Tuesday, February 1, 2011

ဂျူဂျူလေး update


သွားကျိုး ဂျူဂျူ
ဂျူဂျူလေးရဲ့ ဓာတ်ပုံတွေကြည့်ရင် သတိထားမိကြလားတော့ မသိဘူး။ သူဟာ ဓာတ်ပုံထဲမှာ သွားတွေပေါ်အောင် ဘယ်တော့မှ ရယ်လေ့မရှိပါဘူး။ အကြောင်းကတော့ သူ့ရဲ့ရှေ့သွား၂ချောင်းဟာ အရွယ်မတိုင်မီက ကျိုးခဲ့လို့ ရှေ့သွားဟောင်းလောင်းနဲ့ ဖြစ်နေတာ ၂နှစ်ကျော် ၃နှစ်လောက်ရှိခဲ့ပါပြီ။

မဆွိတီကလဲ ရှေ့သွားဟောင်းလောင်းလေးနဲ့ ချစ်စရာကောင်းလွန်းလို့ ခဏခဏ စ တော့ သူကလဲ အမြဲသတိထားမိနေပြီး သွားမပေါ်အောင် ရယ်လေ့ရှိတယ်။ အဲလို စ နောက်နေရင်းကနေ သမီးသွားလေးတွေဟာ ၆နှစ်၊ ၇နှစ်အထိ ပေါက်ချိန်တိုင်တာတောင် ပေါက်မလာခဲ့တော့ အမေပီပီ စိုးရိန်မိတယ်။ ဂျူဂျူလေး ၇နှစ်ကျော်လို့မှ သွားမပေါက်ရင်တော့ သွားဆရာဝန်သွားပြတော့မယ် လို့တောင်စိတ်ကူးထားတာ။ သမီးနဲ့ရွယ်တူ၊ ငယ်တဲ့သူတွေတောင် ငယ်သွားတွေ လဲကုန်ကြပြီကိုး။ ဂျူဂျူလေးကတော့ ဆရာဝန်ဆို ကြောက်တတ်တော့ သွားဆရာဝန်ဆီ မသွားချင်ဘူးချည်း ပြောနေတယ်။

ဒီလိုနဲ့ တစ်ရက် ရုံးကပြန်တော့ သူတို့တူအရီး၂ယောက် အောင်ပြီ၊ အောင်ပြီဆို လက်သီး၊ လက်မောင်းတွေတန်း ၀မ်းသာအားရတွေ အော်နေကြတယ်။ ဒီလောက်ကြီး ဘာတွေများ အော်နေတာလဲဆို မေးကြည့်တော့ ဂျူုဂျူလေးက မေမေ ဂျူဂျူသွားတွေ ပေါက်ပြီဆိုပြီး သူ့ရှေ့သွားလေးတွေ ဖြဲပြပါတယ်။ သွားလေးတွေပေါက်လာတာ သွားဖုံးအောက်မှာ မညီမညာ အဖြူရောင်လိုင်းကလေးနဲ့။ ဂျူဂျူလေးက ပြန်မပေါက်တော့ဘူးလို့ထင်ထားတဲ့ သူ့သွားလေးတွေ ပြန်ပေါက်လာလို့ အရမ်းပျော်ပြီး ၀မ်းသာအားရဖြစ်နေတာပါ။

