Friday, September 23, 2011

ကျွန်မလဲ ဧရာဝတီကို ချစ်သည်



(လင့်ခ် ပျောက်သွား၍ ထပ်တင်ခြင်းဖြစ်ပါသည်။)


ကျွန်မငယ်စဉ်က အဖေ့အဘွားဆုံးလို့ဆိုကာ အဖေက သူ့တို့ဇာတိ စစ်ကိုင်းသို့ ပြန်မည်ဆိုသည်။ သမီးလိုက်ချင်သလားမေးရာ ဘာရယ်မဟုတ် ကျွန်မလိုက်မည် ခေါင်းအငြိမ့်တွင် အဖေသည် ၅နှစ်သမီး ကျွန်မကို လက်ဆွဲကာ ရထားကြီးစီးလျက် မွေးရပ်မြေသို့ပြန်ခဲ့လေသည်။ 
ကွန်မတို့ အဘွားအိမ်ရောက်တော့ အသုဘ ကိစ္စများနှင့် လူကြီးများက အလုပ်ရှုပ်နေကြသည်။ အဘွားရက်လည်အပြီး တစ်ရက်တွင် အဘွားသည် ရေချိုးသွားရအောင်ဆိုကာ ဦးလေးစက်ဘီးနောက်မှ ကျွန်မကို လိုက်ခိုင်းသည်။ အဘွားနှင့် အဖေက စက်ဘီးနောက်တစ်စီးနှင့်သွားသည်။ စက်ဘီးသည် ချောင်ကြို ချောင်ကြား လမ်းကျဉ်းလေးများ၊ ချိုင့်ခလုပ်များကို ဖြတ်ကာ သွားရာ ကျွန်မမှာ ပြုတ်ကျမည်စိုး၍ ဦးလေး အင်္ကျီကို တင်းတင်းဆုတ်ထားရသည်။


နောက်ဆုံး မြစ်ဆိပ်ဆိုသည်ကို ရောက်သည်တွင် စက်ဘီးမှအဆင်း  နေရောင်အောက်တွင် လက်လက်ထနေသော သဲများကို တွေ့ရာ ကျွန်မ ပထမ အံ့သြသွားသည်။ ဒီလို လက်လက်ထနေသော သဲများ ထူးဆန်းလှပါကလားဟု ကျွန်မတွေးနေမိသည်။  ကမ်းစပ်တွင် သဲသောင်များသာမက ကျောက်တုံးကြီးငယ်များလည်း ကွန်မ မြင်နေရသည်။ တချို့ ကျောက်တုံးများမှာ လူတွေ အ၀တ်လျှော်ကြလွန်း၍ ပြောင်လက်နေကြသည်။  နောက်တော့ အံ့မခန်း မြစ်ရေပြင်ကျယ်ကြီး၊   မြစ်ထဲတွင်တော့ ရေချိုးသူ၊ ရေကူးသူ၊ ခေါင်းလျှော်သူ၊ အ၀တ်လျှော်သူ လူကြီး လူငယ်၊ ခလေးမိန်းမ စုံလင်လှသည်။ မြစ်ထဲတွင် သစ်ဖောင်၊ ၀ါးဖောင်များလည်း တွေ့ရရာ တစ်ချို့မှာ ဖောင်များပေါ်တွင်ပင်တက်ကာ အ၀တ်လျှော်ကြသည်ကို တွေ့ရသည်။ ခပ်လှမ်းလှမ်းတွင် စစ်ကိုင်းတံတားကိုလည်း လှမ်းမြင်နေရသည်။ မြစ်ထဲတွင် လှေငယ်လေးများ၊ သမ္ဖာန်များ ကူးခတ်နေကြသည်။ မြစ်တစ်ဖက်ကမ်းက ထုံးဖြူဖြူ စေတီတွေကို လှမ်းမြင်နေရသည်။ ဤမြစ်ကြီးသည်ကား ဧရာဝတီဆိုသည်ကို ကျွန်မ မသိသေး။ သို့ပေမဲ့ ကျွန်မ ဒီမြစ်ဆိပ်ကိုလာရတာ ပျော်သည်။ တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်း အထူးအဆန်းများကြောင့် ဤမြစ်ကြီးကို ကျွန်မ နှစ်သက်နေမိသည်။

