Monday, November 7, 2011

ပို့စ်မှာ အလ္လာပ သလ္လာပ

ခုတစ်လော အန်တီဆွိတစ်ယောက်လည်း ဘာဖြစ်သည်မသိ။ စာရေးဖို့ အလွန်ပျင်းလေသည်။ စိတ်ထဲတွင်စီထားသောစာများ လက်တော့ပ်စခရင်ပေါ်မရောက်သည်ဖြစ်ရာ ပို့စ်တက်လည်း အလွန်နည်းသွားသည်။ အဟောင်းများ တင်ရလွန်း၍ စာလာဖတ်သူများအား အားနာလာရာ အသစ်တင်မည်စိတ်ကူးသည်။ အသစ်သည်လည်း အလ္လာပ၊ သလ္လာပ ပင်ဖြစ်နေရာ သည်းခံ၍သာ ဖတ်ကြပါကုန်။

ပန်းမှာ ခရမ်းပြာ

စိန်ပန်းပြာပြာ
ဝါသောခါမှ
မသာ နင့်ကို ငါချစ်မည်။

ခုတစ်လော ဆစ်ဒနီတွင် ခရမ်းပြာပန်းများ ပွင့်ပြန်ပြီ။ အရင် ဗားရှင်း အဲလေ အရင်ပန်းနှင့်မတူသော နောက်ထပ် ခရမ်းရောင်ပန်းများဖြစ်သည်။ တစ်ပင်လုံး ဝေနေသည်ဖြစ်ရာ စမြင်စက စိန်ပန်းပြာတွေများလားဟုတွေးကာ အပေါ်က ကဗျာလေးကို မကြာခဏရွတ်ကာ ပြုံးမိလေသည်။ အဘယ်စာဆိုကျော်ကများ အနှီကဗျာကို ရေးခဲ့ပါလိမ့်။ ဘယ်အရာမဆို ဟာသလုပ်ပစ်တတ်သော အန်တီဆွိမှာ ထိုခရမ်းရောင်အပင်တွေ့တိုင်း ထိုကဗျာကို စိတ်ထဲမှာ ရွတ်နေမိသည်။ ပြုံးနေမိသည်။

အရွက်က စိန်ပန်းရွက်နှင့်တူပေမဲ့ ပန်းကတော့ သတ်သတ်စီပါ။ ဘယ်နေရာသွားသွား ခရမ်းပြာပန်းများဝေနေရာ ဆစ်ဒနီသည် တစ်ချိန်တိုင်း ပန်းတစ်မျိုးတော့ ဝေနေမြဲဖြစ်ရာ ပန်းကြိုက်သူမှာ သဘောအကျကြီးကျနေသည်။
အိမ်နားရောက်တော့ အိမ်ဘေးကအပင်မှာလည်း ခရမ်းပြာပန်းများပွင့်နေရာ ခြံဝန်းအပြင်မှသာ ထင်သာမြင်သာသည်။

