ဇာတ်လမ်း နံပတ် (၁)
မဆွိတီတို့ ငယ်ငယ် သူငယ်တန်းကတည်းက တွဲခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိသဗျ။ နာမည်က မီမီတဲ့။ မျက်နှာဝိုင်းဝိုင်း၊ မျက်ခုံးထူထူ၊ မျက်လုံးလေးတွေကလဲ ၀ိုင်းဝိုင်းစက်စက်၊ အတော်ချောတယ်လို့ ပြောလို့ရတယ်။ အသားလေးကလဲ ၀ါတဲ့ အပြင်နုနေတာ၊ ပါးမှာ သွေးကြောစိမ်းစိမ်းလေးတွေ အတိုင်းသားမြင်နေရတယ်။ အသားညို၊ ရုပ်ကြမ်းတွေသာပေါတဲ့ ဆင်းရဲသားကျောင်းလေးမှာ မီမီဟာ အင်မတန် ထင်ပေါ်လှတယ်။
မီမီတို့မယ်၊ ညီအစ်မတွေကလည်း အများသား။ နာမည်လေးတွေကလည်း ဆင်တူလေးတွေပေးထားတော့ သူတို့ညီအစ်မတွေဟာ ကျောင်းမှာနာမည်ကြီးလှတယ်။ ဒီလိုကျောင်းမျိုးမှာ သူတို့ရုပ်ရည်လေးတွေဟာ အများနဲ့မတူပဲ ဗိုလ်ဆန်ဆန်လေးတွေ လှနေကြတာ အထူးတဆန်းကို ဖြစ်နေကြတယ်။ နောက်ပိုင်းအတော်ခင်သွားမှ ကိုယ်လဲ သူတို့အိမ် လိုက်လည်ရင်း မီမီတို့အဖေက အသားဖြူဖြူနဲ့ ကုလားစပ်၊ အမေက ကရင်လူမျိုးဆိုတာ သိရတယ်။
အဲဒီတုံးက မဆွိတီတို့ အကိုကြီးကလဲ သူ့အစ်မတစ်ယောက်နဲ့ အတန်းတူ သူငယ်ချင်းတွေဆိုတော့ တော်တော်ခင်ကြတယ်။ ကျောင်းအသိုင်းအ၀ိုင်းကသေးတော့ အဲသလိုပဲ မောင်နှမတွေ၊ သူငယ်ချင်းတွေ အားလုံး ပတ်သိပြီး ခင်မင်နေကြတာပဲ။
ဒီနေရာမယ် မဆွိတီတို့ အကိုကြီးအကြောင်း ဖောက်သည်ချရရင် သူကလဲ ငယ်ငယ်ကချောတော့ ခပ်ပွေပွေ ခပ်ရှုပ်ရှုပ်ရယ်ဗျ။ ရုပ်ကလဲ အောင်ကိုလတ်တို့လိုရုပ်မျိုး၊ ရပ်ကွက်ထဲမယ် ထစ်ကနဲရှိဆို လှတယ်လို့ နာမည်ကြီးတဲ့ အပျိုအရွယ် ခပ်ချောချောတွေ အကုန်လုံး သူစိတ်ဝင်စားပြီးသားဖြစ်နေပြီ။ စာပေးပြီးသားဖြစ်နေပြီ။ စွံကလဲ တော်တော်စွံတယ်ခင်ဗျ။ သူ့ကိုကြိုက်လို့ ရေမွှေးပုလင်းပေးသူ၊ စာပေးသူတွေတောင် ရှိခဲ့တယ်။ ဒီတော့ကာ အကိုကြီးမယ် အဲဒီအချိန်က မဆွိတီသူငယ်ချင်း ချောချောလေးတွေ သူ့စိတ်ထဲ ကြိတ်ခိုက်ခဲ့၊ စိတ်ဝင်စားခဲ့တာ ရှိပေမပေါ့။ အဲဒီအထဲ မီမီတစ်ယောက်လဲ ပါလိမ့်မယ်ဆိုတာ မြေကြီးလက်ခက် လွဲမယ်မထင်ဘူး။ ခုတော့ အကိုကြီးလဲ အသက်၄၀ကို ၅နှစ်စွန်း။ အိမ်ထောင်ကျလို့ ခလေး ၂ယောက်အဖေတောင် ဖြစ်နေပေါ့။
မီမီအကြောင်းဆက်ရရင် မဆွီတီလဲ မီမီတို့နဲ့ ၇တန်းလောက်အထိပဲ အတူနေလိုက်ရပြီး ၈တန်းရောက်တော့ အိမ်ပြောင်းတာနဲ့ တခြားကျောင်းရောက်သွားတယ်။ ဒါပေမဲ့ ကျောင်းအဟောင်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ခဲ့ဘူး။ သူ့အိမ်၊ ကိုယ့်အိမ်လဲ သွားလည်ကြတယ်။ တက္ကသိုလ်တွေ တက်ကြတော့လဲ သူ့ကျောင်း၊ ကိုယ့်ကျောင်း လျှောက်လည်ကြတာ ပျော်စရာကြီး။ ကျောင်းပြီးတော့ ကိုယ်နိုင်ငံခြားထွက်ခါနီး အလုပ်ရှုပ်နေတုံး၊ သူငယ်ချင်းလဲ အင်ဂျင်နီယာ တစ်ယောက်နဲ့ လက်ထပ်သွားတယ် ကြားလိုက်တယ်။ နောက်ပိုင်းတော့ စင်္ကာပူကျွန်းလေးမှာ ၁၃နှစ်ကြာ ဇာတ်မြှုတ်နေခဲ့တော့ ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်။