မဆွိတီလဲ သမီးကို သွားဟောင်းလောင်းလေးနဲ့ မြင်နေကျဆိုတော့ သွားတွေပေါက်လာရင် ကြီးကောင်ဝင်သွားပြီး သမီး ရုပ်ကလေးပြောင်းသွားတော့မှာပဲလို့ တွေးမိတယ်။ ဒါနဲ့ သမီးသွားလေးတွေ မထွက်ခင် သွားကျိုးလေးနဲ့ အမှတ်တရ ဓာတ်ပုံလေး ရိုက်ရအောင်ဆို ပြောတာ ဘယ်လိုမှကို ပြောလို့မရပါဘူး။ ခုတော့ ဂျူဂျူ့ ရှေ့သွားလေး တော်တော် ရှည်ထွက်လာပါပြီး သာမန်သွားတစ်ချောင်း အရွယ်ရောက်တော့မှာပါ။ အဲလိုသွားလေးတွေနဲ့လဲ သမီးလေးဟာ ချစ်စရာတစ်မျိုးကောင်းတာပါပဲ။ အော် မိဘတွေဟာ ကိုယ့်သားသမီးလေးတွေကို သွားမပါတော့လဲ မပါလို့မှို့ သွားဂတုံးလေးနဲ့ ချစ်ရ၊ သွားလေးတွေ ပေါက်ပြန်တော့လဲ ရှေ့သွားကြီးကြီးလေးတွေနဲ့မှို့ ချစ်ရနဲ့ မပြီးဆုံးနိုင်သော ချစ်ချင်းများနဲ့ အံ့ဘွယ် မိဘမေတ္တာပါတကား။


မာဂျူးရာ ဂျူဂျူ
တစ်ရက်က ဂျူဂျူလေးကျောင်းကပြန်ရောက်တော့ မေမေတဲ့ မာဂျူးရာသီချင်း ယူကျူ့ထဲက ရှာပေးပါဆိုလို့ ရှာဖွင့်ပြတော့ သူက ကျောင်းမှာ conduct လုပ်ရမယ်လို့ပြောတယ်။ သမီးဘယ်လို conduct လုပ်ရမှာလဲဆိုတော့ သီချင်းဖွင့်ရင်းနဲ့ ငယ်ငယ်က ဘင်ခရာ သင်တန်းတွေမှာ conduct လုပ်သလိုမျိုး လက်ကို အမူအရာမျိုးစုံနဲ့ လုပ်နေတော့တာပဲ။ နောက်မှ ဇာတ်ရည်လည်တာက မနက်ကျောင်းတက်ချိန် assembly မှာ နိုင်ငံတော်သီချင်းဆိုဖို့အတွက် ကျောင်းသားတွေကို ဂျူဂျူအပါအ၀င် ဂျူနီယာလီဒါ ၃ယောက်ကconduct လုပ်ရတာပါတဲ့။ ဂျူဂျူလေးဟာ ယူကျူ့ကိုဖွင့်ပြီး စလုံးနိုင်ငံတော်သီချင်းကို ဟန်ပါပါ၊ မာန်ပါပါ ဆိုပြီး conduct လုပ်နေပုံကြည့်ရတာ မဆွိတီတစ်ယောက် ၀မ်းနည်းဝမ်းသာဖြစ်ရပါတယ်။ ၀မ်းနည်းတာကတော့ ဂျူဂျူလေးဟာ မြန်မာနိုင်ငံသားဖြစ်ပါရက်နဲ့ သူများနိုင်ငံက နိုင်ငံတော်သီချင်းကို မာန်ပါပါဆိုနေရတယ်။ မြန်မာနိုင်ငံတော်သီချင်းကို သူသိပေမဲ့ ဒီလောက်နှစ်နှစ်ချိုက်ချိုက်မရှိလှဘူး။ စိတ်လဲဒီလောက်မ၀င်စားလှဘူး။ သူဟာ တခြားသူ့သူငယ်ချင်းတွေလိုပဲ စင်္ကာပူနိုင်ငံသားလို့ စိတ်ထဲမှာ ထင်နေတယ်။ သူဟာ ဒီမှာမွေးတာမှို့ စလုံးနိုင်ငံသားဖြစ်တယ်လို့ပဲ ပြောနေတယ်။ သမီးလေးငယ်သေးတော့ နားလည်အောင် မနဲရှင်းပြနေရတယ်။


