Tuesday, August 31, 2010

Necklace ...

ချစ်သူငယ်ချင်း အန်တီသက်ဝေအား တင်ပေးမည်ဟုပြောပြီး အကြွေးကျန်နေသော ပို့စ်လေး လာတင်ပါတယ်။

ဖန်စီဆွဲကြိုးလေးတွေ ကြိုက်တယ်။ ခဏခဏတော့ မဆွဲဖြစ်ပါဘူး။ တစ်ခါတစ်လေစိတ်ကူးပေါက်ရင်၊ ဆွဲကြိုးနဲ့လိုက်ဖက်တဲ့ အကျီလေးတွေ ၀တ်ရင် ဆွဲပါတယ်။

ကျောင်းတက်တုံးကတော့ ဖန်စီနားဆွဲလေးတွေ ၀တ်ဖြစ်တယ်။ စကော့ဈေးတို့ ဘာတို့ရောက်ရင် နားကပ်ကြည့်ရတာ အမော။ မြို့ထဲက ကုန်တိုက်အောက်ရောက်ရင်လဲ ကြည့်ရတယ်။ နားကပ်တွေပြထားတဲ့ အ၀ိုင်းကြီးကို လှည့်လှည့်ကြည်ရတာ ၂ပတ်-၃ပတ်။ သိပ်ဈေးကြီးတာလဲ မ၀ယ်နိုင်ပါဘူး။ အဲဒီတုံးက ကျောက်ရောင်စုံလေးတွေ ကြိုက်တယ်။ ခုတော့ အသက်ကလဲကြီးပြီဆိုတော့ နားဆွဲနဲ့ဆို ကလက်တက်တက်ထင်လို့ လုံးဝနီးပါး မ၀တ်ဖြစ်တော့ဘူး။ ၀တ်ပြီးမှန်ကြည့် ပြန်ချွတ်ရတာများတယ်။

အဲလိုထိုးကြိတ်ထည့်ထားရင် ကြိုးချင်းထား ကြိုးချင်းညိပြီး အင်မတန် ဖြည်ရခက်လို့ ခုတော့ ရှုံအိပ်လေးတွေ ၀ယ်ပြီး တစ်ခုစီခွဲထည့်ထားလိုက်ပါပြီ။





အဲဒါလေး၂ခုက ကိုယ့်အကြိုက်လေးတွေပါ။ အညိုလေးက လွန်ခဲ့တဲ့ ၃-၄နှစ်လောက်က မလေးရှားသွားတုံးက ၀ယ်လာတာ။ ၂၅ရင်းဂစ် ပဲပေးရယ်။ ပုလဲလေးကတော့ စလုံးက ၀ယ်တာပါ။ ၁၂ကျပ်လားပဲပေးရတယ်။ ဆွဲကြိုးလေးတွေ မ၀ယ်ဖြစ်တာ နှစ်နဲ့ချီတောင်ကြာနေပါပြီ။


ဆွဲကြိုးနဲ့ ပတ်သတ်ပြီးသတိရတာ ပြောရရင် ပထမဆုံး စင်ကာပူကနေ မြန်မာပြည်ပြန်လည်တဲ့အချိန်။ ကျောင်းတက်ရင်း အလုပ်လုပ်ရင်းနဲ့ ၃နှစ်လောက် ကြာသွားတယ်။ အမေတို့နဲ့ မတွေ့ရတာ ကြာတော့ တွေ့ချင်တယ်။ လင်မယား၂ယောက်ပြန်မယ်လုပ်ကြတယ်။ အဲဒီအချိန်က PR လဲကျပြီး၊ နှစ်ယောက်စလုံး အလုပ်လုပ်ပြီး၊၂ယောက်လုံး အခွန်ဆောင်တယ်။ တစ်ယောက်ကို ၁၅၀နဲ့ လစဉ်အခွန်ဖိုး ၃၀၀ ကျတယ်။ ပြန်ခါနီးတော့ သံရုံးမှာ အခွန်သွားဆောင်ကြတာ စုထားသမျှပိုက်ဆံ ပြောင်ပါလေရော။ တကယ်ကို မကျန်တာ။ အားလုံးပေါင်း ၅၅၀၀လောက်ရှိတယ်။ (ဦးမောင်ခြိမ့်မှ ပြင်ပေးပါသည်) ။အဲဒီခေတ်က အခွန်မဆောင်ရင် ပြန်လို့မရဘူး။ ပတ်စ်ပို့သိမ်းတာတွေ ဘာတွေလုပ်တယ်။

ရန်ကုန်မှာသုံးဖို့ ငွေပို့အပြီး၊ အခွန်ဆောင်အပြီး မဆွိတီတို့ တစခန်းထတယ်။ ရန်ကုန်အပြန်မှာ ဆွဲကြိုးကို ရွှေအဖြူရောင်လေး ဆွဲချင်တယ်။ ကိုယ့်မှာရှိတဲ့ဆွဲကြိုးက ရွှေအ၀ါရောင်။ နားကပ်က ရွှေအဖြူရောင် ကြာပါပြီ၊ ၀ယ်ထားတာ။ ဒီတော့ ဆွဲကြိုးကို နားကပ်နဲ့လိုက်အောင် အဖြူရောင်လေးပဲ ဆွဲချင်တာ။ လည်ပင်းမှာ ဗလာရှင်းနဲ့လဲ မပြန်ချင်ဘူး။ ဒါနဲ့ဂျီကျလို့ ဦးမောင်ခြိမ့်တစ်ယောက် ငွေယားလေးအရှာထွက်လိုက်ဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ ညနေမှောင်မှ ပြန်ရောက်တယ်။ ဆွဲကြိုးဘူးလေး ကိုင်လို့ပေါ့။ သူငယ်ချင်းတစ်ယောက်ဆီကဆွဲပြီး ၀ယ်ခဲ့သတဲ့။ လော့ကတ်လေးတောင်ပါသေး။ ၂၄၀ပေးခဲ့ရတယ်။

သံရုံးမှာ အခွန်ဆောင်ခဲ့တဲ့ငွေနဲ့ဆို အဲလို ဆွဲကြိုးမျိုး အကုံး ၂၀-အစိတ်လောက် ၀ယ်လို့ရတယ်ဆိုပြီး မဆွိတီတစ်ယောက် နှမြောမဆုံး ပြောမဆုံးဘူး။

Sunday, August 29, 2010

အန်တီဂျူဂျူ ...

