Monday, September 5, 2011

အဘွားများနဲ့ သွားများအကြောင်း


မဆွိတီတို့ငယ်ငယ်က အတူနေတဲ့ အဘွားက ပါးစပ်ကြီးတစ်လှုပ်လှုပ်နဲ့ တစ်ခုခုဝါးနေရင် ခလေးတွေက ငတ်ကြီးကျပြီး မေးကြတယ်။ အမေကြီး ဘာစားနေတာလဲပေါ့။ အဲဒါဆို အဘွား ပြန်ဖြေလေ့ရှိတာက " ဘာမှ မဟုတ်ဘူးဟေ့ ... ငါ့သွားကြီး ငါပြန်ဝါးနေတာဟ" တဲ့။ အဲလိုဖြေလိုက်ရင် ကိုယ်တွေကလဲ ပြီးသွားတာပဲ။ ထပ်မေးမနေတော့ဘူး။ သိပ်လဲ စဉ်းစားမနေဘူး။ အဘွားမှာလဲ သွားတွေက တော်တော်ကျိုးနေပြီဆိုတော့ အဟုတ်ပဲထင်နေကြတာ။

နဲနဲကြီးလာမှ ပြန်စဉ်းစားမိတာ။ အဘွားက သွားတွေ ဘာလို့ဝါးမှာတုံးပေါ့၊ အမှန်က အဘွားက သူ့မြေးတွေ သူစားတာတွေ စားချင်နေမှာစိုးလို့ ပြီး ပြီးရော ပြောလိုက်တာပဲဆိုပြီး အဲဒီမှ သဘောပေါက်တယ်။ လူမှန်းသိစကတည်းက အဘွားကိုမြင်ဘူးတဲ့ အချိန်မှာ သွားတွေ တော်တော်များများ မရှိတော့ဘူးဗျ။ အဲဒီအချိန် အလွန်ဆုံးရှိလှ အဘွားအသက် ၅၀-၆၀ပေါ့။ ငယ်ငယ်ကတည်းက တောရွာမှာနေ၊ ကျန်းမာရေးအသိကလဲမရှိ၊ သွားကိုလဲ သေချာ ဂရုစိုက်ရကောင်းမှန်းမသိတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေ ကျိုးကုန်တာဖြစ်မယ်။ အမေတို့ကလဲ ခေတ်မမီတဲ့အပြင် ဆင်းကလဲဆင်းရဲတော့ သွားတုတွေဘာတွေ လုပ်ပေးဖို့ဆိုတာလဲ စိတ်ကူးထဲတောင် ရှိမယ်မထင်ဘူး။ ခုမှစဉ်းစားမိတာ။ အဘွားဟာနောက်ပိုင်း သွားတွေ တစ်ချောင်းမှ မရှိပဲ အစားအသောက်တွေ ဒီတိုင်း သွားဖုံးနဲ့စားခဲ့တာပဲ။ အဘွားအတွက်ရယ်လို့ အိမ်မှာ စပါယ်ရှယ် ချက်ပြုတ်တာလဲ မရှိတော့ သူ့သွားဖုံးတွေနဲ့ အစာမာမာတွေကိုလဲ ဒီတိုင်းကျိတ်ပြီး ၀ါးနေရမှာပဲ။ ကြီးမှ အမေ့ကို မေးကြည့်တော့ အဘွားသွားဖုံးတွေဟာ ၀ါးပါများလို့ သွားတွေလိုတောင် မာနေပြီပြောတာပဲ။