ကျွန်မ စစ်ကိုင်းကို နောက်တစ်ခေါက်ရောက်တော့ အတော်ကြီးပြီ။ မြစ်ဆိပ်မှာ ရေချိုးရင်း ဒီမြစ်ကြီးသည်ကား ငါတို့ ပထ၀ီထဲတွင် သင်ရသော ဧရာဝတီမြစ်ကြီးပါလားဟု သိလာရသည်။ ဤမြစ်ကြီးကိုဖြတ်ကာ သမ္ဖာန်သံ တကျွိကျွိဖြင့် အင်းဝမြို့ဟောင်းကိုလည်း ရောက်ခဲ့သည်။ မယ်နုအုပ်ကျောင်းကိုလည်း လည်ခဲ့သည်။ မြစ်ကြီးသောင်ခုံပေါ်တွင် စိုက်ထားသော ပြောင်းခင်းမှ ပြောင်းဖူးများကို လတ်လတ်ဆတ်ဆတ်ခူးကာ ကြော်စားခဲ့ရာ ထိုပြောင်းဖူးချိုပုံ၊ ဆိမ့်ပုံကား တစ်သက်မမေ့ဖွယ်ရာ။ ဦးလေးသစ်စက်မှာ အလုပ်လုပ်ပြန်တော့ မြစ်ကြီးထဲက သစ်ဖောင်ပေါ်တက်ကာ တာလီခြစ်ဖူးသည်။ လေတဖြူးဖြူးတွင် တာလီခြစ်ရင်းဖြင့် မြစ်ဧရာ၏ လေအေးအေးအရသာကို ခံစားဖူးသည်။ ပုဂံဖက် အလည်ထွက်ပြန်တော့ မြစ်ကိုဇက်ဖြင့်ဖြတ်ကာ တူရွင်းတောင်ပေါ်တက်ဖူးသည်။ မြစ်ကမ်းနံဘေးမှ သဘာဝရှူခင်များကား ပန်းချီကားတစ်ချပ်ကိုကြည့်ရသလို သာယာလှပလွန်းသည်။


ဒီ့ထက်ပိုကြီးလာတော့   မြစ်ကြီး၏ လှပပုံသာမက ဣဒြေ္ဒရပုံ၊ တော်ဝင်ပုံ၊ အသုံးဝင်ပုံ တွေကို သိလာရပြန်သည်။ ဒီဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ တောင်နဲ့ မြောက် တနှံ့တလျှား ဖြတ်စီးနေရာ တို့မြန်မာပြည်ရဲ့ အသက်သွေးကြော၊ ဒီမြစ်နှင့် ရင်းနှီး လုပ်ကိုင်စားသောက်သူတွေ အများကြီးပါလားဆိုတာလဲ သိလာရသည်။ ဤမြစ်သာမရှိရင် လယ်သမားကြီးတွေ စပါးစိုက်ဖို့ ဘယ်ကရေရမည်လဲ၊ ဒီမြစ်ကြီးမရှိလျှင် သား၊ငါး ရှာဖမ်းသူတွေ ဘယ်လိုအသက်ရှင်မည်လဲ၊ သားငါးပုဇွန်တွေ ရှားပါးတော့ ဘာတွေ စားသောက်ကြမည်လဲ၊ ဒီမြစ်ကြီးမရှိလျှင်၊ ခရီးလမ်းပမ်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအတွက် ၀ါးတွေ၊ သစ်တွေ ဘယ်လို သယ်ကြမည်လဲ။ နောက် ကိုယ်သိပ်နားမလည်သည့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ကိစ္စတွေ။ ရာသီဥတု ဖောက်ပြန်မှု၊ သစ်တော ပြုန်းတီးမှုတွေ ကြုံရမည်။ ယုတ်စွ အဆုံး ဒီမြစ်ကြီးမရှိလျှင် သောက်သုံးဖို့ရေပင် ဘယ်ကရမည်လဲ။ ဤမြစ်ကြီးသည်ကား ငါတို့၏ အသက်၊ သွေး ဆိုသည်ကို နားလည်ခဲ့ပါတော့သည်။


