။ အပြင်တွင် ဘာအလုပ်လေးများ ရနိုင် လုပ်နိုင်မည်လဲ စုံစမ်းသည်။ ဒီကြားထဲ အလုပ်လျှောက်သည့် ၀က်ဘ်ဆိုက်ကလေးတွေ ၀င်ကြည့်ရင်း ကိုယ့်အလုပ်နှင့် တိုက်ရိုက်နီးပါးတူနေသည့် အလုပ်ကလေးများလည်း ကြုံသလို လှမ်းလျှောက်လိုက်သေးသည်။

 Interview again ...
အလုပ်ကလည်း လျှောက်သည်နှင့် အင်တာဗျူးခေါ်သည်ချည်းသာဖြစ်သည်။ ထိုနေ့ကလျှောက်သောအလုပ်သည် အေးဂျင့်နေရာမှာ အင်တာဗျူးသွားရမည်။ ကီလို ၃၀လောက်ဝေးသော မြို့လည်ခေါင်နေရာတစ်ခုဖြစ်သည်။ အင်တာဗျူးအတွက် စာတွေပြန်ဖတ်၊ ဘာသာစကားပြောအတွက် အနည်းငယ်ပြင်ဆင်၊ အ၀တ်အစားပြင်ဆင်နှင့် အလုပ်အတော်ရှုပ်သွားသည်။ အင်တာဗျူးမှာတော့ တော်တော်အားရပါသည်။  အင်တာဗျူးသည့်အေးဂျင့်ကလည်း သဘောကျပုံရသည်။ သူ့ကပ်စတန်မာဆီ CV ကို ပို့ပေးကာ နောက်ထပ် အင်တာဗျူး အတွက် စီစဉ်ပေးမည်ဆိုသည်။ ကိုကိုခြိမ့်တော့ အော်ဇီလိုနေရာမျိုးမှာ အလုပ်တစ်ခါလျှောက်တိုင်း အင်တာဗျူးရနေသော သူ့အမျိုးသမီးကို အံ့သြ၍သာနေပါသည်။

နိမ့်ကျသည့် ဘ၀ ...
အတိုခြုံးပြောရလျှင် အထက်ပါအေးဂျင့်ထံ စာရေးအကျိုးအကြောင်းမေးသော်လည်း CV ကို ပို့ထားသည်။ customer မှ အကြောင်းမပြန်သေးဆိုကာ ယနေ့အချိန်ထိ မည်သည့် ဆက်သွယ်မှုမှ ထပ်မရခဲ့ပါပေ။ အန်တီဆွိမှာကား စိတ်ဓာတ်က ပိုကျလာသည်။ ထစ်ကနဲရှိ ငါစကားပြောတာ အဆင်မပြေလို့လားဆိုကာ ကိုယ့်ကိုယ်ကို အထင်သေးကာ ဒီတစ်သက် ဒီအေးဂျင့်တွေနဲ့ ငါနဲ့တော့ ဒီအတိုင်းပြီးတော့မယ်နဲ့တူတယ်၊ အလုပ်ရဖို့တော့ လမ်းမမြင်ဘူး ... ဆိုကာ စိတ်ဓာတ်ကျကာ အင်ဂျင်နီယာအလုပ်သာမက တခြားဖြစ်နိုင်ချေ ဘာအလုပ်လေးများရနိုင်သေးလဲ ၀ပ်ဘ်ဆိုက်တွေထဲ ၀င်ကြည့်၊ သင့်တော်တာလေးတွေ့ ဖုန်းဆက်မေး။ ဟမ်မလေး အင်မတန် အောက်တန်း နောက်တန်းကျလှချေတကား။ စလုံးမှာနေစဉ်က ကိုယ်ကားကိုယ်မောင်းကာ ရာထူးမြင့်မြင့်၊ လစာမြင့်မြင့်ဖြင့် ကိုယ့်ဘော့စ်ကိုတောင် မကျေနပ်လျှင် ပြန်ဟောက်နိုင်သည့် အခြေအနေ၊  အိမ်မှာလဲ အကူနှင့်ကျော့နေအောင် နေရသောဘ၀မှ ဘာမဟုတ်သည့် အလုပ်ကလေး ရပါမည့်အကြောင်း ဖုန်းဆက်ခါ အောက်တန်းကျကျမေးနေရသည့် ဘ၀ရောက်နေပြီတကား။ အတော်လေး သံဝေဂ ရမိပါသည်။

