Monday, September 24, 2012

ကြက်ကင် သံဝေဂ ...


ကျွန်မတို့အိမ်မှာ ကြားရက် တစ်ပတ်လုံး ဗမာစာ၊ တရုတ်စာ အစရှိသဖြင့် အိမ်မှာပဲ မျိုးစုံ ချက်စားကြတယ်။ စနေနေ့ကျရင်တော့ မီးခိုးတိတ်။ မိသားစု နားနားနေနေ အပြင်လေးဘာလေးလျှောက်သွားရင်းနဲ့ အပြင်မှာပဲ စားကြလေ့ရှိတယ်။ အဲဒီလိုကျရင် သားအမိ သားအဖ ၃ယောက်မှာ ဘာစားကြမလဲဆို ပဋ္ဋိပက္ခဖြစ်ကြတယ်။ အမြဲ တစ်ယောက်နဲ့တစ်ယောက် စားချင်တာတွေက မတူကြဘူးကိုး။ 

ဂျူဂျူတို့အဖေကတော့ အများအားဖြင့် တရုတ်စာ ခေါက်ဆွဲကြော်လို၊ soup လိုဟာမျိုး၊ ကိုရီးယားစာ၊ ဗီယက်နမ်စာတွေ အပြင် ကုလားစာ အစရှိသဖြင့် စားချင်တယ်။ ဂျူဂျူတို့ကတော့ ခလေးပီပီ Mc Donald , KFC , Hungry Jack လို fast food တွေ စားချင်တယ်။ ကျွန်မကလဲ ဂျူဂျူတို့ အဖေလို ကိုးရီးယားစာ တရုတ်စာတွေ စားချင်တာ များပါတယ်။ အဲလိုတွေ တစ်ယောက်တစ်မျိုးဖြစ်နေတော့ food court တွေ ဘာတွေသွားရင်တော့ အဆင်ပြေပါရဲ့။ ကိုယ်ကြိုက်တာ ကိုယ် ရွေးစားကြရုံပေါ့။ ဒါပေမဲ့ ကိုရီးယားစာလို ဟာမျိုးကျတော့ သူတို့သီးသန့်ဖွင့်တဲ့ ရက်စ်တောရန့်တွေမှာမှ ရတာဆိုတော့ အဲလိုမျိုးဆို သားအဖ၂ယောက် တစ်ပတ်စီ အလှည့်ပေးရတယ်။ ဒီအပတ် ကိုးရီးယားစာဆို နောက်အပတ် ဂျူဂျူ့ အတွက် စပါယ်ရှယ် Hungry Jack မှာ ဘာဂါ သွားစားကြတယ်။ ဒီမှာလဲ ဘာဂါဆိုတာမျိုးဟာ အထူးအဆန်းမှ မဟုတ်လေတော့ အဲလိုဆိုင်တွေမှာစားတာဟာ ချွေတာရာတောင် ရောက်ပါသေးတယ်။ အဲလို fast food ဆိုင်တွေမှာဆို သာမန် ဆင်းရဲသားတွေ၊ လူလတ်တန်းစားတွေသာ စားလေ့ရှိကြတာကိုး၊ ကျွန်မတို့မှာ အထူးစပါယ်ရှယ်အနေနဲ့ သွားစားနေရတော့ ပြုံးတောင် ပြုံးမိသေး။ (Hungry jack က ဘာဂါကတော့ ကျွန်မလဲ တော်တော်ကြိုက်တဲ့ အထဲပါပါတယ်။ )

မနေ့ကတော့ တနင်္ဂနွေနေ့။ မနက်မိုးလင်းကထဲက ဂျူဂျူတို့ အဖေက လောလော လောလောနဲ့ ထတော့လေ။ ဟင်းချက်ရဦးမယ်လေ နဲ့ လူကို လာလာနှိုးနေတာ။ ကျွန်မက အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာ အလုပ်သွားရတော့ သူက အဲဒီနေ့တွေ အတွက်ကို ကြိုချက်ပြီး ရေခဲသေတ္တာထဲ ထည့်ထားချင်တာ။ ကျွန်မကလဲ ရေခဲသေတ္တာ ဖရီဇာထဲ ခဲထားတဲ့ အစားအသောက် စားရတာလောက် ဖီလင်အောက်တာမရှိတော့ ချက်မထားချင်ဘူး။ လူကလဲ မနေ့က အပြင်မှာ တစ်နေကုန်သွားထားတော့ ပျင်းနေတာရယ် နောက် ဘုရားလေးဘာလေးရှိခိုး၊ တရားလေးဘာလေးထိုင် တနင်္ဂနွေမနက်ကို အေးအေးဆေးဆေး နေချင်သေးတာနဲ့ နေ့လည်စာကို ကြက်ကင်တစ်ကောင်ပဲ ၀ယ်စားတော့မယ်၊ ညနေ နေစောင်းမှပဲ dinner အတွက် အေးဆေးချက်စားမယ်ဆို ပြောလိုက်တယ်။ ဒါနဲ့ မနက်ခင်းမယ် ချက်ပြုတ်စရာတွေ၊ လုပ်ကိုင်စရာတွေ  ခေါင်းထဲ ထည့်ထားစရာမလိုပဲ ဘုရားဝေယျာဝစ္စလုပ်၊ တရားအေးအေးဆေးဆေး ထိုင်လိုက်နိုင်တယ်။ အေးချမ်းလှတဲ့ မနက်ခင်းတစ်ခုကို ကြက်ကင် ၁၂ကျပ်တန်နဲ့ ၀ယ်လိုက်တဲ့သဘောပေါ့လေ။