အဲဒီအဘွားနဲ့ ဆန့်ကျင်ဘက်။ အဖေ့ရဲ့အမေ၊ အဖေ့ဖက်က အဘွားကျတော့ ခေတ်မီသဗျာ။ လူကလဲ ကျောင်းဆရာမဟောင်းကိုး။ သူ့သွားတွေ တော်တော်များများ ကျိုးကုန်တော့ သွားတွေအကုန်နှုတ်ပြီး သွားတုတပ်ထားတာဗျ။ မဆွိတီတို့ လူမှန်းသိတဲ့အချိန်မှာ အဘွားအိမ်လာလည်ရင် သတိထားမိတာက သွားလေးတွေက ပုလဲလေးတွေလို စီနေတာပဲ။ ငယ်သေးတော့ အဲဒါကို သွားတုမှန်း လုံးဝမရိပ်မိခဲ့ဘူးခင်ဗျ။ ငါတို့အဘွားဟာ သူများအဘွားတွေနဲ့မတူ တော်တော်နုပါလားပေါ့ ထင်နေတာ။ တော်တော်ကြီးမှ အဘွားသွားတွေဟာ အတုတွေမှန်းသိတာ။ နောက်ပြီး အဘွားဟာ အင်မတန်မှလဲ ရှက်တတ်တော့ သူ့သွားတုမပါပဲ လူမြင်သူမြင် ဘယ်တော့မှ နေလေ့မရှိဘူး။

ငယ်ငယ်က အဘွားတို့ဆီ သွားလည်ရင် ကိုယ်က အဘွားနဲ့အတူ အိပ်ရတာများတယ်။ အကိုတွေက သတ်သတ်အိပ်ပေါ့။ အဲဒါညညဆို အဘွားက သူ့သွားတုကြီးဖြုတ်ဖြုတ်ပြီး ခေါင်းအုံးဘေးနားထားအိပ်တာဗျ။ အရင်ကတော့ ဘယ်သိမလဲ။ အဘွားက သူများထက်နောက်ကျမှအိပ်၊ ပြီးတော့ မနက်ကျရင်လဲ ဘယ်သူမှ မနိုးခင် အစောကြီးထတာကိုး။ သွားတုတပ်ထားသူများလဲ မနက်စောစောစီးစီး သူတို့သွားတုကို ချွတ်ပြီး သွားတိုက်၊ ပြီးတော့ ဂွက်ဆို ပြန်တပ်ရတာပဲ ခင်ဗျ။ (တစ်မနက် စောစောနိုးနေလို့ အဘွားသွားတိုက်တာ မြင်ဘူးနေတာ။)

တစ်ခါသား မနက် ၅နာရီလောက်ကြီး ခြင်ထောင်ထဲမှာ ချိုးချိုးချွတ်ချွတ်နဲ့ အဘွားတစ်ယောက် ယောက်ယက်ခက်နေတယ်။ လင်းကလဲ မလင်းသေးဘူး။ မဆွိတီခေါင်းအုံးအောက်လဲ ဟိုစမ်းဒီစမ်းနဲ့။ ကိုယ်လဲ အိပ်ချင်မူးတူးနဲ့ "အမေကြီးဘာပျောက်လို့တုံး"ဆိုတော့ မပြောဘူးဗျာ။ သူ့ဟာသူကျိတ်ရှာနေတယ်။ နောက်မှ ဘေးကလက်နှိပ်ဓာတ်မီးယူပြီး ကြည့်လိုက်မှ သွားတွေ တစ်ချောင်းမှမရှိတဲ့ အဘွားကို တွေ့တော့တာပဲ။ တစ်ခါမှ သွားမပါပဲ မမြင်ဖူးတော့ အဘွားက ရုပ်က တစ်မျိုးဖြစ်နေတာ။ အရယ်သန်တဲ့ မဆွိတီ သွားဖုံးအဟောင်းသားနဲ့ အဘွားကိုကြည့်ပြီး ရယ်ချင်လိုက်တာ။ မနဲအောင့်ထားရတယ်။ ပိုရယ်ချင်စရာက အဘွားက သူ့သွားတွေပျောက်လို့ လိုက်ရှာနေတာတဲ့ဗျ။

အဘွားက သတိမေ့တတ်တော့ ညက သူများ ယောင်ယက်ပြီး ခေါင်းရင်းက မှန်ဘီရိုထဲများ မှားထားမိသလား သော့ဖွင့်ပြီးရှာကြသေးတယ်။ နောက်ဆုံးတော့ မြေးအဘွား၂ယောက် ၀ိုင်းရှာကြတာ ကုတင်အောက်ကနေ အဘွားသွားတွေ ပြန်တွေ့ပါသဗျား။ အဘွားတို့ အိမ်မှာ ကြွက်တွေကပေါတော့ ကြွက်က စားစရာအောက်မေ့ပြီး ချီသွားတာဖြစ်မယ်တဲ့။ ကြံကြံဖန်ဖန် ရယ်လဲ ရယ်ရတယ်။