ဂျူဂျူလေးနဲ့ Chicken pox
တစ်ရက် တနင်္ဂနွေနေ့ အိပ်ရာထတော့ ဂျူဂျူလေး နိုးနေပြီလားမသိဘူးဆို သူ့အိပ်ရာသွားကြည့်တော့ မယ်မင်းကြီးမက နိုးနေပြီ။ မနေ့ညက အဖျားနဲနဲရှိလို့ စိတ်ပူပြီး နဖူးကို စမ်းနေတုံး သူ့ဗိုက်ကို လှန်ပြပြီး အဖုကြီးတစ်ဖုကိုပြတယ်။ ဘေးမှာလဲ အနီရောင် အဖုသေးလေးတွေ တွေ့နေရတယ်။ စိတ်ကထင့်ကနဲဖြစ်ပြီး ရေကျောက်လားမသိဘူးဆို သူ့အဖေသွားခေါ်ပြတော့ သူကဟုတ်တယ် ရေကျောက်တဲ့။ သူငယ်ငယ်က ပေါက်ဖူးတယ်ဆိုပဲ။ ဒါနဲ့ဆရာဝန်သွားပြတော့ ဆရာဝန်က ရေကျောက်ဖြစ်ကြောင်း confirm လုပ်ပြီး ဆေးခွင့် ၂ပတ်ပေးမယ်လုပ်တယ်။ မဆွိတီကလဲ သမီးကျောင်းတွေ အရမ်းပျက်မှာကြောက်တာရော၊ အဲလောက်ကြီး လိုတယ်မထင်လို့ရော ဆရာဝန်ကို တစ်ပတ်ပဲ အရင်ပေးဖို့ ဈေးဆစ်တော့ တစ်ပတ်ဆေးခွင့် ပေးလိုက်ပါတယ်။ နောက်တစ်ပတ် အခြအနေကြည့်ဖို့ ထပ်ချိန်းလိုက်တယ်။ နောက်နေ့အိပ်ရာထတော့ ဂျူဂျူ့တစ်ကိုယ်လုံး ရေကျောက် အနီဖုတွေ ရဲလို့ပါပဲ။ ခေါင်းထဲမှာလဲ ပေါက်တယ်လို့ ပြောတယ်။ နေလို့လဲ သိပ်မကောင်းတော့ ခလေးက ဂျီကျတော့တာပဲ။ ခါတိုင်းလို စိတ်မကြည်တော့ ကြီးတော်ရော အမေပါ အလိုလိုက်ပြီး အကြိုက်ပေး ဆက်ဆံနေရတယ်။

၃-၄ရက်နေတော့ အဖျားကျသွားပြီး နေလို့တော့ ကောင်းသွားတယ်။ အဖျားပျောက်ပြီး ခလေးကပြန်လန်းလာပေမဲ့ ရေကျောက် အရေကြည်ဖုလေးတွေက မခြောက်သေးတော့ နေရထိုင်ရခက်နေတယ်။ အိပ်တာတောင် ဖွဖွလေးအိပ်ရတယ်။ အရေးထဲ ကျောင်းက အိမ်စာတွေလဲ သူ့ခမျာ လုပ်ရသေးတယ်။ ကျောင်းကိုခွင့်တိုင်ပြီး အိမ်စာတွေကို ကြိုတောင်းထားရပါတယ်။ နောက်မှို့ သူကျောင်းပြန်တက်မှဆို အိမ်စာတွေအများကြီးနဲ့ မနိုင်မနင်းဖြစ်မှာကြောက်လို့ပါ။ ဒီလိုနဲ့ တစ်ပတ်ကြာသွားသည့်တိုင် ဂျူဂျူတို့ ရေကျောက် အဖုလေးတွေက အရှင်းမပျောက်တော့ နောက်ထပ် ဆေးခွင့်တစ်ပတ်ထပ်ရပြီး ၂ပတ်တိတိ နားလိုက်ရပါတော့တယ်။ အဓိကကတော့ တခြားကလေးတွေကို ကူးမှာကြောက်လို့ ရောဂါကင်းကင်းရှင်းရှင်းပျောက်တဲ့ အထိ အိမ်မှာနေခိုင်းတာပါ။