ကြက်ကင်ဆိုလို့ ကြက်ကင်ကတော့ ထုံးစံ ဂျူဂျူတို့ အကြိုက်ပေါ့။    အိမ်မှာ ကိုယ်တွေက တခြားဟင်းတွေ ချက်စားရင်လဲ ဂျူဂျူ့အတွက် ဗိုလ်စာလို အဲလိုမျိုးတွေ ထပ်စီစဉ်ပေးရတာတော့ သူစားတာ ကိုယ်ပါ ၀င်စားလိုက်တော့ အထူးအထွေ ဘာချက်ရမလဲ စဉ်းစားစရာမလိုတော့ဘူးပေါ့။ အိမ်မှာ ကြက်ကင်နဲ့ တွဲစားရအောင် coleslaw လေးသုတ်၊ garlic bread လေးတွေကင်နဲ့ ပြင်ဆင်ရုံပေါ့။ နောက် coke ဗူး တစ်ဗူးဖွင့်။ အတော်သက်သာပါတယ်။ ကြက်ကင်ကလဲ တစ်ကောင်မှ ၁၀ - ၁၂ ဒေါ်လာလောက်ပဲဆိုတော့ အကုန်အကျကလဲ သက်သာသေး။  တစ်ခါတစ်ရံလဲ ကြက်ကင်ဖို့ လုပ်ထားတဲ့ ready made ကြက်သားအကောင်လိုက်ကို spices တွေနဲ့ နယ်ထားတာတွေ ရောင်းတယ်။ အဲဒါကို အာဗံထဲ ထည့်ကင်ပြီးလဲ တစ်ခါတစ်ရံစားတယ်။ ဆိုလိုချင်တာက အိမ်မှာပျင်းတဲ့ နေ့တွေဆို ကြက်ကင်ဝယ်စားတယ်။ တစ်ခါတရံ ကိုယ်တိုင် ကင်စားတယ်ပေါ့။

အဲလိုကြက်ကင်အကြောင်းပြောမိတော့ ကျွန်မငယ်ငယ်က ရှားရှားပါးပါး ကြက်ကင်စားခဲ့ဖူးပုံလေး သတိရလို့ ပြောပြဦးမယ်။  ငယ်ငယ်ကတော့ ဆင်းရဲတော့ ဆိုင်တွေဘာတွေမှာ စားဖို့ အခွင့်အရေးက အင်မတန်မှ ရှားပါးခဲ့ပါတယ်။ အဲဒီကြက်ကင်ကလဲ စားဖူးကထဲက စားကောင်းလွန်းလို့ ဘ၀မှာ အမြဲအမှတ်ရနေမိတဲ့ အစားအသောက်တစ်ခုမှို့ တခုတ်တရ ပြောရတာပါ။

ကျွန်မအဖေမှာ ညီ၂ယောက်ရှိရာမှာ အဲဒီအချိန်က ညီအကြီးက မြန်မာနိုင်ငံ အလည်ပိုင်း မုံရွာနားက မြို့ငယ်လေးတစ်မြို့မှာ သမ၀ါယမ လူကြီးဖြစ်ပါတယ်။ အဲဒီခေတ်အခါက ဦးလေးဟာ ထုံးစံ သမလူကြီးဆိုတော့ ငွေရေးကြေးရေး အတော်ကို ပေါများတဲ့ အချိန်ပေါ့။ အဲဒီအချိန်က တောရွာမြို့ကလေးတွေဟာ အဲဒီသမ၀ါယမဆိုင်က ပစ္စည်းတွေကိုပဲ အားထားနေရတာပါ။ သမဆိုင်ကို ဘယ်ပုဂ္ဂလိက ဆိုင်ကမှ မယှဉ်နိုင်ပါဘူး။  အရင်က ဦးလေးတို့က ဆင်းရဲပါတယ်။ လင်မယား၂ယောက်လုံးဝန်ထမ်း၊ သားသမီး ဘုစုခရု ၅ယောက်နဲ့ မနဲရုန်းကန်နေရတာပါ။ ဦးလေးက အလုပ်မှာတော့ တော်တယ်လို့ နာမည်ကြီးပါတယ်။  ကံအားလျှော်စွာ ဦးလေးသမလူကြီးဖြစ်တဲ့ အချိန်ကစလို့  ဦးလေးတို့ သုံးတာ ဖြုန်းတာ နေတာ ထိုင်တာ သိပ်ကို သိသာလှပါတယ်။ အဲဒီခေတ်က ခေတ်စားတဲ့ GQ တို့ဘာတို့လို စပို့စ်ရှပ်တွေဆို ဒါဇင်လိုက် ၀တ်ကြတာ။ (ဆိုင်ကပစ္စည်းတွေလားတော့ မသိပါ) ကျွန်မတောင် ဦးလေး လက်ဆောင်ပေးလို့ GQ ရှပ်တစ်ထည် ရဖူးတယ်။ အဖြူရောင်ဖျော့ဖျော့ ကြည်ကြည်လေး။ ခါးလောက်မှာ ထောင့်ဖြတ်စင်းအသားနဲ့ တွဲချုပ်ထားတာ။ GQ နဲ့ မိန်းခလေး ဘာဆိုင်လဲ မေးရင်တော့ အဲဒီခေတ်က ထမီတိုတိုနဲ့ အဲလို စပို့စ်ရှပ် ပွပွကြီးတွေ တွဲဝတ်တဲ့ေ ခတ်ဆိုတော့ ကျွန်မ သိပ်ကြိုက်ခဲ့တော့ ခုချိန်ထိ မှတ်မှတ်ရရရှိနေခဲ့တာပါ။
ဦးလေးပေးတဲ့ GQ တော့ မဟုတ်ပါဘူး။ အဲဒီခေတ်က ၀တ်စားဆင်ယင်ပုံကို မျက်စေ့ထဲ မြင်အောင်လို့ပါ။

ဦးလေးအကြောင်းဆက်ရရင် အရင်က ရန်ကုန်လာရင် ရိုးရိုးကုတ်ကုတ်နဲ့ အိမ်မှာပဲ တည်းလေ့ရှိတဲ့ ဦးလေးဟာ အဲဒီနောက်ပိုင်းတော့ ရန်ကုန်လာရင် ဟိုတယ်မှာသာ တည်းပါတယ်။ ဆိုင်အတွက် ပစ္စည်းဝယ်ဖို့ ကားကြီးတစ်စီးနဲ့ သူ့နောက်လိုက် နောက်ပါ အချွေအရံတွေအပြင် ငွေထည့်တဲ့ အိပ်ကြီး အကြီးကြီးဆွဲလို့ အိမ်ကို ခဏသာ ရောက်ပါတော့တယ်။ အဲဒါဆို ဦးလေးက အမေ့ကို သူ့ ငွေအိပ်ကြီး အပ်အပ်ထားတာ။ အစ်မတို့လဲ ငွေအဆင်မပြေရင် အဲဒီထဲက ယူထားဆိုလဲ ပြောသေးတယ်။ နောက်ပိုင်း ဦးလေးလဲ အလုပ်ကပြုတ်တော့ ရတဲ့ အချိန် စုစု ဆောင်းဆောင်းမရှိတော့ အရင်အတိုင်း ဒုံရင်းဘ၀ ပြန်ရောက်သွားတယ်။ အမေကဆို "ဟယ် ငါ အဲဒီအချိန်က သူပြောသလို ယူထားမိ အကောင်းသား။ သူတို့ ခုလို အဆင်မပြေချိန် ပြန်ပေးလို့ရတာပေါ့ .. " ဆို တဖွဖွပြောရှာတယ်။ အရင်က မြို့နယ်က လူကြီးတွေ တရုန်းရုန်းနဲ့ စည်စည်ကားကား ဦးလေးအိမ်ဟာလဲ ကျီးနဲ့ ဖုတ်ဖုတ်သာ ကျန်တော့တယ်။ နောက်ပိုင်းတော့ ဦးလေးဟာ စိတ်နာလွန်းလို့ သူမြို့မှာ မနေတော့ပဲ စစ်ကိုင်းတောင်ဖက်က ဘုရားတစ်ဆူမှာ အလှူခံ ကောက်တဲ့ ဘုရားလူကြီးအဖြစ်နဲ့ တစ်သက်လုံး အရိုးထုတ်သွားပါတယ်။ လောကဓံဆိုတာ တကယ်ကို ပေါ်လိုက် ပျောက်လိုက် ကြက်ခွပ်ပမာဆိုတာ သံဝေဂ ရစရာပါ။