ကြွေကျ၊ မြေခတော့ လှည်းရဦးမည်။

 အစားမှာ မုန့်ဟင်းခါး
ဟိုနေ့က ဈေးဝယ်ရင်း မုန့်ဟင်းခါးမစားရတာ ကြာပြီဖြစ်ရာ မုန့်ဟင်းခါးစားချင်လာသည်။ စပါးလင်ဝယ်မရ၍ စိတ်ပျက်နေရာ နောက်နေ့ ဘုန်းကြီးကျောင်း ဈေးရောင်းပွဲကို သတိရသည်။ ဈေးရောင်းပွဲမှာ မြန်မာမုန့်မျိုးစုံ၊ အစားအသောက်မျိုးစုံကို ရောင်းပြီး၊ ရသောငွေဖြင့် ဘုန်းကြီးကျောင်းကို လှူခြင်းဖြစ်ရာ ရည်ရွယ်ချက် အလွန်ကောင်းလေသည်။ မြန်မာစာကြိုက်သော အန်တီဆွိတို့လို ပရိတ်သတ်အတွက်လည်း အလွန်အဆင်ပြေသည်။ တစ်လတစ်ခါ ပထမဆုံးသော တနင်္ဂနွေနေ့တွင် လုပ်ပေးခြင်းဖြစ်သည်။ ဆစ်ဒ်နီမှ ပရိတ်သတ်များ လာရောက်အားပေးလိုလျှင် အောက်ကပုံမှာ လိပ်စာပါပါသည်။ အပေါ်ဆုံးမှာ ဘုန်းကြီးကျောင်းလိပ်စာဖြစ်ပါသည်။ နောက်လ ဒီဇင်ဘာလ ၄ရက်နေ့ တနင်္ဂနွေနေ့တွင် ဈေးရောင်းပွဲရှိသည်။ ဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်လိုသူတွေအတွက် ၁၀ရက် တရားစခန်းလည်း ရှိသည်။ အသေးစိတ်ကို 61-2-9729 2343 ကို ဆက်သွယ်မေးမြန်း နိုင်ပါသည်။

ပြီးခဲ့သည့် နေ့ ဈေးရောင်းပွဲ ဖိတ်စာ။


 သို့နှင့် မနေ့က ဈေးရောင်းပွဲ သွားကြရာ မုန့်ဟင်းခါး ၀ယ်စားသည်၊ တစ်ပွဲ၅ကျပ်၊ အရသာ အလွန်ကောင်းပါသည်။ ဦးခြိမ့်မှ ကောင်းသည် ... ကောင်းသည်ဆိုကာ လာမြည်းပြီး ဇွန်းမချတော့ရာ၊ တရားဝင်စားသူမှာ အနည်းငယ်မျှသာ ဗိုက်ထဲရောက်လေသည်။ စားရတာ ဖတ်သလပ်လပ်နှင့် နောက်ထပ်ဝယ်စားချင်သော်လည်း သမီးစားသည့် ကြက်ဆီထမင်းမကုန်လျှင် စားရမည့် တာဝန်ရှိသေးရာ ထပ်မစားတော့ပါ။ စောနက မုန့်ဟင်းခါးကို တစ်ဝက်မျှ ကုန်အောင်မြည်းသူသာ စားကောင်းသည်ဆိုကာ နောက်တစ်ပွဲထပ် ၀ယ်စားလေရာ သူ့ကလှည့်ကျ တစ်ဇွန်းမျှပင် မြည်းခွင့်မရခဲ့ပေ။ မည်သို့လုပ်လိုက်သည်ကို အမှန်တကယ်မသိ။ အိမ်ရောက်မှ ဟင် သူစားတာ ငါလဲ တစ်ဇွန်းမျှ မမြည်းလိုက်ရပါလားဟု တွေးမိကာ မစားလိုက်ရသော မုန့်ဟင်းခါးအတွက် အခဲမကျေဖြစ်ရသည်။

ငတ်ကြီးကျနေ၍ ဓာတ်ပုံများလည်း တစ်ပုံမှ မရိုက်ထားလိုက်ရပါ။ ပြန်ခါနီး ကြက်သားပတ်ဖ်၂ခု၊ အသိဆိုင်မှ အားပေးသည်။ ဖာလူဒါတစ်ခွက် ၃ကျပ်ခွဲ ၀ယ်သောက်လိုက်သေးသည်။