ခလေးတွေ တော်တော်များများ ရေကျောက် ပေါက်ကြပါတယ်။ တစ်ချို့ကလဲ ခုချိန်ပေါက်တာ ကောင်းတယ် ပြောကြတယ်။ စာမေးပွဲတွင်းတို့ဘာတို့ ပေါက်ရင် ပိုဆိုးမယ်တဲ့။ ကာကွယ်ဆေးထိုးရင်တော့ နဲနဲသက်သာတယ်လို့ပြောပါတယ်။ ဒါကြောင့် ဂျူဂျူ့လို ၁၄ ရက်တိတိ ကျောင်းပျက်ခြင်းမှ ကင်းဝေးအောင် ရေကျောက်မပေါက်သေးတဲ့ မိမိခလေးကို ရေကျောက်ကာကွယ်ဆေးများ ထိုးပေးကြပါလို့ မိဘများအား အကျိုးမျှော်လို့ နှိုးဆော် အပ်ပါသည် ခင်ညား။

16 comments:

  1. ကျောက်တို့က ကျောက်မပေါက်တော့ဘူး....
    ပဲသီတာ...

    ReplyDelete
  2. သမီးလေးက ချစ်စရာလေး
    သွက်လက်ချက်ချာမဲ့ ပုံလည်းရတယ်..
    ဒါကြောင့် မမဆွိတီတို့ အသည်းစွဲဖြစ်နေတာကိုး

    ReplyDelete
  3. သားသမီးဆိုတော့လဲ မိဘတွေသဲသဲလှုပ်ချစ်ကြတာဘဲ..
    ဂျူးဂျူးလေးတောင်တော်တော်ကြီးနေပြီဘဲ..
    အရပ်လဲရှည်လာတယ်..
    မတွေ့ဖူးပါဘူး.ဒါပေမယ့် တီဆွိတင်တဲ့ပုံတွေကြည့်နေကြမို့ ခန့်မှန်းလို့ရတာ..

    ReplyDelete
  4. ဂျူးဂျူးလေးအမြန်ဆုံးနေကောင်းပါစေ တီတီဆွိ
    စာလာကူလုပ်ပေးရမလားလို့မေးတယ်ပြောပေးနော်..
    ဟုတ် မကူးပြောသလိုပဲ အရပ်လည်းတော်တော်ရှည်လာတယ်..။

    ReplyDelete
  5. စာဖတ်သူFebruary 1, 2011 at 9:23 PM

    ဂျူးဂျူးလေးက ချစ်စရာကောင်းတယ် ... တီတီဆွိ အုပ်ထိန်းတာတော်လို့ဖြစ် မယ် ဂျူးဂျူးဓါတ်ပုံလေးတွေကြည့်လိုက်ရင် တကယ့်ကလေးစိတ်မကုန်သေး တဲ့ အပြစ်ကင်းတဲ့ပုံစံလေးတွေတွေ့ရတယ် ....

    ReplyDelete
  6. ဂျပန် အင်္ကျီလေးနဲ့လို့ ထင်တာပဲ။ ဒီလိုကျတော့လည်း လူကြီးလေး ကျနေတာပါပဲလား။ ခုနှစ်လို့တောင်မှ မထင်ရဘူး။ အခုခေတ်ကလေးတွေက နေတတ် ထိုင်တတ်ကြတယ်။
    သွားအတွက်က ကျနော့် အဖေဆို ငယ်ငယ်ကတည်းက ကယ်လစီယမ် ( Calcium )ကလေးစားဆေးကို ထမင်းစားပြီးတိုင်း ကျွေးလေ့ ရှိတယ်။ အပိန်ကျဆေး မဟုတ်ဘူးနော်။ ကလေးတွေ စားတဲ့ဟာ ပုံလေးတွေနဲ့ အရောင်စုံလေး။ ဒါလေး ကျွေးကြည့်ပါ တကယ်ကောင်းပါတယ်။ ကျောက် နဲ့ ဝက်သက်ကတော့ ငယ်ငယ်က ပေါက်ထားတာ ကောင်းပါတယ်။ ခံရသက်သာတာပေါ့။