ဂျူဂျူတို့သားအမိနှစ်ယောက် ညညကျ အိမ်စာတွေလုပ်ပြီးရင် ဂျူဂျူက သူ့အခန်းဘယ်တော့မှ တန်းမပြန်ဘူး။ ၁၅မိနစ်၊ နာရီဝက်လောက် အမေနား ကပ်ချွဲချင်သေးတယ်။ အဲအခါကျရင် သားအမိနှစ်ယောက် စကားစမြည် ပုံတိုပတ်စတွေ ပြောကြတယ်။ ဒီနေ့ညလဲ အိမ်စာတွေ စောစောပြီးလို့ သားအမိ၊သားအဖ၃ယောက် Scrabble ကစားတယ်။ ကစားပြီးတော့ သမီးအိပ်ရအောင်လေဆိုတော့ မေမေနဲ့ နေဦးမယ်တဲ့။ ဒါနဲ့ စကားစမြည်တွေ ပြောကြရင်း ဆွေမျိုးစပ်တဲ့စခန်း ရောက်သွားတယ်။ ဟိုတလောလေးတင်ကမှ မဆွိတီရဲ့မောင်လေးက သားလေးမွေးထားတာမှို့သူ့မှာ အကိုချည်းပဲ ၉ယောက်ရှိနေတာကို သိထားတဲ့ ဂျူဂျူ့ကို "သမီးရေ သမီးမှာ မောင်လေးတစ်ယောက်ရှိနေပြီ ... သိလား " ဆိုတော့ " ဟိုဒေါ်ဒေါ့်ရဲ့သားက မွေးတာလား" တဲ့။ (ဒေါ်ဒေါ်ဆိုတာ အိမ်ကသူ့ကြီးတော်ကိုပြောတာပါ) " ဟုတ်ဘူးလေ သမီးရဲ့ ... အဲဒါက သမီးရဲ့ တူတော်တယ်။ မေမေပြောတာက မောင် ကိုပြောတာ။ မေမေ့မောင်က မွေးထားတာဆိုတော့ သမီးမောင်လေး တော်တာပေါ့" ဆို ရှင်းပြတော့မှ ဂျူဂျူသိပြီ၊ ဂျူဂျူသိပြီဆိုပြီး သဘောပေါက်သွားပါတယ်။ သမီးအစဖော်ပေးမှပဲ ဂျူဂျူတစ်ယောက် ဘာလိုလိုနဲ့ အန်တီတောင်ဖြစ်နေပြီဆိုတာ သတိရသွားတယ်။

ဂျူဂျူ့ ကြီးတော်မှာ အရင်ပြောခဲ့ဘူးတဲ့အတိုင်း သားချည်းပဲ ၄ယောက်ရှိတာမှာ အကြီးလေး ၂ယောက်ကတော့ အလုပ်လုပ်နေကြပြီ။ အငယ် အမွှာ၂ယောက်ကတော့ ကျောင်းတက်နေဆဲ။ တစ်ယောက်က ဂျီတီစီ၊ တစ်ယောက်က မန်းလေးတက္ကသိုလ်မှာ။ ကိုယ်တို့တွေ ပြီးခဲ့တဲ့တစ်ခေါက် မြန်မာပြည်ပြန်တော့ နယ်မှာရှိတဲ့ ဂျူဂျူတို့အဖေအိမ်လဲ ရောက်ခဲ့တယ်။ သူ့တူတွေက အဲဒီအိမ်မှာပဲ အဒေါ်အပျိုကြီးတွေနဲ့ အတူနေကြတယ်။ ဒီဦးလေးကပဲ ငယ်ငယ်ကတည်းက အတူနေ ထိမ်းကျောင်းစောင့်ရှောက်ထားခဲ့တော့ ဦးလေးကို ရိုလဲရိုသေ ကြောက်လဲကြောက်ကြတယ်။ ဦးလေးက ငယ်ငယ်ကတည်းက သူ့တူတွေကို ဆုံးမနေကျ။ တစ်ခုခုဆုံးမစရာရှိရင် တူတွေကို တန်းစီခေါ်ပြီး briefing ပေးနေကျ။

အငယ်အမွှာလေး၂ယောက်က ရုပ်ကလေးတွေက ချောချောလေးတွေဆိုတော့ စွံလဲစွံကြတယ်။ အကြီးကောင်လေးဆို ကောင်မလေးတွေကိုက နောက်ကလိုက်နေတာဆိုပဲ။ ကျောင်းမှာ နှစ်ယောက်လုံး ရည်းစားသနာရှိနေကြပြီဆိုတော့ ဦးလေးလုပ်သူက ခေါ်ပြီး ဆုံးမတယ်။ ပညာကို စုံအောင်အရင်သင်ကြ၊ မင်းတို့တော်ရင်တော်သလို ငါတို့က ချီးမြှောက်ဖို့ အဆင်သင့်ပဲ။ ကျောင်းပြီးရင် စင်္ကာံပူကို ခေါ်မယ်။ ကြိုးစားကြ။ မိန်းမတော့ မယူကြနဲ့ဦး။ သူများသားသမီးလဲ မယူနိုင်သေးပဲနဲ့ မလွန်ကျူးနဲ့ အစရှိသဖြင့် နာရီဝက်၊ တစ်နာရီကြာမလားပဲ၊ ဆုံးမနေတာ။ ပြန်မဲ့နေ့ရောက်တော့လဲ တစ်ခါ ကန်တော့ရင်းနဲ့ မုန့်ဖိုးတွေ ဘာတွေပေး၊ ဆုတွေဘာတွေပေးရင်း တတွတ်တွတ်ထပ်ဆုံးမပြန်ရော။ အရွယ်မတိုင်မီ ပန်းကောင်းညွန့်ကျိုးလေးတွေဖြစ်မှာ စိုးရိန်ရှာတာ။

ဒါနဲ့ နောက်နေ့ရန်ကုန်ပြန်ကြတယ်။ ရန်ကုန်ပြန်ပြီးညဘက်ပဲ သူ့အစ်မအပျိုကြီးတွေဆီက ဖုန်းဝင်လာတယ်။ သူ့တူအငယ်ဆုံးကောင် မိန်းမခိုးပြေးလို့တဲ့။ ကျောက်ဆည်ဘက်ကို ခိုးပြေးကြတယ်ကြားသတဲ့။ ဦးလေးလုပ်သူရင်ထုမနာဖြစ်တယ်။ မိန်းမခိုးပြေးဘို့ ငွေဘယ်ကရလဲဆိုတော့ သူ့ဦးလေးမုန့်ဖိုးပေးလိုက်တဲ့ ငွေနဲ့ပါတဲ့ခင်ဗျား။

နောက်ပိုင်းမေးမြန်းကြည့်တော့ ကောင်မလေးက မပေါ့မပါးဖြစ်လို့ တာဝန်ယူလိုက်ရပါတယ်ပြောတယ်။ ဒါနဲ့ နောက် ၇လ၊ ၈လလောက်ကြတော့ ဂျူဂျူတို့လဲ အန်တီဂျူဂျူဖြစ်ရော။ ကြီးတော်ကတော့ စိတ်တိုတဲ့ကြားက မြေးလေးရတယ်ဆိုတော့ ကြိတ်ပျော်နေလား မပြောတတ်ဘူး။ ဟိုကဓာတ်ပုံများပို့လိုက်ရင် ချွေးမနဲ့ မြေးကို သူ့မှာကြည့်မ၀ဘူး။

ဒါနဲ့ခုနက စကားဝိုင်းကို ပြန်ဆက်ရရင် ကိုယ်ကလဲ သမီးကို စ ချင်တာနဲ့ ဟေ့ ငါ့သမီးလေးတောင် အန်တီဖြစ်နေပြီပဲ။ ဂျူဂျူ ... ဂျူဂျူ ... အန်တီဂျူဂျူ ... သားတို့အန်တီ ဂျူဂျူ ဆို ... သူ့ကို စမှန်းသိလို့ ဂျူဂျူတို့ ရှက်ကိုးရှက်ကန်းကြီးဖြစ်နေတယ်။ နောက်မှ တစ်ခုခုသတိရပြီး ပြန်ပြောလိုက်တာက

You Grandmother !!!! တဲ့။

ဒေါ်ဆွိတီတို့ ဂျူဂျူပြောမှပဲ သူ့ဟာသူလဲ Grandmother ဖြစ်နေတာကို သတိရပြီး သဘောကျလွန်းလို့ ခွက်ထိုးခွက်လန်ရယ် ပါတော့တယ်။

Thursday, August 26, 2010

Accident နဲ့ အစွဲ ...



