Thursday, August 9, 2012

အတ္တသမားကျနော် ...

တို့အိမ်က ရွှေဘ ... အဲလေ ဦးမောင်ခြိမ့်က သူရေးထားတဲ့ အက်ဆေးလေး တင်ပေးပါဆိုလို့။ အားပေးကြပါဦးနော်။ သူကတော့ လေးလေးနက်နက်တွေ တွေးတတ်ရေးတတ်တယ်။ အန်တီဆွိလိုတော့ ပေါတောတော ပေါက်တက်ကရ မဟုတ်ဘူးရယ်ဂျ။  ဖတ်ကြည့်ကြပါဦးနော်။ ....
--------------------------------------------------------------------------------------------

    အတ္တဆိုတဲ့ သဘောတရားကို ဗုဒ္ဓဘာသာထဲမှာတော့ အမြဲရှိခြင်း၊ အတ္တဆိုတာမရှိဘူး အနတ္တဆိုတာ မတည်မြဲခြင်းဆိုတဲ့တရားသဘော အနတ္တသာရှိတယ်လို့ ဗုဒ္ဓဘာသာ မီးကျိုးမောင်းပျက် ကျွန်တော်ကတော့ အဲဒီလောက်သာ မှတ်သားထားခဲ့ဖူးပါသည်။ အတ္တဆိုတာကို မြန်မာ့အဘိဓါန် မှာ လိုက်ရှာတော့ ””မိမိ သို့မဟုတ် ငါ”” ဆိုပြီး ပြောထားတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောလျင်တော့ ego လို့ ပြောဆိုလျင်ရနိုင်ပါသည်။ အတ္တကြီးမားသည်လို့ ဆိုလိုက်လျင် မိမိအကျိုးအတွက်သာ ကြည့်သောသူ၊ မိမိမှလွဲ၍ သူတပါးအကျိုးကို မငှဲ့ကွက်သူလို့ ဆိုရပါလိမ့်မည်။

    ကျွန်တော်ကိုယ်တိုင်ကကော တကယ့်ကိုပင် အတ္တသမားတစ်ယောက်ပါလားဆိုလျင် ဟုတ်ပါသည်လို့ဖြေလျင်လည်း ရသလို မဟုတ်ပါလို့ ဖြေလျင်လဲ မမှားပါ။ ကိုယ်ဖာသာကိုယ် ကောင်းတဲ့ဖက်ကိုပဲ လိုက်ကြည့်ရမည်ဆိုလျင် ကျွန်တော်သိတတ်သည်ကာလမှ စတင်ပြီး ယနေ့အထိ တစ်ပါးသူအခက်အခဲဖြစ်နေပါက ကျွန်တော်တတ်နိုင်သလောက် ကိုယ်ရောစိတ်ပါ နှစ်မြုပ်၍ ကျွန်တော်လိုက်လံကူညီဖြေရှင်းပေးတတ်သည်၊ အသိပညာ အတတ်ပညာ လိုအပ်ပါကလည်း ကိုယ်သိသလောက် မချွင်းမခြံ လိုက်လံ သင်ကြားပြသပေးတတ်ပါသည်။ အဖွဲ့အစည်းများတွင်လည်း ဒါနအဖွဲ့အစည်းများတွင် အားကျိုးမာန်တက် ၀င်ရောက်ကာ တတ်အားသမျှ လှုဒါန်းပါသည်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်ရှိ အသိမိတ်ဆွေများကတော့ ကျွန်တော်ကို အများအကျိုးဆောင်တတ်သူဟု ရာခိုင်နှုန်း တော်တော်များများက သတ်မှတ်ထားလိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။

