Thursday, August 26, 2010

Accident နဲ့ အစွဲ ...



လွန်ခဲ့တဲ့ ၂လလောက်က အင်္ကျီအညိုလေးတစ်ထည် ၀ယ်လာတယ်။ အဖြူရောင်ပန်းပွင့်လေးတွေနဲ့။ ဒီဇိုင်းကတော့ အောက်ပါတယ်။ အိမ်ကလူတွေ့ရင်တော့ တောပုံကြီးလို့ ပြောမှာသေချာတယ်။ သူ့ရှေ့တော့တစ်ခါမှ မ၀တ်ဖူးသေးဘူး။ အညိုရောင်အင်္ကျီ တစ်ခါမှ မ၀ယ်ဖူးပေမဲ့ ချည်သားအပါးလေးမှို့ ၀တ်ရတာ သက်တောင့်သက်သာရှိလှတယ်ဆို ၀ယ်လာခဲ့တာ။

အဲဒီအင်္ကျီလေး ပထမဆုံး စ၀တ်တဲ့နေ့မှာပဲ ကားတိုက်မှုဖြစ်တယ်။ ကိုယ်က၀င်တိုက်လိုက်တော့ ရှေ့ကကားကို အလျော်ပေးလိုက်ရတဲ့အပြင် အိမ်ကကားလဲ ရှေ့မှာပိန်သွားလို့ ၀ပ်လျှော့ပို့လိုက်ရတာ တစ်ပတ်လောက်။ တိုက်မိတာက Cisco က ရဲကားဆိုတော့ ကိုယ့်ဟာကိုယ်လဲ ကျေအေးလို့မရ။ အစိုးရကားဆိုတော့ သူ့ Rule တွေအတိုင်း ဖော်မယ်လီသွားမှ ရတာဆိုတော့ (အင်ရှူးရန့်စ်ကို မထိချင်လို့) အချင်းချင်း ပြေလည်အောင်ညှိလို့လဲ မရ။ နောက်ဆုံးတော့ နှစ်စဉ်အင်ရှူးရန့်စ်က ၅၀% discount ပေးနေရာကနေ ၂၀% ပဲ ရတော့တယ်။ တော်တော်အထိနာသွားတယ်ပေါ့။

အမှန်က ကိုယ်ကကားမောင်းရင် အင်မတန် သတိထားတယ်။ အဲဒီနေ့က ဘယ်လိုဖြစ်တယ်မသိ။ AYE (Express way) ထဲဝင်တဲ့ လမ်းလေးထဲအ၀င် ကိုယ့်ရှေ့က ဖြတ်မောင်းလာတဲ့ကားကို မမြင်ဘူး။ ကြည့်တော့လဲ ကြည့်တာပဲ။ အဝေးကြီးကို ကြိုကြည့်တာ။ ၀င်တိုက်မိမှသာ တိုက်ပဟ။ အဲဒီကား ဘယ်ကရောက်လာမှန်းကို မသိတာ။ လူလဲ ပြာသွားတာပေါ့။ တိုက်ပြီးပြီးချင်း ကားမောင်းရမှာကို ကြောက်နေတော့တာ။

အဲဒီနေ့ကတည်းက အဲဒီအင်္ကျီအညိုလေးကို နိမိတ်မကောင်းဘူးဆိုပြီး မ၀တ်ရဲတော့ဘူး။ ၀တ်မယ်လို့ ထုတ်ကြည့်လိုက် ပြန်ထည့်လိုက် အခါခါပဲ။ ငယ်ငယ်ကလဲ စာမေးပွဲဖြေတော့ drawing ဖြေရမဲ့နေ့မှာ အပြာရောင်ဘီဘဲလုံခြည်နဲ့ အပြာရောင် ပါတိတ်အဆင်အင်္ကျီကို ၀တ်မိတာ။ ဖြေတဲ့ တစ်လျှောက်လုံး ပြာယာကိုခတ်နေတာပဲ။ စာမေးပွဲခန်း မ၀င်မီကတည်းက တီစကွဲယားတွေပြုတ်ကျ၊ ပေတံ သုံးမြှောင့်တုံးပြုတ်ကျနဲ့။ တစ်ခုပြီးတစ်ခုကျနေတော့တာကိုး။ ဖြေတော့လဲ နောက်ဆုံးတစ်ပုဒ်မှာ ရွာလည်နေလို့ မဖြေနိုင်ခဲ့ဘူး။ နောက်မှ သူငယ်ချင်းတွေက နင်က အပြာရောင်ဝတ်တာကို ပြာမှာပေါ့။ စာမေးပွဲမှာ အပြာရောင်မ၀တ်ရဘူး။ နင်မသိဘူးလားတဲ့။ အဲဒီနောက်ပိုင်းတော့ စာမေးပွဲဖြေရင် အပြာရောင်လုံးဝကို မ၀တ်ရဲတော့တာ။