လွန်ခဲ့တဲ့ ၂လလောက်က အင်္ကျီအညိုလေးတစ်ထည် ၀ယ်လာတယ်။ အဖြူရောင်ပန်းပွင့်လေးတွေနဲ့။ ဒီဇိုင်းကတော့ အောက်ပါတယ်။ အိမ်ကလူတွေ့ရင်တော့ တောပုံကြီးလို့ ပြောမှာသေချာတယ်။ သူ့ရှေ့တော့တစ်ခါမှ မ၀တ်ဖူးသေးဘူး။ အညိုရောင်အင်္ကျီ တစ်ခါမှ မ၀ယ်ဖူးပေမဲ့ ချည်သားအပါးလေးမှို့ ၀တ်ရတာ သက်တောင့်သက်သာရှိလှတယ်ဆို ၀ယ်လာခဲ့တာ။

အဲဒီအင်္ကျီလေး ပထမဆုံး စ၀တ်တဲ့နေ့မှာပဲ ကားတိုက်မှုဖြစ်တယ်။ ကိုယ်က၀င်တိုက်လိုက်တော့ ရှေ့ကကားကို အလျော်ပေးလိုက်ရတဲ့အပြင် အိမ်ကကားလဲ ရှေ့မှာပိန်သွားလို့ ၀ပ်လျှော့ပို့လိုက်ရတာ တစ်ပတ်လောက်။ တိုက်မိတာက Cisco က ရဲကားဆိုတော့ ကိုယ့်ဟာကိုယ်လဲ ကျေအေးလို့မရ။ အစိုးရကားဆိုတော့ သူ့ Rule တွေအတိုင်း ဖော်မယ်လီသွားမှ ရတာဆိုတော့ (အင်ရှူးရန့်စ်ကို မထိချင်လို့) အချင်းချင်း ပြေလည်အောင်ညှိလို့လဲ မရ။ နောက်ဆုံးတော့ နှစ်စဉ်အင်ရှူးရန့်စ်က ၅၀% discount ပေးနေရာကနေ ၂၀% ပဲ ရတော့တယ်။ တော်တော်အထိနာသွားတယ်ပေါ့။

အမှန်က ကိုယ်ကကားမောင်းရင် အင်မတန် သတိထားတယ်။ အဲဒီနေ့က ဘယ်လိုဖြစ်တယ်မသိ။ AYE (Express way) ထဲဝင်တဲ့ လမ်းလေးထဲအ၀င် ကိုယ့်ရှေ့က ဖြတ်မောင်းလာတဲ့ကားကို မမြင်ဘူး။ ကြည့်တော့လဲ ကြည့်တာပဲ။ အဝေးကြီးကို ကြိုကြည့်တာ။ ၀င်တိုက်မိမှသာ တိုက်ပဟ။ အဲဒီကား ဘယ်ကရောက်လာမှန်းကို မသိတာ။ လူလဲ ပြာသွားတာပေါ့။ တိုက်ပြီးပြီးချင်း ကားမောင်းရမှာကို ကြောက်နေတော့တာ။

အဲဒီနေ့ကတည်းက အဲဒီအင်္ကျီအညိုလေးကို နိမိတ်မကောင်းဘူးဆိုပြီး မ၀တ်ရဲတော့ဘူး။ ၀တ်မယ်လို့ ထုတ်ကြည့်လိုက် ပြန်ထည့်လိုက် အခါခါပဲ။ ငယ်ငယ်ကလဲ စာမေးပွဲဖြေတော့ drawing ဖြေရမဲ့နေ့မှာ အပြာရောင်ဘီဘဲလုံခြည်နဲ့ အပြာရောင် ပါတိတ်အဆင်အင်္ကျီကို ၀တ်မိတာ။ ဖြေတဲ့ တစ်လျှောက်လုံး ပြာယာကိုခတ်နေတာပဲ။ စာမေးပွဲခန်း မ၀င်မီကတည်းက တီစကွဲယားတွေပြုတ်ကျ၊ ပေတံ သုံးမြှောင့်တုံးပြုတ်ကျနဲ့။ တစ်ခုပြီးတစ်ခုကျနေတော့တာကိုး။ ဖြေတော့လဲ နောက်ဆုံးတစ်ပုဒ်မှာ ရွာလည်နေလို့ မဖြေနိုင်ခဲ့ဘူး။ နောက်မှ သူငယ်ချင်းတွေက နင်က အပြာရောင်ဝတ်တာကို ပြာမှာပေါ့။ စာမေးပွဲမှာ အပြာရောင်မ၀တ်ရဘူး။ နင်မသိဘူးလားတဲ့။ အဲဒီနောက်ပိုင်းတော့ စာမေးပွဲဖြေရင် အပြာရောင်လုံးဝကို မ၀တ်ရဲတော့တာ။

မဆွိတီတို့အမေမှာလဲ အဲလိုအယူရှိတာသတိရတယ်။ သိတတ်စကတည်းက အမေဟာ အနက်ရောင်နဲ့ အညိုရောင်ကို ဘယ်တော့မှ မ၀တ်ဘူး။ ဟိုတစ်ခါမေ့ပြီး ပါတိတ်အညိုရောင်လေး ၀ယ်ပေးမိတာကို အဖွားကိုပြန်ပေးလိုက်တယ်။ သူ့မှာလဲ ဘယ်လို အတွေ့အကြုံတွေရှိခဲ့လဲ ကိုယ်လဲမသိဘူး။ ကိုယ်လဲ အမေ့ကိုကြည့်ပြီး အမေနဲ့များတူနေလားလို့ စဉ်းစားမိတယ်။ မ၀တ်စဖူး အညိုရောင် ပထမဆုံး စ ၀တ်တာမှာ ဖြစ်တာကိုး။

ဒါပေမဲ့ မနေ့ကတော့ အဲလိုအစွဲတွေထားတာ မကောင်းပါဘူးလေဆိုပြီး ချီတုံချတုံနဲ့ အဲဒီအင်္ကျီလေး ရုံးသွားတော့ ထုတ်ဝတ်လိုက်တယ်။ ကားတိုက်ထားတာလဲ ၂လနီးပါးလောက်ရှိပြီဆိုတော့ သွေးကလဲ နဲနဲအေးသွားပြီကိုး။ လမ်းမှာဘာမှ အခက်အခဲမရှိပေမဲ့ ရုံးရောက်လို့ ကားထဲကလဲထွက်ရော သက်ပျင်းချ အစွဲတွေမကောင်းဘူး။ ခုတော့လဲ အေးဆေးပါလားလို့ တွေးရင်းလျှောက်လာတာ ရှေ့က ကားစက်ဆီတွေပေနေတဲ့နေရာမှာ ဖိနပ်ကချော်ပြီး လဲမလိုဖြစ်လို့ ဘုရားတလိုက်ရသေးတယ်။