    အမှန်တကယ်တော့ ကျွန်တော်က ““ငါ”” ဆိုတဲ့ အတ္တသမားကြီးမားသူ တစ်ယောက်ပဲ ဖြစ်ပါသည်။ ကျွန်တော်မိသားစုတွင် အဖေ အမေ၊ အဖေ အမေ မရှိတော့သည့်နောက် အမကြီး၊ အမလေး၊ အကိုကြီး အကိုလေး တို့နှင့် ကျွန်တော့်၏ တူတော်မောင်များကို ကျွန်တော် တော်တော်လေးကို သံယောဇဉ်ရှိပါသည်။ ထိုကဲ့သို့ မိဘမောင်ဖွား ဆွေမျိုးများကို ထိခိုက်စော်ကားလာလျင် ကျွန်တော်အား စော်ကားပြောဆိုသကဲ့သို့ ခံစားရပါသည်။ ထို့နောက် ကျွန်တော် အိမ်ထောင်ကျလာသောအခါ ဇနီးနှင့် သမီးပါ ပါဝင်လာပြန်ပါသည်။ ထိုအခါ ကျွန်တော့်ရဲ့ ငါပိုင်ဆိုင်သော စက်ဝိုင်း အနည်းငယ်ကြီးလာပါသည်။ ထိုမိဘမောင်ဖွားဆွေမျိုး များနှင့် ကျွန်တော်မိသာစု ဇနီးနဲ့ သမီးကို ထိပါးလာလျင် ကျွန်တော့်မှာ အလွန်အင်မတန် စိတ်ထိန်းသိမ်းနိုင်စွမ်းအား နည်းပါလှပါသည်။ ငါ့သမီးလေး၊ ငါဇနီး တစ်ခုခုဖြစ်မယ်၊ ငါ့သမီးလေး တော်တယ်။ ငါ့သမီးလေး လှတယ်။ စသဖြင့် ငါတွေ တိုးလာပြန်သည်။ ထိုနောက် ကျွန်တော် ဇနီး၏ မိဘ နှစ်ပါးကိုလည်း ကျွန်တော့်၏ အ၀န်းအ၀ိုင်းထဲသို့ ထည့်လိုက်ပါသည်။ ကျွန်တော့်ယောက်ခမ ကို ကျွန်တော်က တော်တော်ကိုချစ်ပါသည်။ ကျွန်တော့်၏ အဖေနှင့် အမေကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်သောကြောင့် မိဘအစားထို မိဘသဖွယ် ရိုသေမိပါသည်။ ထိုနည်းလည်းကောင်း ကျွန်တော်ယောက်ခမကလည်း တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို ကျွန်တော့်ကို တော်တော်လေး ချစ်ပါသည်။ ထိုအတွက် ကျွန်တော် ယောက်ခမများအတွက်ဆိုလျင်လည်း ငါ့ယောက်ခမက ရိုးတာ၊ ငါယောက်ခမ ဆိုသည် ငါတွေ လှိုင်လှိုင်ပေါ ခဲ့ရပြန်သည်။