အသီးမှာ သရက်
 ဆစ်ဒနီတွင် သရက်သီးပေါ်ချိန်ဖြစ်ရာ သရက်သီးများ အလွန်ပေါလေသည်။ ချင်ကျားပူတွင် တစ်လုံး ၅ကျပ်လောက်ပေးရသော မချစ်စုလို အလုံးကြီးမျိုးကို ၂ကျပ်သာပေးရသည်။ ပြီးခဲ့သည့်အပတ်က ကောင်းမှန်း၊ မကောင်းမှန်း မသေချာ၍ တစ်လုံးသာ ၀ယ်သည်။ သရက်သီးသည်ကား အသီးမှာသရက်ဆိုသော စကားနှင့်အညီ ချို၊ အေး၊မွှေး ဖြစ်နေရာ တစ်လုံးတည်း ၀ယ်မိသည်ကို နောင်တ အကြီးအကျယ်ရသည်။ ဒီအပတ်တော့ ၃-၄လုံးဝယ်မည်စိတ်ကူးရာ သွားမေးတော့ တစ်လုံး ၃ကျပ်ဖြစ်သွားသည်။ တစ်လုံး ၃ကျပ်ဆိုတော့လဲ ဈေးများပေရာ တစ်ပုံးလုံးဝယ်လျှင်တော့ ၂၀တဲ့ ၁၀လုံးပါသည်။ ဒီ့ထက်ဈေးပေါတာများရမလားလို့ ဟိုဒီလျှောက်ပတ်ကြည့်ကြရာ စိတ်တိုင်းမကျ။ ဦးခြိမ့်မှ ပြန်မည်လုပ်ရာ ဒီအပတ် သရက်သီးမှမပါလျှင်  အိမ်အပြန် ရာသီဥတုမကောင်းမည့် အရိပ်အယောင်ကို မြင်သည်မူ စောနက သရက်သီးဆိုင် ပြန်ခေါ်သွားသည်။  အစိမ်းများများ ပါသော ပုံးတစ်ပုံး ၂၀နှင့် ၀ယ်ခဲ့မှ နှမတော်၏ ရွှေမျက်နှာတော် ပြုံးရွှင်သွားလေသတည်း။ (ရလဲ့ တယ် ဟုတ်ပါလားး))

ဦးဦးဖျားဖျား ဘုရားဆွမ်းတော်တင်ရာ ကလပ်နှင့် မဆန့်။ ကလပ်ကပင် သေးနေသေးသည်။

တစ်လုံး ခွဲလိုက်ရာ မယုံမရှိနှင့်၊ တစ်ပန်းကန်အပြည့်ရလေသည်။ အစေ့သည် ပါးပါးသေးသေးလေး ဖြစ်ရာ စိုက်ထားမည်စိတ်ကူးသည်။

ထမင်းမှာ အုန်းထမင်း
ညနေကျ ကြက်မြစ်၊ကြက်သဲဆီပြန်ချက်၊ ချဉ်ပေါင်၊မျှစ်ကြော်ရာ အမေ့ကို သတိရသည်။ အကြောင်းမှာ အမေသည်  အုန်းထမင်းချက်တိုင်း ချဉ်ပေါင်မျှစ်ကြော်၍ ဖြစ်သည်။ အုန်းထမင်းဆိုမှ အုန်းထမင်းကို အမေ့ထက် ပိုသတိရသွားရာ အုန်းနို့တစ်ဗူး အဆင်သင့်ရှိသည်နှင့် အုန်းထမင်းချက်လေသည်။ 


ဦးခြိမ့်က သွေးတက်တတ်၍ မစားရာ အုန်းထမင်း အိမ်မှာချက်ခဲသည်။ သူ့အတွက် မနေ့က ထမင်းအကျန်နွှေးပြီး အုန်းထမင်းနှင့်ရောကျွေးလျှင်ရတာပဲ ဆိုကာ အုန်းထမင်းကို ဇွတ်ချက်သည်။ ညနေစာစားတော့ မောင်မင်းကြီးသားက အုန်းထမင်းကိုသာ အားစိုက်တွယ်လေရာ သူ့သွေးတိုးအတွက် စိုးရိန်မိသည်။ မနက်ကျ အိပ်ရာထစ သွားနှိုးမည်ပြင်ရာ မနှိုးရဲချေ။ မတော် သွေးတက်ပြီး တစ်ခုခုဖြစ်နေလျှင် မခက်လား။ မနှိုးရဲ၍ အိပ်ရာထဲတွင် ပေနေရာ သွေးတက်သူက လာနှိုးမှ ထချင်ယောင်ဆောင်ကာ သက်ပျင်းချရလေသည်။ နောင်တွင် ဆင်ချင်ရမည်။



