ပို့စ်အသစ်လဲ တင်ဖို့မအားတာနဲ့ အရင်တင်ဖူးခဲ့တဲ့ ပို့စ်အပိုင်းအစလေးတွေ တင်ပေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးပေါ့း))
------------------------------------------------------------------------------------------------------------------------
အဒေါ်ကြီးဇာတ်လမ်း
မဆွိတီတို့ ငယ်ငယ် ၅နှစ်၊ ၆နှစ်လောက်က အိမ်ဘေးမှာ မအုန်းကြည်ဆိုတာရှိတယ်။ အိမ်ထောင်ကျပြီးကာစ အသက် ၂၅-၂၆ လောက်ရှိမှာပေါ့။ အဲဒီမအုန်းကြည်ဆို အဒေါ်ကြီး ကြီးလှပြီ မှတ်နေတာ။ ခေါ်တာကလည်း ဒေါ်မအုန်းကြည် ... ဒေါ်မအုန်းကြည် နဲ့ မှတ်မိနေတာ။ အသက် ၄၀လောက်ဆိုရင်တော့ ဘာပြောကောင်းမလဲ အဘွားကြီးတွေပေါ့။
ဟော ကိုယ်လဲ အသက် ၂၀လောက်ရောက်ရော အသက်၄၀ ဆိုတဲ့ အရွယ်က အဒေါ်ကြီးတွေ ဖြစ်ပြန်ရော။ ဘီးဆံပတ်ကြီးပတ်လို့၊ အင်္ကျီခါးတို လက်ပြတ်၊ ပါတိတ်ထမီ တပတ်နွမ်းနဲ့ ပိုသီဖတ်သီ၊ ၀၀ဖိုင့်ဖိုင့် အဒေါ်ကြီးတွေ ရပ်ကွက်ထဲမှာ တွေ့နေရတာပဲ။ ကြီးလှပြီထင်နေတာ။
ကိုယ်လဲ အသက်၄၀ လောက် အရွယ်ရောက်ရော ကိုယ့်ကိုယ်ကို အဒေါ်ကြီးလို့ တစ်ခါမှ မထင်ဘူးပေါင်။ အန်တီဆိုတာ နှုတ်ကျိုးနေရမဲ့ အရွယ်မှာ အစ်မတွေ ညီမတွေနဲ့ ပြောကောင်းတုံးရှိသေးတယ်။ ငယ်ချင်လွန်းလို့လဲမဟုတ်။ ပြောနေကျစကားတွေ၊ ခိုင်းနေကျ နာမ်စားတွေ ရုတ်တရက်ကြီးပြောင်းလို့က မရနိူင်ဘူးဖြစ်ရတယ်။
ညီမရယ် ... အစ်မကလေ ... ဆိုပြီး အောက်ထပ်က ဗမာဆိုင်က အသက် ၂၀လောက် ခလေးမလေးကို ပြောမိတော့ သူကလဲ အန်တီ ... အန်တီနဲ့ ဇွတ်ကိုပဲ တိုးတော့တာပဲ။ လက်နက်မချဘူးဆိုတဲ့သဘော။ ကိုယ်ကလဲ နှုတ်ကိုမကျိုးတော့ အလံဖြူမပြ။ ညီမ ... အစ်မနဲ့ပဲ ခက်ခဲ့ရတယ်။
နောက်ပိုင်းတော့ ကြိုးစားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဒေါ်ကြီးလို သဘောထား။ အန်တီကလေ ... အန်တီကလေ ... လို့ ပြောနိူင်ဘို့အရေး။ ။
-----------------------------------------------------------------------------------------------------------------
တိုတက်သွားသော ဆံစများအကြောင်း
ကိုယ့်ရှေ့ဆံပင်က ဘေးတို့ အလည်တို့ ခွဲရင် ကိုယ်နဲ့မလိုက်လို့ဆိုပြီး ငယ်ငယ်ကထည်းက နဖူးပေါ်အုပ်ပြီး အဖြောင့်ထားတယ်။ သမီးကျတော့လဲအတူတူပဲ။ အဲဒီတော့ သားအမိ၂ယောက်လုံး အဲရှေ့ဆံပင်တွေ ရှည်လာရင် မျက်စိထဲကို ဖုံးတော့တာပဲ ။ ဒီတော့ရှေ့ဆံပင်ရှည်လာရင် ကတ်ကြေးအကျဲလေး တစ်ချောင်းဝယ်ထားပြီး ကိုယ့်ဟာကိုယ်ပဲ ညှပ်လိုက်တာပဲ။ ဆိုင်မှာတော့ သွားညှပ်မနေတော့ဘူးပေါ့။ နောက်မှို့ တစ်လတစ်ခါလောက် ဆိုင်သွားနေရမှာကိုး။
ကိုယ်ကဆံပင်ညှပ်သမားမှ မဟုတ်တော့ တစ်ခါတစ်လေလဲ အဆင်ပြေတဲ့အခါရှိတယ်။ တစ်ခါတစ်လေလဲ ညှပ်ရင်းတိုသွားတာရှိတယ်။ မညီတာရှိတယ်။ မျိုးစုံပဲ။ ဟိုအရင်တစ်ခါက သမီးဆံပင်ကို ညှပ်လိုက်တာ အတော်တိုသွားတယ်။ သမီးက ခလေးဆိုတော့ အတိုလေးနဲ့ ရယ်စရာ ငုံးစိစိလေးဖြစ်နေပေမဲ့ ချစ်စရာလေးလို့ ထင်နေတယ်။ ကိုယ်က ညှပ်သူကိုး။ သူ့အဖေနဲ့ ကြီးတော်ကတော့ ကိုယ့်ကို မကျေနပ်ကြဘူး။ သူတို့သမီး၊ သူတို့တူမ ကိုယ်လုပ်လို့ ရှေ့ဆံပင်ကြီးပြောင်စပ်စပ်နဲ့ ရုပ်ဆိုးလိုက်တာဆို ဆိုကြ ပြောကြတယ်။ ကိုယ့်မျက်စိထဲတော့ သမီးကို အဲလောက်ရုပ်ဆိုးတယ် မထင်ပေါင်။
ပြီးခဲ့တဲ့ အပတ်ကတော့ သမီးမွေးနေ့ ဗီဒီယိုထဲမယ် ကိုယ့်ရှေ့ဆံပင်တွေက မသပ်မရပ်နဲ့ မျက်စိထဲ ဝင်လုမှို့ ကိုယ့်ဆံပင်ကိုယ်ညှပ်လိုက် တာ နဲနဲအရှိန်လွန်သွားတယ်။ တော်တော်တိုသွားတယ်ပေါ့လေ။ မှန်ကြည့်လိုက်တိုင်း ရှေ့ဆံပင်က တိုတို ပြောင်စပ်စပ်နဲ့ ဖြစ်နေတာ ကြည့်ပြီး စိတ်ပျက်လိုက်တဲ့ဖြစ်ချင်း။
အဲလိုရှေ့ဆံပင်ရှည်လာရင် ဘယ်လိုဖြေရှင်းကြသတုံး။ ကိုယ့်ဟာကိုယ်ပဲ ညှပ်ကြသလား။ အဲလို တိုသွားတာမျိုးရောဖြစ်ဘူးကြပါသလား။

ဤပုံကို အင်တာနက်မှ ရှာထားပါသည်။
ဒါကတော့ မဂျူဂျူးငယ်ငယ်ကပုံ။(ထပ်ဖြည့်ထားခြင်းဖြစ်ပါသည်။ လက်ရာကို ခန့်မှန်းလို့ရအောင်း))