    လူပုဂ္ဂိုလ်အပေါ်မှာ မက်မောတွယ်တာစွာ နေတတ်သည့် ကျွန်တော်၏ အတ္တသည် ဒီနေရာမှ မရပ်တန့်သွားသေးပဲ မှီတွယ်ရာ၌ အတ္တကြီးမားနေတတ်ပြန်ပါသေး၏။ ကျွန်တော်၏မွေးရပ်မြေ ပျဉ်းမနားကို ကျွန်တော် အလွန်ပင်တွယ်တာသူဖြစ်နေပြန်ပါသည်။ ပျဉ်းမနားမြို့က ဘယ်လောက်များ ချစ်စရာကောင်းနေလို့ တွယ်တာနေရသလဲဆိုလျင် ဘာမှ ထူးထူးခြားခြား ပြောပြစရာမရှိပါ။ ပထ၀ီသဘောတရားအရ ပဲခူးရိုးမအစွယ်နှင့် ရှမ်းကုန်းမြေမြင့်အကြား တည်ရှိသော ကျွန်တော်တို့ မြို့ကလေးသည် မိုးလေ၀သမှန်ကန်၍ ပူချိန်တန်လျင်ပူ၊ အေးချိန်တန်လျင်အေး၊ မိုးရွာချိန်တန်လျင် သင့်တင်စွာရွာသွန်းတတ်သည် ကျွန်တော့်မြို့လေးကို ကျွန်တော် အလိုလိုနေရင်းကို ချစ်ကြိုးသွယ်မိနေပါသည်။ အစိုးရ အဆက်ဆက် မြို့ရွာများ စည်ပင်သာယာအောင်လုပ်လျင်လည်း ပျဉ်းမနားမြို့လေးက အမြဲတမ်းကွက်ကျော် ကျန်ရစ်ခဲ့ရပါသည်။ ပြီးခဲ့သော စစ်အစိုးရလက်ထက် နေပြည်တော်ဆိုသည့် မြို့တော်ကြီး တည်ထောင်သည့်အခါတွင်လည်း ကျွန်တော်တို့ မြို့ကလေးမှာ ဘေးမှ ကွင်း၍ကျန်ခဲ့ရသည်။ အလွန်အင်မတန် မျက်နှာငယ်သည် မြို့ကလေး တမြို့သာ ဖြစ်ပါသည်။ တခါတရံ အွန်လိုင်းလောကက စစ်အစိုးရကို မုန်းတီးမှုဖြင့် နေပြည်တော်ကို အပြစ်ဖို့ ပြောဆိုရင်း ကျွန်တော်တို့ ပျဉ်းမနားမြို့ကလေးကို နင်ပဲငဆ ဆဲဆိုရွတ်နေပါက ကျွန်တော်နှလုံသားတွေကို တစစစီ မွှန်းနေသယောင် ကျွန်တော်ခံစားမိပါသည်။ ထိုကဲသို့ ပြောဆိုလာသူများကို တွေ့ပါကလည်း ထိုသူများသည် ကျွန်တော့် မိတ်ဆွေဘယ်တော့မှ မဖြစ်တော့ဟု စိတ်ထဲတွင် ငါ့မြို့ ငါ့မွေးရပ် ငါ့နေရာ ဆိုသည့် အတ္တကြီး၏ အမိုက်မှောင်က ကျွန်တော့်ကို ဖုံးလွမ်းနေပါတော့သည်။

    အရွယ်လေးရလာတော့ ရန်ကုန်မြို့က စက်မှုတက္ကသိုလ်ကြီးမှာ ကျောင်းတက် ၆ နှစ်၊ ကြာမြင့်ချိန် ၁၀နှစ် နီးပါးနေခဲ့တဲ့ တက္ကသိုလ်ကြီးကို သံယောဇဉ်တွေ တွယ်ငြိလာပြန်သည်။ ဘွဲ့တွေ ဒီဂရီတွေ ရရှိပြီး အလုပ်အကိုင်ထဲ ရောက်လာပြန်တော့လည်း ကိုယ့်တက္ကသိုလ်ကြီးဆိုပြီး ရန်ကုန်မြို့သို့ရောက်တိုင်း အလွမ်းဖြေရတာ ပျက်ကွက်တဲ့ အကြိမ်ရယ်လို့ မရှိပြန်ပါ။ စက်မှုတက္ကသိုလ်က ဘွဲ့ရတယ်ဆိုရင် ကြီးသူကိုရိုသေ ငယ်သူတွေကို လေးစား၊ ငယ်ရွယ်သူတွေ အခက်အခဲတွေ့ရင် ၀ိုင်းကာ သိုင်းကာ ကူညီဖြေရှင်းပေးမိတယ်။ တခါတလေများ ကိုယ်ကျောင်းထွက်တွေ ပေါက်တတ်ကရ လုပ်ကိုင်လို့ အများက ၀ိုင်းဝန်းကဲ့ရဲ့ရင် ကိုယ့်မှာ မျက်နှာတွေပူပြီး မနေတတ် မထိုင်တတ်တဲ့အထိ ဖြစ်ခဲ့မိပြန်သည်။ ဒေါက်တာချမ်းငြိမ်း စစ်အစိုးရနှင့် ပူးပေါင်းလို့ လူအများက ၀ိုင်းဝန်းအပြစ်တင်ရင် ငါ့ကိုများ ပြောလေသလား ဖြစ်ရတတ်သည်။ ဆရာဦးညီလှငယ်ရဲ့ ပညာတော်မှု ကျော်ကြားပြန်ရင်လည်း ငါတို့ ကျောင်းက ဆိုပြီး ရင်ကြီး ကော့ကာ ကော့ကာနဲ့ ငါဆိုတဲ့ အတ္တကြီးက တွဲပါနေပြန်ပါသည်။ အော်.. အတ္တ အတ္တ တွေလား ငါဆိုတဲ့ မာန်မာနတွေလား မခွဲခြားနိုင်ပြန်ပါဘူး။