အဲဒါလေးတစ်ခုကလွဲလို့ ညနေရုံးကပြန်တဲ့အထိတော့ ဘာမှထူးထူးခြားခြား မဖြစ်ခဲ့။ အစွဲတွေ မထားတာပဲ ကောင်းပါတယ်။




အဲဒီနေ့က တိုက်ပြီးပြီးချင်း။


သူ့ကားက ခြစ်မိရုံလေး ဖြစ်သွားတာပါ။


တိုက်ပြီးပြီးချင်း ကိုယ့်ကားဘာဖြစ်လဲဆိုတာ လုံးဝမကြည့်မိဘူး။ ကြောက်ပြီးကြောင်နေတာ။ သူ့ကားကလဲ ခြစ်မိရုံလေးဆိုတော့ ဘာမှမဖြစ်လောက်ဘူး ထင်တာကိုး။ ဒါနဲ့ ကားနံပတ်တွေ၊ ဖုံးနံပတ်တွေ၊ IC တွေ အပြန်အလှန်မှတ်ကြပြီး ပြန်မောင်းလာတာ။ တစ်လမ်းလုံး ရှေ့က တဒုံးဒုံးနဲ့ တိုက်နေတာတော့သိတယ်။ အိမ်ရောက်မှကြည့်လိုက်တော့ ကားက ရှေ့မှာတော်တော်စုတ်သွားပြီး မီးလုံးက ကြိုးနဲ့ တွဲလောင်းကျနေတာ တွေ့တော့တယ်။ အဲဒီ့ကြိုးကို ကတ်ကြေးနဲ့ညှပ် နောက်ခန်းထဲထည့်ပြီး IDAC ကို သွားသတင်းပို့ရတယ်။


IDAC မှာ ကိုယ့်ထက်ဆိုးတာတွေ တစ်ပုံကြီးရှိတယ်။

IDAC ဆိုတာ ဘာလဲသိချင်ရင်၊ ကားတိုက်ရင်ဘာတွေလုပ်ဆောင်ရလဲသိချင်ရင် အောက်ကပို့စ်ကို ဖတ်ပါနော်။
ဒီမှာ ထပ်မရေးတော့ပါဘူး။
http://auntysweet.blogspot.com/2009/11/blog-post_08.html

Wednesday, August 25, 2010

သွားတိုက်တံ အလွဲ ...


ဟိုနေ့က ရုံးသွားဖို့ အိပ်ရာထ သွားတိုက်ရင်း အိမ်ကလူရဲ့ သွားတိုက်တံကို ကြည့်လိုက်တော့ တော်တော်ဟောင်းနေတာ သတိထားမိတယ်။ သူကကွမ်းကလဲ စားသေးတော့ သွားတိုက်တံတွေက ကြာရှည်မခံ။ ပြီးတော့ သွားတိုက်တာကလဲ ကြမ်းတယ်။ တဗျင်းဗျင်းနဲ့ အားနဲ့ ဖိတိုက်တော့ အနားတွေကလဲ ဖွာလွယ်လိုက်တာ။ အတူတူထုတ်တာချင်းကို သူ့ဟာက ခဏလေးနဲ့ ဟောင်းသွားလေ့ရှိတယ်။ အသစ်လဲပေးရအောင် အိမ်မှာဝယ်ထားတာတွေ ရှိသေးလားဆို အံဆွဲဖွင့်ကြည့်တောလဲ တစ်ချောင်းမှမရှိ။ ဒါနဲ့ မနေ့က ဈေးသွားတော့ ဈေးကနေ သွားတိုက်တံတွေ ၃ချောင်းစီထုတ်ထားတာ ၃ထုတ်ဝယ်လာခဲ့တယ်။ နောက်လဲကုန်ရင် မပူရအောင်လေ။ အိမ်ရောက်ရောက်ချင်း သူ့သွားတိုက်တံကြီး လွှင့်ပစ်ပြီး အသစ်တစ်ခုထုတ် တင်ထားလိုက်တယ်။

ဒီနေ့မနက် ကိုယ်သွားတိုက်မယ်လုပ်တော့ ကိုယ့်သွားတိုက်တံကလဲ သိပ်မကောင်းတော့ဘူး။ ဒါနဲ့ မနေ့က ၀ယ်ထားတဲ့ အထဲကနေ အသစ်တစ်ချောင်းထုတ်လိုက်တယ်။ တိုက်မယ်လို့ကြည့်လိုက်တော့ သွားတိုက်တံက အပြာရောင်။ မနေ့ကထုတ်လိုက်တဲ့ အိမ်ကလူရဲ့သွားတိုက်တံကိုကြည့်လိုက်တော့ ပန်းရောင်။ အရောင်တွေကို သူ့နေရာနဲ့သူသုံးတာ အကျင့်ပါနေတဲ့စိတ်ကြောင့် ယောက်ျားက ပန်းရောင်၊ မိန်းမက အပြာရောင်ဆို ပြောင်းပြန်ကြီးဖြစ်နေပြီ။ နောက်ပိုင်း မနက်ခင်းတိုင်း လွဲတော့မှာပဲလို့ တွေးမိတယ်။

အရင်က သူ့သွားတိုက်တံက ခရမ်းရောင်၊ ကိုယ်က ခရမ်းရောင်ဘက်သန်းတဲ့ အပြာရောင် ထင်တာပါပဲ။ (ခုချိန်ထိ မမှတ်မိပါ) အဲဒီတုံးကလဲ ကိုယ်ကသတိမေ့တတ်တော့ မိုးလင်းသွားတိုက်မယ်ဆို မမှတ်မိဘူး။ ဘယ်ဟာရေစိုနေလဲ အရင်ကြည့်ရတယ်။ သူက အလုပ်စောသွားရတော့ စိုနေတာက သူ့ဟာဆို ခွဲရလွယ်တယ်။ ရုံးပိတ်ရက် ကိုယ်စောစောထရတဲ့နေ့ဆို ဒုက္ခက ရောက်ပြီ။ သွားတိုက်တံ၂ချောင်းလုံး ခြောက်နေတော့ ဘယ်ဟာက ကိုယ့်ဟာမှန်းမသိတော့ဘူး။ နှိုးမေးရလောက်အောင်လဲ ဟိုက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာဆိုတော့ သူနိုးတဲ့အထိစောင့်နေရတယ်။ သူနိုးတော့မယ်ဆို နဲနဲလှုတ်တာနဲ့ ၀မ်းသာအားရ မေးတော့တာပဲ။ ယောက်ျားရေ တော့သွားတိုက်တံက ဘာအရောင်လဲဆို ... သူက ခရမ်းရောင် ... အပြာရောင် အစရှိသဖြင့် အိပ်ချင်မူးတူးသံကြီးနဲ့ ဖြေတတ်တယ်။ ရွံတတ်တဲ့ အကျင့်ကြောင့် သူ့ဟာ မှားတိုက်မိမှာကို ကြောက်တာကိုး။