ယခုတော့ ဒီမြစ်ကို ပိတ်ကာ ဆည်ဆောက်ကြမည်တဲ့။ အင်မတန်ကြီးမားသော ဆည်ကြီးတစ်ခု မေခ-မေလိခ ဆုံရာတွင် တရုတ်မှ နည်းပညာယူကာ တရုတ်အလုပ်သမားများဖြင့် ဆောက်မည်။ ရလာသည့်  အကျိုးအမြတ် အဖြစ် ရေအားလျှပ်စစ်ကို ခွဲဝေယူကြမည်။ ဆည်ဆောက်သည်ဆိုရာဝယ်  ထိုဆည်ထဲ ရေပြည့်ဖို့ ထမဆုံး ရေကို အရင်စုရသည်။ ပထမဆုံးအနေနှင့် ထိုရေတွေစုဖို့ပင် မြစ်ဧရာတွင် ယခင်ကလောက် ရေစီးမည်မဟုတ်တော့။ လျှပ်စစ်အားထုတ်နေစဉ်လည်း ရေကို လျှပ်စစ်ရဖို့ လည်ပြီးကာမှ ရေလွှဲတံခါးတွေကနေ ထုတ်ပေးမည်။ ဤတွင် ရေထဲမှာနေသော သက်ရှိသတ္တ၀ါ၊ ငါးပုဇွန် စသည်တို့ သေကုန်မည်။ ရှားပါးကုန်မည်။ ရေလွှဲတံခါးဖွင့်မှ ရေစီးမည်ဖြစ်ရာ သဘာဝအလျှောက်လည်း မဖြစ်နိုင်တော့။ မြစ်ကြောင်းတစ်လျှောက်  ရေစီး၊ ရေလာလည်း နည်းသွားနိုင်ပါသည်။

မိုးတွင်းလို တောင်ကျရေအလွန်များပါကလည်း ရေကာတာမနိုင်၊ ဆည်ကျိုးပါက မြစ်ကြီးနားမြို့အပါအ၀င် အနီးအနား မြို့ရွာတွေ စက္ကန့်ပိုင်းအတွင်း ရေမြုတ်ကာ လူ့အသက် အိုးအိမ်ပေါင်းများစွာလည်း ဆုံးရှုံးနိုင်ပါသည်။ ဘိုးစဉ်ဘောင်ဆက် ထိမ်းသိမ်းလာခဲ့သော ဧရာဝတီ မြစ်ဆုံအလှလည်း ပျက်ရပြီ။ ဤသည်မှာ ကျွန်မဖတ်ဖူးသလောက် သိသလောက်၊ မှတ်မိသလောက် အကျိုးအပြစ်များသာ ရေးခြင်းဖြစ်၍ အခြားအရေးကြီးသော အချက်များစွာ ကျန်ပါသေးသည်။


ထို့ကြောင့် ထိုမြစ်ဆုံဆည်ကြီးဆောက်မည့်ကိစ္စကို အကျိုးထက်၊ အပြစ်က သိသိသာသာ ပိုများနေသည်ကို မြင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဧရာဝတီကိုချစ်သော ပြည်သူများက ၀ိုင်း၍ကန့်ကွက်ကြသည်။ စာတန်းတွေ တင်ကြသည်။ စုပေါင်းလက်မှတ်ရေးထိုးကာ ကန့်ကွက်ကြသည်။ ကျွန်မလဲ အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ်ပါဝင်ချင်ပါသည်။ ကျွန်မတို့ရဲ့ ဧရာဝတီကို ကျန်းမာစေချင်သည်။ တိမ်ကောမပျက်စီးစေချင်။ ယခင်အတိုင်း သဘာဝအတိုင်း စီးမြဲစီးဆင်းစေချင်သည်။

ကျွန်မလဲ ဧရာဝတီကို ချစ်သည်ပဲလေ။  ။




      "   ဧရာဝတီကို ကယ်တင်ကြပါ   " 

(ဤပုံများသည် အန်တီဆွိ ပုဂံ တူရွင်းတောင်သွားစဉ်က ရိုက်ကူးခဲ့သော မြစ်ဧရာ၏ အလှပုံများဖြစ်ပါသည်။)

12 comments:

  1. ပို့စ်အဟောင်းက ကွန့်မန့်တွေ ပြန်တင်ပေးလိုက်ပါတယ်။
    7 comments:

    မိုးငွေ့...... said...

    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်..။

    ဧရာဝတီကိုချစ်တဲ့
    မိုးငွေ့
    September 23, 2011 3:06 PM
    sosegado said...