    မိဘဆွေမျိုး အရပ်ဒေသ သင်ကြားရာ နေရာတွေမှာ ““ငါ”” ဆိုတဲ့ အတ္တစွဲတွေကြီးမားနေတဲ့ ကျွန်တော်က ကိုယ်တိုင်းပြည် ကိုယ့်နိုင်ငံနှင့် ပတ်သက်လာလျင်လည်း အစွဲအလန်းကြီးမားနေဆဲပဲဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ အထင်ကရများဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိသမ္မတ ဦးသိန်းစိန်တို့ ကမ္ဘာနိုင်ငံရေးဇာတ်ခုံအလယ်မှာ တင့်တောင့်တင့်တယ် အထင်ကရ ဖြစ်လာလျင်လည်း အဲဒါ ငါတို့ မြန်မာခေါင်းဆောင်၊ ငါတို့ သမ္မတကြီးလို့ လက်မလေး တစ်ထောင်ထောင် နဲ့ ကျွန်တော်ပဲဖြစ်နေပြန်ပါသည်။ လွန်ခဲ့သော ၂-၃ နှစ်ခန့်က ကမ္ဘာပေါ်တွင် နံပါတ် ၂ အာဏာရှင်ကြီး ရှိတဲ့ နိုင်ငံသည် မြန်မာနိုင်ငံ၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံထဲက မြန်မာနိုင်ငံဆိုတော့လည်း ကျွန်တော်မျက်နှာမှာ ဇီးရွက်လောက်နှင့် ကိုယ်မျက်နှာ ကိုယ်မဖော်ရဲလောက်အောင် ဖြစ်ရပြန်သည်။

    တကယ်တမ်း ပြန်တွေးကြီးတော့ ကျွန်တော့်ဆိုသည် သတ္တ၀ါသည် အတ္တတရားများနှင့် ပြည့်နှက်နေသော လူပုဂ္ဂိုလ်လေး တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်က နားထောင်ဖူးသည် ပလေးဘွိုင်သန်းနိုင်ရဲ့ အတ္တသမား ကျနော်ကို တိုးတိုးလေး ရွတ်ဆိုမိပါသည်။

    ““ ငါဆိုတဲ့ အတ္တအစွဲတွေ မကင်းခင် ငါကိုယ်တိုင် အမှားလုပ်မိမှာပဲ....xxxxxxxx မာန်မာနတက်တယ်၊ ထင်တာလေး လုပ်မယ်၊ မှန်တယ်လို့ ထင်သော်လည်းကွယ် ၀န်ခံဖို့ခက်တယ်... လူသားမှာ အမှားဝက္ကန္တနဲ့ အစဉ်ရှုပ်ထွေး အမှားများသမို့ ကျွန်တော်ဟာ အတ္တစိတ်လွန်ကဲလို့.... xxxxx  ဟေး ဗုဒ္ဓဘုရားဟောလေသည်မှာ မွန်မြတ်စိတ်ထားကြ၊ ကူညီခြင်း အလှ လူလူချင်း သွေးဆက်ပါ ””