ခုလဲ အဲလို အမြဲတန်းလွဲနေတော့မှာပဲဆို မိန်းမက ပန်းရောင်၊ ယောက်ျားက အပြာရောင်ဖြစ်အောင် အစကထဲက လွှဲထားရင်ကောင်းမယ်လို့တွေးမိတယ်။ သူကလဲ ဒီနေ့မနက် တစ်ခါပဲ တိုက်ရသေးတာကိုး။ ဒါနဲ့ သူ့ဟာလေး အသာရေဆေးပြီး ယူတိုက်လိုက်တာ ပါးစပ်ထဲမယ် တိုက်ရင်းနဲ့ ဒိန်ညင်းသီးဆားစိမ် စားမိသလို ပအာတာတာကြီးဖြစ်လို့။ တစ်မနက်လုံးကို နေရတာ ပါးစပ်ထဲ တစ်မျိုးဖြစ်နေတယ်။ ရွံတတ်ပုံများပြောပါတယ်။ တစ်ချို့တွေ သိပ်ချစ်ကြလို့ သွားတိုက်တံတောင် တစ်ချောင်းထဲ ရှယ်သုံးကြတယ်ဆိုပဲ။ အဲလိုသာဆို ခက်ရချည့်။

Tuesday, August 24, 2010

တိမ်တွေထဲက မြို့လေးသို့ အလည်တစ်ခေါက် (၂)

တိမ်တွေထဲက မြို့လေးသို့ အလည်တစ်ခေါက် (၁) ...

ချားအမြန်ကြီးစီးပြီးတော့ ဘေးနားက Merry-Go-Round ကျတော့ ဂျူဂျူ့မာမီက မကြောက်ဘူးဗျ။ လူကြီးတွေပါ တက်လို့ရတယ်ဆိုတော့ ၀မ်းသာအားရ သမီးနဲ့ အတူအပေါ်တက်စီးတယ်။ ဂျူဂျူကတော့ နှေးလို့ ပျင်းလိုက်တာတဲ့။
ဂျူဂျူ့မာမီအပေါ်မတက်ခင်ရိုက်ထားတာပါ။


ပြီးတော့ Chocolate wonderland ထဲဝင်ကြည့်ကြတယ်။ ချောကလက်ပုံမျိုး အညိုရောင်အရုပ်တွေ ပြထားပါတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးပါ။ ချောကလက်အစစ်တွေလဲ ရောင်းတယ်။


သားအဖ၂ယောက် Cyclone လို့ခေါ်တဲ့ ရိုလာကိုစတာ အသေးစားလိုဟာမျိုး စီးကြပြန်ပါတယ်။ သူ့အဖေကတော့ ကြောက်စရာကောင်းတယ်၊ နောက်မစီးတော့ဘူးတဲ့။
ဂျူဂျူးက ဘေးမှာ ကွယ်နေပါတယ်ကွယ်။


သတ္တိခဲဂျူဂျူ floating boat (ရေထဲမှာတိုက်ရတဲ့ တိုက်ကားသဘောမျိုး) စီးပြန်တယ်။ အလယ်မှာ မော်တာကြီးနဲ့မှို့ မစီးပါနဲ့ဆိုတာ ဇွတ်စီးချင်နေလို့ သူ့အဖေက ခွင့်ပြုလိုက်တာ ... ရေလည်ကောင် ခဏထစ်နေတော့ ဖအေလုပ်သူခမြာ မပဒါဇာတ်ထဲက မပဒါလို ရေထဲပြေးဆင်းလို့လဲမရ ... ဒုက္ခ ...


သားအဖ၂ယောက် သရဲရထားစီးပြီး သရဲအိမ်ဝင်ကြည့်ကြတယ်။


ဒီတစ်ခါ ဂျူဂျူနဲ့သူ့မာမီအလှည့်။


နာရီကြည့်လိုက်တော့ ၁၁နာရီလောက်ရှိပြီဆိုတော့ ဟိုတယ် check in ၀င်လို့ရပြီ။ ဟိုတယ်ပြန် ရေမိုးချိုးပြီး နေ့လည်စာစားရအောင်ဆို out door theme park ကနေ အပြင်ထွက်ကြတယ်။ ဟိုတယ်အသွားလမ်းက indoor theme park နဲ့ စားသောက်ဆိုင်တွေနားက ဖြတ်ပြန်ရတာဆိုတော့ ဂျူဂျူက ဆာပြီဆိုတာနဲ့ ထမင်းဝယ်စားကြတယ်။ ဂျန်တင်းမှာ အစားအသောက် အင်မတန်မှဈေးကြီးပါတယ်။

Market place ဆိုတဲ့ ဆိုင်မှာ Local မလေးစာတွေ ရောင်းတာတွေ့တာနဲ့ ၀င်စားကြတယ်။ ကိုယ်ကတော့ carrot cake ကိုယ့်ရှေ့တင်ကြော်နေတာ ပူပူနွေးနွေး စားချင်စဖွယ်မှို့အဲဒါပဲ ၀ယ်စားလိုက်တယ်။ ဂျူဂျူးက wanton mee စားတယ်။ တစ်ပွဲကို မလေးရှား ၁၆ရင်းဂစ်ဆိုတော့ စလုံး ၈ကျပ်ဖြစ်နေပါပြီ။ ဂျူဂျူးရဲ့wanton mee က အရသာမရှိလို့ တစ်မျှင်နှစ်မျှင်ပဲစားပြီး ဆက်မစားတော့။ နောက်မှ တခြားဟာ ထပ်ဝယ်ကျွေးရတယ်။

ဂျူဂျူတို့အဖေကတော့ အဲဒီဆိုင်မှာပဲ ဘူဖေးလို ဟင်းချက်ပြီးသားတွေကို ကိုယ်ကြိုက်ရာ စိတ်ကြိုက်ထည့်တာမျိုးဝယ်စားတာ ၃၂ရင်းဂစ်တောင်ကျလို့ ပြောမဆုံးတော့ဘူး။ (သူက နှမြောတတ်သူပါ) ကင်းမွန်လေး ၃ကောင်ရယ်၊ အရွက်ကြော်တစ်မျိုးရယ်၊ထမင်းကြော်ရယ်၊ ငါးကြော် တစ်ကွင်းရယ် ဟင်း၃မျိုးတည်းပါတာကို။ ကိုယ်တို့တွေ စိတ်လဲ တော်တော်တိုကြတယ်။ အဲဒီဆိုင်မှာ စားတဲ့သူတိုင်း ငွေရှင်းကောင်တာရှေ့ရောက်ရင် မျက်လုံးပြူးကြ ၊ ခေါင်းတခါခါဖြစ်ကြတာချည်းပါပဲ။ သူ့ဟာက ဈေးလဲ မရေးထားတော့ ညာရောင်းသလိုတောင်ဖြစ်နေတယ်။ အရသာကလဲ သိပ်ရှိလှတယ် မဟုတ်ဘူးလေ။ (ဟိုတယ်မှာ High tea ဘူဖေးစားရင်တောင် ရင်းဂစ် ၂၀ အစိတ်လောက်ပဲကျတာကိုး။ High tea က ၂နာရီနောက်ပိုင်းမှဆိုတော့ မစောင့်နိုင်လို့သာ ...)