ဟိုတစ်လောကမှ အိမ်က ယောက်မနဲ့ ဖုန်းဆက်လို့ အလ္လာပ၊ သလ္လာပပြောကြရင်း၊ အဖေသွားစိုက်တဲ့အကြောင်းပြောကြရင်း စပ်ဆက်သွားလို့ မဆွိတီတို့ အဒေါ်၊ အဖေ့ညီမအကြောင်း ပြောဖြစ်ကြတယ်။ အဲဒီအဒေါ်က စောနက မဆွိတီတို့ အဘွားရဲ့ ဒုတိယမြောက်သမီး အဖေ့အောက်ကပေါ့။ ဒုတိယကမ္ဘာစစ်အတွင်း ဒုက္ခသုက္ခတွေကြားမှာမွေးတော့ ၀မ်းရောဂါတွေ ဘာတွေ ဖြစ်ပြီး၊ မွေးလာတာဆိုတော့ ဒေါ်လေးက စိတ်ကတော်တော်ရယ်။ အပျိုကြီးဖြစ်ပြီး သူ့အမေကိုလဲ ကြီးတဲ့အထိ တော်တော်ကြောက်ရရှာတယ်။ သူကလဲ တစ်ခါတစ်ခါ သိပ်ဆိုးတယ်။ မဆွိတီတို့လို တူမတွေကိုတောင် စိတ်မထင်ရင် မထင်သလို ရန်လုပ်နေတတ်သေးတာကိုး။ မဆွိတီသတိထားမိတာက သိတတ်စကတည်းက ဒေါ်လေးကို မြင်ဖူးတာ၊ သူ့မှာလဲ သွားတစ်ချောင်းမှ မရှိဘူးဗျ။ သူ့အသက်လေးဆယ်လောက်ကတည်းက ထင်တာပဲ။

အဲသမှာ သွားဇာတ်လမ်းကို ယောက်မကပြောလို့ သိရတာက မဆွိတီတို့အဘွား၊ သူ့အမေ သွားတုတွေစိုက်တော့၊ သူ့မှာလဲ သွား ၃-၄ချောင်းလောက် မကောင်းတော့ဘူးတဲ့။ အဲဒီမှာ သူ့အမေက နောက်လဲ သွားတွေ ကျိုးတော့မှာပဲ၊ သွားတုလုပ်မဲ့ အတူတူ သားအမိ၂ယောက်အတူလုပ်တော့ ဈေးလဲ ပိုသက်သာတယ်။( ခုခေတ်လိုဆို buy one get one free များဖြစ်မလားမသိဘူး) ၂ယောက်လုံးတစ်ခါထဲ ကိစ္စငြိမ်းဆို သူ့သွားတွေပါ အကုန်နှုတ်ပြီး သွားတုလုပ်ပေးလိုက်သတဲ့။ အဲသမှာ အမေကတော့ သွားတုနဲ့ အဆင်ပြေပေမဲ့၊ သမီးအပျိုကြီးခင်မြာ အမေကြောက်လို့သာ တပ်ရ၊ ဘယ်လိုမှ အဆင်မပြေဘူး။ ပါးစပ်ထဲ ခိုးလို့ခုလုနဲ့ မနေတတ်ဘူးတဲ့ ခင်ဗျ။ နောက်ဆုံးတော့ သူ့အမေလဲ ပြောမရတော့ လက်လျှော့၊ အဲဒီအဒေါ်မယ် သွားမပါပဲ တစ်သက်လုံးကြီး ဒီတိုင်းနေသွားရပါသတဲ့။ ဒါကြောင့် ငယ်ငယ်က အဘွားတို့သားအမိ၂ယောက်ကြည့်ပြီး မျက်စေ့လည်ခဲ့ရတာ။ အမေလုပ်သူက ရယ်လိုက်ရင် သွားတွေနဲ့ ဖွေးလို့။ သမီးလုပ်သူကရယ်လိုက်ရင် သွားဖုံးအဟောင်းသားနဲ့လို့တော့ ထင်မိသား။ သွေးရိုး၊ သားရိုးပဲ ထင်နေတာ။ ဇာတ်လမ်းကတော့ အဲဒီအတိုင်းပါပဲဗျား။ အဘွားကတော့ နာဂစ်မတိုင်မီ ၃ရက်လောက်က ကွယ်လွန်ခဲ့ပြီး သမီးဖြစ်သူ ဒေါ်လေးကတော့ ခုချိန်ထိ သူ့မွေးဇာတိမှာ ရှိနေဆဲ။ သူ့မောင်နဲ့ တူ၊ တူမ တွေကစောင့်ရှောက်ထားပြီး ခုချိန်ထိ သွားတွေ မရှိတာကလွဲလို့ ကျန်းမာလျက်ရှိပါတယ်ဗျား။ သူလဲ ဟိုအဘွားလိုပဲ သွားဖုံးတွေတော့ မာနေလောက်ပြီ။