စင်္ကာပူပြန်မည်လော ...
အန်တီဆွိ အလုပ်မျိုးသည် စင်္ကာပူမှာ အလွန်ပေါသည်။  အန်တီဆွိမှာ စင်္ကာပူ သံယျောဇဉ် မကုန်ရကား စင်္ကာပူမှ Jobsdb နှင့် Jobstreet တွေမှ job alert တွေ အပတ်စဉ်ဖတ်ကြည့်နေရာ တစ်ခါတရံ စင်္ကာပူ ပြန်ပြေး အလုပ်ရှာချင်စိတ်ပင် ပေါက်ပါသည်။ အနှီ ၁၀နှစ်ကျော် အတွေ့အကြုံနှင့် တော်ရုံလစာဖြင့်ရှာပါက အနည်းဆုံး တစ်လ-၂လအတွင်း အလုပ်သေချာပေါက် ရနိုင်ပါသည်။ သို့ပေမဲ့ ဂျူဂျူလေးပညာရေးက ဒီဖက်မှာ အတော်ကို အဆင်ပြေရာ သမီးငဲ့လို့  ဟိုဖက်ပြန်ပြောင်းဖို့ရာတော့ မဖြစ်နိုင်။ ဒီဖက်မှာပဲ ကြိုးစားအလုပ်ရှာရန်သာ အဖြေထွက်ပါသည်။

လာပြန်ပြီ အင်တာဗျူး ...
အန်တီဆွိသည် စိတ်ကလဲ အလွန်မြန်သည်။ စိတ်ကလဲကြီးသည်။ လိုချင်တာကို ခုချက်ချင်းလိုချင်သည်၊ ရချင်သည်။ အော်ဇီသည် စောနက ပြောသလို အလုပ်တစ်ခုရဖို့ ပုံမှန် ၆လ-၁နှစ်ကြာရာ ယခု ၂လလောက်လေးမှာ အလုပ်မရသည်ကို စိတ်ဓာတ်က ကျချင်သည်။ အလုပ်တွေကတော့ လျှောက်မြဲ။ ထိုနေ့က အေးဂျင့်တစ်ယောက်မှ ဖုန်းဆက်ခေါ်ပြန်သည်။ ဒီတစ်ခါတော့ အမျိုးသမီးဖြစ်သည်။ စစချင်း စကားပြောကြပြီး အမျိုးသမီးမှာ ကိုယ့်ရဲ့ အသံကိုကြားပြီးကထဲက မနှစ်မြိုမှန်း သိသာနေသည်။ ပြောနေရင်းဖြင့် medical product အတွေ့အကြုံရှိလားမေးရာ ကိုယ်က အမှန်အတိုင်း လုပ်သက် ၁၁နှစ်မှာ  နောက်ဆုံး ၂နှစ်လောက်ပဲ လုပ်ခဲ့သည်ပြောမိရာ သူတို့က medical product ကို ၈နှစ် နှင့်အထက် အတွေ့အကြုံရှိသူသာ လိုချင်ကြောင်းပြောကာ ဂွက်ကနဲဖုံးချသွားလေသတည်း။ အန်တီဆွိမှာတော့ ဒီအေးဂျင့်တွေနဲ့ အင်တာဗျုးနေသရွေ့ ငါတော့ ဒီတစ်သက် အလုပ်မှ ရပါတော့မလား။ ငါ့ ရဲ့ career ကို ဒီ language barrier ပြသနာလေးနဲ့ တစ်သက်လုံး စွန့်လွှတ်လိုက်ရတော့မှာလား၊ စိတ်ဓာတ်က ပိုကျလာသည်။