မဆွိတီတို့အမေမှာလဲ အဲလိုအယူရှိတာသတိရတယ်။ သိတတ်စကတည်းက အမေဟာ အနက်ရောင်နဲ့ အညိုရောင်ကို ဘယ်တော့မှ မ၀တ်ဘူး။ ဟိုတစ်ခါမေ့ပြီး ပါတိတ်အညိုရောင်လေး ၀ယ်ပေးမိတာကို အဖွားကိုပြန်ပေးလိုက်တယ်။ သူ့မှာလဲ ဘယ်လို အတွေ့အကြုံတွေရှိခဲ့လဲ ကိုယ်လဲမသိဘူး။ ကိုယ်လဲ အမေ့ကိုကြည့်ပြီး အမေနဲ့များတူနေလားလို့ စဉ်းစားမိတယ်။ မ၀တ်စဖူး အညိုရောင် ပထမဆုံး စ ၀တ်တာမှာ ဖြစ်တာကိုး။

ဒါပေမဲ့ မနေ့ကတော့ အဲလိုအစွဲတွေထားတာ မကောင်းပါဘူးလေဆိုပြီး ချီတုံချတုံနဲ့ အဲဒီအင်္ကျီလေး ရုံးသွားတော့ ထုတ်ဝတ်လိုက်တယ်။ ကားတိုက်ထားတာလဲ ၂လနီးပါးလောက်ရှိပြီဆိုတော့ သွေးကလဲ နဲနဲအေးသွားပြီကိုး။ လမ်းမှာဘာမှ အခက်အခဲမရှိပေမဲ့ ရုံးရောက်လို့ ကားထဲကလဲထွက်ရော သက်ပျင်းချ အစွဲတွေမကောင်းဘူး။ ခုတော့လဲ အေးဆေးပါလားလို့ တွေးရင်းလျှောက်လာတာ ရှေ့က ကားစက်ဆီတွေပေနေတဲ့နေရာမှာ ဖိနပ်ကချော်ပြီး လဲမလိုဖြစ်လို့ ဘုရားတလိုက်ရသေးတယ်။

အဲဒါလေးတစ်ခုကလွဲလို့ ညနေရုံးကပြန်တဲ့အထိတော့ ဘာမှထူးထူးခြားခြား မဖြစ်ခဲ့။ အစွဲတွေ မထားတာပဲ ကောင်းပါတယ်။




အဲဒီနေ့က တိုက်ပြီးပြီးချင်း။


သူ့ကားက ခြစ်မိရုံလေး ဖြစ်သွားတာပါ။


တိုက်ပြီးပြီးချင်း ကိုယ့်ကားဘာဖြစ်လဲဆိုတာ လုံးဝမကြည့်မိဘူး။ ကြောက်ပြီးကြောင်နေတာ။ သူ့ကားကလဲ ခြစ်မိရုံလေးဆိုတော့ ဘာမှမဖြစ်လောက်ဘူး ထင်တာကိုး။ ဒါနဲ့ ကားနံပတ်တွေ၊ ဖုံးနံပတ်တွေ၊ IC တွေ အပြန်အလှန်မှတ်ကြပြီး ပြန်မောင်းလာတာ။ တစ်လမ်းလုံး ရှေ့က တဒုံးဒုံးနဲ့ တိုက်နေတာတော့သိတယ်။ အိမ်ရောက်မှကြည့်လိုက်တော့ ကားက ရှေ့မှာတော်တော်စုတ်သွားပြီး မီးလုံးက ကြိုးနဲ့ တွဲလောင်းကျနေတာ တွေ့တော့တယ်။ အဲဒီ့ကြိုးကို ကတ်ကြေးနဲ့ညှပ် နောက်ခန်းထဲထည့်ပြီး IDAC ကို သွားသတင်းပို့ရတယ်။


IDAC မှာ ကိုယ့်ထက်ဆိုးတာတွေ တစ်ပုံကြီးရှိတယ်။

IDAC ဆိုတာ ဘာလဲသိချင်ရင်၊ ကားတိုက်ရင်ဘာတွေလုပ်ဆောင်ရလဲသိချင်ရင် အောက်ကပို့စ်ကို ဖတ်ပါနော်။
ဒီမှာ ထပ်မရေးတော့ပါဘူး။
http://auntysweet.blogspot.com/2009/11/blog-post_08.html