ဟိုတစ်လောဆီက အကိုကြီးက အဲဒီငယ်ငယ်က ကျောင်းလေးမှာ "ကျောင်းသားဟောင်းများ တွေ့ဆုံပွဲနဲ့၊ အာစရိယပူဇော်ပွဲ" လုပ်မလို့ဆိုပြီး အလှူငွေလိုက်ကောက်တယ်။ မဆွိတီတို့ဆီလဲ လှမ်းကောက်သေးတယ်။ ငယ်သူငယ်ချင်းတွေရဲ့ လိပ်စာတွေလဲ တောင်းပေမဲ့ ကိုယ့်မှာတောင် အဆက်အသွယ်တွေပြတ်နေလို့ အကိုကြီးဆီက ပြန်တောင်းရမယ်ဆို ပြန်ပြောယူရတယ်။ အကိုကြီးလဲ အဲဒီရက်ပိုင်းတွေက အလှူငွေကိစ္စ၊ ကျောင်းကိစ္စတွေနဲ့ အလုပ်ရှူပ်နေသပေါ့။
ဒီလိုနဲ့ မဆွိတီတို့လဲ ပြီးခဲ့တဲ့ ဒီဇင်ဘာ ရန်ကုန်ပြန်တော့ မိသားစုတွေ အလ္လာပ၊ သလ္လာပ ပြောကြရင်း ...အကိုကြီးက
" ဘုတ်အီးမရေ ... ဟိုတစ်လောဆီက အာစရိယပူဇော်ပွဲအတွက် ငါလဲ တော်တော်လှုပ်ရှားလိုက်ရသေးတယ်။ ငါနင့်သူငယ်ချင်းတွေဆီလဲ အလှူငွေ လိုက်ကောက်သေးတယ်ဟ ..."
"ဟုတ်လား အကိုကြီး ... ဘယ်သူတွေနဲ့ တွေ့သေးတုံး ... "
ဆိုတော့ မဆွိတီ သူငယ်ချင်းတွေ နာမည်ရွတ်ပြတယ်။ နောက်ဆက်ပြောသေးတယ်။
" ငါ မီမီ့ကိုလဲ တွေ့ခဲ့သဟ ... မီမီက ငယ်ငယ်ကနဲ့ တခြားစီပဲ ..."
" ငါသွားတော့ သူရေတွင်းနားမှာ အ၀တ်တွေ လျှော်နေတယ် ... သူ့ ခလေးတွေကိုလဲ ပွစိပွစိနဲ့ ဆူနေတာများဟာ ... "
" နောက်ပြီး ကွမ်းတွေလဲ ၀ါးနေသေး ...လူကလဲ ၀လို့ ... နင်မသိရင်လေ မီမီက ရပ်ကွက်ထဲက ကရင်မ အဒေါ်ကြီးပဲ ..." ဆို သူ့ထုံးစံအတိုင်း ရယ်ရယ်မောမော ပြောနေတော့တယ်။
ထိပ်ကပြောင်ရတဲ့ကြားထဲ ပွယောင်းယောင်းနှာခေါင်း၊ မျက်မှန်ထူထူအောက်က အရေးအကြောင်းများစွာနဲ့ မျက်နှာ၊ ဂျော်ဒန်းနိုးစပို့ရှပ်အောက်က မနိုင်မနင်းစူထွက်နေတဲ့ ၀ဖိုင့်ဖိုင် ၀မ်းဗိုက်ပိုင်ရှင် ရယ်ရယ်မောမောပြောနေတဲ့ အကိုကြီးကိုငေးကြည့်ရင်း သူ့ညီမ တရုတ်မ အဒေါ်ကြီးက ပြုံးလို့သာနေတော့တယ်။
--------------------------------------------------------------------------------
ဇာတ်လမ်း နံပတ် (၂)
နှင်းမင်းသမီးလေး
မဆွိတီတို့ ခုနှစ်တန်း အိမ်အသစ်ပြောင်းကြတော့ လမ်းထိပ်မှာ ဆေးခန်းလေးတစ်ခုရှိသဗျ။ အဲဒီမှာထိုင်တဲ့ ဆရာဝန်မက အသားဖြူဖြူုလေးနဲ့။ ချောလိုက်တာ။ ချောတာထက်ကို ပညာဂုဏ်ရောပေါင်းပြီး ကျက်သရေ ရှိတယ်ပြောရမယ်။ ကိုယ်ငယ်ငယ်အပျိုဖော်ဝင်စ ဗိုက်အောင့်၊ ခါးကိုက်ဖြစ်လွန်းလို့ ဆရာမထံ ခဏခဏသွားပြရလွန်းလို့ ခင်မင်ရင်းနှီးနေပေါ့။ အဲဒီဆရာဝန်မကိုကြည့်ပြီး ဆရာဝန်ရူးရူးခဲ့ရတာလဲအမောကိုး။ ဆရာဝန်မရဲ့ အမျိုးသားကလဲ နာမည်ကြီး အထူးကုဆရာဝန်ကြီးပါပဲ။