အဲဒီလိုဦးလေး တန်ခိုးထွားနေတဲ့အချိန် ကျွန်မလဲ တက္ကသိုလ်တွေ ၃နှစ်ပိတ်တဲ့ အချိန် ဦးလေးအငယ် သစ်စက်မှာ သွားအလုပ်လုပ်နေတာ။ ညီမ၀မ်းကွဲတွေ (ညီအစ်ကို ၃ယောက်ကမွေးတဲ့ ညီအစ်မ၀မ်းကွဲတွေ ၅ယောက်ရှိပါတယ်) ချစ်ကြတော့ မိုင် ၅၀လောက်ဝေးတဲ့ အဲဒီဦးလေးအကြီး နေတဲ့ နေရာကိုလည်း သွားလည်ကြတယ်။ အဘွားလဲပါတယ်။ အဲလိုသွားလည်တဲ့နေ့ပဲ ညနေစာအတွက် ဦးလေးက ကြက်အကောင်လိုက်ကင် တစ်ကောင်နဲ့ တခြားစားစရာတွေကို ရက်စတောရန့်ကနေ ၀ယ်ပေးလိုက်တာပါ။ ဦးလေးရဲ့ သမကားကြီးနဲ့ လာကြတာဆိုတော့ ကားဆောင့် ဘာဆောင့်နဲ့ ခရီးကလဲ ပမ်းလာတော့၊ ဆာကလဲ ဆာ၊ ဦးလေးအိမ်ရှေ့က ကွပ်ပျစ်လေးမှာပဲ အဲဒီ ကြက်ကင်နဲ့ တခြား ရက်စ်တောရန့်က အစားအသောက်များနဲ့ စားရတာ အလွန်မှပဲ ခံတွင်းမြိန်လှပါတယ်။ 

အိမ်မှာပဲ အမေရုံးသွားခါနီး ကမန်းကတမ်းချက်ထားတဲ့ အိမ်ဟင်းတွေနဲ့သာ စားဖူးတဲ့ ကျွန်မအတွက်တော့ ရက်စတောရန့်က ဟင်းများရဲ့ အရသာဟာ အင်မတန်မှ ထူးကဲလှပါတယ်။ ကြက်ကင်ဟာ ဘာဟင်းခတ်အမွှေးအကြိုင်တွေနဲ့များ လုပ်ထားလဲ မသိပါ။ အသားကလဲ နူးအိနေပြီး မွှေးနေပါတယ်။ ရန်ကုန်မြို့ကြီးက လာခဲ့ပေမဲ့ အော် ငွေရှိရင်  ဒီလိုရွာသာသာမြို့လေးမှာလဲ ဒီလို စားကောင်းသောက်ဖွယ်တွေကို စားနိုင်တာပဲဆိုတာလဲ အသိတစ်ခုရခဲ့ပါတယ်။ စားနေရင်းနဲ့လဲ ငါတို့တွေ ငယ်ငယ်က ထမင်းစားရင်းနဲ့ ဟင်းမကောင်းရင် မောင်နှမတတွေ ဟင်းတွေကို ပါးစပ်ကနေ တစ်ယောက်တစ်မျိုး အလှည့်ကျ မျိုးစုံပြော စားကြတာသတိရပါတယ်။ ငါတို့ မစားရ၀ခမန်း ပြောခဲ့ကြတဲ့ ကြက်ကောင်လုံးကင်၊ ၀က်ကောင်လုံးကင် ဆိုတာတွေဟာ တကယ်ကို အရသာရှိလှပါလားဆို မှတ်မှတ်ရရဖြစ်မိပါတယ်။

ခုတော့လဲ အဲလို ကြက်ကင်မျိုးကို မစားချင်မှ အဆုံး ဟင်းချက်ပျင်းတိုင်း စားရတဲ့ ဟင်းတောင်ဖြစ်နေပေမဲ့ ငယ်ငယ်က စားခဲ့ဖူးသလို ခံတွင်းမြိန်ခဲ့တဲ့ အရသာကိုတော့ ဘယ်တော့မှ ပြန်မရတော့ပါပြီ။ ဒီမှာလဲ နာမည်ကြီး ဆိုင်ကြီးတွေကဆိုတော့ သူတို့လုပ်ထားတာလဲ ငယ်ငယ်က တောမြို့လေးမှာ စားဖူးတာထက်မသာရင်တောင်မှ အဲသလောက် အရသာတော့ ရှိလောက်မှာဖြစ်ပေမဲ့ ပါးစပ်တွေက စားရပါများလို့ ထုံနေလို့ တော်ရုံအရသာ ထိုးမဖောက်နိုင်တာ ဖြစ်လောက်မယ်ထင်ပါရဲ့။

ဟိုတစ်လောကတောင် ဦးလေး သမီးအငယ်ဆုံးလေး မင်္ဂလာဆောင်လို့ အဖေတို့ကပြောလို့ လက်ဖွဲ့ပို့ပေးလိုက်သေးတယ်။  အော် ခုချိန် ဦးလေးတစ်ယောက်လဲ အသက် ၇၀လောက်ရှိရောပေါ့။ ဘုရားလူကြီးဘ၀နဲ့ ဘ၀ကို ချို့ချို့ငဲ့ငဲ့ ဖြတ်ကျော်ခဲ့တဲ့ ဦးလေး ကြက်ကင်တောင်မှ စားနိုင်ပါဦးမလား ... ကြက်ကင်တစ်ခု အရင်းပြု ဦးလေးရဲ့ အဖြစ်ကို  သံဝေဂ ယူနိုင်ကြပါစေ။  ။


(ပုံများကို google မှ ယူပါသည် ။ 
credit to original uploader.)