 

ချဉ်ပေါင်ရွက် ဘယ်ကရသနည်းမေးသော် ဘုန်းကြီးကျောင်းမှတဆင့်သွားသော မြန်မာဆိုင်မှ ဆီနှင့်လှိမ့်ထားသည်ဆိုသော အထုတ်ကြီး ၅ကျပ်ဖြင့် ၀ယ်လာခြင်းဖြစ်ပါသည်။ အခြောက်အခြမ်းများကို ဘယ်တော့မှ မကြိုက်သော အန်တီဆွိသည် ချဉ်ပေါင် ချင်ခြင်းတက်လွန်း၍သာ ၀ယ်လာသည်။  ကောင်းမည်လား မကောင်းမည်လား မသေချာ။ ကြော်ပြီးမှ ချဉ်ပေါင်ပင်က လတ်လတ်ဆတ်ဆတ်ခူးကြော်သည့်အတိုင်းဖြစ်ရာ အလွန်သဘောကျလျက်ရှိပေသည်။ 

ကျန်သည့် ချဉ်ပေါင် တစ်ဝက်ကို  ရေခဲသေတ္တာအပေါ်ထဲ ထည့်ခဲထားလိုက်သည်။ Frozen Rosella Leaves ဟုရေးထားပါသည်။ ခုမှသတိထားမိသည်။ (date မှာ expire ဖြစ်နေပြီ ... ဒုက္ခ ...)

ကြက်မြစ်ကြက်သဲ ဆီပြန်။ ဆီမများပါ။ အောက်မှ ရေများဖြစ်ပါသည်။ ဆီကပ်နေအောင်တည်လိုက်သောအခါ ဆီ ဆမ်းစားစရာ နဲနဲပင်ကျန်ပါသည်။ (ဆီများသည်ဆိုသော စပါယ်ပန်းမကို နှူတ်ပိတ်ခြင်း)


စားမကုန်သည်မှာ ကင်မ်ချိ
ကင်မ်ချိသည် ဆိုင်တွင် အလွန်ဈေးကြီးလေသည်။ ဗူးသေးသေးလေး တစ်ဗူးကို ၄-၅ကျပ်။ အိုးရှင်းထုပ် တစ်ပွေ့တစ်ပိုက်ကြီးမှ ၂ကျပ်ကို ကင်မ်ချိလုပ်သော် အိမ်တွင်ရှိသော ပလပ်စတစ်ဗူးအကြီးဆုံးနှင့် တစ်ဗူးအပြည့်ရလေ၏။ ထိုနေ့က အိမ်တွင်ဂျင်းနည်းနေ၍ အိုးရှင်းတစ်ဝက်သာ လုပ်ရာ ကင်မ်ချိမှာ ယခုချဉ်ပြီ။ အိမ်မှာ စားမကုန်ရာ အသိများကို ခွဲဝေပေးနေရသည်။ ကင်မ်ချိ ၀က်သားကြော် အလွန်ကောင်းသည်။ ကင်မ်ချိ ဟင်းချိုလည်းကြိုက်၏။



Kimchi Soup

 