ကိုယ်စီ Charger သွင်းပြီးကြတော့ အားအင်များလည်းပြည့်သွားပြီဆိုတော့ ဟိုတယ်ပြန်ဖို့ စိတ်ကူးဖျက်ပြီး Indoor theme park ထဲမှာ ဟိုဟာဒီဟာလျှောက်စီးကြပြန်တယ်။ အပေါ်မှာ ရိုလာကိုစတာကလည်း တ၀ုန်းဝုန်းနဲ့ သွားနေတာ ဆူညံနေတာပဲ။

လှေစီးကြတယ်။ လှေလှော်သူက လူအစစ်မဟုတ်။ အရုပ်တွေနော်။


လှေစီးရင်းနဲ့ ရိုက်တဲ့ ဓာတ်ပုံတွေ။


ကောင်းကင် ရထားလုံး အလှလေးတွေ စီးကြပြန်တယ်။ တန်းစီပြီး အလှည့်ကျ စီးရတာ။ ကိုယ်တို့ သားအဖသုံးယောက်အလှည့်ရောက်တော့ ပန်းရထားလေးအလှည့်ကျတယ်။


ပန်းရထားစီးရင်း ရိုက်ထားတဲ့ပုံတွေ။




ဘော်ကြယ်ထိုးတဲ့ ပစ္စည်းဆိုင်ရှေ့မှာ မော်တော်ကားပုံစံ တစ်စီးလုံး ဘော်ကြယ်တွေနဲ့ ပုံဖော်ထားတာ။


4D ရုပ်ရှင်ကြည့်ကြတယ်။ လိပ်ခလေးတွေအကြောင်း ရိုက်ထားတာ။ ကြည့်လို့အတော်ကောင်းတယ်။ စောင့်ရတာ ၄၅မိနစ်။ ကြည့်ရတာ ၁၅မိနစ်ဆိုတော့ သိပ်တော့ ဟန်မကျလှဘူး။ တန်းစီရင်း ခုံတွေနားထိုင်ခွင့်ရတော့ တရေးတောင် အိပ်လိုက်သေးတယ်။ Indoor မှာ ရိုလာကိုစတာကလွဲလို့ စီးစရာတွေ အကုန်ပတ်စီးကြပြီး အပြင်ပြန်ထွက်ကြပြန်တယ်။

လမ်းကျမှ First World Hotel နားမှာ စင်ကာပူကလို Kopitian Food Court တွေ့လို့ အတွေ့နောက်ကျလေချင်းလို့ နောင်တရတယ်။ အော် ၃၂ရင်းဂစ်... ၃၂ရင်းဂစ် ... ဂစ် .. ဂစ် ... ဂစ် ...

Out Door မှာ ထပ်ပြီး Pirate လှေတို့၊ တခြား စီးစရာတွေ စီးကြပြန်တယ်။ Pirate လှေစီးရင်းနဲ့ ရှေ့က ခလေးတွေ မျက်စိမှိတ် အော်နေတာ ကြည့်ပြီး ရယ်လိုက်ရတာ။ ဂျူဂျူတို့ သားအမိလဲ အသံကုန်ဟစ်အော်တာပဲ။ ဒါမှ အကြောက်ပြေတာကိုး။ အိမ်ကလူက ဒါကျ ညည်းကစီးရဲတယ်တဲ့။ သူကဒါကပိုကြောက်ဖို့ကောင်းတယ်လို့တောင်ပြောနေသေးတယ်။

စိတ်ညစ်စရာတစ်ခုက အားလုံး လက်မှတ်တစ်ခါဝယ်ပြီး အလကားဆိုတော့ လူတိုင်းက ရရာအကုန်စီးကြတော့ နေရာတိုင်းမှာ တန်းစီရတယ်။ တစ်ခါတန်းစီ နာရီဝက် ၄၅ မိနစ်ကြာတော့ အချိန်သိပ်ပုပ်တယ်။ ဒါကြောင့် မနက်ပိုင်းက လူပိုရှင်းလို့ out door ကို မနက်ပိုင်းမှာ ရသလောက် ပြီးအောင် လည်ကြ စီးကြရင် စောင့်ရတာ ပိုသက်သာမယ်။


ဓာတ်ပုံတွေတင်ရင်းနဲ့ ရှည်သွားလို့ တတိယပိုင်း ဆက်ပါဦးမည်။

Thursday, August 12, 2010

စိတ်ကြိုက် အိမ်ချက်ဟင်းများ(၁) ...

ကြက်ဥမဆလာချက်
အိမ်မှာ သောကြာနေ့အတွက် မင်နူးက အများအားဖြင့် ကြက်ဥကို တစ်ခုခု စီစဉ်ချက်ပြုတ်ထားတာပါ။ တစ်ခါတစ်လေ ကြက်ဥကို ဟပ်ဖရိုက်ကြော်ပြီးလဲ မဆလာနဲ့ပြန်ချက်တာမျိုးလဲ လုပ်စားလေ့ရှိပါတယ်။ တစ်ခါတစ်လေ သီးစုံချဉ်ဟင်း၊ ငါးခြောက်ကြော်၊ ကြက်ဥကြော်ပါ။

ကွန့်မန့်မှတဆင့်မေးလာလို့ ဟင်းချက်နည်းလေး ပြောပြလိုက်ပါတယ်။
ကြက်ဥ၅လုံးလောက်ကိုပြုတ် အခွံနွှာ ထက်ခြမ်းခြမ်းပြီး နနွင်းမှုန့်နဲနဲ၊ ပဲငံပြာရည် အကြည်၊ ဆား၊ ဟင်းချိုမှုန့် တို့ကို ကြက်ဥအနှစ်ဖက်ကို ဖြူးထားပါ။
အနှစ်အတွက် ခရမ်းချဉ်သီးအလုံးကြီး ၂ လုံးလောက်ကို သေးသေးလေးတွေ လှီးထားပါ။ မန်ကျည်းမှည့် စိမ်ထားပါ။ ကြက်သွန်နီ အလုံးကြီးတစ်လုံးပါးပါးလှီး၊ ကြက်သွန်ဖြူ ၁၀မွှာခန့်၊ ပုဇွန်ခြောက်မှုန့် စားပွဲဇွန်း တစ်ဇွန်းမောက်မောက်၊ အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဇွန်းလောက်ကို ငရုပ်ဆုံထဲ ညက်နေအောင် ရောထောင်းပါတယ်။
ဒယ်အိုးထဲကို ဆီစားပွဲဇွန်း ၁၀ဇွန်းလောက်ထည့် ဆီကျက်ရင် စောနက ကြက်ဥခြမ်းထားတာတွေကို ဆီထဲ ထည့်ကြော်ပါတယ်။ ဟိုဘက်ဒီဘက် လှန်ပေးပါ။ ဆီပေါက်တတ်လို့ သတိထားပါ။ ကြက်ဥအရေခွံတွေ အနည်းငယ်တင်းပြီး ကျက်သွားရင် ပြန်ဆယ်ထားပါ။