Sunday, September 9, 2012

မုန့်ဟင်းခါးတော့ မုန့်ဟင်းခါး ...


အန်တီဆွိဟာ အင်မတန် အပျင်းထူလှတယ်။ စလုံးမှာနေတုံးကတော့ အိမ်မှာ ကြီးတော်ကြီးရှိနေတော့ ကြီးတော်က အကုန် လုပ်ကိုင်ပေးတော့ စားချင်တာပြောလိုက်ရုံပဲ။ သူက ချက်ဖို့ အကုန်ပြင်ဆင်ပေးတာကိုး။ ခုဒီရောက်တော့ ဘာမဆို ကိုယ့်ခြေ က်ိုယ့်လက်ဆိုတော့ ပင်ပမ်းမှာ ကြောက်တာနဲ့ ဘာမှ သိပ်လုပ်မစားဖြစ်တော့ဘူး။ ခု အလုပ်လုပ်တော့ ပိုတောင် ဆိုးသေး။ လွယ်တာတွေပဲ ချက်လိုက်တာပဲ။

ဒါတောင် ဟိုးလွန်ခဲ့တဲ့ ၇လလောက်က မုန့်ဟင်းခါးစားချင်တာနဲ့ သွေးတောင်းလွန်းလို့ ဖလင်မန်တန်ဈေးမှာ ငါးခူတွေလဲ ရလာတာနဲ့ ၂ကေဂျီလောက်ဝယ်ပြီး ငါးကို ဆီသတ်ထားလိုက်တာ။ မုန့်ဟင်းခါး ရယ်ဒီမိတ်ထုပ်တွေတော့ အထုပ်နံ့တစ်မျိုး ထွက်လို့ဆို မစားတာ ၄-၅နှစ်လောက်ရှိပြီ ထင်တာပဲ။ အဲဒီနေ့က ထူးထူးဆန်းဆန်း စပါးလင်တွေလဲပေါလို့ဆို ဝယ်လာတာ စပါးလင်တင် ၇ကျပ်ဖိုးဗျာ။ မုန့်ဟင်းခါး ဆီသတ်ချက်တာတော့ ပင်ပမ်းတာပေါ့။ လက်က ကိုက်တတ်တော့ ပိုဆိုးသေး။ ဆီသတ်ပြီးတဲ့ ညကျရင် လက်ကကိုက်တာနဲ့ ကောင်းကောင်းအိပ်လို့မရဘူး။


ါးလေးဆီသတ်ပြီး နောက်တစ်နေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးကျောင်းမှာ လုပ်အားပေးရှိတာရယ် ကိုယ့် မွေးနေ့ရယ် တိုက်ဆိုင်နေတာနဲ့ ကုသိုလ်လေးလုပ်ချင်လို့ အဲဒီ ငါး ၂ကေဂျီ ဆီသတ်ထားတာ အကုန် ချက်လိုက်တယ်။ နောက် ကုလားပဲတွေစိမ်ပြီး ပဲကပ်ကြော်တယ်၊ ကြက်ဥတွေပြုတ်-လှီး၊ ငါးခြစ်တွေ ကို ငါးဖယ်ကြော်လို ကြော်-လှီး၊ မုန့်ဖတ်တွေပြုတ်၊ ဆီချက်တွေချက်၊ ငရုပ်သီးကိုလဲ ကိုယ်တိုင် လှော်ထောင်း၊ နံနံတွေ၊ သံပုရာတွေလှီး အစုံပေါ့၊ ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းခါး ကိုယ့်ဟာကိုတော့ ရှယ်ပေါ့ဗျာ။ အဟက် ... တကယ်တန်းတော့ မုန့်ဟင်းခါး မုန့်ဟင်းခါးနဲ့ ပြောတော့သာလွယ်တာ လုပ်ရတာ ဟိုဟာနဲနဲ ဒီဟာနဲနဲနဲ့ ပင်တော့ အတော်တော့ပင်ပမ်းသားဗျ။ မုန့်ဟင်းခါးချက်ရောင်းသူတွေ၊ အလှူပေးသူတွေ အင်မတန် ချီးကျူးပါသဗျား။

ချက်ပြုတ်ပြီးတော့ အိုးက်ို အဖုံးလုံအောင် တိပ်တွေနဲ့ ပိတ်၊ သယ်စရာတွေလဲ ငံပြာရည်က အစ ဗူးလေးတွေထဲ ထည့်ပြီး ဘုန်းကြီးကျောင်းသယ်သွားတာ။ ဟိုရောက်တော့ မုန့်အိုးကို ပြန်နွှေးပြီး ကျွေးရအောင် စားပွဲပေါ် အဆင်သင့်တင်ထားတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ဘုန်းကြီးကျောင်းမှာ အမြဲချက်ပြုတ်နေတဲ့ အန်တီကြီးတွေကလဲ လုပ်အားပေးတွေကို ထမင်းကျွေးဖို့ ချက်ပြုတ်ပြင်ဆင်နေကြတာ။ ကိစ္စမရှိဘူးပေါ့။ ထမင်းစားကြပြီး နေ့လည် ဆာရင် မုန့်ဟင်းခါးလေး အဆာပြေ စားကြပေါ့။ ဒါနဲ့ သူတို့ချက်ပြုတ်နေရာ ကိုယ်လဲ ခဏ ဝင်ကူပြီး သမီးကျူရှင် ကြိုစရာရှိတာနဲ့ သွားကြိုဖို့ ထွက်လာခဲ့တယ်။