သူတို့မှာ သမီးလေးတစ်ယောက်ရှိတယ်။ ခလေးမလေးက ရုပ်ကလေးကလဲချော၊ စာလေးကလဲတော်၊ နာမည်လေးကလဲ လှလိုက်တာ။ နှင်းမိုးရည်တဲ့။ အစစပြည့်စုံတဲ့ဘ၀ပေါ့။ မဆွိတီတို့ ၁၀တန်းမှာ ခလေးမလေးက အပျိုတောင်မဖြစ်သေးဘူး။ ၅တန်းလားရှိသေးတယ်။ နောက်ပိုင်း ၈တန်းနှစ်လောက်ရောက်တော့ ခလေးမလေးက ချစ်စရာလေးမှို့ ကျူရှင်၊ ကျောင်းသွား ပိုးပန်းသူ၊ လျှောက်ပြန်သံပေးတွေသူတွေ ပေါလှတယ်။ ရပ်ကွက်ထဲမယ် သူတို့က ပညာတတ် ကြေးရေတတ်တွေဆိုတော့ ပိုးပန်းကြသူများကလည်း လျှောက်ပြန်သံပေးလောက်က မတက်နိုင်ဘူး။ မမှီတဲ့ပန်း မလှမ်းဝံ့သူတွေကသာများတယ်။ ရပ်ကွက်ထဲမယ် မစားကောင်းတဲ့ အသီးရယ်လို့တောင် ပြောစမှတ်ပြုကြတာ။ ကျောင်းသွားကျောင်းပြန် ကားနဲ့ အစောင့်အရှောက်တွေနဲ့မှို့ " နှင်းမင်းသမီးလေး" ရယ်လို့တောင် နာမည်တွင်သွားတယ်။
သဇင်ပန်းမလေး
အဲဒီအချိန်က မဆွိတီတို့ အိမ်ဘေးမှာ ဗိုလ်မှူးကြီးဟောင်းတစ်ဦးနေတယ်။ သားသမီးတွေ အများကြီးထဲက အငယ်ဆုံး သဇင်ဆိုတဲ့ ကောင်မလေးနဲ့က မဆွိတီနဲ့ ကစားဖော်၊ကစားဖက်ဆိုတော့ ညီမလေးလို ခင်ရတယ်။ မဆွိတီထက် ၂နှစ်လောက်ငယ်တာပေါ့။ သူကလေးကလဲ ဗိုလ်မှုးကြီးသမီးဆိုတဲ့ ဂုဏ်ရယ်၊ သူ့ဟာလေးနဲ့သူ အသားဖြူချောချောလေးမှို့ ကြိုက်တဲ့သူ၊ ပိုးပန်းတဲ့သူတွေ ပေါလှတယ်။ ဒါပေမဲ့ သူက အဲဒီလူတွေကို ဘယ်သူ့မှ စိတ်မ၀င်စားဘူးတဲ့။ သူနဲ့ အတန်းတူတဲ့ သူတို့အိမ်နောက်ကျောဖက် ကပ်ရပ်အိမ်ကြီးက မောင်ရဲမင်းဆိုသူကိုတော့ သူသဘောကျတယ်။ ညညဆို သူတို့အိမ်ရှေ့က ဒန်းစင်လေးမှာ ထိုင်စကားပြောကြရင်းနဲ့ သဇင်မလေးရဲ့ ရင်ဖွင့်သံတွေ မကြားချင်မှ အဆုံးပေါ့။
မောင်ရဲမင်း
မောင်ရဲမင်းဆိုသူကတော့ ရပ်ကွက်ထဲမှာ သစ်လုပ်ငန်းနဲ့ ချမ်းသာလာတဲ့ မိသားစုကပေါ့။ စီးပွားရေးအကြီးအကျယ်လုပ်ပြီး ရပ်ကွက်ထဲမှာ အချမ်းသာဆုံးလို့ပြောလို့ရတဲ့ အသိုင်းအ၀ိုင်းကလာတယ်။ ရုပ်ကလေးကလဲသန့်ပြီး အသားဖြူဖြူနုနု၊ ကွယ်လွန်သူ အဆိုတော် " နောင် "တို့လို ရုပ်မျိုးလေး။ ကျောင်းတက်တော့ သဇင်မတို့နဲ့ သူငယ်ချင်း တစ်ဖွဲတည်းမှို့ တော်တော်ခင်ကြတယ်။ အစပိုင်းတော့ မောင်ရဲမင်းက သဇင်မလေးအပေါ် စိတ်ဝင်စားတဲ့ အရိပ်အရောင်ပြခဲ့ပေမဲ့ နောက်ပိုင်းတော့ မဟုတ်တော့ဘူးတဲ့။ သဇင်မလေးမယ် တက္ကသိုလ်ရောက်တဲ့ အထိ မောင်ရဲမင်းဆီက ဖွင့်ဟလာမဲ့ အချစ်ကို မျှော်လင့်ခဲ့ပေမဲ့ ဟိုဖက်က မတုန်မလှုပ်ကျောက်ဆစ်ရုပ်လုပ်နေတော့ လက်လျှော့ကာ သူ့ကိုပိုးပန်းတဲ့ထဲက သင့်တော်မယ်ထင်တဲ့ ကောင်လေးတစ်ယောက်ကို လက်ခံလိုက်တော့တယ်။ ညည သူတို့အိမ်ရှေ့ ဒန်းလေးပေါ်က သဇင်မလေးရဲ့ ရင်ဖွင့်သံတွေလဲ တိုးတိတ်သွားခဲ့ပြီပေါ့။
ဒီမယ် သူရဲကောင်း မောင်ရဲမင်း တကယ် စိတ်ဝင်စားတာက တစ်ရပ်ကွက်လုံး မစားကောင်းတဲ့ အသီးရယ်လို့ သတ်မှတ်ထားတဲ့ နှင်းမင်းသမီးလေးပါပဲ။ သူက အဲဒီကောင်မလေးကိုပဲ စိတ်ဝင်စားတယ်၊ ရအောင်ယူပြမယ်ပဲ တကဲကဲ ပြောနေတော့တယ်။ မောင်ရဲမင်းက မဆွိတီရဲ့မောင်လေးနဲ့ သူငယ်ချင်းအရင်းတွေဆိုတော့ အိမ်ဝင်ထွက်ခင်မင်နေတာကိုး။ နှင်းမင်းသမီးလေး ၁၀တန်းရောက်တော့ ဆရာဝန်မိသားစုလဲ အင်းစိန်ဖက်ပြောင်းသွားတယ်ကြားတယ်။ ကြားတာကတော့ သူ့အမေက မောင်ရဲမင်းနဲ့ သဘောမတူလို့ ဝေးရာကို ပြောင်းပြေးကြတယ်ပေါ့။ တစ်ချို့ကလဲ သူတို့က ကရင်စပ်တွေဆိုတော့ အင်းစိန်ဖက်က အမျိုးတွေ ပေါတဲ့ဖက်မှာ ဆေးခန်းဖွင့်ရတာ အဆင်ပြေတယ်ဆို ပြောင်းသွားကြတယ် ပြောပြန်တယ်။