ကင်မ်ချိဆို၍ ကင်မ်ချိလုပ်နည်း မေ့နေ၍ ကိုယ်ရေးထားတာ ကိုယ်ပြန်ဖတ်ရာ ကွန်မန့်၂ခု ဘယ်တုံးက မန့်ထားသည်မသိ။ ဆိုးဆိုးရွားရွား မန့်ထားလေရာ အင်မတန် စိတ်ပျက်မိသည်။ ဖတ်သူတွေ တစ်မျိုးတစ်မည် ထင်နိုင်သော ကွန့်မန့်ဖြစ်ရာ ထိုသို့ အကြောင်းမဲ့ attack လုပ်သူများကို နားမလည်နိုင်ဖြစ်ရသည်။ 

http://auntysweet.blogspot.com/2009/04/blog-post_09.html



ကောင်းကင်ပေါ်မှာရေးတဲ့ ရည်းစားစာ
မနေ့ကမနက် အိပ်ရာထ စောစောစီးစီး ကောင်းကင်ပေါ်မှာ လေယာဉ်မီးခိုးတန်းတွေနှင့် တစ်ယောက်ယောက် ရည်းစားစာရေးနေခြင်းဖြစ်သည်။ ကာရကံရှင်များ တော်တော် romantic  ဖြစ်မည်။ ပိုက်ပိုက်လည်း တော်တော်ကုန်မည်ထင်သည်။
I
LOVE YOU 
X  X 

တဲ့ ရေးထားတာ ဖတ်ပြီးတော့ ကောင်လေးက ကောင်မလေးကို propose လုပ်တာဖြစ်မည်ဟု သဘောပေါက်သည်။ ကြည့်နေရင်းနဲ့ ပထမရေးထားတာတွေ မီးခိုးငွေ့တွေလွင့်ကာ မှုန်ဝါးကုန်မှ ဓာတ်ပုံရိုက်ဖို့ သတိရသည်။


အောက်ဆုံးမှ X   X  ဆိုသည်ကို ကောင်မလေး နာမည်လား၊ ဘာလဲ နားမလည်ရာ ညနေ သမီးကို ပြရင်းနှင့်မှ မယ်မင်းကြီးမှ မဂျူဂျူ ဘာသာပြန်ပေးရာ X ဆိုသည်ကား kiss လို့ အဓိပါယ်ရသည်တဲ့။ သမီးရှင်းပြမှ သိရသော အမေဘ၀ရောက်လေပြီဟု ရေးရေး သဘောပေါက်မိသည်။

ဤတွင် သတင်းများကို ကြေငြာ၍ ပြီးပါပြီချင်။     ။



32 comments:

  1. တီဆွီ နောက်လ ဈေးရောင်းပွဲ ကလဲ villawood Hall မှာဘဲလုပ်မှာလားဟင် သွားချင်လို့  နေရာလေး အချိန်နီးရင် comfirm လုပ်ပါအုံးနော် ကျေးဇူး

    ReplyDelete
  2. AMK
    ဟုတ်ပါတယ်။ villawood Hall မှာပဲ လစဉ် အမြဲ လုပ်ပါတယ်။ တီဆွိတို့ ရောက်ကတည်းက လစဉ်နီးပါးရောက်နေကျပါ။ ကိုအန်ဒီတို့ မိသားစုလဲ တစ်ခါဆုံဖူးတယ်။ AMK ကိုတွေ့နေတာကြာပြီ။ ခုမှ ဆစ်ဒနီကမှန်းသိရတယ်။ လာခဲ့ပါ။ ဘုန်းကြီးကျောင်းကတော့ လူများလေ ကြိုက်လေပါပဲ။ ကျေးဇူးနော်။

    ReplyDelete
  3. စောစောစီးစီး စွိတီရဲ့ ပို့စ်ကိုဖတ်မိပြီး စားသောက်ဖွယ် စုံစုံလင်လင်နဲ့ ဗိုက်ဆာသွားပြီကွယ်။ ဆစ်ဒနီကို အလည်သွားချင်လိုက်တား) တစ်မြို့လုံး ခရမ်းပြာတွေနဲ့ လှပနေမှာပဲနော်။ ပန်းလေးတွေတစ်ပွင့်ချင်းကြည့်ရတာ ချယ်ရီပွင့်ဖတ်လေးတွေနဲ့ ဆင်သလားလို့ (မျက်စိကတော့ နည်းနည်းမှုံနေတယ်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ပန်းခရမ်းပြာကလည်းလှ
    သရက်သီးကလည်းလှ
    အုန်းထမင်းကလည်းလှ
    မျှစ်ချဉ်ပေါင်နဲ့ ကြက်မြစ်ကြက်သဲ ကလည်း လှ
    ကင်မ်ချီကလည်းလှ
    အိုင်လပ်ယူကလည်းလှ
    အားလုံးလှနေမှတော့
    တီဆွိ ရဲ့ အလာပ သလာပ ကလည်း လှပြီပေါ့။
    အိုင်အိုရာ