သမီးလေး ကြိုပြီးပြန်ရောက်တော့ လူတွေမျက်နှာကြည့်ရတာ တစ်မျိုးပေါ့။ ကိုယ့်ကိုပဲ ဦးစားပေးသလိုလို၊ အားပဲနာနေသလိုလိုပေါ့။ ကိုယ့်မုန့်ဟင်းခါးအိုးတော့ မတွေ့တော့ပြီ။ စားလို့ ကုန်သွားတာလား၊ ထူးတော့ ထူးသားပေါ့။ မေးတော့ မေးမနေပါဘူး။ သူတို့တွေ စကားပြောတဲ့နား ထိုင်မိမှ ညီမလေးတစ်ယောက်က အစ်မရေ သိပြီးပလားတဲ့ ... အစ်မ မုန့်ဟင်းခါးအိုးထဲ ပဲကုလားဟင်းတွေရောမိလို့ အကုန် သွန်ပစ်လိုက်ရတယ် ဆိုပဲ ... အန်တီဆွိမှာဗျာ ... လူကသာ ဟန်မပျက် ပြုံးနေရတယ် ... ရှားရှားပါးပါး ဘယ်တော့မှ အပင်ပမ်းမခံတဲ့သူက ကိုယ်အပင်ပမ်းခံချက်ထားတာလေး၊ ဘယ်သူမှ မစားလိုက်ရပဲ အကုန်သွန်လိုက်ရတယ်ဆိုတော့ အတော် ခံစားသွားရတာ။ ဘာမှလဲ ဆက်မေးမနေတော့ပါဘူး၊ ဖြစ်ပြီးပြီပဲ ရှိပါစေတော့ပေါ့။  အဲဒါလဲ စိတ်ထဲ တော်တော်မကောင်းလို့ ၂ညလောက် လူက အိပ်မပျော်ဘူး။


  စိတ်မကောင်းတာက ၂မျိုးဗျ။ ပထမက မုန့်ဟင်းခါး အပင်ပမ်းခံချက်ထားတာလေး သွန်ပစ်လိုက်ရလို့။ နောက်တစ်မျိုးက အဲဒါနဲ့ ပတ်သတ်ပြီး ဟိုညီမလေး တစ်ယောက်ကလွဲလို့ ကာရကံရှင်အပါအဝင် ဘယ်သူကမှ ကိုယ့်ကို အကျိုးအကြောင်းပေါ့လေ  အဲလိုတော့ဖြစ်သွားတယ်ပေါ့ စိတ်မကောင်းပါဘူး။ " စောရီး ပါ " ဆိုတာလေး တစ်လုံးတောင် မပြောတာပဲ။ လူလူချင်း respect မရှိဘူး၊ အချင်းချင်း လေးစားမှုမရှိဘူးလို့ ထင်မိလို့ပါပဲ။ အမှန်ကတော့ သူတို့လဲ အားနာလွန်းလို့ ဘာပြောရမှန်း မသိတာလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ပေါ့လေ ဒါပေမဲ့ပေါ့ဂျာ .....  နောက်ပြီး  အော် ငါ့မှာ တစ်ခါတစ်ရံလေး ကုသိုလ်လုပ်ချင်မှ ဖြစ်ရတယ်ပေါ့။  အဲဒီကတည်းက မုန့်ဟင်းခါးကို စိတ်နာလို့ ချက်မစားဖြစ်တာ တော်တော်ကြာပြီ။ မွေးနေ့ကတည်းကဆို တွက်ကြည့်တော့ ၇လလောက်ရှိပြီပေါ့။ ဒီကြားထဲ ဖလင်မန်တန်ဈေးလဲမရောက်ဖြစ်တော့  စပါးလင် ဝယ်မရတာလဲပါတယ်။

အိမ်မှာ ချက်မစားဖြစ်ပေမဲ့ ဘုန်းကြီးကျောင်းဈေးရောင်းပွဲတို့၊ အသိအိမ်က အလှူတို့ ဘာတို့တော့ စားဖြစ်ပါတယ်။ သူတို့လဲ ပုံမှန်အားဖြင့်တော့ မုန့်ဟင်းခါး အထုပ်တွေဖောက်ပြီး ချက်ကြတာပါပဲ။ စားလို့လဲ တော်တော် ကောင်းပါတယ်။ ဒါနဲ့ပဲ အော် ... သူတို့တောင် ချက်တာ ကောင်းသေးတာ ငါလဲ ဆီတွေ အပင်ပမ်းခံ သတ်မနေတော့ပါဘူး။ အထုပ်ဖောက်ချက်ကြည့်ဦးမယ်ဆို ဟိုနေ့က မြန်မာဆိုင်ရောက်တော့ မုန့်ဟင်းခါးထုပ်လေး တစ်ထုပ် ဝယ်လာခဲ့တယ်။

ဒီနေ့မနက်တော့ အိပ်ရာက ထ ကတည်းက မုန့်ဟင်းခါးလေး ချက်စားမယ်စိတ်ကူးနေတာ။ နိူးနိူးချင်းပဲ သမီးကိုကျောင်းပို့ဖို့ သူ့အဖေကိုပဲ ပြင်ဆင်ခိုင်းလိုက်ပြီး မုန့်ဟင်းခါး အထုပ်ဖောက်ချက်ဖို့ ပြင်ဆင်ပါတယ်။
ရေနွေးဆူအောင်တည် ပဲမှုန့်၊ ဆန်မှုန့် ရေဖျော်ထည့်၊ ကြက်သွန်နီ ဥကြီး ၃-၄ဥထည့်၊ ကြက်ဥ ၃လုံးထည့်ပြုတ်၊ စပါးလင်တွေ ထုရိုက်ထည့်၊ မုန့်ထုပ်ထဲပါတဲ့ ငါးဆီသတ်တွေထည့်၊ ပိုချိုအောင် အိမ်မှာရှိတဲ့ ငါးကိုလည်း မုန့်ဟင်းခါးအိုးထဲ ထည့်ပြုတ် ပြီးတော့ ဘလန်ဒါနဲ့မွှေ ပြန်ထည့်၊ ကြက်ဥပြုတ် အခွံသင်၊ တစ်လုံးကို ပါးပါးလှီးထည့် ... နောက်ထန်းလျက်လေး ၂လုံးလောက် ပစ်ထည့်၊  မီးဖိုပေါ် မီးအေးအေးနဲ့ နာရီဝက်လောက်တည်။ အိုးကျတော့ အပေါ့ အငံမြည်း ...