ဒီလိုနဲ့ တက္ကသိုလ်ကျောင်းတွေ ပြီးကြတော့ အိမ်ရှေ့က သဇင်မလေးလဲ သူ့ချစ်သူနဲ့ လက်ထပ်သွားတယ်။ မောင်ရဲမင်းကတော့ စီးပွားရေးတွေလုပ်ပြီး တော်တော်ချမ်းသာနေတယ်ကြားတယ်။ မဆွိတီလဲ စလုံးကျွန်းမှာ ၉နှစ်၊၁၀နှစ်ကြာအတောအတွင်း ၃-၄ခေါက် အိမ်ပြန်လည်တော့ အိမ်ရှေ့က သဇင်မလေးက သူ့မိဘတွေအိမ်မှာပဲ အတူနေတယ်။ သဇင်မလေး ပထမ သားဦးလေးဖွားတယ်၊ ဟော နောက် သမီးလေး တစ်ယောက်ထပ်ရပြန်ပြီ ... စတဲ့ သတင်းတွေ ကြားခဲ့ရ။ နောက်ဆုံးအခေါက်ပြန်တော့ သဇင်မလေးက တစ်သားမွေး၊ တစ်သွေးလှဆိုသလို ခလေး ၃ယောက်နဲ့ လှမြဲ။ ထုံးစံအတိုင်း သနပ်ခါး အဖွေးသားလိမ်းလို့ စီးပွားရေးလုပ်နေတဲ့ ယောက်ျားနဲ့ ကားခေါင်းမှာ အတူလိုက်လို့ အဆင်ပြေနေတဲ့ သူတို့ မိသားစုလေးကြည့်ပြီး ၀မ်းသာနေခဲ့တယ်။ မောင်ရဲမင်းတစ်ယောက်ကတော့ ကနေဒါဖက်ရောက်လို့ အိမ်ထောင်ကျနေပြီကြားတယ်။ ရပ်ကွက်ထဲမှာတော့ သူယူတဲ့ ကောင်မလေးက "နှင်းမင်းသမီးလေး"ပဲဆိုသလိုလို၊ ယုံတမ်းစကားလိုလို ပြောနေကြပြန်တယ်။
ဟိုတစ်နေ့က ဖေ့စ်ဘွတ်ခ်မှာ ပျင်းပျင်းရှိလှနဲ့ နာမည်တစ်ခုတွေ့တော့ ဒီနာမည် ကြားဖူးသလိုပဲဆို ပုံတွေကြည့်လိုက်တော့ မောင်ရဲမင်းနဲ့ ခပ်ဆင်ဆင်။ profile ကြည့်လိုက်တော့မှ ကိုယ်တို့မြို့ကဆိုတော့ သေချာသွားပြီး Friend request လုပ်လိုက်တယ်။ ညနေဖက်ရောက်တော့ သူက စာလေးရေးပြီး လက်ခံထားတာနဲ့ သူတို့မိသားစုပုံလေးတွေ လိုက်ကြည့်နေမိတယ်။ သူဟာ နှင်းမင်းသမီးလေးကို တကယ်ရအောင် ယူခဲ့တာပဲ။ ပရိုဖိုင်းနာမည်ကြည့်လိုက်တော့ Married to Hnin Moe Yee တဲ့။ ဒီမှာ အရင်က ချစ်စရာကောင်းလွန်းလို့၊ အစစအရာရာ ပြည့်စုံလွန်းလို့ မစားကောင်းတဲ့ အသီးရယ်လို့ သတ်မှတ်ထားတဲ့ နှင်းမင်းသမီးလေးပုံကိုတွေ့လိုက်တော့ တော်တော်အံ့သြသွားတယ်။ မဆွိတီရဲ့ စိတ်ကူးထဲက နှင်းမင်းသမီးလေးအစား မျက်မှန်ထူထူတပ်လို့ မေးရိုးကားကားကြီးနဲ့ (အကိုကြီးပြောသလိုပြောရရင်) ကရင်မ အစ်မကြီး တစ်ယောက်ကိုသာ တွေ့လိုက်ရလို့ပါပဲ။ ငယ်ငယ်က လှခဲ့တယ်။ ချစ်စရာကောင်းခဲ့တယ်ဆိုတာ ဘယ်မှမှ ရှာမရ။
------------------------------------------------------------------------------
အို ... ဇရာ ... အသင်သည်ကား ငါတို့၏ နုနယ်ပျိုမြစ်မှုတွေအားလုံး၊ လှပချောမွေ့မှုတွေအားလုံး ၀ါးမြိုဖျက်စီးသွားလေပြီတကား။ ။
(ပုံကို အင်တာနက်မှ ယူပါသည်။ လင့်ခ် ပျောက်ဆုံး ၊ Credit to original uploader)
Iora said...