    ဧရာဝတီအရေးက ဝိုင်းဝန်းအဖြေရှာရမှပါ
    September 23, 2011 3:09 PM
    susu said...

    မဆွိ‌ရေ..တို့‌တွေလဲဧရာဝတြီမစ်ကြီးအနီးမှာမကြီးပြင်းခဲ့ရ‌ပေမဲ့..
    နဝ‌ဒေးတံတားကြီးမ‌ဆောက်ခင်ကဆိုရင်..‌ကျောင်း‌တွေပိတ်လို့
    အိမ်ပြန်တဲ့အချိန်..ဧရာဝတြီမစ်ကြိုဖတ်ကူးတဲ့ဇက်‌ပေါ်မှာနံနက်‌ဝေလီ‌ဝေ
    လင်းဧရာဝတီရဲ့အလှကစာဖွဲ့လို့မမှီနိုင်ဘူး..မြစ်ပြင်ကြိုဖတ်ပြီးတိုက်လာ
    တဲ့‌လေ‌အေး‌လေးရယ်..ဟိုး..အ‌ဝေးက‌တောင်တန်း‌တွေရယ်ကို
    ‌ငေးပြီးဇက်စီးရတဲ့..ခံစားမှု‌လေးကိုဘယ်‌တော့မှမ‌မေ့ဘူး..ဒီ‌လောက်
    ချစ်စရာ‌ကောင်းတဲ့..သာယာလှပတဲ့.‌ကျေးဇူးကြီးမားတဲ့.‌ကျေးဇူးရှင်ကို
    သူတို့မို့အကြံပက်စက်ရက်တယ်‌နော်..အမိဧရာဝတီထာဝရတည်တံ့စွာ
    ရှင်သန်စီးဆင်းနိုင်ပါ‌စေ...။
    September 23, 2011 3:21 PM
    seesein said...

    အမိ ဧရာဝတီ ထာဝရ စီးဆင်းစေဖို့
    မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်

    လှေကလေးကိုလှော်လို့ အမြဲထာဝရ ဘေးမသန်း အေးချမ်းကြပါစေ

    ခင်မင်တဲ့
    seesein
    September 23, 2011 4:00 PM
    Anonymous said...

    မောင်ဘကြိုင်လည်း ဧရာဝတီကိုချစ်တယ်
    ဧရာဝတီမြစ်ရေစီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်


    ဧရာဝတီချစ်သူ
    မောင်ဘကြိုင်
    September 23, 2011 4:04 PM
    အဖြူရောင်နတ်သမီး said...

    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။
    September 23, 2011 4:27 PM
    မြသွေးနီ said...

    ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
    ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
    ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်အစ်မရေ..။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။
    September 23, 2011 4:47 PM

    ReplyDelete
  2. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းအား ထပ်ဆင့် ထောက်ခံပါသည်..။
    ဧရာဝတီထာဝရတည်တံ့စွာရှင်သန်စီးဆင်းနိုင်ပါ‌စေ...။

    ReplyDelete
  3. ဧရာဝတီ ကိုချစ်သူ မဆွိ နဲ့ အတူ လုံးဝ လုံးဝ ကန့်ကွက်ပါတယ်

    ကျေးဇူး

    ReplyDelete
  4. ဧရာဝတီကို လက်လွတ်စပယ်မလုပ်သင့်ပါဘူး။ စနစ်တကျ မျက်နှာမလိုက်ဘဲ လေ့လာဆန်းစစ်ပြီးမှ ဆည်ကြီးကို ဆောက်သင့်မဆောက်သင့် ဆန်းစစ်သင့်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကတော့ မြစ်ဆုံဆည်ကြီးကို လုံးဝမဆောက်စေချင်သူပါ။ ကန့်ကွက်သူသာဖြစ်ပါတယ်။