 အရင်က အိမ်ရှင်မ ဘ၀ဖြင့် စိတ်အေးလက်အေးနေရာကနေ ခုတော့ အလုပ်လုပ်ရမည် ဆိုကတည်းက ဘာအလုပ်လေးပဲရရ လုပ်ချင်လာသည်။ ခုချိန်မှာ မလုပ်လဲ နေဖြစ်ပေမဲ့ အလုပ်က ရှာလက်စဆိုတော့ အလုပ်လုပ်ချင်သည့် စိတ်မှာ တားမရတော့ပါ။ cashier ပဲဖြစ်ဖြစ်၊ waiter ပဲဖြစ်ဖြစ် ငွေအတွက်တစ်ခုတည်းမဟုတ်၊ ဘာဖြစ်ဖြစ်၊ ဘာအတွေ့အကြုံပဲရရ အလုပ်သာ လုပ်ချင်နေတော့သည်။ အင်ဂျင်နီယာ အလုပ်ကိုတော့ အတော် စိတ်ကုန်နေပါပြီ။

Casual အလုပ်ဆိုပြန်တော့လဲ ...
ကဲ ...အင်ဂျင်နီယာအလုပ်လို ဦးနှောက်ခြောက်စရာမလို၊ ပေါ့ပေါ့ပါးပါး casual ၊ part time ရရာ အလုပ်လုပ်မယ် ဆိုပြန်တော့လဲ အလုပ်တွေ အတော်များများဟာ သက်ဆိုင်ရာ certificate တွေ၊ ဒီပလိုမာ လက်မှတ်တွေ အပြင် အတွေ့အကြုံတဲ့ ခင်ဗျ။ အလုပ်တွေက ပေါပါရဲ့၊ လိုက်ကြည့်တော့ ဘာတစ်ခုမှ ကိုယ်နဲ့ အကြုံးမ၀င်သည့် အလုပ်များသာဖြစ်နေပါတော့သည်။ နောက်ပြီး ဒီမှာ အလုပ်တွေက net work ဆိုသည့် အသိမှတဆင့် အလုပ်ခေါ်တာတွေများသည်။ ပုံမှန်အတိုင်း လျှောက်သူ အလုပ်ရဖို့ အခွင့် အရေး အလွန်နည်းသည်။ အန်တီဆွိမှာ အဲဒီဖက်မှာတော့ မာနက အလွန်ကြီးသည်။ ဘယ်သူ့ကိုတော့ဖြင့် အလုပ်ကလေး ရပါမဲ့အကြောင်း အလုပ်ရှိရင် ပြောပါဆိုတာမျိုး အောက်ကျသည်၊ နိမ့်ကျသည်ထင်ကာ မည်သူ့ကိုမျှ မပြောခဲ့ဖူးပါ။ အလုပ်ရှာနေသည်ကိုပင် မသိစေခဲ့ပါ။

အင်ဂျင်နီယာအလုပ်ကတော့ စိတ်ပျက်ပေမဲ့ တိုက်ဆိုင်တာလေးများရှိလျှင် ပစ်မြဲ။ လျှောက်မြဲ။

e-bay မှ on line shop...
နောက်စဉ်းစားမိတာလေးတစ်ခုက အန်တီဆွိက လက်မှုအလုပ်လေးများ အလွန်ဝါသနာပါသည်။ အလွန်လဲ သင်လွယ် တတ်လွယ်သည် ထင်သည်။ အိမ်မှာ ယနေ့ခေတ်စားနေသည့် ခရစ်စတယ်၊ ဖန်စီ လည်ဆွဲ ပုတီးအလှလေးများ၊ လက်ကောက်ဆွဲကြိုးလေးများ စိတ်ကူးဥာဏ် ကွန့်မြူးနိုင်သမျှလုပ်ကာ အွန်လိုင်းမှာ ရောင်းရင်ကော။ အွန်လိုင်းမှာ ebay ဖြင့် business အောင်မြင်နေသူတွေ ဒုနဲ့ဒေး၊ ကိုယ်ဝါသနာပါရာ လက်မှုပညာလေးလဲ လုပ်ခွင့်ရမည်။ အိုးမကွာ အိမ်မကွာလဲ လုပ်နိုင်မည်။ Jewellery ရောင်းသည့် online shopping ဆိုင်လေးတွေ လိုက်ကြည့်တော့ ပြထားသည့် ပစ္စည်းတွေက ဈေးကမသေး။ ဖန်စီ ရောင်စုံလည်ဆွဲ တကုံးလျှင် လက်ရာ ကောင်းလျှင်၊ ဆိုင်နာမည်ရလာလျှင် ဒေါ်လာ ၃-၄ ဆယ် မှ ၁၀၀ အထိ ဈေးရကြသည်။ သူတို့ကတော့ နာမည်ကြီး branded ဆိုင်များတွင်ဖြစ်ပါသည်။ ထိုအွန်လိုင်းဆိုင်များကို အားကျကာ စိတ်ကူးယဉ်ပြန်ပါသည်။