11 comments:

  1. ချစ်စရာရှားလို့ စစ်စကို ကြီးမှ သွားချစ်တာကိုး တီဆွိရဲ့ 

    ReplyDelete
  2. ဝက်ဝံလေးAugust 26, 2010 at 6:02 PM

    အိမ်းးး မဆွိရေ နိုင်ငံခြားမှာကတော့ ဂလိုပါပဲ
    မီးက မြန်မာနိုင်ငံမှာ တိုက်ခဲ့တာဂျ လူလဲ ဘာမှမဖြစ်ပါဘူး တခြားကားလဲ အဟုတ်ပါဘူး အုတ်နံရံဝင်ကျုံးတာ ဟိဟိ

    တာ့တာ

    ReplyDelete
  3. ဟိုအရင်ကတော့ သူဌေးကား ကို တစ်ခါတစ်လေ မောင်းပေးရပြီး သူ့ အသိတွေကို လေဆိပ် အကြို အပို. လုပ်ပေးရတယ် လေဆိပ်ကအပြန်မှာ အရှိန်များလို. ရဲက ဆိုင်ကယ်နဲ့ လိုက်တယ် cash ကဒ်မေ့လို့  ဒဏ်တတ်ခံရတယ် အရှိန်များလို့  အမြန်နှုန်းကင်မရာက ဓါတ်ပုံရိုက်တာခံရတယ် ခုတော့ ကိုယ့်ဖာသာ ကိုယ်မမောင်းချင်တော့လို့  ဘောလ်ဘို ၊ မာစီဒီး တို.ကို ဒရိုင်ဘာနဲ့  ထဲလဲစီးနေတယ်

    မှတ်ချက် ။ ဘောလ်ဘို ၊ မာစီဒီး တို့ ဆိုတာ ကိုယ်ပိုင်ကားများ မဟုတ်ပဲ SBS က ဘစ်ကားများသာဖြစ်ပါတယ် ၊

    ခင်တဲ့

    Z

    ReplyDelete
  4. ကိုယ်လဲ အဲဒီလို အစွဲမျိုးတွေ မှတ်ထားတာမျိုးတွေရှိတယ်... ရုံးမှာ စကားပြော အဆင်မပြေတဲ့နေ့မှာ ဝတ်တဲ့အင်္ကျီဆို ခုထိ မှတ်မိနေတယ်...
    သတိထားမိသလောက် ကိုယ်နဲ့ သိပ်မစေးမကပ်တာကတော့ ခရမ်းရောင်ပဲ...း((

    ကားကတော့ သတိထားပြီး ဖြေးဖြေးမောင်းတာကောင်းပါတယ်...
    ကိုယ်က မှန်နေပေမယ့်လဲ သူများက မှားလာပြီး တိုက်လဲ ခံရမှာပဲ...တခါတခါမှာတော့ လမ်းရှင်းရင် စိတ်လွတ် လက်လွတ်နဲ့ တရာ ကျော်တွေ ဘာတွေ မောင်းမိတယ်... သတိထားလိုက်မိတော့မှ ပြန်လျှော့ရတယ်..

    ReplyDelete
  5. အမကတော့ ငယ်ငယ်က နက်ပြာ၊ စိမ်းပုတ်၊ ကြက်သွေးရောင်တွေ ၀တ်မိရင် ကံမကောင်း၊ စိတ်ညစ်ရသလိုပဲ...
    အခုတော့ အစွဲတွေ မထားချင်ပေမဲ့ အဲ့ဒီအရောင်တွေလည်း မ၀တ်ဖြစ်တော့သလောက်ပဲ...း)

    ပို့စ်ဖတ်ရင်းသတိထားမိတာ တီဆွိက သွေးအေးပုံပဲ...စိတ်အေးအေးထားတတ်တာကောင်းတယ်။
    အမကတော့ အဲ့လိုမဟုတ်ဘူး...ဒါကြောင့်ကားမမောင်းတတ်ဘူး။
    ရန်ကုန်မှာတုန်းက အိမ်နားလမ်းထိပ်မှာတင် ကားမောင်းသင်တာ
    လမ်းလယ်ကောင်က တိုင်ဆီကိုပဲ တည့်တည့်ကြီး သွားနေတယ်
    အနားရောက်တော့ ဘရိတ်နင်းလိုက်ပါတယ်...
    ဒါပေမဲ့ ဒုံးဆိုတဲ့ အသံကြီး ကြားလိုက်တော့ ငါတော့ တိုက်ပဟ ပေါ့
    လူလည်း တောင့်တောင့်ကြီး ဖြစ်သွားတယ်
    နောက်မှ ဘယ်ဟုတ်မလဲ နောက်က မောင်းလာတဲ့ ကားက လမ်းဘေး ခြံစည်းရိုးကို ၀င်တိုက်တာ...
    သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဆိုတာမျိုးအေ
    အဲ့ဒီကတည်းက မသင်တော့တာ...း)