    ReplyDelete
  7. ရေကျောက်ဆိုလို. သားငယ်ငယ်က (၅နှစ်သားလောက်ထင်တာပဲ) ပေါက်တုန်းက ခရီးသွားရင်းပေါက်တာ. မကွေးကို ညကားစီးပြီးသွားတာ ကားပေါ်မှာကိုယ်ပူနေလို. အဖုလေးတွေနဲ.လေ.. လူကြီးတွေက ရေကျောက်လို.ပြောတယ် အဲဒါ သူကလဲတအီအီနဲ. .. မကွေးရောက်ပြီးနောက်ရက် ရွှေစက်တော်သွားတော. မန်းချောင်းထဲသူက ရေဆင်းချိုးတာ ညနေကျ လုံးဝပျောက်သွားရော ၂ရက်လောက်ပဲခံရတယ်

    ReplyDelete
  8. နှုတ်ဆက်ပါတယ်... ဂျူးဂျူး

    ReplyDelete
  9. အင်္ကျီလေးနဲ့ ပန်းလေးနဲ့ ချစ်စရာကောင်းလိုက်တာ

    ReplyDelete
  10. ဝက်ဝံလေးFebruary 2, 2011 at 4:46 AM

    ချစ်စရာလေး ငါ့ညီမ ဂျူဂျူ

    ReplyDelete
  11. ဂျူဂျူလေးအကြောင်းလာဖတ်သွားတယ် မဆွိ...

    စူးနွယ်လေး

    ReplyDelete
  12. ပျောက်နေသလားလို့ စီဘောက်ကတောင် လာအော်တော့မလို့...
    ရေစင်လည်း ရေကျောက်ပေါက်ပြီးသွားပါပြီ... သူလည်း
    ရှေ့သွား နှစ်ချောင်းရဲ့ ညာဘက်ဘေးက သွားတချောင်း ပြန်မပေါက်သေးဘူး

    တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ သားငယ်တို့ကျောင်းရောက်လို့ ကလေးတွေ မာဂျူရာ ဆိုနေကြတော့ ကိုယ်နိုင်ငံကို သတိရပြီး ၀မ်းနည်းခဲ့ရသေးတယ်။ သားကြီးက Secondary ကျောင်း ရောက်သွားပြီမို့ သူတို့ ကျောင်းက သားတို့လို နိုင်ငံခြားသားတွေကို Pledge လိုက်မဆိုလည်း ရတယ် ခွင့်ပေးလို့ သားကြီးက လိုက်မဆိုတော့ဘူးတဲ့လေ... ဘာပဲဖြစ်ဖြစ် နိုင်ငံတော်သီချင်းနဲ့ Pledge ကိုတော့ လိုက်ဆိုလိုက်ပါသားရယ်လို့ ပြောထားရတယ်။

    ReplyDelete
  13. humm.. ama yae!
    Yes.. I feel sad as well. Ju Ju thinks she is singaporian and she is proud to sing their national songs..
    Thanks to u that you are eger to teach and support her to sing our National Songs. Some of the parents, they even do not bother about that and also do not teach Burmese language (4 skills) to their children.. It is painful..
    Tsu.

    ReplyDelete
  14. ခု ဂျူဂျူလေးက မြန်မာစကားကို prefer ပိုဖြစ်သတဲ့။ အိမ်မှာမြန်မာလိုပဲ ပြောတာကိုး။အင်္ဂလိပ်စာ ညံ့မှာတောင်ကြောက်နေရလို့ အင်္ဂလိပ်ကို ဖိသင်ပေးနေရတယ်။ တခြားကလေးတွေနဲ့ မတူပဲ တခြားစီဖြစ်နေတော့ အံ့သြရပါတယ်။ စာကိုလဲ အမေက မြန်မာလို ရှင်းပြတော့ ပိုနားလည်သတဲ့ ပြောသေးတယ်။

    ReplyDelete
  15. oh really ama! she is so adorable and so cute.. Thanks ama. for changing the font colour to black :)

    ReplyDelete