    သေချာတာကတော့ ဒီဘ၀မှာ ကျွန်တော်ဟာ ကျွတ်တန်းဝင်ပြီး နိဗ္ဗာန်ကို မရောက်နိုင်သေးဘူးဆိုတာ သိနေတော့ အတ္တဆိုတာလေးကတော့ ဆက်လက်ပြီး ရှိနေအုန်းမှာပါပဲ။ သို့သော်လည်း အမျိုးကိုချစ်တဲ့ အတ္တတရားလေးပဲ ရှိပြီး လူလူချင်းလှည့်ပတ်ချင်း ကိုယ်ကျိုးကြည့်ချင်းကို နည်းပါးအောင်နေထိုင်ကြပြီး စိတ်ထား မွန်မွန်မြတ်မြတ်လေး နဲ့ အများအကျိုးလေးကို ထမ်းရွက်ဆောင်တယ်ဆိုရင်ကော ကျွန်တော်ဟာ အတ္တသမား ကျနော်လို့ ခေါ်ပါ့အုံးမလားလို့ မသိဆိုးဝါးစွာ ပြန်ပြီး မေးခွန်ထုတ်မိနေပြန်ပါတော့သည်။

    မောင်ခြိမ့်

12 comments:

  1. ဦးခြိမ့်လိုဘဲကိုယ့်အတ္တကိုယ်ပြန်စစ်မှအနဲမနောပါလား။များလိုက်တဲ့အတ္တတွေ။
    သတိ၊သမာဒိ၊ပညာတရားလေးတွေလက်ကိုင်ထားပြီးနဲနိုင်သမျှနဲအောင်ကြိုးစား
    သွားရမှာပါဘဲ။

    ReplyDelete
  2. မခေါ်ပါဘူး။ မခေါ်ပါဘူး။ ဦးရွှေဘရေ။ အဲလေ ဆွိရဲ့ အိမ်ဦီးနတ်ရေ။ :)

    ReplyDelete
  3. မိသားစုနဲ့ဆွေမျိုးညာတိကို စောင့်ရှောက်ခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ ဦးခြိမ့်ရေ။ သူရဲကောင်းကြီးမဖြစ်ရင်တောင် မိမိနေထိုင်တဲ့ ၀န်းကျင်အပေါ်တာဝန်ကျေပွန်တယ်ဆိုပဲ နေထိုင်ရတာ ပျော်စရာကောင်းလှပါပြီ။
    (လီယို)

    ReplyDelete
  4. လူရယ်လို့ဖြစ်လာရင် မကင်းနိုင်တာ အတ္တပါ။ သူတစ်ပါးကို ထိခိုက်စေမှုမဖြစ်စေတဲ့အပြင်
    တစ်ပါးသူကို စိတ်ချမ်းသာမှုဖြစ်စေတဲ့ အတ္တဟာ ကောင်းကျိုးဖြစ်မဲ့ အတ္တလို့ယူဆတယ် ဦးခြိမ့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မှတ်သားသွားပါတယ်အန်တီဆွိရေ

    ReplyDelete
  6. တူညီသော အဲလို အတ္တတွေ ရှိတယ်

    zune

    ReplyDelete
  7. အတ္တတွေ တူနေတယ်..

    ReplyDelete
  8. ဦးခြိမ့်စာရေးကောင်းလိုက်တာ အစ်မဆွိရေ...
    ဖတ်ရင်း ငါဆိုတဲ့အတ္တဖုံးလွှမ်းနေတဲ့ ငါကို မြင်ဖြစ်အောင် မြင်လိုက်မိလို့လေ..
    စာတွေ ဆက်ရေးစေချင်ပါတယ်...
    စာတွေ ဆက်ဖတ်ခွင့်ရချင်ပါတယ်...လို့..။

    ReplyDelete
  9. ဦးခြိမ့်အတ္တက ဘယ်မှာဆိုးလို့လဲ။
    စာရေးကောင်းတဲ့ဦးခြိမ့်

    ReplyDelete
  10. ကိုခြိမ်.လဲစာအရေးကောင်းကြီးပဲဗျ။
    တည်တည်အေးအေးလေးလေးနက်နက်သဗျ။
    ဆက်ရေးပါဦးအားပေးပတယ်ဗျာ။

    ReplyDelete
  11. လေးနက်သော အတွေး တစ ရရှိခဲ့ ပါတယ်...ကျေးဇူး ပါရှင်...

    ReplyDelete