    ReplyDelete
  5. စားချင်စရာတွေ ဗိုက်ဆာထာ တီဆွိရေ

    ReplyDelete
  6. ဟာ . .ချဉ်ပေါင်ကြော် . . . .
    ရှလွှတ် . . .

    ReplyDelete
  7. Ju Ju, a little translator for mummy!
    smarter than mummy? :) :)

    ReplyDelete
  8. ကြိုက်တယ်ကွာ.. အစားအသောက်တွေလည်းကြိုက်
    ခရမ်းပြာပန်းလေးလည်းကြိုက်
    ဟိုးကောင်းကင်ပေါ်က မီးခိုးငွေ့လေးတွေလည်းကြိုက်..
    ဒီပိုစ့်လေးက စုံစီနဖာပါလား..
    သဘောကျတယ် တစ်ပုဒ်ထဲနဲ့ အစုံမြင်ရ တွေ့ရတယ်
    အဲ မြင်သာမြင်ပြီး မစားရတာဘဲရှိတာ..
    ခရမ်းရောင်ပန်းက ရှားတယ်နော်..
    ရှားရှားပါးပါးမြင်ရတာ စိတ်ချမ်းသာတယ်.. ပျော်လဲပျော်တယ်..

    ReplyDelete
  9. အဲဒါ စိန်ပန်းပြာတွေပေါ့.... အပွင့်မတူပေမယ့် စိန်ပန်းပြာလို့ ခေါ်တယ်...

    ReplyDelete
  10. ချဉ်ပေါင်ကြော် !!!!!!!!!!!!!!!!!!!!!!!!!
    တီဆွိကြော်ထားတဲ. ချဉ်ပေါင်ကြော်က ကြည်.လိုက်တာနဲ. ရှယ်မှန်းသိပြီးသား၊
    တီဆွိက ဟင်းချက်တာ အရမ်းလက်ဆိပ် ရှိတယ်၊ ဟင်းတွေက ချက်ထားတာ နင်.နင်.နဲနဲ တွေဘဲ။ ကြည်.လိုက်တာနဲ.သိသာတယ်။
    အရမ်းမိုက်တယ်၊ဒီလိုပို.စ်ဖတ်ရတာ၊ဘာနိုင်ငံရေး၊ဘာပလီပလာတွေမှမပါ၊ အားလုံး ကိုယ်ပိုင် own tune တွေမို. ဒီလိုဖတ်ရတာ ၊စိတ်အေးလက်အေး ရှိတယ်။ ပျော်တယ်။
    ကျေးဇူးတင်ပါဗျို.။

    ReplyDelete
  11. ချဉ်ပေါင်ကြော်၊ကြက်ဆီပြန်၊အုန်းထမင်းလေးစားချင်သွားတယ် တီတီဆွိရယ်...၊
    လေပျံမီးခိုးနဲ့ ရည်းစားစာရေးတာကတော့ တဆိတ်ရိုမန့်လွန်းရဲ့...၊xx ဆိုတာ
    ကလည်း ကစ်ကစ် တဲ့လား....ထူးဆန်းပါပေ့ ခေတ်ကာလကြီးရယ်....:)