ကျက်ပါပြီဂျာ ...  မုန့်ဟင်းခါး။ ဟိုက်ရှားပါး ... အထုတ်ဖောက် ချက်တာလဲ ထင်သလောက်မဆိုးပါကလား ... မုန့်ဟင်းခါးများငတ်ပြီဆို ဘာဖြစ်ဖြစ် စားကောင်းနေတာပဲကိုး။ တကယ့်ကိုမှ ကိုယ့်စိတ်ကြိုက် ရန်ကုန်စတိုင် အရောင် ခပ်ညိုညိုနဲ့ မုန့်ဟင်းခါးပါ ခင်ည။


 ကဲ ... မုန့်ဟင်းခါးတော့ မုန့်ဟင်းခါး ... အထုပ်ဖောက် ချက်တဲ့ မုန့်ဟင်းခါး ... စားကြပါဦး ...

အော် စောနက မုန့်ဟင်းခါး ကုလားပဲဟင်းး) ဇာတ်လမ်း ပြန်ဆက်ရရင် အဲလို ရောမိပြီး ဘယ်သူမှ စစချင်း မသိဘူးတဲ့ဗျ။ အဲဒါ တစ်ယောက်က မုန့်ဟင်းခါးစားချင်တယ်ဆိုမှ ပြင်ပေးတော့မှ ဘယ်နှယ့် သူ့မုန့်ဟင်းခါးထဲ အာလူးတွေရော၊ ပဲသီးတွေရော ခရမ်းသီးတွေရော ပါနေလို့ဆို ငိုအားထက်ရယ်အားသန်တောင် ဖြစ်ရသေး။ အဲဒီ ပဲကုလားဟင်းချက်လာတဲ့ အစ်မကလဲ ဒီရောက်မှ ကိုယ်နဲ့ အတော်ခင်တဲ့ အစ်မဖြစ်နေတော့ ခုတော့ ပြောပြီး ရယ်နိူင်ကြပါပြီပေါ့လေ။


Bonus
တစ်ခါတစ်ရံ အဲလိုဟင်းမျိုး အရမ်းစားချင်တာ။ ၇ွှေခေါင်းပြောင်ဟင်း ခေါ်ကြတယ်။
ဝက်သား ဒညင်းသီးချက် အန်တီဆွိ ဖေးဘရိတ်ပေါ့။ စင်္ကာပူမှာတုံးကတော့ ဒညင်းသီး လတ်လတ်ဆတ်ဆတ် စီးစီးတွေ စားရတယ်။ ဒီရောက်တော့ ရေခဲစိမ်တွေပဲစားရတယ်။
ဆူးမိန် ...siu mai ကလဲ ဂျူဂျူလေးလဲ ကြိုက်လို့ လုပ်စားဖြစ်တယ်။

ချဉ်ပေါင်၊ မျှစ်၊ ကန်ဇွန်းရွက်ချဉ်ရည် ငရုပ်သီးထောင်း - ဒါလဲ ဝက်သားအချိုချက်လေးနဲ့ ဆို ရှယ်ပဲ။

နာနက်သီး ထမင်းကျော်- ဂျူဂျူ့အတွက်ပါ။
Chicken pop corn ဒါလဲ သမီးအတွက် ချစ်ကန်း ပေါက်ပေါက် ဆို ဂျူဂျူတို့ သိပ်ကြိုက် ..
bok choy ကြော်လဲ စားကောင်းတယ်။
ငပိကြော်  ၊ အပေါ်ကလို ချဉ်ပေါင်ဟင်းနဲ့ဆို အသားဟင်းတောင် မလိုပေါင်ဗျာ။
ချဉ်ပေါင် ပုဇွန်ကြော် ဒါလဲ ဖေးဘရိတ်ပဲ ...


Monday, September 3, 2012

သူ့အဖေရယ် ပြောမှ ပြောတတ်ပလေတယ် ....


မဆွိတီသည် တစ်ခါတစ်ရံ သူ့ကိုယ်သူ guilty ဖြစ်သည်ဟု အမြဲတွေးနေတတ်သည်။ အတိတ်က မလုပ်ခဲ့မိသော အကြောင်းအရာများကို တွေးကာ အော် ငါ ဘာလို့ ဒါမလုပ်ခဲ့ပါလိမ့် ဒါလေးကို ငါဘာလို့ သည်းညည်းမခံပါလိမ့် ဆိုကာ နောင်တလည်း  ရ တတ်သေးသည်။

ဥပမာ ဂျူဂျူလေးကိစ္စ။ ဘ၀တွင် အမြဲပဲ guilty ဖြစ်နေခဲ့သည့် ကိစ္စတစ်ခု။ သမီးလေးမွေးတော့ အိမ်မှာ ထိမ်းရအောင် ကြီးတော် ခေါ်ထားရာမှ အစပြုသည်။ သမီး ရက်သားလေးမှာ ဦးခြိမ့်က အလုပ်ဆင်းစရာရှိ၍ အိပ်ရေးပျက်မည်စိုးကာ ကြီးတော်က အပြင်ထွက်အိပ်ခိုင်းသည်။ မဆွိတီတို့ အိပ်ရာတွင် သမီးက အလည်က ကြီးတော်နဲ့အမေက တစ်ဖက်တစ်ချက် အိပ်ကြရာ သမီးသည် ထိုအခ်ျိန်က jaundice ဖြစ်ကာ ဆေးရုံမှာ ၂ရက်ထားခဲ့ရတော့ ဆေးရုံကတိုက်သည့်နို့ဘူးကို စွဲကာ အမေနို့ကို ကောင်းကောင်းမစို့။ အမေကလဲ နို့က သိပ်မထွက်တော့ မအေနို့တိုက်တိုင်း ခလေးမှာ စိတ်တိုကာ ငိုလေသည်။ ပုံမှန်ဆို ဘာသံမှမကြားရသည့်ခလေးက မအေနို့နှင့်တွေ့မှ အရွယ်နှင့်မလိုက် ဒေါသတကြီးအော်နေတတ်သည်။ သူလိုသလောက် နို့က မလိုက်၍ဖြစ်မည်။ ထိုအခါတွင် ကြီးတော်ဖြစ်သူမှာ သူ့တူမ ပေါက်စနှီးမ၏ငိုသံကို မကြားရက်ရကား ချက်ချင်း နို့ဘူးဖျော်ကာ တိုက်ရာ  နို့ဘူးကျမှ မယ်မင်းကြီးမက ၀မ်းသာအားရစို့လေသတည်း။ 