ReplyDeleteတကယ်ဘဲ ဖေ့စ်ဘွတ်ခ်က ဇရာကို သတိပေးနေသလိုဘဲ။
အိုင်အိုရာ
(ပို့စ်က update မဖြစ်တော့လို့ အသစ် ပြန်တင်လိုက်တာ Iora ရဲ့ ကွန်မန့်လေး အန်တီဆွိမှ ပြန်ကူးပေးလိုက်ပါသည်)
စိတ်ဝင်စားစရာကောင်းလိုက်တာ အစ်မဆွိ
ReplyDeleteကျနော်တော့ မှန်ကြည့်ရဲသေးတယ်.( မီးမှိတ်ပြီး)..ခိခိ
ReplyDeleteDL
ကရင်မစစ်စစ်က လာတ်ပြီးပြုံးသွားပါကြောင်း... :D
ReplyDeleteNaw Phaw
လာဖတ်ပြီးရေးတာ ( ဖ) ကျန်ခဲ့တယ်... ကရင်မတွေက အဲလိုလဲ နမော်နမဲ့နိုင်သေးတာ... :D
ReplyDeleteအံတီကတော့ ၅၀ကို၅နှစ်စွန်းခဲ့ပြီမှို.ဇရာပိုင်းထဲဝင်လာပြီလေ။သိပ်မစားဘဲ
ReplyDeleteအလိုလိုတိုးလာတဲ့အသားတွေ၊တနေ.တခြားပူလာတဲ့ဗိုက်၊တုတ်လာတဲ့ခါး
တွေကြောင့်ဓါတ်ပုံရိုက်ရင်ဝေးဝေးကရိုက်ပါလို.ပြောနေရပြီ။ဒါပေမဲ့ဇာတိရ
လာရင်ဇရာနဲ.မရဏကတွဲပါလာမြဲမှို.လက်ခံလိုက်တော့လဲနေသာသွား
ပါတယ်။မဆွိတီရဲ.ဘလော့ကိုအားပေးနေခဲ့တာနှစ်နဲ.ချီခဲ့ပါပြီ။သိတ်သဘောကျနှစ်သက်တဲ့ဘလော့လေးပါ.
ကရင်မလေးတွေ အသက်၃၅လောက်ပေမဲ့ လှတဲ့သူလဲ အလွန်လှပါသေးကြောင်း။း)မနေ့ကပဲ rose ရဲ့ ဘလော့ဂ်ကို သွားမွှေပြီး ပုံတွေကြည့်ထားတာကွ ...
ReplyDeleteအပေါ်က ပုံက ကြီးတော်မီမီများလား? ဘီးဆံပါတ်ကြီးနဲ့။
ReplyDeleteွှအွန်လိုင်းပေါ်မှာ software တစ်ခုရှိတယ်လေ တီတီဆွိရဲ့။ ကိုယ့်ဓါတ်ပုံကိုထည့်ပြီး နောက် ၁၀ နှစ် အနှစ် ၂၀ စသဖြင့် အကြာမှာ ဖြစ်လာဖွယ်ရှိတဲ့ ပုံကို ပြောင်းပေးတယ်။ တကယ်တူမတူတော့ မသိဘူး။ သူ့ပုံတွေကတော့ အရေးအကြောင်းတွေ အရောင်တွေ များများထည့်တော့ တော်တော်အိုစာသလိုပဲ။
ဒါနဲ့ ဂျူဂျူလေးကို သတိရတယ်။
အင်းးး ပပဝတီတောင် အိုရသေးတာပဲ မတ်စိရဲ့....။ ဟိဟိ...ရှင်တို့ ၂ယောက် ခုတလော တိုက်ဆိုင်နေတယ်နော်၊ သဝကလည်း ဇရာ သူခိုး ခိုးသွားတဲ့ ပျိုမြစ်မှုတွေတဲ့ ရေးလိုက်သေး...:)
ReplyDeleteအိမ်အိုတော့ ကျားကန်၊ လူအိုတော့ ပန်းပန် ... :D
ReplyDeleteကရင်မထဲမှာ ကရင်နဲ့ မတူတဲ့ မဖြူတဲ့ အသားအရေ ပိန်ချောက်ချောက် နဲ့ ကရင်မလေးလဲ လာအားပေးသွားပါတယ် တီဆွိ..အားရင် အလည်လာပြီး ဆိုင်ကယ်လေး လာယူပါဦး တီဆွိရေ...