    ReplyDelete
  5. ငယ်ငယ်တုန်းက ဧရာဝတီမြစ်နားဘေးကတိုင်းမြို.ကြီးတစ်မြို.မှာ နေခဲ.တာ... ၁၅နှစ်လောက်နေခဲ.တယ် အဲဒီတုန်းက စက်ရေတွင်းက ရေပေးတယ် ဆိုတာတွေ မရှိသေးတော. မြစ်ရေကိုသောက် မြစ်ရေကိုချိုးပေါ.နော် မြစ်ရေကိုပဲ စည်ပင်သာယာက ပိုက်နဲ.ပေးတာလေ
    မြစ်ထဲက ငါးပုစွန်တွေစား ကိုင်းစိုက်ချိန်ဆိုလဲ ကိုင်းက အသီးအနှံတွေစား အဲလိုပဲအဲဒိဒေသကလူတွေအားလုံး ဧရာဝတီမြစ်ကြီးနဲ.ကင်းကြတာမဟုတ်ဘူးလေ ကျေးဇူးရှင်ကြီးပေါ. အညာဆိုတော.မီးကလဲ ခနခနလောင်တာပေါ. အဲဒါဆိုလဲ မြစ်ထဲက ရေကိုစုတ်ပြီး မီးသတ်ကားတွေက လာကြတာ ဧရာဝတီမြစ်ကြီးရဲ.အရိပ်မှာနေခဲ.သူ တစ်ယောက်မို.လဲ ကျမလဲချစ်တယ်

    ReplyDelete
  6. ကိုအောင်(ပျူနိုင်ငံ)September 23, 2011 at 10:29 PM

    မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  7. ဧရာဝတီကိုကယ်တင်ချင်ပေမဲ့ကျမတို့ဘယ်လိုကယ်တင်ကြမလဲ။ဧရာဝတီနဲ့မြန်မာဆိုတာခွဲမရပါဘူး။ဧရာဝတီတိမ်ကောရင်မြန်မာတိမ်ကောတာနဲ့တူတူမို့ဧရာဝတီကိုဆက်လက်ပြီးသဘာဝအတိုင်းတည်ရှိစေချင်ပါတယ်။မြန်မာကိုချစ်သလိုဧရာဝတီကိုလဲချစ်ပါတယ်။ကျမတို့ဧရာဝတီအတွက်လုပ်ပေးနိုင်တာကတော့ဧရ၀တီခုတိုင်းမပြောင်းမလဲနဲ့ဆက်လက်တည်တံ့နိုင်ပါစေလို့ဆုတောင်းပေးရုံပါဘဲ။ဧရာဝတီဆက်လက်တည်တံ့ပါစေ။

    ReplyDelete
  8. ဧရာဝတီပျောက်ရင် လူမျိုးပျောက်မယ် မမရေ..။ ချက်ချင်းကြီး တစ်နှစ်၊နှစ်နှစ်အတွင်းမဖြစ်နိုင်ပေမယ့် တစ်နှစ်ပြီးတစ်နှစ် လူတွေစားဝတ်နေရေးမပြေလည်တာနဲ့ ဧရာဝတီနားက ခွာရမယ်..။ ရေကြည်ရာ မြက်နုရာကို ရှာရင်း ရှာရင်း လူမျိုးပျောက်လာပါလိမ့်မယ်..။ တောတောင်မြစ်ကမ်းဘေးက တကယ့်အောက်ခြေလူတန်းစားတွေအကြောင်း မစဉ်းစားမိကြလို့ပါ..။ ငါးပက် ငါးဖမ်းပြီးမှ ထမင်းစားကြရတဲ့သူတွေ..၊ သစ်ဖောင်မျှောမှ ထမင်းစားရတဲ့လုပ်သားတွေ ..၊ ဧရာဝတီကိုမှီပြီးမှ စားကြသောက်ကြရတဲ့ လူတွေ အများကြီးပါ..။ အဲလိုလူတွေစားအိုးပျောက်လာပါလိမ့်မယ်..။ ရပ်တန်းကရပ်သင့်ပါတယ်..။ လုံးဝမလုပ်သင့်တဲ့ ကိစ္စကြီးပါ..။

    ReplyDelete
  9. Thank you for Irrawaddy T Sweet.

    ReplyDelete
  10. မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
    ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

    ReplyDelete
  11. မြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ ကန့် ကွက်သည်။ ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။

    ReplyDelete
  12. ဧရာဝတီကြောင့် မြန်မာပြည်ရှိခဲ့တယ်။ ဧရာဝတီပျောက်ရင် မြန်မာပြည်လဲပျောက်မှာ အသေအချာပဲ။ ချစ်တဲ့ဧရာဝတီ ကမ္ဘာတည်သရွေ့ ရှင်သန်ပါစေ။

    ReplyDelete