    ReplyDelete
  6. အစ်မသီတာရေ ... သွေးကတော့မအေးပါဘူး။ တီစကွဲယားတွေ ဘာတွေပြုတ်ကျတယ်ဆိုတာသာ ကြည့်ပါတော့။ သွေးမအေးတတ်လို့ သွေးအေးအောင် ကြိုးစားတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

    အစ်မ ကားမမောင်းရဲတဲ့သူတော်တော်များများကိုကြည့်ရင် အဲလို ကားမောင်းသင်ရင်းနဲ့ တိုက်မိတာပဲဖြစ်ဖြစ် တစ်ခုခု အထိတ်တလန့်ဖြစ်တာပဲဖြစ်ဖြစ် ကြုံဘူးကြတယ်။ အဲဒီနောက်ပိုင်း ကားမောင်းရမှာလုံးဝကြောက်သွားတော့တာ။ ကျွန်မလဲ အရင်က တစ်ခါအတိုက်ခံဘူးတယ်။ တိုက်ပြီးပြီးချင်းတော့ ကြောက်သွားတယ်။ ဒါပေမဲ့ စိတ်က မကြောက်ရဘူး.။မကြောက်ရဘူးဆို အားတင်းပြီး မောင်းရတာပဲ။ အစ်မပြန်သင်ကြည့်ပါ။ ဆရာတွေက ဘေးက ဘရိတ်နဲ့ သင်တာပါ။ သင်တဲ့ ကားတွေမှာ ဘရိတ်၂ခုပါတယ်။

    ReplyDelete
  7. တီဆွိပို့စ်ကို ဖတ်ပြီးမှ ငယ်ငယ်က ၀တ်ဖူးတဲ့ အညိုရောင်အပွင့်အကျှီလေးကို သွားသတိရတယ်။ အစွဲအလန်းတွေ သိပ်မထားတတ်ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် အမြဲအဆင်ပြေတတ်စေခဲ့လို့ အရေးကြီးတဲ့ ကိစ္စတွေမှာ သတိထားပြီးဝတ်လေ့ရှိတယ်... ဘယ်ကိစ္စတွေလဲလို့တော့ မမေးနဲ့ နော်၊ မပြောပြဘူး.. အသေသာသတ်လိုက် (ကြားဖူးတဲ့ ဘယ်သူ့စကားလေးလဲမသိ၊ ကြိုက်လို့ ငှားသုံးလိုက်သည်)

    ReplyDelete
  8. မယ်ဆွိတို့ကတော့ ဖြစ်တတ်ပလေ...
    သူများတော့ မတိုက်ဖူးပါဘူး ..ကိုယ့်လာတိုက်တာတော့ ကြုံဖူးတယ်

    ReplyDelete
  9. hello ama!
    Could you please explain to me why you don't want to touch the insurance? Here, (at UAE), if something happen, everyone run to insurance and no ones pay from their pocket. We have full insurance and normal. Full insurance is cover for both party (the car you hit and also your car). The other one is just cover only one party (only your car. for the other car you have to pay from your pocket)... Thank you
    Tsu

    ReplyDelete
  10. မTsu ရေ ငွေလေးနည်းနည်းနဲ့ အင်ရှူးရန့်ကို claim ရင် ကိုယ့်ဖက်က နာပါတယ်။ အင်ရှုးရန့်ကလဲ claim ပြီးရင် ဒီတိုင်းမနေပါဘူး။ ဈေးတက်ပါတယ်။ claim မရှိရင် discount ရပါတယ်။ ဥပမာ ကိုယ်က ပြင်ရင် ၁၀၀၀လောက်ကျမှာကို သွား claim လိုက်ရင် သူဈေးတက်တာက နောက်ပိုင်း နှစ်စဉ် တောက်လျှောက်တက်တဲ့ ဈေးအတိုင်းပေးရတာဆိုတော့ တစ်ထောင်ထက်မက ပိုပေးရပါတယ်။ ပိုနာပါတယ်။

    ReplyDelete
  11. hote kae ama.. thank u for explanation. :)

    ReplyDelete