online Jewellery ဆိုင် အကောင်အထည် စဖော်ပြီ ...
စိတ်မြန်သော အန်တီဆွိသည် နောက်တစ်နေ့ မနက်လင်းသည်နှင့် ဂျူဂျူလေးကို ကျောင်းပို့မှ အပြန် Jewellery beads များ၊  gems များရောင်းသောဆိုင်ကို ရှာကာ ကားတစ်စီးဖြင့် ကရိယာ တန်ဆာပလာများ၊ လိုအပ်သည်များကို သွားဝယ်ပါတော့သည်။ ကိုယ်ကလဲ အစကတည်းက ၀ါသနာပါရာ အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံး လက်ဖြစ် ပုတီးကုံးလေးလုပ်ကြည့်ကာ ကိုယ့်ဟာကို သဘောကျနေပါသည်။ ဇွဲနဘဲ ကြီးလှသော အန်တီဆွိသည် ဤအချိန်တွင် စိတ်က ပုတီးစေ့များ၊ ပုတီးကုံးများတွင်သာ စိတ်ရောက်နေပါသည်။  ထိုနေ့က ထမင်းဟင်းများလဲ မချက်နိုင်၊ ပုတီး ၂ကုံး အပြီးသတ်လို့ မိုးချုပ်မှ ကျန်တာတွေ ဆက်လုပ်နိုင်ပါသည်။ ကိုကိုခြိမ့်မှလဲ မနိုင်၍ သည်းခံနေရပါသည်။

အန်တီဆွိရဲ့ လက်ရာ
လာပြန်ပြီလား အင်တာဗျူး  ...
 နောက်နေ့ ပုတီးစေ့တွေ မလောက်၍ ဆိုင်တစ်ခေါက်သွားကာ ၀ယ်ရပြန်ပါသည်။ ဒီတစ်ခါတော့ နားဆွဲလေးတွေအတွက်ပါ လိုအပ်သည်များကို ၀ယ်ရန် လိုက်ရှာနေစဉ် အိပ်ထဲမှ တယ်လီဖုန်း မြည်လာသည်။ ကိုင်လိုက်တော့ အမျိုးသမီးအငယ်လေး တစ်ယောက်အသံ၊ အင်တာဗျူးအတွက် appointment လုပ်ခြင်းဖြစ်ပါသည်။ ဒီတစ်ခါတော့ သူ့ပြောသည်က ခါတိုင်းဖုန်းခေါ်သူများလို သိပ်မမြန်ပါ။ စကားပြောရတာ အဆင်ပြေပါသည်။ သို့ပေမဲ့ ကိုယ်က ဆိုင်ထဲမှာဆိုတော့ စိတ်ကလဲ ပုတီးစေ့များထံတွင်ရောက်နေရာ သူ့နဲ့ အတိုချုံးသာ ပြောပါသည်။ မနက်ဖြန် မနက် ၁၁ နာရီ အင်တာဗျူးလာရမည်။ လိပ်စာကို email တွင် ပို့ထားသည်ဆိုသည်။ အန်တီဆွိသည် တစ်ခါတစ်ရံ နားလည်ရ အလွန်ခက်သည်။ သူသည် ဤအလုပ်ကိုလည်း ရလိမ့်မည်ဟု မျှော်လင့်မထားသည်ဖြစ်ရကား ခပ်ပေါ့ပေါ့ပင် သဘောထားလေသည်။ အေးဂျင့်တွေနဲ့ ဗျူးပြီးရင် ပြုတ်မှာပဲ ဆိုကာ စိတ်က လျှော့ထားသည်။