မဆွိတီလဲ ခုတစ်လော ဘယ်ဖက် အောက်ဖက် အံသွားနေရာက ယောင်ပြီးနာနာနေတာ။ အရင် အံဆုံးပေါက်တုံးက အဲလိုဝေဒနာမျိုးခံစားဖူးတော့ အိမ်ကလူကို "သွားတွေနာသတော် ... ကျုပ် အံဆုံးများ ပေါက်သလားမသိဘူး..." ဆိုတော့ တဟားဟားရယ်ပြီး "ညည့်ဟာ ဒီအရွယ်မှ ဘယ်သူမှ အံဆုံးမပေါက်တော့ဘူး၊ ညည့်ကိုညည်း ဘယ်အရွယ်မှတ်နေလဲ ... အပူမှုတ်တာနေမယ် ... ရေများများသောက်တဲ့ ... " မဆွိတီလဲ ငယ်ငယ်က ညာဖက် အပေါ်နားက အံသွားတစ်ချောင်း ကိုက်လို့ဆို ဘုမသိဘမသိနဲ့ သွားဆရာဝန်က နှုတ်ဆို၊ နှုတ်ပလိုက်တာမှာ ခုချိန်ထိ ပြန်မစိုက်ရဘူး။ တစ်သက်လုံး အစာစားရင် ဘယ်ဖက်ကိုပဲ အားပြုဝါးနေခဲ့တာ။ ခုတော့ ဘယ်ဖက်က အပူမှုတ်ပြီးနာနေတော့၊ သွားမရှိတဲ့ညာဖက်က ပြန်ဝါးနေရတော့ အဘွားတွေ အဒေါ်တွေလိုပဲ သွားဖုံးနဲ့ ကျိတ်ကျိတ် ၀ါးနေရပါတယ်ခင်ညား။ ။



11 comments:

  1. တဂ်ပို့စ်မှာ တဂ်ထားပါတယ် တီတီဆွိ ခင်ဗျာ လာဖတ်ပေးပါဦး

    ReplyDelete
  2. အပူကန်တာလည်းဖြစ်နိုင်ပါတယ်၊ သွားဆရာဝန်နဲ. မပြခင် ရေနွေးပူနဲ. ဆားနဲ.ဖျော်ပြီး ပလုပ်ကျင်းရင်သက်သာပါလိမ့်မယ်၊ ဆားရည်နဲ.ပလုပ်ကျင်းတာ သွားဆရာဝန်ကိုယ်တိုင် ညွှန်းတာပါ၊ အသက်ကြီးလာရင် ခန္စာကိုယ်ကြီးက ဟိုကဖြစ်လိုက်၊ ဒီကဖြစ်လိုက်နဲ.၊

    ကျန်းမာပျော်ရွှင်ပြီး များများဝါးနိုင်ပါစေ ...