ဤသို့နှင့် တစ်ပတ်ခန့် စခန်းသွားကြပြီး တစ်ညတွင် အိပ်ရာ တစ်ရေးနိုး ခလေးကို ထနို့တိုက်မည်ပြုရာ အိပ်ရာထဲတွင် ကိုယ်တစ်ယောက်တည်း ထီးထီးကြီး ဖြစ်နေသည်။ ကြီးတော်ရော ခလေးရော မရှိကြတော့ပြီ။ ဟိုဟိုဒီဒီ ရှာကြည့်ရာ ကြီးတော်ကြီးသည် သူ့တူမကို သူ့အခန်းကို ခေါ်သွားကာ အိပ်ရာပေါ်ဝယ် နို့ဘူးဖြင့် နှစ်ဦးသား ကျေနပ်နေကြခြင်းဖြစ်လေသတည်း။ ကြီးတော်ကြီးကတော့ စေတနာနှင့် မအေလုပ်သူ ကောင်းကောင်း အိပ်ရအောင် ဆိုလေသည်။ ကိုယ့်မှာသာ နို့တွေ တင်းပြီး နာလာတော့ သမီးခေါ်ကာ တိုက်မည်လုပ်တော့ သူကနို့ဘူးအပြည့်စို့ထားရကား ဗိုက်ဝနေ၍ အမေနို့ကို လှည့်၍မျှပင် မကြည့်ပြီ။ သို့နှင့် ဦးမောင်ခြိမ့်ခေါ်ကာ စက်အကူအညီဖြင့် တီတီဆွိတစ်ယောက် ခလေးတစ်ယောက်ရမှ လူစင်စင်ကနေ နွားအသွင် နို့ညှစ်ကာ ပုလင်းထဲ ထည့်ရတော့သည်။ 

အမေနို့လေးဝင်ပါမည့် အကြောင်း အိမ်မှာ နိုညှစ်သံတွေ ဆူညံလှသည်မှာ တစ်လလောက်ကြာလာတော့ ဘယ်အရာမှ သိပ်သည်းညည်းမခံတတ်သူ၊ ကွန်ပလိမ့်ကွင်းန်ဟု ကိုကိုခြိမ့်မှ အမည်ပေးထားသူ တီတီဆွိကား ညည်းလေပြီ။ တစ်ည အိပ်ရာအထတွင် ရင်ဘတ်နေရာမှ နို့တွေခဲနေပြီး နာကျင်လွန်းရုံမက နို့ကျိတ်ပင်ဖြစ်တော့မလိုဖြစ်ရာ ဒီပုံအတိုင်းတော့ မဖြစ်တော့ချေဆိုကာ သမီးကို နို့တိုက်ခြင်း၊ နို့ညှစ်ခြင်း အလုပ်မှ ရပ်လိုက်တော့မည် ဆုံးဖြတ်သည်။ နာကျင်မှုကို မခံစားနိုင်တော့ပါ။ ထိုနေ့မှစ၍ ဂျူဂျူလေးလဲ ဘူးနို့ဖြင့် နှစ်ပါးသွားကာ သူ့အဒေါ်နှင့်ပင် အတူအိပ် သူ့အဒေါ်အခန်းတွင်ပင် အတူနေပါတော့သည်။

သမီး ၃-၄နှစ်လောက်ရောက်တော့ အသိအစ်မတစ်ယောက် ဒုတိယ သမီးလေးမွေးသည်။ NUS ထဲ မှာ အလုပ်လုပ်သည်။ နေသည်က Bukit Batok မှာ။ ရုံးကခွင့်၂လကုန်တော့ နေ့ခင်းဖက် ထမင်းစားချိန်ဆို  ရုံးကနေ MRT စီး အိမ်ပြန်ကာ ခလေးနို့တိုက်လေသတတ်။ အစ်မရယ် ဒုက္ခခံလိုက်တာဆိုတော့ ခလေးတွေဟာ တစ်နှစ်လောက်အထိ မိခင်နို့ကို သောက်သုံးဖို့ လိုကြောင်း၊ အဲဒီအချိန်ဟာ ခလေးဦးနှောက်ဖွံ့ဖြိုးဖို့လိုတဲ့ အတွက် အင်မတန် အရေးကြီးတဲ့ အချိန်ဖြစ်ကြောင်း၊  သူ့သမီးလေးတွေကို ဥာဏ်ရည်ထက်မြက်တဲ့ သမီးလေးတွေ ဖြစ်လိုတဲ့ အတွက် ဤမျှအထိ ဒုက္ခ ခံရကြောင်းပြောတော့ တီတီဆွိမှာ ပြောစရာ စကားရှာမရပြီ။  ဂျူဂျူလေးကို တစ်လကျော်ခန့်သာ နို့တိုက်ခဲ့မိသည် မဟုတ်ပါလား။ ထိုအကြောင်းတွေ မသိ၍မဟုတ်၊ သိသည်။ သို့ပေမဲ့ ကိုယ်က ထိုအချိန်က ဖြစ်သည့် ဝေဒနာကို တော်တော် မခံမရပ်နိုင်ဖြစ်ကာ သမီးနို့တိုက်တာကို ရပ်ဆဲလိုက်ခြင်းဖြစ်သည်။ သူတို့ပြောသလောက်တော့လည်း serious ကြီး ဖြစ်လိမ့်မယ် မထင်ထားခဲ့သည်ကိုး။

ထိုနေ့မှစ၍ တီတီဆွိ၏ စိတ်ထဲတွင် ထို Guilty စိတ်က အမြဲ လွှမ်းမိုးထားရာ သမီလေးကျောင်းတက်၊ ဥာဏ်ရည်မှ ကောင်းပါ့မလား။ စိတ်ထဲမှာ အမြဲ သံတယကြီးနှင့်ဖြစ်နေပါသည်။ သမီးသူငယ်တန်းပြီးခါနီးတော့ အိမ်မှာပဲ သင်္ချာတွေ အင်္ဂလိပ်တွေ ကိုယ်တိုင်သင်ပေးရာ သင်္ချာတွင် ခလေးက အပေါင်းအနှုတ်က ကုန်ပါပြီ။ ရှိသမျှသော သူငယ်တန်း မေးခွန်းဟောင်းတွေပြီးတော့ သူ့အဖေအပြင်က ၀ယ်သည့် စာအုပ်တွေ။ ပြီးတော့ တစ်တန်းစာကို ကြိုလုပ်ထားရာ ဟော အမြှောက်၊ အစားတွေ ရောက်လာလျှင် သူမရတော့။ အမြှောက်အလီတွေလဲ ကျက်ခိုင်းတာမရ။ တီတီဆွိ၏စိတ်မှာ အတော်ပင် စိတ်ပျက်မိပါသည်။ သမီးလေး ဥာဏ်ရည်မမီလို့ ဒါတွေမရတာလား။ ရှင်းပြတာလဲ နားမလည်ပေ။ သို့နှင် P1 ရောက်တော့ ကူမွန်မှာ စအပ်ကာ သင်္ချာ ဥာဏ်ရည်တိုးတက်လာအောင် သင်ကြားစေခဲ့ပါသည်။ 