တစ်နေကုန် ပုတီးသီ ...
ကိုကိုခြိမ့်သည် အန်တီဆွိကို multitask မရဟု အမြဲစွတ်စွဲသည်။ အလုပ်တစ်ခုဆို တစ်ခုသာ စူးစူးစိုက်စိုက်လုပ်တတ်သော အန်တီဆွိသည် နောက်နေ့အတွက် ချိန်းဆိုထားသော အင်တာဗျူးကို အရေးမှပင်မလုပ်။ တစ်နေကုန် ပုတီး၂ကုံးပြီးအောင် အသည်းအသန် သီနေလေသည်။ ပုတီးလေးများပြီးတော့ ညနေဖက် ဂျူဂျု့ကိုကြို၊ ညနေစာ ထမင်း၊ ဟင်းချက်ကာ ည မိုးချုပ်သွားသည်။ 

ညအိပ်ရာဝင်ခါနီးမှ ကမန်းကတမ်း အင်တာဗျူးခေါ်ထားသည့် email လေးကို ၀င်ဖတ်ဖို့ သတိရသည်။  ဒီတစ်ခါအင်တာဗျူးက ထူးဆန်းသည်။ ယခင်လို အေးဂျင့်ကုမဏီက ဟုတ်ဟန်မတူ၊ ကုမ္ပဏီနာမည်ကိုယ်တိုင်က production လုပ်သည့် ကုမ္ပဏီ။ technical ပိုင်းဆိုင်ရာ တစ်ခါတည်း ဗျူးရတော့မည်ထင်သည်။

 "ဟမ်မလေး..."  တကယ်တမ်း မနက်ဖြန်အင်တာဗျူး ဖြေရမည်ဆိုမှ နဲနဲ ကြောက်လာသည်။ သူမေးတာတွေ မဖြေနိုင်ရင်ဒုက္ခ၊ ရှက်ဖွယ်တွေ ဖြစ်တော့မည်။ မဖြစ်သေးပါဘူး လုပ်ဖူးတာလေးတွေ နဲနဲတီးမိ ခေါက်မိ သတိရအောင်၊ အလုပ်မလုပ်ခဲ့တာ တစ်နှစ်ကျော်ဆိုတော့ technical terms အချို့က မေ့နေတတ်ရာ လုပ်သက် ၁၀နှစ်ကျော်ဆိုပြီး ဒါလေးမှ ပြန်မပြောနိုင်လျှင် ရှက်ဖွယ်ဖြစ်မည် ဆိုကာ စာအနည်းငယ်ပြန်ဖတ်သည်။ တကယ့်မှ အနည်းငယ်။ ဖုတ်ပူမီးတိုက်နိုင်လှသည်။  နောက်တော့ personnel ဆိုင်ရာမေးခွန်းလေးတွေ၊ အင်တာဗျူးမှာ မေးနေကျ ဘာအားနည်းချက်ရှိလည်း၊ ဘာအားသာချက်ရှိလည်း အစရှိသည်တို့ ရေးထားတာလေးတွေ ပြန်ဖတ်နေသည်။

မနက်ကျ ကိုကိုခြိမ့်ကို ပြောသည်မှာ "ဆွိလေး အင်တာဗျူးတွေကို အရမ်း ပရက်ရှာ မထားချင်ဘူး။ ရရင်လဲရ၊ မရရင်လဲနေ ပေါ့ပေါ့ပါးပါးပဲ.။ အနည်းဆုံး အတွေ့အကြုံတော့ရတယ်ဆိုပြီးပဲ သွားတာနော်။ ဘာမှလဲ သေချာပြန်မဖတ်ထားဘူး"ဟု အိမ်ကမထွက်ခင်လေး ပြောလိုက်သေးသည်။ ပရက်ရှာတွေ လျော့လို လျော့ငြား။

(အပိုင်း (၃) ဆက်ပါမည်။)
အနောနိမတ်စ်တွေ အန်တီဆွိကို ကွန့်မန့်ပေးရင်  nick name ပဲဖြစ်ဖြစ်အောက်က နာမည်လေးတွေ ရေးပေးပါနော် ... ဘာရယ်မဟုတ် လာအားပေးတဲ့ ပိတ်သတ်ကို နာမည်လေးတွေ မှတ်ထားချင်လို့ပါ။ ကျေးဇူးပါနော်။