    ReplyDelete
  3. အိုးးးးးးးးးးဇရာ ဇရာ ရာဇာ ရာဇာ အသင်တော်တော် နှိပ်စက်ပါလား

    ခင်မင်တဲ့
    စစ

    ReplyDelete
  4. စာကြွေးတွေ လာရှင်းတယ် သူငယ်ချင်းရေ...
    သွားနာနေတယ်ဆိုတော့ ဟင်းတွေ ဘာတွေ ဝင်မချက်နဲ့ နားနားနေနေ နေပေါ့.. ပြီးတော့ လက်မှမနာတာနော်... စာတွေပဲ များများရေးနေ... ဟီး...

    သွားနာနေတာ မြန်မြန်ပျောက်ပါစေ...း))

    ReplyDelete
  5. မဆွိတီပိုစ့်လေးဖတ်ပြီး အဖွားကို သတိရလိုက်တာ
    အဖွားလည်း ဒီလိုပေါ့ ဖြူဖြူလှလှ သွားလေးတွေ ပိုင်ခဲ့တာ
    ရယ်လိုက်တိုင်း ဖွေးနေတာဘဲ ငယ်တုန်းက ကိုယ်တွေသွားက ပိုးစားနေချိန် အဖွားသွားလေးကြည့်ပြီး အားကျလိုက်ရတာ
    နောက်တော့မှ သွားတုမှန်းသိရတော့တာ ဟိဟိ
    အဖွားကိုလွမ်းတယ်
    အစ်မလည်း သွားနာနေတာ အမြန်ပျောက်ပါစေ..
    အံဆုံးပေါက်မယ်ဆိုလဲ အမြန်ပေါက်ပါစေနော်း)

    ReplyDelete
  6. အမရေ သွားတွေနောက်လဲကျိုးမှာတူတူ အကုန်နှုတ်ပြီးသွားတုလုပ်တဲ.အကြောင်း ရီရတယ်အမရယ် ..

    ReplyDelete
  7. သွား မ ပါ ရင် နေ ပ စေ ။။။။။။။ :)

    ReplyDelete
  8. TTSweet ရေးတာလေးတွေ သဘောကျမိပါတယ်ခင်ည(သူ့လေသံအတိုင်း)။

    ReplyDelete
  9. သဘောကျမိပါတယ်ခင်ည(TTSweet လေသံအတိုင်း)

    ReplyDelete
  10. အိမ်မက်ရဲ့ ဖွားဖွားတွေတုန်းကလဲ ဒီလိုပဲ.. သွားမရှိတော့ တစ်ခါတလေ ထမင်းကို ငှက်ပျောသီး နဲ့စားတာမြင်ဖူးခဲ့တယ်.. ကိုယ်တွေအလှည့်ကျ ဘယ်လိုနေဦးမယ် မသိ.
    အိမ်မက်

    ReplyDelete
  11. မဆွိ‌ရေ..ကိုယ်လဲအပူကန်တတ်..သွားခဏခဏနာတတ်လို့
    ‌ဆေးနည်း‌လေးတမျိုး‌ပေးလိုက်မယ်..အိပ်ရာဝင်ခါနီးသွားတိုက်
    ရင် နာတဲ့သွားရဲ့အရင်းကိုသွားတိုက်‌ဆေးပိုထည်ြ့ပီးတိုက်ပါ..ပြီး
    ရင်ပါးစပ်ကို‌ရေနဲ့မ‌ဆေးဘဲ ဒီအတိုင်းဘဲစင်‌အောင်‌ထွေးထုတ်လိုက်
    ပါ..‌တော်ရုံနာတာဆိုရင်တခါလုပ်ရုံနဲ့‌ပျောက်တယ်..အာမခံတယ်
    ‌နော်..‌ဒေါ်‌လေးလို‌နောက်နှုတ်ရမဲ့အတူတူဆြိုပီးဂျူဂျူ‌လေးနဲ့အတူ
    တူ buy one get one free လုပ်စရာမလို‌တော့ဘူး‌ပေါ့..။းP

    ReplyDelete