ReplyDeleteခင်တဲ့
အိမ်မက်
အမြဲတမ်း လာဖတ်ဖြစ်ပေမယ့်။ ပထမဆုံး ခြေရာချန်ခဲ့တယ်။ ဒီလို နှင်းသမီးမျိုး တစ်ယောက်ထဲမက ရှိတာလား... ဒီပိုစ့်ထဲကလို နှင်းသမီးမျိုးကို ဒီပိုစ့်ထဲကလိုပဲ ဖေ့စ်ဘွတ်ထဲ ပြန်တွေ့ခဲ့တာ... :)
ReplyDeleteနှင်းမင်းသမီး (အမှားပြင်ဆင်ချက်) :D
ReplyDeleteဇရာအကြောင်းဖတ်ပြီး ကိုယ့်ခေါင်းပေါ်ပြန်စမ်းမိပါရဲ့... ဆံပင်ဖြူဘယ်နှစ်ချောင်းများ ပေါက်နေပြီလဲလို့......
ReplyDeleteချမ်းမြေ့ပါစေ
ချယ်ရီမြေ
မမဆွိ ရေ တကယ့် ကိုပါဘဲ ။
ReplyDeleteခု ဒုတိယကလေးမွေးပြီးမှ အရမ်းဝ လာပြီး အဒေါ်ကြီးပုံ ပေါက်နေလို့  မှန်တောင် မကြည့်ချင်တော့အောင်ပါဘဲ ။
နည်းနည်းလေးတောင်မှ လုံးဝ မပြုံးနိုင်ပါ။
ReplyDeleteဂလိုသာ . . .
:(
:(
:(
သြော်..ဇရာ ဇရာ..။ ဘာပဲဖြစ်ဖြစ် ကိုယ်က တော့ ငယ်ပါသေးတယ်လေ။
ReplyDeleteဘာပဲဖြစ်ဖြစ်လိုသေးတယ်...သားက ခုမှ ၂၁ နှစ် ဟိ...
ReplyDeleteဘယ်လာက်တောင် လှပချစ်စရာကောင်းသူဖြစ်စေ
ReplyDeleteဇရာက ဖိစီးနှိပ်စက်တဲ့အခါ အားလုံးဟာ ပျောက်ကွယ်ရတာချည်းဘဲနော်
ဟုတ်တယ်နော် မမ ငယ်ငယ်လေးထဲက စဉ်းစားမိတယ်။ ချောတဲ့သူတွေက အိုသွားရင် ပိုအကျနာတယ်လို့ ... ရုပ်ဆိုးတဲ့သူတွေကတော့ ငယ်တုန်းကလည်းအကျည်းတန်ဆိုတော့ အိုသွားလည်း သိပ်မသိသာဘူးလို့ မျှော်လင့်ရတာပဲ ...ဥပမာ မယ်လေ... :P
ReplyDeleteစာပြန်ရေးချင်နေတာ၊
ReplyDeleteဒီမှာပဲ ရေးလိုက်တာကို ခွင့်ပြုပါနော်၊
မတီတီဆွိရဲ့ ဘလော့ဂ်ကို သိနေပါတယ်၊ မကြာခဏလည်း လာဖတ်ဖြစ်ပါတယ်၊ ကွန်မန့်လည်း တခါတလေ ရေးဖြစ်ပါတယ်၊
ဝိုင်အိုင်တီဆင်းမို့လည်း ခင်ချင်နေတာပါ၊
အပြုံးပန်းက အမ်အိုင်တီက ဆိုပေမယ့် ၀ိုင်အိုင်တီမှာလည်း တက်ဖူးတယ်၊ ရတနာဆိုင်တို့နဲ့ ဘက်ခ်ျတူပါတယ်၊
a smiling flower ဘလော့ဂ်ကို လင့်ခ်ယူထားတဲ့အတွက်ရယ်၊ လာလည်အားပေးတဲ့ အတွက်ရယ်ကို ကျေးဇူးတင်ပါတယ်။
တို့များက ၁၂ကျပ်ခွဲသား ကရင်မို့၊ အစိတ်သားဖိုးလောက် ရုပ်ဆိုးတာတွေကို လျော့ပေးဖို့ အို...ဇရာ...အရှင်ကို တောင်းဆိုချင်မိတယ် တီဆွိရယ်
ReplyDeleteး)
အစ်မသီတာ ကရင်စပ်တယ်လား။ အဲဒါဆို ရေးထားတာနဲ့ ပြောင်းပြန်တွေးလိုက်။ အစ်ကတော့ နုတုံး။ ချောတုံးပါနော့၊ မယုံ ကိုဧရာကြီးကိုသာ မေးကြည့်ကြပါဗျို့း)
ReplyDeleteအပြုံးပန်း
ကွန့်မန့်လေးတွေ ချန်ခဲ့တာ တွေ့ပါတယ် (နောက်မှ ပြန်ရှာတာ)။ ကိုယ်က အရင်က ပြန်မရောက်ဖြစ်ခဲ့တာကိုလဲ အားနာနေတာ။ ရေးထားတာလေးတွေ သိပ်ကောင်းပါတယ်။ ဟိုနေ့ကတော့ ပို့စ်တော်တော်များများဖတ်သွားတယ်။ ရတနာဆိုင်နဲ့ same batch ဆို ၂နှစ်ငယ်မယ်နဲ့တူတယ်။ MIT မှာလဲ ဆရာမလုပ်ဖူးတော့ MIT ကိုလဲ သံယောဇဉ်ရှိပါတယ်။
မယ်ကိုး ကို အကျည်းတန်တယ်လို့ မထင်မိပေါင်။ ဟို RIT ပွဲမှာတွေ့တာတော့ ချစ်စရာ သိပ်ကောင်း။
မချောရေ
ချောတဲ့သူ၊ လှတဲ့သူတွေတောင် အဲလိုတွေ ဖြစ်ကုန်တာ။ ကိုယ်တွေလိုဆို စဉ်းစားသာကြည့်ပေရော့ပေါ့ကွယ် ...