    ReplyDelete
  12. T sweet...စိန်ပန်းပြာ တွေ က November တိုင်း ပွင့်တယ်။ January လ လောက် ဆိုရင် ငုဝါ တွေ ပွင့် တယ်။ ဦးခြိမ့် ကို Bunning လိုက်ခိုင်း ။Bunning မှာ စပါးလင် ပင် တွေ ဝယ်လို့ ရတယ်။ အပင်စိုက်ရတာပေါ့။ ချဉ်ပေါင်ကတော့ frozen ပဲ ဝယ်လို့ရတာ။ January လကုန် February လ လောက်ဆို ရင်တော့ Fresh ရတတ်ပါတယ်။

    ReplyDelete
  13. Tsweet... I love your chit-chat post. I can't stop laughing after reading the poem hehe :))) But those flowers don't become yellow in autumn or winter, Tsweet?? Oh... In Sydney, mango tree can grow but not in Sweden. Coconut rice and curry look yummy and Kimchi soup also.

    ReplyDelete
  14. တီဆွိ.. အဲဒါ စိန်ပန်းပြာပဲ ဟုတ်တယ်လေ..
    ကျမတို့ဆီလည်း တမြို့လုံးကို ပြာလွင်နေတာပဲ..
    ကလေ ကို သတိရတယ်..

    ReplyDelete
  15. ‌အောင်မြတ်‌လေး...ရက်စက်လိုက်တာတီဆွိရယ်....ဘ‌လော့ဂ်ကြီး
    တခုလုံးကိုဝါးစားပစ်လိုက်ရ...ဟင်းးးးးး

    ReplyDelete
  16. Hi T Sweet,
    I like Jue Jue Answer X = Kiss.You have lovely ,cute and Smarty daughter.

    Khine

    ReplyDelete
  17. မဆွိတီ။ ကျမက အမရဲ့ ပရိတ်သတ်ပါ။ ဘာအေုကာင်းပဲရေးရေး မင်္ဆိ ရေးရင် ဖတ်လို့ ကောင်းတယ်၊ ကွန်မန့် ရေးချင်ပေမယ့် အင်းဂလိပ်လိုလဲ ကောင်းကောင်းမရးတတ် ဗမာလိုလဲ လက်ကွက်တွေ မသိတာနဲ့ မရေးဖြစ်ဘူး၊ အုန်းနို့ ခေါက်ဆွဲ ချက်ချင်တာ။ မချက်တတ်လို့ မဆွိ ဆီမှာ ရှာတာလဲ မတွေ့လို့ ။ ချက်စားဖြစ်ရင် တင်ပါအုန်းနော်။
    ခင်မင်တဲ့ မြရီ

    ReplyDelete
  18. ဖတ်ပြီး ရယ်နေမိတယ်။ စကားမစပ် ချဉ်ပေါင်ကျော်စားချင်လိုက်တာ။ ကောင်းကင်မှာ စာရေးပြီး ကျနော့်ချစ်သူလေးက ကိုယ့်ကိုအဖြေပြန်ပေးရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်သွားတယ်ဗျာ။
    (လီယို)

    ReplyDelete
  19. ချဉ်ပေါင်ကြော်စားသွားတယ် တီဆွိရေ..
    အရမ်းကြိုက်တယ်။

    ဟလ

    ReplyDelete
  20. မြန်မာပြည်က စိန်ပန်းပြာကို တကယ်သတိရစေပါတယ် ။ ဒါပေမဲ့ ဆစ်ဒနီ စိန်ပန်းနဲ့မြန်မာစိန်ပန်း မတူပါ။ မြန်မာစိန်ပန်းက အရောင်ပိုဖျော့ပြီး ပိုနုတယ်။ သူ့ရဲ့ အသီးက မဲမဲဝိုင်းဝိုင်းလေး။ အပွင့်ကလည်း ပိုရှည်ပြီး ပိုသွယ်တယ်။ ခေါင်းလောင်းအရှည်လေးလိုပဲ။ မြန်မာပြည်မှာ စိန်ပန်းပြာက ခပ်ရှားရှား။ ဘာပဲဖြစ်ဖြစ် တပင်လုံး ပြာနေအောင်ပွင့်နေတာကို မြင်ရတာက အရသာ ထူးပါဘိ။ ဆစ်ဒနီကပန်းတွေအကြောင်း ဆက်ပြီးပြောပြပါဦး။ ကျန်းမာပါစေ။