ခုနကဆီအိုးထဲကို နနွင်းမှုန့် သင့်ရုံထည့် အနှစ်ထောင်းထားတာတွေ ထည့်ပြီး ဆီသတ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်လေးရှိရင်လဲ ထည့်သတ်ရင် ပိုမွှေးပါတယ်။ အနှစ်တွေ ဆီသတ်တာကျက်ပြီး မွှေးလာရင် မဆလာထည့်မွှေ၊ ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး အရည်ခြောက်ပြီး ဆီပြန်သည်အထိဆီသတ်ပါ။ ကြက်ဥခြမ်းထားတာစီထည့်ပါ။ မန်ကျည်းရည်ထည့် ၊ဆား၊ငံပြာရည်သင့်သလိုထည့်၊ မွှေးအောင် ငရုပ်သီးစိမ်း ထပ်ခြမ်းခြမ်းထားတာထည့်၊ ကြက်ဥထဲ အဆီအနှစ်တွေ ရောက်အောင် အနည်းငယ်မွှေပေးပါ။ အဖုံးအုပ်ပြီး ဆီပြန်သည်အထိထားပါ။ ချခါနီး အပေါ့အငံမြည်း လိုတာ ထပ်ထည့်ပြီး စားလို့ရပါပြီ။


ပုဇွန်-မျှစ်ကြော်
မျှစ်ကိုတော့ အကြောတက်လို့ အင်မတန် သွေးတောင်းမှ စားပါတယ်။ ဒီလိုဟင်းမျိုးချက်ပြီးရင်တော့ မနက်ဖြန်ရုံးပိတ်ရက် ဖြစ်ရင် ပိုကောင်းမယ် ။


ကြက်သားပြုတ်ကြော်၊ ကင်းပုံသီးကြော်နဲ့ ဇီးဖြူသီးထောင်း
ကင်းပုံသီးကို wet market က မလေးဆိုင်တွေမှာ ရတတ်ပါတယ်။ ကင်းပုံသီးချက်တဲ့ နေ့ဆို အဲဒါတစ်မျိုးတည်းနဲ့လဲ စားလို့ဖြစ်တာပဲ။ အသားပါမှစားတတ်တဲ့ အိမ်ကလူအတွက် ကြက်သားကို ပြုတ်ကြော်လုပ်ပေးရသေးတယ်။


ပဲကြီးနှပ်
ပဲကြီးညှစ်ရတာ ကရိကထများလို့ (အမှန်က ကြီးတော်ကြီး ညှစ်ရတာပါ) တစ်ခါတစ်ရံမှ ချက်ဖြစ်ပါတယ်။ သူလဲတက်စာပေသိ သိပ်ကြိုက်။


ပုဇွန် ခရမ်းသီးနှပ်
ခဏခဏ ချက်စားဖြစ်ပါတယ်။ ဒီမှာ ပုဇွန်က ကီလိုဝက် ကို ၃ကျပ်ခွဲနဲ့ ၀ယ်ထားရင် ၂နပ်၊ ၃နပ်လောက် စားလို့ရတယ်။


မြင်းခွာရွက်သုတ်
အမေတို့နဲ့ နေတုံးက ခြံထဲက နှင်းဆီဘောင်တွေကြားထဲ စိုက်ထားတာ။ အဖေကကြိုက်လို့ရော၊ အလကားရလို့ရော အိမ်မှာ ခဏခဏ သုတ်စားတာ သတိရတယ်။ အိမ်ထောင်ကျတော့လဲ အိမ်ကလူက မြင်းခွာရွက်သုတ် ကြိုက်ပြန်ရော။ wet market က မလေးဆိုင်လေးတွေမှာ တစ်ထုတ်တစ်ကျပ် ရောင်းပါတယ်။ ၃ယောက်စာကောင်းကောင်း သုတ်လို့ရတယ်။


ပုဇွန်ဆိတ် ချဉ်ပေါင်ဟင်း
အိမ်မှာ ငယ်ငယ်က အဖွား ခဏခဏ ချက်တဲ့ ဟင်းပါ။ သူက ပုဇွန်ဆိတ်၊ ငါးသေး၊ ငါးမွှား အကုန်ထည့်ချက်တာ။ အညာဟင်းထင်တာပဲ။ ချဉ်ပေါင်ရွက်လဲ မလေးဆိုင်လေးတွေမှာ ပေါမှပေါ။ ပုဇွန်ဆိတ်တော့ အရမ်းရှားတယ်။ စားချင်လွန်းလို့သာ ၀ယ်တာ။ ပုဇွန်အကောင်ကြီးတွေထက် သူကဈေးပိုကြီးပါတယ်။


ကြောင်လျှာသီးကြော်
အိမ်မှာအမေတို့နဲ့နေတုံးက အကိုအလတ်က သိပ်ကြိုက်တာ သတိရတယ်။ ပနင်စူးလားရောက်မှ ၀ယ်ချက်ဖြစ်တာ။ တစ်ခါတစ်လေမှို့လားမသိ ။ အရမ်းအရမ်းကို စားလို့ကောင်းတာပါပဲရှင်။


ခရမ်းချဉ်သီးထောင်း
အချဉ်အတွက် ဟင်းမရှိရင် အိမ်မှာ အလွယ်တကူ စီစဉ်တဲ့ ဟင်းပါ။ ခရမ်းချဉ်သီးကို ငပိ (သို့) ငံပြာရည်နဲ့ ပြုတ်ပြီး ထောင်းတာပါ။


ကြက်ဟင်းခါးသီးကြော်
wet market မှာ ၁၂လရာသီ ၀ယ်လို့ရပါတယ်။ အဲလိုဟင်းမျိုးဆို ထမင်းကို တစ်ခြားဘာမှမပါပဲ ရေနွေးကြမ်းလေးနဲ့လဲ စားလို့ရတာပဲ။


ငါးချဉ်သုတ်-ပိန်းဥဟင်းချို
စားခဲပါတယ်။ ပနင်စူးလားဖက်ရောက်မှ ငါးချဉ်တို့ ပုဇွန်ချဉ်တို့က ၀ယ်စားဖြစ်တာကိုး။ ဟိုနေ့ကလို ဖက်နဲ့တိုးရင်တော့ ပြီးပါရောပဲ။တစ်ယောက်စာလောက်ပဲရတယ်။ ပိန်းဥကတော့ စလုံးမှာ ပေါမှပေါ။ အသေးစားယူမလား။ လက်သီးဆုတ်လောက် အကြီးစားယူမလား။ အသေးလေးတွေကို အဲလို ပုဇွန်ခြောက်များများနဲ့ ဟင်းချိုချက်ရင် သိပ်ကောင်း။


အန်တီသက်ဝေကို ရန်စလိုက်ဦးမယ်။ ပုံတွေကို life size ကြီးကြီးကြည်ချင်ရင် ကလစ်လိုက်ပါ။ ရဲရဲကြီး ကလစ်ကြည့်ကြပါ။

Wednesday, August 11, 2010

Sky park ပေါ်မှ ခြင်္သေ့ကျွန်းအား ငုံ့ကြည့်ခြင်း ...