သမီးလေးနဲနဲကြီးလာတော့ သူ့အရွယ်နှင့် သူ့စာ ကွက်တိဖြစ်လာတော့ တော်တော်တိုးတက်လာပါသည်။ အမှန်က ခလေးတွေမှာ သိပ်ငယ်သေးသည့်အချိန် သူ့အရွယ်နှင့် သူ့ဥာဏ်ရည် သူသင်ကြားရမည့်စာ ကွက်တိဖြစ်မှ ခလေးက လုပ်နိုင်ပါမည်။ ဒါကို သေချာနားမလည်၍ အထင်မှားနေခြင်းဖြစ်ပါသည်။  နောက်ပိုင်းတွင် ကူမွန်တွင် ၂တန်းကျောသည်အထိ ဖြစ်လာရာ အော် ငါထင်နေတာ မှားနေပါလား။ သမီးက တော်သားပဲဟု အနည်းငယ် ဖြေလို့ရပါသည်။ 

အမှန်က ဂျူဂျူလေးက သူ့အဖေနှင့် အလွန်တူပါသည်။ ဥာဏ်ရည်မဆိုးလှပါ။ မဆွိတီတို့လို တကုတ်ကုတ်နှင့် စာသိပ် ကျက်စရာ ဖတ်စရာမလိုသော အစားထဲက ဖြစ်ပါသည်။ မဆွိတီတို့ ငယ်စဉ်က စာတွေ spelling တွေ အလွတ်ကျက်ရတာ မှတ်မိပါသည်။ မီးနင်းတွေ spellingတွေ တော်တော် အော်ကျက်ခဲ့ရပါသည်။ ဂျူဂျူသည် မည်သည့်စာကိုမျှ ကျက်ရသည် မရှိဖူးပါ။ spelling တွေဆိုလည်း ကျောင်းမှာ ဆရာမပေးပြီးသည်နှင့် အိမ်မှာ သူ့အလိုလိုရပါသည်။ မဆွိတီတို့လို အသေအလဲ ကျက်မှတ်နေစရာမလိုပဲ သူဟာသူ ဥာဏ်ကောင်းပြီးသားဆိုတော့ စာသိပ်လုပ်စရာမလိုသူဖြစ်ပါသည်။ 

အဖေတူသမီးမှို့ စာပျင်းတာလေးတစ်ခုရယ် ရှမ်းတတ်တာလေးရယ်တော့ ပြောစရာရှိပါသည်။ မေးခွန်းဟောင်းများဖြေခိုင်းလျှင်လည်း တစ်ခါတစ်လေ သူပျင်းမှာစိုးလို့ မေမေနဲ့တူတူလုပ်မယ်လေနော် ဆို သူဖြေသည်ကို ကြည့်နေရာ အလွန်ပင် မြန်လှပါသည်။ တစ်ခါတစ်ရံ အချို့ သင်္ချာ ပုစ္စာများဆို ကိုယ်က စဉ်းစားနေတုံးရှိသေး သူက ဇက် ... ဇက်နဲ့ အဖြေကို ချရေးသွားရာ ဟုတ်မှ ဟုတ်ရဲ့လား သေချာပြန်ကြည့်ရပါသည်။ ကြုံ၍ ပြောရလျှင် ပြီးခဲ့သည့် Term က report card ပေးရာ ဂျူဂျူလေးက  A တွေချည်း အားလုံးရပါသည်။ အော် ... ဆရာမက အမှတ်ပေးကောင်းလို့ထင်တယ်ဆိုကာ လူတိုင်း A တွေချည်းရတယ် အောက်မေ့မိတာ အမှန်က သူနဲ့တွဲတဲ့ (ကိုယ်က အင်မတန်  တော်တယ်လို့ထင်တဲ့ ) စလုံးမလေးအမေက သူ့သမီးတော့  B တွေ အများကြီးပါတယ်ပြောပါသည်။ Interview နေ့မှာ ဆရာမနှင့်သွားတွေ့တော့လဲ သူ့ကိုဆရာမက ချီးမွန်းနေရာ အမေနို့ကို တစ်လတည်းတိုက်မိ၍ Guilty ဖြစ်နေသူ တီတီဆွိမှာ သက်ပျင်းချရပါတော့သည်။


သမီးရပို့ကတ်ရပြီး တစ်ညနေ ဦးခြိမ့်နှင့် တီတီဆွိတို့ သမီးမရှိခိုက် သမီးအကြောင်း စကားလက်ဆုံပြောနေကြလေသည်။


တီတီဆွိ ။ ။ " တော့ ကိုကိုခြိမ့်ရဲ့ .... သမီးလေးက ဆွိလေး ထင်ထားသလောက် ဥာဏ်က မဆိုးပါဘူး။ ဆွိလေးဖြင့် သမီးကို ကိုယ့်နို့ မတိုက်လိုက်ရတော့ အမေနို့သိပ်မစို့လိုက်ရတဲ့ ခလေး ဒုက္ခပဲလို့ ..နွားနို့က ရတဲ့.နို့မှုန့်တွေ သောက်ရတာ ခလေး ဥာဏ်ရည်မှ ကောင်းမှ ကောင်းပါ့မလား။ intelligent မှ ဖြစ်ပါ့မလားထင်နေတာ။ ခုတော့လဲ မဆိုးပါဘူး ...  တော်သေး နော် .... ဟင်း ... ဟင်း ..."

ကိုကိုခြိမ့် ။ ။ ( ပြောင်စပ်စပ် မျက်နှာပေးဖြင့် ...)
"ဟားဟား  ... အဲဒါ ညည်းနို့ မစို့ခဲ့ရလို့ နေမှာပေါ့ဟ ...."

အန်တီဆွိသည် ကိုကိုခြိမ့်အား  ... ညက်မှောင်ကုတ်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်လေသတည်း။    ။

(ခလေးအမေတွေ အဲလို Guilty မျိုး မဖြစ်ရအောင်၊ ခလေးတွေကို တစ်နှစ်အထိ အမေနို့ကို တိုက်ကြစေလိုပါသည်။ )