ကိုထွဋ်
သားသားတို့လဲ ဒီအရွယ်တစ်နေ့ရောက်မှာပဲဟာကို ... ဟွန့် ... အသက်က မကြီးမှာကျနေတာပဲ ...း)
An Asian Tour Operator
လာပြန်ပြီ သားသားတစ်ယောက် ... အပေါ်က သားသားဆီမှာ ပြန်ဖတ်နော် ...း)
ကိုဇော်
ဒါဆို ကိုဇော်ကတော့ သားသားအရွယ် မဖြစ်နိုင်ဘူး။ လူပြိုကြီး ဖြစ်ရမယ်။း) ပြုံးတောင်မပြုံးနိုင်တော့ဘူးဆိုတော့လေ ...း)
သန္တာရေ
မှန်ကတော့ မပြောပါနဲ့တော့ကွယ် ... ဝေးဝေးကသာ ကြည့်ရဲပါတယ်။ အမှန်က ဒီပို့စ်ကိုရေးတော့ ဇာတ်လမ်းနံပတ် (၃) ဆိုပြီး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းထားတာ။ ပြီးမှ တော်တော်များသွားလို့ ပြန်ဖျက်လိုက်ရတယ်။ အဲလို မှန်မကြည့်တဲ့ အကြောင်းတွေ ရေးထားတာ။ နောက်မှ ဖွဖွထောင်းပြီး ပို့စ်တစ်ပုဒ် ပြန်တင်ဦးမယ်ကွယ် ...း)
ချယ်ရီမေ
ReplyDeleteဒီမှာ တစ်လတစ်ခါ ဆေးဆိုးနေရသူပါကွယ်။ အန်တီဆွိကို အားနာပါဦးး)
ဆံပင်ဖြူအကြောင်းပြောရင် စိတ်နာတယ် ...း)
ကိုမောင်သန့်ရဲ့ နှင်းမင်းသမီးနဲ့ တစ်ယောက်တည်းဖြစ်နေဦးမယ်။ ဖေ့စ်ဘွတ်ခေတ်မှာ ဒီလိုဇာတ်လမ်းတွေကတော့ ရိုးနေမှာပါ။ ရှိနေမှာပါ။
အိမ်မက်စေရာကလဲ ကရင်မလေးပဲလား။ အန်တီဆွိတော့ ဒီပို့စ်ရေးမိတာ မှားချက်။ ဘလော့ဂါထဲမှာ ကရင်မလေးတွေကလဲ များချက်။ တို့အန်တီသီတာကြီးတောင် ၁၂ပြားခွဲတဲ့။ ရိုက်ပေါက်တော့ တိုးပြီနဲ့တူတယ်။ ဆိုင်ကယ်တော့ ဦးခြိမ့်အတွက်ယူသွားပြီနော်။
ကိုအောင် ပန်းပန်ဆိုတော့ အန်တီစုကို သွားမြင်တယ်။ အန်တီစုကတော့ ပန်းမပန်လဲ လှတာပဲ။ အမြဲ ကျက်သရေရှိနေတာပဲနော်။ တီဆွိကတော့ ပန်းပဲကြိုက်တာ။
အကြည်ရေ ပပ၀တီတောင် အိုတယ်ဆိုတော့ တို့အကြည်ကတော့ တော်တော်နုပါတယ်။ တကယ်ပြောတာ။ အန်တီသက်ဝေရယ်၊ အကြည်ရယ် ၂ယောက် ဘာဆေးတွေ စားကြသလဲ ပြောကြဦးနော်။
အမောင်တောင်ငူသား
အပေါ်က ဘီးဆံပတ်ကြီးနဲက တရုတ်မ အဒေါ်ကြီး ... အဲလေ ... ဘာတွေ လျှောက်ပြောမိပါလိမ့်။
အဲဒီတုံးက မီမီကို တွေ့ချင်လို့ သွားရှာပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတွေ့ခဲ့ရဘူး။ နောက်တစ်ခေါက်သွားမှ တွေ့ဖြစ်အောင်တွေ့ရမယ်။ မတွေ့တာကြာတော့ ငယ်သူငယ်ချင်းတွေကို အရမ်းပြန်တွေ့ချင်တာပဲ။ အဲဒီကျမှ မီမီ့ပုံကို သေချာကြည့်ခဲ့မယ်။ အကိုကြီးပြောသလောက်တကယ်လားဆိုတာ။
တို့က ဆော့ဖ်ဝဲ မလိုဘူးကွနော် ... နဂို ... နဂို ... အို ...း(
အောက်က ဂျူဂျူက စကားမစပ်လိုက်တာများနော် ...ဟွန့် ...