တိမ်တွေထဲက မြို့လေးအကြောင်း မဆက်မီ မနေ့က ဂျူဂျူရော သူ့ ဒယ်ဒီ၊မာမီပါ ရုံးတွေ၊ ကျောင်းတွေ ပိတ်ကြလို့ Singapore Sky Park ဖက် အလည်သွားခဲ့တာလေး ဖောက်သည်ချပါရစေဦး။

Singapore Sky Park ကို Marina Bay Sands hotel က tower ကြီး ၃ခုပေါ်မှာ တည်ထားလို့ "The Marina Bay Sands SkyPark " လို့လဲ ခေါ်ပါတယ်။ အမြင့်မီတာ ၂၀၀ကျော် (ပေ၆၀၀ကျော်လောက်)ရှိပြီး အပေါ်မှာလူ ၃၉၀၀လောက်ဆန့်တဲ့ အကျယ်ရှိပါတယ်။

နည်းပညာပိုင်းအရ ပြောမယ်ဆို မြေဆွဲအားကို အန်တုတည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး Cantilever beam တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒီသင်္ဘောံပုံအဆောက်အဦကြီးမှာ Main view point လုပ်ထားတဲ့ ရှေ့ဦးခေါင်းပိုင်းက အထောက်အပံ့မပါတဲ့ နေရာကCantilever beam ပါပဲ။



Double-helix bridge ကိုလဲ တစ်ခါမှ မရောက်ဘူးတာနဲ့ Marina square မှာ ကားပတ်ပြီး Double-helix bridge ပေါ်ကနေ ဖြတ်လျှောက်ကြတယ်။




တံတားနားမှာ Youth Olympic အတွက် ပြင်ဆင်နေကြတာပါ။




တည်ဆောက်နေဆဲ လက်၅ချောင်းပုံအဆောက်အဦ။


တံတားကျော်တော့ construction site တွေနားက ဖြတ်လျှောက်ခဲ့ရတယ်။ Shopping Mall နားအထိ လျှောက်ခဲ့ကြတယ်။



Shopping mall ရှေ့က ရေပန်းလုပ်ဖို့ ပြင်ထားတဲ့ မိုးပြဲဒယ်ပုံ ဖန်အ၀ိုင်းကြီးနားရောက်တော့ ဖန်သားထုကို တိုင်းကြည့်ကြတယ်။ ၃-၄ လက်မထုလောက်တော့ရှိမယ်။


Shopping Mall ထဲရောက်ပါပြီ။



အောက်ဆုံးထပ်မှာ လှေစီးလို့လဲရတယ်။


လှေဆိပ်။


ဂျူဂျူတို့ ထုံးစံအတိုင်း ပူဆာလို့ တစ်ယောက် ၅ကျပ်နဲ့ စီးခဲ့ပါတယ်။ လှေတစ်စီး၂ယောက်ပဲ စီးရတယ်။


လှေစီးပြီးတော့ sky park အတွက် လက်မှတ်ဝယ်ပြီး အပေါ်တက်ကြတယ်။ ၅၆ ထပ်ကို တက်ရမှာပါ။ လက်မှတ်က လူကြီး ၂၀၊ ခလေး ၁၄ကျပ်ဖြစ်ပါတယ်။ ဓာတ်လှေခါးက sky park အတွက် သီးသန့်ဖြစ်ပုံရတယ်။ ၁ထပ်နဲ့ ၅၆၊ ၅၇ ထပ်တွေ အတွက်ပဲ ခလုပ်ပါတယ်။


sky park ပေါ် ရောက်ပါပြီ ခင်ဗျား။


သင်္ဘောံဦးပိုင်းက Mian view point ဖြစ်ပါတယ်။ မိုးပျံတိုက်တွေ ထိုးထိုးထောင်ထောင်နဲ့ စင်္ကာပူ တစ်နိုင်ငံလုံးကို မြင်နေရပါတယ်။ view ကကြည့်လို့ သိပ်ကောင်းပါတယ်။


Sky park ပေါ် မှ စင်္ကာံပူ ရှုခင်းများ။ (နေရာက မြင့်လွန်းတဲ့အပြင် မှန်တွေပဲ ကာထားတော့ ဓာတ်ပုံရိုက်ရင်း ပြုတ်ကျမှာစိုးလို့ ဒူးပဲတုန်ချင်သလိုလို အူတွေယားလိုက်တာ။ အမြင့်ကြောက်သူများ တက်လို့ရမည် မထင်။ ကင်မရာက မှန်တွေပေါ်က သံကြိုးရိပ်တွေမပါအောင် အပေါက်နား ကပ်ရိုက်မှရတာကိုး ...ဒါတောင် အပေါ်ဆုံးပုံက ကြိုးရိပ်ပါသွားသေးတယ် ... ဟမ် )








Mian view point နောက်မှာ အပေါ့စား စားလို့ရတဲ့ ဆိုင်လေးရှိပါတယ်။ ဂျုဂျူတို့အကြိုက် မွန်းလိုက်ပေါ့ကွယ်။ ဟော့ဒေါ့တစ်ခု ၆ကျပ်၊ ရေ၊ အအေး တစ်ဘူး ၄ကျပ်နဲ့ ရောင်းပါတယ်။ ရက်စ်တောရန့်အကြီးကြီးတွေ ဖွင့်ဖို့ အစီအစဉ်ရှိပေမဲ့ ခုထိတော့ မဖွင့်သေးပါဘူး။ (ဖွင့်ရင် ခုပဲ ၀င်စားတော့မယ့်ပုံ ..း))



သစ်ပင်တွေရှိတဲ့ park ဖက်ကို တက်ပါပြီ။ သင်္ဘောံ အလယ်ပိုင်းဖြစ်ပါတယ်။


ထိုင်ပြီးနားလို့ရအောင် ခုံတန်းရှည်တွေ အများကြီး လုပ်ပေးထားပါတယ်။ Park လို့ ခေါ်ရလောက်အောင် အပင်တွေ ပန်းပင်တွေ လှလှပပတော့ လုံးဝ လုံးဝကို မတွေ့ခဲ့ပါဘူး။


ရေကူးကန်ရှိပါတယ်။ ရေကူးကန်ဘက်ဂရောင်းနဲ့ စင်္ကာံပူမြို့ ရှူခင်းက သိပ်လှပါတယ်။ ဟော်တယ်မှာ တည်းသူတွေပဲ ရေကူးခွင့်ရှိပါတယ်။

ဒီပုံလေး အလှဆုံးထင်တာပဲ .... ဘက်ဂရောင်းပြောပါတယ် ..



park ပေါ်မှာ တစ်နာရီလောက်နားပြီး ပြန်ဆင်းကြပါပြီ။


အပြန်နေပူတော့ အရမ်းပင်ပန်းနေတာနဲ့ တက်စီစီးပြီး Car park ရှိရာ Merina Square ကို ပြန်ခဲ့ကြပါတယ်။
တက်ကစီ stand ကနေ အပေါ်မော့ကြည့်တဲ့ မြင်ကွင်း။ (တစ်ခုလုံးပေါ်အောင်ရိုက်လို့မရဘူး။ Mr. Bean နည်းကား စဉ်းစားရင်တော့ တွင်းတူးပြီးရိုက်ရင်တော့ ရလောက်တယ်။ ၂ကျပ်ခွဲတန်တွေမှာများ zoom out လုပ် ရိုက်လို့ရလားမသိဘူး)