Wednesday, August 4, 2010

ငှက်ပျောသီးပေါင်း ...

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့တော့ ဘလော့ဂ်မှာ အစားအသောက်လေးတစ်ခုခု တင်ဦးမှပါဆို ဓာတ်ပုံတွေ ပြန်ကြည့်တော့ ငှက်ပျောသီးပေါင်းရယ် ခရမ်းသီးမီးဖုတ်သုတ်ရယ်တွေ့တယ်။ ၂ခုထဲက ဘာတင်ရရင်ကောင်းမလဲ စဉ်းစားရင်း ဘလော့ဂ်ကိုအဖွင့် မြတ်နိူး တောင်းဆိုထားတာလေးတွေ့လိုက်လို့ ငှက်ပျောသီးပေါင်းကိုပဲ တင်ပေးလိုက်ပါတယ်။ ဆနွင်းမကင်းကတော့ တစ်ခါမှ မလုပ်ဖူးလို့ တစ်ခြားလင့်ခ်တွေမှာပဲ သွားကြည့်လိုက်ပါ မြတ်နိူးရေ။

ငှက်ပျောပေါင်းက လုပ်ရတာလဲလွယ်ပါတယ်။ လိုတာတွေကလည်း စလုံးမှာ အလွယ်တကူရတဲ့ ပစ္စည်းတွေပါ။

ရခိုင်ငှက်ပျော တစ်ဖီး၊ (သီးမွှေးငှက်ပျောဆိုလဲရပါတယ် ... ပြုတ်ရင်ပျော့သွားတတ်လို့ ခပ်မာမာလေးကို ရွေးဝယ်ပါ။)
အုန်းနို့ စက္ကူထုတ် အသေးတစ်ထုတ်၊
အုန်းသီးဆံခြစ်ထားတာ (စလုံး wet market က အုန်းသီးဆံခြစ်ရောင်းတဲ့ ဆိုင်တွေမှာ ရပါတယ်။ ပြား၅၀ဖိုးဆိုရင်ကို အများကြီးရပါတယ်)
သကြား ၃-၄ဇွန်းခန့်၊(အချိုကြိုက်တတ်ရင် ပိုထည့်ပါ)
ဆားသင့်ရုံ၊

ရခိုင်ငှက်ပျောသီးကို အခွံနွှာ၊ ထပ်ခြမ်းခြမ်းပြီး ပြုတ်ပါတယ်။ ရေကိုအရင်တည်၊ ဆူမှ ငှက်ပျောသီးထည့်၊ ငှက်ပျောသီးတွေ အရမ်းပျော့အိသွားမှာစိုးလို့ ခဏလေးပြုတ်ပြီး ရေစစ်ထားပါ။ ပြုတ်ရတဲ့ ရည်ရွယ်ချက်က ရခိုင်ငှက်ပျောသီးက ခါးတတ်လို့ အခါးရည်တွေ ထွက်သွားအောင်ပါ။

အိုးပြန့်ပြန့်ထဲ အုန်းနိူ့ထည့်(ငှက်ပျောသီးမြုတ်ရုံ ရေနဲနဲရောပါတယ်)၊ သကြားထည့်၊ ဆားသင့်ရုံထည့်၊ အပေါ်က ရေစစ်ထားတဲ့ ငှက်ပျောသီးတွေ စီထည့်ပြီး မီးနဲနဲနဲ့ ထပ်တည်ပါတယ်။ ၂မိနစ်၃မိနစ်လောက်တည်လို့ အုန်းနို့လဲပွက်ပြီဆို ချပြီးအအေးခံထားပါ။

နောက်အပေါ်ကနေ အုန်သီးခြစ်ထားတာလေးတွေ ဖြူးစားပါတယ်။ အေးသွားရင် အုန်းနို့က ငှက်ပျောသီးထဲ စိမ့်ဝင်သွားပြီး ငှက်ပျောပေါင်း ချိုချိုစိမ့်စိမ့် မွှေးမွှေး ရပါပြီရှင်။ မြန်မာမုန့်တွေထဲမှာ လုပ်ရတာ အင်မတန်လွယ်ကူ မြန်ဆန်ပြီး စားကောင်းတဲ့ သွားရေစာတစ်ခုပါ။ ဘလော့လာသူများလည်း စားကြပါဦးရှင်။















ငှက်ပျောကြော်ပါ အဆစ်တင်ပေးလိုက်တယ်နော့။ လူရွှင်တော် ငှက်ပျောကြော်ပါ သတိရသွားတယ်။ း)))

10 comments:

  1. thanks,ama...

    Myatnoe

    ReplyDelete
  2. ဒီလိုဆိုတော့လည်း ဌက်ပျောသီးပေါင်းရတာ လွယ်သလိုပဲနော်.. ဧည်သည့်လာတဲ့အခါ လုပ်စားကြည့်ဦးမယ်.. အစ်မ လာလည်မလားး))

    ReplyDelete
  3. ဆွိ အသားကုန် ချက်ပြုတ် စားသောက်နေပါ့လား....စားချင်တယ် အဲလို...:)

    ReplyDelete
  4. လုပ်စားရမယ်။ ရခိုင်တော့မရဘူး၊ ရှိတဲ့ငှက်ပျောသီးနဲ့ လုပ်ကြည့်ရမယ်။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. ama, taste is really good but color is not beautiful.:(

    Myatnoe

    ReplyDelete
  6. တီတီဆွိရေ...ငှက်ပျောပေါင်းလေး ကြိုက်တယ်... ငယ်ငယ်က တို့ ဖွားဖွား လုပ်ကျွေးတာ ရခိုင်ငပျောသီးအရောင်နီနီလေး ... အရောင်လှအောင် ငှက်ပျောသီးပြုတ်တဲ့အခါ ကင်ပွန်းရွက်အကြမ်း ထည့်ပြုတ်ရတယ်တဲ့... သာကူစေ့လည်း နဲနဲထည့်တယ်...

    ReplyDelete
  7. ဟုတ်တယ်... မြတ်နိုးရေ ... အစ်မမြင်ဘူးတာက အနီရောင်တွေ။ ရခိုင်ငှက်ပျောမဟုတ်လို့ အနီရောင်မဖြစ်တာလို့ ထင်နေတာ။

    မိုးစက်ပွင့်ရေ ကျေးဇူးနော်။ နောက်မှ လုပ်ကြည့်ဦးမယ်။ ပြောသာပြောရ ... ကင်မွန်းရွက်အကြမ်း ဘယ်ရှာရမှန်း မသိသေးဘူးး-)

    ReplyDelete
  8. အခုပဲ အိမ်ပြန်ရောက်ရင် လုပ်စားပလိုက်မယ်။ ဒါမျိုးဆို အရမ်းကြိုက်။

    ReplyDelete
  9. အစ်မ.. အုန်းနို့ အစား နွားနို့  သုံးလို့ ရလား။

    ReplyDelete
  10. အုန်းနို့နဲ့မှ ကောင်းမယ်ထင်တယ် ... နွားနို့တော့ တစ်ခါမှ မသုံးဖူးဘူး။ အုန်းနို့နဲ့မှ မွှေးမှာလေ။

    ReplyDelete