အန်တီဦးကလဲ လာအားပေးပြန်ပြီ။ ဒီမှာ သူညားတွေမှာ စိတ်အားငယ်နေရတဲ့ကြားထဲ။ ၅၅ဆိုရင်တော့ ... ပလပ်စတိတ်ဆာဂျရီ ခုသွားလုပ်တော့မယ်ဂျ နော် ...း)
ရို့စ် (သို့) နော်ဖော တစ်နေ့ကပဲ တိုက်တိုက်ဆိုင်ဆိုင် ဘလော့ဂ်ဒေးပို့စ်တွေဖတ်ရင်း Rose of Sharon ဘလော့ဂ်ကိုရောက်သွားပြီး မွှေနှောက်လိုက်တာ ... ဘလောဂ်ဂါမလေး ပုံချောချောလေးကို တွေ့ခဲ့တာ။ ကရင်မလေးတွေတိုင်း အဲလိုတော့ ဟုတ်ဘူးဆိုတာ သက်သေပြနေသလိုပါပဲ။ ကြော်ငြာလိုက်မယ်နော်။ ဒီမှာကြည့်ကြပါဦးဗျာ။ http://rose-sharon.blogspot.com/2009/09/blog-post_29.html
အနောနိမတ်စ် မှန်ကြည့်ရဲသေးတယ်ဆို အသင်ငယ်သေးလို့ဖြစ်မယ် ... အလကားစတာပါ။ အသက်ကြီးပေမဲ့ နုပျိုသူတွေလဲ အများကြီးပါ။
ရီတာ၊ လော်ရာ လာအားပေးတာ ကျေးဇူးတင်ပါတယ်။
ကျမလဲ ၀င်ပါ ပါအုံးမယ်နော်။ အပါးက ကရင် အမေကတော့ ရှမ်း(ဓနု) ဆိုတော့ ကရင်စပ်ကြားပါဘဲရှင်။ ကျမ ဆီ လာလည်ပြီး ကွန်မန့် တွေ အများကြီး ပေးသွားလို့  ကျေးဇူးတင်ပါတယ်ရှင့်။
ReplyDeleteခင်မင်စွာဖြင့်
phomu(ဖိုးမူ)
သံဝေဂလည်းရ သူငယ်ချင်းတွေလည်း မှတ်မိလွယ်အောင် အန်တီတင့်တို့ နှစ်စဉ်ဆရာကန်တော့ပွဲမှာ တက္ကသိုလ်ဝင်စနဲ့ လက်ရှိပုံတွေကို လိပ်စာစာအုပ်မှာတင်ထားပြီးဝေပေးလေ့ရှိတယ် စွိတီရေ။
ReplyDeleteအို နာ သေဘေးကတော့ ရှောင်ပြေးအုံးတော့ မလွတ်ဧကန်ပဲနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖိုးမူဆိုတော့ ထင်တော့ထင်သား။ ကရင်မလေးတွေ ပေါတဲ့ ဘလော့ဂ်ရွာရယ်လို့ တင်စားခေါ်ဝေါ်ရမလိုဖြစ်နေပြီ။ ဖိုးမူရေးတာလေးတွေ သိပ်ကြိုက်လို့ ကွန့်မန့်လေးတွေနဲ့ လာအားပေးတာပါ။ စာတွေ ဆက်ရေးပါနော်။
ReplyDeleteအန်တီတင့် အဲဒီစိတ်ကူးလေးကောင်းတယ်။ ပျော်စရာလဲကောင်းတယ်။ သံဝေဂလဲရစရာ။
ချစ်ကြည် အစုတ်ပလုတ် သူများကို နာမည်ဖျက်ပြန်ဘီ... သဝ တဲ့...
ReplyDeleteနဂိုကမှ အဝကြီး ဝနေရ တဲ့အထဲ...း(
သူများကတော့ ဘာဆေးမှ မစားပါဘူး သူငယ်ချင်းရယ်... အစဉ်အမြဲ ပေါတောတောနဲ့ ပြောင်ဖြဲဖြဲလုပ်နေလို့ ငယ်သလိုလို ထင်ယောင်ထင်မှား ဖြစ်သွားတာ နေမှာပါ... (အလဲ့)
ဘလော့ဘက် မလှည့်နိုင်တာ ခဏလေး လိုက်ကာ ကြားက ချောင်းကြည့်မိတာ ဒီပို့စ်တွေ့တော့ မနေနိုင်ဘူးဗျို့..
ReplyDeleteချိုသင်းကတော့ ကရင်မဟုတ်ဘူး၊ ရှမ်းတမတ်ပါတယ်။ ဒါပေမဲ့ မအိုခင်က နာ နေပြီ၊ မသေသေးခင် အိုနေပြီ။ မတတ်နိုင်ဘူး၊ သူများ မထောင်းခင် ကိုယ့်ပေါင်ကိုယ် ဘယ်ပြန်ညာပြန် တီးလိုက်ပြီ မမဆွိရေ..
ဇေယျာနဲ. အပေါင်းအသင်းမလုပ်နဲ. ...
ReplyDeleteကရင်မ တွေဆိုရင် အပျိုဘ၀တုန်းက အ၇မ်းမိုက် ပါးပါးလေးတွေ ... ယောက်ကျားလဲ ရရော ဖွတ်ဖွတ်ညက်ညက်ကြေပြီ ရှုံ့ တွ ပိန်လိန်ကုန်တာ ... မယုံရင် ကရင်မတွေ လိုက်ကြည့်  ... ဟိ ဟိ .. မွန် မြန်မာမတွေက ထုလေမာလေ ငဖယ်တွေလိုပဲ ..ဟား ဟား ဟား .
ReplyDelete