    ReplyDelete
  21. ချဉ်ပေါင်ကြော်လေး အမြင်နဲ့တင်သွားရည်တွေကျတယ်... စားချင်လိုက်တာ... အဲလိုအထုတ်လေးတွေဒီမှာဝယ်လို့ရရင်ကောင်းမှာဘဲ ..း((

    ReplyDelete
  22. စိန်ပန်းပြာကဗျာလေး သဘောကျမိသည်။
    သရက်သီးတွေက ချိုမယ့်ပုံ...။
    ချဉ်ပေါင်ကြော်ကတော့ ထမင်းမြိန်ဆေး...။
    ကင်မ်ချိ ၀က်သားကြော် စွဲဆောင်မှုအပြည့်ရှိသည်။
    ကောင်းကင်ပေါ်မှာရေးတဲ့ ရည်းစားစာကတော့ ကောင်မလေး ဟာ့တ်ထိသွားမှာ သေချာသည်။ :)

    ReplyDelete
  23. အားပေးသွားပါတယ်.. စိတ်ညစ်တိုင်းလာဖတ်ပါတယ်
    တီိဆွီးရဲ စာဖတ်ရတာ ပျော်လို့..

    ReplyDelete
  24. this flower tree call jakaranda tree.

    ReplyDelete
  25. oh sorry jacaranda tree

    ReplyDelete
  26. တီဆွိရေ အကုန်သဘောတွေ ကျ သွားရေတွေကျ လူကတော့ နေမကောင်းလို့ကုတင်ပေါ်မှာ စိတ်ကူးနဲ့ စားနေလိုက်တာပေါ့း)

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  27. အန်တီဆွိကို လာရောက်အားပေးကြသောသူများအားလုံး ကျေးဇူးတင်ပါတယ်ရှင့်။

    အပေါ်မှ မမြရီ အုန်းနို့ခေါက်ဆွဲ တင်ဖူးတယ်ထင်တာ။ ပုံတွေရိုက်ထားတာရှိပါတယ်။ တင်ပေးမယ်နော်။

    ခုမှပဲ အဲဒီပန်းတွေက စိန်ပန်းပြာတကယ်ဆိုတာ သိတော့တယ်။ ကဗျာရွတ်ရတာ ပို အားရှိသွားတာပေါ့။း)

    ဂျက်ကရန်းဒါးဆိုတာကတော့ ဂျူဂျူကပြောလို့ သိပြီးပါပြီဗျား။

    ReplyDelete
  28. စားစရာတွေ အကုန်သိမ်းကျုံးဖတ်သွားပီး ဗိုက်တောင်
    တော်တော်ဆာလာတယ် အမရေ... အကုန်လုံးကြိုက်တာတွေကြီးပဲ ..

    ညီမလေး :)

    ReplyDelete
  29. ချဉ်ပေါင်ကြော်စားချင်တယ်ဗျာ...သွားရေတောင်ကျလာပြီ....

    ReplyDelete
  30. အမ
    ဟင်းချက်နည်းတွေတင်ပေးတာကျေးဇူးတင်တယ်ဗျာ...
    ကျွန်တော် ဒေါင်းလုဒ်ထားတယ်...
    အိမ်ပြန်ရင် အမေကို ချက်ကျွေးရအောင်လို့.....

    ReplyDelete
  31. ကောင်းကနေ ပရိုပို့ စ်လုပ်တာ ခုမှ မြင်ဘူးတော့တယ်...

    ReplyDelete